ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အသည်းလေး. . . ကျန်းမာစေဖို့



လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အသည်းနှလုံး ကျောက်ကပ် ကလီစာတွေ အားလုံးက တစ်ခုချင်းစီ အရေးကြီးပါတယ်. . . အဲသည်ထဲမှာမှ နုနုလေးဖြစ်တဲ့ အသည်းရဲ့ကျန်းမာရေးကို ကျွန်မတို့ ပိုပြီး ဂရုစိုက်ဖို့လိုလာပါတယ်. . . . ဘာကြောင့်လည်းဆိုတော့ ဒီကနေ့ ကမ္ဘာဆန်လာခြင်း ဖြစ်စဉ်ထဲမှာ ဆန်းကြယ်တဲ့ ရောဂါပိုးတွေ ထွန်းကားလာခြင်းကြောင့်ဖြစ်ပါတယ်. . .. အသည်းအကြောင်းပြောရရင် အစာခြေရင်လည်း သူ့ခမျာ ပါဝင်ရတယ်. . . အဆိပ်ဖြေဖို့ဆိုရင်လည်း အသည်းခမျာ ပါရပြန်တယ် . . . ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ ၀င်လာပြီဆိုရင်လည်း အသည်းခမျာ မနေသာပြန်ဘူး. . . .

အသည်းမှာ တစ်စုံတစ်ခု စဖြစ်ပြီဆိုတဲ့အခါ လူတွေက ချက်ချင်းသိလေ့မရှိကြပါဘူး . . . အသည်းရောင်တဲ့ အခါမှာ အစပိုင်းမှာ နာတာကိုလည်း မသိသေးပါဘူး အသည်းရဲ့ အရွယ်အစားကြီးပြီး အသည်းကို ဖုံးအုပ်ထားတဲ့ အမှေးကြီးတင်းလာတဲ့ အခါမကျမှ ညာဘက်နံရိုါ်အောက်က နာတာကို သတိပြုမိကြတယ်. . . အဲသည်လိုမှ မဟုတ်ရင်လည်း အသည်းရဲ့ ဆဲလ်တွေ ပျက်စီးပြီး လုပ်ငန်းဆောင်တာတွေ ပျက်စီးကာမှ အသားဝါတာ သတိထားမိတာမျိုးလည်း ဖြစ်တတ်ပါတယ်. . . တချို့သော အသည်းဝေဒနာရှင်တွေမှာကျတော့လည်း အသည်းခြောက်ကပ်နေပြီး နောက်ဆက်တွဲ ရေဖျဉ်းစွဲလာတဲ့အခါကျမှ သိတာတွေ့ရပါတယ်. .

ကျွန်မတို့ဆီမှာ အသည်းရောင် အသားဝါဘီ၊ စီပိုးစသည်ဖြင့်ကြားလာရတာ ဆယ်စုနှစ် တစ်ခုလောက်ပဲ ရှိပါသေးတယ်. . . . ကာကွယ်ဆိုးထိုးဖို့ဆိုရင်လည်း တော်တော်လေး ပညာပေး ရပါတယ်. . ဆေးဝါးရဲ့ ဈေးနှုန်းကြီးမြင့်တာကြောင့်လည်း ပါပါတယ်. . . . . . အသည်းရောင်ရောဂါများ ဟာ အစားအသောက်၊ သွေးသွင်းမှု၊ ဆေးထိုးအပ်တစ်ချောင်းတည်း သုံးမှုများမှ ရောဂါကူးစက်နိုင်ပါတယ်. .

အသည်းက သူ့ရဲ့တစ်နေ့တာ ပင်ပန်းထိခိုက်ထားသမျှကို လူတွေ အိပ်တဲ့အချိန်မှာ ပြန်ပြီး အားအင်ပြန်ဖြည့် ပြုပြင်ပါတယ်. . အိပ်ခါနီးမှာ တ၀တပြဲထပ်စားရင် အသည်းခမျှာ မနားရဘဲ တောက်လျှောက်ဆက်ပြီး အလုပ်တွေ လုပ်နေရပါတယ်. . . . အဆီအဆိမ့်တွေ သိပ်များတာကလည်း အသည်းကို ၀န်ပိစေပါတယ် . . . အစာကြေလွယ်ပြီး အာဟာရဖြစ်စေနိုင်တဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်၊ မုန့်ခြောက်များ ကိုရွေးစားပေးရင် အသည်းကို သက်ညှာရာကျပါတယ်. . . .

အဆီများလွန်းတဲ့ အစားအသောက်၊ ဆေးဆိုးထားတဲ့ အစားအစာ၊ ရေရှည်ခံအောင် စီမံထားတဲ့ အစားအစာ ၊ ငရုတ်သီးခြောက်၊ တို့ဟူးချဉ်၊ ပိုးသတ်ဆေး တို့ကတော့ အသည်းကို ဒုက္ခပေးပါတယ်. . . ပိုးသတ်ဆေးဖျန်းထားတဲ့ ပန်းမုန်လာ၊ ဂေါ်ဖီထုပ်တွေကို ရေစင်အောင် မဆေးရင်လည်း အသည်းကို အန္တရယ် ပေးပါတယ်. . .

အသည်းကျန်းမာအောင် အနေအထိုင်၊ အစားအသောက်၊လေ့ကျင့်ခန်းစတဲ့ မရိုးနိုင်တဲ့ အရာတွေနဲ့ပဲ ပြန်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်. . . အရက်သေစာမသောက်ဖို့၊ အိပ်ရေးပျက် အလွန်အကျွံ့မခံဖို့၊ ဆေးထိုးအပ် ဘုံမသုံးဖို့၊ ဆံပင်ညှပ်တဲ့အခါ တစ်ခါသုံးဓားသုံးဖို့စသည်တို့ကို သတိထားရမှာ ဖြစ်ပါတယ်. လူ့သက်တမ်းမှာ သက်တမ်းစေ့ကျန်းမာစွာ နေထိုင် အသက်ရှင်ဖို့ အသည်းလေးရဲ့ ကျန်းမာရေးကို အမှန်တကယ် စောင့်ရှောက်တတ်စေချင်ပါတယ်. . .

ဒေါက်တာ စပယ်ပွင့်ဖြူ

အားလုံးကိုချစ်ခင်လေးစားလျှက်...





ဘေးလွတ်ရာသွား . . . အိုလူသား. . ..



ရှေးအခါကာလ သမယတုန်းက ဥပဒေ လက်တစ်လုံးခြားနဲ့ လိမ်လည်လှည့်ဖျားပြီးတော့ သောက်စားနေတဲ့ လူတစ်ယောက်၊ ဘယ်ပုဒ်မနဲ့မှ အတိအကျ ဖမ်းယူ အပြစ်ပေးလို့ မရနိုင်သဖြင့် ဘုရင်ထီးဘုရားက လူသားတွေ ဆင်းရဲအောင် ဒုက္ခပေးတဲ့ လူတစ်ယောက်တော့ ဆုံးမ မဖြစ်မယ်ဆိုပြီး မြွေကြီးလေးကောင်ထိန်းဖို့ရာ မြွေထိန်းအလုပ်ပေးထားတယ်. .

အဲဒီမြွေကြီးလေးကောင်ကို အိပ်ချိန်တန်သိပ်ရမယ်၊ ထချိန်တန်နှိုးရမယ်၊ စားချိန်တန်ကျွေးရမယ်၊ အိုက်တဲ့ အချိန်မှာ ရေချိုးပေးရမယ်၊ ဘာရည်ရွယ်ချက်နဲ့လည်းဆိုတော့ မြွေကြီးလေးကောင်ဆိုတာ အဟိတ်တိရစ္ဆာန် အသိညဏ်မရှိဘူး၊ ဒါကြောင့် တစ်ယောက်တည်းနဲ့မြွေလေးကောင်တို့၏ အလိုဆန္ဒကို မလိုက်လျောနိုင်ရင် မြွေကြီးတွေက စိတ်ပေါက်ပြီးတော့ ကိုက်သတ်ပစ်ရင် ဒီလူသေနိုင်တယ်တဲ့. . အဆင်အခြင်ကင်းမဲ့တဲ့ မြွေထိန်းယောကျာ်းက ကတော့ ဘုရင်ထီးဘုရားကြီး က အလုပ်ပေးတယ်ဆိုပြီး ကျေနပ်နေသတဲ့. . . . .

အဲလိုနေတဲ့အချိန်ကာလမှာ အကျိုးလိုလားတဲ့ ကိုယ်စောင့်နတ်က "အမောင်လူသား. . သင့်ကို ချစ်လို့ ဒီအလုပ်ပေးထားတာမဟုတ်ဘူး ဒီမြွေကြီးလေးကောင် ထဲက တစ်ကောင်ကောင်အလိုမကျရင် ကိုက်သတ်အောင် သေမင်းဆီသို့ သင့်ကို လွှတ်နေခြင်းဖြစ်ပါတယ်.. ဒါကြောင့် တွေးမနေနဲ့၊ ငေးမနေနဲ့၊ ဘေးလွတ်ရာသို့ သွားပါ . . " လို့ပြောတော့ မြွေကြီးတွေ အိပ်ပျော်နေတဲ့ကာလမှာ မြွေထိန်းယောကျာ်းဟာ ထွက်ပြေးသွားခဲ့တယ်.. . . .

မြွေထိန်းယောကျာ်းထွက်ပြေးသွားတာကို ဘုရင်ထီးဘုရားက သိတော့ ဒီကောင့်ကို သတ်ဖို့ရာဆိုပြီး ကျောင်းတော်က ရန်စ၊ ငြိုးသူရန်ဘက်ဖြစ်ခဲ့တဲ့ ငါးယောက်သော မတည့်သူများကို လွှတ်ပြီး မြွေထိန်းယောကျာ်းကို သတ်ဖို့ စေလွှတ်ပါတယ်. . . မြွေထိန်းယောကျာ်းကလည်း ငါ့နောက်မှာတော့ မြွေတွေ လိုက်မလာနိုင်ဘူး ဆိုပြီးတော့ ပြေးအားလျှော့လိုက်ပါတယ်. .

အဲသလိုလျှော့လိုက်တယ် ဆိုရင်ပဲ အကျိုးလိုလားတဲ့ ကိုယ်စောင့်နတ်က "အိုလူသား. . သင့်နောက်ကို မြွေကြီးလေးကောင်ကလည်း ပဲ ဒေါသတကြီးနဲ့ လိုက်နေပြီ. . . ဒါ့ အပြင်လူသတ်သမား ငါးယောက်ကိုလည်း သင့်ထံ စေလွှတ်နေပါပြီ. . .. . ဒါကြောင့် ဝေးရာသို့ ပြေးပါလို့ အားပေးတဲ့ အခါ မြွေထိန်းယောကျာ်းဟာ ရှိသမျှ စွမ်းအားနဲ့ ပြေးပြန်တယ်..

ဒီတစ်ခါ မင်းတရားကြီးက မြွေထိန်းယောကျာ်းနဲ့ ငယ်ပေါင်းယောက်ျားနဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ ပုဂ္ဂိုလ်ကို မင်းမိန့်အာဏာနဲ့ မင်းရဲ့သူငယ်ချင်းကို ပရိယာယ်မာယာနဲ့ လှည့်ပတ်ပြီး အနားကပ် ခေါင်းဖြစ်သတ်စေလို့ နောက်တစ်ယောက်လွှတ်လိုက်ပါတယ်. . .

ဒီတော့ ခုနကလိုပဲ မြွေထိန်းယောကျာ်းဟာ ငါ့နောက်မှာ လိုက်လာတဲ့လူ အရိပ်အယောင် မမြင်သေးပါဘူး ဆိုပြီး အသော့နှင်ရာက ခပ်ဖြေးဖြေးလေး နေလိုက်ပြန်ပါတယ်. . အဲဒီအခါမှာ ကိုယ်စောင့်နတ်က အသင်လူသား အတွက် အတွင်းလူယုံတော် ကိုလည်း လွှတ်ထားပါတယ်. . တွေးမနေနဲ့ လွတ်ရာကိုပြေးပါလို့ ပြောပြန်တယ်. .

ဒီလိုနဲ့ ပြေးသွားရင်း လူတစ်ယောက်မှမရှိတဲံ ခြောက်အိမ်တန်း ရွာတစ်ရွာကို ရောက်သွားပါတယ်. . . တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ရှာပေမယ့် စားစရာ၊ သောက်စရာ၊ သုံးစရာ နတ္တိပဲတွေ့ရပါတယ်. . . . အဲဒီအချိန်မှာပဲ တွေ့သမျှလူ ဓားမဆိုင်းပဲ ခုတ်ပိုင်းသတ်ဖြတ် ပစ္စည်းလုယူသတ်တဲ့ ဓားပြကြီး ခြောက်ယောက်က ညာသံပေးကလိုက်လာပြန်တယ်. . အကျိုးလိုလားတဲ့ ကိုယ်စောင့်နတ်က "အသင်လူသား တွေးမနေနဲ့ ဘေးလွတ်ရာကိုပြေးပါလို့ ပြောပြန်တယ်. ."

ရန်သူနောက်ကလိုက်နေတာ မြွေကြီးလေးကောင်ရယ်၊ လူသတ်သမား ငါးယောက်ရယ်၊ အတွင်းလူယုံတော်တစ်ယောက်၊ ရွာပျက်ဓားပြက ခြောက်ယောက် စုစုပေါင်း (၁၆) ယောက်ရှိပါတယ်.. . . ဒါတွေကို လွတ်အောင် ပြေးတော့ ရှေ့မှာရေစီးကသန် လှိုင်းကထန်တဲ့ မြစ်ယံကြီးတစ်ခုက ကာဆီးနေပါတယ်. . အဲဒီအခါမှာ ကိုယ်စောင့်နတ်က အမောင်လူသား ဘာတွေစဉ်းစားနေတာလည်း. . . . တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းပါနဲ့ ထင်းတွေ၊ သစ်ဝါးတွေကို ဖောင်ဖွဲ့ပြီးတော့လွတ်ရာကိုပြေးပါလို့ ပြောပြန်တယ်. .

အဲလိုအကြံညဏ်ပေးတော့ လူသားဟာ ဖောင်ဖွဲ့ပြီး ရင်ကလေးမှေးတင်ကာ လက်ခြေနှစ်ဖက်တို့ဖြင့်ကူးယက် သွားပါတယ်. . . နောက်ကိုလှည့်ကြည့်တော့လည်း အခဲမကြေတဲ့ ရန်သူတော် ၁၆ ယောက်ကို မြင်ရပါတယ်. . . ဘုရင်ကလည်း ရေခြားမြေခြားဖြစ်နေတော့ သူ့ရဲ့ အာဏာစွမ်းဟာလည်း နိဂုံးချုပ် တံတိုင်းကာလိုက်ပါတယ်. . .

ဒါပေမယ့် မြစ်ပြင် မဆုံးသေးသ၍ ရေထဲမှာရှိနေတဲ့ ငါး၊လိပ်၊ မကန်း မြွေကင်းတွေကလည်း နှောင့်ယှက်နိုင်သေးတယ်. . လေပြင်းမိုးသက်ကျပြီးတော့လည်း သေနိုင်တယ်. . .. ဒါကြောင့် သူ့မှာရှိသမျှ အားနဲ့ မပြီးဆုံးသေးတဲ့ရေပြင်ကို ဆက်လက်ကူး လို့ခရီးတစ်ဝက်ရောက်တော့ ရန်သူတော် ၁၆ယောက်ကတော့ လက်မြှောက်အရှုံးပေးပြီး ပြန်သွားကြပါပြီ. . .

သူ့အတွက်ကတော့ ခရီးမဆုံးသေးပါဘူး ရှိသမျှ အင်အားနဲ့ ကူးလိုက်တဲ့အခါမှာ တစ်ဖက်ကမ်းကို အောင်မြင်စွာ ရောက်ရှိသွားပါတယ် . . ကမ်းစပ်မြေပြင် ခြေတင်ပြီးသဖြင့် ဘေးအန္တရယ် အသွယ်သွယ် အ၀၀ကနေ လွတ်မြောက်သွားပါတယ်. . . . .

ဒီပုံပြင်လေး ဆုံးတဲ့အခါမှာ

မင်းတရား = ကိုယ်ပြုထားတဲ့ ကံတရားပါ
လူဆိုး = ပုထုဇဉ်ပါ
မြွေလေးကောင်= ဓာတ်ကြီးလေးဖြာတရားပါ
ကိုယ်စောင့်နတ်= မြတ်စွာဘုရား
ငါးဦးလူသတ်= ခန္ဓာ ငါးပါး
အတွင်းလူသတ်သမား= တဏှာ
ရွာပျက်= အတွင်း အာဃာတန ခြောက်ပါး
ဓားပြ= အပြင် အာဃတန ခြောက်ပါး
ရေပြင်= သြဃလေးဖြာတရား
ဒီကမ်း = ရုပ်နဲ့နာမ်
လှေဖောင်= မဂ္ဂင်ရှစ်ပါး
ကူးခြင်း = ၀ီရိယ
ဟိုကမ်း = နိဗ္ဗာန်
ကမ်းတက်သူ = ရဟန္တာ
တို့ပဲဖြစ်ပါတယ်

ဖြူးဆရာတော်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အဝေးဆုံး



အဝေးဆုံး


မိုးပြာကောင်းကင်၊ ဤမြေပြင်မှ
အမြင်လည်းဝေး၊ ခရီးဝေး၏။

မဟာသမုဒ္ဒရာ၊
ဟိုမှာဘက်ကမ်း၊ သည်ဘက်ကမ်းလည်း၊
မြင်စွမ်းမသာ ဝေးလှစွာတည့်။

ထို့ထက်ပိုစွာ၊ ဝေးသည်မှာကား
"မေတ္တာစင်ဖြူ၊ ပန်းနှယ်ကြူသည့်
သူတော်စင်မြတ်၊ သူ့စိတ်ဓာတ်" နှင့်၊
"ကွေ့ပတ်လိမ်ညာ၊ သူယုတ်မာ၏
မိစ္တ္ဆာပိတ်ဖုန်း၊ စိတ်နှလုံး" လျှင်

ဆုံးစမထင်၊ လောကခွင်၌
အမြင်လည်းဝေး၊ ခရီးဝေးသည်
အဝေးတကာ့ အဝေးဆုံး၊
မြတ်ရှင်ဗုဒ္ဓ ဟောသည့်ထုံး။ ။

မြင်းမူမောင်နိုင်မိုး
အားလုံးကိုချစ်ခင်လေးစားလျှက်...





သက်ရှိအမဲသား



ညစ်ညစ်ပေပေနှင့် ခရီးသည် သုံးယောက်သည် ထမင်းဆိုင် တစ်ဆိုင်တွင် ၀င်ပြီး ထမင်းမှာကြား၏ နှစ်ယောက်က ထမင်းမှာပြီး အပြင်ခဏသွားရာ ကျန်လူမှာ မစောင့်နိုင်ပဲ ဆာဆာနှင့်စားလေ၏. . .

သူသည် အမဲသားကြိုက်သူဖြစ်၏. . . သူမှာ စားသောက်သော အမဲသားဟင်းမှာ မနူးသောကြောင့် သူစိတ်တိုင်းမကျပေ. . . . .

ထို့ကြောင့် "ကလေးမရယ် မင်းတို့ အမဲသားဟင်းကို မီးဖိုပေါ်မတည်ဘဲ မီးဖိုဘေးမှာ အရောင်ပြပြီး ခတ်ပေးတာလား ဟု ပြောသည်. . . "

ထမင်းဆိုင်မှ ကလေးများသည် သူဆိုလိုသော အဓိပ္ပါယ်ကို နားမလည်ကြချေ. . . . ထိုစဉ် အပြင်ထွက်သွားသော အဖော် နှစ်ယောက်ရောက်လာကြရာ. .

"အမဲသားဟင်းနဲ့တော့ မစားကြနဲ့ဦးဟေ့ "

"ဘာဖြစ်လို့လဲ. . အသားမကောင်းလို့လား မနူးလို့လား "

"အမဲသားက အသက်ရှိနေသေးတယ်. . သူ့ကိုပါးစပ်နဲ့ ကိုက်ပြီး ဆွဲဖဲ့တာ မကြိုက်ဘူး လက်ထဲက ရုန်းထွက်ပြီး ပါးရိုက်တယ်ဟ.. . . . . "

အားလုံးကိုချစ်ခင်လေးစားလျှက်...


သိသင့်တာကြာပြီ



"သိသင့်တာကြာပြီ"


အင်္ဂလိပ်စာဘာသာရပ် သင်ခန်းစာ သင်ကြားနေတဲ့ ဆရာမက မေးလိုက်တော့ ကျောင်းသားတွေအားလုံး ပြိုင်တူ ပြန်ဖြေကြပုံလေးပါ. . .

"တစ်ဖက်သားရဲ့ စိတ်ပါဝင်စားမှု မခံရဘဲနဲ့ စကားတွေ တောက်လျှောက်ကြီး ပြောနေတဲ့လူမျိုးကို ဘယ်လို ခေါ်မလဲ . . . သိကြလား "

"ဆရာမပါ ခင်ဗျား "

"စိတ်ကုန်နေတာနော်"

လူတစ်ယောက်က ထိပ်ထိပ်ပျာပျာ ကြောက်ကြောက်ရွံ့ရွံ့မျက်နှာမျိုးနဲက မီးသတ်ဌာနကြီးထဲ ၀င်လာပြီး မီးသတ်အရာရှိကို ပြောလိုက်ပါတယ်. . .

" မီးသတ်အရာရှိကြီးရယ်. . . ကျွန်တော့မိန်းမ နောက်ထပ်တစ်ကြိမ် အိမ်က ထွက်ပြေးသွားပြန်ပြီဗျာ. . . ဒါကျွန်တော် လာတိုင်ကြားတာပါ. . .

"ဘာဗျ၊ ဒါကို ဘာဖြစ်လို့ ကျွန်တော်တို့ဆီ လာပြောနေရတာလဲ . . . ခင်ဗျားကိစ္စက ရဲဌာန သွားတိုင်ရမယ့် ကိစ္စလေ . . "

"သိတာပေါ့ဗျာ. . .. ပြီးခဲ့တဲ့ အကြိမ် သူထွက်ပြေးတုန်းက ရဲဌာနကို သွားတိုင်ခဲ့တာပေါ့. . . သူတို့ လိုက်ရှာကြတော့ ပြန်တွေ့ခဲ့ကြလို့ဗျ. . . . "

Beautiful Jokes

အားလုံးကိုချစ်ခင်လေးစားလျှက်...





အကျိုးပေးတာက တစ်မျိုး ကံကတခြား



လောကတွင် လူတစ်ချို့က ဒုစရိုက်ရှောင်ပြီး ကုသိုလ်ကံတွေ လုပ်ပါတယ် ၊ ကြိုးစားပါတယ် ၊ ရိုးသားပါတယ်၊ မိဘမျိုးရိုးလည်း ကောင်းပါတယ်၊ ရုပ်ရည်လည်း သန့်ပြန့်ပါတယ်. . . ဒါပေမယ့် ဘ၀ဟောင်းက ကံအကြောင်းမလှလို့ဘဲ ဆိုရမလား . . .ကံမရှိ ဥာဏ်ရှိတိုင်းမွဲ လို့ပဲ ဆိုရမလား မသိဘူး သူတို့ခမျာ ရွှေငွေမ၀တ်နိုင်၊ အိမ်ပိုင်၊ယာပိုင်၊ မရှိ။ ကားတွေတိုက်တွေ ဆိုတာတော့ ဝေလာဝေးပါ. . . ရှာလိုက်၊ စားလိုက်၊ ပြောင်းလိုက်၊ ရွှေ့လိုက်၊ ကြွေးတင်လိုက်၊ ပြန်ဆပ်လိုက်၊ ထပ်ချေးလိုက်၊ ထပ်အဆင်မပြေနဲ့သံသရာ လည်နေပါတယ်. . .

လူတစ်ချို့က ဘာသာရေး အရေးပေးလိုက်စားတယ်၊ ငါးပါးသီလမြဲတယ်၊ သူတစ်ပါး နစ်နာအောင်လည်း ဘယ်တော့မှ မလုပ်ပါဘူး ၊ဒုစရိုက်ရှောင်ပြီး သုစရိုက်ဆောင်ပါတယ်. . . . သူများကို သူကနစ်နာအောင် မလုပ်ပေမယ့် သူများကို နစ်နာအောင် လုပ်တာကို ခံကိုခံနေရတယ်. . . မကြာခဏ ကြုံကိုကြုံ၊ ဆုံကို ဆုံရတယ် . . .

ယခုဘ၀မှာ သူဟာ လူကောင်းပါတယ် . . . ဒါပေမယ့် ငွေအလိမ်ခံရတာလည်း ခကြာခဏ၊ ဖျားနာ ဆေးရုံတက်ရတာတွေကလည်း အကြိမ်ကြိမ်ပါ. . . . သူများက စေတနာကို ဝေဒနာပြန်ပေးတာတွေမျိုးလည်း ဖြစ်ရ၊ အဲလိုလူမျိုးတွေလည်း လောကမှာ ရှိပါတယ်.. အဲလိုမျိုးတွေကြတော့ ဟိုဘ၀က သူမကောင်းခဲ့လို့ပါ. . .

အတိတ်ကံစွဲက အရိပ်သဏ္ဍာန်မည်းကြီးတွေပဲ အလိုက်ခံနေရပါတယ် . . . . ဟိုဘ၀ဟိုကိုယ်စံ၊ သည်ဘ၀ သည်ကိုယ်ခံဆိုတာမျိုးပါ. . . . သည်လိုပုဂ္ဂိုလ်မျိုးကျတော့ ဟိုဘ၀က ဘယ်လိုစံခဲ့မှန်း မသိ . . . ယခုဘ၀မှာ အမှန်ပြုပေမယ့် ကံအထုတွေ ပြန်စုပြီး ခံရရှာတယ် ထင်ပါတယ်. . . .

သုစရိုက်မဆောင်ဘဲ ဒုစရိုက်ဘောင်ထဲ သံသရာ ကျင်လည်ပြီးကြီးပွားလို့ စီးပွားတက်နေသူမျိုးလည်း ရှိပါတယ်. . . မကောင်းတဲ့ အလုပ်၊ လိမ်ညာပြီး ရှာတဲ့ စီးပွားနဲ့ ယာယီကြီးပွားနေသူမျိုးလည်းရှိပါတယ်. . . . မခံရခင်မို့ ဟန်ကျလို့ အဆင်ပြေနေပြန်ပါတယ်. . . ဘုရားမရှိခိုး၊ ဥပုသ်မစောင့်ဘဲ တစ်ကိုယ်ကောင်း စီးပွားရှာရာက ကြီးပွားနေသူလည်း ရှိတတ်ပါတယ် . . . မကောင်းကံ အကျိုးမပေးသေးတော့ ကပြောင်းကပြန် အဖြစ်ဆိုးတွေ မခံစားရသေးဘူး . . . .

ဆင်းရဲပေမယ့် လမ်းမှန်၊ ကမ်းမှန်ကိုသာ ရဲရဲလျှောက်ပါ . . . . . ယခုဘ၀တွင်မရတာ . မပြေလည်တာ မှန်သမျှ နောက်ဘ၀မှာရမယ်လို့ ယုံကြည်ထားပါ. . . . ဒုစရိုက်လုပ်သူ ၊ မတရားစီးပွားရှာသူ၊ တစ်ကိုယ်ကောင်းသမား၊ အချောင်ကြီးပွားသူများ ဟာ သံသရာလမ်းမှားကို သွားနေတာဖြစ်ပါတယ်. . . မကောင်းမှုလုပ်ပြီးကြီးပွားနေ သူများကို အထင်ကြီးအတုမယူမိပါစေနှင့်. . . . .

လောကမှာ လူအမျိုးမျိုး ၊ကံအမျိုးမျိုး၊ ဘ၀အမျိုးမျိုး ၊ အဖြစ် အမျိုးမျိုးပါပဲ၊ အမှန်တော့ မိမိပြုခဲ့ဖူးတဲ့ ကံအတိုင်း ပါ ပဲ . . . . ကံဆိုတာ အလွန် နူးညံ့ဆန်းကြယ်တဲ့တရား ဖြစ်ပါတယ်. . . . အကျိုးပေးက တစ်မျိုး ကံကတခြားဖြစ်နေပေမယ့် စိတ်မညစ်ပါနဲ့ . . . လူ့ဘ၀ရခိုက်မှာတော့ ကောင်းကံတွေကို ရအောင် အတတ်နိုင်ဆုံး ကြိုးစားရမှာ ဖြစ်ပါတယ်. . . .

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်...


မြတ်မော်တင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်

ယခုအချိန်မှာ ကျွန်မတို့ ဧရာဝတီတိုင်း ၊ငပုတောခရိုင်တွင် တည်ထားကိုးကွယ်ထားသော တန်ခိုးကြီးလှတဲ့ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကျင်းပသည့် အချိန်ကို ပြန်လည်ကျရောက်လို့လာပါပြီ. . . မြတ်မော်တင်ဘုရားသည် ဧရာဝတီတိုင်းတွင်း တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သောကြောင့် တပေါင်းလတွင် ပုသိမ်မြို့နှင့်တကွ ဘုရားပွဲကျင်းပသော မြတ်မော်တင်တောင်တွင် အထူးစည်ကား လျက်ရှိပါသည်။ မြတ်မော်တင် ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားပွဲတော်အချိန်ဆိုလျှင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွား သင်္ဘောများဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံလျက်ရှိပါတယ်. . .

စာဖတ်သူများအား မြတ်မော်တင်ဘုရားပွဲတော် သို့ သွားရောက်နိုင် ဖူးမျှော်နိုင်သည်ဖြစ်စေ၊ မသွားရောက် နိုင်သည်ဖြစ်စေ ဗဟုသုတရစေရန်အတွက် မြတ်မော်တင်စွန်းဘုရားပွဲတော်သမိုင်းအကျဉ်းကို ရေးသား တင်ပြလိုက် ပါတယ်.. . .

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်မှာ မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာခြင်းဖြစ်ပါသည်။ ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီကြီးဖြစ်ပါတယ်။

ထို့နောက် မြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေး သနား တော်မူ၏။ကုန်သည် ညီနောင်တို့သည် လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍၀မ်းမြောက်ရွင်မြူးစွာ ပင့်ဆောင်ခဲ့ကြ သည်။ မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါမဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းက ဆံတော်မြတ်နှစ်ဆူ ကို အကောက်ခွန်အဖြစ် ပင့်ဆောင်ထား လေသည်။ ထိုမှတဆင့်ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြ ပြန် ရာတွင် ဇေယျသေနနဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်)အရပ်သို့ရောက်သို့ ရောက်ရှိကြ သည်။ ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပ ဘုရားရှင် တို့၏ ဓာတ်တော် ၊ မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။

ထိုအခါဇေယျသေန နဂါးမင်းသည် နော်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီ တည် ထားရန် အတွက် ဆံတော်မြတ်နှစ်ဆူကို ခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်) အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကိုနောင်အရှည်လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ် သော စိုင်တမော့ အရွယ်ရှိ စေတီတော်ကို တည်ထားကိုးကွယ်သည်။

ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ ထူးခြားသည် ဟုအဆိုရှိကြသည်။

သက္ကရာဇ် ၄၅၄-၅၂၉ တွင် နန်းတက်သော ကျန်စစ်မင်းကြီး မြေးဖြစ်သူ အလောင်းစည် သူမင်းကြီးသည် မူလစိုင်တမော့အရွယ်ရှိ စေတီတော်ကို သာသနာ၅၀၀၀၀ ပတ်လုံးအဓွန့်ရှည်တည်တံ့စိမ့်သောငှာ အ၀န်းသံတောင် ၄၀၊ အမြင့်သံတောင် ၂၅ ရှိ စေတီကြီးအဖြစ်လူတစ်ရစ်ပါရမီဖြည့်ဆည်း၍တည်ထားတော် မူလေသည်။

မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓ္ဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ် ပူဇော်ပါက ရွှေသံ၊ ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင် လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော် ကွန့် မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့ကဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊ သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊ နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊ မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများ သိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊ နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲပွဲတော်ပြီးဆုံးသော အခါ လာရောက်ဖူးမြော်ကြခြင်း၊ ဘုရားဖူးများ အတွက် အန္တရာယ် တစ်စုံတစ်ရာမရှိ။ကျန်းမာသက်ရှည် လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက် များ ရှိနေပါတယ်၊

တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာပူဇော်ခဲ့ကြသည်။ ယခုနှစ်တွင်လည်း တပေါင်းလဆန်း ၁ ရက် (၁၃.၃.၂၀၁၀)မှ တပေါင်းလပြည့်နေ့ (၂၇.၃.၂၀၁၀) အထိ ပွဲတော်ရက်များ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြို့နယ် ခမောက်မော်ဆိပ်ကမ်းသို့ ရှပ်ပြေးရေယာဉ်များဖြင့် လည်းကောင်း ၊ ရန်ကုန်မှတိုက်ရိုက် သွားလိုသူများအတွက် ရန်ကုန်-ပုသိမ် အမြန်သဘောင်္များ ပြေးဆွဲ ပို့ဆောင်ပေးလျှက်ရှိပါသည်။ ခမောက်မော် မှ တဆင့် မော်တင်တောင်ခြေအရောက် ခရီးသည်တင်ကား များဖြင့်ပြေးဆွဲပေးသည်။ ထိုမှလေးမိုင် ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက် ဖူးမျှော်ရင်း ပျော်ရွှင်စွာ ရေကစားနိုင်သည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့် ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက် များတွင် လူတိုင်း ချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော် နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...

ချစ်ခြင်းမေတ္တာနှင့် ကျန်းမာရေး


လောကကြီးသာယာလှပဖို့အတွက် ချစ်ခြင်း မေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်. . လူတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး . . . တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ ကြုံတွေ့ကြမှာပါ. . . အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို့မရနိုင် လောက်အောင် နက်နဲကတဲ့ ခံစားမှုမျိုးပါ . .

ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် . . . ဆေးပညာရှုဒေါင့်က ကြည့်မယ်ဆိုရင် တော့ တစ်စုံ တစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့ အခါ ချစ်တဲ့သူမှာရော အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှ မက ကိုယ်ကျန်းမာရေးရော ၊ စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် . . . .

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ် ချစ်ခြင်းမေတ္တာ ဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖက်ပေးပါတယ်. . . ဒါအပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးများစွာလည်း ရှိပါတယ်. . . . ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်. . . . ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့ နော်. .

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သ၀န်တိုမှု၊ မနာလိုမှု နဲက တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ်. . . ချစ်နေရရင်ပြီးရော ဆို ကာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်. . .

အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင်. . .

  • အချစ်က နုပျိုစေနိုင်တယ်
  • အချစ်က အသက်ရှည်စေနိုင်တယ်
  • အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
  • အချစ်က သွေးတိုးကာကွယ်ပေးတယ်
  • အချစ်က နှလုံးအတွက် ကောင်းစေတယ်
  • အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
  • အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ်.
  • အချစ်က ညဏ်ကောင်းစေတယ်
  • အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ်
  • အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေ ကို ရစေနိုင်တယ်တဲ့ . . . .

အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ . . . ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို ကိုယ်ချစ်နေတဲ့ သူစိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ် ပီတိစိတ်မွေးပါ. . . . မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် . . .

နုမြတ် (ဆေး -၁) (အာရောဂျံ)

ချစ်သူတိုင်း ပျော်ရွှင်ကြည်နူးကြပါစေရှင်.. .

အားလုံးကိုချစ်ခင်လေးစားလျှက်...





လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်


ဆရာတော် အရှင်ဇ၀န(မေတ္တာရှင် (ရွှေပြည်သာ) ရေးသားထုတ်ဝေသော
“လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်“
စာအုပ်အား (e-book) ပြုလုပ်၍
ဓမ္မဒါနပြုလုပ်ပါသည်.


လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (White Paper)

http://ifile.it/j24w80x/Human%20%28White%20Paper%29.pdf

လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက် (Black Paper)
http://ifile.it/lwnuqhz/Human%20%28Black%20Paper%29.pdf


လင့်တွေမှာ စာအုပ်ရယူနိုင်ပါတယ်...



ကျွန်မအသိတစ်ယောက်ပေးပို့သော E-book လေးကို ဓမ္မဒါနအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်ရှင်..




အားလုံးကိုချစ်ခင်လေးစားလျှက်...




ခုတော့ သိသွားပြီ



လူရှင်းနေသော အရက်ဆိုင်ထဲတွင် ထိုင်နေရင်း လက်နှစ်ဖက်လုံးမရှိသူတစ်ဦးက ဘီယာတစ်ခွက်မှာသည်. . . အရက်ရောင်းသူက ပေးလိုက်သော အခါ ထိုသူက ပိုက်ဆံကို သူ့ဘာသူ ထုတ်မယူနိုင်သဖြင့် သူ့ အင်္ကျီအိတ်ထဲမှ နှိုက်ယူရန် ပြောသည် . . . .

အရက်ရောင်းသူက ပိုက်ဆံကိုနှိုက်ယူလိုက်သည်. .

ထို့နောက် လက်မရှိသူက ဘီယာခွက်ကို သူ့နှုတ်ခမ်းပေါ်သို့ စောင်းပေးရန်ပြောသည်. . .

အရက်ရောင်းသူ က လုပ်ပေးလိုက်ပြီး ထိုသူအား

"အစစအရာရာ သူများ ကိုလုပ်ပေးဖို့ ပြောနေရသည်မှာ ခက်ခဲမှာပဲ. . . . " ဟု ပြောသည်. .

"ဟုတ်ကဲ့ တစ်ခါတစ်လေတော့ ရှက်စရာကောင်းတာပေါ့ဗျ. . . . . ဒါနဲ့ အိမ်သာဘယ်နားမှာလဲဗျ. . . . "

ထိုအခါအရက်ရောင်းသူက လျင်မြန်စွာ ပြန်ဖြေလိုက်ပုံမှာ

"အနီးဆုံး အိမ်သာက လမ်းအောက်ဘက် ဓာတ်ဆီဆိုင်ထဲမှာဗျ. . . ."

အားလုံးကိုချစ်ခင်လေးစားလျှက်...





ပင့်ကူကောင်



"ပင့်ကူကောင်"

သံယောဇဉ် အစဉ်အဆက်ရယ်ကြောင့်
မာန်သဘောဝင် အခင်ရမ္မက်တွေနဲ့
အမျှင်ယှက်လို့ ကျစ်ကျစ်လိမ်။

ကြိုးပမာ ဇနီးမယား
တိုးလာတဲ့ သမီးသားတွေနဲ့
စီးပွား အတိုအထွာတွေကို
အပိုရှာ ကုန်းကွကွနဲ့
လိုရာရာ အသုံးချ
လုံးဝ မတင်းတိမ်။

အစေးအမျှင်တွေ ထုတ်ပါလို့
ချွေးပင်လျှင် မသုတ်နိုင်ဘူး
ရက်လုပ်ခဲ့ ငွေမျှင်အိမ်
နေ၀င်ချိန် အခါကျ။

ဘ၀ဆည်းဆာ
မရဏရယ် နီးလာပေမဲ့
မပြီးသာ သည်ကွန်ရက်ကြောင့်
တမလွန်အတွက် ကုသိုလ်ဗလာ
သူ့အလိုသာ အကြိုက်ပေးရသမို့
အမိုက်စေးမှာ အကျိုးယုတ်
မိုးချုပ် မလှ။

ဖျာပုံတင်နိုင်ဝင်း
အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

  • ဖုန်းတောင်းယာစကာများအဖို့ နေ့ရောညပါ အိပ်စက်ကြစေကာမူ ၊
  • သာမန် ရပ်သူရွာသားများ အဖို့ ညဥ့်သုံးယာမ်စလုံး အိပ်စက်ကြစေကာမူ၊
  • မှူးမတ် ပညာရှိများသည်ကား ညဥ့်သုံးယာမ်တွင် နှစ်ယာမ်သာလျှင် အိပ်စက်ရာ၏၊
  • ပြည့်ရှင်မင်းသည်ကား ညဥ့်သုံးယာမ်တွင် တစ်ယာမ်သာလျှင် အိပ်စက်ရာ၏
  • Though beggars sleep day and night,
  • The commons sleep the entire night,
  • The ministers and the wise may sleep two watches,
  • And the king but one.
  • ပစ္စည်း ဥစ္စာကြွယ်ဝချမ်းသာသူလည်း မရှိသော၊
  • အကြားအမြင်နှင့် ပြည့်စုံသူ ပညာရှိသူလည်း မရှိသော၊
  • အုပ်စိုးသူမင်းအစိုးရလည်းမရှိသော၊
  • မြစ်ကြောင်းကန်ချောင်းလည်းမရှိသော၊
  • ဆေးဝါးသမားလည်းမရှိသော၊
ဤအရပ်ဒေသမျိုးတွင် တစ်နေ့တစ်ရက်မျှ အခြေချမနေအပ်။

One should not live even a day in a place-

  • Without the wealthy,
  • Without the learned,
  • Without government,
  • Without rivers,
  • Without medicines and physicians.

  • မြတ်နိုးသူမရှိသော အရပ်၊
  • ချစ်ခင်သူမရှိသောအရပ်၊
  • အဆွေခင်ပွန်းမရှိသောအရပ်၊
  • အတတ်ပညာ သင်ကြားပေးသူ မရှိသောအရပ်၊
  • ထိုအရပ်မျိုး၌ တစ်နေ့တစ်ရက်မျှ မနေအပ်။
One should not stay even a day in a place.

  • Without person adored,
  • Without person attached,
  • Without relative,
  • Without teacher.


အားလုံးကိုချစ်ခင်လေးစားလျှက်...





အရှင့်မျက်နှာသာလျှင်



တစ်နေ့သ၌ ဘုရင်မင်းမြတ်သည် ခရမ်းချဉ်သီးဟင်းနှင့် ပွဲတော်တည်ရာ အပါးတွင် အမြဲခစားနေသော စကားတောင်စားအမတ်အား . . .

"ခရမ်းချဉ်သီးဟင်းနဲ့ ပွဲတော်တည်ရတာ အရသာရှိလိုက်ပါဘိ. . . "

"မှန်လှပါ . . . ခရမ်းချဉ်သီးဟာ အလွန်အရသာရှိပါတယ် ဘုရား . . ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေပါတယ် ဘုရား . . . ." ဟု စကားတောင်စားအမတ်က အလိုက်သင့်လျှောက်ထား၏. . .

သို့ရာတွင် နောက်တစ်နေ့၌ ဘုရင်မင်းမြတ်သည် စကားတောင်စား အမတ်ကြီးအား အပါးတော်သို့ ခေါ်တော်မူ၍ "ခရမ်းချဉ်သီးဟာ လေနာ ထသလား အမတ်ကြီး ၊ ကိုယ်တော်မြတ် အခုလေနာ ထနေပြီ. . . "

"မှန်လှပါ . . . ခရမ်းချဉ်သီးဟာ လေနာ၊ ရင်နာထတတ်တဲ့ အသီးဖြစ်လို့ ပွဲတော်တည်ရန် မသင့်ပါဘုရား . . . လေစား သက်သက် ဖြစ်ကြောင်းပါ. . . " ဟု လျှောက်တင်ပြန်သည်. .

ထိုအခါ ဘုရင်မင်းမြတ်သည်. . .
"သယ် . . ခုတစ်မျိုး . . ခုတစ်မျိုးပါလား . . . မနေ့တုန်းက တော့ ခရမ်းချဉ်သီးဟာ အစာကြေတယ်. . ဓာတ်လေးပါး ညီတယ် . ပွဲတော်တည်ဖို့ကောင်းတယ် လို့ လျှောက်တင်ခဲ့တယ်. . . ခုတော့ ခရမ်းချဉ်သီးဟာ ပွဲတော်တည်ဖို့ မသင့်ဘူး . . ဖြစ်ပြန်ပြီ. . . မောင်မင်းလျှောက်တင်တဲ့ စကား ရှေ့နောက်မညီပါကလား . . ."

"မှန်လှပါ . . . ကျွန်တော်မျိုးဟာ ခရမ်းချဉ်သီး က သူကောင်းပြုထားသူမဟုတ်ပါ. . . ဘုန်းတော်ကြီးလှသော ဘုရား သူကောင်းပြုထားတဲ့ ကျေးတော်မျိုး. . . ကျွန်တော်မျိုးသာ ဖြစ်တဲ့အတွက် ခရမ်းချဉ်သီးရဲ့ အလိုလိုက်ပြီး မတင်နိုင်ပါဘုရား . . အရှင်မင်းမြတ်ရဲ့ ကျွန်, တော်မို့ အရှင့်အလိုကို လိုက်ပြီး တင်ရကြောင်းပါဘုရား . . . "ဟု လျှောက်တင်၏။

စကားဆုံးလျှင် ဘုရင်မင်းမြတ်ပြုံးတော်မူ၍ အတွင်းတော်သို့ ၀င်၏။

စကားတောင်စားများ( သိမ့်သိမ့်နွေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။