ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပညာရှင်ကြေးပဲ



တရားသူကြီး


"သူများ အိတ်ကပ်ထဲက နာရီကို သူမသိအောင် ဘယ်လိုနှိုက်ယူလိုက်တာလဲ မောင်မင်း ကျုပ်သိချင်တယ် . . . ?"

တရားခံ

"နည်း ၁၀ နည်းစလုံး အကုန်သင်ပေးရမှာလား ခင်ဗျ. .. ဒါဆို ကျွန်တော့်သင်တန်းကြေးက ငါးဒေါ်လာယူပါတယ် တရားသူကြီးမင်း . . . ."

အားလုံးကိုချစ်ခင်လေးစားလျှက်...


ကိုယ်တိုင်သက်သေ


တစ်ခါက ဘာသာရေး ပုဂ္ဂိုလ်တွေ အပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ထံ ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်. . . . ဒီအမျိုးသမီးဟာ မကောင်းတဲ့ အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတာ. . . ဂျီးဇက်ဆီကို ရောက်တဲ့အခါမှာ အဲဒီ ဘာသာရေး ပုဂ္ဂိုလ်တွေက ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ (Moses) က အမိန့်ချတဲ့ အကြောင်း ၊ ဒီကိစ္စမှာ အသင်က ဘယ်လိုပြောဆို မိန့်မြွက်မလဲလို့ ဂျီးဇက်ကို မေးကြတယ်. . . .

ဂျီးဇက်ဟာ သူတို့ကို မော်မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေတယ်တဲ့. . . . တစ်စုံတစ်ခု မပြောမချင်း ဒီလူတွေက မေးနေကြတယ်. . . . ဒီအခါမှာ ဂျီးဇက်က သူတို့ကို မော်ကြည့်ပြီးတော့. . "သင်တို့ အထဲ က အပြစ်ကင်းတယ်ဆိုတဲ့ သူဟာ. . ရှေးဦးစွာပဲ အဲဒီအမျိုးသမီးကို ခဲနဲ့ ပစ်လို့. . . . " ပြောလိုက်တယ်. . . .

ဂျီးဇက်ရဲ့ စကားကို ကြားရတဲ့အခါမှာ အဲဒီလူတွေဟာ ထိတ်လန့်သွားပါလိမ့်မယ်. . . လူ့စိတ်ဟာ နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ဘာတွေ တွေးနေသလဲ၊ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို အသေအချာမညှာမတာ ကြည့်လိုက်ရင် အလိုလေး . . . ကောင်းတာ လုပ်တာကနည်းနည်းရယ်. . . မကောင်းတဲ့ ၊ မသန့်ရှင်းတဲ့ စိတ်တွေ၊ အပြစ်တွေရှိနေပုံကို အဲဒီလူတွေ သိမြင်သွားပုံပေါ်ပါတယ်. . . ဒါကြောင့် ပြည့်တန်ဆာမကို ခဲနဲ့ မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက်လိုက်ပြီး ထွက်သွားလိုက်တာ . . . .ဘယ်သူမှ မကျန်ရစ်တော့ဘူးတဲ့. . . . . ဂျီးဇက်က ပြည့်တန်ဆာမကို နောင်ထပ် အပြစ်တွေ ၊ မကောင်းမှုတွေ မလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာ သွားဖို့ ခွင့်ပြုလိုက်ပါတယ်. .

ကျွန်မတို့ဟာ မကောင်းမှုကို လူတွေ မသိအောင် ခိုးကြောင် ခိုးဝှက်နဲ့ လုတ်တတ်ကြတယ်. . . အဲဒီလို လုပ်ပြီးတဲ့ အခါမှာ ငါလုပ်တာကို ဘယ်သူမှ မသိဘူးဆိုပြီး ကျေနပ်နေတတ်သေးတယ်. . .ရှက်ဖို့အကောင်းဆုံး ဟာ ဘာလဲဆိုတော့ ဘယ်သူမှ မသိဘူးလို့ ထင်ပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်တိုင်ကတော့ အသေအချာ သိမြင်ခဲ့တာကြောင့် ကိုယ်တိုင် သက်သေ ဖြစ်နေတယ်ဆိုတဲ့ အချက် ပါပဲ. . .

မကောင်းမှု ပြုသူအတွက် ဆိတ်ကွယ်ရာ အရပ်သည် လောက၌မရှိ လို့ ဂေါတမဗုဒ္ဓကပြောခဲ့ပါတယ်. . . ကိုယ်တိုင် သက်သေဖြစ်နေလို့ မကောင်းမှုပြုခဲ့တဲ့ မိမိကိုယ်မိမိ ရှက်တတ်ရင်တော်ပါသေးတယ်. . ဒါပေမယ့် လူမှာ ဖြစ်တတ်တာ တစ်ခုက ကိုယ့် အပြစ်တွေ ၊ မကောင်းတာတွေ၊ မတော်မလျော်ပြုခဲ့မိတာတွေကို အပြစ်မရှိသလိုလို၊ မကောင်းစိတ်မမွေးသလိုလို၊ မတော်မလျော် မပြုသလိုလို ဖုံးကွယ်ရင်း ၊ဟန်ဆောင်ရင်းက ကြာရင် တကယ်ပဲ ကိုယ်ဟာ ကောင်းစိတ်မရှိသလိုလို ၊ အပြစ်ကင်းသူလိုလိုထင်သွားမိတတ်ပါတယ်. .

ဒါကြောင့် နာရီပိုင်း၊ မိနစ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ ကိုယ့်စိတ်ကို ပြန်ကြည့်ရင် . . . ကောင်းတာ ကနည်းနည်း ရယ် မကောင်းတာတွေ အပြစ်တွေက အများကြီးတွေ့နေရပါတယ်. . . ဒါတွေကလည်း ဘယ်သူမှ မသိပေမယ့် ကိုယ်တိုင်သက်သေဖြစ်နေတာကို . . . ကိုယ်တိုင် သတိထားမိနိုင်ကြပါစေလို့. .


နန္ဒာသိန်းဇံ

အားလုံးကိုချစ်ခင်လေးစားလျှက်...

ပြုံးပါ



တကယ်လို့ သင်ဟာ လူတွေ ပျော်ရွှင်သွားအောင် လုပ်နိုင်တယ်. . . အဲဒီလိုလုပ်ပေးတဲ့ အတွက်. . . သင့်မှာ ငွေလည်းမပေးရ ၊ အချိန်လည်း . . . .ကုန်သွားစရာ မရှိဘူးဆိုရင် သင်လုပ်ပေးမှာလည်း. . . .အဲသည်လို လုပ်ပေးတာကြောင့်ပဲ သင့်မှာ ပျော်ရွှင်ရမယ် ဆိုရင်ရော သင်လုပ်ပေးမှာလား . . .

သင့်အတွက်ရော သင့်အနီးပတ်ဝန်းကျင် မှာရှိနေတဲ့ သူတွေအတွက်ပါ ပျော်ရွှင်ကြည်နူးဖွယ်ရာ တောက်ပတဲ့ နေ့ရက်တွေ ဖြစ်သွားစေနိုင်တယ်. . . . ငွေလည်း တစ်ပြားမှ မကုန်ဘူးဆိုတော့ . . . . အဲဒီ ပဉ္စလက် ဆန်ဆန် အရာက ဘာများပါလိမ့်. . . . အပြုံးတစ်ချက်ပဲ ပေါ့ . . . အဲဒီလို အပြုံးမျိုးကို တစ်ဖက်ကို နှစ်သက်စဖွယ် အချက်ပေးလိုက်တာကြောင့် အပြန်အလှန် အနေနဲ့ အပြုံးကိုပဲ ပြန်ရရှိနိုင်ပါတယ်. . . .

အသက် အပိုင်းအခြား အသီးသီးမှာ ရှိတဲ့ အရွယ်ရောက်ပြီးသူ လူကြီးတွေကို လေ့လာကြည့်တဲ့ အခါ. . . . လေ့လာခံရသူတွေဟာ သူတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေ ရဲ့ အပြုအမူအတိုင်း ပြန်လည် တုံ့ပြန်ကြတာကို တွေ့ရပါတယ်. . .. ရှင်းအောင် ပြောရမယ်ဆိုရင် . . . ၀မ်းနည်းနေတဲ့ မျက်နှာတွေဟာ ပိုပြီး ၀မ်းနည်းနေတဲ့ မျက်နှာတွေကို ဖြစ်ပေါ်စေပြီး ပြုံးနေတဲ့ မျက်နှာတွေကတော့ အပြုံးနဲ့ ပျော်ရွှင်ချမ်းမြေ့မှုတွေကို ဖြစ်ပေါ်စေပါတယ်. . . . .

သင့်အပြုံးကြောင့် တစ်ခြားသူတွေ ပျော်ရွင်သွားစေပါတယ်..
အတုံ့အပြန်အနေနဲ့ သင်လည်း ပျော်ရွှင်သွားမှာ ပါ..


ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

သမီးလေးဖတ်ဖို့. . . . .



သမီး .......
ဘ၀ခရီးကို
တစ်ယောက်တည်းလျှောက်ရတဲ့ အခါ
မှီခိုအားကိုးစရာ မရှိတဲ့အတွက်
ကိုယ့်အားကိုယ်ကိုး နိုင်လေလေ
လွပ်လပ်မှုရလေလေပဲ။

သူတစ်ပါးကို အားကိုးရလေလေ
ကိုယ့်ရဲ့ လွပ်လပ်မှုတွေ
ဆုံးရှုံးသွားရ လေလေပဲ မဟုတ်လား ။

လွပ်လွပ်လပ်လပ်နဲ့ ကိုယ့်အားကိုယ်ကိုး
ကြိုးစားရုန်းကန် နိုင်တာမှ လူစွမ်းကောင်း။

မှီခိုလိုတဲ့ စိတ်၊ အားငယ်စိတ်၊
အချောင်ခိုစိတ်၊ ပျင်းရိတဲ့ စိတ်တွေမရှီဘဲ
ဘ၀ခရီးကို တစ်ယောက်တည်း
ရဲရဲ ၀ံ့ဝံ့ ကျော်ဖြတ်သွားစမ်းပါ။

ဖေဖေ့သမီး . . . . လူစွမ်းကောင်းကြီးအတွက်
ဖေဖေ အားတက် ဂုဏ်ယူစမ်းပါရစေ. . .


ဖေဖေ

ကောင်းသန့် (သမီးလေးဖတ်ဖို့)

အားလုံးကိုချစ်ခင်လေးစားလျှက်...

တောထွက်ခါနီး ယသော်ဓရာ နန်းဆောင်သို့ကြွ၍ သားတော်ကို ရှုစားပုံ



ဘုရားအလောင်းသည်. . သက်တော် ၂၉ နှစ်ရှိသောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူရာဝယ် ဗြဟ္မာမင်းတို့ ဖန်ဆင်း ပြအပ်သော သူအို သူနာ သူသေ ရဟန်းအားဖြင့် ၄ပါးသော နိမိတ်ကြီးတို့ကို မြင်ရ၍ လောက၌ နေဘို့ရန် ထိတ်လန့် ကြောက်ရွံ့တော်မူရကား ယနေ့ပင် တောသို့မြန်း၍ ရဟန်းပြုမည်ဟု ကြံစည်တော်မူလေသည်. . . ထိုအချိန်မှာပင် သားတော် ဖွားမြင် ကြောင်းကိုလည်း သံတော်ဦးတင်လာလေသည်. .

ထို့နောက် နန်းတော်သို့ ပြန်ကြွ၍ ခေတ္တမျှ စက်တော်ခေါ်ကာ နိုးလာသည့် အခါဝယ် များစွာသော မောင်းမတို့ အိပ်ပျော်နေကြဟန်ကို သုဿန် လို ထင်လာသမြင့် လွန်စွာ ငြီးငွေ့ရကား ယခုပင် တောထွက်အံ့ ဟု ဆုံးဖြတ်တော်မူပြီးလျှင် ဆန္နအမတ်အား ကဏ္ဍက မြင်းတော်ကို ဆက်သဘို့ အမိန့်ပေး၍ တစ်ခါမျှမမြင်ရသေးသော သားတော်ကလေးကို ရှုစားတော်မူရန် ယသော်ဓရာ ဆောင်နန်းသို့ ကြွလှမ်းတော် မူလေသည်. .

Just Before his great renunciation, the future Buuha went to the chamber of princess Yasodhara to see his son

When the future Buddha was 29 years of age he went to the park and saw the Four Signs, namely an old man, a sick man, a dead man and monk, whom the higher gods had fashioned. He was afraid to continue to live a worldly life and his mind turned ardently to retiring from the world, He said to himself. " It behooves me to go forth on the Great Renunciation this very day" . At that very moment he received a message that a son had been born to him.

He then returned to the palace and lying on his couch, fell into a brief slumber. When he awoke he saw the female musicians sleeping round him in disgusting condition. The spectacle seemed like a cemetery, and fill with loathing for his worldly life, he made up his mind to renounce the world at once. He ordered his courtier Channa to saddle his horse Kanthaka. He then walked to the chamber of Yasodhara to look at his son for the first time.

အားလုံးကိုချစ်ခင်လေးစားလျှက်...

လမြတ်ဝါဆို ပြည်တစ်ခို



"လမြတ်ဝါဆို ပြည်တစ်ခို"



မြတ်ဗုဒ္ဓလည်း
ဓမ္မစင်္ကြာ ၊ ဟောမြွက်ခါ၊
ထေရ်သံဃာလည်း
မြတ်စွာ ခွန်းဆင့် ၊ ၀ါဆိုကျင့်၊
ပျိုရွယ်သစ်လည်း
တေးဟစ်ဆိုကြူး ၊ ပန်းလည်းခူး ၊
နယ်ထိုထိုလည်း
ဝါဆိုသင်္ကန်း၊ ကပ်လှူဒါန်း။

ပုန်းညက်ပန်းလည်း
လန်းလန်းစွင့်စွင့် ၊ပင်ယံမြင့်
သပြေသီးရင့်
ငံ့လင့်ကြွေချိန်၊ လေမငြိမ်
ထန်းသီးညိုလည်း
ညှာအိုရင့်ရင့် ၊ ကြွေရန်သင့်၊
မိုးကြို "၀ါ"များ
စီးပွားတိုးမြှင့်၊ လှိုင်လှိုင်ပွင့်။

ကိုးမျက်နှာစုံ
မှိုင်းမှုန်ဝေဟင်၊ မိုးသက်ဆင်၊
ဆည်ကန်ချောင်းစု၊
ပြည့်လုတာပေါင်၊ ရေဖောင်ဖောင်
မိုးစပါးလယ်
ထွန်ထယ်အားစိုက်၊ ချွေးပြိုက်ပြိုက်၊
ပျိုးချင်းပင်ပျို
စိမ်းစိုဖွံ့ထွား၊ ပျိုးတက်ပွား၊
ရွှေဝါကောက်နှံ၊
နိုင်ငံစီးပါား ၊လွန်အားထား။

သစ်လုပ်သားမောင်
ဖွဲ့ဖောင်ငံ့လင့်၊ မျှောရန်သင့်၊
ကျွန်းရွေဝါလှ
ပြည်ပပို့ရ၊ နိုင်ငံဓန
တိုင်း ပြည်နယ် ၀ှမ်း
အေးချမ်းခေတ်မီ၊ ၀ပြောစည်။

ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ထုတ်ခွင့်ပြုသည်



ဦးငြိမ်းအောင်သည် မြို့နယ် သမ၀ါယမ အသင်း ဥက္ကဋ္ဌ အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ်က တာဝန်ထမ်းခဲ့စဉ်က ဖြစ်ပါသည်။ မြို့နယ် အသင်းသို့ ရောက်ရှိလာသော ပစ္စည်းစုံ

အားလုံးကို ရပ်ကွက်၊ကျေးရွာ သ/မ အသင်း များသို့ ညီညီမျှမျှ အချိုးကျ ခွဲဝေ ပေးပါသည်။

ရပ်ကွက်၊ ကျေးရွာ အသင်းများကလည်း မိမိတို့၏ အသင်း ဆိုင်အတွက် ခွဲတမ်း ပစ္စည်းများ ထုတ်ယူခွင့်ကို မြို့နယ် အသင်း ဥက္ကဋ္ဌ ဦးငြိမ်းအောင်ထံ လျှောက်လွှာများ တင်ကြရသည်။ ထိုလျှောက်လွှာများကို ဦးငြိမ်းအောင်က လုပ်ထုံး လုပ်နည်း အရ ဖတ်ရှု စစ်ဆေးပြီး၊ လျှောက်လွှာများပေါ်၌ “ထုတ်ခွင့်ပြုသည်”၊ “ထုတ်ခွင့်ပြုသည်” ဟူသောစာကို လက်မှတ်ရေးထိုးလျက် ခွင့်ပြုလိုက်ပါသည်။

တစ်နေ့တွင် အသင်းဝန်ထမ်း အမျိုးသမီးက မီးဖွားခွင့် လျှောက်လွှာကို ဥက္ကဋ္ဌထံ တင်လိုက်သည်။ မကြာမီ လျှောက်လွှာ ပြန်ကျလာသည်။ လျှောက်လွှာပေါ်မှ ဥက္ကဋ္ဌ၏ လက်မှတ် အပေါ်မှ ဥက္ကဋ္ဌ လက်ရေး စာကြောင်းလေးကို ကာယကံရှင် အမျိုးသမီးနှင့် အခြားနီးစပ်ရာ လူများပါ ဖက်ပြီး တချို့လည်း ပြုံးစိစိ၊ တချို့လည်း မပြုံးဘဲ ၀ါးလုံးကွဲ ရယ်လိုက်ကြလေ၏။ ဥက္ကဋ္ဌ ဦးငြိမ်းအောင် မှတ်ချက်ချ ခွင့်ပြုလိုက်ပုံက “ထုတ်ခွင့်ပြုသည်” ဟူသတည်း။

မြတ်မွန်ကြော့ဆွေ(ပေဖူးလွာမဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကလေးအတွေး



ငယ်စဉ်ကလေးဘ၀က အတွေးလေးတွေ သတိ တရရှိချိန် ကတ်သီးကတ်သတ်တွေးတတ် မေးတတ်ခဲ့တာလေး ကို သတိရသွားပါတယ်။ ငယ်စဉ်က အမြဲတမ်း တရားပြတတ်သော အဘိုးဖြစ်သူအား ပြန်လည်မေးခွန်းထုတ်လေ့ရှိပါတယ်။

အဂုင်္လိမာလဟာ လက်ညှိုးတစ်ချောင်းတည်းလိုတော့တာ သူ့လက်ညှိုးဖြတ်လိုက်ရော့ပေါ့။

ထိုအခါ အဘိုးက လူသတ်ပြီးမှ လက်ညှိုးဖြတ်ရတာဟု ရှင်းပြပါသည်။ လက်ညှိုးတစ်ချောင်းပြတ်နေသော အိမ်နီးချင်းအား မြင်ဘူးနေသောကြောင့် လူမသတ်ဘဲလည်း လက်ညှိုးဖြတ် လိုရသည်ဟုသာ ထင်ပါသည်။

ဆက်မေးပြန်ပါတယ်။ ဘိုး...အဂုင်္လိမာလ ဟာ လူ၉၉၉ယောက်ကို သတ်ခဲ့တာ ဘာကြောင့် နောက်ဘ၀ ငရဲမကျဘဲ နိဗ္ဗာန်ရောက်သွားရသလဲ။

သူသတ်တဲ့လူတွေက ဟိုအရင်ဘ၀မှာ သူ့ကိုသတ်ခဲ့ကြလို့ ကျေသွားပြီပေါ့။ ပြီးတော့ သူက ရဟန္တာဖြစ်သွားပြီလေ။ ဒီတော့ ငရဲမကျတော့ဘူး။

အဲဒီလိုနဲ့ရိုးစင်းသော ကိစ္စများကို အကျယ်ချဲ့တွေးနေတတ်ပါတယ်။ အဲဒီ အတွေးလေးတွေကို လည်း အတွေးမှန်လေးတွေ ဖြစ်အောင် အဘိုးက လမ်းပြပေးခဲ့ပါတယ်။ နောက်ထပ် အတွေးလေးပါတဲ့ ပုံပြင်လေး လည်း ပြောပြအုန်းမယ်......

ဟိုးရှေးရှေးတုန်းက လူနှစ်ယောက်ခရီးသွားကြတယ်။ လမ်းမှာ ဗောဓိပင်တစ်ပင် တွေ့ရတယ်။ ရှေ့ကသွားတဲ့သူက ဗောဓိပင် အကိုင်းကို ချိုးပစ်လိုက်ကရော၊ မကောင်းမှုပြုတာပေါ့လေ။ အဲဒီလူဟာ ခရီးဆက်ရင်း လမ်းမှာ ရွှေအိုးတစ်လုံးကောက်ရသတဲ့...။

ဘုရားပွင့်တဲ့ အပင်ကို ချိုးပစ်တာ ရွှေအိုးတောင်ရသလား။

အေး...ဆက်နားထောင် ဒုတိယလူကတော့ ရှေ့က ချိုးပစ်လိုက်တဲ့ ဗောဓိပင်အကိုင်းကို ပြန်ပြီး ပျိုးလိုက်တယ်။ ပြန်စိုက်လိုက်တယ်ပေါ့၊ ဒါပေမဲ့ အဲဒီလူကျတော့ ခရီးဆက်သွားရင်း ပေါင်ကျိုးသွားသတဲ့။

ဟင်...ကောင်းတာလုပ်တဲ့သူက ပေါင်ကျိုးသတဲ့လား..။

အေး...ဒီပုံပြင် အဆုံးသတ်က သိပ်လှတယ်...။ ဒီလိုကွဲ့ တကယ်တော့ ဗောဓိကိုင်းချိုးတဲ့သူဟာ တကယ်လို့သာ ဗောဓိကိုင်းကို မချိုးခဲ့ရင် ခရီးဆက်ရင်း မြို့ရောက်တဲ့အခါ အဲဒီမြို့မှာ မင်းလောင်း ရှာနေတဲ့ ပရောဟိတ်တွေနဲ့ ဆုံပြီး ရှင်ဘုရင်ဖြစ်ရမှာ၊ မကောင်းမှုပြုမိတော့ ရွှေအိုး ကလေးပဲရတာပေါ့။

သိပြီ ...သိပြီ အဘိုး... ဒုတိယလူကတော့ ဗောဓိ ကိုင်းပျိုးလိုက်တဲ့ ကုသိုလ်ကြောင့် ပေါင်ပဲကျိုးတာ၊ တကယ်ဆို သူသာ ကုသိုလ်မပြုရင် သေမှာ မဟုတ်လား။

သာဓု....သာဓု...သာဓု ပါ...ငါ့မြေးရယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်...

အစာခြေမှုကောင်းစေရန်

အစာခြေမှုကောင်းစေရန် အောက်ပါ အစားအစာများကို စားပါ. . . .

ဘလူးဘယ်ရီသီး


Blueberry သီးတွေဟာဦးနှောက်အတွက်ကောင်းစေရန်သာမက သူတို့တွင် Anthocyanins များ မြင့်မားစွာပါဝင်သောကြောင့် အူမကြီးကင်ဆာဖြစ်နှုန်း ၃၃ ရာခိုင်နှုန်းလျော့ချနိုင်ပါတယ်. . . . နေ့စဉ် Bleberry တစ်ခွက်စာ (သို့) anthocyanins များ ပါဝင်သော ချယ်ရီသီး ၊ စတော်ဘယ်ရီသီးများကို စားသုံးသင့်ပါတယ်. .

ငှက်ပျောသီး




ငှက်ပျောသီးကို နေ့စဉ် နံနက်တိုင်းစားပေးပါက အစာအိမ်အနာ ဖြစ်သော H.pylori ဘက်တီးရီးယားပိုးကို တိုက်ထုပ်နိုင်သော Protease inhibitor များရရှိနိုင်သောကြောင့် စားသုံးသင့်ပါတယ်. . .

ပြောင်းဖူးပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်တွင် ရေတွင်မပျော်ဝင်နိုင်သော အမျှင်ဓာတ်များစွာ ပါဝင်သောကြာင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်. . . . တစ်ပတ်ကို ပြောင်းဖူး ပေါက်ပေါက် သုံးခွက် စားပေးလျှင် အူသိမ်ရောင်ရမ်းပြီး နာကျင်တဲ့ ရောဂါဖြစ်နိုင်ခြေ ၂၈ % လျော့ချနိုင်ပါတယ်. ..

ဒေါက်တာခင်မိုးမိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဟန်

လူတွေဟာ အချင်းချင်း ပေါင်းသင်းဆက်ဆံရာမှာ လိမ်ညာ ဖြီးဖြန်းပြီး ဆက်ဆံနေကြတာ. . . မဟုတ်တာကို အဟုတ်လုပ်ပြော ၊ မြှောက်ပင့်ပြီးလည်းပြောတယ်. . အလုပ်ဖြစ်အောင် ၊ ကိုယ့်အကျိုး ပြီးမြောက်အောင် လှည့်ပတ်ပြောတယ်. . .

လူဟာ ဟန်ဆောင်လည်းကောင်းတယ် ၊ ဟန်လုပ်လည်းပြောတယ်၊ စိတ်ထဲက လိမ်ညာပြီး ဖြီးဖြန်းနေပေမယ့် အပြင်ဟန်ပန်လေသံတွေက တည်ကြည်တဲ့ လူရိုးလူဖြောင့်လိုလို ၊ သူကောင်းလိုလို ပိပိရိရိဟန်ဆောင်တတ်၊ သရုပ်ဆောင်တတ်တယ်. .

"မုသားမပါ လင်္ကာမချော" ဆိုတဲ့ အဆိုအမိန့်အတိုင်း လိမ်ညာနေတာကိုပဲ လိမ်ညာနေတယ်လို့ မသိရအောင် အဖုံးအကွယ် အလှည့်အချိုးတွေနဲ့ လူလည်တွေဟာ ပြောတတ်ဆိုတတ်တယ်. . . . မှန်ကန်သော စကားတွေကို ဆိုနေတဲ့ လူမှန်လူဖြောင့် ပုံပေါ်အောင် ဖော်ဆောင်တတ်ကြတယ်. .

လူသည် လိမ်နိုင်ကောက်နိုင်မှာ ကိုယ်၏ချမ်းသာခြင်း ၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သော သတ္တ၀ါဖြစ်၏ အမြင်ကပ်ရင်အမြင်ကပ်ကြောင်း၊ ကြည့်မရရင် ကြည့်မရကြောင်း ၊ အချိုးမပြေရင် အချိုးမပြေတဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံရင်လည်း တစ်ဦးနဲ့တစ်ဦး ခိုက်ရန်ဒေါသတွေ ဖြစ်ပွားပြီး သတ်ကြ ဖြတ်ကြလို့အသုဘချတာနဲ့ပဲ အချိန်ကုန်သွားနိုင်တယ်. ..လို့ ကာတွန်းဦးဘဂျမ်းကဆိုပါတယ်.. .

နန္ဒသိန်းဇံ

အားလုံးကိုချစ်ခင်လေးစားလျှက်...


ပြဿနာများကို အလုပ်ဖြင့် တွန်းထုတ်ပါ



လူတိုင်းမှာ ပြဿနာဆိုတာ အနည်းနဲ့ အများ ရှိစမြဲပါ. . . ပြဿနာရှိပြီဆိုရင် စိတ်ဆင်းရဲရတော့မှာပါပဲ. . . စိတ်ဆင်းရဲတာကို မခံစားရဖူးတဲ့သူမရှိပါဘူး. . . . . စိတ်ဆင်းရဲတာကို မှန်မှန်ကန်ကန် ဖြေဖျောက်တတ်တဲ့သူဟာ အမြန် စိတ်ချမ်းသာနိုင်ပါတယ်. . . . ပြဿနာတစ်ခုကြောင့် စိတ်ဆင်းရဲရပြီဆိုရင် နောက်ထပ် ပြဿနာများ မရှိအောင် သတိထားနေခြင်းဖြင့် ဆိုးဝါးတဲ့ အခြေအနေကို ရှောင်ပြီးသား ဖြစ်သွားနိုင်ပါတယ်. . .

စိတ်ဆင်းရဲရတဲ့ အကြောင်းအရာကို သတိထားကာ စေ့စေ့စပ်စပ် လေ့လာလိုက်ပါ. . . . အဲသည်လို လေ့လာလိုက်တော့ ပြဿနာလို့ ထင်ထားတာက ဘာမှ မဟုတ်တာကိုတွေ့ရတတ်ပါတယ်. . . တစ်ခါတစ်ရံမှာ မှာ ချက်ခြင်းဖြေရှင်းရမယ့် ပြဿနာမျိုးနဲ့ ကြုံရင် အချိန်မဆွဲပဲ ဖြေရှင်းလိုက်ပါ. . . .ကြောက်လို့ရှောင်ရင် ပြဿနာ က ပိုမို ကြီးထွားလာတတ်ပါတယ် . . .မည်မျှကြီးမားသော ပြဿနာဖြစ်နေပါစေ. . . သတိထား ကိုင်တွယ်ပြီး သတ္တိမွေးကာ ရင်ဆိုင်လိုက်ပါက. . .အဆင်ပြေသွားပါလိမ့်မည်. . . . .

ဘယ်လိုပြဿနာကြောင့်ပဲ စိတ်ဆင်းရဲရသည်ဖြစ်စေ စိတ်မလေပါစေနဲ့. . . မှန်ကန်သော သစ္စာတရားကို ကိုးကွယ်ရာ အဖြစ်ထားပါ . . ၀ီရိယကို မြှင့်ထားပါ. . . သတိအားကို တင်ထားပါ. . အဲသည်လို မိမိစိတ်ကို မလေအောင် စောင့်ရှောက်ခြင်းသည်.. နောက်ထပ် ဖြစ်ပွားမည့် ပြဿနာများကို တားဆီးရာမှာ အထိရောက်ဆုံးဖြစ်ပါသည်. . . . သူတစ်ပါးကို မှီခိုဖို့မလိုပါ. . . အလုပ်လုပ်ရင်း အလုပ်ရဲ့ ဆွဲအားကြောင့် ကိုယ်ရော စိတ်ပါ တည်ငြိမ်လာရင် ကိုယ်တိုင် မသိလိုက်ခင်မှာပဲ စိတ်အေးချမ်းသာရှိတဲ့သူ ဖြစ်သွားပါလိမ့်မည်. . .

ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်..

ဝက်သတ်သမား


ဗုဒ္ဓဘုရားရှင် လက်ထက်တွင် ရာဇဂြိုလ်မြို့၊ဝေဠုဝန်ကျောင်းတော် အနီး၌ စုန္ဒအမည်ရှိသော ယောကျာ်း တစ်ယောက် သည် ၀က်သတ်သော အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသည်. . . စုန္ဒသည် ၀က်ပေါက်စများကို ၀ယ်သည် သူ့အိမ်၏ နောက်ဖေးဘက်၌ ၀က်ခြံကြီး တစ်ခုကိ ဆောက်၍ ထိုဝက်ပေါက်စတို့ကိုမွေးမြူထားသည်. . ၀က်များ သက်ဖြတ်သင့်သော အရွယ်သို့ရောက်သော အခါ သတ်ဖြတ်၍ ရောင်းချသည် . .

သတ်သည့် အခါ ရက်ရက်စက်စက် သတ်ဖြတ်သည်. . . သူသည် သတ်မည့် ၀က်ကို တိုင်၌ ချည်နှောင်သည်. . မရုန်းနိုအောင် ကြိုးဖြင့် တုတ်နှောင်သည်. . .မရုန်းနိုင်အောင် ကြိုးဖြင့် တုတ်နှောင်သည်. . အသားများ ကြွတက်လာစေရန် တင်းပုတ်ဖြင့် ထောင်းထုသည်. . . ထို့နောက် ၀က်ပါးစပ်ကို ဖွင့်၍ တုတ်ဖြင့် ထောက်ထားသည်. . . ကျိုက်ကျိုက်ဆူနေသော ရေနွေးကို သံခွက်ဖြင့် ခပ်ကာ ၀က်ပါးစပ်ထဲသို့ လောင်းထည့်သည်. . ၀က်၏ ခန္ဓာတွင်းမှာ မစင်များ အရည်ပျော်၍ ထွက်သွားအောင် လုပ်သည်. . .

ဤသို့လျှင် ရေနွေးကျိုက်ကျိုက်ဆူကို အကြိမ်များစွာ လောင်းထည့်သည်. . ၀က်၏ အူအတွင်းမှ ကျဆင်းလာသော အရည်များ ဖြူလာသောအခါမှ ရေနွေးလောင်းထည့်ခြင်းကို ရပ်သည် . . တဖန်ကျိုက်ကျိုက်ဆူ သောရေနွေးကို ၀က်၏ ကျောပေါ်သို့လောင်းချပြန်သည်. . ရေနွေးပူကြောင့် ၀က်၏ ကျောမည်းမည်းကြီး ဖြူဖွေးလာသည်. . . ကြွင်းကျန်သော အမွေးများကို မီးမြိုက်ပစ်သည်. . နောက်ဆုံးတွင် ဓားထက်ထက်ဖြင့် ၀က်၏ လည်ပင်းကို ပိုင်းဖြတ်လေသည်. . .

စုန္ဒသည် ၀က်သွေးဝက်သားကို သားမယားနှင့် အတူ မြိန်ရှက်စွာ ချက်ပြုတ်စားသောက်သည်. . ထို့နောက် ကျန်သမျှကို ရောင်းချသည်. . . ဝေဠုဝန်ကျောင်းအနီးတွင်နေသော်လည်း . . မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်ခြင်း မပြု . . . ပန်းတစ်ဆုပ်မျှ မကပ် . . . ဆွမ်းတစ်ထုပ်မျှမလှူ. . .

ဤသို့ဖြင့် ၅၅ နှစ်တိုင်တိုင် ၀က်များကို သက်ဖြတ်စားသောက်ရောင်းချလာခဲ့၏ . . . တစ်နေ့တွင် စုန္ဒသည် မကျန်းမမာ ဖြစ်လာ၏ ၀က်များကို အနိုင်ယူခဲ့သမျှ မကောင်းမှုဒဏ်ကို ခံရလေပြီ. . . ကိုယ်ပေါ်၌ အနာကြီးများ ပေါက်လာသည်. . . . အ၀ီစိမှာ ငရမီးလျှံသည် . စုန္ဒရှိရာသို့ တက်လာ၍ လောင်မြိုက် သူသည် ဝေဒနာကို ပြင်းစွာ ခံစားရ၏ အော်မြည်ကာ လေးဘက်ထောက်ကာ ပြေးနေရ၏. . . အိမ်သူအိမ်သားများ လည်းသူကို မည်သို့မျှ သက်သောအောင် မပြုနိုင်. . လေးဘက်ထောက်လျက် ၀က်ကဲ့သို့ အော်ပြေးနေသည်ကိုလည်း မထားနိုင် အိမ်ထဲမှ မထွက်နိုင်ရန် တံခါးများ ပိတ်ထားကြရ၏ . . ဤသို့ဖြင့် ၇ ရက်တိုက်တိုင် ခံစားရကာ ၈ ရက်မြောက်နေ့တွင် သေ၍ အ၀ီစိငရဲသို့ ကျရောက်သွားလေသည်. .

စုန္ဒအိမ်အနီးမှ ဖြတ်သွားကြသော ရဟန်းတို့က မြတ်စွာဘုရားအား . . အရှင်မြတ်ဘုရား ၊ စုန္ဒအိမ်၌ ၇ ရက် ပတ်လုံး ၀က်များ သတ်သံကို ကြားရပါသည်. . . . ဟုလျှောက်ထားကြ၏. . . . ထိုအခါ မြတ်စွာဘုရားသခင်က ချစ်သား ရဟန်းတို့ ၊ စုန္ဒသည် ၇ ရက်ပတ်လုံး ၀က်ကို သတ်နေသည် မဟုတ် ၅၅ နှစ်ကာလပတ်လုံး သူပြုခဲ့သော မကောင်းမှု အကုသိုလ်ကံသည် ဤပစ္စုပ္ပန်ဘ၀၌ပင် စုန္ဒအား ထူသော အကျိုးကို ပေးခြင်းဖြစ်၏ ယနေ့တွင် မှ စုန္ဒသည် ကွယ်လွန်၍ အ၀ီစိငရဲသို့ကျသွားခြင်းဖြစ်သည် ဟု မိန့်တော်မူက အောက်ပါ ဂါထာကို ဟောတော်မူ၏. .

"မကောင်းမှုကို ပြုသူသည် ဤပစ္စုပ္ပန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏ . နောင်တမလွန်ဘ၀၌လည်း စိုးရိမ်ပူပန်ရ၏. . ပစ္စုပ္ပန် ၊ တမလွန် နှစ်ဘ၀လုံး၌ စိုးရိမ်ပူပန်ရ၏. .
ထိုသူသည် မိမိ၏ ညစ်ညူးသော အကုသိုလ်ကံကြမ္မာကိုမြင်၍ စိုးရိမ်ပူပန်ရ၏ . . . စိုးရိမ်ပူပန်ရသည်နှင့် အမျှ ပင်ပန်း ရ၏ "

ဓမ္မပဒ

အားလုံးကိုချစ်ခင်လေးစားလျှက်...


အောင်မြင်မှုကို သက်မဲ့ပစ္စည်းများနဲ့ မတိုင်းတာပါနဲ့



ကိုယ်စီးနေတဲ့ ကားအမျိုးအစား၊ ကိုယ်နေတဲ့ အိမ် ဘယ်လောက်ကျယ်သလဲ ဆိုတဲ့ ပမာဏ အတိုင်းအတာ ၊ကိုယ် ရင်းနှီးစုဆောင်းထားတဲ့ ငွေမမာဏတွေ တိုးပွားမှု စတာတွေကြောင့် ကိုယ်ဟာ ပိုပြီးကောင်းတဲ့ လူတစ်ယောက် ဒါမှ မဟုတ် ဆိုးတဲ့ လူတစ်ယောက် ဖြစ်သွားမှာ မဟုတ်ပါဘူး. . . ကိုယ့်ဘ၀မှာ ဘာအရေးပါသလဲ ဆိုတာကို သတိ မမေ့ဖို့က ပိုအရေးကြီးပါတယ်. .

ဒီကမ္ဘာပေါ်မှာ ငါနေရတဲ့နေ့ဟာ ဒီနေ့ နောက်ဆုံးနေ့ပဲ ဆိုပြီး ခဏလောက်တွေးကြည့်လိုက်စမ်းပါ . . . . ဒီကမ္ဘာပေါ်မှာ ကိုယ်ရှင်သန်နေထိုင်ခဲ့ရတဲ့ အတွက် ငါ ဘာတွေ ပြီးမြောက် အောင်မြင်ခဲ့ရပြီလဲ. . . ငါ့မှာ ဂုဏ်ယူစရာ ဘာတွေ ရှိပြီလဲ . . ငါ့ကို ပျော်ရွှင်ချမ်းမြေ့မှုပေးတာတွေက ဘာတွေလဲ ဆိုတာကို စာရင်းလေးတစ်ခု ချက်ချင်းပဲ ချရေးကြည့်လိုက်ပါ. . .

အဲဒီ စာရင်းထဲမှာ ကိုယ့်ကား ၊ ကိုယ်ကြည့်နေတဲ့ တယ်လီဗီးရှင်း ၊ ကက်ဆက်၊ ကိုယ်ရနေတဲ့ လစာ ၊ ၀င်ငွေ တွေ ဘယ်ပါပါ လိမ့်မလဲ. . . အဲဒီ စာရင်းထဲမှာ ကိုယ့်ဘ၀ကို စိတ်ချမ်းမြေ့ ပေးမယ့် အခြေခံ အချက်တွေပဲ ပါမှာပါ. . . ကိုယ်နဲ့ ကိုယ့် အသိမိတ်ဆွေတွေ ၊ ကိုယ်နဲ့ ကိုယ့်မိသားစုတွေရဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေး ၊ သူများတွေ အတွက်ကိုယ် ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ စတဲ့ ကိုယ့် ဘ၀မှာ ပျော်ရွင်ကျေနပ်စရာကောင်းတဲ့ အဖြစ်အပျက်တွေပဲ ပါမှာပါ. . . ဒါတွေဟာ ကိုယ့်ဘ၀မှာ ကိုယ် စာရင်းသွင်းရမယ့် မှတ်တိုင်တွေပါ.

အများစု ဟာ တစ်နေ့ တစ်နေ့ ကိုယ်နေရတဲ့ ဘ၀မှာ ဆန့်ကျင်ဘက် ဖြစ်နေတာတွေသာ မှန်လိမ့်မယ်လို့ ယူဆတတ်ကြတယ်. . . .ကိုယ့်ဘ၀မှာ ကိုယ်အစစ်အမှန် တန်ဖိုးထားရမယ့် အရာ၊ ကိုယ် တကယ်ပဲ ဦးစားပေးရမယ့် အရာတွေ အစား ကိုယ်က အောင်မြင်မှုရယ်လို့ မှတ်ယူတိုင်းတာထားတဲ့ အရာတွေ၊ ဥစ္စာပစ္စည်းတွေ တိုးပွားဖို့ကိုပဲ စုဆောင်းနေတတ်ကြတယ်. . . . သည်လိုနဲ့ အောင်မြင်မှု အစစ်အမှန်ဟာ ဘာလည်း ဆိုတာကို ပြန်ပြီး မဆန်းစစ်မိကြတော့ပါဘူး. . .

မိတ်ဆွေတွေ ၊ မိသားစုတွေ စတဲ့ ကိုယ့်စိတ်ချမ်းသာမှုကို ဖြည့်ဆည်းပေးမယ့် သူတွေနဲ့ ပြည့်စုံနေသူတွေဟာ ဥစ္စာပစ္စည်း တွေ ချည်းသက်သက် ပြည့်စုံ့နေသူတွေထက် စိတ်ချမ်းသာမှု ကိုးဆလောက် ပိုမိုရရှိမှာ ဖြစ်ပါတယ်. .

ဒါကြောင့် မိမိရဲ့ အောင်မြင်မှုကို သက်မဲ့ ပစ္စည်းများနဲ့ မတိုင်းတာ ကြပါနဲ့ လို့. . . .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်..

လောကနီတိ

  • ဥစ္စာမရှိဘဲ အစားမကြူးရာ။
  • ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
  • ပညာမရှိဘဲ စကားများစွာ မဆိုရာ။

  • Without wealth, be not excessive in eating.
  • Without strength, love not fighting.
  • Without learning, speak not too much.

  • မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
  • သူမမေးဘဲ များစွာ မပြောရာ။
  • မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)

  • Don't visit another's house frequently without being invited.
  • Don't talk too much without being asked.
  • Don't extol and boast of oneself.
  • (Don't blow one's own trumpet.)

  • ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
  • ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။

  • A half-empty vessel makes more sound.
  • A person not fully educated tends to show off.

  • သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
  • မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
  • ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။

  • The ocean is not contented in receiving water.
  • The eye is not contented in seeing the beloved.
  • The wise is not contented in good speech.


အားလုံးကိုချစ်ခင်လေးစားလျှက်...

ဗေဒင်ဆရာ အတွက်မှားလို့



ဗေဒင်ဆရာတစ်ယောက်ဟာ ဈေးထဲမှာ ဗေဒင်ဟောနေတယ်. . . အလွန်လည်း ဟောရသတဲ့.

တစ်နေ့မှာ လူတစ်ယောက်က ရုတ်တရက် ရောက်လာပြီး "ခင်ဗျားအိမ်မှာ တံခါးချပ်တွေ ပြုတ်ထွက်နေတယ် အိမ်ထဲက ပစ္စည်းတွေကို ယူသွားကြကုန်ပြီလို့ "လာပြောတာပေါ့. . . .

ဒီစကားကိုကြားတဲ့အခါမှာ ဗေဒင်ဆရာ ဟာ ဖြုန်းကနဲ ထပြီး "ကုန်ပါပြီဗျာ" လို့အော်လိုက်ပါတယ်. .

ဒါကို လူတစ်ယောက် က "အခြားသူတွေကို ဘယ်လို ကံကြမ္မာဆိုး ကြုံရမယ်ဆိုပြီး ခင်ဗျား ဟောပြောနေသူပဲ. . . . ဒါပေမယ့် ခင်ဗျားရဲ့ ကံကြမ္မာကိုတော့ ခင်ဗျား ကြိုတင် သိမနေဘူး လား " လို့ ဆိုလိုက်ပါတယ်. .

(ဒီပုံပြင်လေးကတော့ တတ်ယောင်ကား လုပ်ကိုင်နေသူတွေကို ပြောလိုတာပါ. .)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်..


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။