ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခရမ်းသီးဝန် မဟုတ်သော ဦးပေါ်ဦး



"ပေါ်ဦး"

"ခစားလျှက်ရှိကြောင်းပါ ဘုရား"

"ဤရာသီတွင်……….ခရမ်းသီးကို ကြော်စားရသော်………မကောင်းပေဘူးလားကွယ်………"

ဘိုးတော်မင်းတရားကြီးက မေးသည်။ နိမိတ်ပြမေးခွန်းဖြစ်သည်။မင်းကြီးကိုယ်တိုင်က စားချင်သောဆန္ဒ ကရှိနေသည်။ ထို့ကြောင့်စကားဦးသမ်း၍မေးနေခြင်းဖြစ်သည်။

"သင့်မြတ်လှကြောင်းပါဘုရား"

စင်စစ်………ယင်းရာသီတွင်ခရမ်းသီးသည်ရာသီစာမဟုတ်။မသင့်လှ။သို့သော်ဦးပေါ်ဦးက အလိုက်သင့် ဖြေသည်။

နောက်တစ်နေ့ ညီလာခံတွင်ဖြစ်သည်။ ဘိုးတော်မင်းတရားကြီးသည် ချောင်းတဟွတ်ဟွတ် ဆိုးနေသည်။

"ဟဲ့………. ပေါ်ဦး"

"အမိန့်တော်သံ နာခံလျှက်ရှိကြောင်းပါ ဘုရား"

"ခရမ်းသီးကြော်ကို ပွဲတော်တည်တာ ချောင်ဆိုးးလှသကွယ်….၊ ညကလည်းကောင်းကောင်းမအိပ်ရဘူး. . . "

"မှန်လှပါ ။ဤရာသီတွင် ခရမ်းသီးကို ပွဲတော်တည်ပါက …….ချောင်းဆိုးတတ်ပါသည်ဘုရား……."

"ဟဲ့…….. ပေါ်ဦး၊မောင်မင်းပဲ မနေ့က သင့်မြတ်လှကြောင်းပါဆို……."

"မှန်လှပါ အရှင်ဘုရား၊ ကျွန်တော မျိုးသည် …….ရေမြေ့သခင် ဘ၀ရှင်မင်းတရားကြီး၏ကျေးဇူးကိုသာ စောင့်သိသည့် …အရှင်၏၀န်သာဖြစ်ပါသည်ဘုရား။ ခရမ်းသီးကျွန်တော်မျိုး၏အပေါ်တွင် ကျေးဇူးမရှိ၊ ခရမ်းသီး၏ကျေးဇူးကိုစောင့်သိစရာမလိုပါဘုရား၊ကျွန်တော်မျိုးဟာ ခရမ်းသီးဝန်မဟုတ်ပါဘုရား။ ထို့ကြောင့်… ကျေးဇူးရှင်မင်းတရားကြီး၏ဆန္ဒအလိုလိုက် လျှောက်ထားခြင်းဖြစ်ကြောင်းပါဘုရား။"

ဦးပေါ်ဦးက ၀ံ့စားစွာ လျှောက်ထားသည်။ ညီလာခံပရိတ်သတ်တို့မှာ တိတ်ဆိတ်စွာနားစွင့်နေကြသည်။ ဘိုးတော်မင်းတရားကြီးမှာ ကျိတ်ပြုံးလေးပြုံးမိရှာသည်။ဦးပေါ်ဦး လျှောက်လိုက်တိုင်း ချမ်းမြေ့စရာပင်။ ဦးပေါ်ဦးသည်ကား အရှင့်ကျေးဇူးကိုစောင့်သိသောကျွန်ဝန်။

ဦးပေါ်ဦးသည်ကားခရမ်းသီးဝန်မဟုတ်။

ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ

ပုံကို ဤနေရာမှယူပါတယ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူငယ်



ကျွန်တော်။ . . . . ယောက်ျားတွေဟာ ဦးနှောက်ရဲ့ ညာဖက်အခြမ်းကို ပိုအသုံးပြုတယ်. . . မိန်းမတွေက ဦးနှောက်ရဲ့ ဘယ်ဖက်အခြမ်းကို ပိုအသုံးပြုတယ်တဲ့. . . ဒီတော့ ဦးနှောက် တစ်ခုလုံး ပြည့်ပြည့်၀၀ အသုံးချနိုင်အောင် အိမ်ထောင်ပြုသင့်တယ်. . .

လူငယ်။. . . . .ဒါဆို နှစ်မျိုးစလုံးကို အသုံးချလို့ရအောင် မိန်းမလျာလုပ်ရင်ကော. . . . .

သူ့စကားက တော်တော်တင်းစရာပါ. . . အပြစ်တော့တင်လို့မဖြစ်ပါဘူး. . . .

လူငယ်ဆိတာ ဒီလိုပါပဲဆိုပြီး အံကြိတ်ပြီး စိတ်ဖြေလိုက်ရပါတယ်. .

ပြီးတော့မှ . . .

"စမ်းသပ်ကြည့်လေ. . . ဦးနှောက်တစ်ခုထဲမှာ အတွေးအခေါ်နှစ်မျိုး တစ်ပြိုင်နက်စဉ်းစားလို့ မရနိုင်တာတော့ သေချာတယ်. . . ."

လူငယ်လေး စမ်းသပ်ကြည့်မလား . . ကျွန်တော်ပြောပြတာကိုပဲ နားထောင်မလား . . . .

အဖြေကတော့ အချိန်ကိုစောင့်ရမှာပါ. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အကောင်းဆုံးကံကြမ္မာ



ကံကောင်းအောင် ကံကြမ္မာက မဖန်တီးပေးဘူး လူကပဲ ဖန်တီးပေးတယ်. .

ကံပွင့်တယ် . . . ကံမြင့်တယ်ဆိုတဲ့ . . . အရာဝတ္တုတိုင်းဟာ ကိုယ့်ဘာသာ ကိုယ် လုပ်ယူရတဲ့ကိစ္စများဖြစ်ပါတယ်. .

မိမိရဲ့ အတိတ်ဘ၀ပေါင်းများစွာက ပြုခဲ့တဲ့ ကောင်းမှုတွေ . . . ပစ္စုပ္ပန်ဘ၀မှာ ပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ အမြဲတမ်း ပွင့်လန်းလာစေဖို့ရာ အမြဲတမ်း စေတနာကောင်းရှိရပါတယ်. . .

စေတနာကောင်းနဲ့ လုပ်နေတဲ့သူတွေဟာ ကံကောင်းတဲ့ သူတွေပါပဲ. . .

ဒါပေမယ့် . . . (တစ်ခါတစ်ခါ)

သစ်ပင်မျိုးစေ့ကောင်းကို မြေသြဇာကောင်းကျွေးပြီး စိုက်ပျိုးတာတောင်မှ ပေါင်းပင်များထွက်လာတာ ရှိသေးတာ ပိုးကျသလို အဖြစ်မျိုးတွေ ရှိတာကိုလည်း တွေ့ရလေ့ရှိပါတယ်. . .

အဲဒီအချိန်မှာ သစ်ပင်စိုက်တဲ့လူဟာ ပေါင်းသင်ပေးရပါတယ်. . . ပိုးသတ်ပေးရပါတယ်. . မြေသြဇာထည့်ပေးရပါတယ်. . . . .

သည်လိုပါပဲ . . ကုသိုလ်ကံကောင်း အကျိုးပေးနေတဲ့ အချိန်အခါမျိုးမှာလည်း သောကတွေ ဖိစီးမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်. . အဲဒီအခါမှာ သောကနဲ့ ဖိစီးမှုကို စေတနာကောင်းနဲ့ ပယ်သတ်ဖို့ ကြိုးစားပါ. . . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ခွင့်လွှတ်ခြင်း အနုပညာ



ခွင့်လွှတ်ခြင်းသည် အံ့ဖွယ်အပြောင်းအလဲကို ဖြစ်စေသည်. . လင်ကွန်းအား သူ့ရန်သူများကို အဘယ့်ကြောင့် မဖျက်ဆီးသနည်းဟု မေးသောအခါ လင်ကွန်းက "ကျွန်တော့အနေနဲ့ ကျွန်တော့ရန်သူတွေကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ရင် အဲဒါ သူတို့ကို ဖျက်ဆီးလိုက်တာပဲ မဟုတ်ဘူးလား. . . " ဟု ပြန်ဖြေပါသည်. .

ခွင့်လွှတ်သောအခါ သင်သည် သူတစ်ပါးကို ပြောင်းလဲစေပြီး သင့်ကိုယ်သင်လည်း ပြောင်းလဲစေပါသည်. .
ရှေးဦးစွာ ကိုယ့်အပေါ်နှင့် သူတစ်ပါးအပေါ် ကိုယ်ပြုခဲ့သော အမှားများအတွက် ကိုယ့်ကိုယ် ကိုခွင့်လွှတ်သင့်ပါသည်. . ထို့နောက် သင့်ဘ၀တာ ၌ သင့်အပေါ်တွင် အမှားပြုခဲ့သူများ အားလုံးကို ခွင့်လွှတ်ပြီး မေတ္တာပို့သင့်ပါသည်. . .

ဤသို့ဖြင့် သင်သည် သူတစ်ပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ကိုယ့်ကိုယ် ကိုလည်း လွတ်ငြိမ်းခွင့်ပေး လိုက် ပါသည် . . သင့်ကို နှောင်ဖွဲ့ထားသည့် နောင်တတစ်ဖန် ပူပန်ရခြင်းသည် သံကြိုးကိုလည်း ချိုးဖျက်လိုက်ပါသည်. . . အတိတ်၏ ၀န်ထုပ်ဝန်ပိုးမှ သင်၏စိတ်ကို လွတ်မြော်ကစေပြီ ဖြစ်၍ သင်သည် အနာဂတ်သို့အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ပြီ ဖြစ်သည်. .

ခွင့်လွတ်ခံရခြင်းသည် နှစ်နည်းနှစ်လမ်းအားဖြင့် အကျိုးရှိပါသည်. . . ခွင့်လွတ်ခြင်းကို ခံရဖို့ ကိုယ်ကလည်း ခွင့်လွှတ်ရပေမည်. .

"သူတစ်ပါးကို ခွင့်မလွှတ်နိုင်သူသည် . ကိုယ်ကိုယ်တိုင် ဖြတ်သန်းရမည့် တံတားကို ချိုးဖျက်ပစ်သူ ဖြစ်သည်. . အဘယ့်ကြောင့်ဆိုသော် လူတိုင်းသည် ခွင့်လွှတ်မှုကို ခံယူလိုသောကြောင့် ဖြစ်ပါသည်. . . "ဟု အက်ဒ၀ပ်ဟာ ၀က်က ဆိုခဲ့ပါသည်.

ခွင့်လွှတ်ခြင်းသည် အကျင့်ပင်ဖြစ်သင့်ပါသည်. . အကန့်အသတ်အတိုင်းအတာမဲ့ ခွင့်လွှတ်တတ်သူသည် မည်သည့်အခါမျှ မမုန်းတတ်ပါ. .ခွင့်လွှတ်ခြင်းကို ယခုပင် စတင်သင့်ပါသည်. . . ခွင့်လွှတ်ဖို့အချိန်ဆွဲခြင်းမှာ ဒဏ်ရာကို ပို၍နက်နဲစေပါသည်. . . ခါးသည်းမှုကို ဖက်တွယ်ထားခြင်း သည် ပျော်ရွှင်မှုကို ရွေ့ဆိုင်းရာရောက်ပါသည်. . ဘ၀က တိုတောင်းပါသည်. . . အချိန်က အလျင်အမြန် ကုန်ဆုံးလျက်ရှိသည်. . .ခွင့်လွှတ်ခြင်းကို ကျင့်သုံးရန်နေ့မှာ ယနေ့ပင်ဖြစ်သည်. .

ခွင့်လွှတ်ခြင်းသည် တစ်ကိုယ်ရည် ငြိမ်းချမ်းခြင်းသို့ ရှေးရှုရာလမ်းဖြစ်သည်. . . ခွင့်လွှတ်ခြင်းဆိုသည်မှာ မိမိ၏ စိတ်အတွင်းသို့ နက်နက်ထိုးနှိုက်၍ စိတ်အနာတရဖြစ်မှုများ ၊ အငြိုးဖွဲ့မှုများ ၊နာကျည်းမှုများကို ဖယ်ရှားပစ်သည့် စိတ်ကို ခွဲစိတ်မှုဖြစ်ပါသည်

ခွင့်လွှတ်ခြင်းဆိုသည် မှာ အမှားအယွင်းမျာကို ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသလို မေ့ပျောက်ပစ်ခြင်းဖြစ်သလို သင်ဘယ်တုန်းကမှ မသိခဲ့သော တည်ငြိမ်အေးချမ်းမှုကို ရှာဖွေတွေ့ရှိခြင်းပင် ဖြစ်ပါသည်. . .

ဦးဝင်းတင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နယုန်လ

ရိုက်ချိုန်းရယ်တဲ့ စည်ပုစွန်။
ငွေဝန်း စန္ဒာနှင့်
ကြယ်ဇေဠာ ယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။

နွေနယန် မေထုန်ရက်မှာလ
နဘေဘုံ ရေမှုန်တက်ပါလို့
လေဟုတ်စက် ထိန့်ထိန့်လွန်
ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။

ခါပျော်ရန်
စာတော်ပြန် သဘင်ခန်းမှာလ
ဆင်မြန်းရန် ရဝေမယ်လို့
ငွေစံပယ် ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာ ကုံးဆင်ဖို့ရွေးကြလိမ့်
မွှေးတဲ့လပဲ။



နယုန်လသည် မိုးကျသောလဖြစ်သည်. . . ထိုလတွင် လယ်သမားတို့သည် ပျိုးကြဲကြသောကြောင့် စိန္တကျော်သူ ဦးသြက "နယုန်ဝါလ ကြဲကြ ပျိုးထောင်" ဟု စပ်ဆိုခဲ့သည်. . . ဤသို့ ပျိုးထောင်ပျိုးကြဲအလုပ်ကို တောင်သူလယ်သမားတို့ လုပ်ကြသောအခါ စိုက်ပျိုးရေး၌ အောင်မြင်စေကြောင်း ရည်စူး၍ ပုန်းမကြည်ပွဲကို ကျင်းပကြသည်. . . ပုန်းမကြည်ဟူသော ဝေါဟာရမှာ ပုဗ္ဗကြယ်ကို ပသခြင်းကြောင့် ပုန်းမကြည်ပွဲဟု ခေါ်သည် ဟု ဆိုသည်. . . ကောက်ညှင်းပေါင်းကို ဘဲဥပြုတ်နှင့် တကွ ပန်းကန်ထဲထည့်၍ သတ်မှတ်ထားသော လယ်မြေတ၀ိုက်၌ ပသပြီးလျှင် မြေပြင်ကို ရေသွန်းလောင်းရသည်. .

ထိုလတွင် အရေးကြီးဆုံးပွဲတော်မှာ ပထမပြန်စာမေးပွဲများ ကျင်းပခြင်းဖြစ်သည်. . .ရှေးခေတ်အလိုကို ပြောရသော် နယုန်လသည် စာဆိုတော်လဟူ၍ပင် မှတ်ယူသင့်သည်. . . . အဘယ့်ကြောင့်ဆိုသော် စာဆိုခြင်း ၊ စာပြန်ခြင်းတို့ကို ဤလ၌ ကျင်းပခြင်းသောကြောင့်ဖြစ်သည်. . သို့ရာတွင် လောကီနှင့်လောကုတ္တရာကိစ္စတို့ကို ခွဲခြားလိုက်သောအခါ ယခုခေတ်ကာလတွင် နတ်တော်လကို စာဆိုတော်လ သတ်မှန်ခဲ့ကြလေပြီ. .

ပထမပြန်စာမေးပွဲကို အင်းဝပြည့်ရျင်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပသည် ဟု မြန်မာ ရာဇ၀င်တို့တွင်ဆိုသည် . . . ပထမပြန်စာမေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တသာသနာ ထွင်းကားရေးဖြစ်သည်. . . ပထမပြန်စာမေးပွဲအတွက် ရှင်လောင်း ပဉ္ဖင်းလောင်းတို့ ဖြေဆိုရန် သဒ္ဒါ၊ သဂြိုလ်၊ ဆန်း ၊ အလင်္ကာ၊ အဘိဓာန်၊ သဒ္ဒတ္တဘေဒစိန္တာ၊ ကစ္စာယနသာရ၊ ၀ါစ္စ၀ါစက၊ ၀ိဘတျတ္ထ၊ ဒွေမာတိကာ၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဠာန်းကျမ်းတို့ကို ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ပထမကျော်အဆင့်တို့အတွက် ပြဠာန်းသည်. . .

သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန် စာမေးပွဲဆိုင်ရာ စည်းကမ်းဥပဒေများကို ထုတ်ပြန်၍ စနစ်တကျ ကျင်းပသည်. . . စာမေးပွဲဝင်သူတို့သည်. . ပါဠိကို နှုတ်တက် အာဂုံပြန်ဆိုရသည်. . . . အနက်အဓိပ္ပါယ်ကို နှုတ်ဖြင့်မေး၍ နှုတ်ဖြင့် ဖြေဆိုရသည်. . အနက် အဓိပ္ပါယ်ကို ပုစ္ဆာထုတ်၍လည်း စာရွက်ဖြင့်မေး၊ စာရွက်ဖြင့် ဖြေရသည်. . .ပထမကြီးအောင် သူတို့တွင် အမှတ်အများဆုံးရသူကို ပထမကျော်ဘွဲ့ဖြင့် ချီးမြှင့်ပူဇော်သည်. . .

သီပေါမင်းပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲများသည် ကိုးနှစ်ခန့်အဆက်ပြန်ခဲ့လေသည်. . . သက္ကရာဇ် ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၄) တွင် ပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပရန် ဗြိတိသျှ အစိုးရတို့က ဆုံးဖြတ်ပြီးလျှင် ၁၂၅၇ ခုနှစ် (ခရစ်နှစ်၁၈၉၆) နယုန်လကစ၍ ပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပသည်. . . သက္ကရာဇ် ၁၂၆၅ ခုနှစ်မှ စ၍ အစိုးရာပထမပြန်စာမေးပွဲများကို အစဉ်ကိုလိုက်၍ မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာ အသင်းများက ပရိယတ္တိစာမေးပွဲများကို ကျင်းပလာကြရာ ယနေ့ထိ နှစ်စဉ်ကျင်းပခဲ့ပါသည်. . .

ယခုအခါ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲများ အပြင် တိပိဋကဓရ ရွေးချယ်ပွဲကြီး၊ အဘိဓမ္မာ စာမေးပွဲနှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲတို့ ကိုလည်း နှစ်စဉ်ကျင်းပပေးခြင်း၊ အောင်ဆုလက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် သာသနာတော် တိုးတက်စည်ကား ပြန့်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်. .

ထို့အပြင် သုံးလူ့ထွတ်တင် ဘုရားရှင်သည် နယုန်လပြည့်နေ့၌ စကြ၀ဠာ တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့ အား မဟာသမယသုတ်တော် ဟောကြားတော်မူခဲ့ခြင်းကို အစွဲပြု၍ "မဟာသမယ အခါတော်နေ့" ပွဲတော်ကို အနှစ်သာရပြည့်စွာ ကျင်းပကြပါသည်. . .

မောင်ထင် (မြန်မာ့ဆယ့်နှစ်လအကြောင်း)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နှလုံးသားမှ မျက်ရည်စ



အပြစ်ငါ့တွင် ၊ ရှိသည်ထင်၍
နာကျင်စေနိုး၊ သူ့အငြိုးကို
စိတ်ဆိုးစိတ်မာန် ၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အမှားင့ါတွင် ၊ ရှိသည်ထင်၍
ငြိုငြင်ဆူဆဲ၊ ပြင်းစွာမဲကာ
နင်ဘဲငဆ၊ သူရှုတ်ချလည်း
ဒေါသခက်ထန်၊ မတုံ့ပြန်ဘဲ
သည်းခံလျက်ငါ ခွင့်လွှတ်ပါ၏။

အပြစ်အမှား၊ ရှိလိမ့်လားဟု
ယုံမှားတွက်ဆ၊ သံသယဖြင့်
ငါ့ကို အငြိုး၊ ကြိမ်ကြိမ်ပျိုးလည်း
မိုးတိမ်လွင့်စင်၊ လစန်းရှင်သည်
ကြည်လင်ညံ့နု၊ရွှေရည်ဥသို့
သူ့တွင်ဒေါသ၊ မာန်မာနတို့
ကွယ်ပကင်းပျောက် ၊ အမှန်ရောက်သော်
ချောက်ချောက်ချားချား၊ နှုတ်စကားဖြင့်
ငါ့အားတစ်ဖန်၊ သူတောင်းပန်သော်
သည်းခံလျက်သာ ၊ခွင့်လွှတ်ပါ၏

သို့ပါသော်ငြား ၊နှလုံးသားမှ
လှုပ်ရှားဝေ့လည်၊ စမ်းနှယ်ကြည်သည့်
မျက်ရည်တစ်စက်၊ လွင့်ကြွေသက်၏
ရက်စက်သူတို့ မမြင်နိုင်။ ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နားလည်မှု



နေရာတကာတွင် ငါသာသိ၊ ငါသာတတ် ငါ တကော ကောနေတတ်သူတို့သည် မိမိကိုယ်ကိုယ် နားမလည်သူများ ဖြစ်ကြသည်. . . ထိုသူတို့သည် သူတစ်ပါးအပေါ် နားလည်နိုင်ရန်ခဲယဉ်းလှသည်. . . အရာရာတွင် ကိုယ်နှင့် နှိုင်းပြီး ဆင်ကန်းတောတိုး လုပ်တတ်ကြသည်. . .

စင်စစ်မှု နားလည်မှုသည်. . မိမိကိုယ်တိုင် အရင် ကျင့်သုံး လိုက်နာရမည့်. . . လူမှုရေး ကျင့်စဉ်တစ်ခုသာ ဖြစ်သည်. . အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင် နားလည်မှသာ မိမိအပေါင်းအသင်း ၊ မိမိပတ်ဝန်းကျင်အပေါ်နားလည် နိုင်သောကြောင့် ဖြစ်သည်. . . ထို့ကြောင့် သူတစ်ပါးကို နားလည်လိုလျှင် ၊ နားလည်မှုကို ပေးလိုလျှင် မိမိကိုယ်ကို နားလည်အောင် အရင်လုပ်ရမည်ဖြစ်သည်..

ပေါင်းသင်းဆက်ဆံရေးနှင့် မကင်းသောသူသည်. . လူအချင်းချင်း ပြေလည်ချောမွေ့စွာ ပေါင်းသင်းနေထိုင်ရန် အရေးကြီးလှသည်. . တစ်ဦးသဘောကို တစ်ဦး သိမြင်နားလည်ကာ ပျော်ရွှင်ချမ်းမြေ့ဖွယ် လူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် လိုအပ်သည် . . . ထိုအခါ တစ်ဦးအပေါ်တစ်ဦး နားလည်မှုသည်. . မရှိမဖြစ် အရေးတကြီး လိုအပ်လာသည်. . .

ပေါင်းသင်းဆက်ဆံရေး ရှိသောလူသည် မိမိကိုယ်ကိုယ် နားလည်ထားရုံမျှနှင့် မပြီးသေးပါ. . ပတ်ဝန်းကျင်ရှိ မိမိဘ၀ခရီးဖော် အခြားလူများအပေါ် နားလည်အောင် လုပ်ရမည့် တာဝန်သည်. . . ယဉ်ကျေးသော လူသားတစ်ဦး၏မွေးရာပါ ဘ၀ပေးတာဝန်ဖြစ်သည်. . . သို့မှသာ မိမိအမြင်၊ မိမိသဘောနှင့် အခြားလူများ၏ အမြင်သဘောကို နှိုင်းချိန်ဆက်စပ်ကာ အများအကျိုး၊ လူ့လောက အကျိုးကို အောင်မြင်စွာ သယ်ပိုး ဆောင်ရွက်ကြမည်ဖြစ်သည်. . . .

အများအပေါ် နားလည်မှုရရှိနိုင်ရန် အောက်ပါနည်းလမ်းများကို ကျင့်သုံးနိုင်ပါသည်. .

၁. မိမိကိုယ်ကို ဝေဖန်၍ နားလည်သဘောပေါက်အောင် လေ့လာခြင်း။

၂. မိမိနှင့် ထိတွေ့ဆက်ဆံနေရသူတို့အပေါ် စိစစ်လေ့လာခြင်း။

၃. ကိုယ်ချင်းစာနာစိတ် မွေးမြူခြင်း၊

၎ အကောင်းမြင် ၊ အပြုသဘောကို ဆောင်ထားခြင်း။

တို့ဖြစ်ပါသည်. . .

ထို့ကြောင့် လူတိုင်းသည် မိမိကိုယ်ကိုယ် နားလည်အောင် ပထမဦးစွာ လေ့လာဆန်းစစ်ပြီး အခြားလူများ အပေါ်တွင် နားလည်သဘောပေါက်ရန် အားထုတ်သင့်ပါသည်. .

ဦးဝမ်ထိန်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သားဖေဖေ




သားကြီး

No man is perfect တဲ့။
အပြစ်ကင်းသူ ဘယ်သူမှ မရှိပါဘူးကွယ်။
လူမှန်ရင် ဘယ်သူမဆို
တစ်ကွေ့မဟုတ် တစ်ကွေ့တော့
မှားကြတာချည်းပါပဲ။

အမှား လုပ်မိတဲ့အတွက်
စိတ်ပျက် အားငယ်သွားဖို့ မဟုတ်ပါဘူး။
အမှားကိုမြင် အမှန်ပြင်ပြီး
လမ်းမှန်ကို ပြန်လျှောက်နိုင်ဖို့ပဲ လိုတယ်။

သားဘ၀ရဲ့ လမ်းမှန်ကို ပြန်လျှောက်ဖို့
ဖေဖေဟာ သားအတွက် အားဆေး
ပြီးတော့ သားရဲ့ လက်စွဲတောင်ဝှေး
အချိန်မရွေးဖြစ်နေမှာပါ။

အားမငယ်ပါနဲ့ သားရယ် ။
ဘ၀ အမှောင်လမ်းမှာ
သားက စမ်းတ၀ါးဝါး ဖြစ်နေခဲ့ရင
ဖေဖေက လမ်းပြကြယ်ပေါ့

ဖေဖေ ညွန်ပြတဲ့ လမ်းကို
အားကိုးယုံကြည်စွာ လိုက်ခဲ့တော့နော်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လက်ဆောင်



ဘတ်စ်ကား တစ်စီးပေါ်မှာ. . .

အဘိုးကြီးတစ်ယောက် ပန်းလှလှတစ်စည်း ကိုင်လျက် လိုက်ပါလာသည်. .. သူနှင့် လူသွားလမ်းခြားလျက် တစ်ဖက် ထိုင်ခုံမှာ မိန်းကလေး တစ်ယောက် ထိုင်နေသည်. .

ကောင်မလေး မျက်လုံးတွေက ပန်းတွေဆီပဲ တရစ်ဝဲ၀ဲ ဖြစ်နေသည်. . .

ခဏနေတော့ မှတ်တိုင် တစ်တိုင်မှာ ဘတ်စ်ကား ရပ်သည်. . . .

အဘိုးကြီးက အလျင်စလို ထက ပန်းစည်းကို ကောင်မလေး လက်ထဲ ထိုးထည့်သည် . .

"ယူပါကွာ၊ မင်းကြည့်ရတာ ပန်းသိပ်ချစ်ပုံရတယ်. . . မင်းကိုပေးခဲ့တဲ့အကြောင်း သိရရင် အဘဇနီးကလဲ ၀မ်းသာမှာပါ. . . . အဘသူ့ကိုပြောပြလိုက်ပ့ါမယ်. . . . "

ကောင်မလေးက ပန်းစည်းကို ယူလိုက်ပြီး အဘိုးကြီး ကားပေါ်က ဆင်းသည်ကို လိုက်ကြည့်နေသည်. . . ဘတ်စ်ကား ရပ်သည့် နေရာက သုသာန်တံခါးဝ အနီးမှာ ဖြစ်သည်. . . သုသာန်ထဲသို့ အဘိုးကြီး ၀င်သွားတာ သူမြင်လိုက်ရသည်. .

ဖေမြင့်

နှလုံးသားအာဟာရ

အားလုံးကိုချစ်ခင်လေးစားလျှက်. . .

ခြောက်ကျိပ်သော ရဟန်းတော်များကို သာသနာပြု စေလွှတ်တော်မူပုံ



မိဂဒါဝုန်တော၌ ပထမ၀ါကပ်တော်မူ၍ ၀ါကျွတ်သောအခါ ဗုဒ္ဓမြတ်စွာမှတပါး ရဟန္တာ ရဟန်းတော်ပေါင်း ၆ ကျိပ် အတိရှိလေပြီ. . . ဗုဒ္ဓမြတ်စွာသည် ထိုခြောက်ကျိပ်သော ရဟန်းတော်တို့ကို ခေါ်တော်မူ၍ "ဘိက္ခုတို့. . . . ငါသည် လူနတ်တို့၌ ဖြစ်သော တဏှာရာဂကျော့ကွင်းမှ လွတ်ကင်းတော်မူခဲ့ပြီ ၊ အသင်တို့လည်း လူနတ်တို့၌ဖြစ်သော တဏှာ ရာဂကျော့ကွင်းမှ လွတ်ကင်းခဲ့ကြကုန်ပြီ. . " ဟု စကားစချီ မိန့်တော်မူသည်မှာ. .

"သင်တို့ထိုထိုဤဤ လှည့်လည်ကြချေ၊ အစ အလယ် အဆုံး ၃ပါးလုံး ကောင်းမြတ်၍ အနက် အဓိပ္ပါယ် ပြည့်စုံသော တရားတော်များကို ဟောကြချေ . . . ကိလေသာမြူနည်းပါး၍ ပညာမျက်စိအားကောင်းသော သတ္တ၀ါများ ရှိကြပေသည်. . . ထိုသတ္တ၀ါတို့သည် . တရားမနာရသောကြောင့် ရသင့်သော တရားထူးမှ ယုတ်လျော့နေကြသည် တရားကို သိလွယ်သူတွေ ရှိကြပေလိမ့်မည် . ." ဟု မိန့်တော်မူက သာသနာပြု လွှတ်တော်မူသည်. .

BUDDHA SENDING OUT A MISSION OF SIXTY ARAHANTS

After the Buddha had kept his retreat at the Deer Park at Isipatana during the first rainy season, there were fully sixty Arahants besides the Blessed One. He called them and said."Released am I, O Bhikkhu, from fetters both human and divine. Ye also are free from fetters both human and divine. Go ye, now O Bhikkus, and wander for the gain of the many, for the good of the many, for the gain and welfare of gods and men. Preach, O Bhikkus, the doctrine which is glorious in the beginning, glorious in the middle, glorious at the end in spirit and in letter. Proclaim the Holy life altogether perfect and pure. There are beings with a little dust in their eyes, who , not hearing the Doctrine will fall away. There will be thouse who will understand the Doctrine". With this exhortaiton the Buddha despatched His first sixyt disciples in various directions.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အချစ်




"အချစ်" လို့အမည်ရတဲ့ ပန်းချီပြပွဲလေးတစ်ခုမှာပါ. . .

အဲဒီခေါင်းစဉ်အောက်မှာ ရေးဆွဲထားကြတဲ့ ပန်းချီကားတွေကလည်း ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ အန်မတန်ကောင်းပါတယ်. . .

နောက်ဆုံးတစ်နေရာမှာ ဘာမှ မရေးဆွဲရသေးတဲ့ ကင်းဗတ်စအဖြူကို ရွှေဘောင်ကွပ်ထားတဲ့ ပန်းချီကား တစ်ချပ်ကိုတွေ့ပါတယ်. . . . အဲဒီ ပန်းချီကားအောက်မှာ "ရောင်းရန်မဟုတ်ပါ " လို့လည်း စာတမ်းဆွဲထားပါတယ်. . . စိတ်ဝင်စားတာနဲ့ အဲဒီပန်းချီကားပိုင်ရှင်နဲ့ သွားတွေ့ပါတယ်. . .

ဘာမှ မရေးထားတဲ့ ပန်းချီကားတစ်ချပ်ကို ဘာဖြစ်လို့ ပြပွဲတင်ထားသလဲ လို့ သိချင်လို့ပါ .

အဲဒီပန်းချီဆရာ က ပြန်ဖြေလိုက်ပါတယ်. . . .

"ကျွန်တော် အချစ်ဆိုတဲ့ အရာကို ဘယ်လိုပုံဖော်ရမလဲလို့ . . . စဉ်းစားလိုက်တာ. . . နောက်ဆုံး ပြပွဲဖွင့်ရက် ရောက်တဲ့ အထိ စဉ်းစားလို့မရတာနဲ့ ဒီအတိုင်းထားလိုက်မိတာပါ. . ."

"မိတ်ဆွေတို့လည်း ၀င်ရောက် ပုံဖော်ကြည့်ပါအုံး. . . တဲ့"

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



သမီး

Let Bygones be bygones
ပြီးခဲ့တာတွေ ပြီးပါစေတော့. . . .တဲ့။
ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့
နာကြည်းစရာတွေ မကျေနပ်မှုတွေ
အနိုင်ကျင့် စော်ကားခံခဲ့ရတာတွေ
အထင်သေး နှိမ့်ချခံရတာတွေကြောင့်
အလွယ်တကူ မမေ့ပျောက်နိုင်ဘဲ
တအုံနွေးနွေး နဲ့ စိတ်ကို ဒုက္ခမပေးမိစေနဲ့. .

အငြိုးသို ရန်လိုပြီးကလဲ့စားချေဖို့
ကြံစည်ကြိုးပမ်း စိတ်မနွမ်းစေနဲ့။
စိတ်ဆင်းရဲစရာတွေ ခေါင်းထဲရောက်နေရင်
ပျော်ရွှင်စရာအတွက် နေရာမရှိဘူး ဖြစ်တတ်တယ်. . .
ဒါကြောင့် . . . ဘာကိစ္စပဲ ဖြစ်ဖြစ်
ခွင့်လွှတ်သင့်တာ ခွင့်လွတ် ၊ မေ့သင့်တာ မေ့ပါ. . . .
ပြီးခဲ့တာတွေ မှန်သမျှ ပြီးသွားပါစေတော့. . .
စိတ်ထဲမှာ အကြွင်းအကျန် ချန်မထားပါနဲ့. .
ဒါမှ သမီးလေး စိတ်ချမ်းသာ နိုင်မှာပေါ့ . .
ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အကျင့်ဆိုးတစ်ခုကို တာရှည်လက်မခံထားပါနှင့်



အကျင့်ဟူသည် စိတ်စွဲလမ်းမှုတစ်ရပ်ဖြစ်၍ ထိုအကျင့်သည် ကြလာလျှင် ခိုင်မြဲသွားတတ်၏ . . . . ဆေးလိပ်မသောက်၊ ကွမ်းမစားသော အကျင့်ကဲ့သို့ ကောင်းသောအကျင့်မျိုးဆိုလျှင် ကောင်းသော်လည်း အရက်သောက်၊ လောင်းကစားလုပ်တတ်သော အကျင့်ဆိုးမျိုး ဆိုလျှင် အမြန်ဆုံးပြုပြင်နိုင်ခြင်း မရှိပါက လူကို အန္တရယ်ပေးတတ်သောကြောင့် အမြန်ဆုံး ပြုပြင်ရမည်ဖြစ်၏. .

အမှားအယွင်းမကင်းနိုင်သောသူသည်. . မကောင်းသောအကျင့်ဆိုးများသည် အနည်းနှင့် အများဆိုသလို ရှိကြသည်ချည်းဖြစ်၏. . (ကျွန်မတွင်လည်း ရှိသည် တစ်ခါတစ်ရံ မကောင်းမှန်းသိရက်နှင့် ဖက်တွယ်ထားတတ်တဲ့ အကျင့်). . . ထိုအကျင့်ဆိုးတို့သည် မကောင်းသော ကိုယ်အမူအရာ ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ များကို လိုက်၍ စွဲနေတတ်၏. . . မကောင်းသောအကျင့်တစ်ခုသည်. .. မိမိက လက်ခံထားသဖြင့် မိမိထံရောက်လာခြင်းဖြစ်၍ ထိုအကျင့်ဆိုးကို မိမိက လက်မခံဘဲ မောင်းထုတ် ဖယ်ရှားပစ်လိုက်လျှင် ရနိုင်ပါ၏ မိမိကိုယ်တိုင်အပေါ်သာ တည်နေပါ၏. . . . . သို့သော် မိမိဖိတ်ခေါ်၍ ရောက်လာသည့် ဧည့်သည်ကို မိမိက မလိုလားဘဲ နှင်လိုက်လျှင် လွယ်သော်လည်း. . . မိမိထံစွဲကပ်နေသော အကျင့်ဆိုးတစ်ခုကို မိမိကိုယ်တိုင် မောင်းနှင်ဖယ်ရှားရသောအခါ ထင်သလောက်မလွယ်ချေ.

မကောင်းမှန်းသိသော်လည်း ပြုပြင်ရန် ၀န်လေးနေတတ်သည်. . . နေ့ရွှေ့ညရွှေ့ ထားကြသည်. . . . ကြာလာသော အခါ ထိုအကျင့်ဆိုးသည်. . .နေမြင့်လေ အရူးရင့်လေ ဖြစ်ပြီး ခိုင်မာသွားတတ်ကျသည်. . . စဉ်းစားဥာဏ်ရှိသော လူတို့သည်. . မကောင်းသော အကျင့်တစ်ခုရလာလျှင် ဤအကျင့်အားမကောင်း. . . အကျိုးမရှိ၊ နစ်နာဆုံးရှုံးရန်သာရှိ၏. . . . ထို့ကြောင့်အကျင့်ဆိုးကို ထုတ်ပယ်ရန် ကြိုးစား၏. . . . မိမိ၏အကျင့်ဆိုးတစ်ခုကို ပြုပြင်ရာ၌ စိတ်သည်သာ မဓာနဖြစ်၍ စိတ်ဓာတ်ပြတ်သားမှု ရအောင် အရင်မွေးမြူ ထားကြရမည်ဖြစ်၏. . .

ဥပမာအားဖြင့် ငါးရာ့ငါးဆယ် နိပါတ်တော်လာ ၀တ္တုတစ်ပုဒ်တွင် ငယ်စဉ် ကလေးဘ၀ကပင် အမျက်စောင်မာန် ကြီးမားလှသော မင်းသားတစ်ယောက်အကြောင်းကို ဖတ်ရဖူး၏. . အမျက်ဒေါသကြီးလွန်းသဖြင့် တစ်နန်းတော်လုံး က သူ့အား မုန်းကြ၏ နောင်တစ်ချိန်တွင်ဤမင်းသား မင်းဖြစ်မည်ကိုပင် စိုးရိမ်ပူပင်နေကြ၏. . . . .ထိုအကြောင်းကိုသိသော ဆရာ ပုရောဟိတ်ကြီးသည် မင်းသားငယ်အား. . ဥယာဉ်ထဲသို့ ခေါ်သွားပြီး တမာပင်ငယ်လေး တစ်ပင်ကို လက်ညှိးထိုးပြ၍ ပြောဆိုမေးမြန်း၏. . . မင်းသားငယ်လည်းပြန်ဖြေ၏

"မင်းသား . . . ဤအပင်ငယ်ကို ကြည့်ပါ. . .တမာပင်ငယ်ကလေးဖြစ်ပါသည်. . ဤသည်မှာ ထိုအပင်ငယ်မှ တမာရွက်ဖြစ်ပါသည်. . .လျှာပေါ်တင်၍၀ါးကြည့်ပါ. . . အရသာ မည်သို့ရှိပါသနည်း. . . "

"ဆရာ အလွန်ခါးလှပါသည်. ."

"ဤအပင်ငယ်လေးဘ၀ကပင် ဤမျှခါးသည်ဆိုလျှင် အပင်ကြီးရင့်၍ အဆီအနှစ်ပြည့်ဝလာသော အခါ အရသာ မည်သို့ရှိပါမည်နည်း. . "

"ယခုထက်အဆပေါင်းများစွာ ခါးလာမည် မုချတည်း. . . "

"ဤသို့ဆိုလျှင် ကြာလေခါးလေဖြစ်လာမည့် တမာပင်ကို ယခုကပင် ပယ်နုတ်လိုက်ရလျှင် မသင့်လျော်ပြီလော. ."

"မှန်ပါသည် ဆရာ ၊ကြာလေလေ. . ခါးလေလေ ဖြစ်မည့် တမာပင်ကို ယခုကဲ့သို့ ငယ်စဉ်ကပင် နုတ်ပယ်ပစ်လိုက် သည်က အကောင်းဆုံး ဖြစ်ပါသည်. "

ထိုအခါ ပုရောဟိတ်ဆရာကြီးက တမာပင်ငယ်ကို လက်ဖြင့် နုတ်လိုက်ရာ . . ထိုတမာပင်ငယ်သည်. . ပုရောဟတ်ဆရာကြီး၏ လက်တွင် ပါလာလေသည်. . ထိုအခါ ပုရောဟိတ်ကြီးက မင်းသားအား. .

"မင်းသား . . .ဤ တမာပင်ငယ်ကို မြေမှ နုတ်ပယ်လိုက်ခြင်းဖြင့် အခါးသံသရာပြတ်၍ နောက်တစ်ဖန် ခါးသော အရာသာကို မပေးနိုင်တော့ပါ. . ထို့အတူ သင်မင်းသာငယ်သည် ယခု ငယ်စဉ်ကလေး ကပင် ဤမျှ ဒေါသအမျက်ကြီးနေလျှင် နောင်ဘုရင် ဖြစ်လာလျှင် ဒေါသကုမ္မာရမင်းဟု အမည်တွင်လျက် ပြည်သူအများ ဆင်းရဲရပါတော့မည်. . . အခါးနှင့်တူသော ဒေါသကို ယခုလို ငယ်စဉ်ကပင် ပယ်ဖျောက်သင့်သည်. . မဟုတ်ပါလေ . . "

မင်းသားငယ်သည် ဆရာကြီးစကားကြောင့် ဥာဏ်အလင်းရကာ မိမိ၏ဒေါသကို ပယ်ဖျောက်ရန် ဆုံးဖြတ်လိုက်လေသည်. .

ဤမင်းသားငယ်၏ ဥပမာကိုယူ၍ မည်သူမဆို မိမိထံရောက်လာသော အကျင့်ဆိုးတစ်ခုကို တမာပင်ငယ်ကို မြေမှ အမြစ်ပါမကျန် နုတ်ပယ်လိုက်သကဲ့သို့ အမြန်ဖယ်ရှားပြုပြင်လိုက်ခြင်းသည်. . အကောင်းဆုံးနှင့် အမှန်ကန်ဆုံးသော နည်းလမ်းတစ်ရပ်ဖြစ်ပါတော့သည်. .

ဦးဝမ်ထိန်



အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရေတွင်းထဲက မြေခွေး



ကံမကောင်းတဲ့ မြေခွေးဟာ ရေတွင်းနက်တစ်ခုထဲ ကျသွားလို့ ပြန်တက်မရဘဲ ရှိနေတော့သတဲ့
မကြာမီဆိတ်တစ်ကောင် ဖြတ်လာသတဲ့. . . “ရေတွင်းထဲ ဘာလုပ်နေလဲလို့ . . . . “မြေခွေးကို သူမေးတာပေါ့. . .
“အိုခင်ဗျားမသိသေးဘူးလား . . . မိုးခေါင်ရေရှားတော့မှာတဲ့. . . ဒါကြောင့် ကျုပ်အနီးမှာ ရေသေချာပေါက် ရှိနေဖို့ ခုန်ဆင်းခဲ့တယ်. . . . ခင်ဗျားလဲ ဘာကြောင့် မဆင်းခဲ့သတုန်း. . . . “
ဆိတ်က ဒီအကြံကောင်းသားပဲလို့ တွေးပြီး ရေတွင်းထဲ ခုန်ဆင်းလိုက်တယ်. . . .
ဒီတော့မှ မြေခွေးဟာ သူ့ကျောပေါ် ချက်ချင်း ခုန်တက်လိုက်တယ်. . . . နောက်သူ့ရဲ့ ဦးချိုရှည်မှာ နင်းပြီး ရေတွင်း နှုတ်ခမ်းဝဆီ ခုန်တက်လို့ရသွားသတဲ့လေ. . .
"နှုတ်ဆက်ခဲ့မယ် မိတ်ဆွေ၊ နောက်တစ်ခါဆို မှတ်ထားပေတော့. . "

အခက်အခဲတွင် ကျရောက်နေသူထံမှာ အကြံဥာဏ်ကို ဘယ်တော့မှ မယုံကြည်ပါနှင့်

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကောင်လေးနှင့်ခွေးလေး


စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ် တစ်ခုထပ်ချိတ်သည်။ "ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်တဲ့" သည်ကြော်ငြာမျိုးကိုကလေးတွေအလွန်စိတ်ဝင် စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေး တစ်ယောက်ဆိုင်ပေါက်ဝ သို့ရောက်လာသည်။

"ခွေးလေးတစ်ကောင်ဘယ်လောက်ရောင်းသလဲခင်ဗျ . . . . "သူကမေးသည်။

"ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစား ရှိတယ် . . . "ဆိုင်ရှင်ကဖြေတယ်။

ကောင်လေး က သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံအကြွေ တွေနှိုက်ထုတ်သည်။

"ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ဆင့်ရှိပါတယ်၊ခွေးလေးတွေကျွန်တော်ကြည့်လို့ရမလားခင်ဗျ. . . "

ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကိုလေချွန်ပြီးခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ထဲဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင်တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွှေးကသိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေဖုံးကာ လုံးနေသည်။ အဲသည့်အထဲမှတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ ထော့တီးထော့နဲ့နှင့် လမ်းမလျှောက်တတ်သလို။

ကောင်လေးက သည်ဟာလေး မြင်တော့ချက်ချင်းစိတ်ဝင်စားသွားသည်။

"ဒီခွေးလေးက ဘာဖြစ်တာလဲဟင်"

ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံရိုးပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန် ကပြောဆိုသည့်အကြောင်း ဆိုင်ရှင် က ရှင်းပြ သည်။

ကောင်လေးစိတ်ဝင်စားသွားသည်။

"ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ သူကဆိုသည်။"

"ဟာ…………မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင်ငါပေးပါ့မယ်။"

သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူကမကျေနပ်သည့်မျက်နှာမျိုးနှင့် ဆိုင်ရှင်ကြီးကိုမော့ ပြီဲးပြန်ပြောသည်။

"အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲကျန်တဲ့ခွေးတွေလို တန်ဖိုးရှိတာပဲခင်ဗျ၊ တစ်ပြားသားမှမလျော့ပါဘူး။ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ် ၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲ ပါတယ်၊ အခု အဲဒါယူထားပါ။ နောက်ကို တစ်လ ဆင့်ငါးဆယ်ဆီ ကျေတဲ့အထိ ကျွန်တော်ဆပ်ပါ့မယ်. . . "

သို့သော် ဆိုင်ရှင်က အလျှော့မပေး ။

"မ၀ယ်ပါနဲ့ကလေးရ၊ နောက်ကျတော့မင်းစိတ်ပျက်သွားလိမ့်မယ်။ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာမဟုတ်ဘူး၊ မင်းနဲ့ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး. . . "

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်၍ပြရင်း လေသံတိုးတိုးနှင့်ပြောသည်။

"ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမြာမှာ သူ့ကိုကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့တဲ့။"

ကောင်လေး၏ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ လမ်းလျှာက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့်အားဖြည့်ပေးထားရလေသည်။

ဖေမြင့်



အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အလွမ်းဇာတ်


လူ့ဘ၀သဘောအမြင်မှာ သံသရာရှိတာမို့
အခုမှ အပြောညင်သာ ပြန်ကာမညှိလိုက်ပါနဲ့
သုမန ကျောပြင်မှာ ဒဏ်ရာ အပြည့်နဲ့ရယ်မို
တန်ပါဘိ ဆိုလိုက်မယ်....

ပဂိုးမြ လိုတော့
အချိုးကျစွာ အပြောအငို မတတ်ပေမယ့်
ဇာတ်နာအောင် အဆို အဟဲတွေကြောင်
ကိုယ့်အသဲမှာ ထင်ကျန်ရစ်တာက......
ဒီမယ်.........ကိုသောန ရဲ့
တမင်ငြိုငြင် အမြင်နုပ်စွာနဲ့
ရှင်မလိုချင်နှင်ကာထုတ် လိုက်သော်လည်း(ကျုပ်ကလေ)
ဘုရင်ကတော် လောက်တော့ ဖြစ်ပါသေးတယ်...... တဲ့
အပယ်ခံ ရွှေရင်နင့်စွာနဲ
ရင်ဖွင့်ခဲ့တယ်။

လမ်းပေါ်မှာကြွေတဲ့ပန်းရယ်မို့
မနမ်းချင် ကျော်နင်းလေတော့
နွမ်းလျစွာ အဖော်ကင်းပါဘိ
မျှော်လင့်ခြင်း သံသရာဝယ်
ချာချာလည် ရင်မငြိမ်း။

ခုမှတော့လေ
သမုဒယတွေ တစ်ဖန်မသစ်ချင်ဘူး
ကျန်ရစ်သူ အသည်းကြွေနွမ်းကာမှ
ကမ်းလက်တွေ ပြန်ကာဆက်လှာတော
မရှက်သာ ပဋာမြေလူးသည်သို
တစ်သက်မှာ နှစ်ခါမရူးပါရစေနဲ့
ပွင့်ဦးကြွေတဲ့ လမ်းမှာဖြင့်
ဝေဒနာ တစ်ခန်းရပ်သင့်ပြီမို့(ခုမှတော့.......ခင်ရယ်)
လွမ်းဇာတ်ကိုသိမ်း။ ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကန်းဇော်ပင်အကြောင်း သိကောင်းစရာ


ကျွန်မ ပန်းကဗျာနဲ့ မေ16 ပြီးခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်မှာ တရားစခန်းဝင်ခဲ့ပါတယ်. . . . တရားစခန်းမှာ ပထမပိုင်း ရက်တွေမှာတော့ တရားထိုင်ချိန်တွေ ဆက်တိုက်နဲ့ ညတရားပွဲပြီးတာနဲ့ ကျွန်မတို့ သူငယ်ချင်းတွေ. ဘာမှ မလုပ်နိုင်ပဲ အိပ်ရာထဲ ရောက်သွားတာပါပဲ. . . တရားစခန်းနောက်ဆုံးနေ့ညမှာတော့ တရားစခန်းက အဆောင် အသီးသီးမှာ ဓမ္မမိတ်ဆွေတွေ အားလုံးက မတိုင်ပင်ပဲနဲ့. . . ဟိုတစ်စု ဒီတစ်စု နဲ့ စကားဝိုင်းတွေ ဖွဲ့ဖြစ်ခဲ့တာပေါ. . .

ကျွန်မတို့နေတဲ့ အဆောင်မှာပဲ ပုသိမ်တက္ကသိုလ် ၊ရုက္ခဗေဒ ဌာနက မမိုးမိုးလွင်ဆိုတဲ့ အမတစ်ယောက်နဲ့ စကားတွေ ပြောဖြစ်ရင်း ခုတစ်လောအဖြစ်များနေတဲ့ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ် . . . အဲဒီအမ က ထားဝယ်သူပါ. . . သူက ပုသိမ်တက္ကသိုလ်မှာ တာဝန်လာကျတာပါ. . . အမ က သူတို့ ထားဝယ်ဖက်မှာ ပေါက်တဲ့ ကန်းဇော်ပင်အကြောင်းကို ပြောပြခဲ့ပါတယ် သူကိုယ် တိုင် သူ့ရဲ့ စာတမ်း (Thesis) ကို ကန်းဇော်ဆီနဲ့ စမ်းသပ်ပြီး Ph.D အတွက် စာတမ်းတင်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်. . . . အဲဒီအကြောင်းကို မမိုးမိုးလွင်က 2009-2010 ပုသိမ်တက္ကသိုလ် မဂ္ဂဇင်းမှာ ရေးသား ထားတယ် လို့ ကျွန်တို့ကိုပြောပြပါတယ် . . ကျွန်မလည်း မမိုးမိုးလွင်ကို ကန်းဇော်ဆီအကြောင်းကို ကျွန်မတို့ ဘလော့ဂ်မှာ ဖော်ပြချင်လို့ ခွင့်တောင်းခဲ့ပါတယ် အမက လည်း ခွင့်ပြုခဲ့ပါတယ်. . . .

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၏ မြောက်ဘက် (၁၇) မိုင်အကွာ ထားဝယ်-ရန်ကုန်သွား ကားလမ်းမကြီးဘေးတွင် ရှိသော ရေဖြူမြို့နယ်၊ မြွေရိုးကျေးရွာ၊ မာန်သင်းတောင်ပေါ်တွင် ပေါက်ရောက်လျှက်ရှီသော ကန်းဇော်ပင် လူသိထင်ရှားပြီး ဒေသခံပြည်သူများက ၄င်းအပင်၏အသီးအတွင်းရှိ အစေ့မှထွက်သော အဆီသည် အဓိကပစ္စည်းအဖြစ်ပါဝင်၍ ၄င်းအဆီကို မြန်မာတိုင်းရင်းဆေးမြီးတိုအဖြစ် (Remedy in traditional Medicine) ကင်ဆာနှင့် အခြားရောဂါ အမျိုးအမျိုးအတွက် သောက်ဆေး၊လိမ်းဆေးအဖြစ် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရပါသည်. .

ထားဝယ်မြို့၏ အနောက်ဘက် (၁၇) မိုင်အကွာ လောင်းလုံမြို့နယ်၊ ညင်းထွေးကျေးရွာတွင်လည်း ၄င်းအပင်၏ အသီးအတွင်းရှိ အစေ့မှ ထွက်သော ကန်းဇော်ဆီကို တိုင်းရင်းဆေးအဖြစ် သုံးစွဲလျက်ရှိသည်ကို လေ့လာတွေ့ရှိ ရပါသည်. . ၄င်းမြို့နယ် (၂)ခုတွင် ပေါက်ရောက်သော ကန်းဇော်ပင်မှာ အပင်ကြီးမျိုးဖြစ်၍ အပင်၏သက်တမ်းမှာ နှစ်(၁၀၀) ခန့်ကြာမြင့်နိုင်ပါသည်. . အပင်၏အမြင့်မှာ ပေ(၁၀၀) ကျော်ရှိသော်လည်း အသီးနှင့်အပွင့်တို့၏ အရွယ်အစားမှာ ရေမြေအနေအထား ( Adaptation) အရ ကွာခြားချက်အနည်းငယ်ရှိ သည်ကို တွေ့ရှိရပါသည်. . .

သို့သော ၄င်းအစေ့မှထွက်သော အဆီ(Oil) ၏အကျိုးအာနိသင်မှာ တူညီကြောင်းကို စမ်းသပ်တွေ့ရှိရပါသည် . . ကန်းဇော်ပင်သည် (၅)နှစ်သား အရွယ်တွင် လုံးပတ် အရွယ်အစားမှာ (၂ပေခွဲမှ ၃ပေ) ရှိမှသာ အသီးစတင် သီးလေ့ရှိကြောင်းကို သိရှိရပါသည်. . ထို့အတူ နှစ်(၁၀၀) ခန့်ရှိ၍ ပေ(၁၀၀) ကျော်မြင့်သော ပင်စည်၏ လုံးပတ် အရွယ်အစားမှာ (၆ပေမှ၇ပေ)ခန့်ရှိ၍ အသီးများ ဝေေ၀ဆာဆာ သီးကြောင်း တွေ့ရှိခဲ့ပါသည်. .

၎င်းအပင်ကိုရေဖြူမြို့နယ်တွင် ကန်းဇော်အမည် တစ်မျိုးတည်းခေါ်သော်လည်း လောင်းလုံမြို့နယ်တွင် ၄င်းကို ကန်းဇော်၊ တောင်မင်းဂွတ်၊ သစ်ကြမ်းပိုး ဟု အမည် အမျိုးမျိုးဖြင့် ခေါ်ဆိုကြပါသည်. . .. အကြောင်းမှာ ၄င်းအဆီ၏ အနံ့သည် ကြမ်းပိုးအနံ့ရှိသောကြောင့် ဖြစ်ပါသည်. . . ၄င်းမြို့နယ်တွင် အပင်တစ်ပင်၏တန်ဖိုးမှာ ကျပ် တစ်သိန်းခန့်ရှိပါသည်. . ကန်းဇော်ပင်၏အသားသည် နီညိုရောင်ရှိ၍ သစ်မာအမျိုးအစားဖြစ်ပါသည်. . အပင်တစ်ပင်လျှင် အိမ်တစ်လုံးခန့်ဆောက်လုပ်နိုင်ပါသည်. . . ကန်းဇော်ပင်၏ ပင်စည်အပိုင်းအစများကို ၄င်းရွာများတွင် ဘုရားဆင်းတုအဖြစ် ထုလုပ်ကိုးကွယ်ကြပါသည်..

ကန်းဇော်ပွင့်၏ အရွယ်အစားမှာ (၁.၅) စီတီမီတာခန့်ရှိ၍ အရောင်မှာ နို့နှစ်ရောင် (Cream Color) ရှိပြီး အသီး၏ ပုံသဏ္ဍာန်မှာ ခရေသီးနှင့်တူ၍ အသီးအတွင်းအစေ့မှာ မြေပဲဆန်နှင့် ပုံသဏ္ဍာန် တူသည်ကို လေ့လာတွေ့ရှိရါသည်. . . ၄င်းအစေ့ကို အမှုန့်ကြိတ်၍ ကန်းဇော်ဆီကို ထုတ်လုပ်ရောင်းချ ကြောင်းသိရှိရပါသည်. . ၄င်းအသီးတစ်တင်းကို ထုခွဲလျှင် အစေ့ (၄) ပြည်သာ ရရှိပြီး ၊ ၄င်းအသီး၏အခွံမှာ မာကြောသောကြောင့် တူနှင့်ထုခွဲရပါသည်. . ၄င်းအပင်၏ မြေပေါ်ပိုင်း (Vegetative) နှင့် မျိုးပွားသည့်အပိုင်း (Reproductive) များ၏ လက္ခဏာများအရ ၄င်းအပင်သည် မျိုးရင်း (Family) Sapotaceae တွင် ပါဝင်ပြီး မျိုးစု (Genus) Payena၊ မျိုးစိတ် (Species) Paralleloneura ဖြစ်ပါသည်. .

ထးဝယ်မြို့နယ်နှင့် အနီးတ၀ိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင် အမျိုးအစားမှာ ကုန်းပေါ်တွင်သာ ပေါက်ရောက်သောကြောင့် ကုန်း ကန်းဇော် အမျိုးအစားဖြစ်ပါသည်. . . မြိတ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင် တ၀ိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင်များမှာ ရေစပ်စပ်တွင် ပေါက်ရောက်သဖြင့် ရေ ကမ်းဇော် အမျိုးအစားဖြစ်ပါသည်. . . . ကုန်းကန်းဇော်နှင့် ရေကန်းဇော်ပင်တို့ အရွက်၊ အပွင့်နှင့် အသီး၏ ပုံသဏ္ဍာန်များမှာ ရေမြေအနေအထား အရ ခြားနားသော်လည်းထွက်ရှိလာသော အဆီ၊အနံ့နှင့် အကျိုးအားနိသင်မှာ အတူတူပင်ဖြစ်ပါသည်. . .

ကန်းဇော်ပင်၏ အရွက်၊ ပင်စည်၊ အခေါက် နှင့် အစေ့များကို Solvents အမျိုးမျိုးဖြင့် Extractsဲပြုလုပ်၍ ရရှိလာသော Extracts များနှင့် ကန်းဇော်ဆီကို အပူလောင်ခြင်း ၊ နို့်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အစာအိမ်အနာ ၊ လေဖြတ်ရေဂါ၊ အဆုတ်ပြွန်ရောင်ရမ်းခြင်း၊ အင်ပြင်၊ ရင်ဘတ်အောင့်နာဒဏ်ရာ ၊ အနာစိမ်း၊ ဖျားနာရောဂါ၊ ၀မ်းလျှောခြင်း၊ ၀မ်းကိုက်ခြင်း၊ ပြည်တည်နာ၊ နာတာရှည် အဆုတ်ရောဂါ နှင့်ဆီးလမ်းကြောင့်ရောဂါ များဖြစ်စေသော ဘက်တီးရီးယားများနှင့် စမ်းသပ်သောအခါ အစိတ်အပိုင်းအားလုံးတွင် အကျိုးအာနိသင့် ရှိကြောင်း လေ့လာတွေ့ရှိရပါသည်.

သို့သော်အစေ့နှင့် ကန်းဇော်ဆီတွင် အခြားသော အစိတ်အပိုင်းများထက်ပို၍ အကျိုးအာနိသင်ရှိကြောင်းကို စမ်းသပ် လေ့လာတွေ့ရှိရပါသည်. . . ၄င်းကန်းဇော်ဆီနှင့် ကန်းဇော်စေ့မှ ထုတ်သော Watery Extracts များကို ကြွက်ဖြူ များနှင့် အဆိပ်ရှိမရှိ စမ်းသပ်ရာတွေ အဆီအား (40ml/kg) (Water extract(14gm/kg) ဆေး Dose ဖြင့်တိုက်သော်လည်း ကြွက်ဖြူများ သေဆုံးခြင်း မရှိသည်ကို လေ့လာတွေ့ရှိရပါသည်. . . ထို့ကြောင့် ကန်းဇော်စေ့နှင့် ကန်းဇော်ဆီ စစ်စစ်ကိုသာ ရရှိခဲ့လျှင် ကင်ဆာနှင့် အခြားရောဂါအမျိုးမျိုးအတွက် စိတ်ချလက်ချ သောက်သုံးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်. .

၎င်းကန်းဇော်ဆီတွင် ဘေးထွက်ဆိုးကျိုး (Side Effect) များ သိရှိရန်အတွက် ရည်ရွယ်၍ ၄င်းအပင်၏ ပြင်ပရုပ်သွယ် ၊ အတွင်းသဏ္ဍာန် ၊ ဓာတုဗေဒပစ္စည်းများ ၊ ကြွက်ဖြူများနှင့် အဆိပ်စမ်းသပ်ခြင်း၊ အစာအိမ်အနာ စမ်းသပ်ခြင်း နှင့် အစာအိမ်အနာဖြစ်သောအခါ ၄င်းအစာအိမ်မှ Acid မည်မျှထွက်သည်ကို တွက်ချက်ခြင်း၊ ၄င်းအစေ့ထဲတွင် မည်သည့် ဒြပ်ပေါင်း များပါင်နေကြောင့် သိရှိရန်အတွက် . . လေ့လာ၊ ကွင်းဆင်း၊ စမ်းသပ်သုတေသန ပြုလုပ်ခဲ့ပါသည်. . .

အခွင့်အခါသင့်လျှင်လည်း မြန်မာပြည်သူ၊ ပြည်သားများအားလုံးအတွက် ရည်ရွယ်၍ ကင်ဆာနှင့် ရောဂါ အမျိုးမျိုး ပျောက်ကင်းစေရန်အတွက် ထပ်မံ စမ်းသပ်ချက်များ ပြုလုပ်ချင်ပါသည်. . . . ၄င်းလေ့လာတွေ့ရှိချက်များအရ ၄င်းကန်းဇော်ဆီအားမြန်မာတိုင်းရင်း ဆေးအနေနှင့် လိမ်းဆေး၊ သောက်ဆေး အဖြစ် သုံးစွဲနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်. .

ဒေါက်တာမိုးမိုးလွင်
လက်ထောက်ကထိက
ပုသိမ်တက္ကသိုလ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကိုယ်ကိုယ်တိုင်



လူငယ်တစ်ယောက် လိုတာကို ရစေနိုင်တဲ့ နတ်မင်းကြီးတစ်ပါးနဲ့ တွေ့ပါတယ်. . နတ်မင်းကြီးက "လိုရာဆုတောင်းပါ " လို့ဆိုတော့. . .

လူ။ ငြိမ်းချမ်းချင်ပါတယ်. . .

နတ်မင်းကြီးက ပြုံးပါတယ် ။ ပြီးတော့ . . . ဘာမှ မပြောဘဲ လှည့်ထွက်သွားပါတယ်။

လူ။ ခဏ. . . ခဏ နေဦးလေ. . . ကျွန်တော့ဆန္ဒပြည့်အောင် လုပ်ပေးဦးလေ. . . ။

နတ်မင်းကြီး။ မင်းတောင်းတဲ့ ဆုကို ငါပေးချင်ပါတယ်. . . . ဒါပေမယ့်. . ငါဖြည့်စွမ်းနိုင်တဲ့ အရာထဲမှာ အဲဒီဟာ မပါဘူး . . . သေချာတာက ငါ့ထက် တန်ခိုးရှိတဲ့ တန်ခိုးရှင်တွေကလည်း ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ ငြိမ်းချမ်ခြင်းကို တကယ်လိုချင်ရင်တော့ . . . မင်းကို ပေးနိုင်တာ တစ်ယောက်ပဲ ရှိတယ်. . . အဲဒီသူဆီ မင်းသွားပါ။

လူ။ ဘယ်သူလဲ. . . . . .

နတ်မင်းကြီး။ ရော့. . သူရဲ့ . . "ပုံ"။

"မှန်ကလေး တစ်ချပ်ပါ။"

စာဖတ်သူများ လည်း ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းမှုများ ရှာတွေ့နိုင်ပါစေရှင်. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မိမိကိုယ်ကို ထိန်းသိမ်းပါ



အောင်မြင်တဲ့ သူဆိုတာ
ကိုယ်အား စိတ်အား
ပြည့်ဝ တက်ကြွနေရမယ်။

ကျန်းမာရေး မကောင်းတဲ့သူဟာ
မိမိလုပ်ချင်တာကို လုပ်လို့မရသလို
စိတ်ဓာတ်ကျနေတဲ့သူဟာ
ဘယ်အလုပ်ကိုမှ
ပြီးအောင် မဆောင်ရွက်ချင်ဘူး။

ဒီတော့
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့
ပထမဆုံးလုပ်ရမယ့် အလုပ်ကတော့
မိမိကိုယ်ကို ထိန်းသိမ်းခြင်းပဲ။

မိမိရဲ့ စိတ်
မိမိရဲ့ ခန္ဓာကိုယ်ကို
အမြဲတမ်း တက်ကြွ လန်းဆန်းနေအောင်
သတိထားပြီး နေရတယ်။

တကယ်တော့
နိုင်ငံရေး. . .
စီးပွားရေး. . .
ပညာရေး. . . စတဲ့ အရေးပေါင်းများစွာမှာ
အောင်မြင်နေတဲ့သူများဟာ
ပထမဆုံး သူတို့ကိုယ်သူတို့
အောင်မြင်စွာ ထိန်းသိမ်းနိုင်ကြတဲ့
သူတွေဖြစ်ပါတယ်။

မိမိကိုယ်ကို
စောင့်ထိန်းထားနိုင်တဲ့သူဟာ
သူတစ်ပါးတို့ကိုလည်း
တစ်ချိန်တည်းမှာ
စောင့်ရှောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

Let's Celebrate Mother's Day

Let's Celebrate Mother's Day

Every human being has a mother
She carries us in her womb
At near or full term she delivers
She then nurtures us throughout life span.

Without a mother you cannot grow
Without a father you may not glow
But you still go on in life
Orphans indeed are in miserable plight.

Gautama Buddha has mother Maya
She died in labour delivering Him
Looked after by step-mother Gautami, Maya's sister
Buddha praised both for their love and dedication.

Jesus Christ had a mother called Mary
Holy spirit conceived Him within her
She brought Him up in glory or agony
Later acclaimed as Mother of God, our Father!

Mohammad is the father of many men
He has no father's name at the end
He led a good life and then
Lends a good religion for Mohammadans.

"No man is an island", they say
We all are related by mitochondrial DNA
Derived from a single mother of ancient Africa
So, let's celebrate Mother's Day together!

The Mother's Day is on the 8th of May this year
Let's not forget and take part joyously everywhere!

Dr Maung Maung Nyo
9.5.2007


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘဒ္ဒ၀ဂ္ဂီ ညီနောင်တို့ မိန်းမရှာရင်း ဘုရားနှင့်တွေ့၍ တရားရပုံ



ဗုဒ္ဓမြတ်စွာသည် ဗာရာဏသီမှ ဥရုဝေလတောသို့ ပြန်၍ကြွတော်မူစဉ် ခရီးအကြား၌ တောအုပ်တစ်ခုသို့ဝင်၍ သစ်ပင်အောက်မှာ ထိုင်နေတော်မူသည်. . ထိုအချိန်မှာ ကောသလမင်းနှင့် အဘတူဖြစ်သော ဘဒ္ဒ၀ဂ္ဂီ ညီနောင် ၃ ကျိပ်တို့သည် ထိုတောအတွင်းသို့ ပျော်ပွဲစားလာကြရာ ဇနီးမရှိသော မင်းသားတို့ခေါ်လာသော ပြည်တန်ဆာမသည် ထိုမင်းသားတို့ မေ့မေ့လျော့လျော့နေစဉ် ဘဏ္ဍာထုပ်ကိုယူ၍ ထွက်ပြေးလေသည်။

ထိုမိန်းမကို အားလုံးလိုက်၍ရှာကြရာ ဗုဒ္ဓအနီးသို့ရောက်သွားသဖြင့် "မိန်းမတစ်ယောက် မမြင်လိုက်ပါလား " ဟုမေးကြလေသည်. . ဗုဒ္ဓက "မိန်းမရှာမှုနှင့် ကိုယ့်ကိုယ်ရှာမှု ထို၂ခုတွင် အဘယ်ရှာမှုက မြတ်သနည်း. " ဟုမေးတော်မူ၍ "ကိုယ့်ကိုယ်ရှာမှုက မြတ်ပါသည် " ဟု လျှောက်ကြသော မင်းသားတို့အား ကာမ၏ အပြစ်နှင့်တကွ သစ္စာလေးပါးကို ဟောပြသဖြင့် တရားရ၍ ရဟန်းပြုကြလေသည်။

BHADDA-VAGGIYA BROTHERS WENT SEARCHING FOR A WOMAN AND WERE CONVERTED BY THE BUDDHA

The buddha went back from Benarse to Uruvela, and on his way he entered a grove and sat under a tree. At that time, thirty Bhadda-vaggiya brothers, who were born of the same father as King Pasenadi of Kosala, were sporting with their wives in that grove. One of them had no wife and they had brought a courtesan for him, but while they were not noticing she had taken their bag of valuables and fled.

They came seeking her, and when they came near the Blessed One they inquired, "Did you not see a womna?" "What do you think, young men." Buddha replied, "Which is better for you, to go in search of woman or to go in search of your selves?" The brothers admitted, " It is better to go in search of oneself." Buddha then told them to sit down and preaching to them the evils of sendual indulgence, converted and ordained them as monks of the Holy order.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။