ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

ရေတွင်းထဲက မြေခွေး



ကံမကောင်းတဲ့ မြေခွေးဟာ ရေတွင်းနက်တစ်ခုထဲ ကျသွားလို့ ပြန်တက်မရဘဲ ရှိနေတော့သတဲ့
မကြာမီဆိတ်တစ်ကောင် ဖြတ်လာသတဲ့. . . “ရေတွင်းထဲ ဘာလုပ်နေလဲလို့ . . . . “မြေခွေးကို သူမေးတာပေါ့. . .
“အိုခင်ဗျားမသိသေးဘူးလား . . . မိုးခေါင်ရေရှားတော့မှာတဲ့. . . ဒါကြောင့် ကျုပ်အနီးမှာ ရေသေချာပေါက် ရှိနေဖို့ ခုန်ဆင်းခဲ့တယ်. . . . ခင်ဗျားလဲ ဘာကြောင့် မဆင်းခဲ့သတုန်း. . . . “
ဆိတ်က ဒီအကြံကောင်းသားပဲလို့ တွေးပြီး ရေတွင်းထဲ ခုန်ဆင်းလိုက်တယ်. . . .
ဒီတော့မှ မြေခွေးဟာ သူ့ကျောပေါ် ချက်ချင်း ခုန်တက်လိုက်တယ်. . . . နောက်သူ့ရဲ့ ဦးချိုရှည်မှာ နင်းပြီး ရေတွင်း နှုတ်ခမ်းဝဆီ ခုန်တက်လို့ရသွားသတဲ့လေ. . .
"နှုတ်ဆက်ခဲ့မယ် မိတ်ဆွေ၊ နောက်တစ်ခါဆို မှတ်ထားပေတော့. . "

အခက်အခဲတွင် ကျရောက်နေသူထံမှာ အကြံဥာဏ်ကို ဘယ်တော့မှ မယုံကြည်ပါနှင့်

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နောက်တစ်ခါကြုံ၇င် လက်မနှေးနဲ့



အိမ်ရှေ့မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ၀ံပုလွေတစ်ကောင်ဟာ တွေ့သွားပါရော. . . ဒါကြောင့် သူ့ကို စားတော့မှာ ဖြစ်တယ်. . ဒါပေမယ့် ခွေးက သူ့ကို အခု မစားချင်ပါနဲ့ လို့ ဆိုတယ်. .

အခုစားနေရင် ကျွန်တော်ဟာ ပိန်ပိန်သေးသေးပဲ ဖြစ်နေမယ်. . ဒါပေမယ့် ခင်ဗျား ခဏကလေး စောင့်မယ်ဆိုရင် ကျွန်တော့ရဲ့ သခင်အိမ်မျာ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်မှာမို့ ကျွန်တော့အဖို့စားစရာတွေ အများကြီး စားရလိမ့်မယ်. . ကျွန်တော်ဝဖြိုးလာမယ်. . . ဒီအချိန်မှာ စားရင် ခင်ဗျားဟာ ကျွန်တော့်ရဲက အသားကို များများ စားရမှာပေါ့. .

ဝံပုလွေက ဒါကိုလက်ခံမိတယ် . . . သူ့အစာကို နောက်မှပဲ စားတော့မယ်ဆိုပြီး ထွက်သွားပါတယ်. . .

ရက်အနည်းငယ်ကြာတဲ့အခါ. . .သူရောက်လာတယ်. . .

ခွေးဟာ အိမ်ခေါင်မိုးပေါ်မှာ အိပ်နေတာကြောင့် ၀ံပုလွေက " ပြောဆိုထားတဲ့ ကတိအတိုင်း အောက်ကို ဆင်းခဲ့ပါ . . ."လို့ လှမ်းခေါ်လိုက်တယ်. .

ဒါကိုခွေးက "နောက်တစ်ခါ ကျွန်တော်မြေကြီးပေါ်မှာ အိပ်နေတာ တွေ့ရင် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်တဲ့ အချိန်ထိ စောင့်မနေပါနဲ့ . . " လို့ပြန်ပြောလိုက်တယ်. .

(အသက်ဘေး အန္တရယ်က လွတ်မြောက်ခဲ့သူဟာ သူ့ဘ၀မှာ အလားတူ အန္တရယ်မျိုး ကြုံတွေ့တဲ့အခါ သတိပြုတတ်နေပြီ)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လှောင်ချိုင့်ထဲကငှက်



ပြတင်းအနီး လှောင်ချိုင့်ထဲမှာ ရှိတဲ့ ငှက်ဟာ ညဘက်မှာ အမြဲ သီချင်းဆိုဆိုနေတယ်. .

ဒါကို လင်းနို့က ကြားပြီး သူ့ဆီပျံလာတယ်

ဘာကြောင့် "နေ့ဘက်မှာ သီချင်းမဆိုသလဲ. . မင်းသီချင်းဆိုတာကို ညဘက်မှာ တော့ ကြားနေရတယ်. . လို့. . " မေးပါတယ်. .

ငှက်က "အကြောင်းရှိလို့ ညဘက်သီချင်းဆိုတာပါ ဆိုပြီး "ရှင်းပြလိုက်တယ်. .

"ညဘက်မှသာ ကျုပ်က သီချင်းဆိုတယ်လေ. . . နေ့ဘက်မှာ သီချင်းဆိုရင် ရန်သူက မြင်နိုင်တာကိုး တဲ့
အခုမှတော့ နေ့နဲက ည ဆင်ခြင်နေဖို့၊ ရွေးနေဖို့ မလိုတော့ပါဘူး. . . .လှောင်ချိုင့်ထဲ မရောင်ခင်ကသာ ဒါကို သတိပြုရမှာပါ. . " လို့ လင်းနို့ကပြောပါတယ်...

သူအသိနောက်ကျသွားတာကို လင်းနို့ပြောမှာပဲ သင်ခန်းစာရလိုက်တော့တယ်

(ဒီပုံပြင်လေးကတော့ အမှားကို ပြုမိပြီးမှ ၀မ်းနည်းဖို့ရာ မလိုပါဘူးလို့ပြောတာပါ. . နောင်တ မရခင် က ဆင်ခြင်ရမှာပေါ့)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ခွေးအတွက် စာရင်းမပါ



လားနဲ့ ခွေးတို့ ခရီးအတူလာကြရင်း တံဆိပ်ပိတ်ထားတဲ့ စာခေါက်တစ်ခုကို မြေကြီးပေါ်မှာတွေ့တယ်. . .လားဟာ ကောက်ယူပြီး စာရွက်ခေါက်ကို ဖြန့်လျှက် ကျယ်လောင်စွာ ဖတ်လိုက်တယ်. . . ဒါကိုခွေးက နားထောင်နေတာပေါ. . .

စာထဲမှာ နွားစာ အမျိုးမျိုးအကြောင်းပဲ ပါလာတယ်. . . ကောက်ရိုးမြက်၊ ဖွဲနုတွေ ဖြစ်တယ်. . . သူ့သွားရည်ကျစရာ စာရင်းမတွေ့တာမို့ ခွေးက "စာကို ကျော်ဖတ်ကြည့်ပါဦး မိတ်ဆွေရယ်. . . .. ခင်ဗျား တစ်ကြောင်း နှစ်ကြောင်းလောက် ကျော်ဖတ်ရင် အသားတုံးတွေ ၊ အရိုးတွေပါတာ တွေ့ပါလိမ့်မယ်. . . " တဲ့. .

ဒါပေမယ့် လားက စာကို အစမှ အဆုံး ဖတ်ပြီးတဲ့နောက် ခွေးအတွက် အစာ စာရင်း မပါဘူးဆိုတာသိပါတယ်. . . ဒီတော့ ခွေးက "ဒီစာကို လွှင့်ပစ်လိုက်စမ်းဗျာ . . . . ဘာမှ အသုံးမကျတဲ့ စက္ကူစုတ်ပါ. . . ." လို့ ဆိုလိုက်သတဲ့ . . .

ဒီပုံပြင်လေးက တော့ . ကိုယ့်အကျိုးမပါရင် စိတ်မ၀င်စားတတ်တဲ့ သဘာဝကို ဖော်ပြတာပါ. . .

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . .

လင်းယုန်မ နှင့် မြေခွေးမ



လင်းယုန်မ နှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြလျှင် ပိုမိုရင်းနှီးကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တစ်ပင် မှာ နေကြတယ်. .

သစ်ပင် အပေါ်မှာ လင်းယုန်မ က အသိုက်လုပ်တယ်. . . မြေခွေးမက အပင် အောက်ချုံ ထဲမှာ ကလေးတွေနေဖို့ နေရာလုပ်ထားတယ်. . . တစ်နေ့တော့ မြေခွေးမ အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့ . . . ဒါကြောင့် လင်းယုန်မနှင့် သူ့ကလေးတွေ အဖို့ အစာရလိုက်တယ်. . .

မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တစ်မျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တစ်မျိုးနဲ့ အတော် ခံစားရတယ်. . .ကုန်းမှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ. .

သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ. . . ဒါပေမယ့် မကြာပါဘူးလေ. . မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့သူကို အပြစ်ဒဏ်ပေးနိုင်ခဲ့တယ်. .

လူအချို့ဟာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော် ထားကြတယ်. . .ဒါကိုလင်းယုန်မက တစ်ဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးမြှိုက်လောင်နေတဲ့ ၀မ်းတွင်း ကလီစာတွေကို သူ့အသိုက် ဆီ ချီသွားတယ်. ... အဲဒီအချိန် မှာ လေပြင်းကျလာတဲ့အတွက် လေယပ် သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရော တဲ့. . .

အတောင်မစုံ မပျံနိုင်သေးတဲ့ . . . ငှက်ပေါက်ကလေးတွေဟာ မီးလောင် ခံလိုက်ရပြီးတော့ အောက်ကို ကျသွားတယ်. . ဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက်မှာပဲ အားလုံးကို စားပစ်လိုက်တယ်. .

(ဒီပုံပြင်ကလေးကတော့ မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက်ရှိလို့ ဒဏ်မခတ်နိုင်ပေမယ့်. . . ဘုရားသခင် ရဲ့ အပြစ်ပေးမှုကိုတော့ မလွတ်မြောက်နိုင်ပါဘူး လို့ပြောတာပါ. . . )

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကိုယ့်ကိစ္စပဲကိုယ်လုပ်



လားတစ်ကောင် ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ၀ံပုလွေတစ်ကောင် က ကိုက်စားဖို့ လာတာကို မြင်တွေ့လိုက်တယ်. . . ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင်ဆောင်လိုက်တယ်. . .

ဝံပုလွေက အနီးကို ရောက်လာပြီးနောက် "ဘာကြောင့် သင့်ခြေထောက်မှာ ဒဏ်ရာ ရရှိနေသလဲလို့ မေးတာပေါ့. . လားက ခြံစည်းရိုးတစ်ခုကို ခုန်တုန်း က ဆူးစူးတာပါ. . .ပြီးတော့ အကြံပေးလိုက်တယ်. . . သူ့ကို မစားမီ ဒီဆူးကို နှုတ်ပေးဖို့ပါ. . . ဒါမှ ၀ံပုလွေစားတဲ့ အခါမှာ လည်ချောင်း မှာ ဆူး မစူးနိုင်တော့ဘူးတဲ့. . "

ငနဲ့ က လှည့်ကွက်ထဲ ၀င်လာပါရော. . ဒါနဲ့ လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်. . . .၀ံပုလွေက သူ့ခြေထောက်ကို အသေအချာကြည့်ရှုနေတုန်း လားက ၀ံပုလွေရဲ့ ပါးစပ်ကို ကန်ကျောက်လိုက်လို့ သွားတွေ ကျိုးကုန်တယ်. . .

ဒီတော့မှ ၀ံပုလွေက ၀မ်းနည်းစွာ ရေရွတ်လိုက်တယ်. . .

"ငါ့အပြစ်နဲ့ ငါ ခံလိုက်ရတာပဲ. . ငါ့အဖေ က သားကောင်တွေကို ဖမ်းယူစားသောက်ဖို့ သင်ပေးခဲ့တယ်. . . အဖေရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ဆိုတာ မပါဘူး . . . " တဲ့

(ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမှာ ၀င်ရောယှက်ရင် ဒုက္ခ တွေ့ကြုံတတ်တယ်. . )

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဗေဒင်ဆရာ အတွက်မှားလို့



ဗေဒင်ဆရာတစ်ယောက်ဟာ ဈေးထဲမှာ ဗေဒင်ဟောနေတယ်. . . အလွန်လည်း ဟောရသတဲ့.

တစ်နေ့မှာ လူတစ်ယောက်က ရုတ်တရက် ရောက်လာပြီး "ခင်ဗျားအိမ်မှာ တံခါးချပ်တွေ ပြုတ်ထွက်နေတယ် အိမ်ထဲက ပစ္စည်းတွေကို ယူသွားကြကုန်ပြီလို့ "လာပြောတာပေါ့. . . .

ဒီစကားကိုကြားတဲ့အခါမှာ ဗေဒင်ဆရာ ဟာ ဖြုန်းကနဲ ထပြီး "ကုန်ပါပြီဗျာ" လို့အော်လိုက်ပါတယ်. .

ဒါကို လူတစ်ယောက် က "အခြားသူတွေကို ဘယ်လို ကံကြမ္မာဆိုး ကြုံရမယ်ဆိုပြီး ခင်ဗျား ဟောပြောနေသူပဲ. . . . ဒါပေမယ့် ခင်ဗျားရဲ့ ကံကြမ္မာကိုတော့ ခင်ဗျား ကြိုတင် သိမနေဘူး လား " လို့ ဆိုလိုက်ပါတယ်. .

(ဒီပုံပြင်လေးကတော့ တတ်ယောင်ကား လုပ်ကိုင်နေသူတွေကို ပြောလိုတာပါ. .)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်..

ကြောင်မှန်းသိဖို့ ကြွက်ကသက်သေ



ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာ သူ့ကို မိန်းကလေး အဖြစ် ပြောင်းလဲပေးဖို့ ဆုတောင်းပါတယ်. . . နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်. . .

လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်. . .သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်. . . .

အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကို လူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်. . ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့. .

သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်. . . အိပ်ရာက ချက်ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. . ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး . . . ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က စိတ်ဆိုးပြီး နဂိုကြောင်ဘ၀ကို ပြန်ဖြစ်စေလိုက်တယ်. . .

(လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

လူ့လောက ကမ္ဘာ နွားနို့ပုံပြင်



တစ်ခါက ပါချောချောနဲက ပေါချာချာ ဘုရင်ကြီးတစ်ပါးရှိသတဲ့. . . အဲ့ဒီဘုရင်ကြီးဟာ သူနေထိုင်တဲ့ နိုင်ငံက နွားမွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ နိုင်ငံဖြစ်တာကြောင့် နွားနို့လည်း အလွန်ပေါဆိုပဲ. . . သူ့ရဲ့နိုင်ငံသာလျှင် ကမ္ဘာပေါ်မှာ နွားနို့အထွက်များဆုံး နိုင်ငံဆိုပြီး အမြဲ ဂုဏ်ယူဝင့်ကြွားနေတယ်. . . တစ်နေ့မှာတော့ အင်တာနက်ဖွင့်ကြည့်ရင်း ကမ္ဘာက နွားနို့အထွက်များဆုံးဆိုတဲ့ နိုင်ငံတွေရဲ့ စာရင်းကို သွားတွေ့သတဲ့. . .

အဲဒီမှာ သူ့နိုင်ငံအမည် စာရင်း ပါမလာတာကြောင့် အကြီးအကျယ် စိတ်ဆိုး ဒေါပွသွားပြီး သူပိုင်ဆိုင်တဲ့ နန်းဆောင်ကြီး တစ်ခုလုံးကို နို့ရည်နဲ့ ဆေးကြောပြမယ်. . . နို့ရည် မက်ထရစ်တန်ချိန်ပေါင်း ၁၀၀၀၀၀ ကျော် အသုံးပြုပြမယ်ဆိုပြီး သူပိုင်တဲ့ ၀က်ဘ်ဆိုက်ကနေ အင်တာနက်က တစ်ဆင့် ကမ္ဘာကို ပြန်ကြေငြာလိုက်သတဲ့ . . .

ဘုရင်ကြီးဟာ မြို့သူ မြို့သားတွေ အကုန်လုံးကို တစ်ယောက်ကို နို့တစ်ပုံးကျ ယူဆောင်လာစေပြိး မက်ထရစ်တန်ချိန် ဂါလံပေါင်း သိန်းထောင်ချီဆန့်တဲ့ ဧရာမကန်ကြီး ကို ပြင်ဆင်ပြီး ထည့်ခိုင်းသတဲ့. . . . ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစား လာကြည့်တဲ့သူတွေ ၊ ကမ္ဘာ့နိုင်ငံတကာ သတင်းထောက်တွေဟာလည်း သတင်းထူးမို့ ဦးဦးဖျားဖျား သတင်းလာယူကြ၊ ဘုရင်ကြီးကို အင်တာဗျူးကြနဲ့. . .

ဆင်းရဲသား မိသားစုက ငါတို့မိသားစု ရေတစ်ပုံးစီ ရောတာလောက်နဲ့ ဘုရင်ကြီးကန်ထဲက နွားနို့တေါ မသိသာပါဘူး လို့ တွေးတယ် . . ပုဏားကြီးကလည်း သူ့ရေတစ်ပုံးနဲ့ နွားနို့တစ်ကန်လုံး ဘာမှ မဖြစ်ပါဘူး လို့ စဉ်းစားတယ်. . . သူဌေးကြီး လင်မယားကလည်း ငါတို့ရေပဲထည့်မယ်. . . မသိသာပါဘူး ကွာလို့ဆိုတယ်. . . ဖိနပ်ချုပ်တဲ့ကောင်ကလည်း ရေ. . . အရက်ပုန်းရောင်းတဲ့လူကလည်း ရေ. . . မြို့စားကြီးကလည်းရေ. . ရဲမက်တွေကလည်းရေ. . . ဘီယာစတေရှင်ဖွင့်ထားတဲ့လူကလည်း ရေ. . . သီချင်းဆိုတဲ့လူကလည်း ရေ. . . ဗေဒင်ဆရာကလည်းရေ. . . ကျောင်းဆရာကလည်းရေ. . . နွားပွဲစားကလည်းရေ. . . ရွှေကုန်သည်ကလည်း ရေ. . .

ဒီလိုနဲ့ ရေတစ်ပုံးလောက်များမသိသာပါဘူး ဆိုပြီး အတွေးတူ စိတ်ကူးတူတွေနဲ့ နွားနို့အစား ရေတွေတစ်ပုံးပြီး တစ်ပုံး ထည့်သွားကြတာ မိဖုရားခေါင်ကြီးကိုယ်တိုင်ရေတစ်ပုံးထည့်ခဲ့သတဲ့. .

ဘုရင်ကြီးလည်း နိုင်ငံတကာ သတင်းမီဒီယာတွေကြားမှာ ခွက်ခွက်လန်ပါတော့သတဲ့ကွယ်. . . အဲဒီတော့မှ လူ့ လောက ကမ္ဘာက လူတွေအကြောင်းကို ဘုရင်ကြီး ကောင်းကောင်း သိသွားတော်မူသတဲ့ကွယ်. .

ရယ်စရာ မဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

မျက်စိကုဆေးဆရာ



အဘွားတစ်ယောက်ရဲ့ မျက်စိကို မျစ်စိကုတဲ့ ဆေးဆရာဆီမှာ အခပေးလျက် ကုသစေတယ်. . .

သူ့မျက်လုံးကို ဆေးလိမ်းရမှာကို ဆေးလိမ်းတဲ့အကြိမ်တိုင်းမှာ မျက်လုံးကို ပိတ်ထားရမယ်လို့ ဆေးဆရာက ပြောပြီး ဆေးလိမ်းပေးပါတယ်. . . .. မျက်လုံးပိတ်ထားတုန်းမှာ ဆေးဆရာက အဘွားရဲ့ ပစ္စည်းတွေကို ခိုးယူနေတာကိုး . . .

မျက်စိအမြင်ပြန်လည်ကောင်းမွန်သွားတဲ့အခါ စည်းထားတဲ့ ပတ်တီးကို ခွာလိုက်ပြီး . . . ပြောထားတဲ့ ဆေးဖိုးဝါးခ အတိုင်းတောင်းလေရောတဲ့ . . . အဲဒီမှာ အဘွားက ဆေးကုသခကို မပေးတော့ဘူး. . . ဒါကြောင့် ဆေးဆရာက တရားရုံးမှာ တိုင်တန်းပါတယ်. . .

အဘွားက ဆေးကုသကို မပေးရတဲ့ အကြောင်းကတော့ မျက်စိမြင်ရဖို့ အခပေးကာ ဆေးကုသစေခဲ့တာ ဟုတ်ပါတယ်. . . . ဒါပေမယ့် ဆေးကုသပြီးပါမှ မျက်စိဟာ အရင်ကထက် ပိုဆိုးနေကြောင်းကို ပြောပြပါတယ်. . .

သူဆေးမကုခင်ကမှ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို မြင်နိုင်ပါသေးတယ်. . . အခုမှ အိမ်က ပစ္စည်းတွေကို မတွေ့မမြင်ရတော့ဘူးတဲ့. . . ဒါကြောင့် မျက်စိ ဆေးကုသခကို သူ မပေးနိုင်ပါဘူးလို့ ဆင်ခြေပေးလိုက်ပါတယ်. .

(အချို့လူတွေဟာ မရိုးသားတဲ့နည်းလမ်းနဲ့ စီးပွားရှာချင်ကြတယ်. . နောက်တော့ သူတို့အပြစ်ကို လက်ဆုပ်လက်ကိုင် သိကုန်တဲ့အခါမှာတော့ ဆုံးရှုံးကုန်ကြပါတယ်)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အနီးကပ်ရန်သူ


ရှေးတုန်းက ဗာရာဏသီ ပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ်တယ်. . . ပြည်သူတွေရဲ့ ဘ၀မှန်ကို သိလိုတဲ့အတွ့် မင်းကြီးဟာ သူဆင်းရဲ အသွင် ရုပ်ဖျက်ပြီး စနည်းနာ ထွက်တော်မူပါတယ်.. . ပထမ နေပြည်တော်တွင်း စနည်းနာ ပြီး ထို့နောက် နေပြည်တော် ပြင်ပ ကျေးရွာများသို့ သွားလေသည်. . . .

ကျေးရွာ အပြင်ဘက် ယာတောတစ်ခုသို့ ရောက်တဲ့အခါ. . . အသက်အရွယ် အိုမင်းပြီဖြစ်သော အဘိုးအို အဘွားအို ဇနီးမောင်နှံကို တွေ့ရပါသည်. . . အလုပ်နှင့်လက် မပြတ်အောင်လုပ်နေသော အဘိုးအိုတို့ ဇနီးမောင်နှံကို ကြည့်ကာ "ဘကြီးတို့က အသက်ကြီးလှပြီ တရားဘာဝနာနဲ့ နေသင့်တဲ့ အရွယ်မှာ ဘာ့ကြောင့် ဒီလောက် အပင်ပန်းခံပြီး လုပ်နေရပါသလဲ. . သားထောက်သမီးခံမရှိလို့လား ဒါမှမဟုတ် လောဘမသတ်နိုင်လို့လား ". . . ဟုမေးလေသည်.. .

ထိုအခါ အဘိုးအိုက "တို့များမှာ ကုန်ကျစရိတ်များလှတာကို မောင်ရင်မှ မသိဘဲကွယ်. . . . . တို့များမှာ
(၁) ခိုမှူးကြီးကို အခွန်ဆက်သရတယ်..
(၂) ဧည့်သည်ကိုလဲ ကြာရှည်ကျွေးရတယ်
(၃) သမုဒ္ဒရာထဲကိုလဲ ပစ်ရတယ်
(၄) အနီးကပ်ရန်သူကိုလဲ ကြည်ဖြူစွာကျွေးရတယ်.. . . " ဟုပြောလေသည်. . .
မင်းကြီးက ဘကြီး စကားလေးခွန်း က ထူးဆန်းလှပါပေတယ် ရှင်းပါဦး . . . . ဟုပြောသောအခါ. .

"ခိုမှူးကြီးကို အခွန်ဆက်သရတယ်ဆိုတာ တိုင်းပြည်ကို စောင့်ရှောက်ကာကွယ်ပေးတဲ့ ဘုရင် မင်းမြတ်ကို အခွန်ဆက်သရတယ် လို့ ဆိုလိုတာပါ. . .

"ဧည့်သည်ကို ကြာရှည်ကျွေးမွေးရတယ်ဆိုတာ က မိမိမွေးထားတဲ့ သားသမီးတွေကို အရွယ်ရောက်ပြီး အိမ်ထောင်ကျတဲ့ အထိ စောင့်ရှောက်ကျွေးမွေးရတာကို ပြောတာပါ. ."

"သမုဒ္ဒရာထဲကို ပစ်ရတယ်ဆိုတာကတော့ မိမိ ခန္ဓာ အာဟာရပြည့်အောင် စားသောက်ရတယ်. . . ဒါပေမယ့် ဒီဝမ်းဗိုက် က ပြည့်နိုင်တယ် မရှိဘူးလေ . . ရေတွေ့ ဘယ်လောက်ပဲ စီးဝင် စီးဝင် မပြည့်နိုင်တဲ့ သမုဒ္ဒရာလိုပါ ပဲ. "

အနီးကပ်ရန်သူကိုလည်း ကြည်ြဖူစွာကျွေးရတယ် ဆိုတာက မိမိရဲ့ မယားကို ဆိုလိုရင်း ဖြစ်ပါတယ်. . " ဟု ပြန်လည် ပြောပါတယ်. . . .

အဘိုးအိုရဲ့ ပုစ္ဆာနှင့် အဖြေကို မင်းကြီးသည် အလွန်သဘောကျသွားသည်. . . နန်းတွင်း ပညာရှိများကိုလည်း မေးမည် ဟုမှတ်သားထားလိုက်သည်. . . အဖြေမပေါက်ကြားအောင်လည်း တားမြစ်ထားမည် ဟု စဉ်းစားပြီး "ဒီမှာ ဘကြီး ကျုပ်ဟာ ဟောဒီ ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီး ဖြစ်တယ်. . . " ခုပြောခဲ့တဲ့ ပုစ္ဆာရဲ့ အဖြေတွေကို မပေါက်ကြားပါစေနဲ့. . . ပေါက်ကြားခဲ့ရင် . . သေဒဏ် စီရင်ရလိမ့်မယ်. . . . " လို့ ပြောပြီး မင်းကြီးလည်း နန်းတော်သို့ ပြန်ပြီး ပုစ္ဆာလေးရပ်ကို နန်းတွင်းပညာရှိများကို မေးလေသည်. . . .

မှူးမတ်တို့မှာ မင်းကြီး၏ ပုစ္ဆာလေးရပ်၏ အဖြေကို မပေးနိုင်၊ မကြံနိုင်ဖြစ်နေကြပါတယ်. . . . ဒါနဲ့ အမတ်ကြီး တစ်ဦးကတော့ ပုစ္ဆာရဲ့ သဲလွန်စကို စဉ်းစားပြီး မင်းကြီးရဲ့ နည်းအတိုင်း ရုပ်ဖျက်ပြီး မင်းကြီးသွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ခရီးထွက်ခဲ့လေသည်. . . . တွက်ချက်မိသည့်အတိုင်းပင် အမတ်ကြီး လည်း မင်းကြီးတည်းခဲ့သည့် ယာတဲနေ အဘိုးကြီးဆီသို့ ရောက်ခဲ့လေသည်. . . အမတ်ကြီး က အဘိုးအိုထံ ချည်းကပ်၍ ပုစ္ဆာ၏ အဖြေကို မေးလေသည်. . အဘိုးအိုက မဖြေပေ. . . . မင်းတရားကြီး အမိန့်ကို မလွန်ဆန်ရဲ၍ တံစိုး လက်ဆောင်ပေးသော်လည်း မရပေ. . .

သို့နှင့် အမတ်ကြီး က အဘွားအိုကို ချည်းကပ်၍ အသပြာ တစ်ထောင် ပေးသော အခါ အဘွားအိုက အဖြေကို ပြောပြလိုက်လေသည်. . . . အမတ်ကြီးလည်း ပုစ္ဆာလေးရပ်၏ အဖြေကို သိလျှင် နန်းတော်သို့ ပြန်၍ မင်းကြီးအား လျှောက်တင်လေသည်. . . အဖြေကို ကြားရလျှင် မင်းကြီး က လွန်စွာ အံ့သြ သဖြင့် အဖြေကို ဘယ်က ဘယ်ပုံရလာသနည်း သေသေချာချာ လျှောက်တင်ပေတော့ မလျှောက်တင်နိုင်ရင် အမတ်ကြီးကို ရာထူးက ထုတ်ပယ် ရလိမ့်မည် ဟု မိန့်တော်မူလေသည်. . . .

ထိုအခါ အမတ်ကြီး က အမှန်ကို မကွယ်မလျက် လျှောက်တင်လေသည်. . . . နောက်တစ်နေ့ ညီလာခံတွင် မင်းကြီး က အဘိုးအိုအား စစ်မေးတော်မူလေသည်. . . .ထိုအခါ အဘိုးအိုက "ဒီအဖြေကို ကျွန်တော်မျိုး ပြောရခြင်း မဟုတ်ပါ ဘုရား . . . . ကျွန်တော်မျိုးရဲ့ ပုစ္ဆာ နောက်ဆုံး အဖြေမှာ အနီးကပ်ရန်သူကို လည်း ကြည်ဖြူစွာကျွေးမွေးရတယ် လို့ ပါပါတယ် ဘုရား . . . အနီးကပ်ရန်သူဆိုတာ မိမိရဲ့ မယားပင် ဖြစ်ကြောင်း " လျှောက်တင်လေသည်. . . . . . .


ဗန်းမော်ဆရာတော် ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...


အဘကလည်း မြင်းတစ်ကောင်



တစ်ခါက ရွာလေးတစ်ရွာမှာ လင်မယားနှစ်ယောက်ဟာ အသက်ကြီးလာမှ သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးတစ်ယောက်ရတယ်. . . . သမီးလေးဟာ ငယ်ငယ်လေးကတည်းက ချူချာလှတယ်. . . . မိခင်ဖခင်တို့ ဟာ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပေါ့. . . သမီးလေးအတွက် ကြိုးစားလုပ်ကိုင်ရင်း သူတို့ဟာ စီးပွားတက်လာသတဲ့ . . . ဒါကြောင့် သမီးလေးကို ဖူးဖူး မှုတ်ထားကြတာပေါ့. . .

ပိုသမျှ ငွေတွေကိုလည်း ရွှေတွေ ၀ယ်ပြီး သူ့ အတွက် လက်ဝတ်ရတနာ လုပ်ထားပေးတာ တစ်ဆင်စာတောင် ပြည့်သွားတာပေါ့. . . တောရွာမှာ ဒီလောက်ဟာ အတော်ချမ်းသာတဲ့ သူတွေ တတ်နိုင်ကြတာကိုး . . . ဒါပေမယ့် သူတို့ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ သမီးလေးဟာ အပျိုဖြစ်ခါမှ ဆုံးပါးသွားသတဲ့. . . အဖေကြီးဟာ လည်း ၀မ်းနည်းသလို၊ အမေကြီးဟာလည်း ဖြေမဆည်နိုင်ဘူးတဲ့. . .

"သြော်သမီးလေး ၊ လက်ဝတ်ရတနာတွေကိုသော်မှ မ၀တ်သွားရပါကကော "ဆိုပြီးငိုတာပေါ့. . . .
ရက်တွေ အတော်ကြာလာပေမဲ့ အမေကြီးဟာ သမီးကို မမေ့နိုင်ဘူး ၊ နေ့စဉ် ငိုကြွေးနေတာပဲတဲ့. . . ဒါကို ကြားသိတဲ့ အကြံသမားတစ်ယောက်ဟာ အခြေအနေကို အကဲခတ်နေတာပေါ့. . . .

တစ်ရက်မှာ အကြံသမားဟာ အဘိုးကြီးအပြင်သွားနေတုန်း အမယ်ကြီးထံကိုလာသတဲ့ . . သူဟာရိုးရိုးမလာဘူး . . . ဇာတ်ထဲက နတ်ဝတ်တန်ဆာတွေ ငှားဝတ်ခဲ့ပြီး ခပ်တည်တည်နဲ့ အိမ်ထဲဝင်ခဲ့ပါသတဲ့. . . . . အိမ်ထဲရောက်တော့ ငိုကြွေးနေတဲ့ အမယ်ကြီးကို "ဟယ် သင်လူသား ၊ သင်၏ သမီး အမှာစကားရှိခဲ့တာကြောင့် ငါရောက်လာရတယ်. . . ." လို့ ဇာတ်သံနဲ့ပြောတာပေါ့. . .

ဒီတော့ အမယ်ကြီးက "ဘာများမှာလိုက်လဲ အရှင်နတ်မင်း . . ". . . "တခြားတော့မဟုတ်ပါဘူး . . သင်၏ချစ်မငြီး ထိုသမီးလေးဟာ နတ်ပြညနတ်ရွာခြောက်ထပ်မှာ ကောင်းမွန်စွာနေထိုင်နေကြောင်းပါ." . . "သို့သော် သူ့မှာ လက်ဝတ်ရတနာရွှေငွေတွေ မပါခဲ့တာကြောင့် ကျွန်ုပ်အား လူကြုံပါး၊ အဲလေ နတ်ကြုံပါးပြီး ယူခိုင်းလိုက်ပါတယ်. "

ဒီတော့ အမယ်ကြီးဟာ အဟုတ်မှတ်ပြီး သမီးလေးအတွက် ရည်ရွယ်လုပ်ကိုင်ထားတဲ့ လက်ဝတ်လက်စား အစုံလိုက်ကို ပေးလိုက်လေသတဲ့. . . အကြံသမားဟာ ပစ္စည်းရရခြင်း ရွာတောင်ဘက်ကို ထွက်ပြေးသွား လေသတဲ့. . . အတော်လေးကြာတော့ အဘိုးကြီးပြန်ရောက်လာတယ်. . . . ဒီအခါ အမယ်ကြီးက "သတင်းကောင်းပြောရဦးမယ်တော်ရေ ၊ ကျုပ်တို့သမီးလေးက နတ်ပြည်ရောက်နေတယ်. ". . . "ဟင်ဘယ်လိုလုပ်သိလဲ ရှင်မရယ်. ". . "စောစောကပဲ နတ်သားတစ်ပါးလာပြောသွားတယ် . . ကျုပ်တောင်မှ သမီးမှာလိုက်တဲ့ လက်ဝတ်လက်စားတွေ ထည့်ပေးလိုက်သေးတယ်. . . "

ဒါကိုကြားတော့ အဘိုးကြီးက အလိမ်မိပြီဆိုတာကို ချက်ခြင်း ရိပ်မိတာပေါ့. . ဒါပေမယ့် အမယ်ကြီးစိတ်မကောင်း ဖြစ်မှာစိုးလို့ ဘာမှာ မပြောဘဲ "ဘယ်ဘက်ကိုသွားသလဲလို့ သာ "မေးတယ် . . တောင်ဘက်ကို လို့ အဘွားကြီး က ဖြေတော့ အဘိုးကြီးက တောင်ဘက်ကို မြင်းဒုန်းစိုင်းစီးကာ လိုက်သွားလေတယ်. . . ဒီလိုနဲ့ ခပ်လှမ်းလှမ်းမှာ သုတ်ခြေတင်နေတဲ့ နတ်ဝတ်နတ်စားနဲ့ လူတစ်ယောက်ကို လှမ်းတွေ့တာပေါ့

အဲဒီလူက နောက်ကမြင်းနဲ့လိုက်လာတဲ့ အဘိုးကြီးကိုလည်းတွေ့ရော ပြေးတော့တာပဲ တဲ့ . . အဘိုးကြီးကလိုက် . . . သူက ပြေးပေါ့လေ. . . ဒါပေမယ့် မြင်းကလူထက်မြန်တော့ မလွတ်နိုင်မှန်း သိပြီ ချုံတောထဲဝင်ပြေးပြီး ပုန်းနေလိုက်သတဲ့. . အဘိုးကြီး ဟာ အဲဒီလူ ဒီနားမှာတင် ပျောက်သွားတာ သိတော့ မြင်းပေါ်က ဆင်းပြီး ဘေးနားက ချုံထဲကို ဖြဲရှာတာပေါ့. .

ဒီအခါ ပုန်းနေသူက ချုံတစ်ဖက်ကထွက်လာပြိး အဖိုးအို ရဲ့ မြင်းကိုစီးကာ ထွက်ပြေးသွားလေသတဲ့. . . မြင်းနဲ့ပြေးသွားတဲ့ လူလိမ်ကို မမှီနိုင်တော့တဲ့အတွက် အဖိုးအိုဟာ စိတ်ပျက်လက်ပျက်နဲ့ လှမ်းအော်လိုက်သတဲ့

"သမီးကို ပြောလိုက်ပါ. . သမီးအတွက် အဘလည်း မြင်းတစ်ကောင် ပေးလိုက်ပါတယ်လို့ "


"မိမိရဲ့ အားနည်းချက်ကို တစ်ဖက်သားသိအောင် မလုပ်ပါနဲ့ "

"ဒါကို အခွင့်အရေး ယူပြီး မိမိကို နင်းတတ်တယ်"

"သဘာဝကို မလွန်စေနဲ့ "

"သဘာဝလွန်ဆိုတာ တကယ်တော့ မရှိဘူး အလိမ်ခံရတတ်တယ်"

မြန်မာ့ရိုးရာ ပုံပြင်များ


အားလုံးကိုချစ်ခင်လေးစားလျှက်...




အသစ်လာ အဟောင်းကိုမေ့



တစ်နေ့မှာ ဆိတ်ကျောင်းသားလေးတစ်ယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်အချို့ သူ့ဆိတ်အုပ်ထဲရောက်ရှိနေတာကို သိသွားတယ်. . . ညနေချိန်ရောက်တော့ အဲဒီတောင်ဆိတ်တွေကိုပါခေါ်ပြီး သူနေတဲ့ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်. . .
နောက်တစ်နေ့မှာ ရာသီဥတုက အတော်လေးဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး. . . သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့. . .
ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာဝရုံလေးပဲ ကျွေးပြီး အသစ်ရောက်လာတဲ့ တောင်ဆိတ်တွေကိုတော့ သူ့ဆိတ်အုပ်မှာ တိုးပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရော ကြီးကျွေးတယ်. . .
ရာသီဥတုသာယာတဲ့အချိန်ကျမှာ သူဟာ ဆိတ်တွေ အားလုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်. . .တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်းထွက်ပြေးသွားပါရော. . . . ဆိတ်ကျောင်းသားက အစာကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်. . .
အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက. . . . " ကျွန်တော်တို့ မနေ့ကမှ ခင်ဗျားဆီရောက်လာခဲ့တယ်. . . ဒီတုန်းက ခင်ဗျားရဲ့ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်းကျွေးထားတယ်. . . ဒါကြောင့် အခြားဆိတ်တွေ ထပ်ရောက်လာတဲ့အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးရလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ . . . " လို့ပြောခဲ့ပါတယ်. . . .

(မိတ်ဆွေဟောင်းတွေထက် မိတ်ဆွေသစ်ကျွန်ုပ်တို့ကို ပိုမို အရေးတယူပြုစုခံရမယ်. . . . ကျွန်ုပ်တို့ မိတ်ဆွေဟောင်းတွေဖြစ်သွားတဲ့ အခါမှာတော့. . အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာလိမ့်မယ်. . . အဲဒီအခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ခံရမယ့် အလှည့်ပဲ ဆိုတာကို ဖော်ပြခြင်းဖြစ်ပါတယ်. . )

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဦးချိုကြောင့် ဒုက္ခတွေ့


သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . . ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ သတိပြုမိတယ်.

ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .

အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို လိုက်တာပေါ့. . . . . သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. .

ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . . ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . .

သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .

" အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . . ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . " လို့နောင်တတွေရသွားခဲ့ပါတယ်.. .

(မိတ်ဆွေတွေထဲမှာ ဘယ်သူဟာ မှန်ကန်သစ္စာရှိမယ်. . . ဘယ်သူဟာ စိတ်မချသင့်ဘူးဆိုတာ လက်တွေ့ကျတော့ သိရတာပဲ. . . အလှအပထက် အသုံးကျမှုကို တန်ဖိုးထားတတ်ရမယ်. .)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ခွေးမုဆိုး

တစ်ရံရောအခါ သာဝတ္တိပြည်မှ ကောက အမည်ရှိ ခွေးမုဆိုးတစ်ယောက်သည်. ခွေးအပေါင်းခြံရံလျှက် တောသို့သွားရာ လမ်းတွင် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးနှင့် တွေ့ဆုံလေသည်. . မုဆိုးသည် အလွန် ရုန့်ရင်းကြမ်းတမ်းသူဖြစ်သည်. . ရဟန်းကို မြင်သောအခါ ၀မ်းမြောက်ဝမ်းသာ မဖြစ်ရုံမက "ငါသည် သူယုတ်မာ ကို မြင်ရ၏ ယနေ့ သားကောင် တစ်ကောင်မျှ ရတော့မည်မဟုတ်" ဟူ၍ တွေးတောပြီး အမျက်ထွက် ပြီး ခရီးဆက်၏. .
သူသည် တောထဲသို့ရောက်သောအခါ သားကောင်တစ်ကောင်မျှမရချေ . . . ထို့ကြောင့် စိတ်ပျက်စွာဖြင့် ပြန်လာသည်တွင် ဆွမ်းခံပြီး၍ပြန်လာသော ယခင်ရဟန်းနှင့် တွေ့ပြန်သည်. "ယနေ့ ဘာမျှမရသည်မှာ ဤရဟန်းကြောင့်ပင်တည်း "ဟူ၍ ရဟန်းကို သူ့ခွေးများဖြင့် ရှူးတိုက်လေသည်. . .
ရဟန်းလည်း မုဆိုးကို တောင်းပန်သည် မရ ထိုအခါ နီးရာ သစ်ပင်ပေါ်သို့ ပြေးတက်သည်. . လူတစ်ရပ်မျှမြင့်သောနေရာသို့ ရောက်သောအခါ ထိုင်နေလိုက်သည်. . ခွေးများက ဟိန်းဟောင်၍ သစ်ပင်ကို ၀ိုင်းထားကြသည်. .
မုဆိုးက သစ်ပင်ပေါ်တွင်သင်နေသော်လည်း "သင်လွတ်မြောက်မည်လော" ဟု ဆိုက ရဟန်း၏ ခြေထောက်များ ကို မြှားချွန်ဖြင့်ထိုး၏ ရဟန်းက အထိုးခံရသော ခြေကိုရုပ်၍ အခြားခြေကို ချ၏. . . ထိုချသော ခြေကိုလည်း မြားဖြင့် ထိုးပြန်၏ . . . ရဟန်းသည် နာကျင်လွန်းသဖြင့် ခြေတစ်ဖက်ကို ရုပ်ချည်၊ ချချည်ြပုနေရ၏. . . ထိုအခါ ၀တ်ရုံထားသော သင်္ကန်းကို မထိန်းနိုင်. . . သင်္ကန်းသည် ရဟန်းကိုယ်မှ လျှောကျပြီး မုဆိုး၏ တစ်ကိုယ်လုံးကို အုပ်မိသွားသည်. .
ဤတွင် ခွေးများသည် ရဟန်းကျလာသည် ထင်မှတ်ကာ မုဆိုးကို ၀ိုင်းဝန်းကိုက်ခဲကြသည်. . . မုဆိုးသည်မရှုမလှ သေဆုံးရလေသည်. . ရဟန်းသည် ခွေးများကို သစ်ကိုင်းခြောက်တစ်ခုဖြင့် လှမ်းပေါက်ကာမှ ခွေးများသည် မိမိတို့ သခင်ကို ကိုက်စားခဲ့မိကြောင်း သိရှိကာ တောထဲသို့ပြေးဝင်သွားကြလေသည်. .
ရဟန်းလည်း သစ်ပင်ပေါ်မှ ဆင်းပြီးနောက် ဇေတ၀န်ကျောင်းတော်တွင် သတင်း သုံးနေသော မြတ်စွာဘုရား ထံ သွားရောက်၍ အကျိုး အကြောင်း တင်ပြလျှောက်ထားလေသည်. . .
"အရှင်ဘုရား ၊ တပည့်တော်၏ သင်္ကန်းဖြင့် လွှမ်းခြုံမိ၍ မုဆိုး သေဆုံးခဲ့ရပါသည်. . တပည့်တော်၌ အပြစ်ဖြစ်သွားပါသလော တပည့်တော်၏ သီလသည် စင်ကြယ်ပါသေး၏ လောဟု "လျှောက်ထား၏. . . ဘုရားရှင်က "ရဟန်းသင့်၌ အပြစ်မရှိ၊ သင်၏ သီလသည် စင်ကြယ်၏ သင်သည် ရဟန်းစင်စစ် ဧကန်ဖြစ်၏ . . မုဆိုးသည်သာ မပြစ်မှား သင့်သူကို ပြစ်မှားသဖြင့် သေဆုံးရခြင်း ဖြစ်ပေသည်. . . "ဟူ ၍ မိန့်တော်မူလေသည်. .
ထိုသို့မိန့်တော်မူပြီးလျှင်. . .

"အကြင်သူမိုက်သည် မပြစ်မှားထိုက်သော၊ စင်ကြယ်သော ၊ကိလေသာ ကင်းသော ရဟန္တာအရှင်မြတ်အား ပြစ်မှား၏ လေတင်လေညာသို့ ပစ်လွှတ်လိုက်သော ၊ သိမ်မွေ့နူးညံ့သော မြူမှုန့်သည် ပစ်လွှတ်သူထံသို့သာ ပြန်ကျသကဲ့သို့ ထိုသူမိုက်သို့သာလျှင် မကောင်းမှုအကျိုးသည် ရှေးရှုပြန်ကျလာ၏ "

ဟူ၍ ဆုံးမတော်မူလေသည်. . .

(ပါပ၀ဂ်- ကောကသုနခလုဒ္ဒ၀တ္တု)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ပန်းပုံပြင်



ဟိုးရှေးရှေးတုန်းက "နာဆစ်ဆပ်" ဆိုတဲ့ သူငယ်တစ်ယောက်ဟာ အလွန်ရုပ်ရည်ချောမော လှပပါသတဲ့. . . သူဟာ အမဲလိုက် အလွန်ဝါသနာပါလေတော့ တောထဲမှာ နေ့စဉ်လိုလိုလှည့်လည်ပြီး အမဲလိုက်လေ့ရှိပါသတဲ့ . . . အဲလို တောထဲမှာ အနေများတော့ တောထဲမှာနေတဲ့ နတ်သူငယ်မလေး အက်ခို က "နာဆစ်ဆပ်" ကို ချစ်ကြိုက်မိပါလေ ရောတဲ့ကွယ် . . . နတ်သူငယ်မှဆိုတာကတော့ ဥရောပမှာ နတ်သား၊ နတ်သမီးတွေ အပြင် ကိုယ်လုံး ကိုယ်ထည် တကယ့်သေးသေးလေးမှာ တောင်ပံကလေးများပါတာကို ခေါ်တာပါ. . .
"နာဆစ်ဆပ်" က အမဲလိုက်တာကို ပဲ ၀ါသနာပါတဲ့ အပြင် မာနလည်းကြီးသတဲ့ . . . အဲဒီတော့ အက်ခိုကို ယောင်လို့မှ လှည့်မကြည့်ဘူးပေါ. . . အက်ခို ကလည်း "နာဆစ်ဆပ်" အနားမှာ တရစ်ဝဲ၀ဲ လုပ်နေရင်း လုံးပါးပါးလာတာပေါ့. . . . တစ်ဖြေးဖြေးနဲ့ ပိန်ရုံမက ပါးပါးပြီး အငွေ့ဖြစ်ကာ ပျောက်သွားပါသတဲ့ သူ့မှာ ကျန်တာကတော့ အသံကလေးပဲရှိပါသတဲ့. . . . တောထဲတောင်ထဲမှာ အသံကျယ်ကျယ်နဲ့ အော်လိုက်ရင် သူ့ အသံက ပဲ့တင်ပြိးပြန်လာတတ်တာကို အက်ခိုက ပြန်ပြီး အော်လိုက်တာလို့ ရှေးရှေးကလူတွေက ယုံကြည်ကြပါသတဲ့. . အဲဒါကြောင့် ပဲ့တင်သံကို (Echo) လို့ ခေါ်တာပေါ့. . .
အဲဒီကလေးမ အက်ခို အချစ်နာနဲ့ လုံးရာက ပါးပြီးပျောက်လည်းသွားရော သူ့ကိုပိုင်တဲ့ အချစ်နတ်ဘုရားမ ဗီးနတ်စ်က စိတ်ဆိုးပါလေရောတဲ့. . . အက်ခို က ဗီးနတ်စ်ကို ခစားရသူဆိုတော့ ခုတော့ ခစားဝင်စရာ ကိုယ်မရှိတော့ဘူးလေ. . .
အဲဒီတော့ အချစ်နတ်ဘုရားမ ဗီးနတ်စ် က အကြောင်းအရင်းကို စုံစမ်းတာပေါ့ . . . စုံစမ်းလည်းပြီးရောလက်စ သတ်တော့ "နာဆစ်ဆပ်" မချစ်တတ်လို့ အက်ခို ဒီလိုဖြစ်တာကို သိသွားတာပေါ့လေ. . . အချစ်နတ်ဘုရားမ ဗီးနတ်စ် က ဒီလောက်တောင် မချစ်တတ်တဲ့ သူကို ငါကျိန်စာတိုက်လိုက်မယ်. . . သူဒီကနေ့ မြင်တဲ့သူကို ချစ်သွားစေလို့ ဆိုလိုက်ပါသတဲ့. . .
ဒီအကြောင်းတွေကို "နာဆစ်ဆပ်"က ဘာမှ မသိရှာဘူးလေ . . အမဲလိုက်ရင်း တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးနားလည်းရောက်ရော ရေသောက်ချင်တာနဲ့ စမ်းချောင်းလေးဘေးမှာ ဒူးထောက်လိုက်ပါတယ်. . . နောက်ပြီးတော့ ရေကို လက်ခုပ်လေးနဲ့ ခပ်သောက်ဖို့ ခေါင်းကို ငုံ့ချလိုက်ပါသတဲ့ စမ်းရေ ကကြည်လွန်းတော့ သူ့မျက်နှာကို သူမြင်လိုက်ရတာပေါ့ .
အချစ်နတ်ဘုရားမ ဗီးနတ်စ်ရဲ့ ကျိန်စာကလည်း အဲဒီခဏမှာ ဒိုင်းခနဲထိတော့တာပေါ့. . . . "နာဆစ်ဆပ်" ဟာ သူ့ရုပ်သွင်ကိုသူကြည့်ပြီး ချစ်သွားလိုက်တာ. . . တကတည်း ရေတောင်သောက်မိရဲ့လားမသိတော့ပါဘူး စမ်းရေထဲက သူ့ပုံကိုသာ ငုံ့ပြီးကြည့်တော့တာပါပဲတဲ့ . . . . .
တစ်နေ့လည်းမဟုတ် ၊ နှစ်နေ့လည်းမဟုတ်၊ စမ်းချောင်းဘေးမျာ ငုတ်တုတ်ထိုင်ပြီး သူ့ အရုပ်ကိုသာ သူငုံ့ကြည့်နေတဲ့ အခါ "နာဆစ်ဆပ်" ကိုယ် က အမြစ်တွေထွက်ပြီး သူ့ကိုယ်ကလည်း အပင်ဖြစ်သွားပါလေရော တဲ့ . . . .သူ့မျက်နှာကတော့ ပန်းပွင့်ပေါ့ . . . သူဟာ စမ်းရေထဲကသူ့မျက်နှကို ငုံ့ကြည့်ရင်း ပန်းပင်ဖြစ်သွားရတာဆိုတော့ သူပန်းကလေးတွေကလည်း စမ်းချောင်းကလေးထဲကို ငိုက်ငိုက်ကလေး ဖြစ်နေတာပေါ့
အတ္တကြီးရုံသာမက မိမိကိုယ်ကို အချစ်လွန်၊ မိမိရဲ့ ခန္တာကိုယ်အလှအပကို အသားပေးပြီး ပြင်ဆင်တာလွန်တယ်ဆိုရင် အမျိုးသမီးရော၊ အမျိုးသားရော သဘာဝကျသည်ဟု မဆိုသာပေ. . . . ဒါပေမယ့် အမျိုးသားကတော့ သိသာလွန်းတာပေါ့. . . .
အဲဒီပုံပြင်ကစပြီး မိမိကိုယ်ကို အချစ်လွန်ပြီး တသသလုပ်နေတတ်တဲ့ အမျိုးသားများကို "နာဆစ်ဆပ်" လို့ တင်စားကြတယ်. . .


ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...





သာလိကာ၏သင်္ကေတ

တစ်ရံရောအခါ ရွာတစ်ရွာတွင် ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာသော သူကြွယ်လင်မယားတို့ ရှိကြလေသည်. သူတို့တွင် သားသမီးမရှိသောကြောင့် သာလိကာ တစ်ကောင်ကိုမွေးမြူထားသည်. . သာလိကာသည် လူစကား နားလည်သည့်အပြင် ပါးနပ်လိမ္မာသည်. သူကြွယ်ကြီးဘုရားရှိခိုးလျှင် လိုက်လံရှိခိုးလေ့ရှိသည်. . . . အမျှဝေလျှင် လိုက်၍ အမျှဝေသည်..

သူကြွယ်ကြီး ဇနီးသည်. ရုပ်ရည်ရူပကာ တင့်တယ်လှပသည်နှင့်အမျှ အကျင့်မကောင်းပေ. အကျင့်မကောင်းပုံမှာ မျောက်မွေးခြင်းဖြစ်၏ ဒါကို သူကြွယ်ကမသိ . သာလိကာကသိ၏. . . ထိုအကြောင်းကို သာလိကာက သူကြွယ်ကြီးသို့ ဖွင့်ဟတိုင်တမ်းရန် စိတ်ကူးမိသည်.

"သူကြွယ်ရဲ့ဇနီးဖောက်ပြားတဲ့ အကြောင်းကို ငါပြောလိုက်လို့ သူကြွယ်ကြီးသိသွားရင် ချောင်းဖမ်းမယ် လက်ပူးလက်ကြပ်မိလို့ သူကြွယ်ကြီး နဲ့တပည့်တွေက ၀ိုင်းရိုက်ရင် ငမျောက်နာကျင်မယ်. .. ရုံးတင်တရားစွဲရင် ထောင်ကျမည့်အပြင် သူကြွယ်ရဲ့ဇနီးမှာလည်း မျောက်မွေးသူအဖြစ် ရပ်ရွာက ပြစ်တင်ရှုတ်ချတာကို ခံရတော့မယ်. . . သာယာတဲ့ အိမ်ထောင်ရေးလည်း ပျက်စီးမယ် . . . ဒါ့ကြောင့်ငါမပြောဘူး . . . ဟုတွေးခေါ် မြော်မြင်တတ် သောကြောင့် မြုံထားသည်. . . . သို့ရာတွင် မြုံထားရသည့်အတွက် သာလိကာ အနေခက်လှသည်. . . .

"တစ်ခက် တစ်ခက် " ခက်ကြောင်းကို ပါးစပ်ကထုတ်ပြီး အသံမြည်ရသော အခါသာလိကာမှာ သက်သာရာရ၏. . . သို့သော် သူကြွယ်ကြီးမှာ အခက်တွေ့ရပြီ. . . "သား သာလိကာ . . . တစ်ခက် တစ်ခက်နဲ့ မင်းအော်နေတာ ဘာအဓိပ္ပါယ်လဲ. . . စားသောက်မကောင်းလို့လား . . . ကြောင်တွေမြွေတွေလာလို့လား . . . အဖေ့ကိုပြောစမ်း အဖေပြုပြင် ဆောင်ရွက်ပေးမယ်. . . " လို့ပြောသတဲ့ သာလိကာနေသော လှောင်ချိုင့်ကိုလည်း စစ်ဆေး၏ ကျယ်ဝန်း၏ သို့ကြောင့် "တစ်ခက် တစ်ခက် " ဟု အော်မြည်ရန်အကြောင်းမရှိပေ. . .

သူကြွယ်ကြီးမှာ အမျိုး၂ စဉ်းစားသော်လည်း သာလိကာမှာ "တစ်ခက် တစ်ခက် " ဟု သူဖွင့်ပြောရခက်တိုင်း အော်မြဲအော်သည်. . . သူကြွယ်လည်း ဆေးဆရာများကိုပါ ပင့်ခေါ်ပြသတော့သည်. . . . ဆေးဆရာသည် သာလိကာကို ကြည့်ရှုစစ်ဆေးသည်. . . ဆေးဆရာက သာလိကာကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တစ်ထစ်ချ သိလေဟန် ပြော၏

"တစ်ခုခုတော့ တစ်ခုခုပဲဗျ "
သူကြွယ်ကြီး က "ဒါဆိုလည်း ဆရာရယ် စိမ်ပြေနပြေ လေ့လာ အကဲခတ်ရအောင် အိမ်ကို ယူသွားပါလား" ဟုဆိုကာ သာလိကာကို ဆေးဆရာနှင့်ထည့်ပေးလိုက်လေသည်. . . . ဆေးဆရာက သာလိကာ၏ လှောင်အိမ်ကို အမြင့်တွင်ချိတ်ဆွဲထားသည်. . . "ကဲ . သာလိကာရေ မင်းအိမ်မှာ အားနာစရာတွေ ထောက်ထားစရာတွေ ရှိနေလို့မပြောလည်း ငါ့အိမ်မှာ လွတ်လပ်စွာ ပြောနိုင်ပြီလေ " ဟုပြောသည်.

သာလိကာရောက်ရှိလာသော ဆေးဆရာအိမ်မှာ လူဝင်လူထွက်များသည်. . . ဆေးဝါးလာရောက် ကုသသူများသာမက ပညာသင်ယူသော တပည့်တွေလည်း အ၀င်အထွက်ရှိသည်. . . . ထိုသူများ အနက်မှ ထိပ်ကပ်နာလာရောက် ကုသနေသော သူမျာ ရုပ်ဖြောင့်သည်နှင့်အမျှ အကျင့်မကောင်းပေ. . . ဆရာ၏ဇနီးမှာလည်း ဣနြေ္ဒသိက္ခာအရာ၌ လျော့ရဲသူဖြစ်ရာ မကြာမီ ထိုသူနှင့် ဖောက်ပြားလေ၏. . .

ဆေးဆရာ၏ဇနီး လော်လည် ဖောက်ပြားသည်ကို သာလိကာမြင်ရသောအခါ များစွာစိတ်ဆင်းရဲ၏. . . . " ယောကျာ်းတွေမိန်းမတွေဟာ ဘာပြုလို့ ဖောက်ပြားကြရတာလဲ. . . မဖောက်ပြန်တဲ့ အိမ်မရှိတော့ဘူးလား. . . တယ်ခက်ပါလား. . . . " သာလိကာမှာ ဤသို့ဖြင့် အော်သံပြောင်းသွားလေ၏. . . . .
"နှစ်ခက်. . . နှစ်ခက်"

"ဟေ့ကောင် သာလိကာ၊ မင်းဟာက ဘာလဲကွ. . ဘယ်လိုအကြောင်းကြောင့် တစ်ခက်ကနေ နှစ်ခက်ဖြစ်သွားရတာလဲ. . . " သာလိကာကား မပြောပေ. . .
ထိုအခါမှာ ဆေးဆရာကား အခက်တွေ့နေပြီ တစ်ခက် တစ်ခက် ဟုအော်ရသည့် အကြောင်းအရင်း မပေါ်ထွက်လာမီ တစ်ခက်မှ နှစ်ခက်သို့ဖြစ်သွားပြီ. . . .

ကြာရင် သုံးခက်. . . .သုံးခက် နဲ့မအော်ဘူး မပြောနိုင်ဘူး. . .. သူကြွယ်ကြီးရေ ဒါကြောင့်နှစ်ခက်နဲ့ ပဲ ပြန်ပို့ပါတယ် ဟု ဆိုကာ ဆေးဝါးမကုနိုင်ပဲပြန်ပို့လေသည်. . . .

"နှစ်ခက် နှစ်ခက် "
သူကြွယ်အိမ်သို့ သာလိကာ ပြန်ရောက်ပြီး မကြာမီမှာပင် သူကြွယ်၏ ဇနီးသည် သယောက်လင်မြှောက်နှင့် ထွက်ပြေးသွားလေ၏ . . . ထိုအခါ သာလိကာ၏ အော်သံမှာလည်း ပြောင်းလဲသွား၏. . . .

"တစ်ခက် တစ်ခက် "
သူကြွယ်မှာ ထိုအခါမှ သာလိကာ၏ "တစ်ခက် နှစ်ခက် " ကို သဘောပေါက်ပြီး ဆေးဆရာထံပြေး၏

"သာလိကာရဲ့ အော်သံက ပညာပါတယ်ဗျို့. . . အိမ်ရှင်မကို သတိထားကြည့်စမ်းဗျို့"

" သူကြွယ်ကြီးရေ၊ ခင်ဗျားပြောတာ နောက်ကျသွားပြီ. . . ကျုပ်ဇနီးမရှိတော့ဘူး. . . "

သာလိကာသည် ပထမတွင် "တစ်ခက် တစ်ခက် " ဟု မြည်ခဲ့ပြီး "နှစ်ခက် နှစ်ခက် " ဟုပြောင်းလဲ အော်မြည်ခဲ့ရာ ယခုအခါတွင် "အနိစ္စ အနိစ္စ" ဟူ၍သာ အော်မြည်နေလေတော့သည်. . .

ခင်ယုမောင်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ယုံမိတဲ့အမှား

ဝံပုလွေတစ်ကောင်ဟာ သိုးအုပ်နောက်က လိုက်နေတာပေါ့. . . ဒါပေမယ့် သိုးတွေကို အန္တာရယ် မပြုဘူးတဲ့ . .

ပထမတော့ သိုးထိန်းဟာ သူဟာသိုးတွေကို ရန်ပြုမယ့်ကောင်လားလို့ စိုးရိမ် သတိထားနေရတယ်. . .

ဝံပုလွေက သိုးတွေနောက်က အမြဲလိုက်နေတယ်. . သူတို့ကိုလည်း အန္တာရယ် နည်းနည်းမှ မပြုဘူး ဒါကြောင့် ကြာလာတော့ သိုးထိန်းက ၀ံပုလွေကို ယုံစားသွားတယ်. .

"ဒီဝံပုလွေဟာ သိုးတွေကို ကိုက်မစားဘူး . . . င့ါသိုးတွေကို သူ ကူညီထိန်းကျောင်းပေးနေတာပဲ. . . ."
ဒီလိုနဲ့သိုးထိန်းဟာ မြို့ကို သွားရမယ့် ကိစ္စတစ်ခု ပေါ်လာပါရော . . . . သိုးထိန်းဟာ ၀ံပုလွေကို သိုးတွေနဲ့ စိတ်ချလက်ချ အပ်ခဲ့တာပေါ့ . . .

ဝံပုလွေဟာ သူ့အခွင့်အရေးကို လက်လွတ်မခံပါဘူး . . . သူ့လက်ချက်ကြောင့် သိုးတွေအတော်များများ သေဆုံးကုန်တယ် . . . သူကစားပစ်တာကိုး . . . သိုးထိန်းပြန်ရောက်လာတဲ့အခါမှ သိုးတွေ ဆုံးရှူံးကုန်တာကို တွေ့ပြီး နောင်တရသွားရှာတယ်. . .

"သိုးအုပ်ကို ထိန်းကျောင်းဖို့ ၀ံပုလွေအပေါ် ယုံစားမိခဲ့တာ ငါ ကိုယ်ကျိုးနည်းပါရောလား. . . "တဲ့

(လူတွေလည်း ဒီလိုအဖြစ်မျိုး ကြုံရတတ်တယ်ကွယ့်. . ကိုယ့်ရဲ့ အဖိုးတန် ဥစ္စာတွေကို အလွဲသုံးစားပြုသူထံမှာ ပုံအပ်မိလို့ အလိမ်အညာခံပြီး ဆုံးရှူံးကြရတယ်. . . အကြံသမားဟာ ယုံကြည်အောင်လုပ်စမြဲပဲ)

အီစွတ်ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လက်ထဲက အစာ

မြေလူးငှက်တစ်ကောင်ဟာ ၀က် သစ်ချပင်အောက်မှာ နားပြီး မြေလူးငှက် တွေရဲ့ သဘာဝအတိုင်း သီချင်းဆိုနေ တာပေါ. သူ့ကို စွန်ကမြင်လိုက်တယ်. . .

ဒီစွန်က အစာရှာမတွေ့လို့ ဗိုက်ဆာနေတယ်. . ဒါကြောင့်သူ့ဆီ ထိုးဆင်းခဲ့ပြီး ချီသွားတယ် . .

မြေလူးငှက် ဟာ စွန်ရဲ့နှုတ်သီးဖျားမျာ သေရတော့မလို ဖြစ်လို့ရုန်းကန်နေတယ်. . . စွန်ကိုလည်း အသက်ချမ်းသာပေးဖို့ တောင်းပန်တယ်. . . . .

"ကျွန်တော်ဟာ အကောင်ငယ်လွန်းပါတယ်. . ခင်ဗျားဗိုက်ဆာနေရင် ကျွန်တော့ထက် အကောင်ကြီးတဲ့ ငှက်ကို စားသင့်ပါတယ် . . "

ဒါပေမယ့်စွန်က . . . "ငါ့လက်ထဲမှာ မိထားတဲ့အစာကို လွှတ်ပြီးရှာမတွေ့သေးတဲ့ အစာနောက်ကို လိုက်မယ် ဆိုရင် ငါဟာ အသိညဏ်မရှိသူဖြစ်နေမှာပေါ." . . . လို့ အဖြေပေးလိုက်တယ်. . .
(လက်ရှိရထားတဲ့ . . . . ဥစ္စာကို ပစ်ပယ်ကာ ပိုပြီးဟန်ကျစေမယ့် ပိုကောင်းမယ့် ဥစ္စာကို
မျှော်မှန်းခဲ့ရင် ဆင်ခြင်မှု မရှိရာ ရောက်ပါလိမ့်မယ်)


အီစွတ်ပုံပြင်ပေါင်းချုပ်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

သစ်ခုတ်သမား

လွန်လေပြီးသောအခါ တိုင်းပြည်တစ်ပြည်တွင် "ပညာဗလ" အမည်ရှိ အမတ်ကြီးတစ်ဦးရှိလေသည်. . ထိုအမတ်ကြီးသည် ပညာညဏ်ကြီးလှသဖြင့် ဘုရင်မင်းမြတ်၏ အထူးမြှောက်စားခြင်းကို ခံရသည်. . .
အခြားအခြားသော အမတ်ကြီးများကလည်း "ပညာဗလ" အမတ်ကြီးအား အထူးပင်ရိုသေ လေးစားကြရာ အမတ်ကြီးမှာ ပညာမာန်တက်လျှက်ရှိသည်. . . .
တစ်နေ့တွင် "ပညာဗလ "အမတ်ကြီးသည် နောက်လိုက်တစ်ဦးနှင့်အတူ မြစ်ဆိပ်သို့ရောက်လာခဲ့သည်. . . နောက်လိုက်အား အမတ်ကြီးက "ကိစ္စတစ်ခုရှိလို့ ဟိုဘက်ကမ်းသို့သွားရန်လှေငှားခိုင်းလေသည်. "
မကြာမီ . . နောက်လိုက်မှ "မှန်လှပါဘုရား ဤသူငယ်မှတစ်ပါး အခြားသော လှေသမားများ မရှိကြောင်းပါဘုရားဟု "ဆိုကာ လူငယ်တစ်ဦးကို ခေါ်လာလေသည်. . .


အမတ်ကြီး က. . . . "သင်ဘာအလုပ်လုပ်သလဲ . . ."
လူငယ် . . . "သစ်ခုတ်ပြီး သစ်နဲ့ဆိုင်တဲ့ ပစ္စည်းများလုပ်ပါတယ် . ."
အမတ်ကြီး . . . . "ငါတို့ကို ဟိုဘက်ကမ်းကို သင်ပို့နိုင်ပါသလား "
လူငယ် . . . . "ပို့နိုင်ပါတယ်. "
သစ်ခုတ်သမားသည် ပညာဗလ အမတ်ကြီးအား လှေပေါ်တွင်တင် ကာလှော်ခတ်ခဲ့သည်. .
အမတ်ကြီး . . . . "သင်စာပေကျမ်းဂန်တတ်သလား ."
လူငယ် . . . . "စာကြီးပေကြီးတော့မတတ်ပါဘူး သစ်ခုတ်ပြီး လှေလုပ်တတ်လို့ဟောဒီလှေဟာ ကျွန်တော့လှေပါ.".
အမတ်ကြီး . . . . "တယ်ညံ့သကိုး ဆေးဝါးပညာရောတတ်သလား . . ."
လူငယ် . . . . "ဆေးဝါးပညာမတတ်ပါဘူး လူတွေနေဖို့ အိမ်ဆောက်ပေးတတ်ပါတယ်. . . "
အမတ်ကြီး . . . . "တယ်ဖျင်းသကိုး ဗေဒင်ပညာကောတတ်သလား . "
လူငယ် . . . . "ဗေဒင်မတတ်ပါဘူး လယ်လုပ်တတ်လို့ ဆန်စပါးရပါတယ်. . . "
အမတ်ကြီး . . . . "တယ်အသကိုး ဒါကြောင့်သင်အလုပ်ကြမ်းသမားဖြစ်နေတာပဲ. . ."

လူငယ် . . . . "အမတ်ကြီး ဗေဒင်တတ်ပါသလား . . ."
အမတ်ကြီး . . . . "ဗေဒင်၊ ဆေးဝါး ၊စာပေ ပညာအားလုံး စွယ်စုံတတ်တယ်. . . "
လူငယ်. . . . " ဗေဒင်တတ်တယ် ၊ ဘယ်အချိန်မှာ လေမုန်တိုင်းတိုက်မလဲ ဟောပါ.. "
အမတ်ကြီး . . . . လေမုန်တိုင်းတိုက်တော့မလား အမယ်လေး ဒုက္ခပဲ. . . "
လူငယ် . . . . " မြစ်လယ်ကို လှေရောက်တဲ့အချိန်လောက်မှာ မုန်တိုင်းတိုက်မယ်. . "
သစ်ခုတ်သမားသည် ပြောသည့်အတိုင်း မြစ်လယ်သို့လှေရောက်သော အချိန်တွင် လေမုန်တိုင်းကြီး တိုက်ခတ်လာပါသည်. . .
အမတ်ကြီး . . . . "ဟာလေမုန်တိုင်း တိုက်လာပြီ. . . ဘုရား. . ဘုရား အမယ်လေး လှေနစ်တော့မယ် လှေမနစ်အောင် ကြိုးစားလှော်ပါ အမောင်ရယ် . . . . "
လူငယ် . . . . "စာပေကျမ်းဂန်ကြီးတွေထဲမှာ လှေမနစ်တဲ့နည်းမပါဘူးလားခင်ဗျာ. . "
အမတ်ကြီး . . . . "မပါပါဘူး အမောင်ရယ် အလှော်ကောင်းမှမနစ်မှာပါ . . . ."
လူငယ် . . . . "လှေနစ်မနစ်သိရအောင် ဗေဒင်တွက်ကြည့်ပါလား ကျွန်တော်က စာပေကျမ်းဂန်မတတ်ပေမယ့် လှေကို တော့ကောင်းကောင်းလှော်တတ်ပါတယ်. . ."
အမတ်ကြီး . . . . " ဒီအချိန်မှာ စာပေကျမ်းဂန်တတ်ဖို့ထက် လှေလှော်တတ်ဖို့က အရေးကြီးပါတယ်. "
လှေသည်တစ်ဖက်ကမ်းသို့ရောက်သောအခါတွင်
အမတ်ကြီး . . . "မောင်ရင်ဟာ ကျုပ်အသက်သခင် ကျေးဇူးရှင်ပါ. . "
လူငယ် . . . . "ကျွန်တော်လူဖျင်းလူညံ့ဆို. . . "
အမတ်ကြီး . . "မောင်ရင့်ကြောင့်လူတွေ အိမ်ရတယ် ၊ စားစရာ ဆန်ရတယ် မောင်ရင်ဟာ အများရဲ့ကျေးဇူးရှင်ပါ. ."
လူငယ် . . . ." ဒီလိုကြားရတာ ၀မ်းသာပါတယ်ခင်ဗျာ . . . "
အမတ်ကြီး . . "မောင်ရင့်ကို အထင်သေးမိတာမှားပြီ တစ်ဦးခေါင်းတစ်ပညာ သူ့နေရာနဲ့သူ အသုံးကျတဲ့လူတွေ ကြီးပါပဲမောင်ရင်. . . "

ထိုနေ့မှစ၍ ပညာရှိအမတ်ကြီးသည်. . လူတိုင်းက သူ့ကိုလေးစားသလို သူကလည်း လူတိုင်းကို ပြန်လည်လေးစား လာလေသတည်း . . .


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။