ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ငွေဆောင်ကမ်းခြေ. . . .


ငွေဆောင် (၁၀) နှစ်ပြည့် အ၀င်ဆိုင်းဘုတ်


Silver View Hotle



အုန်းရေသောက်လို့လည်းရတယ်..

ကျောက်ပုဇွန်စားအုံးမလား ?


နိုင်ငံခြားသားတွေနဲ့ အတူ



လှည်းလည်းစီးလို့ရတယ်



သောင်ပြင်မှာရေကူးရင်း အပန်းဖြေနေသူများ

ချစ်သူများကျွန်း


ဧရာဝတီတိုင်းမှာရှိတဲ့ ငွေဆောင်ကမ်းခြေဟာ မြန်မာနိုင်ငံမှာ ငပလီကမ်းခြေပြီးရင် အသာယာဆုံးဖြစ်ပါတယ်။ ရန်ကုန်ကနေ ကားလမ်းနဲ့ မိုင် ၂၂၀ ကွာဝေးပါတယ်။ ရန်ကုန်ကနေ ကားနဲ့ သွားရင် ၇ နာရီလောက် မောင်းရပါတယ်။ ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀၀၀ခုနှစ်တွင် စတင်ဖွင့်လှစ် သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင် စံချိန်မှီ ဟိုတယ်ကြီးများ ရှိရာ နေရာ ဖြစ်သည်. . . .ကမ္ဘာလှည့်ခရီးသည်အများစု ကြိုက်နှစ်သက်တဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်. ..

ပုသိမ်မြို့မှ ငွေဆောင်ကမ်းခြေသို့ ကားနဲ့ သွားရင် ၂ နာရီခန့်ကြာမြင့်ပြီး ဆိုင်ကယ်နှင့်သွားပါက ၁ နာရီခွဲခန့်သာ မောင်းရပါသည်. . .အရင်ကလမ်းဆိုးပေမယ့် အခုတော့ လမ်းပြင်ဆင်မှုတွေ ပြီးသွားပြီဖြစ်တဲ့အတွက် ချောချောမောမောနဲ့ အချိန်တိုအတွင်းမှာ သွားနိုင်ပါပြီ။ ပင်ပန်းသမျှကို အနားယူအပန်းဖြေဖို့ အသင့်တော်ဆုံး နေရာလေးတစ်ခုပေါ့ . . . .

မတ် ၂၅ရက်မှ ၂၈ရက် အထိ ကျင်းပခဲ့တဲ့ငွေဆောင် ကမ်းခြေ ၁၀ နှစ် ပြည့် အထိမ်း အမှတ် အခမ်းအနား များကို ပျော်ပွဲ ရွှင်ပွဲများ၊ ဘောလုံး ပြိုင်ပွဲများ၊ ဓာတ်ပုံ ပြိုင်ပွဲ များ၊ စတိတ်ရှိုး အစီအစဉ် များအပြင် Miss Ngwe Saung 2010 ပြိုင် ပွဲကိုလည်း ထည့်သွင်း ကျင်းပခဲ့ပါသည်. . .ပန်းကဗျာ၊မေ16 တို့က ငွေဆောင်မှာ တာဝန်ကျနေတဲ့ဦးလေး မိသားစုတွေနဲ့ အတူ မတ်လ ၂၇ ရက်နေ့ ရုံးပိတ်ရက်မှာ ငွေဆောင်ကို တစ်ညအိပ် ခရီးသွားခဲ့ပါတယ်. .

ပန်းကဗျာတို့လည်း ပင်လယ်ကမ်းခြေမှာ မနက်ရော၊ညနေရော ရေချိုး ၊ အုန်းရေသောက် ၊ ငါးကင်တွေဝယ်စား၊ ပင်လယ်စာတွေ စားပြီး ကောင်းကောင်းကို အပန်းဖြေ အနားယူခဲ့ပါတယ်.. . ငွေဆောင်ကမ်းခြေ (၁၀) နှစ်ပြည့်စတိတ်ရှိုးကိုတော့ လူတွေအများကြီးမို့လို့မသွားဖြစ်ခဲ့ပါဘူး . . . ပင်လယ်ရေကိုရှူရှိုက်ရင်း အပန်းဖြေခဲ့ပါတယ်. . . .ငွေဆောင်ကမ်းခြေ ကနေ ချစ်သူများကျွန်းကို လည်းသွားနိုင်ပါတယ်. . . ဒါပေမယ့် ပန်းကဗျာတို့တော့ မရောက်ခဲ့ပါဘူး ရေတက်နေလို့ အဲဒီကျွန်းကိုသွားလို့မရလို့ အဝေးကပဲ ဓာတ်ပုံရိုက်ခဲ့ပါတယ်. . .

ငွေဆောင်ကမ်းခြေဟာ ချောင်းသာကမ်းခြေထက် ကမ်းပိုကျယ်ပါတယ်. . . လှိုင်းလည်းပိုကြီးပါတယ်. . . ငွေဆောင်ကမ်းခြေမှာ အပန်းဖြေရင်း ၊ ကမ်းခြေအလှဓာတ်ပုံများကို စာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်. .စာဖတ်သူများလည်း ဓာတ်ပုံတွေကြည့်ပြီး ငွေဆောင်ကမ်းခြေကို သွားရောက် အပန်းဖြေနိုင်ပါစေလို့. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...





မြင့်မြတ်သော နိဗ္ဗာန်ဆော်


ဗုဒ္ဓဘုရားရှင်လက်ထက်တွင် သာဝတ္တိမြို့၌ နိဗ္ဗာန်ဆော်တစ်ယောက်ရှိသည်. . . သူသည် ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းဆက်ကပ်ရင် လှည့်လည်နှိုးဆော်လေ့ရှိသည်. . . မြို့သူမြို့သားများစွာတို့သည်လည်း . . ဆွမ်းချက်နိုင်ရန် ဆန်၊ဆီ၊ ဆား စသည်တို့ကို နိဗ္ဗာန်ဆော်သို့ ပေးလှူကြသည်. . .

သူဌေးတစ်ယောက်မူကား ထိုသို့မဟုတ် "နိဗ္ဗာန်ဆော်သည် မိမိဘာသာ တတ်နိုင်သလောက် မကပ်လှူဘဲ တစ်ပါးသူ ကို လိုက်၍ နှိုးဆော်နေရသလော" ဟုဆိုကာ နိဗ္ဗာန်ဆော်ကို မကျေမနပ်ဖြစ်နေသည်. . .

တစ်နေ့တွင် မိမိထံပါးသို့ နိဗ္ဗာန်ဆော် အလှူခံရောက်လာသောအခါ ဆန်ကို လက်သုံးချောင်းဖြင့်ကော်၍ လက်ပေါ်တွင် ပါသမျှကိုသာ လိုက်သည် . . . . အလားတူပင် ပဲနောက်၊ ပဲလွန်း၊ စသည်တို့ကိုလည်း လက်သုံးချောင်းဖြင့်သာ ကော်၍လှူလိုက်သည်. . .ထောပတ်၊ တင်လဲ စသည်တို့ကိုလည်း အလွန်နည်းပါးလှစွာသာ ပေးလှူသည်. . . ဤသို့ လက်တစ်ဖက်စာမျှသာ ပေးလှူသဖြင့် ထိုသူဌေးကို ဗိဠာလပါဒက သူဌေးဟု အများက ခေါ်ဝေါ်ကြလေသည်. .

နိဗ္ဗာန်ဆော်ကား မငြိုမငြင်၊ ၀မ်းမြောက်ဝမ်းသာ ကြည်ဖြူစွာပင် လက်ခံသည်. . . အခြား သူများ လှူသော ပစ္စည်းများကို တူရာတူရာ ပေါင်း၍ထည့်သည်. . . ဗိဠာလပါဒက သူဌေး၏ ပစ္စည်းများကိုကား သီးသန့်ထည့်၍ ထားသည်. . . ဤတွင် သူဌေးသည် နိဗ္ဗာန်ဆော်၏ အပြုအမူကို စုံစမ်းရန် အလုပ်သမား တစ်ယောက်ကို စေလွှတ်လိုက်သည်. . .

နိဗ္ဗာန်ဆော်သည်. . အလှူရှင်သူဌေား ကုသိုလ်ပွားစေရန် ချက်ပြုတ်လေသမျှသော ဆွမ်းအိုး ၊ ဟင်းအိုး စသည်တို့တွင် သူဌေး၏ ပစ္စည်းများကို တစ်စေ့စီ၊ တစ်စေ့စီ လျှောက် ထည့်ပေးလေသည်. . . . အလုပ်သမားသည် ထိုအကြောင်းကို မိမိ၏သူဌေးအားပြန်ပြောပြ၏ . . . သို့ရာတွင် သူဌေးကား မကျေနပ်နိုင်. . . "နိဗ္ဗာန်ဆော် သည် ပရိသတ်အလယ်၌ ငါ့ကို ရှုတ်ချစကားဆိုပါက သင်းကို သတ်မည် "ဟု ဆိုကာ နောက်တစ်နေ့တွင် ပုဆိုးခြုံထဲ၌ ဓားကို ၀ှက်၍ယူလာ၏. . .

နိဗ္ဗာန်ဆော်သည်လည်း မိမိနှိုးဆောင်၍ရလာသော ပစ္စည်းများကို အဖော်များနှင့် အတူ ချက်ပြုတ်စီမံသည်. . . ထို့နောက် ဘုရားအမှူးပြုသော သံဃာတော်တို့အား ဆွမ်းကပ်သည်. . . ထိုသို့ဆက်ကပ်ရာတွင် "အရှင်ဘုရား တပည့်တော်သည်. . လူအများကို နှိုးဆော်တိုက်တွန်း၍ ဤအလှူကို လှူပါသည်.. . လူအများသည် စွမ်းအားရှိသလောက် ထည့်ဝင်လှူဒါန်းကြပါသည်. . . နည်းများမဟူ လှူဒါန်းသူအားလုံး အကျိုးထူးရပါစေဘုရား . . . " ဟု လျှောက်၏ . .

ဤတွင်မှ ဗိဠာလ ပါဒက သူဌေးသည်. . နိဗ္ဗာန်ဆော်၏ စိတ်သဘောထားမြင့်မြတ်ပုံကို သဘောပေါက်ကာ မိမိအပြစ်ကို ၀န်ချတောင်းပန်လေသတည်း . . .

ဓမ္မပဒပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...





မြတ်မိခင်၏ သားအချစ်နှင့် မျိုးချစ်မာန



"မြတ်မိခင်၏ သားအချစ်နှင့် မျိုးချစ်မာန
"

ကျောမှာ ဒဏ်ရာ၊ မပါရလို့
မွေးမေနှုတ်က ၊မှာလိုက်တယ်၊
မလှကြမ္မာ၊ ဒဏ်ရာရပေါ့
ခါခါရင်ဝ၊ ရပါ့ကွယ်၊

မေမေ့သံသာ ၊ ပဲ့တင်ထပ်လို့
စစ်မြေရပ်က ၊ ကြားရတယ်၊
သားတို့သင်ရာ ၊စစ်ကျောင်းကြီးက
သေနတ်ပြီးဆေး၊ ပေးလိုက်တယ်၊

ပြီးဆေးကိုယ်စီ၊ ဗျူဟာများနဲ့
သတ္တိကိုးစား၊ တိုက်ပါ့မယ်၊
ကျောနဲ့ရင်မှာ၊ အနာကင်းလို့
အောင်မြင်ခြင်းနဲ့၊ ပြန်ခဲ့မယ်၊
တိုက်မယ်တိုက်မယ်။

ကျော်ဇောဟန်

(၆၅နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်)

အားလုံးကိုချစ်ခင်လေးစားလျှက်...

စိတ်ကျရောဂါ ကာကွယ်နည်းများ



မိမိကိုယ်တွင် စိတ်ကျရောဂါ မ၀င်ရောက်စေဘဲ ရင့်ကျက်သော သဘော ကာယနှင့် ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများကို စိတ်ပညာ ဆိုင်ရာ သုတေသန ပညာရှင်များက အချိန်ယူ လေ့လာခဲ့ပြီး ဖော်ထုတ်ထားခဲ့ကြသည်. .. ထိုနည်းများကား သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မ၀င်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြ သဖြင့် စိတ်ကျန်းမာခြင်းကို အလိုရှိသူတိုင်း လိုက်နာသင့်ကြပါသည်. . .

ယင်းနည်းလမ်းကောင်းများမှာ-

၁။ တုံ့ပြန်မှုတိုင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားပါ။

၂။ လူသားတစ်ဦး၏ တာဝန်ဝတ္တရားနှင့် လွပ်လပ်မှုကို ခွဲခြားနားလည်ပါ။

၃။ ရယူလိုသောစိတ်ထက် ပေးခြင်းကို ပို၍ ဦးစားပေး မွေးမြူပါ။

၎။ ပြိုင်ဆိုင်ခြင်းထက် အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်အောင် သတိပြုပါ။

၅။မိမိရရှိထားသောဘ၀နှင့် အပ်စပ်ဆီလျော် ထိုက်တန်သလောက်သာ ရယူသုံးစွဲတတ်သော စိတ်ကို ပျိုးထောင်ပါ။

၆။ ခေတ်မှီခြင်းသည် အတိုင်းအတာ တစ်ခုအတွင်း၌သာ တင့်တယ်လျှောက်ပတ်ကြောင်းကို နားလည်ထားပါ။

၇။ ထူးထွေဆန်းပြားသော အရာများအပေါ် ညွတ်တတ်သော အာရုံများကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၈။မိမိဘ၀ တိုးတက်ကြီးပွားအောင် အစဉ်ကြိုးစားနေရမည် မှန်သော်လည်း လက်ရှိရထားသော ဘ၀အခြေအနေ ကို ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ဖြစ်သမျှ ၊ ရှိသမျှအပေါ် ရောင့်ရဲ ကျေနပ်တတ်သော စိတ်ကို မွေးမြူပါ။

(၉)အလိုရမ္မက်ကြီးမှု၊ ပြိုင်ဆိုင်မှု၊ ဂလဲ့စားချေမှု၊ တစ်ကိုယ်တော် ပလွှားလိုမှုတို့သည် နိမ့်ကျညံ့ဖျင်းသော စိတ်ဓာတ်များ ဖြစ်ပြီး ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ အများကောင်းစားသည်ကို ၀မ်းမြောက်ခြင်း ၊ ခွင့်လွှတ်သည်းခံခြင်းတို့သည် အပြု စိတ်ထား အရည်အချင်းများ ဖြစ်သည်ကို နားလည်သဘောပေါက်ပါ။

(၁၀) စိတ်ကူးယဉ်ဘ၀ထက် လက်တွေ့ဘ၀ကို စိတ်ဝင်စားပါ။

(၁၁) မိမိဖြစ်စေချင်သလို မဖြစ်၊ မဖြစ်ချင်သော်လည်း ဖြစ်လာတတ်သော လောကဓမ္မတာသဘောကို လက်ခံ၍ မိမိသဘောအတိုင်း ဖြစ်မလာသည့်အခါ ကျေနပ်စွာနေနိုင်သော စိတ်မျိုးအတိုင်းမွေးမြူပါ။

သို့မှသာလျှင် ရခဲလှစွာသော လူ့ဘ၀ကို ရလာသူတိုင်းသည် အသက်ရှင်နေထိုင်ရသော သုခတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...





ငါးချဉ်လေးများ ၀ယ်လိုက်ကြပါဦး


လပြည့်ဥပုသ်နေ့ဖြစ်သဖြင့် ဗန်းမော်ကျောင်းတိုက် တွင် ပရိသတ်စည်ကားသည်. . . သီလချီးမြှင့် ပြီးနောက်ရေစက်ချမည်ဟု ပြင်ဆင်ကြသည်. . . .

"အရှင်ဘုရား ၊ ခါတိုင်းထက် ရှည်ရှည်ရေစက်ချ ပေးတော်မူပါဘုရား . ." ဟု ဒကာတစ်ဦးက လျှောက်သည်. .

"ရေစက်ရှည်ရှည်ချတာ မခက်ပါဘူး. . . ဒါပေမယ့် ဥပုသ်သည်တွေထဲက ငါးချဉ်သည်ပါမပါ ကြည့်ရဦးမယ်. . "

"ရေစက်ရှည်ရှည်ချတာနဲ့ ဥပုသ်သည်တွေထဲ ငါးချဉ်သည်ပါတာ ဆိုင်လို့လား ဘုရား . . . "ဟု လျှောက်ထားပါတယ်. . . ထိုအခါ ဗန်းမော်ဆရာတော်ကြီးက ဆိုင်ပုံကို ရှင်းလင်းဟောကြားခဲ့ပါတယ်. . . .

တစ်ခါက ရွာတစ်ရွာတွင် ငါးချဉ်သည် မိအေးဆိုသူရှိသည်. . . တစ်နေ့ရွာတစ်ရွာသို့ ငါးချဉ်သွားအရောင်းတွင် အလှူတစ်ခုနှင့် ဆုံသည်. . . အလှူတွင် ထမင်းဝင်စားကြသည်. . . . စားပြီးနောက် ချက်ခြင်း ထပြန်ရန် အားနာသည်. . . . ထို့ကြောင်း တရားဝင်နာသည်. . . .

တရားဟာသော ဘုန်းကြီးမှာ အသံကလည်းကောင်းသည်. . . အဆိုအငို မြိုင်စွာနှင့် ဟောနေသော တရားဝတ္တုကြောင်းကလည်း ကောင်းသည်. . . သိုင်းဝိုင်းချဲ့ထွင်ကာ ဟောနေသဖြင့် နေကျမှပင် တရားချနိုင်တော့သည် . . . အလှူရှင်က ရေစက်ချပြီး "အမျှ. . . အမျှ. . . . အမျှ " ဟု အမျှဝေသည်. . . ကြားကြားသမျှ အားလုံးက "သာဓု . . . သာဓု. . . သာဓု " ဟု အနုမောဒနာ ပြုကြသည်. .

ပရိသတ်ထဲက ထပြန်ရန် အခက်တွေ့ပြီး ငါးချဉ်ရောင်းရန် စိတ်စောနေသော မိအေးက. . . "ငါးချဉ်လေးများ ၀ယ်လိုက်ကြပါဦး. . " ဟူ၍ အသံစူးစူးနှင့်ထ၍ အော်သည်. . သာဓုခေါ်သံကြားထဲက ငါးချဉ်ရောင်းသံပေါက်ထွက် လာသဖြင့် ငါးချဉ်သည် မိအေးကို အားလုံးက ၀ိုင်း၍ ကြည့်ကြသည်. . . ဤတွင် မိအေးက "တရားကလည်းကောင်း၊ ကျွန်မ ငါးချဉ်ကလည်း ကောင်းလို့ အော်ရောင်းရတာပါ . . . " ဟူ၍ အရှက်ပြေပြောလိုက်သည်. . . .

"ရေစက်ရှည်ရှည်ချတာ မခက်ပါဘူး ဒကာ ဒကာမတို့၊ တော်ကြာ မိအေးလို ငါးချဉ်သည်ပါလာရင် သာဓု မခေါ်နိုင်ဘဲ ငါးချဉ်လေးများ ၀ယ်လိုက်ကြပါဦးလို့ အော်မှာ စိုးရိမ်တာပါပဲ. . . "

ပရိသတ်အားလုံးမှာလည်း ဗန်းမော်ဆရာတော်ကြီး စကားအဆုံးမှာ အားရပါးရ ရယ်မောလိုက်ကြလေသည်. . .

ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...






ချောင်းသာကမ်းခြေသို့. . .

ကျွန်တို့ မောင်နှမတွေ တွေရုံးအားရက်တွေ ရပြီဆိုရင် အချိန်တိုတိုနဲ့ ဘယ်ကို အပန်းဖြေ ခရီးထွက်ရင်ကောင်းမလည်းဆိုတာ ခဏခဏ စဉ်းစားပါတယ်. . . ဘယ်ကိုသွားမယ် ဘယ်နှစ်ရက်ကြာမယ် ဆိုပြီးတွက်လိုက်. . . ရက်ရှည်ရင် ရုံးကခွင့်မရတာနဲ့ က်လျှော့လိုက်ရတာတွေများပါပြီ. . ဒီလိုနဲ့ ပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ အချိန်တိုတောင်းစွာနဲ့ အပန်းဖြေလို့ကောင်းတဲ့ ချောင်းသာခရီးစဉ်လေးတစ်ခုကို ကျွန်မတို့ မောင်နှမတွေ ဆိုင်ကယ်နဲ့ သွားဖြစ်ခဲ့ပါတယ်. . .

ချောင်းသာကမ်းခြေဟာ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ ချောင်းသာရွာနဲ့ ပင်လယ်ကမ်းခြေပဲ ဖြစ်ပါတယ်။ချောင်းသာရွာကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ခန့် က ယခုလို ချောင်းအထက်ပိုင်းတွင် တည်ထောင်ခဲ့ပြီး (မူရင်း)အမည် ချောင်းသာယာ ကနေပြီး ချောင်းသာ လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ တာ ဖြစ်ပါတယ်။ ရန်ကုန်က နေ ပုသိမ်ကို ၁၁၅ မိုင် ဝေးပြီး ပုသိမ်မြို့ရဲ့ အနောက်ဘက် ၃၈မိုင် အကွာမှာ ချော်းသာကမ်းခြေ ရှိပါတယ်။ဒါကြောင့် ရန်ကုန်ကနေ ချောင်းသာကို ၁၅၃မိုင် ဝေးပါတယ်။

"ပုသိမ်ကြိုးတံတား"

"ခရီးတစ်ထောက်နားရာ ရှောပြာကျေးရွာ"

ရန်ကုန်မြို့ မှ ချောင်းသာအထိ အဝေးပြေးကားဖြင့် တိုက်ရိုက်သွားနိုင် သလို ရန်ကုန်မြို့မှ ပုသိမ်၊ ပုသိမ်မှ ချောင်းသာသို့ တစ်ဆင့် လည်းသွားနိုင်ပါတယ်။ရန်ကုန်မြို့မှ ချောင်းသာသို့ သွားရာ လမ်းခရိးတစ်လျှောက်တွင် ယခင်က မြစ်များကိုဇက်ဖြင့် ကူး၍ ခက်ခက်ခဲခဲ သွားခဲ့ရသော်လည်း ယခုအခါ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ "ဗိုလ်မြတ်ထွန်းတံတား"နဲ့ ပုသိမ်မြို့အနောက်ဘက်မှာရှိတဲ့ "ပုသိမ်ကြိုးတံတား" လို့ခေါ်တဲ့ င၀န်မြစ်ကူးတံတားတွေ ဆောက်ပြီးတဲ့ အတွက် သွားလာရေး လွယ်ကူ နေပြီဖြစ် ပါတယ်။

"ချောင်းသာကမ်းခြေအ၀င်ဆိုင်းဘုတ်"

ချောင်းသာကမ်းခြေမှာ ပင်လယ်ကမ်းခြေကို မျက်နှာပြုပြီး ဟိုတယ်ကြီးတွေ ဘန်ဂလိုတွေ ရှိပါတယ်။ အတွင်းဘက်ကျတဲ့ ရွာထဲမှာလည်း တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ရှိပါတယ်။အဝေးပြေးယာဉ် ရပ်နားစခန်း၊ စာတိုက်နဲ့ တယ်လီဖုန်းရုံလည်း ရှိပါတယ်။အဆင့်အတန်းမြင့် ဟိုတယ်တွင် အဆင့်အတန်းမြင့်မြင့် တည်းခိုနိုင်သလို စရိတ်စက နည်းနည်းနဲ့လည်းတည်းနိုင်တဲ့ တည်းခိုခန်းတွေလည်း ရှိပါတယ်။


ပင်လယ်ကမ်းခြေမှာ ပင်လယ်ရနံ့ပါတဲ့ လေကို အားပါးတရ ရှုရှိုက်ရတာ စိတ်ကို လန်းဆန်းစေပါတယ်။ကမ်းခြေကနေ မျှော်ကြည့်လိုက်ရင် သဲဖြူကျွန်းကို မြင်တွေ့နိုင်ပါတယ်။ အဲဒီသဲဖြုကျွန်းကိုလည်း လည်ပတ်နိုင်ဖို့ စက်လှေများနဲ့ ၀န်ဆောင်မှု ပေးပါတယ်။ သဲဖြူကျွန်းအပြင် အောင်မင်္ဂလာကျွန်းခေါ် ဖိုးကုလားကျွန်းကိုလည်းသွားနိုင်ဖို့ စက်လှေနဲ့ ပို့ဆောင်ပေးပါတယ်။ ချောင်းသာကမ်းခြေကနေ ကျောက်မောင်နှမ ဘက် ကို စင်းလုံးငှား မော်တော် ဆိုင်ကယ်နဲ့ သွားနိုင်ပါတယ်။ကမ်းခြေရှိ ကျောက်ပုထိုး စေတီတော်မြတ်ကို လည်း ဖူးမြော်နိုင်ပါတယ်။


"ကျောက်ပုထိုး စေတီတော်မြတ်"

မနက်ဝေလီဝေလင်းကနေပြီး ညနေနေ၀င်ျိန် အထိ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်ကြသူတွေ၊ ဘောလုံးကစား ကြသူတွေ စွန်လွှတ်ကြသူတွေ၊ မြင်းစီးကြသူတွေ၊ အလှဓာတ်ပုံရိုက်ကြသူတွေ၊ ပင်လယ်လှိုင်း စီးရင်းဆော့ကစားနေကြသူတွေနဲ့ စည်ကားလို့ နေပါတယ်။



ပင်လယ်စာ ဖြစ်တဲ့ ငါး၊ပုစွန်၊ဂဏန်းတွေကို အစိမ်းလိုက် တစ်မျိုး၊ကင်လို့တဖုံ ချက်လို့တစ်နည်း ရောင်းချနေကြပါတယ်။ဈေးလည်း ပေါပါတ်။


ကမ်းခြေအမှတ်တရ ပစ္စည်းဆိုင်လေးများမှာလည်း လက်ဆောင်ပစ္စည်းတွေ ၀ယ်ယူနိုင်ပါတယ်။ချောင်းသာ ဈေးထဲမှာတော့ ငါးခြောက်မျိုးစုံ၊ ပုစွန်ခြောက်၊ မျှင်ငါးပိ၊အုန်းဆီ၊ကျောက်ပွင့်ကျောက်မှော်စတဲ့ ပင်လယ်ထွက် ပစ္စည်းတွေ ရနိုင်ပါတယ်။ ပုသိမ်မြိုမှာ ပုသိမ်ဟာလ၀ါ နာမည်ကြီးသလို ချောင်းသာမှာ သရက်တော မုန့်ကို လူသိများလှပါတယ်။
ချောင်းသာဟာ သွားရေးလာရေး လွယ်ကူပြီး ကမ်းခြေပင်လယ်ရေ သန့်ရှင်းကြည်လင်တယ်။ကမ်းခြေအနီး ပတ်ဝန်းကျင်တွင် ကျွန်းနဲ့ သန္တာ ကျောက်တန်းတွေ ရှိလို့ ငါးမန်းစတဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ သတ္တ၀ါတွေ မရှိနိုင်တဲ့ အပြင် အန္တရာယ် ကင်းစွာ ရေကစားတဲ့ သူတွေကို စောင့်ရှောက်ဖို့ကမ်းခြေစောင့် အသက်ကယ် ၀န်ထမ်းတွေ ထားပေးအတွက် လာပြိးအပန်းဖြေတဲ့သူတွေ အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေနိုင်ပါတယ်။

ချောင်းသာကနေပြီး ငွေဆောင်ကမ်းခြေကို ကုန်းလမ်းဒါမှမဟုတ် ရေလမ်းနဲ့ လည်း သွားရောက်နိုင်ပါသေးတယ်။ ချောင်းသာကို အပန်းဖြေခရီးထွက်တဲ့ အတွက် ခန္ဓာကိုယ်ပင်ပန်းမှု စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး အားအင်သစ်တွေ ရရှိလာတယ်လို့ ခံစားရပါတယ်။ ချောင်းသာခရီးစဉ်ကတော့ တကယ်ကို နှစ်သက်စရာကောင်းလှပါတယ်။

ယခုလိုခရီးသွားရာသီတွင် အပန်းဖြေသွားဖို့ အတွက် စိတ်အေးချမ်းသာစွာနဲ့ ခရီးလည်းမဝေး သက်တောင့်သက်သာနဲ့သွားရေးလာရေးလွယ်ကူကောင်းမွန် တဲ့ချောင်းသာခရီးစဉ်ကို ရေးသား လိုက်ရခြင်း ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...

မျက်စိကုဆေးဆရာ



အဘွားတစ်ယောက်ရဲ့ မျက်စိကို မျစ်စိကုတဲ့ ဆေးဆရာဆီမှာ အခပေးလျက် ကုသစေတယ်. . .

သူ့မျက်လုံးကို ဆေးလိမ်းရမှာကို ဆေးလိမ်းတဲ့အကြိမ်တိုင်းမှာ မျက်လုံးကို ပိတ်ထားရမယ်လို့ ဆေးဆရာက ပြောပြီး ဆေးလိမ်းပေးပါတယ်. . . .. မျက်လုံးပိတ်ထားတုန်းမှာ ဆေးဆရာက အဘွားရဲ့ ပစ္စည်းတွေကို ခိုးယူနေတာကိုး . . .

မျက်စိအမြင်ပြန်လည်ကောင်းမွန်သွားတဲ့အခါ စည်းထားတဲ့ ပတ်တီးကို ခွာလိုက်ပြီး . . . ပြောထားတဲ့ ဆေးဖိုးဝါးခ အတိုင်းတောင်းလေရောတဲ့ . . . အဲဒီမှာ အဘွားက ဆေးကုသခကို မပေးတော့ဘူး. . . ဒါကြောင့် ဆေးဆရာက တရားရုံးမှာ တိုင်တန်းပါတယ်. . .

အဘွားက ဆေးကုသကို မပေးရတဲ့ အကြောင်းကတော့ မျက်စိမြင်ရဖို့ အခပေးကာ ဆေးကုသစေခဲ့တာ ဟုတ်ပါတယ်. . . . ဒါပေမယ့် ဆေးကုသပြီးပါမှ မျက်စိဟာ အရင်ကထက် ပိုဆိုးနေကြောင်းကို ပြောပြပါတယ်. . .

သူဆေးမကုခင်ကမှ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို မြင်နိုင်ပါသေးတယ်. . . အခုမှ အိမ်က ပစ္စည်းတွေကို မတွေ့မမြင်ရတော့ဘူးတဲ့. . . ဒါကြောင့် မျက်စိ ဆေးကုသခကို သူ မပေးနိုင်ပါဘူးလို့ ဆင်ခြေပေးလိုက်ပါတယ်. .

(အချို့လူတွေဟာ မရိုးသားတဲ့နည်းလမ်းနဲ့ စီးပွားရှာချင်ကြတယ်. . နောက်တော့ သူတို့အပြစ်ကို လက်ဆုပ်လက်ကိုင် သိကုန်တဲ့အခါမှာတော့ ဆုံးရှုံးကုန်ကြပါတယ်)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အစားအသောက်များတွင် ပါဝင်သော ဓာတ်များ

နေ့စဉ်စားသောက်နေတဲ့ အစားအေသာက်တွေထဲမှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဓာတု ဒြပ်ပေါင်း ပြည့်ဝတဲ့ အစားအစာ antioxidant-rich meals တွေပါဝင်သလို အချိုဓာတ်များပြီး သွေးချိုကို မြင့်မားသွားစေနိုင်တဲ့ အစားအသာက်များလည်း ပါဝင်ပါတယ်. . မိမိနေ့စဉ် စားသောက်ရာမှာ ဘယ်အစားအစာမှာဖြင့် ဘယ်လိုဓာတ်မျိုး ပါဝင်တယ် . . . . စားသင့်၊ မစားသင့် ကျန်းမာရေးနဲ့ ကိုက်၊ မကိုက် ချင့်တွက် နိုင်ဖို့ ဓာတ်သဘာဝ အုပ်စုအလိုက် ဖော်ပြလိုပါတယ်. . .

ကောင်းသော ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစားအစာများ (Good Carbohydrates)

ကညွတ် ၊ ပဲတောင့်၊ ပန်းဂေါ်ဖီစိမ်း၊ နက်ပြာရောင် ဘလူးဘယ်ရီသီး ၊ ဂေါ်ဖီထုပ်၊ သံပရာမျိုးဝင်အသီးများ ၊ သခွားမွှေးသီး၊ ကီဝီသီး၊ အစိမ်းရောက်ရှိသော ဟင်းရွက်များ၊ မက်မွန်သီး၊ သစ်တော်သီး ၊ မက်မန်းသီး၊ ဒေါက်ခွရွက်၊ ကော်ကဲ့သို့ ချွဲပျစ်မှုမရှိသော ဟင်းသီးဟင်းရွက် အမျိုးမျိုး စသည်တို့ ဖြစ်ပါတယ်. .

ဆိုးသော ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစားအစာများ (Bad Carbohydrates)

ငှက်ပျောသီး၊ ပေါင်မုန့်၊ မုန်လာဥ၀ါ၊ သကြားပါသော ကွေကာအုပ်၊ ဂျုံ၊ ပြောင်း၊ အသီးဖျော်ရည်များ ၊ သရက်သီး ၊ကြက်ဥ၊ နွားနို့၊ ဂျုံမှုန့် ရောမွှေကြော်ထားသော မုန့်၊ သဘောင်္သီး ၊ အာလူး၊ ဆန်(ထမင်း)၊ သကြား၊ အီတလီခေါက်ဆွဲခြောက် ၊ အိုးကင်းနှင့် ဖုတ်ရသော မုန့် စသည်တို့ ဖြစ်ပါတယ်. .

ဓာတ်တိုးဆန့်ကျင်သည့် ဓာတုဒြပ်ပေါင်း ပြည့်ဝသည့် အစားအစာများ (Antioxidant Best Bets)

ထောပတ်သီး၊ ဘယ်ရီသီး၊ ငရုတ်ကောင်း၊ သခွားမွှေးသီး၊ အစိမ်းရင့်ရောင် ရှိသော ဟင်းရွက်(ဥပမာ-ကိုက်လန်ရွက်) လိမ္မော်သီးအရောင် (အ၀ါရင့်ရောင်)ရှိသစ်သီးဖျော်ရည်များ ၊ နာနတ်သီး ၊ဆာလ်မွန်ငါး (အစိမ်း၊ အကင်၊ အပြုတ်) ၊ ခရမ်းချဉ်သီး တို့ ဖြစ်ပါတယ်. .

နန်းအိအိဇာ( Wellness)

အားလုံးကိုချစ်ခင်လေးစားလျှက်...





ဆောင်းငှက် အိမ်ပြန်ပါတော့မည်



"ဆောင်းငှက် အိမ်ပြန်ပါတော့မည် "

တပေါင်း နွေရက်
ဟောင်းကြွေသက်၍
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။

သွားတူနားတူ၊ စားအတူပင်
ကြည်ဖြူမပျက်၊ မိတ်ဆွေငှက်တို့
နှုတ်ဆက်ပါကြောင်း၊ တေးချို ညောင်းစဉ်
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။

အတူတကွ၊ နားခိုကြခိုက်
ချမ်းမြစေချင်၊ အေးစေချင်၍
ရင်မှ ရွေးထုတ်၊ တေးတစ်ပုဒ်ကို
ကျွန်ုပ်သီကြွေး၊ ဖျော်ဖြေပေးလည်း
မအေးသည့်ခါ၊ အေးသည့်ခါနှင့်
မသာသည့်ခိုက်၊ သာသည့်ခိုက်နှင့်
မကြိုက်ဘိတုံ၊ ကြိုက်ဘိတုံနှင့်
ဆူကြုံသင့်မျှ ၊ မရှိကလျှင်
နားဝမအေး၊ ငှက်ကလေးဟု
ဆဲရေးနှုတ်ခြွေ၊ ပုတ်ခတ်ပေလည်း
"စေတနာသည်သာ ၊ ကံကြမ္မာ" ဟု
စိတ်မှာ လျှော့ဖြေနေတော့မည်။

တပေါင်း ဂိမ္မေ၊ ရော်ရွက်ကြွေသည်
နွေသဘာဝ၊ နွေကာလမို့
ခြွေချရက်စွာ၊ မသက်ညှာဟု
စိတ်မှာ ငြိုငြင်၊ အမြင်တိုလျက်
ပင်အိုသို့လျှင် ၊ ပြစ်မတင်ပါ
ချစ်ခင်မပျက် ၊ သည်တစ်သက်တွင်
တစ်ရက်ခိုဖူး၊ သင့်ကျေးဇူးကို
အထူးဆင်ခြင်နေတော့မည်။

ဝေဟင်မြေပြင်၊ ရေအလျဉ်၌
လေနှင်ရာပြောင်း၊ အတောင်ညောင်းမို့
ဆောင်းငှက်မိခင်၊ မေတ္တာရင်၌
ကြည်လင်ချမ်းမြ၊ တေးဓမ္မကို
အေးမြရွှင်ချို၊ ကောင်းစွာဆိုလျှက်
နားခိုအိပ်စက်ပါဦးမည်။

သြော်. . . တပေါင်းနွေရက်
ဟောင်းကြွေသက်၍
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...





အကောင်းဆုံးမို့ ဆွမ်းတော်တင်ထားပါတယ် . .



ရှေးတုန်းက ရွာတစ်ရွာမှာ အကောင်းမှ ကြိုက်တတ်တဲ့ ဘုန်းကြီးတစ်ပါးရယ်၊ ဘုန်းကြီးလိုပဲ အကောင်းမှ ကြိုက်တတ်တဲ့ ကျောင်းသားတစ်ဦးရယ် ရှိသတဲ့. . . .

တစ်နေ့ ဆရာတပည့် ဆွမ်းခံထွက်လာကြသည်. . . ပထမဆယ်အိမ်လောက်မှာ လောင်းတဲ့ ဆွမ်းဟင်းများ မှာ မကောင်းပါ. . . ပဲပြုတ်၊ ချဉ်ရည်၊ ပဲရေပွများသာ လောင်းကြသည်. . . .

သို့နှင့် ရွာလည် သူကြီးအိမ်သို့ ရောက်သည်. . . သူကြီးအိမ်က ၀က်သားဟင်းတစ်ခွက်လောင်းသည်. . . အကောင်းကြိုက်သော ဆရာတစ်ပည့် နှစ်ဦးလုံး စိတ်ထဲက ကျိတ်၍ ၀မ်းသာနေကြသည်. . . .

ကျောင်းသို့ရောက်သောအခါ ဆွမ်းပွဲပြင်ပြီးကပ်သည်. . . . ဘုန်းကြီးက ဆွမ်းပွဲကို ကြည့်သည်. . ၀က်သားဟင်းခွက်မပါပေ. . .

"သာဂိ ဟိုဟင်းလဲပါမလာပါလား . . ." ဘုန်းတော်ကြီးက တပည့်ကျောင်းသားလေး သာဂိကိုမေးသည်. . .

"ဘယ်ဟင်းပါလည်း ဘုရား . . . . "
"ဟဲ့. . သူကြီးအိမ်က လောင်းလိုက်တဲ့ ဟင်းလေ. . "

"သြော်....၀က်သားဟင်းခွက်လား ဘုရား ၊မှန်လှပါ. . . ဒီကနေ့ရလာတဲ့ ဆွမ်းဟင်းတွေထဲမှာ အဲဒီဆွမ်းဟင်းက အကောင်းဆုံး ဖြစ်နေလို့ ခုပဲ တပည့်တော် ဘုရားမှာ ဆွမ်းတော်တင်ထားပါတယ် ဘုရား . . . "

ကျောင်းသားလေး သာဂိက ဖြေသည်. . .

ဘုရားမှာ ဆွမ်းတော်တင်ထားသည်ဆိုသဖြင့် မည်သို့မျှ စောဒက မတက်သာပေ. . . ဆွမ်းတော်စွန့်လျှင် သာဂိ အားရပါးရစားတော့မည်ကိုလည်း သိသည်. .

"အင်းသာဂိတို့က လူသာငယ်တာ. . ဘုရားကို ကြည်ညိုတဲ့နေရာမှာတော့ ရှားတယ်. . . စေတနာကလဲ ကောင်းပကွာလို့ ငေါ့တော့တော့နဲ့ မိန့်သတဲ့. . . . "

(မေ၁၆ လည်း သူများ မစားစေချင်ရင် ဆွမ်းတော်တင်မလို့ လို့ပြောတတ်ပါတယ် )

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဗန်းမော်ဆရာတော် ပုံပြင်များ

တရားတော်များ



သီတဂူ တက္ကသိုလ် (ရန်ကုန်) စာသင်ကျောင်းဆောင်ကြီး အလှူတော် အတွက် သီတဂူ ဓမ္မပူဇာ အထူးတရားပွဲကို ပုသိမ်မြို့ မှာ ၃.၃.၂၀၁၀ မှ ၈.၃.၂၀၁၀ ရက်နေ့ထိကျင်းပခဲ့ပါတယ်. .

ပန်းကဗျာနဲ့ မေ16 ကတော့ ၃.၃.၂၀၁၀ ရက်နေ့ မှာ ဒေါက်တာ အရှင်ညဏိဿရ (သီတဂူဆရာတော်ကြီး) ဟောကြားတော်မူသော "ပဋိစ္စသမုပ္ပန္န" တရားတော်ကို သွားရောက် နာယူခဲ့ပါတယ်. . .

ပဋိစ္စသမုပ္ပန္န (၁)
ပဋိစ္စသမုပ္ပန္န (၂)

၎.၃.၂၀၁၀ ရက်နေ့မှာတော့ အရှင်ကာရုည ( စာချကထိက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) က "ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်" တရားကို ဟောကြားတော်မူခဲ့ပါတယ်. . .


ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်(၁)
ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်(၂)

ကျန်တရားပွဲရက်များဖြစ်တဲ့ ၅.၃.၂၀၁၀ ရက်နေ့ကစပြီး တရားပွဲပြီးတဲ့အထိ ပန်းကဗျာ နေမကောင်းဖြစ်နေလို့ တရားပွဲမသွားနိုင်ခဲ့ပါဘူး. . . အခွေလည်းသွားမ၀ယ်ဖြစ်ခဲ့ပါဘူး ဒါကြောင့် ကျန်တရားပွဲရက်က တရားခွေများ အခွေထွက်ရင် အလျှဉ်းသင့်သလို တင်ပေးသွားပါ့မယ်ရှင်.

စာဖတ်ပရိသတ်အပေါင်းလည်း တရားတော်များကို နာယူနိုင်ပါရန် မျှဝေပေးလိုက်ပါတယ်ရှင်...

အားလုံးကိုချစ်ခင်လေးစားလျှက်...





လောကနီတိ

  • နှစ်လင်သုံးလင်ပြောင်းသော မိန်းမ၊
  • နှစ်ကျောင်းသုံးကျောင်းပြောင်းသော ရဟန်း၊
  • နှစ်ကြိမ်သုံးကြိမ် ကျော့ကွင်းမှ လွတ်ဖူးသောငှက်၊
ဤသူတို့ကား မာယာများတတ်၏။

  • The woman , who changes two or three husbands,
  • The priest, who changes tow or three monasteries,
  • The bird which escapes from traps twice or thrice,

These may have many deceits.

  • ဆိုးသွမ်းယုတ်မာသူကို ရိုက်ပုတ်ဒဏ်ခတ်ခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • မကောင်းသော အဆွေခင်ပွန်းကို အဆက်အဆံ မပြုလုပ်ဘဲနေခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • မကောင်းသော မားကို ငွေကြေးဥစ္စာမအပ်နှင်းခြင်းဖြင့် ယဉ်ပါးစေနိုင်၏။
  • အစားအစာ တပ်မက်လွန်ကျူးသူကို အစားလျှော့၍ ကျွေးခြင်းဖြင့် ယဉ်ပါးစေနိုင်၏။

  • The wicked may be tamed by beating,
  • The bad friend by quitting,
  • The bad wife by not giving wealth,
  • The greedy by reduction of food.

  • လရောင်မှ ကင်းသော ညသည် မတင့်တယ်။
  • လှိုင်းတံပိုးမှ ကင်းသော သမုဒ္ဒရာသည် မတင့်တယ်။
  • ဟင်္သာမှ ကင်းသော ရေကန်သည် မတင့်တယ်။
  • လင်မှကင်းသော သတို့သမီးသည် မတင့်တယ်။

  • The night without moon is disgraceful.
  • The ocean without waves is disgraceful.
  • The pond without ducks (Hamza) is disgraceful.
  • The maiden without husband is disgraceful.



အားလုံးကိုချစ်ခင်လေးစားလျှက်...





လက်ပူးလက်ကြပ်



ဇီဝဗေဒ ပညာရှင်ကြီးတစ်ယောက်က ရုံးကနေပြီး အိမ်သို့ ဖုန်းလှမ်းဆက်သည်. .

"မိန်းမရေ အရေးတကြီး ကိစ္စတစ်ခု ပေါ်လာလို့ကွာ၊ လုပ်ငန်းခွင် ရှိရာကို မနက်ဖြန်အားလပ်ရက်ကစပြီး ငါ တစ်ပတ်တိတိ ညအိပ်ညနေ ခရီးထွက်ပြီး ကွင်းဆင်း စစ်ဆေးရလိမ့်မယ်. . . ဒါကြောင့် တစ်ပတ်စာ အ၀တ်အစားတွေကို ခရီးသွား သေတ္တာထဲ ထည့်ထားပေးစမ်းကွာ၊ လုပ်ငန်းခွင်သုံး ကိရိယာ တန်ဆာပလာ သေတ္တာကိုလည်း အသင့်ပြင်ထားပေးဟေ့ . . . ငါ့ရဲ့ အပြောရောင် ပိုးသား ညအိပ် ၀တ်စုံကလေးပါ ထည့်ပေးလိုက်ဖို့ မမေ့နဲ့ဦး. . . . တော်ကြာ ငါအိမ်ကို နာရီဝက်လောက် ပြန်လာချိန်ရလိမ့်မယ်. . . အိမ်ကနေ ခရီးအထွက် တစ်ခါတည်း ဆွဲထွက်သွားလို့ရအောင်လို့ပါကွာ. . . "

သည်လိုနှင့် ပညာရှင်ကြီး ကွင်းဆင်းခရီးထွက်သွားခဲ့လေသည်. . . တစ်ပတ်အကြာမှာ ပင်ပန်း နွမ်းလျစွာ ပြန်ရောက်လာလေ၏. . . .

"ဘယ်လိုလည်း ဆရာကြီး ကွင်းဆင်းစစ်ဆေးခရီးလေး ဖြောင့်ဖြူးသာယာပါလေစ. . . ." ဟု မိန်းမက ဆီးမေးသည်. . . .

"သြော် အေး တကယ့်ကို ကွင်းဆင်းရတဲ့ ခရီး ပီသပါပေရဲ့ကွာ. . . လုပ်လိုက်ရတဲ့ အလုပ် ၊ တစ်ပတ်လုံးလုံး အလုပ်နဲ့ လက်နဲ့ မပြတ်ဘူး. . . ဒါနဲ့ ငါမှာလိုက်တဲ့ အပြာရောင် ပိုးသားညအိပ် အင်္ကျီလည်း ရှာမတွေ့ပါလား. . မင်းထည့်ပေးဖို့ မေ့သွားတယ် ထင်ပါ. . . "

သည်တော့မှ မိန်းမ ပြန်ပြောလိုက်တော့မှ ပညာရှင်ကြီး အလုပ်လုပ်သည့် ခရီးဟုတ်မဟုတ် အတိုင်းသားပေါ်တော့သည်. .

"ဘာလို့ ထည့်မပေးလိုက်ရမှာလဲ. . ဘာဖြစ်လို့ ကျွန်မကမေ့သွားရမှာလည်း . . . . အဲဒီဝတ်စုံကို လုပ်ငန်းခွင်သုံး တန်ဆာပလာ ပစ္စည်းသေတ္တာထဲမှာကို ထည့်ပေးလိုက်တာ တော်ရေ့. . . ."

အားလုံးကိုချစ်ခင်လေးစားလျှက်...

တောင်သူလယ်သမားနေ့



မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့် ချီသော ညှိုးငယ်စွာ နေခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက်ကျနောက်ကျဖြစ်ခံရသည်။ ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက် တည်ရှိ ခဲ့ရသည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက်တွင် တောင်သူ လယ်သမား တို့ ဘ၀သည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘ၀ထဲ၌ လည် ပတ်နေရသည်။

၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တွင် တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘ၀သည် ပြောင်းလဲမှု အချိုးအကွေ့ ရောက်ရှိလာသည်။ တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင် သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့ သည် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှိးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်န၀ါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဇန်န၀ါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ရာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေသဖြင့် လည်းကောင်း၊ ဇန်န၀ါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သော မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြကြသဖြင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမား နေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက်အမျာစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ အားတိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။

အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် သူတို့သည် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့် ကြသည်။သို့သော် တောင်သူလယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေး ဘ၀သည် တစ်ဆက်တည်း ရှိနေသဖြင့် ကျေးဇူးဆပ်သင့်ကြသည်။

သို့သော် တောင်သူ လယ်သမားတို့၏ ဘ၀နှင့် တိုးတက်ဖွံဖြိုးရေးဘ၀သည် တစ်ဆက်တစ်စပ်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည် သင့်ကြပေသည်။

"၂၀၁၀ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင်ကျရောက်မည့်
(၄၈) နှစ်မြောက် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု၍ ."



ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...






ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။