ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

ရှေးရေစက်


နာမည်ကျော် ဂျာမာန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်း သည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဥိးဖြစ်သည်. . . လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ဘု ရှိကာ ခါးကုန်းနေသည်. . .
တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူအလည်ရောက်ရှိသည်. . . ကုန်သည်ကြီးမှာ ဖရွမ်တီယဲ အမည်ရှိ သမီးချော တစ်ယောက်ရှိသည်. . သူကလေးကို မြင်တော့ မိုးဇက် အရူးအမူးချစ်မိသည်. . . သို့သော် ဖရွမ်တီယဲ အဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ. . .
မည်သို့ဖြစ်စေ ၊ ပြန်ကာနီး အချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်. . . သူမ၏ ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ် လွန်းလှသည်. .
မိုးဇက် မှာ ရင်ထဲကြေကွဲလျက်နှင့်ပင် သူအကြိမ်ကြိမ်ကြိုးစား၍ သူ့ရင်ထဲက အကြောင်းကို ပြောရန် စကားစကြည့်သည်။ သို့သော် ဖရွမ်တီယဲ ကား သူ့ကို မျက်လွှာတစ်ချက် ပင့်၍မကြည့်ပေ.
နောက်တော့ ရှက်ရွံ့စွာပင် မိုးဇက် က စကားတစ်ခွန်းဆိုသည်. .
"အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံကရွေးချယ်ပေးလိုက်တဲ့ အတိုင်း ဖြစ်ရတယ်ဆိုတဲ့ စကားကို ယုံပါသလား ဟု. . . . " ဖရွမ်တီယဲ အား မေးတော့ . . ."ယုံတယ် ရှင်ကောတဲ့. . . . " သူမက ခေါင်းငုံ့လျှက်ပင် ပြန်ပြောသည်. .
"ကိုယ်လည်း သိပ်ယုံကြည်တာပေါ့. . . . "ဟု မိုးဇက် က ဆိုသည်. . . "ဒီမှာ ကို်ယ်ပြောပြမယ်. . . " ယောကျာ်းလေး တစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့် အခါ တိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေညာပေးလေ့ရှိတယ် ". . ကိုယ့်ကိုမွေးဖွားလာတဲ့ အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်ကပြောတယ်. .
"မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ်တဲ့. . အဲဒီတော့ ကိုယ်ကပြောလိုက်တယ် . . . မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ကိုယ်ထဲ ထည့်ပေးလိုက်ပါ. . . သူ့ကို ချောမောလှပလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ လို့ . . . " ကိုယ်ပန်ကြားခဲ့တာပါ. . .
သည်စကားကိုကြားတော့ ဖရွမ်တီယဲ မျက်လွှာလေး ပင့်၍ကြည့်သည်. . သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည်. . . မိုးဇက် ရုပ်သွင်ကို ပြန်လည် အမှတ်ရသလိုမြင်လာသည်. . . မိုးဇက် ထံ သူမ၏လက်ကို ဆန့်တန်း၍ ပေးလိုက်သည်. . . ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင်ချစ်ခင် စုံမက်သည့် ထာဝရ ကြင်ဖက်ဖြစ်သွားခဲ့လေသည်. . . .

ဖေမြင့်၊ Barry and Joyce Visselle (True Love)

အားလုံးကိုချစ်ခင်လေးစားလျှက်...





တစ်ဖက်သားကို အရမ်းအထင်သေးမထားပါနှင့်


အဲသည်တုန်းက ငွေတန်ဖိုးရှိလှသည်. . . .
သီးစုံအိုက်စကရင် တစ်ခွက်ပင် ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ. . .
၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဟော်တယ်ကော်ဖီခန်းထဲဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်. . . စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲ စောင့်ဆိုင်းနေသည်. . .

ကောင်လေးက. . "သီးစုံ အိုက်စကရင် တစ်ခွက်ဘယ်လောက်လည်း ခင်ဗျာ. . ."

"ဆင့်ငါးဆယ.်" ပါ ဟု စားပွဲထိုးကဖြေသည်. . .

ကောင်လေးက သူ့အိတ်ထဲမှာ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်. .
ပြီးတော့ "အိုက်စကရင် ရိုးရိုး တစ်ခွက် ဆိုရင်ကောဗျာ . . . . "ဟုမေးသည်. .

ထိုင်စရာမရသေးသည့် ဧည့်သည်တချို့လည်း ရှိနေတော့ စားပွဲထိုး အမျိုးသမီးသိပ်စိတ်မရှည်ချင်. .
"သုံးဆယ့်ငါးဆင့်. . . " ဟု တိုတိုပြတ်ပြတ် ဖြေသည်. . .

ကောင်လေးက သူ့ပိုက်ဆံပြားတွေ ရေတွက်ပြန်သည်. .. ထို့နောက် " အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါခင်ဗျာ. . . . " ဟု ဆိုသည်. . .

အမျိုးသမီးသည် အိုက်စကရင်ယူလာသည်. . ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စားပွဲပေါ်တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်. . .

ကောင်လေး အိုက်စကရင် ကိုစားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်. . ပြီးထွက်ခွာသွားသည်. . .
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီပြန်လာပြီး ခုံကိုသုတ်လိုက်သည့်အခါ မြင်လိုက်ရသော အရာကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်.

ကောင်လေး စားသွားသည့် အိုက်စကရင်ခွက်နံဘေးတွင် ငါးဆင့်စေ့နှစ်စေ့နှင့် တစ်ဆင့်စေ့ငါးစေံ ညီညီညာညာလေး ပုံ ၍ထားသည်. . .

သူမအတွက် တစ်(ပ)(စ်) ပေးထားခဲ့ခြင်းပင်. . ....

ဖေမြင့်
(The Best of Bits & Piecces မှ Two Nickels and Five Pennies)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ထာဝရ အကောင်းမြင်သမား

ကံကြမ္မာက မျက်နှာသာပေးသဖြင့် ကျွန်မတို့မှာ သားသုံးယောက်တိတိရရှိခဲ့သည်. . . သူတို့က သူတို့ တစ်ဦးချင်းစီမှာ ပါလာသည့် ထူးခြားသော ဗီဇသဘာဝကိုယ်စီဖြင့် ကျွန်မတို့အတွက် ၀မ်းသာကြည်နူးစရာလေးတွေ ဖန်တီးခဲ့ကြသည်. . .
သည်သုံးယောက်ထဲမှ သားအလတ် ဘီလီကတော့ ထာဝရအကောင်းမြင်သမားလို့ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်. . . သူ့မှာ အဲသည်လို အကောင်းမြင်စိတ်ရှိနေခြင်းက သူ့မွေးရာပါ ပစ္စည်းတစ်ခုပင်ဖြစ်သည်. . .
သူအသက် (၅) နှစ်လောက်တုန်းကလည်း တီဗွီထဲက လူတစ်ယောက် ထိပ်ပြောင်မပြောင် သူ့အစ်ကိုနှင့် ငြင်းကြသည်. . . . . .သူက
"ထိပ်ပြောင်တာမဟုတ်ဘူး ၊ အစ်ကိုကြည့်နေတဲ့အခါသာ ထိပ်ပြောင်သလိုမြင်ရတာ. . သူ့ဘာသူ ထွက်သွားတဲ့အခါကျတော့ ခေါင်းပေါ်မှာ ဆံပင်တွေအများကြီးပဲ ဟု" ဘီလီက ဆိုလေသည်. . .
တစ်နေ့မှာတော့ အဲသည်လို အကောင်းမြင်စကားတစ်ခွန်းကို ကျွန်မတို့ ကြားနာခဲ့ကြရပါသည်. .
ကျွန်မတို့ရဲ့ တတိယသားလေး တင်နာ သွေးဥတွေ ပျက်စီးသော ရောဂါဖြင့် ဆုံးသွားရှာလေသည်. တင်နာလေးက အသက်နှစ်နှစ်ပင်မပြည့်သေး၊ လပေါင်း ၂၀ ပဲရှိသေးသည်.
တင်နာလေး သဂြိုလ်ပြီး နောက်တစ်ညမှာ ဘီလီကို သိပ်ရင်း ကျွန်မလှဲနေသည်. . သည်ညမှာတော့ ကျွန်မတို့ ပြောစရာစကား သိပ်မရှိကြပါ. . . . တိတ်ဆိတ်ငြိမ်သက်၍ သာနေကြသည်. .
ရုတ်တရက် ဘီလီက စကားစသည်. . . "သားတို့အားလုံးအတွက် စိတ်မကောင်း ပါဘူးမေမေ. . ဒါပေမယ့် တခြားလူတွေအတွက သားပိုပြီး စိတ်မကောင်းဖြစ်မိသလိုပဲ. . "
"ဘယ်ကတခြားလူတွေလဲသား " ဟု ကျွန်မကမေးမိသည်. .
သူကရှင်းပြသည်.
"တင်နာ့ကို တစ်ခါမှ မတွေ့ဖူးလိုက်ကြတဲ့ လူတွေအတွက်ပါ. . ဘာပဲပြောပြော သားတို့က တင်နာလေးနဲက လပေါင်း ၂၀ လုံးလုံး အတူနေလိုက်ရတာဆိုတော့ အများကြီးကံမကောင်းဘူးလား ၊ မေမေ စဉ်းစားကြည့်လေ. တင်နာ့ကို တစ်ခါမှ မတွေ့ဖူး မမြင်ဖူး ကြားတောင်မကြားဖူးလိုက်တဲ့ လူတွေ ဘယ်လောက်အများကြီးရှိမလဲ ၊ သူတို့ထက်စာရင်တော့ သားတို့က သိပ်ကို ကံကောင်းတာပါ မေမေ" တဲ့

ဖေမြင့် ( Beth Dalton ၏ The Eternal Optimist)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

အကူအညီ

ကလေးငယ်ကလေး လမ်းလျှောက်သင်နေသည်ကို ဖခင်ဖြစ်သူသည် လှေကားထိပ်မှ ထိုင်ကြည့်နေလေ၏ ကလေးငယ်ကလေးသည် ထိုလှေကားထစ်များကို တစ်ထစ်ချင်း လှမ်းတက်သော်လည်း အောင်မြင်မှုမရသဖြင့် စိတ်ပျက်သွားသည်. . . တခြားအတွေးများလည်းပေါ်လာ၏
သို့နှင့် လှေကားအောက်ဆုံးတွင် ထိုင်နေလိုက်သည်. . လှေကားပေါ်သို့ တက်၍မရသဖြင့် စိတ်ပျက်အားငယ်လျက်ရှိသည်. . . "တော်ပါပြီ" ဟုဆိုကာ တခြားတစ်နေရာသို့ ထွက်သွားလေသည်. . သို့သော်ဖခင်ဖြစ်သူကမူ သူ၏ သားငယ် လှေကားပေါ်သို့ ကြိုးစားတက်သည်ကို တွေ့ချင်မြင်ချင်လျက် ပင်ရှိနေသည်.
ဤနေရာတွင်ဖြစ်သင့်သည်မှာ ဤသို့ဖြစ်သည်. . ကလေးငယ်က စွမ်းအားနည်းနေသော်လည်း စိတ်ဆန္ဒကရှိနေသည်. . . ထိုအခါ ဖခင်ဖြစ်သူက လှေကားပေါ်မှဆင်းလာ၍ သားငယ်ကို ကောက်ယူပွေ့ချီပြီး လှေကားထိပ်သို့ ခေါ်သွားသင့်ပေသည်. .
ထိုနည်းတစ်နည်းသာရှိပေသည်. . .
ကျွန်ုပ်တို့၏ ဘ၀တွင်လည်း ကြိုးစား၍ ပထမဆုံးခြေလှမ်းကို စတင်ချသည့်အခါ နာကျင်မှုများ၊ ယိမ်းယိုင်မှုများရှိမည်ဖြစ်သည် . . ထိုအခါမျိုးတွင် ဖခင်ဖြစ်သူ (သို့) ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း နှင့် မိတ်ဆွေသူငယ်ချင်းများ က လှေကားထိပ်သို့ရောက်အောင် ကူညီခေါ်ဆောင်သွားရမည်ဖြစ်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကျားသစ်တွေဘာကြောင့်အရေခွံလှ


ကမ္ဘာဦးအစကပေါ့
ကျားသစ်တွေဟာ ခြင်္သေ့တွေလိုပဲ ၊ အရောင်က ညိုညစ်ညစ်နဲ့လှတာမဟုတ်ဘူး သစ်ကုလားအုတ်တွေလို မြင်းကျားတွေလို မလှပတဲ့သူ့ဘ၀ကို တွေးပြီး ကျားသစ်ခမျာ စိတ်လက်မသာမယာဖြစ်နေတယ် . . ဒါပေမယ့် ဒီကိစ္စကို ကျားသစ်က ဘယ်သူ့ကိုမျှ အသိမပေးဘူး . . . သူ့ဘာသူ ကြိတ်ခံစားနေရှာတာ

တစ်နေ့မှာတော့ သူဟာ လမ်းလျှောက်ထွက်လာရင်း မြွေတစ်ကောင်နဲ့က တွေ့သတဲ့ ဒီအခါ မြွေက '"အလို ကိုကျားသစ် လို့ ချည့်နဲ့နဲ့လေသံနဲ့ နှုတ်ခွန်းဆက်သတဲ့. "
"ကျွန်တော် တော်၂လေးနေမကောင်းဖြစ်နေတယ် အခြေအနေမကောင်းဘူး . . ဘယ်သူ့မှလည်း မကူညီကြပါဘူးဗျာလို့ အားငယ်တဲ့လေသံနဲ့ ပြောပြန်တယ်. . . "

"ဒါလားမဆန်းပါဘူးကွာ " လို့ ကျားသစ်က ဂျစ်ကန်ကန်နဲ့ပြန်ပြောတယ် . "မင်းလို အယုတ်တမာကောင်မျိုး အခြားကောင်တွေကကြောက်နေတာကွာ ဘယ်သူက မင်းကို ကူညီမလဲ ဒါပေမယ့် မင်းနေမကောင်းတုန်းတော့ ငါကူညီပါ့မယ်ကွာ . . လို့" ကျားသစ်ကပြောပြီး စေတနာနဲ့က ကူညီပေးတယ် . .

မြွေပြန်ပြီးနေကောင်းလာတဲ့အထိကို စောင့်ရှောက်ပြုစုပေးနေတာ . . ဒီလိုနဲ့မြွေနေကောင်း လာတယ် . . မြွေဟာ ကျားသစ်ကို ကျေးဇူးတင်လွန်းလို့ . "ခင်ဗျားရဲ့စေတနာကို တုံ့ပြန်တဲ့အနေနဲ့ ခင်ဗျား လိုချင်တာတစ်ခုကို ကျွန်တော်ပေးပါရစေဗျာလို့ "ပြောသတဲ့ . . . .

ဒီတစ်ခါ ကျားသစ်က "မင်းမတတ်နိုင်ပါဘူးကွာလို့ ငါက လှလှပပ အရေပြားရှိချင်တာ. . . လှပတဲ့ အရေပြားမရှိတဲ့ ဘ၀မှာ ဘာရရ အဓိပ္ပါယ် မရှိပါဘူး လို့ . . . ညည်းညည်းညူညူ ပြောတယ် ". . .

ဒီအခါ မြွေက "ကျွန်တော်ခင်ဗျားကို လှလှပပ အရေပြား ပေးနိုင်ပါတယ်ဗျာ ခင်ဗျားကို ကျွန်တော်ကိုက်မယ် ဒါပေမယ့် မကြောက်နဲ့နော် ခင်ဗျားကို အဆိပ်မသင့်စေရဘူး . . ခင်ဗျား ကိုယ်ပေါ်မှာ လှလှပပ အစက်အကွက်တွေ ပေါ်လာရုံကိုက်မှာ တစ်ကိုယ်လုံး အ၀ါလေးတွေ ၊ အနီလေးတွေ အညိုလေးတွေ အစပ်ဟပ်တည့်တည့်နဲ့ကို လှနေမှာနော်လို့ "ပြောပြတယ်. . .

ဒါနဲ့ မြွေဟာ ကျားသစ်ကို ကိုက်ခဲလိုက်တယ် . . တကယ့်ကိုပဲ ကျားသစ်ရဲ့ အရေပြားပေါ်မှာ ချက်ချင်း ဆိုသလို လှပတဲ့ အစက်အကွက်တွေ ပေါ်လာပါရော . . ဒီအချိန်ကစလို့ ကျားသစ်တွေမှာ အခြားသတ္တ၀ါတွေထက် လှပတဲ့ အရေပြားတွေရှိလာခဲ့တယ် . . . မြွေနဲ့ကျားသစ်ဟာလည်း တကယ့်ကို မိတ်ဆွေရင်းချာတွေဖြစ် သွားတော့တယ် တစ်ဦးနဲ့တစ်ဦး မကောင်းမကြံကြဘဲ ထာဝရ ခင်မင်ရင်းနှီးသွားကြသတဲ့ကွယ် . . .

စိုးထိုက် (Happy Time မဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ညီအကိုနှစ်ယောက်

မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်. . . တစ်ယောက်က အိမ်ထောင်သည်. . သူ့မိသားစုက ကြီးသည်. . နောက်တစ်ယောက်က လူပျိုလူလွတ်
တစ်နေကုန်အလုပ်လုပ်ပြီး လျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူမျှတူခွဲဝေယူကြသည်. . .
တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်. . . "လယ်ယာထွက်သီးနှံတွေ အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး ငါက တစ်ယောက်တည်းသမား . . ငါ့လိုအပ်ချက်ကနည်းနည်းလေး " သည်လိုတွေးက ညစဉ်ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်စီ ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့ အကိုအိမ်က စပါးကျီထဲ သွားထည့်သည်. . .
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်. . . "သီးနှံတွေ၊ ၀င်ငွေတွေကို ညီတူမျှတူ ဝေယူနေကြတာ မမှန်ဘူး . . . ငါက အိမ်ထောင်သည်. . ငါ့မှာ အသက်ကြီးတဲ့အချိန် ပြုစုစောင့်ရှောက်ဖို့ မိန်းမရှိတယ် သားထောက် သမီးခံရှိတယ်. . . ငါ့ညီမှာ က တစ်ယောက်တည်း မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက်မယ့် သူမရှိဘူး" . . ဟူ၍တွေးကာ ညတိုင်း စပါးတစ်အိတ်စီထမ်းပြီး သူ့ညီစပါးကျီထဲ သွားထည့်သည်. . . .
သည်လိုနှင့် နှစ်ညချီ၍ ကြာလာသည်. . ကိုယ့်ကျီထဲ ကစပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်း မရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစာမရဖြစ်နေကြသည်. . .
သို့သော မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကို နှစ်ယောက်ဝင်တိုက်မိကြသည်. . သည်တော့မှ ပင် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်. . .
စပါးအိတ်တွေပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကို တစ်ဦး တင်းတင်းဖက်ထား လိုက်မိကြ လေသည်. . .

ဖေမြင့် ( More Sower's Seeds စာအုပ်မှာ အမည်မသိစာရေးသူ၏ Two Brothers )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ကုလားထိုင်တစ်လုံးသာရွေးထိုင်ပါ

အီတာလျံလူမျိုး နာမည်ကြီး အဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti) ၏ ဖခင်သည် မုန့်ဖုတ်မား တစ်ယောက် ဖြစ်သည်. . .သို့သော် ဂီတဘက်တွင် အလွန်ထက်သန်သည်. . . သူ့သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည်. . . ထို့ကြောင့်ငယ်ရွယ်စဉ်မှာပင် တေးဂီတာ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့သည်. . . ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော် တစ်ဦးဖြစ်ခဲ့သည်. . . .
အောင်မြင်ခဲ့သော သူ့ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည်. . .
"အဖေက ကျွန်တော့ကို အသံအားကောင်းအောင် တအားလေ့ကျင့်ခိုင်းတာပါ၊ အီတလီက ကျွန်တော်တို့ဇာတ်မြို့ မိုဒေနာမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင် ဆရာတစ်ယောက်ရှိတယ် . . . ကျွန်တော့်လိုညာသံပဲ. . . သူက ကျွန်တော့ကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးတယ်. . အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့ ဆရာ အတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ. . . ကျောင်းဆင်းတော့ အဖေ့ကိုကျွန်တော်မေးတယ် . အဖေကျွန်တော်ကျောင်းဆရာ လုပ်ရမလား. . . အဆိုတော် လုပ်ရမလား" ဆိုတော့ အဖေက ပြောတယ်
"လူစီယာနိုတဲ့. . မင်းကုလားထိုင်နှစ်လု့း ထိုင်ဖို့ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ. . . . မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲရွေးရလိမ့်မယ်. . . ." တဲ့
"အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ်. . . အဲဒီနောက်မှာ ပညာသည် အဆင့်နဲ့ စင်ပေါ်တက်ခွင့်ရဖို့ခုနှစ်နှစ်တိတိ လေ့လာသင်ကြားရတယ်. . . စိတ်ညစ်စရာ စိတ်ဓာတ်ကျစရာတွေလည်း အများကြီး ကြုံရတယ်.. .
ခုတော့ ကျွန်တော် သဘောပေါက်ပါတယ် . . . အုတ်စီတဲ့ အလုပ်ပဲဖြစ်ဖြစ်၊ စာရေးတဲ့ အလုပ်ဖြစ်ဖြစ် ၊ ကျွန်တော်တို့ဘ၀ အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ. . . အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ်. . . . ကိုယ်ရွေးတဲ့အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြုပ်နှံနိုင်မှ အဲဒီအလုပ်မှာ အောင်မြင်တယ် . . . ဒါအောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ . . . အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံး ကို ခင်ဗျားရွေး၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ. . . . "

ဖေမြင့် (Choose One Chair)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ရှဥ့်လေးတွေရဲ့သတ္တိ

လွန်ခဲ့သော ၁၅နှစ်ခန့်ကဖြစ်ပါသည် . . . ကျွန်တော်စာရေးဆရာ ပေါက်စဘ၀ . ၀င်ငွေမသေချာသေးသည့် အချိန်မှာ တိတ်ဆိတ်သည့်ပန်းခြံတစ်ခုထဲသို့ ကျွန်တော်ဝင်လာခဲ့သည်. . . ကျွန်တော့ အမျိုးသမီးနှင့်စေ့စပ်ထား သည်မှာ ၄နှစ်ရှိသွားပြီဖြစ်သည် သို့သော လက်ထပ်ဖို့မစဉ်းစားနိုင်သေး.
အဲသည် အခိုက်အတန့်မှာပင် ပန်းခြံထဲရှိသစ်ပင်မြင့်ကြီးထက်တစ်ခုမှ ရှဥ့်လေးတစ်ကောင် နောက်သစ်ပင်ကြီး တစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်. . . သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှာ သစ်ကိုင်းက သူနှင့် အတော်ပင် အလှမ်းဝေးသည်. . .မြင့်လည်းအမြင့်ကြီး သူလုပ်ပုံက စွန့်စားတာနှင့် မတူ သတ်သေဖို့ ကြံစည်နေသလားပင် အောင်မေ့ရသည်. . တကယ်လည်း သူခုန်သည့်အကိုင်းကြီးသို့မရောက်ပါ. .. လေထဲပြုတ်ကျလာသည် . . သို့သော အောက်ဘက်က နိမ့်သည့်သစ်ကိုင်း အနိမ့်တွင် ဘေးမသီရန်မခ သွားချိတ်မိသည် . . ပြီးတော့ ဘာမှ မမှုသလိုဟန်မျိုးနှင့် နဂိုရည်ရွယ်ရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်. ..
ခုံတန်းလျားပေးထိုင်နေသည့်  အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်. . . " အံ့သြစရာကွာ ဒီကောင်တွေခုန်တာ ကိုယ်အကြိမ်ပေါင်းရာချီ အောင်မြင်ဘူးတယ်.. အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ်ဆင်း မလာနိုင်တဲ့အချိန် မှာ ခုန်တယ် ဒါပေမယ့် လဲသွားတာပဲ. . . . ဒါပေမယ့် အဲဒီလိုကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ " အဘိုးကြီးက ကျေနပ်အားရသော ဟန်ဖြင့်ရယ်သည်. . ပြီးတော့မှ " အေးလေ သစ်ပင်တစ်ပင်တည်းပေါ်မျာ ချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ " ဟုဆိုလေသည်. . .
သည်စကားကြားပြီး ကျွန်တော့ ခေါင်းထဲ အတွေးတစ်ခုဝင်သွားသည်. . . "ရှဥ့်တစ်ကောင်တောင် ရှိတဲ့ အခွင့်အရေးကို ရယူဖို့ကြိုးစားတယ် ၊ ငါကရှဥ့်လောက်သတ္တိမရှိဘူးလား "
ကျွန်တော်ကြာကြာမဆိုင်းပါ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်. . . စာတွေကို နှစ်ဆ ဆလောက်မြန်အောင်ရေးသည်. ထို့နောက်တွင် မထင်မှတ်လောက်အောင် လျင်မြန်စွာ အောင်မြင်ခဲ့သည်. နှစ်အနည်းငယ်အကြာတွင် မိတ်ဆွေတစ်ဦးက စာပေဟောပြောရန် ကမ်းလှမ်းလာပါသည်. ကျွန်တော် အကြောင်းတစ်ခုပြပြီးငြင်းဆိုခဲ့ပါသည်. . .
သည်အချိန်တွင် ဇနီးက စကားတစ်ခွန်းဝင်ပြောပါသည်. . . "တစ်ခါတုန်းကရှဥ့်လေး တစ်ကောင်ရှိတယ်. . . မှတ်မိလား . . ." ဟူ၍. . . သူကခုန်ဖို့တိုက်တွန်းလိုက်ခြင်းဖြစ်ပါသည်. . . .မှန်သည် ကြိုးစားကြည့်ခြင်းဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်တာ. . . သည်တွင် ကျွန်တော်ဆုံးဖြတ်ချက်ချပြီး စာပေဟောပြောပွဲ သို့လိုက်ခဲ့ပါသည်. ...
သည့်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီးလုပ်မလား . . . နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့်အခါတိုင်း ရှဥ့်လေးတစ်ကောင်ကို ကျွန်တော်ပြေးသတိရသည်. . . တစ်ဆက်တည်းမှာပင် အဘိုးအို၏ အသံကို နားထဲပြန်ကြား ယောင်လာမိပါသည်. . . .
သို့နှင့် ကျွန်တော် အကြိမ်ကြိမ် ခုန်ဖြစ်ခဲ့ပါသည်. ... သည်လိုခုန်ရင်းက ရှဥ့်လေးတွေ ဘာကြောင့် မကြာခဏခုန်ကြ သလဲဆိုတာပါ ကျွန်တော်သဘောပေါက်လာပါသည်. ..

ခုန်ရတာပျော်စရာပေကိုး

ဖေမြင့်( နှလုံးသားအာဟာရ)
(Oscar Schisgall ၏ Once Teree Was Squirrel) ကိုဘာသာပြန်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

အလိုအပ်ဆုံး

အရွယ်အို အမေဗျာဆရာမကြီး ကို သား(၃) ဦးက မွေးနေ့လက်ဆောင်များ အဖြစ် . . .
ပထမသားကြီးက - ကောင်းမွန်သပ်ရပ် ကျယ်ဝန်းလှပတဲ့ တိုက်အိမ်ကြီးတစ်လုံး ၀ယ်ပေးလိုက်ပါတယ်....

"သားကြီးရယ် အိမ်ကြီးကကျယ်ဝန်းလှပါတယ် . . . အမေ့အတွက် တစ်ခန်းရှိတယ်ဆို လုံလောက်ပါပြီကွယ် . . . အိမ်ကြီးကကျယ်လွန်းတော့ ထိန်းသိမ်းရ၊ အမှိုက်လှည်းရ၊ သန့်ရှင်းရေးလုပ်ရတာ တာဝန်ကြီးပြီး အမေ့အတွက် ပင်ပန်းလှပါတယ်ကွယ်. . . . လို့ပြောသတဲ့ . . . "
သားလတ်ကတော့ ကားတစ်စီးဝယ်ပေးလိုက်ပါတယ် . . .
"သားရယ် အမေက အရွယ်အိုလှပြီ ဆိုတော့ ခရီးမသွားနိုင်ပါဘူးကွယ် . . . . အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေတာ ဆိုတော့ ကားကအမေ့အတွက် အပိုပစ္စည်းတစ်ခုလို ဖြစ်နေတယ်. . . ထိန်းသိမ်း စောင့်ရှောက် ရတာ တာဝန်တစ်ခု ပါပဲကွယ် . . . "
သားငယ်လေးကတော့ လေ့ကျင့်သင်ကြားပေးထားလို့ ကဗျာပုဒ်ရေ ၁၀၀၀ ကျော်ရွတ်နိုင်တဲ့ ကြက်တူရွေးလေး တစ်ကောင် ၀ယ်ပေးလိုက်ပါတယ်. . . .
"သားလေးရေ အမေက အရွယ်အိုဆိုတော့ ကဗျာ၊ စာဝါသနာပါပေမယ့် စိတ်သာရှိပြီး . . . မျက်စိမွဲတော့ မရေးနိုင်၊ မဖတ်နိုင် ဖြစ်နေတာ. . . သားလေးပေးတဲ့ ကြက်တူရွေးလေးက အမေမသိသေးတဲ့ ကဗျာတွေရွတ်ပြတာကို နားထောင်ရတာ ပီတိဖြစ်လိုက်တာ. . . . ပြီးတော့ အမေ့စိတ်ကူးနဲ့စပ်ဆိုတားတဲ့ ကဗျာလေးတွေ ပြန်ရွတ်ပြတော့ နောက်တစ်နေ့မှာ သူက ပြန်ရွတ်ပြနိုင်တယ်ကွယ်. . . . ကဗျာသံ၊ စာသံကြားနေရတော့ ၀မ်းသာ ကြည်နူးစိတ်ချမ်းသာရတယ် ကွယ်. . . "
"သားလေးရဲ့ကြက်တူရွေးက အစ်ကိုကြီးတွေရဲ့ အိမ်တွေ၊ ကားတွေထက်၊ အမေ့အဖို့တော့ တန်ဖိုးရှိလှပါသကွယ် . . . . "
အာလုံး လိုအပ်ချက်နဲ့ဖြစ်လာတာတွေအားလုံး ဆန္ဒတွေတူညီပါစေ. . . .

ရှိန်တင်ဦး (ပေါင်းတည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၅) (ဇာတ်သိမ်းပိုင်း)

ထူးခြားဆန်းကြယ်သော နှလုံးသား

အဲသည်အခိုက်အတန့်မှာ ကြေးရုပ်ရဲ့ ရင်ဘတ်အတွင်းဘက်က တစ်စုံတစ်ရာ ကြေကွဲသွားသလို "ဖျပ်" ဆိုတဲ့ အသံထွက်ပေါ်လာပြီးတော့ ကြေးရုပ်ဟာ ဦးခေါင်းထက်ကနေ ပေါင်ခြံရင်းအထိ ထူးထူးဆန်းဆန်း ကွဲအက်သွားပါ တော့တယ်. . . အအေးဓာတ်ပဲ လွန်ကဲသွားလွန်းလို့လား . . စကားပြောတတ်တဲ့ မင်းသားရုပ်တုက စိတ်ထိခိုက်လွန်းလို့ နှလုံးသား ကွဲသွားပြီးတော့ ရင်သားပါကွဲအက်သွားလေသလား . .
နောက်တစ်နေ့နံက်မှာ မြို့တော်ဝန်နဲ့ သူ့အကြံပေး အဖွဲ့က မြို့တော်ကို လှည့်ပတ်ကြည့်ရှုရင်းနဲ့ မင်းသားကြေးရုပ် ရဲ့ ခြေရင်းဆီသို့ ရောက်လာကြပါတယ်. . . မျက်လုံး ဟောက်ပက် . . ရင်ဘတ်ကွဲအက်ပြီး ညိုမွဲ မည်းခြောက်နေတဲ့ ကြေးရုပ်ကို မြင်ရတဲ့အခါ သူတို့ရဲ့ မျက်နှာတွေ ရှုံ့မဲ့သွားကြတယ်. . .
"အောင်မယ်လေးဗျာ . . ပီတိမင်းသားရဲ့ ကြေးရုပ်က စုတ်ပြတ်နေပါလား . . . ."
"ဟုတ်ပါတယ်. . သိပ်ကျက်သရေမဲ့ နေတာပဲ ၀န်မင်းရဲ. . . ."
မြို့တော်ဝန်မင်းနဲ့ အစဉ်သဘောတူညီလေးရှိကြတဲ့ အတိုင်ပင်ခံလူကြီးမင်း များ က တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြတယ်. . . " ဟော . . ကြည့်စမ်းပါအုံး . . ကြေးရုပ်ရဲ့ခြေရင်းမှာလဲ ပျံလွှားငှက်ငယ် တစ်ကောင် သေနေတယ် . . . . ကြံကြံဖန်ဖန်ဗျာ "
"ဟုတ်ပေတယ် မြို့ဝန်မင်း . . ငှက်တွေဟာ သည်မှာလာပြီး မသေရဘူးလို့ အမိန့်ထုတ်ပြန်လိုက်ရင် ကောင်းမယ်.... "
မြို့ဝန်မင်း ထွက်သွားပြီးတဲ့နောက် အကြံပေးလူကြီးမင်းများရဲ့ ဆင့်ကဲအမိန့်ကြောင့် ကြေးရုပ် ကို ဖြုတ်ချပြီး ကြေးရည်ကျိုဌာန သို့ပို့လိုက်ကြတယ် . .. ပီတိမင်းသားရဲ့ ကြေးရုပ်ကို အရည်ကျိုတဲ့အခါ ခဲနှလုံးသားက ထူးထူး ခြားခြား အရည်မပျော်ဘဲ ကျန်ရစ်တယ်. . . ကြေးရည်ကျိုဌာနက ကြီးကြပ်ရေးမှူးက ခဲနှလုံးသားကို ဆယ်ယူ စစ်ဆေးလိုက်တဲ့ အခါ နှစ်ခြမ်းကွဲနေတာကို ထူးခြားစွာတွေ့ရပြန်တယ်. . . .
"ဟဲ . . . ဟဲ အတော်ထူးဆန်းသဗျို့ . . သည်နှလုံးကွဲကြီး က အရည်ကြိုလို့မပျော်ဘူး . . . ကဲကဲ အပြင်အမှိုက်ပုံ မှာ ပစ်လိုက်ပါတော့ . . . "
ကြီးကြပ်ရေးမှူးရဲ့ အမိန့်အရ ခဲနှလုံးကွဲကို အလုပ်သမားတစ်ယောက် က အပြင်အမှိုက်ပုံထဲ ပစ်ထဲ့လိုက်တယ်... နှလုံးကွဲကျသွားတဲ့နေရာကို ကြည့်မိလိုက်တဲ့ လူတွေက ခပ်စောစောက အမှိုက်ပုံထဲပစ်ထည့်ထားခဲ့တဲ့ ပျံလွှားငှက် အသေကောင်နဲ့နှလုံးကွဲတို့ ယှဉ်တွဲနေကြတာကို တွေ့ကြပေလိမ့်မယ်. . . .

အဖိုးတန်ဆုံးအရာနှစ်ခု

အဲသည်အချိန်မှာ ဘုရားသခင်က သူ့ရဲ့ စေတမန်နတ်သား တစ်ပါးကို အမိန့်ပေးလိုက်တယ်. .
"အမောင်နတ်သား . . လူ့ပြည်သို့ဆင်းပြီး စန်စူစီမြို့ထဲက အဖိုးတန်ဆုံးအရာ သတ္တုနှစ်ခုကို ယူလာစမ်း.."
နတ်သားက ခဲနှလုံးကွဲနဲ့ ငှက်အသေကောင်တို့ကို ယူဆောင်လာပြီး ဘုရားသခင်အား ဆက်သလိုက်တယ်. ..
"မှန်ပေတယ် အမောင်နတ်သား သည်အရာ ၀တ္တုနှစ်ခုက "မေတ္တာနှင့်သစ္စာ" တို့ရဲ့ အထိမ်းအမှတ်မို့ အဖိုးတန် ဆုံးပါပဲ. . . သည်ပျံလွှားငှက်ယ်ကို င့ါရဲ့ဥယာဉ်ထဲမှာ အမြဲတမ်းသီချင်းသီဆို နေဖို့ ငါခွင့်ပြုလိုက်ပြီ . . ပီတိမင်းသားကိုလည်း င့ါရဲ့ ရွှေမြို့တော်မှာ အမြဲတမ်း ပျော်ပျော်ရွင်ရွင် နေထိုင်ခွင့်ပြုလိုက်ပြီ. . . "
ဒါ့ကြောင့် ပီတိမင်းသားနဲ့ပျံလွှားငှက်ငယ်တို့ဟာ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ အတူယှဉ်တွဲပြီး အမြဲတစေ ပျော်ပျော်ပါးပါး နေထိုက်သွားနိုင်ကြတော့တယ်. . . .
(ဆင်းရဲခြင်းဒုက္ခတို့ ပြည့်လျှံနေတဲ့ လောကဘုံမှာ မေတ္တာ နှင့် သစ္စာ ပန်းတို့ အမြဲဖူးပွင့်ဝေဆာနိုင်ကြပါစေ.)

(ကမ္ဘာကျော် စာရေးဆရာ Oscar Wilde ၏ The Happy Prince ကို ရသမြောက်အောင် ဘာသာပြန်ဆိုထားပါသည်။ )
ဒေါက်တာမင်းတင်မွန်

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၄)

ဆင်းရဲသူများအတွက် ရွှေရွက်လွှာ

အဲသည်နောက်မျာ ပျံလွှားငှက်ငယ်က မင်းသားထံ ပျံသွားပြီး သူမြင်တွေ့ရခဲ့သမျှကို ပြောပြတယ်..
"ပျံလွှားငှက်ငယ် . . ငါ့တစ်ကိုယ်လုံးဟာ အဖိုးတန် တဲ့ရွှေရွက်လွှာတွေနဲ့ ဖုံးအုပ်ထားပါတယ်. . . အဲသည့်ရွှေရွှက်လွှာ တွေကို အမောင်ခွာယူပြီး တော့ ငါ့မြို့တော်က ဆင်းရဲသားတွေကို ဝေငှပေးလိုက်ပါကွယ်... "
ပျံလွှားငှက်ငယ်ဟာ မင်းသားအမိန့်ရှိသည့်အတိုင်း မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာများကို တစ်ရွက်ပြီးတစ်ရွက် ခွာယူတယ် . . . ပြီးတော့ဆင်းရဲသားတွေကို လိုက်လံဝေငှပေးတယ်. . အာဟာရဓာတ်ပြည့်ဝလာကြတဲ့ ကလေးတွေရဲ့မျက်နှာကလေး များ ဟာ နှင်းဆီသွေးရောင်သန်းလာကြတယ်. . . ပြီးတော့ ကလေးတွေ လမ်းပေါ်မှာ မြူးတူးကစားကြတယ်. . . ကြာလာတဲ့အခါမှာ မင်းသားကိုယ်ပေါ်က ရွှေရွက်လွှာတွေ ကုန်ပါရော. . အဲသည် တော့ မင်းသားကြေးရုပ်ဟာ ကိုယ်ရောင်ကိုယ်ဝါမတောက်ပတော့ ဘဲ မွဲပြာရောင်ပေါက်ပြီး မှိန်နေတာပေါ့. ...
ဒါနဲ့ ဆောင်းရာသီရောက်လာလို့ နှင်းပန်းနှင်းပွင့်တွေ အဖတ်လိုက် ဝေကျလာကြတယ် . . . ပျံလွှားငှက်ငယ်က ချမ်းရှာလွန်းလို့ ခိုက်ခိုက်တုန်နေပါတယ်. . ဒါပေမယ့် သူချစ်တဲ့ ပီတိမင်းသားနဲ့ သူမခွဲနိုင်ဘူးတဲ့. . . ပေါင်မုန့်ဖိုရဲ့ တံခါးအပြင်ဘက်မှာ စွန့်ပစ်ထားတဲ့ ပေါင်မုန့်အစအနလေးများကို ကောက်ယူစားသောက်ပြီး သူ့ကိုယ်သူနွေးအောင်. အတောင်ပံနှစ်ဘက်ကို ရိုက်ခတ်ရှာတယ်. . . သို့ပေမယ့် ရာသီဥတုကအေးလွန်းတော့ လွန်ကဲတဲ့ အအေးဒဏ်ကို သူမတွန်းလှန်နိုင်ဘူး . . . သူ့အင်အားက ကုန်ခန်းလာပြီ. . . သူ့သွေးကလည်း . . အေးစက်လွန်းလို့ ခဲလာနေပြီ . . သူ့ရဲ့နောက်ဆုံး အချိန်က နီးကပ်လာပြီဆိုတာကို ပျံလွှားငှက်ငယ် သိလိုက်ပါပြီ . . .

နောက်ဆုံးနုတ်ဆက်ခဲ့ပါတယ်

ဒါကြောင့်ရှိသမျှခွန်အားလေးကို အသုံးပြုပြီး ပီတိမင်းသားရဲ့ ပခုံးပေါ်ကို သူနောက်ဆုံး အကြိမ်အဖြစ် ပျံတက်လိုက် ပါတယ်. . . "အရှင်မင်းသား ကျွန်တော်သွားတော့မယ်နော် "ပျံလွှားငှက်ငယ်က နောက်ဆုံး နုတ်ဆက် တဲ့အနေနဲ့ တိုးတိုးလေး နှုတ်ဆက်လိုက်ပါတယ်. . .
"ပျံလွှားငှက်ငယ်ရယ် . . . အခုလို အချိန်မနှောင်းခင်လေး မှာ အီဂျစ်နိုင်ငံဆီသို့သွားဖို့ အမောင်ဆုံးဖြတ်လိုက် တာ ငါသိပ်ဝမ်းသာပါတယ် ကွယ်. . . အမောင် ဒီမျာ နေတာကြာလွန်းလို့ ရာသီတောင် သိပ်အေးနေပြီကွယ့် .. မသွားခင် ကလေးမှာ င့ါရဲ့ နှုတ်ခမ်းတွေကို နမ်းသွားပါဦးကွယ်. . ငါက အမောင်ကို သိပ်ချစ်တာ. . . "
"ကျွန်တော်သွားရမှာက အီဂျစ်နိုင်ငံဆီမဟုတ်ပါဘူး သခင်ရယ် ကျွန်တော် က သေခြင်းရဲ့ အိမ်ကို သွားရမှာပါ. . သေခြင်းဆိုတာလည်း အိပ်ပျော်ခြင်း ရဲ့ အစ်ကိုပဲမဟုတ်လား . . . " အဲလိုပြောပြီးတော့ ငှက်ငယ် က ခွန်အားအကုန်စိုက်ထုတ်ပြီး မင်းသားရဲ့နှုတ်ခမ်းကို နမ်းလိုက်ပါတယ်. . . နမ်းရှုပ်ပြီးလို့ ပျံလွှားငှက်ငယ်ရဲ့ ဇီဝိန် ပြတ်ကြွေသွားလို့ ငှက်ငယ်ရဲ့ ကိုယ်ခန္ဓာဟာ မင်းသားရဲ့ခြေရင်းသို့ပြုတ်ကျသွားတော့တယ်...

ဇာတ်သိမ်း ကိုဆက်ဖတ်ပါရန်. .
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၃)

အငိုတိတ်သွားသော ကလေးငယ်

နောက်တစ်နေ့ မိုးသောက်တဲ့အခါပျံလွှားငှက်ငယ်က မြစ်ဆိပ်သို့ ပျံသွားပြီးရေချိုးတယ်။ ပြီးတော့ "ငါအီဂျစ်နိုင်ငံ ကိုသွားတော့မယ်ဟေ့လို့ "ဟစ်ကြွေးလိုက်ပါတယ်...မိုးချုပ်ပြီး လမင်းပေါ်ထွက်လာတဲ့အခါမှာ ပီတိမင်းသားထံ ပျံလွှားငှက်ငယ် ပျံသွားပါတယ်... "အရှင်မင်းသား . . . ကျွန်တော်နှုတ်ဆက်ဖို့လာခဲ့တာပါ... ကျွန်တော် ကနေ့ည အီဂျစ်ကိုသွားတော့မယ်. . . . " "ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညလောက်ခိုနားပါဦးလားကွယ်. . "
"ဆောင်းရာသီရောက်နေပြီသခင်ရဲ့၊ အီဂျစ်နိုင်ငံမှာနေရောင်တွေက ပူနွေးတယ်. . . ထန်းပင် အုန်းပင်များ ထက်မှာ ကျွန်တောတို့ခိုနားပြီး နေစာလှုံနိုင်တယ်. . . ကျွန်တော်တို့ရဲ့အဖော်တွေက ဘားလတက် ဘုရားရှိခိုးကျောင်းရဲ့ အမိုးထက်မှာ အသိုက်တွေဆောက်ကြမယ်. . . ကျွန်တော်လည်း ၀ိုင်းကူဆောက် ပေးရမှာပါ.. ကျွန်တော်ဆက်နေလို့မဖြစ်တော့ ဘူး အရှင်မင်းသားရဲ့ . . " လို့ပြောတယ်. . .
မင်းသား က "ပျံလွှားငှက်ငယ် . . ဟိုးကုန်းမြင့်အောက်က စတုရန်းကွက်မြက်ခင်းပေါ်မှာ ကလေးမတစ်ယောက မတ်တတ်ရပ်ပြီးငိုနေရှာတယ်. . . သူ့ဖခင်က သူ့ကိုမီးခြစ်တွေရောင်းခိုင်းလိုက်တာ. . . မီးခြစ်တွေက ရေမြောင်းထဲ ကျသွားလို့ ပျက်စီးကုန်ပြိး ငွေမပါဘဲ အိမ်ပြန်သွားရင် သူ့အဖေကသူ့ကို ကြိမ်လုံးနဲ့ရိုက်တော့မယ်ကွယ့် . . ဒါကြောင့်သူငိုနေတာ.. ကျန်နေတဲ့ ငါ့နီလာမျက်လုံး တစ်လုံးကိုဖြုတ်ယူပြီး ကလေးမကို ပေးလိုက်ပါ. . ငှက်ငယ်ရယ် . . နီလာလုံးပါလာရင် သူ့ဖခင်က ၀မ်းသာပြီး သမီးကိုဖက်လှဲ တကင်း ကြိုဆိုမှာပေါ့ကွယ်.."
"ငှက်ငယ်က ကောင်းပါပြီ အရှင်မင်းသား . . . ကျွန်တော်သည်မှာ တစ်ညထပ်မံပြီးခိုနားပါမယ်. . . ဒါပေမယ့်အရှင်မင်းသားရဲ့ ကျန်နေတဲ့မျက်လုံးကို ကျွန်တော်မဖြုတ်ရက်ဘူး.. ဖြုတ်လိုက်ရင် အရှင်မင်းသား အကန်းဖြစ်သွားမှာပေါ့ . . . " "ပျံလွှားငှက်ငယ် . . ငါအမိန့်ပေးသလိုလုပ်စမ်းပါကွာ...... "ငှက်ငယ်က မလွဲသာတော့ ဘဲ နီလာမျက်လုံးကို ဖြုတ်ယူလိုက်ရတယ်. . . ပြီးတော့ အရှိန်နဲ့ပျံဆင်းသွားပြီး ကလေးမရဲ့လက်ထဲကို နီလာလုံး ထည့်ပေးလိုက်တယ်....
"ဟင်. . .သိပ်လှတဲ့ ဖန်လုံးလေးပါလား ဖေဖေ့ကို ငါပြန်ပြမယ်. . " ကလေးမလေးကအငိုတိတ်ပြိး မြူးမြူးကြွကြွနဲ့ အိမ်သို့ပြန်ပြေးသွားပါတယ်. . . သူ့အဖေက နီလာလုံးမှန်းသိတော့ သမီးကိုဖက်ထားတာပေါ့ . . .

သစ္စာရှိသော ပျံလွှားငှက်ငယ်

ပျံလွှားငှက်ငယ်က အဲသည်အဖြစ်ကလေးကို လိုက်ကြည့်ပြီးမြင်လိုက်ရတော့ သိပ်ပျော်သွားတယ် ပြီးတော့ မင်းသားထံ ပြန်လာတယ်. . . "အရှင်မင်းသား သခင်က မျက်စိနှစ်ဘက်လုံး ကန်းနေပြီမို့ သခင်နားမှာပဲ ကျွန်တော် အမြဲနေပါတော့မယ်. . . " မင်းသားက "မဖြစ်ဘူး ပျံလွှားငှက်ငယ်ရဲ့ . . ရာသီဥတုပူနွေးတဲ့ အီဂျစ်နိုင်ငံကို မင်းသွားမှဖြစ်မယ်. . " " ဟင့်အင်း အရှင်မင်းသားနဲ့ပဲ အမြဲအတူနေမယ် " လို့ပြောပြီး ငှက်ငယ်က မင်းသားရဲ့ ခြေဖမိုးထက်မှာ နားဝပ်ပြိး အိပ်စက်ပါတော့တယ်.. .
နောက်နေ့မှာ မင်းသားရဲ့ပခုံးပေါ်မှာ နားပြီးသူမြင်တွေ့ခဲ့တဲ့ အဖစ်တွေကို တစ်နေကုန်ပြောပြပါတယ်. . . အဲဒီမှာ မင်းသားက "ချစ်ဖွယ်ကောင်းတဲ့ ပျံလွှားငှက်ငယ် အမောင်ပြောတဲ့အကြောင်းအရာတွေထက် အံ့သြစရာကောင်း တာက ယောကျာ်းများနှင့် မိန်းမများ ခံစားနေရတဲ့ ဒုက္ခများ အကြောင်းပေါ... သင် ငါတို့မြို့ပေါ်ကို အမောင်ပျံသွားပါ. . ဘာတွေမြင်ရသလဲဆိုတာ ငါ့ကို ပြောပြနော် လို့ပြောသတဲ့.. . "
ပျံလွှားငှက်လေးလည်း မြို့ကြီးပေါ်ကို ပျံသွားလိုက်ကြည့်တယ်. . . ချမ်းသားတဲ့လူတွေက ကလှပတဲ့ အိမ်ကြီးထဲမှာ ပျော်၂ရွင်၂ ခံစားနေခိုက်မှာ သူတောင်းစားများက သူတို့အိမ်ဝမှာ ရပ်စောင့်နေတာကိုတွေ့ရတယ်.. . မှောင်နေတဲ့လမ်းကြားမှာ အာဟာရပြတ်ပြိး မျက်နှာဖြူဖပ်ဖြူရော်နဲ့ တစာစာ ငိုကြွေးနေတဲ့ ကလေးတွေကိုတွေ့ရတယ်. . .


အပိုင်း(၄) ကိုဆက်ဖတ်ပါရန်..
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်(၂)

မေတ္တာစေတမန်ငှက်ငယ်


“ ဟို. . . အဝေးကြီးမှာ . . ” ပီတိမင်းသားက ဂီတလိုသာယာတဲ့ အသံတိုးတိုးနဲ့ဆက်ပြောပါတယ်။ “ ဟိုး. . အဝေးကြီးက လမ်းကြားကလေး တစ်ခုမှာ ဆင်းရဲသူမတစ်ယောက်ရဲ့ အိမ်တစ်အိမ်ရှိတယ် ။ အိမ်ရဲ့ပြတင်း ပေါက် တစ်ခုကိုကျော်ဖြတ်ပြီးတော့ စားပွဲမှာ မိန်းကလေး တစ်ယောက်ထိုင်နေတာ ကို ငါတွေ့ရတယ် . . သူမရဲ့မျက်နှာက ပိန်လှီခြောက်တွန့်ြီ့း သောက လှိုင်းတွေထနေပါတယ် . . . သူမရဲ့လက်ဖ၀ါးတွေက ကြမ်းတမ်း လို့ပဲ. . ပြီးတော့ အပ်ထိုးထားမိတဲံ ဒဏ်ရာတွေမှာ သွေးခြေတွေဥနေလို့ တျာတျာနီနေတယ်. . သူမက အပ်ချုပ်သည်လေ. . . မကြာခင် ဘုရင်မရဲ့ အလှဆုံး အပျိုရံတောလကလေး ၀တ်ဖို့အတွက် ၀တ်ရုံရှည်ပေါ်မှာ မေတ္တာပန်းကလေးတွေကို ထိုးသီပေးနေတာလေ. . ၀တ်ရုံကိုလာမယ့် ကပွဲကြီးမှာ ၀တ်ဆင်ရမှာမို့ အပ်ချုပ်သူမ က မနားတမ်း ချုပ်နေရတာ…… ”

“ အခန်းထောင့်မှာ ရှိတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အိပ်ရာ ထက်မှာတော့ သူမရဲ့ သားလေး လျောင်းအိပ်နေပါတယ်. . ဖျားပြီး ကိုယ်ပူနေရှာတယ်. . ဆာလွန်းလို့လဲ တတွတ်တွတ်ငိုနေရှာတယ် . . သူ့မိခင် ကသူ့ကို တိုက်ကျွေးဖို့ နို့ရည်လည်းမရှိဘူး. . . ဆေးလည်းမရှိဘူး . . မြစ်ရေကိုပဲ တိုက်ပေးထားရတယ်လေ. . ပျံလွှားငှက်ငယ်ရယ် င့ါဓားရှည်လက်ကိုင်က ပတ္တမြားကို ဖြုတ်ယူပြီး ကလေးမိခင်ကို သွားပေးပါလားကွယ်…”

ငှက်ငယ်လေးက“ အရှင်မင်းသား . . ကျွန်တော့အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြတယ်. . မနက်ဖြန်ခါကျရင် သူတို့တတွေ နိုင်းလ် မြစ်ဝှမ်းအတိုင်း ပျံသန်းပြီး ကြာပန်းတွေနဲ့ စကားပြောကြလိမ့်မယ်.. ကျွန်တော်လည်း သူတို့နဲ့အတူလိုက်ပါချင်ပါတယ်. . . ” လို့ပြောတာပေါ..

မင်းသားလေး က “ပျံလွှားငှက်ငယ်. . ငါ့ထံပါးမှာ တစ်ညတာခိုနားပြီး ငါ့ရဲ့ စေတမန်လုပ်ပေးပါလာကွယ်. . . ” လို့ပြောတော့ မင်းသားရဲ့ မျက်နှာက အလွန်ညှိုးငှယ်နေတဲ့အတွက် ပျံလွှားငှက်ငယ် က စိတ်မကောင်းဖြစ် မိတယ်… ငှက်ငယ်လေး က “ ‘ဒီနေရာကသိပ်ချမ်းပါတယ် ဒါပေမယ့် ကျွန်တော် တစ်ညတာ ဒီမှာနေပြီးတော့ အရှင်မင်းသားရဲ့ စေတမန် အဖြစ်ဆောင်ရွက်ပေးပါ့မယ် လို့”. ပြောလိုက်ပါတယ်.. မင်းသားလေးက “ ကျေးဇူးပဲ ပျံလွှားငှက်ငယ်ရယ်. . ကျေးဇူးပဲ. . .”

ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့ ဓားရှည်လက်ကိုင်ပေါ်က ပတ္တမြားလုံးကြီးကို ဆွဲနုတ်ပြီး သူ့နှုတ်သီးမှာ ကိုက်ချီပြီးတော့ မြို့ပေါ်က ပျံသန်းသွားပါတယ်… အိမ်ခေါင်မိုးတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးတဲ့ အခါ မြို့ တစ်ဖက်စွန်းက ဆင်းရဲသူမရဲ့ အိမ်သို့ရောက်လာပါတယ်. . ဆင်းရဲသူမ က စားပွဲပေါ်မှာ အိပ်ပျော်နေရှာပါတယ်… ဒါနဲ့ငှက်ငယ်က ပတ္တမြားလုံးကြီးကို စားပွဲပေါ်က အပ်ချည်လုံးတွေဘေးမျာ ချထားပေး လိုက်တယ် အဲသည်နောက် သားငယ်ကို ပျံလွှားငှက်ငယ်ကြည့်လိုက်တော့ သားငယ်ကမအိပ်နိုင်ပဲ လူးလှိမ့်နေ တာကို တွေ့ရတယ်.. . ဒါကြောင့်သူ့တောင်ပံလေးတွေနဲ့ ယပ်တောင်သဖွယ် ခပ်ပေးသတဲ့ . .

“အင်း . မေမေ ယပ်ခပ်ပေးလို့ အေးနေတာပဲ” . . သားငယ်က အဲလိုယူဆပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့တယ်.. . မိုးလင်းတော့ ပျံလွှားငှက်ငယ်က မြစ်ဆီသို့ ပျံသွားပြီးရေချိုးတယ်.. . “ကနေ့ညတော့ ငါအီဂျစ်ကို အရောက်သွားတော့မယ်” လို့ မြူးပျော်နေပါတယ်.. . .


ဖြူစင်၍ ကြင်နာတတ်သော နှလုံးသားပိုင်ရှင်


စန္ဒာလမင်းထွန်းလင်းလာတဲ့အခါမှာတေ့. ပီတိမင်းသားဆီပျံသွားပြီး . “ အရှင်မင်းသား အီဂျစ်နိုင်ငံကို မှာစရာ ကိစ္စများရှိပါသလား . . ကျွန်တော့ အခု ခရီးစထွက်ပါတော့မယ်... “ပျံလွှားငှက်ငှက်ရယ် ငါ့ထံပါးမှာ တစ်ညလောက် ထပ်မနေနိုင်ဘူးလားကွယ်…”

“ကျွန်တော့ အဖော်တွေက အီဂျစ်နိုင်ငံမှာ စောင့်နေကြပါတယ်.. မနက်ဖြန်ကျရင် နိုင်းလ်မြစ်ဝှမ်းဘေးက လယ်ခင်းတွေမှာ စပါးနှံတွေကို တပျော်တပါး ကောက်စားကြလိမ့်မယ် ”

“ပျံလွှားငှက်ငယ်ရယ် . ဟိုးမြို့တစ်ဘက်စွန်းနားက အိမ်တစ်ဆောင်ရဲ့ အမိုးအောက်မှာ အခန်းကျဉ်းထဲမှာ လူငယ်တစ်ယောက်ကို ငါတွေ့ရတယ်…သူ့ရဲ့မျက်လုံးတွေက ကျယ်ဝန်းပြီးစိတ်ကူးစိတ်သန်းများနဲ့ ရီဝေနေကြ တယ်. သူက ပြဇာတ်တစ်ပုဒ်ရေးနေတာကွယ့်. . ပြဇာတ်က အဆုံးမသတ်ရသေးဘူး သူသိပ်အေးလွန်းလို့ ဆက်မရေးနိုင်ဘဲ ခိုက်ခိုက် တုန်နေရှာပါတယ်… ”

ဖြူစင်ပြိး ကြင်နာတတ်တဲ့ပျံလွှားငှက်ငယ်လေးက သနားစိတ်ဝင်လာပြီး “ကောင်းပါပြီ အရှင်မင်းသား၊ အရှင်မင်းသားရဲ့ စေတမန်အဖြစ် ကျွန်တော်တစ်ညထပ်မံပြီး တာဝန်ထမ်းဆောင်ပါ့မယ် . . . .”

“ဒါဆိုရင် ငါ့မျက်ဝန်းထဲက နီလာ ၂လုံးရှိပါသေးတယ်.. . အမောင် နီလာမျက်လုံးတစ်လုံးကို ဖြုတ်ယူပြီးတော့ ဟိုလူငယ် ဆီပို့ပေးပါလိုက်ပါကွယ်…

“အို. . အရှင်မင်းသား သင့်မျက်လုံးများကို ကျွန်တော်မဖြုတ်ရက်ပါ.. ပျံလွှားငှက်ငယ်က ၀မ်းနည်းလှိုက်လှဲစွာ ပြောပြီး မျက်ရည်တွေရစ်ဝဲလာပါတယ် ”

“ပျံလွှားငှက်ရယ် ငါအမိန့်ပေးသလို ဆောင်ရွက်စမ်းပါကွယ်…. ” ဒါကြောင့်ပျံလွှားငှက်ငယ်ဟာ မင်းသားရဲ့မျက်လုံးကို ဖြုတ်ယူပြီးတော့ လူငယ်ရဲ့ အခန်းဆီသို့ ပျံသွားတယ်. လူငယ်က သူ့လက်ပေါ်မှာ ခေါင်းတင်ပြီး အိပ်ပျော်နေတဲ့ အတွက် ငှက်ငယ်ရဲ့ အတောင်ပံရိုက်ခတ်သံကို မကြားရဘူးပေါ.. သူ့မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ စားပွဲပေါ်က တောက်ပနေတဲ့ နီလာလုံးကြီးကို တွေ့ရတာပေါ. .. “ငါ့ကို ချီးမွမ်းတဲ့ လူပေါ်လာ ပြီ သည်ကျောက်ကို ငါ့ကို ချီးမွမ်းတဲ့လူက ပေးလိုက်တာဖြစ်မှာပဲ. ငါ့ရဲ့ ပြဇာတကို ပြီးအောင် ဆက်ရေး နိုင်တော့မယ်လို့ပြောပြီး ” အိပ်ပျော်သွားတာပေါ..


အပိုင်း(၃) ကိုဆက်ဆက်ဖတ်ရှုပါ…

အားလုံးကိုချစ်ခင်လေးစားလျှက်

ပန်းကဗျာ

ပီတိမင်းသားနှင့် ပျံလွှားငယ်

မနေ့ကရေးသားခဲ့သော မေတ္တာနှင့်သစ္စာ ပို့စ်လေးနဲ့ပတ်သက်ပြီး သရုပ်ဖော် ဇာတ်လမ်းလေးကို မူရင်း အဓိပ္ပါယ် မပျက်အောင် ဘာသာပြန်ဆိုပြီး လူနှင့်တိရိစ္ဆာန်ကြား မေတ္တာနှင့်သစ္စာတရားများ ထားရှိနိုင်ပုံကို ဖော်ပြလိုက်ပါတယ်. . .

မေတ္တာနှင့်သစ္စာကို ရင်မှာပိုက်ပါလို့. . . ရွေရောင်ဝင်းနေသည့် ကြေးရုပ် ”

မြို့တော်ကို စီးကြည့်နိုင်တဲ့ ကုန်းမြင့်ထက်မျာ ပီတိမင်းသားရဲ့ ကြေးရုပ်ဟာ ကျောက်ခုံမြင့်တစ်ခုပေါ်မှာ မားမားမတ်မတရပ်တည်နေပါတယ်။ ကြေးရုပ်တစ်ခုလုံးကို ရွေရွက်ပါးပါးလွှာကလေးတွေနဲ့ ခြေဆုံးခေါင်းဆုံး စီခြယ်ထားလို့ မင်းသားရဲ့ကြေးရုပ်ဟာ နေရောင်မျာ ၀င်းလက်နေပါတော့တယ်။
မင်းသားရဲ့မျက်လုံးနှစ်လုံးက အဖိုးတန်နီလာနှစ်လုံးပါ။ သူ့ရဲ့ခါးမှာ ချိတ်ထားတဲ့ ဓားရှည်ရဲ့လက်ကိုင်ထိပ်မှာ လည်း ကြီးမားတဲ့ ပတ္တမြားတစ်လုံး တပ်ထားပါတယ်။
ချမ်းအေးတဲ့ညတစ်ညမှာ ပျံလွှားငှက်ငယ်တစ်ကောင်ဟာ မြို့ပေါ်ကိုဖြတ်သန်းပြီး ပျံသန်းလာပါတယ်။ သူ့အဖော် များကတော့ ရာသီပူနွေးတဲ့ အီဂျစ်နိုင်ငံဆီ ပျံသန်းသွားနှင့်ကြပြီ။ သူတစ်ဦးသာလျှင် မြစ်ကမ်းပါးက ခါးသွယ်တဲ့ မြက်ပင်မယ်ကို ချစ်ခင်တွယ်တာမိလို့ နောက်ချန်ကျန်ရစ်ခဲ့တာပါ။
“သည်နေ့ည ငါဘယ်မှာ နားခိုရပါ့မလဲ သည်မြို့ကြီးမှာ ငါတည်းခိုစရာနေရာ အများကြီးရှိပါ လိမ့်မယ်။ ဟော . . တွေ့ပြီ ဟိုး . . ကုန်းမြင့်ထက်က ကြေးရုပ်ဆီမှာ လေကောင်းလေသန့်လဲရတယ်။ ဘေးအန္တရယ်လည်း ကင်းဝေးတယ်.. . . အဲသည်မှာငါ ခိုနားမှာပဲ . . . ”
ပျံလွှားငှက်ငှယ်ဟာ ရွှေရောင်ဝင်းနေတဲ့ ပီတိမင်းသားရဲ့ခြေဖမိုးထက်မှာ ဆင်းသက်ခိုနား လိုက်ပါတယ်. . . “သည်တစ်ညတော့ ငါရွေအိပ်ရာထက်မှာ အိပ်စက်ရမှာ ပါလား။ ငါတော်တော်ကံကောင်းတာပဲ. . . . ”

ထူးဆန်းသည့်မျက်ရည်တစ်စက်.

ပျံလွှားငှက်ငယ်ဟာ ကျေနပ်စွာ နှလုံးသွင်းလိုက်ပြီးတော့ အိပ်စက်ဖို့ပြင်ဆင်လိုက်ပါတယ်.. . သူ့ရဲ့ဦးခေါင်းကို အတောင်ပံတစ်ဘက်အောက်မှာ လျှို့ဝှက်ဖို့အပြုမှာ. . . . ရေစက်ကြီးတစ်ပေါက်ဟာ သူ့ကိုယ်ပေါ်သို့ ဖောက်ခနဲ ကျလာပါတယ်. . .
“ဟင် . . . တယ်ထူးဆန်းပါလား. . ကနေ့ညမှာ ကောင်းကင်တစ်ခုလုံး ကြယ်ရောင်လရောင်နဲ့လင်းလို့. . . ဘယ်မိုးတိမ်မှာလဲမရှိဘဲနဲ့ ဘာကြောင့်မိုးတိမ်စက်ကြီး ကျလာရသလဲ. . . ဥရောပမြောက်ပိုင်းရဲ့ ရာသီဥတုဟာ သိပ်ဆိုးဝါးတာပဲ. . . . ”
ထိုကအခိုက်တွင်. ဒုတိယရေစက်ကြီးတစ်ပေါက် ဟာ ငှက်ငယ်ရဲ့ ကိုယ်ပေါ်သို့ ဖောက်ခနဲကျလာပြန်တယ်။
“အင်း…သည်နေရာက ရွှေရောင်ဝင်းနေပေမယ့် မိုးစက်တွေကိုမှ မကာကွယ်ပေးနိုင်ရင် ဘာများ အသုံးကျမှာလဲလို့ ငါတစ်ခြားတစ်နေရာမှာ သွားတည်းခိုတာကောင်းပါလိမ့်မယ်….. ”
ငှက်ငယ်ဟာ. လျှို့ဝှက်ထားတဲ့ ဦးခေါင်းကိုထုတ်ပြီး အတောင်ပံနှစ်ဘက်ကိုဖြန့်ကာ ထပျံတော့မယ်အလုပ်မှာ တတိယ အကြိမ်ရေစက်ကြီးတစ်ပေါက် သူ့ကိုယ်ပေါ်သို့ ကျလာပြန်တယ်… “အင်း….” လို့ အာမေဍိတ်သံပေးပြီး ငှက်ငယ်ဟာ အပေါ်ကို မော့ကြည့်လိုက်ပါတယ်.. . . . .

ဝမ်းနည်းပူဆွေးခြင်းကို မသိခဲ့သော ပီတိမင်းသား

ပီတိမင်းသားရဲ့မျက်ဝန်းအစုံဟာ မျက်ရည်များနဲ့ပြည့်လျှံနေပြီးတော့ မျက်ရည်ဥတို့က တစ်လုံးပြီးတစ်လုံး သူ့ရဲ့ ရွှေပါးပြင်ပေါ်မှ လိမ့်ဆင်းနေကြတယ်။ လရောင်ဖွေးဖွေးအောက်မှာ သူ့မျက်နှာက လှလွန်းလို့ ပျံလွှားငှက်ငယ် က သနားလာမိတယ်။
"သင်ဟာ ဘယ်သူလည်း . . ငှက်ငယ်ကမေးလိုက်တယ်.. . ."
"ငါက . . . . ပီတိမင်းသားပါ. . ."
"နို့ . . သင်ဘာကြောင့် ငိုနေရတာလဲ . . . သင့်မျက်ရည်တွေကြောင့် ကျုပ်ကိုယ်တောင် . . . ရွှဲရွှဲစိုကုန်ပြီ. . . " "င့ါ ကိုခွင့်လွှတ်ပါ ငှက်ငယ်လေးရယ်. . . ငါအသက်ရှင်နေတုန်းက ၀မ်းနည်းပူဆွေးခြင်းကို ငါမသိခဲ့ဘူး. . . ငါက စန်စူစီမြို့ရဲ့ နန်းတော်ထဲကို ၀မ်းနည်းပူဆွေးခြင်းဆိုတာကို ၀င်ရောက်ခွင့်မပြုဘူးး. . . နေ့အခါမှာ စိမ်းလန်းတဲ့ဥယာဉ်ထဲမှာ အပေါင်းအဖော်တွေနဲ့ ငါကစားရတယ်။ နေ၀င်ချိန်ရောက်လာတော့ နန်းတော်ရဲ့ ခန်းမဆောင်ကြီးမှာ ကပွဲကို ငါဦးဆောင်ရတယ်. . . ငါ့ဘ၀ဟာ ပျော်စရာအတိဖြစ်နေလို့ ငါသိပ်ပျော်ခဲ့တာပေါ့ ကွယ်. . . ဒါကြောင့် နန်းတွင်းသားများက ငါ့ကို ပီတိမင်းသားလို့ ခေါ်ဆိုကြတယ်လေ. . ."
"ဒါပေမယ့် . . . ခုတော့ငါသေပြီလို့ သည်ကုန်းမြင့်ထက်မှာ င့ါကိုတင်ထားကြတော့ င့ါမြို့တော်ရဲ့ အကျည်းတန် တဲ့ရှုကွက်တွေနဲ့ ကြေကွဲစရာကောင်းတဲံ မြင်ကွင်းတွေကို ငါအထင်းသား . . . မြင်နေရတာပေါ. . ဒါကြောင့်လေ ငါ့ရဲ့ နှလုံးသားကို ခဲသတ္တုနဲ့လုပ်ထားပေမယ့် . . ငါမဖြေဆည်နိုင်ပါဘူးကွယ်. . ..ဒါကြောင့် ငါငိုနေရတာပေါ့." "အင်း . . ငါက သူရွှေအတိလို့ထင်နေတာ . . . သူ့နှလုံးသားက ခဲတဲ့. . . ပျံလွှားငှက်ငယ်က သူ့ကိုယ်သူ ပြောလိုက်တယ်. . . ယဉ်ကျေးသူပီပီ မင်းသားရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စကို မမေးကောင်းဘူးလို့ သူတွေးလိုက် တယ်.. . .. ."

အပိုင်း (၂) ကိုဆက်ဖတ်ပါရန်….
ဒေါက်တာမင်းတင်မွန် (မေတ္တာနှင့်သစ္စာသရုပ်ဖော်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။