ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လိုရင်း



"လိုရင်း"


သူများထက် အရင်ဦးချ၊
သူများထက် အရင်ရောက်ချင်၊
သူများထက် အရင်နေရာရချင်၊
သူများထက် အရင်အဆင်ပြေချင်လို့။
လောလော လောလောနဲ့ လုပ်ရင်းက၊
သူများထက် အရင်သေသွားရင် ဘယ်လိုလုပ်မလဲ။

လောမကြီးဖို့၊ ပျာယာမခတ်ဖို့၊
ဗျာမများဖို့သာ လိုရင်းပါ။

"စကား၊ အစားနဲ့ တရား"

တရားမကောင်းရင်တော့
စကားကောင်းကောင်းပြောလာပြီ။
အစားလည်းကောင်းကောင်းစားလာပြီ။

တရားနဲ့မပျော်တော့ရင်
စကားပြောဖော်ရှာလာပြီ။
အစားကောင်းလည်း မျှော်လာပြီ။

စကား အကူးအသန်းလုပ်နေသမျှ
အစားဘီလူးခန်း ဖွင့်နေသမျှ
တရားထူးရဖို့ လမ်းပွင့်မည်မဟုတ်ပါ။

မြသန်းစံ
အားလုံးကိုချစ်ခင်လေးစားလျှက်...





ဖရဲသီးချိုချို. . ..



ခုနွေရာသီရောက်လာတော့ အပြင်ထွက်ရင် ရာသီဥတုက ပူပါတယ်. . . နေပူတော့ ရင်အေးမယ့် အစားအစာတွေကို အပြင်ထွက်တိုင်း ဘယ်ဟာ စားရင် ပိုကောင်းမလည်းဆိုပြီး ရွေးဝယ်ပြီး စားဖြစ်ပါတယ်. . . အထူးသဖြင့် ရာသီပေါ်အသီးအနှံတွေက တော့ အမြဲဝယ်စားဖြစ်ပါတယ်. . . ခုလိုနွေရာသီမှာ ဇီးသီး၊ ဖရဲသီး၊ သဘောင်္သီး၊ လိမ္မော်သီးတို့ကတော့ စားလို့ အကောင်းဆုံးပါ. . . ဒီထဲမှာ ရေငတ်ပြေပြီး ဆေးဖက်လည်းဝင်တဲ့ ဖရဲသီး အကြောင်းကို ဖော်ပြလိုပါတယ်. .

ဖရဲသီးမှည့်သည် အလွန်ချို၍ အရသာရှိပါသည်. . .ပူပြင်းသော နွေရာသီတွင် ဖရဲသီးမှည့်မှည့်ချိုချိုလေးကို စားလိုက်ရပါက ရင်ထဲတွင် အေးမြပြီး လန်းဆန်းသွားပါသည်. . .

ဖရဲတွင် အချိုနှင့်အခါး ဟူ၍ နှစ်မျိုး ရှိပါသည်. နှစ်မျိုးလုံး ဆေးဖက်ဝင်သည်. . . မြန်မာ့ ဆေးကျမ်းများ၌ ဖရဲချိုသည် ချို၏ အေး၏ အားဖြစ်စေတတ်၏၊ မျက်စိကို ကြည်လင်စေ၏ ဖရဲသည် ပဉ္စငါးပါးလုံး ဆေးဖက်ဝင်၏။

- ဆီးပူ ၊ ဆီးအောင့်၊ ဆီးချုပ်သူများ၊ ဖရဲသီးမှည့်ကို သကြားနှင့် ခေါက်စားနိုင်၏။ အသားဝါရောဂါ ဖြစ်သူများလည်း ထိုနည်းတူ စားနိုင်သည်။

- ရေငတ်၍ အာခြောက်နေသူများ ဖရဲသီးမှည့်ကို စားက ရေငတ်ပြေ၊ အာခြောက်ပြေစေနိုင်သည်။

- ကွမ်းအမြဲစားသူများ သည် ဖရဲသီးအမှည့်ကို မကြာခဏစား က ကျောက်တည်ခြင်းကို ကာကွယ်နိုင်သည်။

- ဆီးချုပ်သူများ အား ဖရဲခါးသီးကို သနတ္တော်စေးနှင့် သင့်ရုံစပ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။

- သွားနာ၊ သွားကိုက် ခံစားနေရသူများ ဖရဲခါးသီးကို အခြောက်လှန်း၍ အခိုးပြု မှိုင်းခံပေးက သက်သာ ပျောက်ကင်းနိုင်ပါသည်။

- ခန္ဓာကိုယ်ယားယံနေသူများ ဖရဲချိုစေ့ကို ဆားနှင့်သွေး၍ ဖြစ်စေ၊ ဖရဲစေံ သုံးစ၊ ဆားတစ်စကို အမှုန့်ကြိတ် အတောင့်လုပ်ပြီး ရေနှင့် သွေး၍ ဖြစ်စေလိမ်းနိုင်ပါသည်။

- အနာပဆုပ်ပေါက်လျှင် ဖရဲစေ့နှင့် ထမင်းကို စေးထန်းအောင်ထောင်း၍ အနာ၌ အုံပေးက သက်သာပျောက်ကင်းနိုင်ပါသည်။

ထို့အပြင် ဖရဲသီးအခွံသည် အပူကိုလည်း ကျစေနိုင်သည် . . . ဖရဲသီးသည် အပူဓာတ် လွန်ကဲခြင်း ၊ အပူကန်ခြင်း၊ ရင်ပူခြင်းတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ သွေးတိုးကိုလည်း ကျစေနိုင်ပါသည်။

ဖရဲစေ့သည် ခွန်အားကို ဖြစ်၏ ၊နှုတ်ကို မြိန်စေ၏ ၊ ဓာတ်တို့ကိုပွားစေ၏. . . မျက်စေ့မှုန်ခြင်း၊ ရေငတ်ခြင်း ဆီးပူ၊ဆီးအောင့်ခြင်းတို့ကို သက်သာစေပါသည်။

ဖရဲသည် အသီးကို သရေစာအဖြစ် စားသုံးပါက ဆေးဖက်ဝင်သည့်အပြင် ဖရဲတစ်ပင်လုံးကလည်း ဆေးဖက်၌ အသုံးဝင်လှပါသည်။

စေတနာလှိုင်(ရေစကြို)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကျေးဇူးတရားမေ့မထားနဲ့


ဟိုးရှေးအခါတုန်းက ဗာရာဏသီပြည်မှာ ဒဠဓမ္မ မင်းစိုးစံနေတယ်. . . ထိုမင်းမှာ သြဠဗျာဒိ ဆိုတဲ့ ဆင်မတစ်ကောင်ရှိတယ်. . . အဲဒီဆင်မက ယူဇနာ တစ်ရာခရီးကို နေ့ချင်းပေါက်ရောက်အောင် သွားနိုင်တယ် . . ခြေမြန်တမန်တော် အမှုကို ကောင်းမွန်စွာ ပြုလုပ်ပေးနိုင်ပါတယ်. . . ရန်သူတို့ကိုလည်း အောင်မြင်အောင် နှိမ်နင်း စစ်ထိုးနိုင်တယ်. . . ဒီတော့ မင်းကြီးဟာ ဆင်မကို အခြွေအရံတွေများစွာ ပေးထားပြီး ကောင်းစွာ ချီးမြှောက်ထားတယ်. . .

ဆင်မကြီး အိုမင်းလာတဲ့အခါမှာ ဘုရင့်အမှုတော်ကို ငယ်စဉ်တုန်းကလို တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လတ်လတ် မထမ်းဆောင်နိုင်တော့ဘူး. . . ဆင်မကြီးကို အသုံးမချတော့ဘူး . . ပေးထားတဲ့ အခြွေအရံတွေကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်တယ်. . . . . ဆင်မကြီးဟာ တောအရပ်မှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေကိုသာ ရှာဖွေစားသောက် အသက်မွေးနေရရှာတယ်. . .

တစ်နေ့ မင်းကြီးဟာ အိုးထိန်းသည် တစ်ယောက်ကို ခေါ်ယူလိုက်တယ်. . "ငါ့ရဲ့ နန်းတော်ထဲမှာ အိုးတွေ မလုံမလောက် ဖြစ်နေတယ်. . . အိုးတွေ အမြန်လုပ်ပြီးယူလာခဲ့လော့. . . . " ဟု အမိန့်ပေးလိုက်တယ်. . . .အိုးထိန်းသည်က "အရှင်မင်းကြီး အိုးဖုတ်ဖို့အတွက် လောင်စာ နွားချေးတိုက်လိုပါတယ်. . . နွားချေးတိုက်ယူရန် လှည်းဆွဲမဲ့နွား မရှိပါဘူး. . . " လို့လျှောက်တင်လိုက်ပါတယ်. . .

"သြဠဗျာဒိ ဆင်မအိုကြီးရှိတယ်မလား သူ့ကို ယူပြီးတိုက်လေ . . "ဟု မင်းကြီးက မိန့်လိုက်ပါတယ်. .

တစ်ချိန်က လျှမ်းလျှမ်းတောက် ချီးမြှောက် ခြင်းခံခဲ့ရတဲ့ ဆင်မကြီးဟာ ခုတော့ နွားချေးလှည်း ဆွဲနေရပါတယ်. . ဆင်မကြီးဟာ တွေးကြည့်ရင်း ၀မ်းနည်းလာပါတယ်. . .တစ်နေ့တော့ ပညာရှိ အမတ်ကြီးနဲ့ ဆုံဆည်းမိတဲ့အခါ ငိုကြွေးပြီး ရှိခိုး ဦးတင်လျှောက်ထားလိုက်ပါတယ်. .

"အမတ်ကြီး ကျွန်ုပ် နုပျိုသန်စွမ်းစဉ်က စည်းစိမ်တွေ အခြံအရံတွေ ပေးထားပါတယ်. . အိုမင်းလာတဲ့ အခါမှာ စည်းစိမ်၊ အခြံအရံတွေ ပြန်လည် ရုပ်သိမ်းသွားပါတယ်. . . ကျွနုပ်ကိုလည်း အမှတ်မရကြတော့ပါ. . . ကျွန်ုပ်ဟာ တောထဲမှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ပြီး မြက်သစ်ရွက်တွေစား အသက်မွေးနေရပါတယ်. . . ဒီထက်ပိုဆိုးတာက ကျွန်ုပ်ရဲ့ ဂုဏ်သိက္ခာကိုမှ မထောက် ယခုအခါ နွားချေးလှည်း ဆွဲခိုင်းထားပါတယ်. . . ကျွန်ုပ်ကို သနားကြင်နာရင် အရင်ကလို စည်းစိမ်နဲ့ အခြံအရံတွေ ပြန်ရအောင် မင်းကြီးကို လျှောက်တင်ပေးပါ . . ." ဟု ပြောလေသည်. .

နောက်တစ်နေ့ ညီလာခံတွင် "အရှင်မင်းကြီး လူတွေဟာ မိမိအတွက် အကျိုးပြုနိုင်သူကို ၊ အသုံးချလို့ရတဲ့ အချိန်မှာ အသုံးချပြီး ၊ အသုံးမ၀င်တော့တဲ့အခါမှာ သြဠဗျာဒိဆင်မလို လျစ်လျူရှုစွန့်ပစ်ထားလိုက်ကြတယ်. . . ရှေးက မိမိအပေါ် အကျိုးစီးပွား ဆောင်ရွက်ခဲ့သူအား တုန့်ပြန်ကြည့်ရှု စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်. . . ကျေးဇူး မသိတတ်ကြသူတွေ ကြံစည်လုပ်ဆောင်သမျှ ပျက်စိးတတ်ကြပါတယ်. . ကျေးဇူးဆပ်ရမှာကို သိတဲ့သူတွေက ကသာ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းကြပါတယ်. . . ယခုမင်းပရိသတ် အပေါင်းဟာလည်း သူတစ်ထူးရဲ့ ကျေးဇူးကို သိတတ်ပြီး ကျေးဖူးဆပ်ကြမယ်ဆိုရင် နတ်ပြည်ကို ရောက်က နတ်စည်းစိမ်ကို ကြာရှည်စွာ ခံစားနေနိုင်ကြပါလိမ့်မယ်. . ." လို့ အမတ်ကြီးက လျှောက်တင်လိုက်ပါတယ်. . .

မင်းကြီးဟာ ပြန်လည်သတိရလာတယ် . . . သြဠဗျာဒိ ဆင်မအိုကြီးအား ယခင်းအတိုင်း ပေးမြဲအခြံအရံနဲ့ စည်းစိမ်တွေကို ထပ်မံပေးလိုက်ပါတယ်. . မင်းကြီးနဲ့တကွ အမတ်အားလုံးဟာ အမတ်ကြီးရဲ့ ဆုံးမစကားနဲ့ အညီ နေထိုင်သွားကြတာမို့ ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ ရောက်ခဲ့ကြရပါတယ်. . .

(ဒဠဓမ္မဇာတ်)

"ကျေးဇူးတရားအပေါ် ထောက်ထားညှာတာခြင်းဟာ
လူသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်.
"

အားလုံးကိုချစ်ခင်လေးစားလျှက်...





အလိမ္မာကြယ်စွာ စကားပြောတတ်အောင် သင်ပါ.



ဘုရင်တစ်ပါးသည် အိပ်မက်တစ်ခုကို မက်ပြီးနောက် ထိုအိပ်မက်ကို အဓိပ္ပါယ်ဖော်ဆောင်ရန် သူ၏ ပညာရှိအမတ်ကြီးတစ်ပါးကို ဆင့်ခေါ်လိုက်ပါသည်. . အမတ်ကြီးက အောက်ပါအတိုင်း အဓိပ္ပါယ်ဖော်လိုက်ပါသည်. .

"အရှင်မင်းကြီး ကံဆိုးစွာပင် အရှင်မင်းကြီးရဲ့ မွေးချင်းသားချင်း အားလုံးအရှင်မင်းကြီးရဲ့ အရင်ကွယ်လွန်ကုန်ပြီး အရှင်မင်းကြီး၏ မိသားစုတွင် အရှင်မင်းကြီးတစ်ပါးတည်းသာလျှင် နောက်ဆုံး ကြွင်းကျန်မည်ဟု အဓိပ္ပါယ်ရပါသည်. . အရှင် . . . "

ဘုရင်ကြီးသည် ထိုကဲ့သို့သော ဟောကိန်းကို အလွန်ဒေါသဖြစ်သွားပြီး ထိုသို့ ဟောလိုက်သူကို ကွပ်မျက်လိုက်ပါသည်. . . . နောက်များမကြာမီတွင် သူသည် ထိုအိပ်မက်ကိုပင် ထပ်မံမက်၍ အခြားမင်းတိုင် ပင်အမတ်တစ်ဦးကို အဓိပ္ပါပယ် ဖော်ခိုင်းလိုက်ပြန်သည်. . ..

" အရှင်မင်းကြီးသည် အလွန်ကံကောင်းသူ ဖြစ်ပါသည် ဟူသော နိမိတ်ကို ဤအိပ်မက်ကဆောင်ပါသည် အရှင်မင်းကြီးသည် အရှင်မင်းကြီး၏ ဆွေမျိုးသားချင်း အားလုံးထက် ကုသိုလ်ကံကောင်းအသက်ရှည်ပါမည် ဟု လျှောက်တင်လိုက်ပါသည်. . . " ဘုရင်မင်းကြီးသည် အလွန်ပင်ကျေနပ်သွားပြီး ထိုသူကို သူ၏၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါသည်. .

အချိန်အခါများစွာပင် ကျွန်တော်တို့ပြောသည့် အရာထက် ကျွန်တော်တို့ ပြောသည့်ပုံက အရေးပါလှပါသည်. . . အခြေအနေ မည်သို့ပင် ဖြစ်နေပါစေ. . ယဉ်ကျေးသိမ်မွေ့ခြင်းကြောင့် ဆုံးရှုံးရသည်ဟူ၍ မရှိပါချေ. . .

"လူတစ်ယောက်သည် လူတစ်ယောက်ကို ထိုးနှက်ခွင့်မရှိသလို ရိုင်းစိုင်းစွာ ပြောဆိုခွင့်လည်း မရှိပါ. . . . "

မောင်ဝေဟင် (ခွန်အားပေးသောအတွေးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

အထင်လွဲတော့ အကျိုးနည်း

ရှေးအခါက . . ဟိမ၀န္တာ တောရဲ့ အနီးမှာ ကြို့ပင်ကြီးတစ်ပင်ရှိသတဲ့. . . . ၀က်ဝံတစ်ကောင်ဟာ အစာရှာဖွေ စားသောက်ပြီးတဲ့နောက် ၊ ဗိုက်လေးလာတဲ့ အခါမှာ ကြို့ပင်ကြီးအောက် လာရောက်အိပ်နေလေ့ရှိပါတယ်. . . တစ်နေ့. . . . ကြို့ပင်ကြီးအောက်မှာ ၀က်ဝံကြီး အိပ်ပျော်နေတုန်း ခပ်ကြမ်းကြမ်း လေတစ်ချက်ဝှေ့ လိုက်တာ ကြောင့် ကြို့ပင်ကြီးရဲ့ အကိုင်းတစ်ကိုင်း ကျိုးပြီး သစ်ကိုင်းကျိုးဟာ ၀က်ဝံကြီးရဲ့ ကျောကုန်းပေါ်ကျသွားပါတယ်. . . . အိပ်ပျော်နေတဲ့ ၀က်ဝံကြီးလည်း လန့်နိုးသွားတာပေါ့. . . ဒေါသလည်း ထွက် စိတ်တိုသွားတယ်. . . . ပတ်ဝန်းကျင်ကိုကြည့်တော့လည်း ဘယ်သူ့ကိုမှလည်း မတွေ့မမြင်ရဘူးတဲ့. . . .

"ဧကန္တတော့ ကြို့ပင်စောင့် ရုက္ခစိုး ငါ့အပေါ်သစ်ကိုင်း ချိုးချတာဖြစ်မယ်. . . သိကြသေးတာပေါ့ကွာ မင်းဗိမာန်ကို အမြစ်က လှန်ပစ်မယ်. . . . ၀ံကြံရင် ဘာခံနိုင်မှာ တုန်း ဟု . . . "ပြောပြီး ထွက်လာခဲ့ပါတယ်. . . .

ကာလအတန်ကြာတဲ့ အခါမှာ ကြို့ပင်အောက်မှာ ၀က်ဝံကြီး ရပ်နားနေတုန်း ဓားမ၊ ပဲခွပ်၊ ပုဆိန်တွေ ကိုင်ထားတဲံ သစ်ခုတ်သမား ပုဏား လက်သမား သုံးရောက် ကြို့ပင်နား ရောက်လာပါတယ်. . . . လက်သမားတွေကို တွေ့တဲ့အခါမှာ ၀က်ဝံဟာ ၀မ်းသာအားရဖြစ်သွားပါတယ်. . . .

"မိတ်ဆွေတို့ ဘယ်သစ်ကို ခုတ်ကြမှာတုန်း ဟု ၀က်ဝံကလှမ်းမေးကြည့်တယ်. . . ."

"မိတ်ဆွေဝက်ဝံ သင်က တောထဲမှာ နေတော့ ကျုပ်တို့ထက် သစ်အကြောင်းနားလည်မှာပေါ့. . ရထားလုပ်ဖို့ ဘယ်သစ်က ခိုင်ခံပါသလဲ . . . "ဟု ပုဏားတွေက ပြန်မေးတယ်. . .

"အဆွေလက်သမား ပိတောက်၊ ထောက်ကြံ့၊အင်ကြင်း၊ ရှားပင်တို့ဆိုတာ မခိုင်ခန့်ဘူး . . . လူတွေက မသိလိုကနာမည်ကြီးနေတာ. . . သူတို့ထက်ပိုမိုခိုင်ခန့်တဲ့ ရထားလုပ်ဖို့ ကောင်းတဲ့ ကြို့ပင်ဆိုတာ ရှိတယ်. . ."

"မိတ်ဆွေပြောတဲ့ ကြို့ပင်ဆိုတာကို ကျုပ်တို့ဖြင့် ကြားဖူးပေါင်ဗျာ မြင်ရင် သိရင် ဘယ်လိုပုံစံဆိုတာ ပြောပြပေးပါအုံး . . . . "ဟု လက်သမားများက ၀က်ဝံကြီးကို ပြန်မေးပါတယ်. .

"ခု ကျုပ်ရပ်နေတဲ့ နေရာ က အပင်ဟာ ကြို့ပင်ပေါ့. . . . ရထားဘီးအတွက် အကန့်၊ ပုံတောင် ၊ ၀က်စွပ်၊ အကျပ် အကုန်လုပ်နိုင်တာပေါ့. . . . "လို့ပြောပြီး ၀က်ဝံဟာ ထွက်သွားပါတယ်. . . .

လက်သမားတွေဟာ ကြို့ပင်ကို ခုတ်ဖို့ ပြင်ဆင်လိုက်ကြတယ်. . . . ၀က်ဝံနဲ့ လက်သမားတွေပြောဆိုနေတာကို ကြားသိလိုက်ရတဲ့ ကြို့ပင်စောင့်ရုက္ခစိုး နတ်ဟာ "၀က်ဝံဟာ ဘာမဟုတ်တာလေးနဲ့ ငါ့ကို ရန်ငြိုးဖွဲ့ပြီး ငါ့ရဲ့ ဗိမာန်ကို လက်သမားတွေက ဖျက်ဆီးပစ်ကြသလို ဒင်းအသက်ကိုလဲ လက်သမားတွေကပဲ ပျက်စီးအောင် လုပ်စေရမယ် . . . " ဟု ကြုံးဝါးလိုက်သည်. . .

အဲဒီနောက် ကြို့ပင်စောင့်နတ်ဟာ ခရီးသွား ပုဏား တစ်ယောက် အယောင်ဆောင်ပြီး လက်သမားတွေ အနား ချည်းကပ်ပြီး . . . . "မိတ်ဆွေ လက်သမားတို့ ဒီသစ်ပင် က အသားကောင်းလှချည်လား ဘာများလုပ်ဖို့တုန်း. . . " လို့ မေးကြည့်လိုက်တယ်. . .

"ရထားလုပ်ဖို့ ဖြတ်တောက်နေကြပါတယ်. . . ." ဟု လက်သမားတွေက ပြန်ဖြေကြတယ်. . . .

"မင်းတို့ ရထားလုပ်တဲ့ အခါ ၀ံသားရေကို သံပတ်လိုပတ်ပြီးလုပ်ရင် ပိုပြီး ခိုင်ခံ့လာမယ် . . . ပိုပြီးလည်း ဈေးကောင်းရမယ်. . . "

လက်သမားများက "ဒီလိုဆို ၀ံသားရေ ဘယ်ကရမှာတုန်း . . ."

"မင်းတို့ တော်တော်နသေးတာပဲ ခုနက မင်းတို့ကို ပြောသွားတဲ့ ၀က်ဝံဆီလိုက်သွားပေါ. . . . . . ၀က်ဝံကြီးကို အသင်ပြောသွားတဲ့ သစ်ပင်ကို ဘယ်လိုခုတ်ရမှာလဲလို့ မေးပြီး ပြခိုင်းလိုက်. . . . အဲဒီအခါကျမှ ဓားထက်ထက်နဲ့ ၀က်ဝံကြီး သေသွားအောင် ခေါင်းကို ခုတ်ပိုင်းလိုက်ပေါ့ . . . . အရေခွံခွာ အသားကိုချက်စားပါ. . . ပြီးမှ ကြို့ပင်ကို ခုတ်ပါလို့ . . . . " ရုက္ခစိုးက ပြောလိုက်ပါတယ်. . .

ခရီးသွား ပုဏားရဲ့ အကြံပေးချက်ကို လက်သမားတွေ နှစ်သက်သဘောကျသွားတယ်. . ဒီကနေ့ သိပ်ကံကောင်းတဲ့ နေ့ပါလား အကြံကောင်းညဏ်ကောင်းတွေရတယ် ဆိုပြီး ရုက္ခစိုး အကြံပေးတဲ့အတိုင်း ၀က်ဝံကြီး နောက် လိုက်သွားပြီး မာယာနဲ့ အကူအညီတောင်းတယ်. . . ကြို့ပင်အောင် ရောက်လာတဲ့ ၀က်ဝံကြီးကို သေအောင် သတ်ပစ်နိုင်ခဲ့တယ် . . . နောက်ကြို့ပင်ကြီးကိုလည်း ခုတ်ထစ်ပိုင်းဖြတ်ယူဆောင် သွားကြပါတယ်. . .

ဝက်ဝံကြီးဟာ သည်းခံသင့်တဲ့ အမှုကလေးကို သည်းမခံနိုင်ဘဲ အထင်လွဲပြီး စိတ်ယုတ်မာ မွေးကာ ရန်ငြိုးဖွဲ့ခဲ့တာကြောင့် အကျိုးအမြတ်မရှိဘဲ နှစ်ဦးစလုံး ဆုံးရှုံးနစ်နာခဲ့ရပါတယ်. . . .

ဒီဥပမာလေးကို ကြည့်ခြင်းအားဖြင့် စိတ်ယုတ်မာမွေးက ဆိုးကျိုးတွေကို ဖြစ်ပေါ်လာတာကို သင်ခန်းစာယူရမှာ ဖြစ်ပါတယ်. . .

(ဖန္ဒနဇာတ်)

အားလုံးကိုချစ်ခင်လေးစားလျှက်...





ကတိ


"မင်းမှာကတိ ၊ လူတွင် သစ္စာ" ဟုသော စကားအတိုင်း အလုပ်လုပ်တဲ့လုပ်ငန်းခွင် မှာပဲ ဖြစ်ဖြစ် လူမှု ဆက်ဆံရေး နယ်ပယ် မှာပဲ ဖြစ် ဖြစ် ကတိ တည်ဖို့ က အလွန်အရေးးကြီးပါသည်. . . . မည်သည့် အလုပ်ကိစ္စဖြင့် ချိန်းချိန်း၊ ချိန်းထားပြီးရင် မပျက်အောင် သတိထားရပါ့မယ်. . . . လာခဲ့မယ် ဟု ပြောထားပြီး အကြောင်းကြောင်းကြောင့် မသွားနိုင်လျှင် အချိန်မှီအကြောင်းသင့်ပါသည်. . . .

မိမိကြောင့် တဖက်လူက သူ့ အချိန်၊ အလုပ်များကို ဖျက်ပြီး စောင့်စားနေရခြင်း ဖြစ်လျှင် ပို၍ ကတိတည်သင့်ပါသည်. . . အချိန်အပြင် ၊ အစားအစာများ ၊ ပြင်ဆင်ထားပါက အချိန်ရော ငွေပါကုန်စေသည် ပြင်ဆင်မှုများ ရှိကောင်း ရှိနိုင်ပါသည်. . .

ကိုယ်က အကူအညီပေးရမည့် ကိစ္စဖြစ်နေစေကာမူ အကူအညီယူမည့် လူ က စောင့်ရမှာပဲ ဆိုသည့် တင်စီးသည့် အတွေးများကို မတွေးသင့်ပါ. . . . . . . . အပြန်အလှန် လေးစားမှု ပြုသည့် အနေဖြင့် မိမိ ချိန်းဆိုထား သည့် ကိစ္စ ဖြစ်စေ၊ အကူအညီပေးမည် ဟု ကတိခံထားသော ကိစ္စများ တွင် အထူး သတိထား ၍ ကတိတည်သင့်ပါသည်. . .

မည်သည့် လုပ်ငန်းကိစ္စများတွင် မဆို ကတိစကား ကို တည်ကြည်စွာ ပြောဆိုဆက်ဆံလျှင် မိမိရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စများ အပေါ်တွင် တဖက်လူမှ ယုံကြည်စွာဖြင့် မိမိပေါ်တွင် လေးစားစွာလက်တွဲ လုပ်ကိုင်နိုင်၍ အောင်မြင်မှုသရဖူ ဆောင်းနိုင်ပါလိမ့်မည်. . . .

ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...


အပ္ပမာဒ တရားတော်



ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်မှာ (၂၇) ကြိမ်မြောက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယဓမ္မ စာဖြေစာပြန်ပွဲတော်ကြီးရဲ့ နောက်ဆုံးညမှာ သီတဂူဆရာတော် ကြီး က " အပ္ပမာဒ " တရား ခေါင်းစဉ်ဖြင့် ဟောကြားတော်မူခဲ့ပါတယ်. . . .

ကိုယ့်မြို့မှာ ကျင်းပတဲ့ တရားပွဲများကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြချင်ပေမယ့် ပန်းကဗျာရော မေ16 ရော ရုံးဆင်းမှ တရားပွဲကို အမှီသွားရတာရယ်.. . . . ၊ ရတဲ့နေရာကနေ တရားနာခဲ့ရတဲ့အတွက် ဓာတ်ပုံတွေရိုက်လို့ မရခဲ့ပါဘူး . . . တရားပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ၁၃.၁.၂၀၁၀ ရက်နေ့ က သီတဂူဆရာတော်ကြီး ရဲ့ တရားနာ ပရိသတ်ကလည်း မနည်းပါဘူး . . . ကွင်းထဲမှာ လူတွေ ထိုင်စရာနေရာမရှိအောင်ကို တရားနာ ပရိသတ်က များပြားလှပါတယ်. . . .

ဆရာတော်ဟောကြားတော်မူသော အပ္ပမာဒ တရားတော်ကို ဓမ္မမိတ်ဆွေများအား ဓမ္မလက်ဆောင် အဖြစ် ဖြန့်ဝေပေးလိုက်ပါတယ် . . .

တရားနာလိုသူများ အတွက် အပ္ပမာဒ တရားတော်ကို "အပ္ပမာဒ(၁)" နှင့် "အပ္ပမာဒ (၂)" စသည်တို့ဖြင့် တရားတော်များ နာယူမှတ်သားနိုင်ပါတယ်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...





နွေကြိုတေးလော ရှိုက်သံလော



"နွေကြိုတေးလော ရှိုက်သံလော"

တသြသြနှင့်၊ မမောမပန်း၊
သူမြည်တန်းသည်
နွေဆန်းသည်ကို ကြိုသလော။

ဆင့်ကာ ဆင့်ကာ ၊ တစာစာနှင့်
ကျူးရင့်မသာ ၊ ရင်ကွဲနာနှင့်
ခမျာဥသြ ၊မြည်ကာမောသည်
ကြင်သော မာတာ၊ မမြင်ရှာ၍
ရင်ဟာဖိုလှိုက်၊ သူငိုရှိုက်သည့်
ခိုက်ခိုက်နှလုံးခုန်သံလော။

ကျော်စောဟန်
အားလုံးကိုချစ်ခင်လေးစားလျှက်...





ပျိုမေတို့၏ အသားအရေနှင့် နေရောင်ခြည် အန္တရာယ်


ခုဆိုရင် ရာသီဥတု က နေ့ခင်းဘက် အပြင်ကို ထွက်တဲ့အခါမှာ နေရောင် အရမ်းပြင်းပါတယ်. .. . အလွန်ပြင်းပြတဲ့ နေရောင်အောက်ကို ထွက်မယ် ကြံတိုင်း . . . မိမိတို့ရဲ့ အသားအရေကို နေရောင်ခံခြင်းကြောင့် ရလာနိုင်တဲ့ အရေပြား ကင်ဆာ ဖြစ်ပွားမှုကို ထိန်းသိမ်းသင့်ပါတယ်. . . .

ပူပြင်းတဲ့နေရောင် ဒဏ်မှ ကာကွယ်ဖို့အတွက် ကျယ်ဝန်းဝိုင်းစက်သော ဦးထုပ် နားပန်းပါသော ဦးထုပ်မျိုးကို ဆောင်းဖို့ရယ်၊ အရေပြေားကို နေရောင်ကာကွယ်သော လိမ်းဆေးများ လိမ်းပေးဖို့ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ လုပ်သင့်ပါတယ်. . . .

အထူးသဖြင့် အရေပြား ကင်ဆာသည် အမျိုးသားများထက် အမျိုးသမီးများ ( အဖြူရောင် အသားအရေ) ရှိသော သူများတွင် ပိုမိုအဖြစ်များသည်ကို တွေ့ရပါသည်. . . . အမျိုးသမီးများသည် သားအိမ်ကင်ဆာနှင့် ရင်သားကင်ဆာ ပြီးလျှင် အဖြစ်အများဆုံးများ အရေပြားကင်ဆာဖြစ်ပါသည်. . .

အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးများသည် ပြင်းထန်သော နေရောင်ခြည်ရဲ့ ဒဏ်ကို ခံနိုင်ရည် မရှိပါဘူး . . . ငယ်ရွယ်စဉ်တွင် ဆိုးဆိုး ရွားရွား နေလောင်ဒဏ် ခံထားရသော ကလေးတစ်ယောက်သည် ကြီးပြင်းလာသော အခါ သာမန်လူထက် နှစ်ဆပိုပြီး အရေပြားကင်ဆာကို ရရှိနိုင်ပါသည်. ...

ပြင်းထန်သော နေလောင်ဒဏ်ကြောင့် အရေပြားအတွင်း က ဆဲလ်များ ပျက်ဆီးသွားရာ က စပြီး အရေပြား ရှုံ့တွလာ၍ နုပျိုမှုများ ဆုံးရှုံးသွားသလို . . . ဆဲတွေပျက် စီးသွားတာက စ၍ အရေပြားကင်ဆာ စတင် ဖြစ်ပွားတတ်ပါသည်. . . . .

တစ်ဦးနှင့် တစ်ဦး နေရောင် ခြည်ရဲ့ ဒဏ်ကို ခံနိုင်မှု ကွဲပြားမှုရှိပါသည်. . .. နေပူစာ လှုံတာ လွန်ကဲခြင်း၊ မှဲ့ နှင့် မှဲ့ခြောက်များ အလွန်အကျွံရှိခြင်းများ ၊ မိသားစုထဲတွင် အရေပြားကင်ဆာ ဖြစ်ဖူးသူများ ရှိသူများ သည် အရေပြား ကင်ဆာဖြစ်ပွားရန် အကြောင်းရင်းများထဲတွင် သတိထားရမည့် အချက်များဖြစ်သည်. . .

အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်နည်းများမှာ. . . .

  • နေပူထဲသွားလျှင်နေရောင်ခြည် ကာကွယ်လိမ်းဆေးများ သုံးခြင်း
  • နေရောင် ကာ ဦးထုပ်များ ဆောင်းခြင်း
  • မျက်စိများကို ပြင်းထန်သော နေရောင်မှ ကာကွယ်ရန် နေကောမျက်မှန်တပ်ခြင်း
  • ဆုံးရှုံးသွားသော အရေပြား၏ စိုထိုင်းမှု များ ပြန်ရအောင် moisturiser များကို သုံးခြင်း

တို့ဖြင့် အရေပြားကင်ဆာ ဖြစ်ပွားမှု မှ ကာကွယ်နိုင်ပါသည်. . . .

ဒေါက်တာဇော်သန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဓမ္မလက်ဆောင်


ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတ္တိ စာသင်တိုက်မှာ (၂၇) ကြိမ်မြောက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယဓမ္မ စာဖြေစာပြန်ပွဲတော်ကြီးကို ၅.၁.၂၀၁၀ ရက်နေ့ ကစပြီး ၁၃.၁.၂၀၁၀ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပါခဲ့ပါတယ်. . . . တရားပွဲတွင် ဆရာတော်များက ၉ ရက်တိုင်တိုင် တရားတော်များ ဟောကြားတော်မူခဲ့ပါတယ်. .

တရားပွဲရဲ့ ဒုတိယည၊ တတိယညနဲ့ စတုတ္ထည (၃) ညတိတိ ဆရာတော် ဦးသုမင်္ဂလ က သစ္စာလေးပါး တရားတော်များကို ဟောကြားခဲ့ပါတယ်. . .

ပန်းကဗျာနဲ့ မေ16 တို့လည်း ဆရာတော်ရဲ့ တရားပွဲ (၃) ညလုံး သွားနာခဲ့ပါတယ်. . .

ပထမနေ့မှာဆရာတော် က "အသျှင်စူဠပန်"ခေါင်းစဉ်နဲ့ ဟောကြားတော်မူပါတယ်. . .

ဒုတိယနေ့မှာတော့ "အသျှင်ပိလိန္ဒ၀စ္ဆ" အကြောင်း ဖြင့် သစ္စာတရားများကို ဟောကြားတော်မူပါတယ်.

တတိယည တွင် ဆရာတော် မှ "အသျှင်ရာဟုလာ" တရား ဖြင့် တရားများဖြင့် သွန်သင် ဆုံးမ ဟောကြားတော် မူခဲ့ပါတယ်..

ဘလော့ပေါ်မှ ဓမ္မမိတ်ဆွေများ အတွက် ဓမ္မလက်ဆောင် အဖြစ် ဆရာတော်ရဲ့ (၃) ည ဟောကြားခဲ့တဲ့ တရားတော်များကို ဝေမျှပေးချင်တဲ့အတွက် အခွေများကို ၀ယ်ယူခဲ့ပါတယ်. . . ဒါပေမယ့် ပထမနေ့ က အခွေက System Error ကြောင့် အခွေမထွက်ခဲ့ပါဘူး . . . . ဒါ့ကြောင့် ဒုတိယနေ့ တရား "အသျှင်ပိလိန္ဒ၀စ္ဆ"နှင့် တတိယနေ့တရားတာ် "အသျှင်ရာဟုလာ" တရားတော်များ ကို ဓမ္မမိတ်ဆွေများ နာကြားရန်အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ် . . .


အားလုံးကိုချစ်ခင်လေးစားလျှက်...





English Idioms



1.Apple-pie order = သယ်ယပ်စွာ ၊ နေသားတကျ။
The housewife keeps the kitchen in apple-pie order.
အိမ်ရှင်မသည် မီးဖိုချောင်ကို သပ်ရပ်စွာ ထားသိုသည်။

2.Bring to mind = သတိရစေသည်
That Story brings to mind a similar experience.
ထိုဖြစ်ရပ်က အလားတူ အတွေ့အကြုံကို စိတ်ထဲတွင် ပြန်သတိရစေသည်။

3. Call a spade a spade = ဘွင်းဘွင်းပြောသည်။ အရှိကို အရှိအတိုင်းဖော်ပြသည်။
Call a spade a spade if you want to be honest.
ရိုးဖြောင့်မှုလိုပါလျှင် အရှိကို အရှိအတိုင်းပြောဆိုပါ။

4.Die away = အသံပျောက်သွားသည်
The noise died away.
ဆူညံသံများ ပျောက်သွားသည်။

5. Earn one's salt= ထိုက်တန်သော လခရသည်
I earned my salt regularly.
ကျွန်တော် ထိုက်တန်သော လစာကို ပုံမှန်ရနေသည်။

6.Fool around = အချိန်ဖြုန်းသည်
Don't fool around . You have to finish it up in one hour.
အချိန်ဖြုန်းမနေပါနှင့်. သင်အလုပ်ကို တစ်နာရီနှင့် အပြီးလုပ်ရဦးမည်။

7. Lead on = ကျီစယ်သည်.
Don't take it seriously; he is just leading you on.
အလေးအနက်သဘောမထားပါနှင့်၊ သူက ခင်ဗျားကို ကျီစားတာပါ.

8. On the fritz = ဖရိုဖရဲဖြစ်သည်
The book are on the fritz after the student are gone.
ကျောင်းသားတွေပြန်ပြီးနောက် စာအုပ်များ ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည်.

9. Next of kin = အနီးစပ်ဆုံး ဆွေမျိုး
He died without leaving any next of kin.
သူသည် အနီးစပ်ဆုံးဆွေမျိုးမကျန်ခဲ့ဘဲ သေဆုံးသွားသည်.

10. Queer fish = စိတ်မနှံ့သူ
Your brother is a queer fish.
မင်းအကို က စိတ်မမှန်တဲ့လူပဲ.

11. In a jiffy = တစ်ပြိုင်တည်း
The cried our in a jiffy.
သူတို့ တစ်ပြိုင်တည်း ဟစ်အော်သည်။

12. Needful =ငွေ
He wants to go to the cinema but he has not the needful.
သူ ရုပ်ရှင်သို့သွားချင်သည်. သို့သော် သူ့မှာ ငွေမရှိပါ.

13. Mean well= အကောင်းပြောခြင်းဖြစ်သည်.
Don't be angry: he means well.
စိတ်မဆိုးပါနှင့် သူ က အကောင်းပြောတာပါ.

14. Well off = ချမ်းသာသည်. တောင့်တသည် အပူအပင်မရှိနေသည်. .
The owner of this store is well off.
ဤကုန်တိုက်ပိုင်ရှင်မှာ ငွေကြေးတောင့်တင်းသည်။

15. Stay up = မအိပ်ပဲ နေသည်
The children want to stay up late.
ကလေးများသည် ညဥ့်နက်သည့်တိုင် မအိပ်ဘဲ နေချင်ကြသည်.

အားလုံးကိုချစ်ခင်လေးစားလျှက်...





နာရီကြည့်ပုံ. . .



ခရီးသည် တစ်ယောက်သည် ကျေးလက်ကို ဖြတ်သွားရင်း လယ်သမား တစ်ဦးအား ရပ်တန့်ပြီး အချိန်မေးလိုက်၏ . . . . .

လယ်သမား က "ခဏလေးဗျာ . . " ဟု ပြောလိုက်ပြီး စားကျက်ထဲ က နွားမတစ်ကောင်၏ နံဘေးတွင် ၀ပ်ကာ နွားမ၏ နို့အုံကို အသာမ လိုက်သည်. ..

"တစ်နာရီထိုးဖို့ ဆယ်မိနစ် . . "ဟု လယ်သမား က ပြောလိုက်သည်. .

ခရီးသည် က အံ့သြသွားသည်. . .

"နွားမရဲ့ နို့အုံကို ကိုင်ကြည့်တာနဲ့ အချိန်ကို ဘယ်လို ပြောနိုင်တာလဲဗျ. . "

"ဒီကိုလာ . . ကျုပ်ပြမယ်. . . "ဟု လယ်သမား ကပြောသည်. . .

"နွားမဘေးမှာ ဒီလိုဝပ်ပြီး နို့အုံကို မကြည့်လိုက်၊ ဟိုဘက်တောင်ကြားက ဘုရားကျောင်း က နာရီကို မြင်နိုင်လို့ ပါ . . . " တဲ့.. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

  • ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့ သူမိုက်သည် ပညာရှိအား အသက်ထက်ဆုံး ဆည်းကပ်သော်လည်း သူတော်ကောင်းတရားကို မသိချေ။
  • လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့ လိမ္မာရေးခြားရှိသူသည် ပညာရှိအား တစ်ခဏမျှ ဆည်းကပ်ရမူ သူတော်ကောင်းတရားကို လျင်မြန်စွာ သိ၏။

  • Just as the ladle know not the taste of the curry, the foolish knows not Dhamma, even though close to the wise for life.
  • Just as the tongue knows the taste of the curry, so also does the clever one know the Dhamma promptly, even by associating shortly with the wise.

  • လက်နက်မပါဘဲ စစ်မြေသို့ မသွားရာ။
  • ကျန်းဂန် အထောက်အထား မရှိဘဲ စကားမဆိုရာ။
  • အဖော်မပါဘဲ ခရီးဝေးမသွားရာ။

  • Go not to the battle field without arms.
  • Speak not without references to treatises.
  • Travel not afar without companion.

  • အရေးအခွင့် ရောက်သည်နှင့် လျော်ကန်သော စကားကို ပြောဆိုရာ၏။
  • ကိုယ်နှင့် လျောက်ပတ်သော ချစ်အပ်သူကို ရှာရာ၏။

  • Speak appropriately when opportune.
  • Fine one who is suited and should be loved.

အားလုံးကိုချစ်ခင်လေးစားလျှက်...






ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။