ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဝေဖန်ခြင်း

ဝေဖန်ခြင်း

လူမိုက်ဟူကား တစ်ပါးသူကို
ညွှန်းဆိုဝေဖန် ပြုတတ်ပြန်၍
ဆွေမွန်သူ့မှာ ချို့တဲ့လာ၏။


ကိုယ့်ကိုပြန်၍ ဝေဖန်တတ်သော
သဘောရှိပေ လူနပ်တွေအား
အများသိလျက် နားလည်ခက်မို့
သူတို့သီးခြား ချန်၍ထား၏။


ပညာရှိသည် မည်သူ့ကိုမျှ
ပြစ်ဆိုလေသံ ဝေဖန်မရှိ
လူ၏စိတ်တွေ မသွေအမြဲ
ပြောင်းလဲများမို့ သူတို့ကောင်းရန်
ကြံစည်ကြိုးကုတ် အားထုတ်တတ်သော
လူ့မနောကို စောကြောသိ၏။


ဝေဖန်သမှု အစုစုကို
မပြုတော့၍ မိတ်ကောင်းတွေ့လာ
လူပညာရှိ ညဏ်က၀ိတည့်။


ဖိုးရန်နိုင် (ကျောက်ကြီး)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

လောကကြီးသည် ရယ်ရွှင်ဖွယ်ကောင်းပါ၏


လူချစ်လူခင် များသူတစ်ယောက်၌ ရှိအပ်သည့် အခြားအရည်အချင်းတစ်ရပ်ကား ဟာသဥာဏ် ဖြစ်သည်။ မိမိကိုယ်ကို ၄င်း၊ လူ့ဘ၀ဟူသည်ကို ၄င်း၊ ပတ်ဝန်းကျင်လောကကို ၄င်း၊ ရွှင်မြူးသောစိတ်ဖြင့် ရှုမြင်နိုင်ပါလျှင် တော်ရုံတန်ရုံ ကသိကအောက်ဖြစ်စရာ ဒေါသအာဃာတ ပွားစရာများသည် အလိုအလျှောက် ပျောက်ကွယ် သွားမည်ဖြစ်ပါသည်။

မိမိကိုယ်ကို ရေးကြီးခွင်ကျယ်လုပ်လွန်း၊ အစစအရာရာ အလေးအနက်ထားလွန်းလျှင် တော်ရုံကိစ္စလေးသည်ပင် အကြီးအကျယ် အခံရခက်စရာ ဖြစ်လာတတ်ပါသည်။ လေးနက်လွန်းသူ ၌ လူမှုဆက်ဆံရေး ကိစ္စရပ်တိုင်းသည် ၀န်ထုပ်ဝန်ပိုးများသဖွယ် လေးလံဖိစီးနေတတ်သည်။ ဟာသဥာဏ် ရှိသူ၌ကား လူမှုဆက်ဆံရေးကိစ္စတို့သည် ပေါ့ပါးရွှင်လန်းစွာ ဆောင်ရွက်၍ ရသည့် ကိစ္စများ ဖြစ်၏။ သူ၍ ဘာဝန်ထုပ်မျှ မရှိပေ။

ရွင်လန်းသာစိတ်ထားရှိသူသည် မိမိကိုယ်ကို ရေးကြီးခွင်ကျယ် မလုပ်။ မိမိကြုံကြိုက်ရသော ပြဿနာသည် သူတစ်ပါးကြောင့် ဟူ၍ချည်း အာဃာတဖြင့် မတွေး။ ငါကိုယ်တိုင်ကလည်း ဘာလုပ်ခဲ့မိပေ သကိုးဟု တွေး၏။ ထို့ကြောင့် ခံစရာရှိလျှင်လည်း ခံသာသည်။ ခံနိုင်ရည်လည်း ရှိပေသည်။

ရုပ်ရည်မလှပခြင်း၊ ပညာအရည်အချင်းနည်းပါးခြင်း၊ စီးပွားဥစ္စာ ရှားပါးခြင်းစသည့်တို့သည် လူအတွက် ချို့တဲ့ချက် ကန့်သတ်ချက်များဖြစ်ပါသည်။ သို့သော် ယင်းကန့်သတ်ချက်များ အပေါ်ခံယူပုံ၌ လူတစ်ယောက် နှင့် တစ်ယောက် မတူညီပေ။ အချို့သည် ယင်းချို့တဲ့မှုများအောက်၌ နာလန်မထူနိုင်လောက်အောင် စိတ်ဓာတ် ကျဆင်း အားငယ်ခြင်းများဖြစ်ကြ၏။ ငါ အရုပ်ဆိုးလိုက်တာ၊ ငါကျောင်းစာကောင်းကောင်း မသင်ခဲ့ရဘူး၊ ငါ့ထက်မွဲတဲ့လူ ရှိမှ ရှိသေးရဲ့လား စသည်ဖြင့် မိမိကိုယ်ကို နာသည်ထက်နာအောင် ထောင်းထုလျက်ရှိကြ၏။ လောကကို ရွှင်လန်းသော ဥာဏ်ဖြင့် ရှုမြင် ရင်ဆိုင်ကြသူ တို့ကား ထိုအကန့်အသတ်တို့၏ ချုပ်ချယ်တားဆီး မှုကို မခံပေ။ အရုပ်ဆိုးသဖြင့် လူတောမတိုး ဆိုသည်မျိုး အဖြစ်မခံရုံမက အချို့လူများဆိုလျှင် ထိုအရုပ်ဆိုးခြင်း ကိုပင် ရယ်စရာရွင်စရာ အဖြစ် အသုံးပြုကာ ရုပ်ရှင် ဇာတ်သဘင်လောကတို့တွင် ၀င်ရောက် လုပ်ကိုင် စားသောက် သွားတတ်ကြပေသေးသည်။

ဖေမြင့် (စိတ်၏ သတ္တိစွမ်းအားများ) စာအုပ်မှ ဖော်ပြပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ၁၆

အဖေ အဆုံးအမ မေ့မရ

မေ၁၆ ဆားချက်ပါတော့မယ်။ တင်ရတဲ့ ပိုစ့်လေး တွေ စိပ်လာတော့ ဘာတင်ပေးရမှန်းကို မသိဘူး။ အလုပ်ကလည်းတဖက်..ကွန်နက်ရှင်ကမကောင်း နဲ့ရှုပ်နေတာပါဘဲ။ အဖေများနေ့ ဆိုတာ လည်း သိသာသိလိုက်တယ် ဘာမှ မရေးဖြစ်ခဲ့ဘူး။ ဒီနေ့တော့ တင်စရာ စာများရှာရင်း တိုတိုနဲ့ လိုရင်းရောက်မဲ့ ဆရာကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ စာ (၃) ကိုတွေ့ပါတယ်။ အင်း….အတော်ပဲ…အချိန်တိုတိုလေးနဲ့ မြောက်တဲ့စာ တွေ့ ပြီ ဆိုပြီး အားရပါးရတင်လိုက်ပါတယ်။ မေ၁၆ ကို အဖေက ဆုံးမ နေတာ လို့ စိတ်ထဲမှာ မြင်နော်..။


(၁)

သမီး….

စကား ၊ စကား ပြောပါများ

စကားထဲက ဇာတိပြတဲ့။

စကားတွေ အမျာကြီး ပြောတဲ့အခါ

ပြောတဲ့သူရဲ့ အကျင့်စရိုက်တွေဟာ

စကားထဲမှာ ပါလာ တတ်တယ်။

သူများပြောတဲ့စကားကို

များများ နားထောင်ရင်

သူများ အကြောင်း များများသိမယ်။

ကိုယ်က များများ ပြောရင်လည်း

ကိုယ့်အကြောင်းတွေ

သူများ သိလိမ့်မည်။

ဒီတော့ ….

စကားကို နည်းနည်းပြော

များများ နားထောင်တတ်အောင်

သမီး ကြိုးစား လေ့ကျင့် ထားသင့်တယ်….။

(၂)

သမီး…..

ဘာမှန်းမသိဘဲ

စွဲစွဲလန်းလန်း ဖြစ်နေတတ်တာ ဟာ

အချစ် ပဲ။

အဲဒီ အချစ်ကြောင့် လူတွေဟာ

မလုပ်ရဲတာတွေ လုပ်ရဲလာတယ်။

မလုပ်သင့်တာတွေ လုပ်တယ်။

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို

မခွဲခြားနိုင်ဘဲ လုပ်ချင်ရာ လုပ်ကြတယ်။

တကယ်တော့…. အချစ်ဟာ

ကလေးဆိုးနဲ့ တူတယ်။

သူ့ကို အလိုလိုက်မိရင်

အသက်အရွယ်မရွေး

ဒုက္ခပေးနိုင်တယ်။

ဒါကြောင့်

အချစ်ရဲ့သဘော သဘာဝကို

နားလည်အောင်ကြိုးစားပါ။

နေရာတကာ သူ့အလိုကို မလိုက်မိစေနဲ့။

အချစ်ဆိုတာ…

အလိုက်မသိတတ်တဲ့ ဧည့်သည်ဆိုးနဲ့လည်း

တူချင်တူနေပြန်ရော….

(၃)

သမီးရယ်…

ကေသရာဇာ ခြင်္သေ့မင်း

အမဲလိုက်လို့ ရလာတဲ့

နွားကြီး တစ်ကောင်ဟာ

အသီးအရွက် ကိုသာ စားတဲံ

ယုန်လေး တစ်ကောင် အတွက်တော့

ရေး စိုက်စရာ ဖြစ်မလာ စေပါဘူး။

(၄)

သမီးရေ

သမီးဘ၀အတွက်

အဖော်မွန် အဖော်ကောင်းကို

ရှာတော့မယ်ဆိုရင်

ဆား နဲ့ တူတဲ့ အဖော်ကောင်းကို ရှာနော်။

ဆားဟာ….သူ့ကို နည်းနည်းသုံးရင်

နည်းနည်း ငံ ပေးတယ်။

များများသုံးရင် များများ ငံ ပေးတယ်။

သူ့သဘောနဲ့ သူ ဘာမှ မလုပ်ဘူး။

သူ့ကို အသုံးပြုတဲံ သူရဲ့ အလိုဆန္ဒကိုသာ

အမြဲလိုက်လျော ပေးတတ်တယ်။

ပြီးတော့…ဘယ်နေရာမဆို

သူ့ကို အားထား ရတယ်လေ။

ဆား နဲ့တူ တဲ့

အဖော်မွန် အဖော်ကောင်း ကို

သမီးလေး ရှာတွေ့နိုင်ပါစေလို့

ဖေဖေ ဆုတောင်း ပေးမယ်နော်။

ဖေဖေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လက်ထဲက အစာ

မြေလူးငှက်တစ်ကောင်ဟာ ၀က် သစ်ချပင်အောက်မှာ နားပြီး မြေလူးငှက် တွေရဲ့ သဘာဝအတိုင်း သီချင်းဆိုနေ တာပေါ. သူ့ကို စွန်ကမြင်လိုက်တယ်. . .

ဒီစွန်က အစာရှာမတွေ့လို့ ဗိုက်ဆာနေတယ်. . ဒါကြောင့်သူ့ဆီ ထိုးဆင်းခဲ့ပြီး ချီသွားတယ် . .

မြေလူးငှက် ဟာ စွန်ရဲ့နှုတ်သီးဖျားမျာ သေရတော့မလို ဖြစ်လို့ရုန်းကန်နေတယ်. . . စွန်ကိုလည်း အသက်ချမ်းသာပေးဖို့ တောင်းပန်တယ်. . . . .

"ကျွန်တော်ဟာ အကောင်ငယ်လွန်းပါတယ်. . ခင်ဗျားဗိုက်ဆာနေရင် ကျွန်တော့ထက် အကောင်ကြီးတဲ့ ငှက်ကို စားသင့်ပါတယ် . . "

ဒါပေမယ့်စွန်က . . . "ငါ့လက်ထဲမှာ မိထားတဲ့အစာကို လွှတ်ပြီးရှာမတွေ့သေးတဲ့ အစာနောက်ကို လိုက်မယ် ဆိုရင် ငါဟာ အသိညဏ်မရှိသူဖြစ်နေမှာပေါ." . . . လို့ အဖြေပေးလိုက်တယ်. . .
(လက်ရှိရထားတဲ့ . . . . ဥစ္စာကို ပစ်ပယ်ကာ ပိုပြီးဟန်ကျစေမယ့် ပိုကောင်းမယ့် ဥစ္စာကို
မျှော်မှန်းခဲ့ရင် ဆင်ခြင်မှု မရှိရာ ရောက်ပါလိမ့်မယ်)


အီစွတ်ပုံပြင်ပေါင်းချုပ်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ထာဝရ အကောင်းမြင်သမား

ကံကြမ္မာက မျက်နှာသာပေးသဖြင့် ကျွန်မတို့မှာ သားသုံးယောက်တိတိရရှိခဲ့သည်. . . သူတို့က သူတို့ တစ်ဦးချင်းစီမှာ ပါလာသည့် ထူးခြားသော ဗီဇသဘာဝကိုယ်စီဖြင့် ကျွန်မတို့အတွက် ၀မ်းသာကြည်နူးစရာလေးတွေ ဖန်တီးခဲ့ကြသည်. . .
သည်သုံးယောက်ထဲမှ သားအလတ် ဘီလီကတော့ ထာဝရအကောင်းမြင်သမားလို့ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်. . . သူ့မှာ အဲသည်လို အကောင်းမြင်စိတ်ရှိနေခြင်းက သူ့မွေးရာပါ ပစ္စည်းတစ်ခုပင်ဖြစ်သည်. . .
သူအသက် (၅) နှစ်လောက်တုန်းကလည်း တီဗွီထဲက လူတစ်ယောက် ထိပ်ပြောင်မပြောင် သူ့အစ်ကိုနှင့် ငြင်းကြသည်. . . . . .သူက
"ထိပ်ပြောင်တာမဟုတ်ဘူး ၊ အစ်ကိုကြည့်နေတဲ့အခါသာ ထိပ်ပြောင်သလိုမြင်ရတာ. . သူ့ဘာသူ ထွက်သွားတဲ့အခါကျတော့ ခေါင်းပေါ်မှာ ဆံပင်တွေအများကြီးပဲ ဟု" ဘီလီက ဆိုလေသည်. . .
တစ်နေ့မှာတော့ အဲသည်လို အကောင်းမြင်စကားတစ်ခွန်းကို ကျွန်မတို့ ကြားနာခဲ့ကြရပါသည်. .
ကျွန်မတို့ရဲ့ တတိယသားလေး တင်နာ သွေးဥတွေ ပျက်စီးသော ရောဂါဖြင့် ဆုံးသွားရှာလေသည်. တင်နာလေးက အသက်နှစ်နှစ်ပင်မပြည့်သေး၊ လပေါင်း ၂၀ ပဲရှိသေးသည်.
တင်နာလေး သဂြိုလ်ပြီး နောက်တစ်ညမှာ ဘီလီကို သိပ်ရင်း ကျွန်မလှဲနေသည်. . သည်ညမှာတော့ ကျွန်မတို့ ပြောစရာစကား သိပ်မရှိကြပါ. . . . တိတ်ဆိတ်ငြိမ်သက်၍ သာနေကြသည်. .
ရုတ်တရက် ဘီလီက စကားစသည်. . . "သားတို့အားလုံးအတွက် စိတ်မကောင်း ပါဘူးမေမေ. . ဒါပေမယ့် တခြားလူတွေအတွက သားပိုပြီး စိတ်မကောင်းဖြစ်မိသလိုပဲ. . "
"ဘယ်ကတခြားလူတွေလဲသား " ဟု ကျွန်မကမေးမိသည်. .
သူကရှင်းပြသည်.
"တင်နာ့ကို တစ်ခါမှ မတွေ့ဖူးလိုက်ကြတဲ့ လူတွေအတွက်ပါ. . ဘာပဲပြောပြော သားတို့က တင်နာလေးနဲက လပေါင်း ၂၀ လုံးလုံး အတူနေလိုက်ရတာဆိုတော့ အများကြီးကံမကောင်းဘူးလား ၊ မေမေ စဉ်းစားကြည့်လေ. တင်နာ့ကို တစ်ခါမှ မတွေ့ဖူး မမြင်ဖူး ကြားတောင်မကြားဖူးလိုက်တဲ့ လူတွေ ဘယ်လောက်အများကြီးရှိမလဲ ၊ သူတို့ထက်စာရင်တော့ သားတို့က သိပ်ကို ကံကောင်းတာပါ မေမေ" တဲ့

ဖေမြင့် ( Beth Dalton ၏ The Eternal Optimist)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

စိတ်ရှင်း

စိတ်ဆိုတာ ရှင်းလင်းနေမှ ချမ်းမြေ့တတ်လေရဲ့။ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အခါ လူကိုယ်ခန္ဓာမှာလည်း လန်းဆင်းကြည်လင်မှုတွေ ကင်းမဲ့နေတတ်တယ်. . . ဒါကြောင့် စိတ်ကိုရှင်းအောင်ထားတတ်ဖို့လည်း လိုအပ်ပါတယ် . .

စိတ်ကို မရှင်းလင်းအောင် ပြုမူတတ်သူဟာ သံသယဖြစ်တယ် . . . သံသယ ဟာ ယုံကြည်မှုတွေကို ရိုက်ချိုးပြီး မေတ္တာတရားကို လည်း ဖျက်ဆီးပစ်တတ်တယ် . . .

ဒီတော့ သံသယကို စိတ်ထဲမှာ ကြာရှည် သိမ်းဆည်းထားတာမကောင်းပါဘူး . . သံသယရှိတဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မေးမြန်းကြရမယ် . . . မြုံထားတဲ့ အကျင့်ကို ရှောင်ကြရမယ်. . . စူးစမ်းလေ့လာကြရပါတယ် . . ပြီးတော့ အလျင်အမြန် ဖြေရှင်းကြရမယ် . . ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ အားနားခြင်းဆိုတာတွေကို စိတ်ထဲမှာ မွေးမြူမထားသင့်ပါဘူး မသိရင်မေး မစင်ရင် ဆေးကြရပါမယ်. . .

စိတ်ထဲမှာ အစိုင်အခဲအဖြစ် ကြာရှည်အောင် ထားတဲ့အခါ စိတ်လေးလံနေမှာ အမှန်ပဲ. . တစ်စတစ်စ ရင့်မှည့်လာတဲ့အခါ ပေါက်ကွဲထက်တဲ့ အသီးလိုပဲ . . တဖြည်းဖြည်း ကြီးမားလာတဲ့ သံသယစိတ်ဟာ တစ်ချိန်မှာ ပေါက်ကွဲလာပြီး မိမိကိုယ်ပါ အထိနာရစေပါတယ် . .

ဒါကြောင့် စိတ်ကို ရှင်းနိုင်သမျှ ရှင်းအောင် မွေးမြူကြရပါမယ် . . စိတ်ကို ရှုပ်ထွေးစေမည့် ချည်နှောင်မှုမှန်သမျှကို ဆန့်ကျင်ကြရပါမယ်. . စိတ်ထဲရှင်းလင်းအောင်.စိတ်ကို အချည်မခံပါနဲ့ . .

ဖြိုးသာရ (စိတ်)

စိတ်ရှင်းလင်းစွာနဲ့ အေးချမ်းတဲ့ စိတ်ထားပိုင်ရှင်များဖြစ်ပါစေ..

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လောကနီတိ

အနာသည် မိမိကိုယ်၌ဖြစ်လျှက် မိမိအကျိုးကို မရွက်ဆောင်။

ဆေးပင်ဆေးရွက်သည် တော၌ဖြစ်လျှက် အကျိုးကိုဖြစ်စေနိုင်၏။

Disease, though arising in the body does not bring benefit.

Herbs though growing in the forest can be beneficial.

ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူသူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။

ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေရင်းချာပင်ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။

If one brings benefit, a stranger may be considered as relative.

If one does not confer benefit, even though he is close relative, may be considered a stranger.

မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ်သကဲ့သို့ ရှောင်ကြဉ်ရာ၏။

Showing in gratitude in the absence, being sweet in the presence such a person should be shunned just like shunning the honey in a pot of poison.

ဥစ္စာ စီးပွားပျက်လျှင် မိတ်ဆွေ၊ သားမယား ၊ ညီအစ်ကို မောင်နှမများသည်ပင် စွန့်ခွာတတ်၏။

ဥစ္စာ ရှိသူကိုသာ မှီခို ပေါင်းသင်းလိုကြ၏။

လောက၌ စီးပွား ဥစ္စာသည် ခင်ပွန်းကြီးဖြစ်၏။

If wealth is lost, friends, son and wife, brothers and sisters may leave away.

They want to associate only to the rich.

Wealth in the world is a great friend

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

သင်ကွယ်လွန်သေဆုံးပြီးနောက်တွင်

" သင်ကွယ်လွန်သေဆုံးပြီးနောက်တွင်"

သင့်အကြောင်းတရား၊ အဆိုးများက
လင်းတကောင်ဆွဲ၊ ခွေးအဆွဲ၍
ပြိုကွဲလောက်တက်၊ ဖွားဖွားအက်ပြီး
ယိုစက်သွေးရည်၊ ပုပ်စက်ညှီသို့
မသဒီစက်ဆုပ်၊ ဂုဏ်သတင်းပုပ်၏
ယုတ်မာဇာတ်ထုပ်ကြမ်းပေလိမ့်။

သင့်အကြောင်းတရား ၊ အကောင်းများက
အလင်းအားရောင်ရှိန်၊ ၀င်းလဲ့ထိန်၏
ပန်းအိမ်ဖွဲ့ကာ၊ ရနံ့ဖြာလျက်
ဝဲယာဝန်းကျင်၊ မွှေးပျံ့လွင်၏
သင်၏ဂုဏ်ရည်၊ ရွှန်းလဲ့ကြည်သို့
နှစ်ရှည်တည်တံ့ မြဲပေလိမ့်။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဗုဒ္ဓဘာသာဟူသည်


ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာက စကား၊ နှစ်ခုပေါင်းတော့ ဗုဒ္ဓဘာသာ ဆိုတာ ဘုရား စကား ။ ဘုရားရှင် လေးဆယ့်ငါးနှစ်တိုင်တိုင် ဟောကြားခဲ့၊ ဆုံးမခဲ့သော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဟူသော ပိဋိကတ်သုံးပုံသည် စင်စစ်အားဖြင့် ဗုဒ္ဓဘာသာ ဖြစ်သည်။
ပိဋိကတ်သုံးပုံးကို အနှစ်ချုပ်လိုက်လျှင်တော့ မကောင်းမှုဟူသမျှ မပြုလုပ်နှင့် ရှောင်ပါ။ ကောင်းမှုဟူသမျှ ပြုလုပ်ပါ။ မိမိစိတ်ကို ဖြုစင်သန့်ရှင်းအောင်ထားပါ ဟူသော သုံးချက်သာဖြစ် သည်။ ယင်း အဆုံးအမတော်သုံးချက်ကို လိုက်နာကျင့်ကြံသူသည် ဗုဒ္ဓဘာသာဝင် (ဗုဒ္ဓဘာသာ) ဖြစ်သည်။
ဗုဒ္ဓဘာသာကို မူကြိုအဆင့်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဟူ ၍ လေးဆင့်သတ်မှတ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ထေရဝါဒ နှင့်မသက်ဆိုင်သော ဗေဒင်၊ ဓာတ်၊ ယတြာ၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ ရက်ရာဇာ၊ ပြဿဒါး အစရှိသည်များကို အလေးထားသော ဗုဒ္ဓဘာသာသည် မူကြိုအဆင့်မျှသာရှိသည်။
ကမ္မဿကတာ သမ္မာဒိဠိနှင့် ပြည့်စုံ၍ ရတနာမြတ်သုံးပါး၊ ကံနှင့် ကံအကျိုးတရားကိုသာ အလေးထားသော ဗုဒ္ဓဘာသာသည် မူလတန်းဗုဒ္ဓဘာသာဖြစ်သည်။ ဒါနကုသိုလ်၊သီလကုသိုလ်မျှ နှင့်အားရ ကျေနပ်မနေဘဲ ဘာဝနာအဆင့်သို့ ကူး၍ ဝိပဿနာတရားဓမ္မ ကြိုးစားအားထုတ်သဖြင့် ရုပ်နာမ်ကွဲ၊ ဖြစ်ပျက်မြင်၊ အနိစ္စ ဒုက္ခ အနတ္တ ထင်သော ဗုဒ္ဓဘာသာသည် အလယ်တန်းဗုဒ္ဓဘာသာ ဖြစ်သည်။
တရားဓမ္မကို ကြိုးစားအားထုတ်၊ သီလ၊ သမာဓိ၊ ပညာတွေ ပြည့်စုံ၍ ဝိပဿနာဥာဏ် ရင့်သန်အားကောင်းသဖြင့် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရရှိသွားသော ဗုဒ္ဓဘာသာသည် အထက်တန်း ဗုဒ္ဓဘာသာဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာတို့အနေနှင့် မိမိဘယ်အဆင့်၊ ဘယ်အတန်း ရောက် ပြီလဲဆိုတာ ချိန်ထိုးကြည့်နိုင်သည်။ အတန်းတက်ချင်လျှင်တော့ စာကျက်မှဖြစ်မည်၊ လက်ရှိအတန်းအောင်အောင်လုပ်မှဖြစ်မည်။

အရှင်သံဝရာလင်္ကာရ ဓမ္မပိယဆရာတော်


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

အောင်မြင့်မှုနှင့်ပျော်ရွင်မှု

အောင်မြင်မှုနှင့် ပျော်ရွှင်မှုသည် တစ်ခုနှင့်တစ်ခု မတူညီပါ. . .
အောင်မြင်မှုဟူသည်. . မိမိရယူချင်သော အရာတစ်ခုခုကို ကြိုးပမ်းစွမ်းဆောင်ပြီး ရအောင်ယူနိုင်ခြင်းပင်ဖြစ်သည်. .
ပျော်ရွှင်မှုဟူသည် . . မိမိရရှိထားသော အရာတစ်ခုခုကို ကြိုက်နှစ်သက်ခြင်းပင်ဖြစ်သည်. . . မိမိလိုချင်သောအရာကို မရပါက မအောင်မြင်မှု. . . မိမိရရှိနေသောအရာကို မနှစ်သက်ပါက မပျော်ရွှင်မှု. . .
အောင်မြင်အောင် ကြိုးစားရပါမည်. . . အားထုတ်မှုရှိမှသာ အောင်မြင်နိုင်ပါသည်. . .
ပျော်ရွှင်အောင်လည်း မိမိကိုယ်တိုင်ယောနိသော မနဿီကာယ သဘောထားရှိတတ်ရသည်. . . နေရသော မြို့ကိုမကြိုက်၊ နေရသော ရပ်ကွက်ကိုသဘောမကျ၊ နေရသော အိမ်ကို မနှစ်သက် နေရသော အခန်းကို မလိုချင် . . အလိုမကျမှုတွေဖြစ်ပေါ်နေခြင်းသည် . . မြို့၏ အပြစ်မဟုတ်. . . မိမိကိုယ်ကို ပြုပြင်ခြင်းဖြင့်သာလျှင် ဘ၀သည် သာယာပျော်ရွှင်နိုင်ပါသည်. . .
ဖြစ်ရာဘ၀၊ ကျရာနေရာ၊ ရောက်လာသည့် အခြေအနေမှာ အထိုက် အလျှောက် အဆင်ပြေအောင် ညှိယူနိုင်ပါမှ ပျော်ရွှင်မှုကို ရပါမည်.. . . ရောင့်ရဲကျေနပ်၍ ရပ်တည်နေရန်မဟုတ်သော်လည်း . . ငြိုင်ြငြူစူနေသဖြင့် စိတ်ဆင်းရဲနေရုံမှအပ အကျိုးမရှိလှပေ. . .

အောင်မြင်အောင်လည်း ကြိုးစားရမည်. . .
ပျော်ရွှင်အောင်လည်း နေတတ်ရပါမည်. . .

ချစ်နိုင်(စိတ်ပညာ) (လူငယ်များသို့)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ရေ၀တီ

"ရေ၀တီ"ဆိုတဲ့နာမည်လေးက တော်၂ကိုလှတာပါ နာမည်ကြားတာနဲ့တင် သူ့အကြောင်းသိချင်နေတာပါ. . . နာမည်လေး လှသလို သူ့ရဲ့ဘ၀သမိုင်းကြောင်းလည်း လှမှာပဲ ဆိုပြီး သူ့ရဲ့သမိုင်းကြောင်းကို ရှာဖတ်ကြည့်ဖြစ်ပါတယ်. . . .ဖတ်ကြည့်မှ အထင်နဲ့အမြင် တက်၂စင်အောင် လွဲတော့တာပါပဲ. . . ရေ၀တီရဲ့ ဇာတ်လမ်းလေးက ဒီလိုပါ.. .
တစ်ခါတုန်းက နန္ဒိယဆိုတဲ့ အမျိုးသားကောင်းတစ်ယောက်ရှိပါတယ်. . . . သူ့ရဲ့ ထူးခြားချက်ကတော့ ဒါနပြုတာ သိပ်ဝါသနာပါတာပါ. အိမ်ရှေ့မှာ ဆွမ်းကပ်ရုံတင်မကဘဲ မရှိဆင်းရဲသားတွေကိုလည်း နေ့စဉ် ထမင်းပေးလှူတာပါ. . . ဒါနကို စေတနာပါပါနဲ့ နေ့စဉ်ပြုနေတော့ စီးပွားရေးကလည်း ဆထက်ထမ်းပိုး ပိုပိုအဆင်ပြေလာပါတယ်. . . . ဒါနရဲ့ အကျိုးကို လက်တွေ့ခံစားနေရတော့ နန္ဒိယက သူ့ရဲ့ အလှူဒါနကို လျော့မသွားစေဘဲ တိုးတိုးပဲ လှူနေပါတယ်. . .
နန္ဒိယကို သူ့အမေက က သူ့တူမ ရေ၀တီနဲ့ နေရာချပေးချင်ပါတယ် ဒါပေမယ့် နန္ဒိယက ငြင်းပါတယ်. . အကြောင်းရင်းကတော့ ရေ၀တီက ဘာသာရေး စိတ်ဝင်စားမှုနည်းလို့ပါတဲ့. . .
ဒီတော့ သူ့အမေက သူ့တူမကို အကြံပေးရပါတယ်. . . တူမလေးရယ် နန္ဒိယက ဒါနပြုတာသိပ်ဝါသနာပါတာ . . နန္ဒိယဆွမ်းလောင်းတဲ့အခါမှာ လာကူရတယ် သပိတ်ကို လှမ်းယူရတယ် . . ဆွမ်းစားပြီးတဲ့အခါမှာလည်း သပိတ်ကို ဆေးပေးရတယ် . . . လို့ပြောပါတယ်. .
ရေ၀တီက သူ့အဒေါ်ပြောသလို လာကူပါတယ် ရက်ကလေးကြာလာတော့ အမေလုပ်သူက သားရယ် ဟိုမှာတွေ့လား ရေ၀တီကသိပ်လိမ္မာတာပဲ သပိတ်တွေကို ကိုယ်တိုင်ဆေးပေးနေတာလို့ သူ့တူမ ကောင်းကွက်လေးတွေကို ပြောပြပါတယ်. . နောက်ဆုံးတော့ နန္ဒိယနဲ့ ရေ၀တီညားရော ဆိုပါတော့ . .
ညားခါစမှာတော့ ရေ၀တီက ဟုန်ဆောင်ပန်ဆောင်လုပ်ပါသေးတယ် . . ဒါပေမယ့် စိတ်ထဲကလုံးဝကိုမပါပါဘူး . .
နောက် နန္ဒိယယက ဣသိပတနကျောင်းတိုက်ကြီးမှာ ကျောင်းဆောင်ကြီး တစ်ဆောင်ကို မြတ်စွာဘုရားရှင်ရဲ့လက်တော်ကို ရေလောင်းပြီး ရေစက်ချလှူပါတယ် . . . သူ့ရဲ့သဒ္ဓါတရားက ထက်သန်နေတော့ တာဝတိံသာ နတ်ပြည်မှာ ကြိုဗိမာန်ပေါက်တော့တာပါပဲ. . . ဗိမာန်တင်မကပါဘူး . . . . ပြုစုမယ့် နတ်သမီးတွေကလည်း အသင့်စောင့်ကြိုနေကြပါတယ် . . . ရေ၀တီကတော့ နန္ဒိယလုပ်နေတာတွေကို စိတ်ထဲကတော့ လုံးဝမကြည်ဖြူပါဘူး . . . မပြောသာလို့သာကြည့်နေတာပါ. . .
တစ်နေ့တော့ နန္ဒိယဟာ ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့ ခရီးထွက်ဖို့ကြုံလာပါတယ် . . . ခရီးမထွက်ခင်ရေ၀တီကို ရဟန်းသံဃာများကိုဆွမ်လောင်းတဲ့ ဆွမ်းဝတ်ကို ဂရုစိုက်လောင်းရန်နှင့် ဆင်းရဲသားတွေကိုပေးလှူတဲ့ အ၀တ်များကိုလည်း မလျော့စေရန် မှာခဲ့ပါတယ်. .
ဒါပေမယ့် ရေ၀တီက နန္ဒိယခရီးထွက်သွားတာနဲ့ ရဟန်းသံဃာများကို ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲလောင်းပါတော့တယ် ဆင်းရဲသားတွေကို လုံးဝမပေးလှူတော့ပါဘူး နန္ဒိယ ကုန်ရောင်းဝယ်ကိစ္စပြီးပြန်လာတာနဲ့ အိမ်မ၀င်ခင် သတင်းဆိုးကို အရင်ကြားလိုက်ပါတယ်. . . . ဒါနဲ့ရေ၀တီကို အိမ်ပေါ်ကနှင်ချလိုက်ပါတယ်. . . . .
နောက်တော့မိတ်ဆွေများက နန္ဒိယကို ကိုယ့်ဇနီးကို နှင်ချတာမကောင်းပါဘူး . . . ပြန်ခေါ်ပါလို့ တိုက်တွန်းပြန်တယ် ရေ၀တီအိမ်ပြန်ရောက်ပြီးမကြာခင်ကာလ မှာပဲ နန္ဒိယ ကွယ်လွန်သွားပါတယ်. . . . နန္ဒိယကွယ်လွန်သွားတော့ ရေ၀တီက သိပ်ဝမ်းသာသွားပါတာပေါ့ . . . .
သူပထမဆုံး ဖျက်ဆီးလိုက်တဲ့ဝတ်ကတော့ ဆင်းရဲသားတွေကို ပေးလှူတဲ့ဒါန၀တ်နဲ့ ရဟန်းသံဃာတော်များကို ဆွမ်းလောင်းလှူတဲ့ ၀တ်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ် . . . . ဆွမ်းခံလာတဲ့ရဟန်းသံဃာများကို လည်း ရေရွတ်ဆိုဆဲရေးသတဲ့ သူ ရေရွတ်ဆဲရေးတဲ့ အထဲမှာ ရဟန္တာတွေလည်းပါပါတယ်
အဲဒီအကုသိုလ်ကံဟာ ရေ၀တီအတွက် အကြီးမားဆုံးဖြစ်သွားပါတယ်. . . အသေးစားကုသိုလ်တွေကလည်း ခြံရံနေတော့ နောက်ဆုံး အရှင်လတ်လတ် ငရဲကျသွားပါတော့တယ်. . . .

"အကုသိုလ်နှင့်၊ ကုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာစိတ်မပါလျှင် လင်မှာမရ ၊
လင်ပြုကလည်း၊ မယားအိမ်သူ စိတ်မတူသော်၊ မှန်ယူ မှန်စွာမရေရာဘူး။"

ရဝေနွယ်(အင်းမ) (အတွေးများနှင့်မိတ်ဖွဲ့ခြင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

အလွမ်း

တချို့ကလည်း ငယ်ဘ၀ကိုလွမ်းသတဲ့. . . တချို့ကျတော့ လွမ်းမိတာတွေကို အမျိုးမျိုးပြောတတ်ကြတယ်. . . ချစ်သူကိုလည်း လွမ်းကြပြန်သတဲ့. . . ကိုယ်ကလွမ်းသလို ကိုယ့်ကို ပြန်လွမ်းမယ် မလွမ်းဘူးဆိုတာတော့ လွမ်းရတဲ့သူက မသိနိုင်ပါဘူး . . . .
အဲဒီတော့ အလွမ်းစိတ်ဆိုတာ တစ်ဖတ်သတ်ပါပဲ အလွမ်းဆိုတာ အချိန်ပိုနေတဲ့သူတချို့အတွက်များလား . တချို့က တခြားလုပ်စရာ ကိုင်စရာကိစ္စမရှိတော့တဲ့အခါ အချိန်တွေပိုနေတတ်ကြတယ်. . . .အဲဒီအချိန်မှာ သူတို့စိတ်တွေက ပြေးချင်ရာကို လျှောက်ပြေးနေလိမ့်မယ်. . .အဲဒီအချိန်မှာ အလွမ်းဆိုတာပေါ်လာမှာပါ. . .
လွမ်းတာနဲ့ သတိရတာ လည်းမတူပါဘူး လွမ်းတယ်ဆိုတာ သတိရတာထက် ပိုပြီး နက်နဲသိမ်မွေ့ပါတယ်. . . .ဒီနေရာရောက်တော့ တစ်ယောက်၂ကို သတိရတာရှသလို၊ အဲဒီတုန်းက သူငါ့အပေါ် ဒီလိုလုပ်သွားတာကို သတိရသေးတယ်ဆိုပြီး မကျေနပ်စိတ်နဲ့သတိရတတ်ကြပါတယ်. . .
လွမ်းဆွတ်ကြေကွဲခြင်းဆိုတာကျတော့ လွမ်းရသူအဖို့ ဆုံးရှူံးရခြင်းကို ပါ ဖော်ညွှန်းပါတယ်.. .
အရာအားလုံးမှာ ဥပက္ခာဆိုတာကတော့ ကြောက်စရာအကောင်းဆုံးပါ..... ချစ်ခြင်း၊မုန်းခြင်းမရှိတဲ့ သဘောကို ဖော်ညွှန်းပါတယ်... မုန်းတယ်ဆိုတာက တစ်ချိန်မှာ ခွင့်လွှတ်တတ်ရင် ပြန်ချစ်ခင်ကြင်နာလို့ ရနိုင်ပါတယ်...
ဥပက္ခာကျတော့ လူတစ်ယောက် အသက်ရှင်နေသေးတယ် ဆိုရင်တောင်မှ အဲဒီလူနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ဘာမှမရှိတော့၊ မကျန်တော့တဲ့သဘောပါ... ဥပက္ခာပြုလိုက်ပြီဆိုရင် နာကျည်းခြင်း အဆင့်ထက် ပိုကျော်လွန်သွားတာ ဖြစ်ပါတယ်....

လူတိုင်း လွမ်းဆွတ်ခြင်း၊ ဥပက္ခာပြုခြင်း များ အားလုံးကင်းဝေးကြပါစေ..
(ခုထိမမေ့နိုင်တဲ့လွမ်းချင်းနဲ့ ကျွန်မအမေကို လွမ်းပါတယ်... )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

လူ့တန်ဖိုး

လူတစ်ယောက်၏တန်ဖိုးကို မည်သည့်စံဖြင့် တိုင်းတာမည်နည်းဟူသော မေးခွန်း၏ အဖြေကို အတွေးအခေါ် ပညာရှင်တို့ အဖုံဖုံအလီလီ ရှာဖွေကြည့်ခဲ့ကြသည်. . . ဦးစွာပထမ "တန်ဖိုး" ဟူသော စကားရပ်၏ အနက်ကိုဖွင့်ကြရာတွင် အသုံးချတန်ဖိုး ဟူသည်ကို တွေ့ရှိကြသည်. . နေရာဌာန၊ ကိစ္စတစ်ရပ်ရပ်တွင် အသုံးကျခြင်း၊ အသုံးမကျခြင်း အပေါ်၌မူတည်၍ တန်ဖိုးရှိခြင်းမရှိခြင်းကို ဆုံးဖြတ်ကြသည်. . .
ဥပမာတစ်ခု ထုတ်နုတ်ရလျှင် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား တို့သည် ယင်းတို့အား ပိုင်ဆိုင်မှု၊ ၀တ်ဆင်နိုင်မှုအပေါ်တွင် မူတည်၍ နေရာရွေးပြီး တန်ဖိုးရှိသည်. . "နေရာရွေးပြီး" ဆိုရာ၌ ကျောက်မျက်ရတနာများ ၀တ်ဆင်နိုင်ခြင်းကို အထင်ကြီးအားကျတတ်သော လူ့အသိုင်းအ၀ိုင်း၌ ထိုသို့ဝတ်ဆင်နိုင်သူသည်. . . လူရာဝင်သော တန်ဖိုးရှိသည်. . .
သို့ရာတွင် ညဏ်ပညာ အမြော်အမြင် ကြီးမားသူများကိုသာ တန်ဖိုးထားတတ်သော ပညာတတ်အသိုင်းအ၀ိုင်း၌မူ ရွေတွေ စိန်တွေသီးနေအောင် ၀တ်ဆင်လာသူဖြစ်စေကာမူ အထင်ကြီးလေးစားခြင်းခံရဖို့ ဝေးစွ . . . ထိုသို့ဝတ်ဆင်ဗန်းပြလာခြင်းသည်ပင် ရိုင်းပြရာကျနေတတ်ပေသည်. . .
အလားတူပင် ကျမ်းအစောင်စောင်ကို ထုံးလိုချေ ရေလိုနှောက်၍ ပညာဗဟုသုတအရာ၌ မတစ်လုံးကျေဟု ဆိုနိုင်လောက်သော ပုဂ္ဂိုလ်တစ်ဦးသည် ရွေရှိမှာ ငွေရှိမှ လူရာဝင်သည်ဟု သတ်မှတ်သော စီးပွားရေး သမားများ အလယ်သို့ ရောက်သွားပြန်လျှင်လည်း သူ့အား အဖက်လုပ်ဖို့ပင် ၀န်လေးကြပေလိမ့်မည်. . .
လုပ်ပိုင်ခွင့် အာဏာရှိသော အရာရှိကြီးတစ်ဦးသည် ရာထူးလက်ကိုင် ရှိနေချိန်၌ တန်ဖိုးရှိနေပေသည်. . သူ၏ရာထူးကို အကြောင်းပြု၍ အကျိုးဖြစ်ထွန်းနေကြသူများက သူ့အား တလေးတစား တန်ဖိုးထားပြီး ဆက်ဆံကြပေလိမ့်မည်. . . သို့ရာတွင် အကြောင်းကြောင်းကြောင့် ရာထူးလက်ကိုင်မရှိလျှင်တော့ သူ၏တန်ဖိုးသည် ကျသွားပေမည် . . .အရှိန်အ၀ါသြဇာ ပါမရှိတော့လျှင် သူ့၌တန်ဖိုးဟူ၍ပင် မရှိတော့ပေ. .
သို့ဖြစ်ရာ ပညာ၊ဥစ္စာ၊ သြဇာ အာဏာတို့သည် သူ့နေရာနှင့် သူ ၊ သူ့အချိန်အခါနှင့် သူတန်ဖိုးကြီးခြင်း၊ တန်ဖိုး လျှော့နည်းခြင်းဟူ၍ ရှိတတ်သည်ကို သတိချပ်အပ်သည် ယင်းသို့ဖြစ်ခြင်းမှာလည်း လောက၏ နိယာမပင်ဖြစ်သည်. . .
လောက၏နိယာမကို ဆင်ခြင်တုံ့တရားထားရှိသူများသည် မိမိ၏တန်ဖိုးကို ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင် ဂုဏ်သိက္ခာဖြင့် မြှင့်တင်ရန်ကြိုးပမ်းကြသင့်သည်. . . ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင် ဂုဏ်သိက္ခာဟူသည်မှာ ပညာ၊ ဥစ္စာနှင့် သြဇာအာဏာ တို့ထက် ခိုင်မြဲသော ဖြောင့်မှတ်တည်ကြည်မှုပင် ဖြစ်သည်. . လူတစ်ဦးတစ်ယောက်သည် သက်တမ်း၏ အများစုအချိန်ကာလများကို ဖြောင့်မတ်တည်ကြည်စွာ နေထိုင်သွားပါက သူ၏လူ့တန်ဖိုးသည် အစဉ်အမြဲ မြင့်မားနေမည်သာဖြစ်သည်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။