ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပုသိမ်ထီး

ပုသိမ်ထီး
ပုသိမ်ထီး လုပ်ငန်းသည် မြန်မာ့လက်မှုပညာတစ်ရပ်ဖြစ်သည်။ ထိုပုသိမ်ထီး ကိုအောက်မြန်မာပြည် ပင်လယ်ဆပ်ကမ်းမြို့ဖြစ်သော ပုသိမ်မြို့တွင် စတင်လုပ် ကိုင်ခဲ့သောကြောင့် ပုသိမ်ထီးဟု အမည်တွင်ခဲ့သည်။
ပုသိမ်မြို့အနီးတ၀ိုက်တွင် သရကူခေါ် ၀ါးတစ်မျိုးအများအပြားထွက်သည်။ ထိုဝါးသည်ထီးလုပ်ရန် အကောင်းဆုံးဝါးဖြစ်သည်။ ပုသိမ်ထီးကို ၀ါးသက် သက်ဖြင့် သာလုပ်သည်။ ပုသိမ်ထီးတစ်လက် လုပ်မည်ဆိုသော် ထီးရိုး၊ထီးခရိုင်၊ ထီးရွက်တို့ ရရှိသည်။
ထို့အပြင် ထီးရွက်ကပ်ရန် ထီးလက်တံခေါ် ၀ါးစိတ်ငယ်များလည်း ရှိရသည်။ ထီးရိုး၊ထီးခရိုင်တို့ကိုဝါးဖြင့်ပြုလုပ်၍ ထီးရွက်ကို ပိတ်ဖြင့်ပြုလုပ်သည်။ဝါးကို ခွဲစိတ်၍ ထီးခရိုင်၊ထီးလက်တံတို့ လုပ်ရန်ဓားဖြင့် ချောမွတ်အောင် အချော သပ်ရသည်။ ထို့နောက် ထီးခရိုင်များနှင့် ထီးလက်တံ ၀ါးစိတ်ငယ်များကို ထီးရိုးနှင့် တွဲမိအောင် စနစ်တကျတပ်ဆင်ရသည်။ထိုအခါ ထီးပုံအကြမ်းထည် ရလာသည်။
နောက်မှ ပုံကျအောင် ညှပ်ထားသော ပိတ်ကွက်ဖြင့် ထီးလက်ခံများ အပေါ်မှအုပ်၍ တင်းတင်း ဆွဲကပ်ရသည်။ ထိုထီးအမိုးပိတ် သားကို လှပအေင် ဆေးရောင်တို့ဖြင့် ပန်းပွင့်ပန်းနွယ်များ ရေးခြယ်ကြသည်။ခရိုင်တံများကိုလည်း ဆေးရောင်စုံချည်မျှင်များဖြင့် ထိုးရက်၍ လှပအောင် ဆေးရောင်စုံတို့ဖြင့် ပန်းပွင့်ပန်းနွယ်များ ရေုးုခြယ်ကြသည။် ရှေးအခါက ခရိုင်ပန်း ထိုးရာတွင် သိုးမွေး ချည်ဖြင့် ထိုးရက်သည်။ ယခုအခါတွင်မူ တိုင်းရင်းဖြစ် ၀ါဂွမ်းချည်ဖြင့်သာ ဆေးရောင်စုံဆိုး၍ အသုံးပြုကြသည်။ ပုသိမ်ထီးသည် ဆောင်းရာ၌ ပေါ့ပေါ့ပါးပါးရှိသည်။ကြည့်၍လည်း လှပေသည်။ ကျက်သရေလည်း ရှိသည်။သို့ရာတွင် ပုသိမ်ထီးကိုနွေနှင့်ဆောင်း ရာသီ၌သာ ဆောင်းနိုင်၍ မိုးရာသီ၌ မဆောင်းနိုင်ချေ။
သို့သော် မြန်မာ့လက်မှုလုပ်ငန်းတစ်ရပ်ဖြစ်သော ပုသိမ်ထီးလုပ်ငန်းသည် မပျောက်ကွယ်သင့်ပေ။ ယခုအခါ ပုသိမ်ထီးကို ပုသိမ်မြို့၏ အဓိကရလက်ဆောင် အဖြစ်ပေးကြသည်။ပုသိမ်မြို့၏ လှပသောရေမြေ သဘာဝနှင့်ပုသိမ်ထီးသည် ပနံရလျှက် ရှိနေပေသည်။

မြတ်စာပေ

စာပေစကား၊နာကြားလေ့လာ
ဖတ်မှတ်ဖန်များ၊ထူးခြားလွန်လိမ္မာ
မိုက်မှောင်ပယ်ခွါ ၊ပမာငွေလ
စာအုပ်စာပေ၊ လူ့မိတ်ဆွေ
ငှဝေအလင်းပြသည်နှင့်လေး။

စာပေထဲမှ၊ လောကကိုမြင်
နီတိကြောင်းကျိုး၊ကောင်းဆိုးနှိုင်းဆင်ခြင်
စာတွေ့နှင့်ယှဉ်၊ပြူပြင်လက်ငင်း
နောင်တမကြုံ၊ဤ လူ့ဘုံ
ပြည့်စုံအပြစ်ကင်းမည်တည့်လေး။

အမိုက်ခပင်း၊ပယ်ခွင်းအနိုင်ယူ
စာကြည့်တိုက်များ၊ဆင့်ပွားအလင်းလှူ
ညိှထွန်းပြိုင်တူ၊ ဆောင်ယူကူးဆက်
အနှံရွာပြည်၊အလင်းစီ
စုံညီဖွံ့ဖြိုးတက်သည်နှင့်လေး။

ရွှေအိုးနှင့်စက်၊သင့်တွက်ပညာ
ယူတက်ပါမှ၊ရလိမ့်ရတနာ
ယူခိုးမပါ၊ရှာမှီးသိုထား
တန်ခိုးလျှံဝေ၊မြတ်စာပေ
ရေရှည်အကျိုးပွားမည့်တည့်လေး။

မျိုးမြန်မာများ နိုးကြားအောင်မြင်
ကမ္ဘာဆင့်တန်း၊တက်လှမ်းယှဉ်လိုလျှင်
စာကိုခုံမင်၊တွင်တွင်ဖတ်ကြ
သူခြံကိုမြင်၊ကိုယ်ခြံပြင်
မြှင့်တင်လုပ်အားပြပါစို့လေး။

စာပေအမွေ ပွင့်ဝေသမျှ၊
ယူချိုးပန်ဆင်သင့်လှသည်။
စာပေမြင့်လေမှ လူမျိုးအမှန်ပင်တင့်ရမည်။

ဗိုလ်မြတ်ထွန်းတံတား

ရန်ကုန်’’ နဲ့ “ပုသိမ်” မကွာ
ညောင်တုန်းမှာကူးတို့စီး
ခရီးကြန့်ကြာ၊
ခုများတော့ ညင်ညင်သာ
ရေဇလာ ဖြတ်ကျော်နင်း၊
တံတားပေါ် ယာဉ်တက်ဆင်း
ခရီးတာချဉ်း။

ခရီးသည် မြစ်တစ်ရိုး
ငုံ့လျှိုးရ ရေယာဉ်ခမျာ
မော်ကြည့်ရရှာ၊
ဖန်းတီးသည့် ဗိသုကာ
နည်းပညာမြင့်မား၊
မြန်မာပြည်မှာ ခုခါများ
အရှည်ဆုံးတံတား။

‘‘မွန်’’ ‘‘ဗမာ’’ “ကရင်” မခြား
တစ်သားတည်းစုစည်းကာ
ခံစစ်ဗျူဟာ၊
ဗိုလ်မြတ်ထွန်း ဦးဆောင်ကာ
ပြောင်မြောက်စွာ ချေမှုန်း၊
ကုလားဖြူ “တပ်” စုရုံး
လူ” “လက်နက်” သုံး။
ဓနုဖြူ ၀န်းကျင်တစ်ဝိုက်
ပိုက်စိပ်တိုက် ကွက်ပြည့်ရှာ
စစ်မောရရှာ၊
အရှက်ရ နယ်ချဲ့ခမျာ၊
ရှုံးခါခါ ကစဥ့်ကလျား၊
တိုင်းပြည်သူ ဂုဏ်ပြုထား
ဗိုလ်မြတ်ထွန်း” တံတား။

(ဗိုလ်မြတ်ထွန်း တံတားဖွင့်ပွဲကို ဂုဏ်ပြုလျက် “ ဗိုလ်မြတ်ထွန်း” အား ဦးညွှတ် အလေးပြုပါ၏)

တံတားအရှည် -၈၅၄၄ ပေ၊
စတင်တည်ဆောက်ချိန် -၁၅/၆/၉၆၊
ပြီးစီးသည့်ခုနှစ် -၁၅/၁၁/၉၉
တံတားအမျိုးအစား -သံမဏိသံဘောင်
တည်နေရာ -ညောင်တုန်းမြို့နယ်အရှေ့ကမ်းတွင်၊တောင်းတန်းရွာနှင့်အနောက်ဘက်ကမ်းတွင် ကြိမ်ပင်ဆည်ရွာ။

စကားကြီး ၁၀-မျိုးအကျယ်

စကားကြီး ၁၀-မျိုးအကျယ်
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာက တင်၍ ကူးမှ ရောက်သကဲ့သို့ မိမိလိုရာ ရောက်အောင် ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာ ဆုပ်၍ တံစဉ်ဖြင့်အရင်းက ရိတ်ဖြတ်လျှင် လက်တွင်ရှိသမျှ စပါးကို ရသကဲ့သို့ သူဆိုသောစကား မိအောင် ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင် ပြောဆိုခြင်း။
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင် တင်၍ ဖြည်းညှင်းစွာ ဆန်တက် သွားလျှင် လိုအင်ကိစ္စ ပြီးသကဲ့သို့ ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း ဟပ်စပ်၍ ပြီးပြတ်အောင် ပြောဆိုခြင်း။
(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံ ထည့်၍ ချက်လျှင် ကောင်းစွာ ကျက်နပ် သကဲ့သို့ ကိုယ်နှင့် ဂုဏ်အင် တန်ရုံ မယုတ်မလွန် ပြောဆိုခြင်း။
(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ် အထပ်ထပ် ဆီပွတ် လျှင် ဆီထွက်၍ မိမိ လိုဘတ် ကိစ္စပြီး သကဲ့သို့ လိုရာကိစ္စ ပြီးစေခြင်းငှာ ထိုစကားကိုပင် အထပ်ထပ် ပြောဆိုခြင်း။

(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေ လွတ်ရာ၌ ပြေးလွှဲ ကာနေရ သကဲ့သို့ ကိုယ့်ထံသို့ ရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်း။
(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့ တည် ခုတ်မည့် လယ်ယာ မြေကွက်၌ ရှေးဦးစွာ ခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင် ရှင်းလင်း ပြီးမှသာ သစ်ပင်ကြီး တို့ကို ခုတ်ထွင် ဖိလှဲ သကဲ့သို့ စကားငယ်ကို ပြောဆိုပြီးမှ စကားကြီးကို ဖိစီး၍ပြောဆိုခြင်း။
(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ် သကဲ့သို့ သူ့စကား အလိုသို့ လိုက်တန်က လိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင် ပြောဆိုခြင်း။
(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှ အပေါက်ကို ပိတ်၍ ဆွဲယူ လိုက်လျှင် ရေမ ထွက်နိုင် သကဲ့သို့ သူတစ်ပါး ပြောဆိုခွင့် မရအောင် ပိတ်ဆို့၍ ပြောဆိုခြင်း။
(၁၀) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက် လိုက်ပါ တိမ်းစောင်း လွန်းလျှင် အတင် ခက်၍ မတိမ်း မစောင်း နင်းရ သကဲ့သို့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မတင်မကျ ပြောဆိုခြင်း။

စကားနှင့်ပတ်သက်သည့်အင်္ဂါရပ်များ

စကားအင်္ဂါရပ် များ
၁။ စကားစနိဒါန်း။
၂။ စကားရင်းအကြောင်းခံ။
၃။ ဥပမာ။
၎။ ၀တ္တူသာဓကသက်သေ။
၅။ နိဂုံးအဆုံးသတ်။
၆။ ဒိဌမျက်မြင်ကိုယ်တိုင် လုပ်ပြနိုင်ခြင်း။

စကားအင်္ဂါလေးပါး
၁။ အကျိုးရှိပြီး ကောင်းမြတ်သောစကား။
၂။ ချစ်ခင်နှစ်သက်ဖွယ်စကား။
၃။ တရားဓမ္မ နှင့်ယှဉ်သောစကား။
၎။ ဖြောင့်မှန်သော စကား။

စကားကြီး ဆယ်ခွန်း။
၁။ ရေကူးညာတင်ပြောနည်း။
၂။ ကောက်ပင်ရိတ်လှီးပြောနည်း။
၃။ ရေစီးဖောင်ဆန်ပြောနည်း။
၎။ အိုးတန်ဆန်ခတ်ပြောနည်း။
၅။ ဆီပွတ်ကျည်ပွေ့ပြောနည်း။
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်း။
၇။ တောင်သူယာခုတ်ပြောနည်း။
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်း။
၉။ ရေစစ်ကရား ရေသွားသောသွင် ပြောနည်း။
၁၀။ ခက်တင်မောင်နင်းပြောနည်း။

စကားခြောက်ခွန်း
၁။ ဟုတ်မှန်သောလည်း သူတစ်ပါး မနာယူလို အကျိုးမှရှိသောစကား။
၂။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးရှိသောစကား။
၃။ မဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။
၎။ ဟုတ်မှန်သော်လည်း သူတစ်ပါး နာယူလို အကျိုးမရှိသောစကား။
၅။ ဟုတ်မှန်သော်လည်း သူတစ်ပါး မနာယူလို အကျိုးရှိသောစကား။
၆။ ဟုတ်လည်းဟုတ် သူတစ်ပါးလည်းနာယူလို အကျိုးရှိသောစကား။

မယုံကြည်ဖွယ်စကားလေးမျိုး
၁။ နှစ်မျိုးနှစ်ခွပြောသောစကား။
၂။ မျက်ကွယ်၌ ပြောသောစကား။
၃။ အမျက်ဒေါသဖြစ်၍ ပြောသောစကား။
၎။ ကြိုတင်စည်းဝါးကိုက်ထား၍ ပြောသောစကား။

စကားအရာ အင်္ဂါဆယ်ပါး။
၁။ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုခြင်း။
၂။ မှန်ကန်သောစကားကို ပြောဆိုခြင်း။
၃။ တရားနှင့်ညီသော စကားကိုပြောဆိုခြင်း။
၎။ အကျိုးစီးပွားနှင့်ယှဉ်သော စကားကို ပြောဆိုခြင်း။
၅။ ချစ်ခင်နှစ်သက်ဖွယ်သော စကားကို ပြောဆိုခြင်း။
၆။ ပြုံးရယ်ရွှင်ပျစွာ စကားကိုပြောဆိုခြင်း။
၇။ မပိုမလို ချင့်ချိန်မျှတစွာ ပြောဆိုခြင်း။
၈။ အဆောတလျင် မပြောဆိုခြင်း။
၉။ မြို့ကြီးသား ပြည်ကြီးသားတို့ ပြောဆိုသုံးနှုန်းမှုနှင့် အညီပြောဆိုခြင်း။
၁၀။ တိကျပြတ်သား သေချာဂနစွာ ပြောဆိုခြင်း။

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်



ပုသိမ်မှာ မြတ်မော်တင်စွန်း ပွဲတော်ကျင်းပနေပြီလေ။ သိပ်ပျော်ဖို့ကောင်းတဲ့ပွဲတော်တစ် ခုပေါ့။ ဘုရားပွဲတော်အချိန်ဆိုရင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွားသင်္ဘောတွေဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံနေတာပေါ့။ ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင်တောင်ပေါ်မှာ မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာတာပေါ့။ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီကြီးဖြစ်ပါတယ်။

ထို့နောက် မြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေးသနားတော်မူ၏။ ကုန်သည် ညီနောင်တို့သည်လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍ ၀မ်းမြောက်ရွင်မြူးစွာ
ပင့်ဆောင်ခဲ့ကြသည်။ မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါ မဟာနာဂရ အဇ္စုတ္တ(ရခိုင်)မင်းက ဆံတော်မြတ်နှစ်ဆူကို အကောက်ခွန်အဖြစ် ပင့်ဆောင်ထားလေသည်။ ထိုမှတဆင့်ကုန်သည်ညီနောင်တို့ သည် ခရီးဆက်ကြပြန်ရာတွင် ဇေယျသေန နဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်) အရပ်သို့ ရောက်
သို့ရောက်ရှိကြသည်။ ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပ
ဘုရားရှင် တို့၏ ဓာတ်တော်၊မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့်
ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။

ထိုအခါဇေယျသေန နဂါးမင်းသည် နော်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီတည်
ထားရန်အတွက် ဆံတော်မြတ်နှစ်ဆူကို ခိုးယူပင့်ဆောင်ထားလိုက်လေသည်။နဂါးရစ်အမော်(မော်တင်)
အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကို နောင်အရှည် လူနတ်ဗြဟ္မာ
သတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ်
သော စိုင်တမော့ အရွယ်ရှိစေတီတော်ကို တည်ထားကိုးကွယ်သည်။

ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်
မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ
ထူးခြားသည်ဟုအဆိုရှိကြသည်။

သက္ကရာဇ် ၄၅၄-၅၂၉ တွင် နန်းတက်သော ကျန်စစ်မင်းကြီး မြေးဖြစ်သူ အလောင်းစည်သူမင်းကြီး
သည် မူလစိုင်တမော့အရွယ်ရှိ စေတီတော်ကို သာသနာ၅၀၀၀၀ ပတ်လုံး အဓွန့်ရှည်တည်တံ့ စိမ့်သောငှာ
အ၀န်းသံတောင် ၄၀၊အမြင့်သံတောင် ၂၅ ရှိ စေတီကြီးအဖြစ် လူတစ်ရစ် ပါရမီဖြည့်ဆည်း၍ တည်ထားတော်
မူလေသည်။

မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓ္ဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ်
ပူဇော်ပါက ရွှေသံ၊ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင်လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော်ကွန့်မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့က ဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊
သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊

မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများသိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု
မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲ ပွဲတော်ပြီးဆုံးသော
အခါ လာရောက်ဖူးမြော်ကြခြင်း၊ဘုရားဖူးများအတွက် အန္တရာယ် တစ်စုံတစ်ရာ မရှိ ။ ကျန်းမာ သက်ရှည်
လာဘ်လာဘ ပေါကြွယ်ဝစေခြငး စသည့် ထူးခြားချက်များရှိနေပါတယ်၊

တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာ
မပျက် ခမ်းနားစွာပူဇော်ခဲ့ကြသည်။ ယခုနှစ်တွင်လည်း ဧရာဝတီတိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီကကြီးမှုး၍ ပုသိမ်ခရိုင် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ စွမ်းဆောင်မှုဖြင့် တပေါင်းလဆန်း ၁ ရက်မှ တပေါင်းလပြည့်နေ့ အထိ ပွဲတော်ရက်များ တိုးချဲ့၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြိုနယ် ခမောက်မော်ဆိပ်ကမ်းသို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။ခမောက်မော်
မှ တဆင့်မော်တင်တော်ခြေအရောက် ခရီးသည်တင် ကားများဖြင့်ပြေးဆွဲပေးသည်။ထိုမှလေးမိုင် ဝေးကွာ သော မြွေတောင်ဘုရားသို့ သွားရောက်ဖူးမျှော်ရင်း ပျော်ရွှင်စွာ ရေကစားနိုင်သည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်း စောင့်ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ ထိုကြောင့် ပွဲတော်ရက်
များတွင် လူတိုင်းချမ်းမြေ့ပျော်ရွှင်စွာ လာရောက်ဖူးမြော်ပူဇော်နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။



''လောကနီတိ''


''လောကနီတိ''

''နီတိ'' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ် ၍ ''လမ်းညွှန်''ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။

  • တောင်တိုင်းတွင်ပတ္တမြားမရှိ။
  • ဆင်တိုင်းတွင် အမြုတေမရှိ။
  • တောတိုင်းတွင် စန္ဒကူးမရှိ။
  • အရပ်ဌာနတိုင်းတွင်လည်း ပညာရှိသုခမိန်မရှိ။
  • There is no ruby in every mountain.
  • There is no pearl in every elephant.
  • There is no sandalwood in every forest.
  • There is no sage in every place.
    ပညာလိုလားသူသည် ပညာရှိပုဂ္ဂိုလ်ထံအရောက်သွားပြီး ပညာကိုကြိုးစား၍ဆည်းပူး သင်ယူရာ၏။
  • One who wants knowledge should get to the wise and learn seriously.

  • စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိ သည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ ရှိ၏။
  • သူမိုက်သည်ကား သူတစ်ပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟော တတ်ပေသည်။
  • As a drum emits sound when struck the learned responds only when asked.
  • Asked or not, the uneducated speaks too much.

  • ပေပုရပိုက်စာရွက်၌ ရေးထားအပ်သော အတတ်ပညာကို ကိုယ့်အတတ်ပညာဟု မမှတ်ယူကောင်း။
  • ထို့အတူသူတစ်ပါးလက်ဝယ်၌ ရှိသော ဥစ္စာကိုလည်း ကိုယ့်ဥစ္စာဟု မမှတ်ယူကောင်း။
  • Chronicled knowledge shall not be regraded as one's own.
  • Property in the hands of other shall not be regarded as one's own.

  • လိမ္မာယဉ်ကျေးရှိမရှိကို ကိုယ်အမူအရာ နှုတ်အမူအရာအားဖြင့် သိနိုင်၏။
  • ပညာရှိသည်မရှိသည်ကို ပြောဆိုသောစကားကို ထောက်ချင့်၍ သိနိုင်၏။
  • Being cultured or not can be known by behavior.
  • Being learned or not can be known by speech.

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။