ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ညစ်ရင်ရေချိုးပါ(၁)



တစ်ခါတုန်းက သားအဖနှစ်ယောက်ရှိပါတယ်။တစ်နေ့တော့သားအဖနှစ်ယောက် ခရီးတစ်ခု ထွက်ဖို့ရှိပါတယ်။ သူတို့ထွက်မယ့် ခရီးစဉ်မှာ တောအုပ်တစ်ခုကို ဖြတ်သန်းသွား ရမှာပါ။ အဲ့ဒိတောအုပ် ထဲမှာ သူခိုးတွေလည်း ရှိနေပါတယ်။ ဓားပြသူခိုးတွေရဲ့ လုပ်ထုံးအစဉ်အလာတစ်ခုက သားအဖနှစ်ယောက်လာရင် သားကိုဖမ်းပြီး အဖေလုပ်သူကို အိမ်ငွေပြန်ယူစေပါတယ်။ဆရာတပည့်လာရင်လည်း ဆရာကိုဖမ်းပြီး တပည့်ကို အိမ်ငွေပြန် ယူစေပါတယ်။

ဒီလုပ်ထုံး အစဉ်အလာကို သိထားတော့ သားအဖနှစ်ယောက် ခရီးမထွက်ခင် အဖေလုပ်တဲ့သူက ''ငါ့သား ဓားပြ သူခိုးတွေနဲ့ တွေ့တဲ့အခါ မင်းနဲ့ငါ သားအဖတော်တယ်လို့ မပြောနဲ့ ဘာမှမတော်ဘူးလို့ ပြော'' လို့မှာပါတယ်။
ဒီလိုနဲ့ တောထဲရောက်တော့ ထင်တဲ့အတိုင်းပါပဲ ။ဓားပြသူခိုးတွေနဲ့တွေ့ပါတယ်။ တွေ့တော့သားအဖ နှစ်ယောက်ကို ဖမ်းပြီး'' သင်တို့ ဘာတော်သလဲ'' လို့မေးတော့ သားလုပ်တဲ့သူက '' ဘာမှမတော်ဘူး'' လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီတော့ သားအဖနှစ်ယောက်တောအုပ်ထဲက ထွက်ခွင့်ရပြီး ရှေ့ကိုခရီးဆက်ခဲ့ရတယ်။ နားရမယ့်နေရာမှာ နားပြီး ညချမ်းရောက်တော့ ရေချိုးပါတယ်။ ရေချိုးပြီးတော့ စိတ်ကော၊ရုပ်ကော ကြည်နေတဲ့အတွက် သားဖြစ်သူက မိမိရဲ့တစ်နေ့တာ သီလကို ပြန်ဆင်ခြင်တဲ့အခါ မနက်က မုသား ပြောခဲ့တာကို ပြန်သတိရပါတယ်။ ထိတ်လန့်သံဝေဂဖြစ်ပြီး ''ဒီအကုသိုလ်ဟာ ငါ့ကို အပါယ်ချတော့မှာပဲ '' ဆိုပြီးရပ်နေလျှက် ဝိပဿနာ ပွားလိုက်တာ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်ဖြစ်သွားပါတယ်။
(ငါးရာ့ငါးဆယ် ၊ပါနိယဇာတ်)

ရေချိုးလိုက်လို့တရားထူးတရားမြတ် ရသွားတာတော့ မဟုတ်ပါဘူး။ အတိတ်ပါရမီတွေကြောင့် ရသွားတာပါ။ ဒါပေမဲ့ရေချိုးလိုက်တာလည်း တရားထူးရဖို့ အထောက်အပံ့ တစ်ခု ဖြစ်သွားတာပါ။ ရေချိုးထားတဲ့အတွက် စိတ်ကော ရုပ်ကော ကြည်နေပါတယ်။ စိတ်ရုပ်ကြည်နေတဲ့အတွက် တရားအားထုတ်ရတာလည်း ပိုပြီး အဆင်ပြေသွားပါတယ်။ ရေချိုးခြင်းဟာ တရားထူးရဖို့တောင် အထောက်အပံ့ပေးတာဆိုတော့ စိတ်ညစ်တာ လောက်တော့ အထူးပြောနေစရာမလိုတော့ ပါဘူး။

ဒါကဝတ္ထုသာဓကလေး ကို ကိုင်ပြောတာပါ။ စာနဲ့ကိုင်ပြောမယ်ဆိုရင်လည်း ဝိဘင်းအဋ္ဌကထာမှာ ပညာ ပွားကြောင်း(၇) ပါးကို ပြ ထားပါတယ်။ အင်္ဂါ(၇) ပါးမှာ ဒုတိယအဂါင်္က ဥာဏ်ပညာပွားဖို့အတွက် ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနကို သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပါတဲ့။ သန့်ရှင်းစင်ကြယ်အောင် လုပ်ပေးပုံကိုလည်း အကျယ်ပြန့် ရှင်းပြထားပါတယ်။

ဆံပင်တွေရှည်နေမယ်၊ ခြေသည်း လက်သည်းတွေရှည်နေမယ်၊ ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေ ကပ်နေမယ်၊ ခန္ဓာကိုယ် ထဲမှာ အပူအပုပ်တွေ လေဆိုးတွေ ရှိနေမယ်၊ ဒါဟာ အတွင်းဝတ္ထုမသန့်ရှင်းတာပါ။
နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေမယ်၊ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ ဟောင်းနွမ်းနေမယ်၊ ကိုယ်နေတဲ့ အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲ ဖွာလန် ကျဲနေမယ်၊ စာအုပ်တွေ ပြန့်ကြဲနေမယ်၊ အမှိုက်တွေ ရှိနေမယ်၊ဒါဟာ အပြင်ဝတ္ထုမသန့်ရှင်းတာပါ။

အဲ့ဓီလို ကိုယ်တွင်းကိုယ်ပ မသန့်ရှင်းတော့ဘူးဆိုရင် စိတ်ရှုပ်လာပါလိမ့်မယ်။ စိတ်ရှုပ်လာရင် ဥာဏ်အမြင် မကြည်လင်တော့ ပါဘူး။ ဒါဆိုရင်နေရထိုင်ရတာ မပျော်ရွှင်တော့ပါဘူး။ ဒါကြောင့် ဆံပင်တွေရှည်နေမယ်၊ ရှုပ်ထွေးညစ်ပတ်နေမယ်ဆိုရင် ညှပ်စရာရှိတာညှပ်၊ လျှော်စရာရှိတာလျှော်ပေးရပါမယ်။ ခြေသည်း လက်သည်းတွေရှည်နေရင် ညှပ်ပေးရပါမယ်။

ခန္ဓာကိုယ် မှာ ချွေးတွေ ဂျီးတွေရှိနေရင် ရေချိုးပေးရပါမယ်။ ခန္ဓာကိုယ် ထဲမှာ လေဆိုးတွေ အပူအပုပ်တွေ ရှိနေရင် နားလည်တဲ့ဆရာဝန် နဲ့ ပြသပြီး ဝမ်းသက်စေတဲ့ဆေး စားပြီး ခန္ဓာကိုယ်ပေါ့ပါးအောင် လုပ်ပေးရပါမယ်။
ဒါက အတွင်းဝတ္ထုသန့်ရှင်းတာပါ။

နောက် ကိုယ့်ရဲ့ အဝတ်အစားတွေ ဟောင်းနွမ်းနေရင်၊ အနံ့အသက်ဆိုးတွေရှိနေရင် လျှော်ပေးရပါမယ်။ အိပ်ရာ၊ ခြင်ထောင်၊စောင်၊ ခေါင်းအုံးတွေ လျှော်စရာရှိတာလျှော်၊ နေလှန်းစရာရှိတာ နေလှန်းပြီးပေးရပါမယ်။ ဒါက အပြင်ဝတ္ထုသန့်ရှင်းတာပါ။

ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေုရင် စိတ်ကြည်လာပါလိမ့်မယ်။စိတ်ကြည်လာရင် ဥာဏ်အမြင် ကြည်လာ တော့တာပါ။တရားအားထုတ်တဲ့ယောဂီကော၊စီးပွားရေးလုပ်နေတဲ့သူကော၊ ကျောင်သူ၊ကျောင်းသားကော၊ ကိုယ်တွင်းကိုယ်ပ သန့်ရှင်းနေအောင် ဂရုတစိုက်လုပ်ပေး နေရပါမယ်။ ရေချိုးပြီးမှ တရားထိုင်ရင် ဥာဏ်ပို ပြီး သက်ဝင်ပါတယ်။ ထိုင်ရတာလည်း ပို ပြီးကောင်းပါတယ်။ ရေချိုးထားရင် စိတ်က ကြည်ကြည် လင်လင် လန်းလန်းဆန်းဆန်း ဖြစ်နေတာပါ။


ရဝေနွယ်(အင်းမ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မှန်သောစကားကိုဆိုခြင်း

လူတစ်ဦးဟာ မိမိမှာ အကုသိုလ်တွေ မဖြစ်စေဖို့၊ မိမိဘ၀ကို မထိခိုက် မနစ်နာစေဖို့အတွက် မဟုတ် မတရားတွေ ကို မပြုမူမိအောင်၊ မကောင်းမှုတွေ မပြုမိအောင် မိမိကိုယ်မိမိ သတိထား စောင့်ရှောက်ပြီး ပြုလုပ်နေမယ်ဆိုရင် သူ့အပြုအမူတွေဟာ တစ်ဖက်သား အပေါ်မှာ မထိခိုက်စေနိုင်ပဲ တစ်ဖက်လူအတွက်ပါ အကျိုးရှိစေတဲ့ အပြုအမူမျိုးဖြစ်မှာပါ. .

အလုပ်အကိုင် အနေဖြင့် ပြောရလျှင် မိမိဘ၀ ပုံမှန်တိုးတက်ဖို့၊ မိမိဂုဏ်သိက္ခာတိုးတက်ဖို့အတွက် မိမိအလုပ်ကို အမှားအယွင်း မရှိအောင် ၊ မသမာတာတွေ မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ၊ ကိုယ့်အလုပ်ကို ကိုယ်တိုင် အကောင်းဆုံး လုပ်ရင်. . .မိမိသာမက တစ်ဖက်လူများပါ အကျိုးများစေဖို့ပဲရှိပါတယ်.

စကားပြောဆိုတဲ့ (၀စီကံ) နဲ့ ပတ်သက်တဲ့အခါမှာလည်း မိမိဘက်က သတိပညာအစောင့်အရှောက်နဲ့ မိမိမှာ အကုသိုလ်မဖြစ်အောင် ၊ မိမိကို မထိခိုက်လာအောင်၊ အပြစ်လွတ်အောင် ၊ မမှန်တာတွေ မပြောပဲ ၊ မှန်တာတွေကိုပဲ ပြောမယ်. . . အကျိုးရှိတာသောစကား၊ ပြောသင့်သည့်စကားများကို ပြောမယ်ဆိုလျှင် မိမိရဲ့ ၀စီကံသည် တစ်ဖက်သားကို မထိခိုက်စေနိုင်ပါဘူး. . . . . မိမိနှုတ်ကို စောင့်ရှောက်ခြင်း နဲ့ တစ်ပြိုင်နက် မိမိရော သူတစ်ပါးပါ အကျိုးများစေမှာပါ

သတ္တလောကမှာ လူတွေဟာ အခြားသတ္တ၀ါနဲ့ မတူတဲ့ထူးခြားချက်တွေ အနက်မှာ စကားပြောဆိုတတ်တဲ့ အကျင့်ပါပဲ. . . . . စကားကြောင့် လူအချင်းချင်း ချစ်ခင်ရင်းနှီးမှု စည်းလုံးညီညွတ်မှုများ ရနိုင်ပါတယ်. . အသိပညာဖလှယ်နိုင်ပါတယ်. . . စကားကြောင့်ပဲ လူတစ်ဦးရဲ့ ဘ၀တစ်ခုလုံးကို ကောင်းစေတဲ့ အဖြစ်ရောက် အောင် ပြောင်းလဲသွားစေနိုင်ပါတယ်. . . ဒါပေမယ့် စကားကြောင့်ပဲ ကောင်းကျိုးရနိုင်သလို့ တစ်ဖက်မှာလည်း စကားကြောင့် အကျိုးမဲ့တွေကလဲ အများကြီးပါ. . .

မိမိကိုယ် မိမိ သတိပညာနဲ့ စောင့်ရှောက်ပြီး ကိုယ့်ဘက် က မှန်တာကိုပြောမယ်. . ၊ သာယာ နာပျော်ဖွယ် ကောင်းတဲ့ စကားမျိုးကို ပြောမယ် ဆိုလျှင် လူမှုဒုက္ခများ ၊လူမှု ပြသာနာများ အတော် လျော့နည်းသွားမှာပါ. . . ကိုယ်အပြုအမူသာမက နှုတ်အပြုအမူမှာလည်း မိမိ မှာ အကုသိုလ်တေ၊ွ အကျိုးမဲ့တွေ၊ ထိခိုက်မှုတွေ မဖြစ်စေဖို့ ကိုယ့်ဘက်က သတိပညာအစောင့်အရှောက် နဲ့ အတတ်နိုင်ဆုံး မိမိ ရဲ့ ၀စီကံကို ပြုရင် မိမိရော သူတစ်ပါးမှာ အကျိုးများစေမှာ ဖြစ်ပါတယ်. .

နန္ဒာသိန်းဇံ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ချစ်ခြင်း၏ လှို့ဝှက်ချက်များ

ကိုယ်တို့အားလုံးဟာ .
အပြစ်ကင်းစင်တဲ့ ချစ်သူများ အဖြစ်
မွေးဖွားလာကြတာ မဟုတ်ပါဘူး. . .

ကိုယ်တို့အများစုဟာ
အမှားတွေ လုပ်မိရင်းနဲ့ပဲ
ချစ်တတ်လာကြတာပါပဲ. .

တကယ်လို့ ကိုယ်တို့ဟာ
ကိုယ်တို့အမှားတွေ ရှုံးနိမ့်မှုတွေကို
ဝန်ခံ(ပြုပြင်) နိုင်စွမ်းရှိမယ်ဆိုရင်
အမြဲထာဝရ
ပြီးပြည့်စုံတဲ့ အချစ်တစ်ခုဆီကို
ဦးတည်ရောက်သွားကြမှာ ဖြစ်ပါတယ်.

ကိုယ်တို့အချစ်
အပြစ်တွေနဲက မွေးဖွားခဲ့တာပါ. .
အမှားတွေကို ၀န်ခံပြုပြင်
ချစ်ခင် ကြင်နာကြမယ်ဆိုရင်
အပြစ်ကင်းစင်တဲ့
ချစ်ခြင်းမေတ္တာကို ရမှာပါ. .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူ့စရိုက်


ကျွန်တော်နဲ့ ကျွန်တော့ သူငယ်ချင်းတစ်ယောက် လမ်းလျှောက်ထွက်လာပါတယ်. . .

လူတွေရဲ့ အကျင့် စရိုက်တွေအကြောင်း ဆွေးနွေးလာရင်း လမ်းတစ်ကွေ့မှာ. .

"ဟေ့ဟာ. . . မလုပ်နဲ့လေ. . . "

"တော်ပါတော့. . . "

ရန်ပွဲတစ်ပွဲကို ဖျန်ဖြေသံတွေပါ. . .

အောင်မြင်ပုံမရကြောင်း နောက်ဆက်တဲ့ အသံတွေက သက်သေခံပါတယ်. .

"ဖုံး. . . ခွပ်"

ကျွန်တော့ သူငယ်ချင်းက အဲဒီရန်ပွဲအနားကို သွားပါတယ်. . . . ပြီးတော့.

"ဟုတ်ပြီ ချ ချ "

"ဟေ့လူ ပြန်ရိုက်လေဗျာ. . . ရော့ဒီမှာ တုတ် "

နောက်ဆက်တွဲရလဒ်ကတော့ . .

"မင်းက ဘာကောင်မို့ ၀င်ရှုပ်တာလဲ " ဆိုပြီး ရန်ဖြစ်နေတဲ့. . . နှစ်ယောက်စလုံး သူ့ကို ၀ိုင်းလိုက်လို့ သေပြေး ရှင်ပြေး ပြေးခဲ့ရပါတယ်. . . . .

ပြီးတော့ သူက ပြောလိုက်ပါသေးတယ်. .

"လူဆိုတာ ရန်သူကနေ မိတ်ဆွေဖြစ်ဖို့ အင်မတန် လွယ်ကူကြောင်း သက်သေပြတာတဲ့. . . "

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကဗျာငှက်များ

ကဗျာငှက်တွေ ၊ ပျံဝဲနေပြီ
မိုးမြေအနှံ့၊ နေရာနှံ့ပင်။

တေးသီချင်းသံ၊ ချိုမြညံလို့
ထက်ယံဝဲယာ၊ လေနှင့်ပါ၍
သာယာချိုမော လွမ်းဖွယ်ပြော၏။

မြန်မာပီသ၊ အတွေးလှသော
ဘ၀လင်္ကာ၊ ရတနာကို
ရင်မှာ ဖွဲ့သီ၊ ပန်းပွင်းစီ၍
သင်းကြည်မွှေးပျံ့ ရနံ့ထုံ၏။

ရဲရင်းသတ္တိ၊ မီးတောင်ညှိ၍
ယနေ့ထက်တိုင်၊ ကလောင်ကိုင်လျက်
ခိုင်မာစိတ်ဓာတ်၊ ရဲရဲရပ်၏
ပြတ်သား ယုံကြည် ၊ ရှေ့သို့ချီဆဲ။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အာဇာနည်နေ့



"ဆယ့်ကိုးဇူလိုင် မမေ့နိုင်"
"ဇူလိုင်ဆယ့်ကိုး တပ်လှန့်နှိုး"


ကဗျာဆရာအများပင် အာဇာနည်နေ့ကို စာဖွဲ့ခဲ့ကြသည်. . . ဇူလိုင် ဆယ့်ကိုးရက်နေ့ကား မမေ့နိုင်စရာပင်. . . ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ. . ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သောနေ့ ဖြစ်ပါသည်. . .

ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ကျရောက်နေသဖြင့် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့ကြသည်. . .လွပ်လပ်ရေးအတွက် စားလည်း သည်စိတ်၊ သွားလည်းသည်စိတ် ဖြင့် မိမိဘ၀ကို မြုပ်နှံလျက် တိုင်းပြည်နှင့် လူမျိုးအတွက် ဆောင်ရွက်ခဲ့သည်.. .

၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးဟောင်း၌ ၀န်ကြီးများ အစည်းအဝေး ကျင်းပသည်. . .ဗိုလ်ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်၍ ကက်ဘိနက် ၀န်ကြီးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဒီးဒုတ်ဦးဘချို ၊ ဦးဘ၀င်း ၊ဦးရာဇာတ်၊ သခင်မြ ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြ တို့ တက်ရောက်ကြသည်. . .

နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် အစည်းအဝေးစ၏. . .

မိုးတဖွဲဖွဲရွာနေသည်. . . ရပ်ရှစ်ခွင်ဝယ် ဝေမှိုင်းနေသည်. . စနေမိုးသည် တဖွဲဖွဲနှင့် စွေနေသည်. .
လူငါးယောက် ၊ ဂျစ်ကားတစ်စီး ၊စစ်ယူနီဖောင်း နှင် အတွင်းဝန်ရုံးသို့ ချင်းနင်းဝင်ရောက်သွားသည်. . . မကြာမီ သေနတ်သံများ ကြားရသည်. .

ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်၇သတဲ့. . . . ထိုသတင်းသည် ပြန့်သွားလေသည်. . . ကိုယ်ကျိုးစွန့်သူတို့က ရက်စက်လိုက်ကြပြီး တရားကို နတ်စောင့်သည် ဟု ဆိုကြသည်. . . တစ်တိုင်းပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ကြရသည်. . .

ဗိုလ်ချုပ်သည် ဆင်းရဲ ဒုက္ခ အမျိုးမျိုးခံ၍ တိုင်းပြည်အတွက်. . ဆောင်ရွက်ခဲ့သည်. . . အသက်ကို ပမာဏမထားဘဲ ရန်သူ့မျက်မှောက်တွင် လှို့ဝှက်စွန့်စားမှုများ ပြုခဲ့ရသည်. . . ဆင်းရဲ ပင်ပန်းခံ၍ ဂျပန်ပြည်သွား စစ်ပညာသင်ခဲ့သည်. . . . ဖက်ဆစ်ဆော်လှန်ရေး တိုက်ပွဲများ ကိုယ်တိုင် ဆင်နွဲခဲ့သည်. . ထိုစဉ် အသက်နှင့် ခန္ဓာမြဲခဲ့သည်. . .

လွပ်လပ်ရေးအတွက် ဘိလပ်သွား၍ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ခဲ့သည်.. . .လွပ်လပ်ရေး ရရန် လပိုင်းသာ လိုတော့သည်. . . ပန်းကောင်း အညွန့်ကျိုးဖြစ်ရပြီ . . . အတွင်း သစ္စာဖောက် လောက်ကောင်တို့၏ သစ္စာမဲ့မှုကို ခံလိုက်ရသည်. . . ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်. . .

အကြင်သူသည် မိမိတို့ကိုယ်ကျိုးကို စွန့်လွှတ်သည်. . ကိုယ့် ပုဂ္ဂလိက အကျိုးအတွက်. . . . အရေးမထား . . .အများ အကျိုးအတွက် ဆောင်ရွက်သည်. . . . .တိုင်းပြည်အတွက် ကြိုးပမ်းသည်. . . ထိုသူများကို အများက အလေးထားသည်. . . ကြည်ညိုသည်. . . . . . .


ပုံကို ဒီလင့်က ယူပါတယ်


ကြည်နိုင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကံကောင်းလိုသော်



မိမိဘဝကံအကြောင်းမလှ၍ စိတ်ညစ်နေရလျှင် ဤဆောင်းပါးကိုဖတ်ပါ။ ပျော်ရွှင်ချမ်းမြေ့ ပြည့်စုံသော ဘဝမှာ ကံကောင်းနေသူ ဖြစ်လျှင်မူဤဆောင်းပါးကို ဖတ်ရှုနေရန် မလိုအပ်ပါ။ အချိန်ကုန်ခံ၍ မဖတ်ပါနှင့် ဆက်၍ဖတ်ဖြစ်မည်ဆိုလျှင် မေးပါ ရစေ……

ပြစ်တင်ရှုတ်ချ ဝိုင်းပယ်ခံရသဖြင့် ညှိုးမှိန်နိမ့်ကျနေသလော။

ဥစ္စာစည်းစိမ် ဆင်းရဲချို့တဲ့နေသလော။

အနာရောဂါ နှိပ်စက်ဖီစီိးသလော။

အကျည်းတန် အရုပ်ဆိုး၍လော။

အသက်အန္တရာယ် နီးကပ်နေသလော။

ရှိစေလော့။မည်သို့ပင်ဖြစ်စေ ကံကောင်းစေရန် ကံကောင်းစေသတည်းဟု မဖန်တီးနိုင်သော်လည်း ၊ကံကောင်းစေသော နည်းကိုတော့ မုချအမှန် ပြသနိုင်ပါ၏။ယခု ဤအချိန်အခါမှစ၍ လမ်းစကို သင်မြင်ရပြီ။ ချစ်မိတ်ဆွေ ဆက်လျှောက်လျှင် ရောက်ပါလိမ့်မည်။

သင်၏မိုက်မဲမှု၊တွေဝေမှု၊ ပျင်းရိမှု၊အသိတရားခေါင်းပါးမှုတို့အတွက် သဘာဝတရားကြီးက ဒဏ်ပေးရန် အသင့်ရှိနေသကဲ့သို့ သင်၏ ပြည့်ဝမှု၊ တက်ကြွမှု၊ တာဝန်ကျေပွန်မှု၊စွမ်းဆောင်နိုင်မှုအတွက် လည်း ဆုပေးရန် အသင့်ရှိနေသည်ကို သတိပြုပါ။

စေတနာ စိတ်ကောင်းထားမှ ချမ်းသာရမည်။ကံကောင်းလိုသော် စေတနာ ကောင်းထားရှိရမည်။

ဘဝခရီးသည် တဖြောင့်တည်းမရှိ ။ဘဝအကွေ့များမှာ စွန်းစားမှုသည် တစ်ခါတစ်ရံလိုအပ်သည်။

ဖြောင့်မတ်မှန်ကန်ခြင်းကို စာရိတ္တဟု ခေါ်ရမည်။

အသိစိတ်မှန်ကန်ဖို့အရေးကြီးသည်။

မမှန်တာမလုပ် မဟုတ်တာမပြော။

မတရားမလုပ်၊ မတရားတာမပြော။

ဘဝတိုးတက်ဖို့ အုတ်မြစ်ခိုင်မာအောင်တည်ဆောက်ကြပါ။

ချစ်နိုင်(စိတ်ပညာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူမစွမ်း၍ နတ်မခြင်းပါ ဘုရား



ဘိုးတော်ဦးဝိုင်း၏ ကောင်းမှုတော်များသည် များပြားလာသည်။ မျက်မှောက်ခေတ်တိုင် အထင်အရှား ပင်ဖြစ် ပါသည်။ မင်းကွန်းပုထိုးတော်ကြီး၊ မင်းကွန်းခေါင်းလောင်းတော်ကြီးတို့မှာ အထင်အရှား ပင်ဖြစ်ပါသည်။ ဘိုးတော်ဦးဝိုင်းသည် ၎င်း၏ ကောင်းမှုများအတွက် ပီတိဖြစ်သည်။ ကျေနပ်သည်။

မင်းကွန်းပုထိုးတော်ကြီး၏ ဥာဏ်တော်မှာ မြင့်သည်။ ၅၂၀ တောင်၊၂ မိုက်၊ ၄ သစ်မျှထိ တည်ဆောက် သော်လည်း ပြီးနိုင်ခဲသည်။ ပြီးမြောက်စေချင်လှပြီ။

''ပေါ်ဦး''

''ဘုရား''

''ငါကိုယ်တော်မြတ်ရဲ့ ဘေးလောင်းတော်၊ ဘိုးလောင်းတော်များ တည်ထားကိုးကွယ်ခဲ့ကြတဲ့ ရွေတိဂုံစေတီတော်၊ ရွေစည်းဂုံစေတီတော်တို့ကို……..လူတစ်ရစ် နတ်တစ်ရစ် တည်တယ်လို့ ဆိုတာ ကြားဖူးမို့လား ပေါ်ဦးရဲ့''

''မှန်လှပါ ……..ကြားဖူးကြောင်းပါ ဘုရား''

''ငါကိုယ်တော်မြတ်တည်ထားကိုးကွယ်တဲ့ ပုထိုးတော်ကြီး ကျတော့ဘယ်နတ်ကမှ လာပြီး မကူညီပါလားကွယ့်''

''မှန်လှပါ……..ဘုန်းတန်ခိုးချင်း မတူလို့ပါဘုရား''

''အလို……..လျှောက်စမ်းပါအုံးကွယ့်''

'' ရှေးပညာရှိများ မိန့်ဆိုခဲ့တဲ့ စကားပုံရှိကြောင်းပါဘုရား………''

'' ဘာများတုံးကွယ့် ''

'' လူမစွမ်းနတ်မ ဆိုတဲ့ စကားပုံပါဘုရား၊ ရွှေတိဂုံစေတီတော်၊ ရွှေစည်းဂုံစေတီတော်တို့ကို တည်ခဲ့သောဒါယကာမင်းတို့မှာ …….ဘဝရှင်မင်းတရားကြီးလောက် ဘုန်းတန်ခိုးမစွမ်းသည့်အတွက် နတ်များက မ ရ ခြင်းဖြစ်ပါတယ်ဘုရား……..အရှင်မင်းကြီးကတော့……..ဘုန်းတန်ခိုးအစွမ်းထက်သည့်အတွက် နတ်များမှာမရန်မလိုပါဘုရား……..ထို့ကြောင့် မ မကြခြင်းပါဘုရား…….. ''

''မောင်မင်း တင်လျှောက်ပုံအရ ဆိုရင်တော့ ………..ငါကိုယ်တော် စွမ်းလို့ နတ် မ မတာပဲပေါ့လေ''

'' မှန်လှပါဘုရား''

ဘိုးတော်ဦးဝိုင်းမှ ဦးပေါ်ဦး၏ လျှောက်တင်ပုံကြောင့် စိတ်ကျေနပ်မိတယ်။

ဦးပေါ်ဦး၏ လျှောက်တင်ပုံက အရှင်သခင်၏ စိတ်ကို ချမ်းမြေ့စေသည်။

လူမစွမ်း၍ နတ်မ ခြင်း……..ပါတဲ့။

ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အလုပ်နှစ်မျိုး



"လုပ်သင့်တဲ့အလုပ်ကို လုပ်တဲ့သူဟာ
မလုပ်သင့်တဲ့အလုပ်ကို
ရှောင်ကြဉ်ပြီးသား ဖြစ်သွားပါတယ်. . . "

လူ့ဘဝမှာ အလုပ်နှစ်မျိုးရှိပါတယ်။

တစ်မျိုးက အောင်မြင်တဲ့သူ တွေရဲ့ အလုပ်ဖြစ်ပြီး နောက်တစ်မျိုးကတော့ မအောင်မြင်တဲ့သူတွေရဲ့အလုပ်ပါ။
လူငယ်တွေနားမရှုပ်စေချင်ပါဘူး။

အလုပ်နှစ်ခုကို လူနှစ်ယောက်က နှစ်မျိုးနှစ်စားလုပ်တာမဟုတ်ဘူး။ အလုပ်တစ်ခုတည်းကို လူတစ်ယောက် တည်းက ရွေးချယ်ပြီးတော့လုပ်တာပါ။ လုပ်သင့်တဲ့အလုပ်နဲ့ မလုပ်သင့်တဲ့ အလုပ်ပေါ့။

ကိုယ့်ဘဝတိုးတက်ကြီးပွားဖို့ ကိုယ်ရွးချယ်တဲ့အလုပ်ကို မဆုတ်မနစ် လုံးလကြီးစွာနဲ့ ကြိုးစားပြီး အကောင်း ဆုံးဖြစ်အောင် လုပ်တတ်တဲ့သူတွေဟာ လုပ်သင့်တဲ့ အလုပ်ကိုလုပ်တဲ့ သူတွေဖြစ်ပါတယ်။

လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို ကြိုးစားပြီး လုပ်တဲ့သူတွေဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တွေကို အလိုလို ရှောင်ရှားပြီးသား ဖြစ်သွားတယ်။

ဘာဖြစ်လို့လဲဆိုတော့ မကောင်းတာကိုလုပ်ဖို့ အချိန်မရတော့လို့ပါ။

မလုပ်သင့်တဲ့အလုပ်တွေကို အချိန်ပြည့် ပြုလုပ်တဲ့သူမှာတော့ ဘယ်ဟာ အကောင်းဆုံးလဲဆိုတာကို မသိလို့ မကောင်းတာတွေ လုပ်ရင်းနဲ့ အချိန်တွေကုန်သွားတတ်တယ်။

ကဲ……..ကျွန်ုပ်တို့ဘာကိုရွေးချယ်မလဲ။

အိန်ဂျယ်လ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အားကိုးစရာ



ယုန်ကလေးတစ်ကောင်က စဉ်းစားပါတယ်။

ငါက ခွန်အားနည်းတယ်……..ဒီတော့……လောကမှာ ခွန်အားအကြီးဆုံးသော တစ်စုံတစ်ယောက်ကို အဖော်ပြုဖို့ရှာမှပဲ။

ဒီလိုနဲ့ခရီးထွက်ခဲ့ပါတယ်။

အင်အားအကြီးဆုံးကိုရှာရင်းရှာရင်း တောထဲက တိရီစ္ဆာန်တွေလည်းကုန်သလောက်ရှိနေပါပြီ။

နောက်ဆုံး…….တောဘုရင်ခြင်္သေ့ကြီးဆီ ရောက်ပါတယ်။

တစ်နေ့မှာတော့ အဲ့ဒီခြင်္သေ့ကြီးကို လူမုဆိုးတွေက အနိုင်ယူလိုက်ပါတယ်။

ဒါနဲ့ပဲ ယုန်ကလေးက လောကမှာ အင်အားအကြီးဆုံးလို့ ယူဆရတဲ့ မုဆိုးတွေနား အဖော်ပြုဖို့ သွားလိုက်တာ…….လူမုဆိုးတွေက ဝမ်းသာအားရနဲ့ ချက်စားလိုက်ပါလေရော။

သဲအောင်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ပျိုးနုတ်သမားနှင့်တူသော



မင်းတုန်းမင်းသည် မင်းစည်းစိမ်ကို ခံစားရင်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်းကာ သာသနာ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်အောင် ထမ်းဆောင်သည်. . . ထို့ကြောင့် ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံတိုင်း တရားအားထုတ်လိုကြောင်း လျှောက်ထားလေ့ရှိပါသည်. .

တစ်ခါသော် နန်းတော်သို့ ဗန်းမော်ဆရာတော်အား ဆွမ်းကပ်ပြီး လျှောက်ထားရာမှာ. .

"တပည့်တော်မှာ မင်းစည်းစိမ်နဲ့တာဝန်က တစ်ဖက်ရှိနေလို့သာပါ. . ဘုရား တာဝန်သာမရှိရင် တရားဘာဝနာ စီးဖြန်းနေလိုတော့ကြောင်းပါ ဘုရား. ." ဟု မင်းတုန်းမင်းကြီးကလျှောက်ထားပါသည်. . .


"ဒကာတော်မင်းမြတ်ဟာ ဘုန်းကြီးနဲ့ တွေ့တိုင်း တောပဲထွက်တော့မလို၊ ဘုန်းကြီးပဲ ၀တ်တော့မလိုနဲ့ ပြောတာကြာပြီ. . . . . ဒကာတော့ကို ကြည့်ရတာ ပျိုးနုတ်သမားနဲ့ တူနေပြီဟု . ." ဆရာတော်က မိန့်ပါသည်. .

"ရှင်းလင်းဟောကြားတော်မူပါဦးဘုရား . . ."

ဆရာတော်က ပုံပြင်ကိုစပြောပါတယ်. . . .

"တို့များခေတ်က ပျိုးနုတ်သမားကောင်းဆိုရင် ဂုဏ်ရှိတယ်. . . . တစ်နေ့သော် ပန်းသည်ကြီးတစ်ဦးသည် ပန်းရောင်းရင်း ပျိုးခင်းကြီးတစ်ခုအနီးသို့ ရောက်သွားသည်. . . . ထိုအချိန်တွင်. . ခါးပုံစတွင်း ၌ နှီးတစ်စည်း ကို ညှပ်ထားသော ပျိုးနုတ်သမားတစ်ယောက်လည်း ပျိုးခင်းသို့ရောက်လာသည်.. .

ထို့ကြောင့်ပန်းသည်ကြီးသည် အပန်းလည်းဖြေရင်း ပျိုးနုတ်သည်ကို ကြည့်မည်ဟု သစ်ပင်ကြီး တစ်ပင်အောက်တွင် ၀င်ရောက်နားလေသည်. . . . ပျိုးနုတ်သမား က ဦးစွာ နှီးစည်းကို ရေစိမ်ထားလိုက်သည်. . . . "ထမင်းစားပြီးမှ နုတ်လဲ ခဏပါပဲ လေ. . ."

ထိုသူရေရွတ်လိုက်သော အသံကို ပန်းသည်ကြီးက ကြားကာ ထိုသူ ထမင်းစားပြီးနောက် ပျိုးနုတ်သည်ကို စောင့်ကြည့် ဦးမည်ဟု စိတ်ကူးကာ ဆက်စောင့်နေသည်. . . . ပျိုးနုတ်မည့်သူသည်. . . . ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်သည်. . .ထို့နော်က ပုဆိုးကု ခေါင်းအုံးကာ အညောင်းဆန့်လှဲအိပ်နေလိုက်သည်. . .

"ဒီပျိုးခင်းလေးလောက်များ နေအေးမှ နုတ်လဲခဏပဲ . . မှိန်းလိုက်ဦးမည်. . . . " ဟိုက အိပ်သည်. . ပန်းသည်လည်း "ကြားရတာ ပျိုးနုတ်တော်တော် တော်မည့်သူပဲ စောင့်လက်စနဲ့ ဆက်စောင့်လိုက်ပါ့မယ်လေ. . . " ဟု တွေးက အညောင်းဆန့်က စောင့်လေသည်. .

ပျိုးနုတ်မည့်သူ အိပ်ရာမှ နိုးလာသည်. . . ပန်းသည်လည်း စောင့်ဆဲ. . . "နေကလည်း တယ်အကျမြန်တာကိုး . . .ခုမှ နုတ်လဲ အချိန်မမှီတော့ပါဘူး. . . .မနက်ကျမှပဲ နုတ်ပါတော့မယ်. .." . . ဟု ပျိုးနုတ်သများက ရေရွတ်ပြောဆိုသည်. . .

ပန်းသည်ခမျာ ပျိုးနုတ်သည်ကို ကြည့်ရန် အားခဲထားသည်. . .ယခုတော့ နေကလည်း ညိုပြီ. . . ပန်းအချို့လည်းညှိုးပြီ. . . . ဆက်မရောင်းနိုင်တော့ ပဲ အိမ်သို့သာ ပြန်ခဲ့ရတော့သည်. . .

"ဒီသဘောပါပဲ ဒကာတော် ရေမြေ့ရှင်. . ၊ဒကာတော် တောထွက်နိုး၊ တရားဘာဝနာ စီးဖြန်းနိုးနဲ့ စောင့်ခဲ့တာကြာပါပေကော. . . အချိန်ကုန် စာကြည့်ပျက်တာပါပဲ. . . . ."

ပုံပြင်ကို အဆုံးသတ်ပြီးနောက် ဆရာတော်လည်း ဗန်းမော်ကျောင်းတိုက်သို့ ပြန်လည်၍ ကြွခဲ့လေသည်. . . . မင်းတုန်းမင်းမှာ မည်သို့မျှ မလျှောက်သာ. . . . ဆရာတော်ကို မျက်စိတစ်ဆုံး ဖူးမျှော်ဦးတင်ကာ ကျန်ခဲ့လေသည်. . . .

ဗန်းမော်ဆရာတော် ပုံပြင်များ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သားဖေဖေ



သားရယ်……………..

အောင်မြင်ချင်တဲ့သူဟာ
ကိုယ့်ကိုကိုယ် ယု့ကြည်မှုရှိဖို့
အမှန်တကယ်လိုအပ်ပါတယ်။
အဲ့ဒီယုံကြည်မှုရအောင်
ကိုယ်ဘာသာကိုယ် ပြု စုပျိုးထောင်ရပါတယ်။

အလကားကောင်လို့ သူများကပြောတာနဲ့
စိတ်အားငယ်ပြီး ဘာမှမလုပ်ဘဲနေရင်
အလကားကောင် တကယ်ဖြစ်သွားမှာပေါ။့

သူများတကာရဲ့စကားလုံးတွေကြောင့်
ကိုယ့်ဘ၀ဆုံးရှုံးသွားရတာ
ကံကြမ္မာကြောင့်မဟုတ်ပါဘူး သားရယ်။

ကိုယ့် ရဲ့ဘ၀ အမြင်
ချွတ်ချော်တိမ်းစောင်းနေလို့ပါ။

အမြန်ဆုံးပြုပြင်လိုက်ပါကွယ်။
အောင်မြင်မှုတွေကသားကို
စောင့်ကြိုနေပါလိမ့်မယ်

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မီးတင်းကုပ်တွင်နေသော နဂါးအား တန်ခိုးတော်ဖြင့် ငြိမ်သက်စေတော်မူပုံ



ဗုဒ္ဓမြတ်စွာသည် ရဟန်းများကို သာသနာပြုစေလွှတ်တော်မူပြီးမှ ကိုယ်တိုင်လည်း ဥရုဝေလာကဿပ၊ နဒီကဿပ၊ ဂယာကဿပ၊အမည်ရသော ကဿပညီနောင် (၃)ဦးခေါင်းဆောင်သော ရသေ့တစ်ထောင်ကို ချွတ်တော်မူရန် ဥရုဝေလာသို့ ကြွတော်မူလေသည်။ထိုနေရာရှိနဂါး မီးတင်းကုပ်၌ နဂါးမင်းအား တန်ခိုးအမျိုးမျိုးဖြင့် နှိမ်နင်းပြ၍ ဆုံးမတော်မူရာအားလုံးရဟန်းပြုလေသည်။

ထို့နောက် ထိုရဟန်းတစ်ထောင်နှင့်အတူ ဂယာသီသသို့ ကြွ၍ တရားဟောတော်မူပြန်ရာ အားလုံးရဟန္တာဖြစ်လေသည်။ထိုရဟန်းများနှင့်အတူ ရာဇဂြိုလ်မြို့သို့ ကြွတော်မူ၍ ထန်းတောဥယျာဉ်၌ သီတင်းသုံးတော်မူစဉ် တစ်သိန်းနှစ်သောင်းသော လူတို့နှင့်တစ်ကွ ဗိမ္ဗသာရမင်း အဖူးမြော်လာလေရာ ရှင်ကဿပက ဆရာလေလား၊ရဟန်းဂေါတမက ဆရာလေလား ဟု ယုံမှားဖြစ်ကြသည်ကို အရှင်ကဿပ သိ၍ ဘုရားရှင်၏ခြေတော်ပေါ်၌ ဦးခေါင်းကို တိုက်ပြီးလျှင် ဘုရားရှင်သည် ဆရာ၊ မိမိကတပည့်ဖြစ်ပါကြောင်း ကို အကြိမ်ကြိမ် လျှောက်လေသည်။


THE BUDDHA TAMING THE DRAGON IN THE FIRE- SHED WITH HIS SUPERNATURAL POWER

After sending forth the Arahants to preach, the Blessed One went to Uruvela to convert a thousand hermits headed by the three Kassapa brothers known as Uruvela Kassapa , Nadi Kassapa and Gaya Kassapa. The Buddha tamed the King of the Dragons in a fire –shed by using a variety of his supernatural powers. The thousand hermits became monks and with this retinue, the Blessed One proceeded to Gayasisa. On arrival three the he preached to them again and they all became arahants.

The Buddha went from there to Rajagaha accompanied by those monks and dwelt in the Toddy Palm Grove. King Bimbisara went there with a large following of 120,000 persons to pay his respects to Buddha. As the ascetic Kassapa was held in high esteem by his people, he was at a loss to understand whether the Buddha was a disciple of Kassapa or the latter was a disciple of the former. The venerable Kassapa knew this and placing his head upon the Buddha’s feet acknowledged the Buddha’s superiority, saying . “My teacher , Lord , I’m the disciple” repeatedly.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီလေးဖတ်ဖို့


သမီး. . .

ဖေဖေ့ရဲ့ အောင်မြင်မှု လှို့ဝှက်ချက်တစ်ခု ကို
သမီးလေးကို တိုးတိုးတိတ်တိတ် ပြောရဦးမယ်. .

များများလိုချင် များများပေး
ပေးလေလေ များလေလေပဲ

အဲ့ဒီစကားကို သေချာ စဉ်းစား
လက်တွေ့အကောင်အထည် ဖော်ကြည့်
အကျိုးရှိကြောင်း သိလာလိမ့်မယ်

ဘာတွေပေးရမှာလဲလို့
ဖေဖေ့ကို ပြန်မေးမလိုကလား
ရှိတာတွေ ပေးလိုက်ပါ သမီးရယ်. .

မေတ္တာ၊စေတနာ၊ အကြင်နာ၊ ကရုဏာတွေ
သမီးမှာ အလုံအလောက်ရှိပါတယ်. .
လိုအပ်နေတဲ့သူတွေ ပေးလိုက်ပါ. .

အ၀တ်အထည် ပစ္စည်းရွှေငွေတွေ
သမီးဘ၀မှာ ပိုလျှံလာတဲ့အခါ
ပေးသင့်တဲ့နေရာကို သွားပေးလိုက်ပါကွယ်.

ပေးလိုက်လို့ နည်းပါးသွားမှာ မပူပါနဲ့
ပေးလေလေ များလေလေပဲဆိုတာ
ယုံပါသမီးရယ်. . .
ဖေဖေ ညာမပြောပါဘူး

ကောင်းသန့်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။