ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကောင်လေးနှင့်ခွေးလေး


စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ် တစ်ခုထပ်ချိတ်သည်။ "ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်တဲ့" သည်ကြော်ငြာမျိုးကိုကလေးတွေအလွန်စိတ်ဝင် စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား။ ခဏအကြာမှာပင် ကလေး တစ်ယောက်ဆိုင်ပေါက်ဝ သို့ရောက်လာသည်။

"ခွေးလေးတစ်ကောင်ဘယ်လောက်ရောင်းသလဲခင်ဗျ . . . . "သူကမေးသည်။

"ဒေါ်လာ ၃၀ က ၅၀ အထိ ဈေးအစားစား ရှိတယ် . . . "ဆိုင်ရှင်ကဖြေတယ်။

ကောင်လေး က သူ့အိတ်ထဲမှာ ရှိသည့် ပိုက်ဆံအကြွေ တွေနှိုက်ထုတ်သည်။

"ကျွန်တော့်မှာ ၂ဒေါ်လာနဲ့ ၃၇ဆင့်ရှိပါတယ်၊ခွေးလေးတွေကျွန်တော်ကြည့်လို့ရမလားခင်ဗျ. . . "

ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကိုလေချွန်ပြီးခေါ်လိုက်သည်။ ခွေးမကြီး ဆိုင်ထဲဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင်တန်းစီ၍ လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊ အမွှေးကသိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေဖုံးကာ လုံးနေသည်။ အဲသည့်အထဲမှတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ ထော့တီးထော့နဲ့နှင့် လမ်းမလျှောက်တတ်သလို။

ကောင်လေးက သည်ဟာလေး မြင်တော့ချက်ချင်းစိတ်ဝင်စားသွားသည်။

"ဒီခွေးလေးက ဘာဖြစ်တာလဲဟင်"

ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံရိုးပါမလာသဖြင့် တစ်သက်လုံး ခြေထော့နဲ့ဖြစ်နေမည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန် ကပြောဆိုသည့်အကြောင်း ဆိုင်ရှင် က ရှင်းပြ သည်။

ကောင်လေးစိတ်ဝင်စားသွားသည်။

"ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ သူကဆိုသည်။"

"ဟာ…………မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင်ငါပေးပါ့မယ်။"

သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူကမကျေနပ်သည့်မျက်နှာမျိုးနှင့် ဆိုင်ရှင်ကြီးကိုမော့ ပြီဲးပြန်ပြောသည်။

"အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲကျန်တဲ့ခွေးတွေလို တန်ဖိုးရှိတာပဲခင်ဗျ၊ တစ်ပြားသားမှမလျော့ပါဘူး။ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ် ၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲ ပါတယ်၊ အခု အဲဒါယူထားပါ။ နောက်ကို တစ်လ ဆင့်ငါးဆယ်ဆီ ကျေတဲ့အထိ ကျွန်တော်ဆပ်ပါ့မယ်. . . "

သို့သော် ဆိုင်ရှင်က အလျှော့မပေး ။

"မ၀ယ်ပါနဲ့ကလေးရ၊ နောက်ကျတော့မင်းစိတ်ပျက်သွားလိမ့်မယ်။ ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာမဟုတ်ဘူး၊ မင်းနဲ့ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး. . . "

သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်၍ပြရင်း လေသံတိုးတိုးနှင့်ပြောသည်။

"ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမြာမှာ သူ့ကိုကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့တဲ့။"

ကောင်လေး၏ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ လမ်းလျှာက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့်အားဖြည့်ပေးထားရလေသည်။

ဖေမြင့်



အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

8 comments:

  1. ဆရာဖေမြင့်စာတွေကိုတော့ ဖတ်ပြီးလည်း ပြန်ဖတ် .. ဖတ်ကောင်းနေတာပဲ ..း))

    ReplyDelete
  2. ကိုယ်ချင်းစာတရားဆိုတာ ကိုယ်တိုင်ခံစားရသူဟာ သာမန်လူထက် ပိုပြီး နားလည်တာပေါ့နော်။

    ReplyDelete
  3. ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာစိတ်ပိုပြီး ထားနိင်တာပဲ။

    ReplyDelete
  4. အဲဒီ စာလေးကို ဘယ်အချိန်ဖတ်ဖတ် သိပ်သဘောကျလွန်းတယ်...း)))..


    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  5. ပြန်ဖတ်မိတိုင်း ခံစားရပြန်သည်။

    ReplyDelete
  6. ချော(အစိမ်းရောင်လွင်ပြင်)May 24, 2011 at 10:46 AM

    ကိုယ်ချင်းစာစိတ်လေးကို ထင်ထင်ရှားရှားဖော်ပြထားတဲ့ ချစ်စဖွယ် စာသားလေးတွေပါဘဲနော်
    ဖတ်ပြီး ရင်ထဲထိတယ်

    ReplyDelete
  7. ဘယ်အချိန်ပြန်ဖတ်မိပါစေ.....အရသာကရိုးမသွားပါဘူး..

    ReplyDelete
  8. ဖတ်ဖူးတယ်။ ဘယ်အချိန်ဖတ်ဖတ်မရိုးဘူးရယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။