ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တန်ဆောင်မုန်းလဖွဲ့



"တန်ဆောင်မုန်းလဖွဲ့"

လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်။

သည်ချိန်ကို ၀တ်မှုန်ကြဲလို့၊ ခ၀ဲရွှေညှာရင်းမှာ၊

သင်းရနံ့ကြွယ်။

ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး။

ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်စွန်းတယ်၊

ထွန်းထိန်လို့မြူး။


(ဘိုးသူတော်ဦးမင်း)

"တန်ဆောင်မုန်းလ"

တန်ဆောင်မုန်းလသည်. မြန်မာလများတွင် ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်သည်. . . ဤလတွင် "ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မလလဲပွဲတော် "တို့ကို ကျင်းပကြသည်. .

ကထိန်ဟူသည် သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စသော ကထိန်မှုနှင့်စပ်ဆိုင်သော အရာအားလုံးကို ခြုံငုံ၍ သုံးစွဲသော ဝေါဟာရဖြစ်သည်. . ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်သည်.

ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲ နှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီး၌၍ လူအများစုက ၀ိုင်းဝန်း ကူညီလှူဒါန်းသော ကထိန်ဟူ၍ ကျင်းပလေ့ရှိကြသည်. . . သင်္ကန်းအပ်နှင်းမှု၊ ချုပ်ဆိုးမှုများ ညတွင်းချင်း ပြီးစေ၍ အာရုဏ်မတက်မီလှူဒါန်းနိုင်သော သင်္ကန်းကို မသိုးသင်္ကန်းဟုခေါ်သည်. . .

ပံ့သကူ ပစ်ပွဲမှာ သင်္ကန်းစသည့် သံဃာ့ အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းခြင်း ဖြစ်သည်. . . ပိတ်သားပေါ်တွင် ရွှေရောင်စက္ကူ၊ ရွှေဝါရောင် ဖဲကြာပွင့်ကြီးများ ထိုးထားသည့်သင်္ကန်းများကို ကြာသင်္ကန်းဟုခေါ်သည်. . ရှေးအခါက ဘုရားရှင်အား ကပ်လှူ ပြီး ယခုအခါ စေတီပုထိုးများနှင့် ဘုရားရုပ်တုများတွင် ရစ်ပတ်လှူဒါန်းကြသည်. . . တန်ဆောင်တိုင် မီးထွန်းပွဲတော်သည်. နက္ခတ်ပွဲသဘင် မီးထွန်းပွဲသာဖြစ်သည်. .

ရှင်မာလဲပွဲဟူသည်. . ရှင်မာလဲ မထေရ်က တန်ဆောင်မုန်းလပြည့်နေ့ရောက်တိုင်း ဝေသာန္တရာ ဇာတ်တော်ကို ဟောကြားသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ပွဲဖြစ်သည်. . . လှော်ကားပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်တစ်ထောင်၊ ထမင်းဆုပ်တစ်ထောင်၊ ဆီမီးတစ်ထောင် တင်၍ လှူဒါန်းကြခြင်းကြောင့် လှော်ကားပွဲတော်၊ ထောင်ပြည့်ပွဲတော် ဟုခေါ်သည်. . ယခုခေတ်တွင် ထိုပွဲတော် ပျောက်လုနီးပါး ရှိနေပြီဖြစ်သည်. . .

တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းတို့ကို စောင့်သောနတ်တို့သည် မဲဇလီ ပင်စောင့်နတ်မင်းအား လာရောက်ခစားကြသည်ဟု အစွဲပြုကာ မဲဇလီပင်သည်. ဆေးပေါင်းခသည့်အပင် ဟု ယူဆကြသည်. . အနာမျိုး ၉၆ပါး ကင်းရန်ဟူသော ရည်ရွယ်ချက်ဖြင့် တန်ဆောင်မုန်းလပြည့်နေ့တွင် မဲဇလီဖူးသုတ်စားသည့် ဓလေ့ ပေါ်ပေါက်ခဲ့သည်. .

Tazaungmon

It is the eighth Myanmar month ( in October-November) time for Kathina, Matho Thingan offering, Pantthagu offering, lotus robe offering, lighting and Shin Malai festivals.

Kathina monk's robes are offered at this particular time of the year. It is held mostly communally. Matho thingan meaning non-stale monk's robes are ones made overnight and offered befroe dawn.

Pantthagu offering means leaving offertories at any public place for anyone's taking.

Louts robes mean those with golden lotus designs offered to Buddha or at pagodas.

Tazaungmon is for another lighting festival, taking to be astrologically most opportune.

Shin Malai festival, taking to be astrologically most opportune. Shin Malain festival orginated in Shin Malai's preaching of Wesandara Jataka on the full-moon day.

It is marked by making floats in the shape of barges, putting on it a thousand fruits, a thousand flowers, a thousand lumps of rice and a thousand lights to go round before offering at pagodas. It is also called the barge festival or thousand-ful festival.

It has been on the wane. There is also practice of eating salads of mezali leaves with belief that it is medicinal particularly at this time of the year.


အားလုံးကိုချစ်ခင်လေးစားလျှက်...

ကိုယ်ယုံကြည်ရာ...


ညီမငယ် နေ့အိပ်မက် က ကိုယ်ယုံကြည်ရာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာတွေယုံကြည်ချက်ရှိလည်း ဆို ပြီး ရေးဖို့ Cbox မှာ လာအော်ထားပါတယ် . . . ဘလော့ဂ်ဂါ တော်တော်များများကို လည်း တဂ်ထားတာကိုတွေ့ပါတယ်. . တဂ်ကြွေးရယ် ကြေပါစေတော့ဆိုပြီး အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးရတာပေါ့ရှင်. . .

" ယုံကြည်ချက်သည် မရှိမဖြစ်လိုအပ်သော အင်အားဖြစ်သည်. "
(Confidence is the key to success)

ဆိုတဲ့ စာသားလေးကို ကျွန်မလက်ခံပါတယ်. . . . မည်သည့်အလုပ်ဖြစ်ပါစေ ယုံကြည်ချက်မရှိပဲ စတင်လုပ်ကိုင်နိုင်စွမ်းမရှိနိုင်ပေ. . . .

ကျွန်မကတော့ ဘာတွေယုံကြည်လည်းဆိုတော့ ဘုရား၊တရား၊သံဃာ၊ မိဘ၊ဆရာသမား အနန္တောအနန္တငါးပါးကို ဦးစွာယုံကြည်ပါတယ်. . . ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ ၏ သစ္စာလေးပါးတရားများကို အထူး ယုံကြည်ပါသည်. . . သစ္စာလေးပါးတရားများကို မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်မှ နိဗ္ဗာန်တရားတော်မြတ် ကိုရမယ် ဆိုတာကိုယုံကြည်ပါတယ်. . . .

ပြီးတော့ တုနှိုင်းမရတဲ့ မိဘနှစ်ပါးရဲ့ မေတ္တာကိုလည်း အကြွင်းမဲ့ယုံကြည်ပါတယ် . . . သားသမီးများ (၁၀) ယောက်ရဲ့ အနွံအတာ ကိုမိဘနှစ်ပါး က ခံနိုင်ပေမယ့် မိဘနှစ်ပါးရဲ့ အနွံအတာကို တော့ သားသမီး ၁၀ယောက် က ခံနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး . . . ဒါကြောင့် ကြီးမားလှတဲ့ မိဘမေတ္တာ ကိုလည်း ယုံကြည်ပါတယ်. . .

မိမိ ကျောင်းနေစဉ် ငယ်ဘ၀မှ သိပံ္ပ၊ ၀ိဇ္ဖာ အတတ်ပညာ၊ အသိပညာ၊ အလိမ္မာများကို စေတနာ၊ ၀ါသနာ၊ အနစ်နာ အစရှိတဲ့ နာသုံးနာနဲ့ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၏ စေတနာနှင့် မေတ္တာကို လည်းလေးစားသက်ဝင် ယုံကြည်ပါသည်. . .

မိမိကိုယ်တိုင်လည်း ယုံကြည်မှုထားပါတယ် . . . ကိုယ့်ကိုယ် ကို ယုံကြည်မှုထားခြင်းသည်လည်း လောကတွင် မိမိလုပ်ချင် သော အရာများကို အောင်မြင်နိုင်ရေးတွင် ၇၅ % အောင်မြင်စေပါသည်.။စာပေဟောပြောပွဲ တွင် လည်း ဆရာ လယ်တွင်းသားစောချစ်က လူငယ်များကို အောင်မြင်လိုလျှင် အောင်စိတ် ကို မွေးမြူ၍ မိမိကိုယ်ကို ယုံကြည်ခြင်း၊ ယုံကြည်ချက်ထားခြင်း သည်လည်း ကောင်းကြောင်း ဟောကြားခဲ့ရာ မိမိကိုယ်တိုင်လည်း ယုံကြည်စိတ် ထားသင့်တယ်လို့ မှတ်သားခဲ့ရပါတယ်။

မေတ္တာတရားနှင့် သစ္စာတရားကို လည်း ယုံကြည်ပါသည်. . . မိမိကို မည်မျှပင် မုန်းတီးသူဖြစ်ပါစေ ၄င်းတို့ အပေါ်တွင် မေတ္တာဖြင့် ဆက်ဆံပေးပါက မိမိကိုယ်တို်င် အေးချမ်းယုံမက. . . တစ်ပါးသူတို့တွင်လည်း အေးချမ်းမှုကို ဖြစ်ပေါ်စေပါသည်. . . ဒီအချက်ကို ကျွန်မ ကိုယ်တိုင် အမြဲကျင့်သုံးသလို ယုံလည်း ယုံကြည် ပါတယ်. . .

စေတနာ အကျိုးပေးခြင်း ကိုလည်း ယုံကြည်ပါတယ်. . . . တစ်ဘက်မှ မည်မျှပင် မကောင်းသည့်စိတ်ရှိနေပါစေ မိမိလုပ်သော အလုပ်တွင် စေတနာထားပြီး လုပ်ကိုင်ပါက အားလုံး အဆင်ပြေ ချောမွေ့စေပါသည်. . . ကျွန်မတို့ အကိုငယ် ပြောနေကျစကားတစ်ခွန်းအမြဲရှိပါတယ် "ကောင်းတာလုပ်ရင် ၊ ကောင်းကျိုးပေးမယ်" ဆိုတာ ကိုလည်း ယုံကြည်ပါတယ်. . .

အတိတ်ကံရဲ့ အကျိုးပေးဆိုတာကိုလည်း ယုံကြည်လက်ခံပါတယ်. ဘာလို့လည်း ဆိုတော့ စေတနာနဲ့ လုပ်ပေးလိုက်ပေမယ့် အရာမထင်တဲ့ ကိစ္စတွေဖြစ်လာရင် တော့ ဘုန်းဘုန်း ဦးသုမင်္ဂလ တရားထဲကလိုပါပဲ အကြောင်းမကောင်းရင် အကျိုးမကောင်းဘူး . . . ဒီဘ၀မှာ ဘာတွေပဲ ကောင်းတာလုပ်လုပ် ကောင်းတာတွေ ဖြစ်မလာသေးဘူးဆိုရင် အတိတ်ဘ၀က မကောင်းကံတွေအကျိုးပေးနေတယ် ဆိုတာတွေကိုပါ. . . .

ရိုးသားခြင်းကိုလည်း ယုံကြည်သလို ကိုယ်ကိုယ်တိုင် ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ဆိုသည့် အတိုင်း နေနိုင်အောင် အမြဲကြိုးစားနေလျှက်ပါ. . . .

ယုံကြည်မှုသည် လူ့ဘ၀တွင် အရေးကြီးဆုံး အချက်တွင် ပါဝင်ပေသည်. . ထိုယုံကြည်မှုကြောင့် ဘ၀တိုးတက်ရေး ၊ အောင်မြင်ရေးကို ဦးတည်သကဲ့သို့ ၊ လွဲမှားသော ယုံကြည်မှုလွဲမှားလျှင်လည်း မိမိတို့ ဦးတည်ချက်များ ပျောက်ပျက်သွားတတ်ပါသည်. . . . . ယုံကြည်မှုပြင်းထန်လျှင် အောင်မြင်ခြင်းများသည် မိမိနှင့် မဝေးသော အနာဂတ်တွင်ရှိပြီး ကံကောင်းခြင်းများ မိမိထံသို့ မလွဲမသွေရောက်ရှိလာမည် ဖြစ်ပါသည်. . .

ညီမငယ် နေ့အိပ်မက် ရေ... ၀ါး. . . . တက်ဂ်စာ တော့ စားပြီးပြီ နော်. . . . . . . . (ယုံကြည်ချက်တွေအားလုံး အကောင်အထည်ဖော်နိုင်အောင် အန်နာဗွန်စီ ကို အမြဲဆောင်ထားဖို့တော့လိုမယ်နော် :P )

အားလုံးကိုချစ်ခင်လေးစားလျှက်...




စာပေဟောပြောပွဲ



ကျွန်မတို့ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယနေ့ (၂၇.၁၀.၂၀၀၉)နေ့တွင် . "ကျေးဇူးကြီးလှ မိနှင့်ဖ" ဆိုတဲ့ ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို မနက် ၉နာရီမှ ၁၂ နာရီထိ ကျင်းပခဲ့ပါတယ်. . . ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဆရာကြီးမင်းယုဝေ၊ စာရေးဆရာ လယ်တွင်းသားစောချစ် နှင့် ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) တို့မှ ဟောပြောခဲ့ပါတယ်. .



"ကျေးဇူးကြီးလှ မိနှင့်ဖ"

ကျေးဇူးကြီးလှ မိနှင့်ဖ၏
ဆုံးမစကား၊ နာယူကြားလျက်
မှတ်သားလိုက်နာ၊ ကျင့်ဆောင်ပါ၍
စိတ်မှာ ရိုကျိုး၊ ရှိရှင်ခိုးကာ
မြတ်နိုးပြုစု၊ လုပ်ကျွေးပြုသည့်
ကုသိုလ်အလှ ၊မြတ်ပုညကို
သမိုင်းတွင်ဖို့၊ ကြိုးပမ်းစို့။

ဆရာမင်းယုဝေ
ကျေးဇူးကြီးလှ မိနှင့်ဖ ဒုတိယအကြိမ် ကဗျာတိုပြုင်ပွဲ ဒုတိယဆုရကဗျာ

" စီးလာပစေ လာမသုတ်နဲ့ "

ကျေးဇူးတော်ကြီးမားလှ
ကျယ်ပြောစွ မြစ်ပင်လယ်
အခက်အခဲ ကြုံလာတိုင်း
တံတိုင်းကြီးသဖွယ်၊
စမ်းရေသို့ အေးမြတယ်
စန္ဒာနှယ် ပ၀င်း။
မိဘမေတ္တာ ဂုဏ်သတင်း
ပျံ့ထုံနံ့သင်း။

အဖေဆူ အမေချော့
အမေရိုက်တော့ အဖေကာ၊
နှိုင်းယှဉ်ကာ တုမရ
အနန္တ မေတ္တာ၊
လူယဉ်ကျေး လူလိမ္မာ
ဖြစ်စေရာ တစ်သက်လုံး။
ခြိမ်းမောင်းကာ ဆိုဆုံးမသော်လည်း
ချစ်ကြမဆုံး။

ပဲပြုတ်တောင်း အမေရွက်
ကျောင်းစာကျက် သားလေးရေ
ဆိုက်ကားကို အဖေနင်း
ချစ်ခြင်းတူနေ၊
စီးကျစမ်းပစေ
သည်ချွေးတွေ စိုစိုရွှဲ
သားချစ်မောင် ရွှေသွေးရဲ့
ရှေ့ရေးအတွက်ပဲ။ ။

လှိုင်ဌေးအောင် (ရွှေတံတား)

စာပေဟောပြောပွဲတွင် ပေးသော လက်ကမ်းစာစောင်ထဲမှာ ကဗျာများကို ထုတ်နှုတ်တင်ပြအပ်ပါတယ်.

အားလုံးကိုချစ်ခင်လေးစားလျှက်...


မှန်းချက်



အစွမ်းထက်တဲ့ အလှကုန်ဆိုပါလား . . .

" ရှိရင်းစွဲ အသက်ထက် အများကြီး နုပျိုသွားမှာ သေချာတယ်လို့"

အဲလိုကြော်ငြာထားတာကိုတွေ့တာနဲ့ နဲ့ ရှယ်လီ တစ်ယောက်. . . အဲဒီအလှကုန်တွေ ၀ယ်လာပြီး အိမ်ရောက်တော့ အစွမ်းကုန် ခြယ်သကြည့်ပါတော့တယ်. . .

ပြင်ဆင်လို့ အပြီးမှာ တကယ်ပဲ ထိရောက်သလားသိချင်တာနဲ့ ခင်ပွန်းသည်ကို

"ယောကျာ်းရေ . . . မိန်းမကို ကြ့ည်စမ်းပါအုံး . . . အသက်ဘယ်လောက်ရှိပြီလို့ ထင်ရလဲ. . . အမှန်အတိုင်းဖြေနော် လို့ "

မေးကြည့်တော့ ခင်ပွန်းဖြစ်သူက . . .


"မင်းရဲ့ အသားအရေကို ကြည့်ရင်တော့ အသက် ၂၀ လောက်လို့ထင်ရတယ်. . . . "

"မင်းရဲ့ ဆံပင်လေးတွေက ၁၉ နှစ်လောက်ပဲ ရှိသလားလို့. . . "

"အင်း . . . ခန္ဓာကိုယ် အချိုးအစားကတော့ ၂၅ လောက်ပါပဲလို့. . . "
ဖြေပါတယ်. . .

ရှယ်လီက ခင်ပွန်းသည်ရဲ့ အပြောကို သဘောတကျနဲ့ ခိုးခိုးခစ်ခစ်ရယ် ရင်း . . .


"ရှင်ကတော့လေ ဖြီးနေပြန်ပြီလို့ . . . . "

ဆိုလို့မှ မဆုံးသေး ဘူး . .

ခင်ပွန်းသည် ကြားဖြစ်ပြောလိုက်တာက. . .


"အဲ. . . မင်းအသက်ဘယ်လောက်ရှိပြီလို့ ထင်ရလဲဆိုတာ. . ခန့်မှန်းဖို့
ငါအဲဒီအသက်တွေကို မပေါင်းရသေးဘူးလေ. . တဲ့ . . . "

(ရတနာထွန်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...





ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား



ခင်မင်ရတဲ့ ကို ZOX က (ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား) ခေါင်းစဉ်နဲ့ တဂ်ပါတယ်. . . ခုတစ်လော လူငယ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ Chatting ကို လူငယ်တွေ စွဲစွဲလန်းလန်းသုံးနေတာ နဲ့ပတ်သက်ပြီး ဒီပို့စ်လေးကို ကိုZOX ကရေးဖြစ်တယ်လို့ဆိုပါတယ်. . . . ကျွန်မတို့လည်း ဒီဟာလေးနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလာပါတယ်. . . .

ကျွန်မတို့ မြန်မာနိုင်ငံမှာ. . .၁၉၉၉- ၂၀၀၀ ခုနှစ်လောက်ကစပြီး အင်တာနက်ဆိုတာကို ကြားဖူးနားဝရှိပါတယ်. (နိုင်ငံခြားမှာတော့ လူတိုင်းမရှိမဖြစ် Internet ဖြစ်နေတဲ့အချိန်ပါ) အဲဒီတုန်းက တော့ အင်တာနက်ကို အစိုးရအဖွဲ့အစည်းတွေလောက်ပဲ အသုံးပြုလို့ရတာပါ. . . ကျွန်မကတော့ ကွန်ပျူတာ တက္ကသိုလ်က ကျွန်မဆရာမဆီသွားတိုင်း သူက စက်ခန်းဝင်ပြီး သုံးသုံးနေတာကို ပြန်ပြောပြလို့သိရတာပါ. . . ဒါပေမယ့် အဲဒီအချိန်တုန်းက အင်တာနက် အကြောင်းရော အင်တာနက်ကနေ ရလာတဲ့ အကျိုးကျေးဇူးတွေကို တိတိကျကျ တကယ်မသိတာပါ. . . .

ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာ ကျွန်မတို့ ခု "ဧရာဝတီစာကြည့်တိုက်" မှ စပြီး အလုပ်ဝင်ခဲ့ပါတယ်. . . ကျွန်မ အလုပ်ဝင်တဲ့အချိန်မှာ ကျွန်မတို့ "ဧရာဝတီစာကြည့်တိုက်" မှ e-mail & Intranet ကို အသုံးပြုလို့ရအောင် တပ်ဆင်ထားပြီး ဖြစ်ပါတယ်. . . မြန်မာပြည်မှာ ကျွန်မတို့ အပါအ၀င် Intranet အသုံးပြုတဲ့ နေရာ စုစုပေါင်း ၅၀၀၀ လောက်ပဲ ရှိပါတယ် အထူးသဖြင့် အစိုးရဌာန၊ ကွန်ပျူတာ ကုမ္ပဏီတွေနဲ့ နိုင်ငံခြားနဲ့ဆက်သွယ်တဲ့ ကုမ္ပဏီ တွေမှာပဲ အင်တာနက် ရှိပါတယ်. . . . ခုလို ပုဂ္ဂလိက လုပ်ငန်းတွေက အင်တာနက် ကိုလျှောက်လို့ မရသေးပါဘူး . . . .

ကျွန်မလည်း အရမ်းကို အံ့သြ၀မ်းသာမိပါတယ် . . ကိုယ်တိုင်ခုမှ စပြီး ကိုင်တွယ်အသုံးပြုရမယ့် အပြင် အင်တာနက် အသုံးပြုတဲ့လူနည်းစု ကနေ အများကြီးဖြစ်လာအောင် လုပ်ပေးလို့ရတဲ့နေရာလေး တစ်ခုကို ရောက်လာရတာကိုး . . .

ဒါနဲ့ပဲ email & Internet ကို မဖြစ်မနေစတင်အသုံးပြုဖို့ဖြစ်လာပါတယ် . . သုံးတဲ့လူနည်းသေးတဲ့အတွက် မသိတာတွေကို ရန်ကုန် က သူငယ်ချင်းများနဲ့ စာအုပ်တွေဖတ် ရင်း လေ့လာရပါတယ်. . . . အဲဒီတုန်းက Bagan CyberTech က Internet Service Provide ကို စတင်ဖွင့်လှစ်နေပါပြီ . . ကျွန်မတို့ က MPT (ISP) ကနေ ချပေးတဲ့ Internet ကို Dial - Up ( Phone Line ) သုံးရပါတယ် . . . Dial - Up ဆိုတာ ကသိတဲ့ အတိုင်းပဲ လိပ်လိုနှေးပါတယ် ဒါပေမယ့် အခုသုံးနေတဲ့ Connection တွေလောက်တော့ မဆိုးသေးပါဘူး (အသုံးနည်းလို့ဖြစ်မယ်နော် :P)

၂၀၀၂- ၂၀၀၃ ခုနှစ်မှာတော့ Bagan CyberTech က Internet ကို မည်သူမဆို အသုံးပြုနိုင်အောင် BroadBand, iPStar , Dial- Up Account တွေကိုဖွင့်လှစ်ရောင်းချပေးပါတယ်. . . အဲဒီအချိန်ကစပြီး ရန်ကုန်၊ မန္တလေးတို့မှာ Internet Cafe များ ပေါ်လာပြီး အသုံးပြုသူပိုမိုများပြားလာခဲ့ပါတယ်. . . .

ဒီချိန်မှာ Bagan Cybertech က ဖွင့်တဲ့ Ygnchat ဆိုတဲ့ Chatting က တော်တော်လေး ခေတ်စားလာပါတယ်. . . ဘယ်ရမလည်း ကျွန်မတို့ကလည်း အသစ်ဆို လက်တည့်စမ်းချင်နေတော့ ရန်ကုန်က သူငယ်ချင်းများ ရဲ့ အကူအညီနဲ့ အဲဒီ Chatting ကို အရင်ဆုံး ရောက်ခဲ့ပါတယ် .. . . Chatting ဆိုတာ အဲဒီတော့မှသိတာပါ. . .

အဲဒီတုန်း ကလည်း Chatting ကအထူးအဆန်းကိုဖြစ်နေတော့ ကျွန်မတို့ ၂ ယောက် ကြိုးစားပြီးဝင်ကြတာပေါ့ သူတို့ကလည်း ပြောင်းလိုက်တဲ့ Proxy ၊ ရှာလိုက်ရတာ မောနေတာပဲ ၊ Error ပေးရင်လည်း မရရအောငှ်ရှာတာပေါ့. . . . ပန်းကဗျာနဲ့May16 ဆိုတာ ခေါင်းချင်းကိုရိုက်နေတာပဲ :P

ဒီလိုပြောလို့ Chatting လုပ်ဖို့မြှောက်ပေးတယ်လို့မထင်ပါနဲ့ဦးနော်. . . ကျွန်မတို့လည်း ဒီနေရာကနေ ဒီလိုတွေလုပ်တတ်အောင် ကြိုးစားခဲ့ရတယ်. . . . တိုးတက်အောင် လုပ်ခဲ့ရတယ်ဆိုတာ သိစေချင်တာပါ :)

ဒါပေမယ့် အဲဒီတုန်းက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းများပါတယ် ခုလို ကလေးတွေကို မတွေ့ခဲ့ရပါဘူး . . .ဒါဟာဘာလို့လည်းဆိုတော့ အသုံးပြုနိုင်တဲ့ လူငယ်တွေ ကတော်တော်ကို နည်းပါသေးတယ် . . အဲဒီတုန်းကတော့ အများအားဖြင့် လုပ်ငန်းခွင်ကလူတွေပဲ Chatting လုပ်ကြပါတယ် . . ဒါဟာလည်း အချိန်ပိုင်းပါ အားလုံးက အလုပ်ခွင်က ဖြစ်နေတဲ့အတွက် မေးထူးခေါ်ပြောလောက်ပဲ သုံးဖြစ်ကြပါတယ်. . .

ကျွန်မကတော့ YgnChat ထဲကနေ အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်းတွေ ရခဲ့ပါတယ် သူတို့ ဆီကနေ ပြီး Internet ပေါ်မှာ ရှာဖွေနည်းတွေရော Internet ရဲ့ အသုံးဝင်ပုံမျိုးစုံကို ကျွန်မကိုသင်ပေးခဲ့ပါတယ်. . . အဲဒီသူငယ်ချင်းကို ခုချိန်ထိ ကျွန်မကျေးဇူးတင်တုန်းပဲ. . . e-mail တွေဖွင့်တာတွေရော ပိတ်ထားတဲ့ ဆိုဒ်တွေကို အသုံးပြုလို့ရအောင် ကူညီခဲ့သူတွေပါ. . . .(သူများမကျော်ခင်ကတည်းကကျော်တာ :P)

ဒါကြောင့်လည်း ခုချိန်မှာ အင်တာနက်ကို ကောင်းကောင်းကျော်ခွသုံးနေတတ်တာ တော်၂ကို ကြာပြီပေါ. . . :P ဒီလိုကျပြန်တော့လည်း Chatting ကသူငယ်ချင်းရဲ့ အကျိုးကျေးဇူးပါ. . . Internet ကောင်းကောင်းသုံးတတ်လာတဲ့ အချိန်မှာ Gtalk, QQ , Skype, Yahoo Messenger , Friedster, Forum, အစရှိတဲ့ ဟာ တွေကလည်း ခေတ်စားလာခဲ့ပါတယ် ဒါတွေကိုလည်း လေ့လာရင်း သုံးတတ်အောင် လုပ်ခဲ့ပါတယ် . .

Internet မှာ အထူးအဆန်းနဲ့ လုပ်လို့ရတာ တော်တော်များကို ကိုယ်တိုင်မသုံးရင်တောင် သူများတွေ သုံးချင်ရင် သုံးတတ်အောင် အကုန်လုပ်ထားပါတယ်. . သုံးရင်းနဲ့လည်း လေ့လာစရာတွေက မကုန်နိုင်အောင် အများကြီးပါပဲ. . . ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများတွေကိုလည်း အကျိုးပြု လို့ရပါတယ်. . .

ကျွန်မကတော့ မသုံးတတ်သေးတဲ့သူတွေကို လည်း ကူညီပေးရပါတယ်. . . သုံးမရရင်လည်း သုံးလို့ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပေးခဲ့ပါတယ်. . .

ဒါပေမ့ယ် ခုနောက်ပိုင်း ၂နှစ်လောက်မှာ (ADSL Line) ရလာတော့ Internet Cafe တွေကို ကျွန်မတို့မြို့မှာ မှိုလိုပေါက်လာခဲ့ပါတယ်. . . အဲလိုကျတော့ ကျွန်မစဉ်းစားမိတာက အရမ်းကောင်းတယ် သုံးတတ်တဲ့သူတွေ များလေ အကျိုးရှိရှိ အသုံးချနိုင်လေ လူငယ်တွေအတွက် အကျိုးပြုတာတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်. . ကျွန်မတို့လည်း (ADSL Line) ရဲ့ အကျိုးကျေးဇူးနဲ့မှ ဒီ Blog ကို လုပ်လို့ရတာပါ . . . . .

အဲဒီအတွေးက တော်တော်ကို မှားသွားပါတယ် အင်တာနက်လာကြည့်သူတွေအများစု က Only Chatting ဖြစ်နေပါတယ်... ဒီတော့ ကွန်ပျူတာသာ မသုံးတတ်တယ် သူတို့ Chatting , mIRC, Gtalk, VZO ကျတော့ ကျွန်မတို့ထက်တောင် ကျွမ်းကျင်နေပါလားလို့ တအံ့တသြဖြစ်တယ် ဒါ က တစ်ယောက် နှစ်ယောက်လား ဆိုတော့ မဟုတ်ဘူး အားလုံးနီးပါး ဖြစ်နေပါတယ် . . . .

ဒီတော့ သူတို့ ကို ခု Blogging မပြောနဲ့ Google Search တောင် သူတို့မသိဘူး ၊ Copy , Paste လည်းမသိ သူတို့သိတာ Gtalk , mIRC, VZO အဲဒါတော့ ကောင်းကောင်းသိတယ်. . . .ဒီတော့ သူတို့ ကို ခု ကျွန်မတို့ ရေးတဲ့ "ဧရာဝတီစာကြည့်တိုက်" Blog လေးနဲ့ဆွဲဆောင်တယ် မရပါဘူး သူတို့ စိတ်မ၀င်စားဘူး ကျွန်မလည်း ဘာပြောလို့ ဘာလုပ်ရမှန်းတောင်မသိဘူး တစ်ယောက်လာလည်း Gtalk ပြောမယ် Gmail , VZO နဲ့ နေ့တိုင်း ဒါတွေပဲကြားနေရပါတယ် . . .

Internet က ကောင်းကျိုးတွေကို သူတို့မယူပဲ ဆိုးကျိုးတွေကို သူတို့ က ပိုသင်ယူနေတယ်လို့ခံစားမိပါတယ်. . .ကျွန်မတို့ဆို Chatting လုပ်ရင်း တိုးလာတဲ့ အသိပညာတွေအများကြီးပါ. . . သူငယ်ချင်းကောင်းတွေရတယ် ၊ ကိုယ့်ထက်တော်ပြီး အတွေ့အကြုံရှိတဲ့ လူတွေဆီကနေ ပညာတွေသင်ယူရတယ် ၊ နည်းပညာတွေ ကိုယ်မသိသေးတာတွေသိရတယ် ကိုယ်သိတာတွေလည်း ပြောရင်းနဲ့ ဖလှယ်ရပါတယ်. . .

Internet
သုံးတဲ့လူတွေ နည်းတုန်းကဆို Chatting ပေါ်က သူငယ်ချင်းတွေကို အားကိုးရင်း နဲ့ အသိပညာဗဟုသုတကို တိုးပွားအောင်လုပ်ခဲ့ရတာပါ. . . ဒီလို မိတ်ဆွေစစ်တွေလည်း အများကြီးပါ. . . . ခုတော့ အဲဒီခေတ်ကုန်ပြီလား မသိပါဘူး Chatting ကနေသိပြီး ချိမ်းခြောက်မှုတွေတောင် ပေါ်လာတာ အများကြီးပဲ မကြားဘူးတာတွေကြားနေရတာပါပဲ . . .

ခုဆိုဒီ Blog လေးကို ရေးတယ် ရေးဖြစ်ရတဲ့ အကြောင်းကတော့ Blog ကိုလုပ်ရင်းနဲ့ နည်းပညာတွေတိုးတက်အောင် ဆိုပြီး စလုပ်ဖြစ်ခဲ့တာပါ. . . ကျွန်မတို့အလုပ်ကလည်း ပြည်သူတွေကို အကျိုးပြုတဲ့ စာအုပ်၊ စာပေတွေ ၊ နည်းပညာတွေ ဖြန့်ဝေပေးတဲ့နေရာဆိုတော့ ဒီစာတွေထဲက ထိထိမိမိနဲ့ ဖတ်ကောင်း တဲ့ စာပေတွေကို ဒီ Blog ပေါ်မှာ ရေးလိုက်ရင် သူများကို လည်း ဖြန့်ဝေပြီးသားလည်း ဖြစ်မယ် ကိုယ်တိုင်လည်း Blogging ကို လေ့လာပြီးသားဖြစ်မယ်ဆိုပြီးရေးဖြစ်ပါတယ်. . . Blog ကြောင့် ရလာတဲ့ အတွေ့အကြုံနဲ့ နည်းပညာ အကျိုးကျေးဇူးတွေက တော့ ပြောမကုန်အောင်ပါပဲ. . .

ကိုယ်တိုင်ရေးတဲ့စာတွေမဟုတ်ပေမယ့် အသိပညာတွေ ဖြန့်ဝေပေးရတဲ့ အလုပ်ကို ပျော်လာတယ် ကိုယ့်စာလေးတွေကို သူများတွေ ဖတ်ပြီး တစ်လုံးဖြစ်စေ၊ တစ်ကြောင်းဖြစ်စေ ၊ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုတယ် ဆိုရင် ကျွန်မတို့ ကြိုးစားရကြိုးနပ်ပါတယ် . . .

ကျန်တဲ့ Internet အသုံးပြုသူတွေကိုလည်း Blog ရေးချင်ရင် ရေးနိုင်အောင်၊ စိတ်ဝင်စားအောင် ကြုံတိုင်း ပြောဖြစ်ပါတယ် . . . အချိန်တွေ ကို အကျိုးရှိရှိအသုံးချချင်ရင် အကျိုးပြုစာတွေကို Blog ပေါ်တင်ပြီး ရေးကြည့်ပါလားလို့ အကြံပြုခဲ့ပါတယ်. . .

ခုဆို Blog တွေပေါ်လာတော့ ပိုတောင်ကောင်းသေး Blog ပေါ်မှာ စာတွေရေးမယ်၊ ကိုယ်သိတဲ့ အသိပညာတွေ ကို အရင်လို English လိုတောင် ရှာဖတ်စရာမလိုဘူး ၊မြန်မာလိုတွေ အားလုံး အဆင်သင့် ရှာဖွေရေးပေးတဲ့နည်းပညာ Blog တွေအများကြီးပါ . . ဒါတွေကို သူတို့ယူတတ်ရင် တကယ် အကျိုးရှိပါတယ်. . . ကျောင်းနဲ့ပတ်သက်တာတွေရှာမယ် ၊ စာတမ်းအတွက် လည်း အထောက်အကူပြုတယ်. . . . Internet မှာ လိုချင်တာတွေအကုန်ရတဲ့ နေရာတွေ အများကြီးပါ. . . . .

အစပိုင်းမှာတော့ အားနည်းချက်ဆိုတာလူတိုင်းမှာ ရှိပါတယ်. . . အဲဒီအားနည်းချက်တွေကို အတွေ့အကြုံတွေနဲ့ ၀ိုင်းဝန်းပံ့ပိုးလိုက်ရင် ကောင်းမွန်တဲ့ ဘက်ကို ဦးတည်ဖြစ်မှာ ဖြစ်ပါတယ်. . . .Chatting ကို အသုံးပြုနေရာကနေ တစ်ဖက်ကနေ တခြား ကိုယ့်ရဲ့ ဗဟုသုတ တိုးတက်ရေးကို အခြားနည်းလမ်း များနဲ့ အကျိုးရှိအောင် အသုံးချမယ်ဆိုရင် Internet အသုံးပြုရတာ တကယ်ကို အကျိုးရှိမှာဖြစ်ပါတယ်လို့ ကျွန်မက တိုက်တွန်းချင်ပါတယ်. . .

ဒီပို့စ်ကို ရေးဖို့တဂ်တဲ့ ကို ZOX ကိုကျေးဇူးတင်ပါတယ် . . . ခေါင်းစဉ်နဲ့ လည်းအံဝင်အောင် ကြိုးစားရေးပေးလိုက်ပါတယ် ကို ZOX

အားလုံးကိုချစ်ခင်လေးစားလျှက်...





ဆိုညည်းဖြစ်သော သီချင်းများ


ညီမငယ် ညခင်းက သူအတဂ်ခံရတာနဲ့ ကျွန်မဘက်ကိုပါမြှားဦးလှည့်ပါတော့တယ်. . . . သူ့ကိုတဂ်သမျှ မတဂ်တာပဲ ကျေးဇူးတင်ပါတယ်. . . .
လူကြီးလူငယ်မရွေး သီချင်းကြိုက်ကြတဲ့ အထဲမှာ ကျွန်မလည်း အပါအ၀င်ပေါ့ ငယ်ငယ်ကတည်း က သီချင်းတွေကြိုက်ပါတယ် ၊ရတာဆို အကုန်အော်တာပဲ. . သီချင်းဆိုလာထား အားလုံး နားထောင်ဖြစ်တယ်. . .
စိတ်ပျော်လည်းနားထောင်တယ်.. . စိတ်ညစ်လည်းနားထောင်တယ် . . . စိတ်အပန်းဖြေစရာ တွေ အများကြီးရှိတဲ့ အထဲက သီချင်းနားထောင်ပြီး စိတ်အပန်းဖြေရတာကို အနှစ်သက်ဆုံးပါ.. . .
လတ်တလော နားထောင်ဖြစ်တဲ့ သီချင်းခွေတွေလည်း အများကြီးပါ . . .
အငဲရဲ့ (ကိုး) အခွေ ၊ လေးဖြူရဲ့ (BOB) ၊ လမ်းဆုံ၊ Romonson Live Show၊ City FM ၊ ဟဲလေး၊၁၂ရာသီအချစ် ထဲ ကသီချင်းတွေများပါတယ်. . . သူငယ်ချင်းများပို့ပေးတဲ့ သီချင်းတွေလည်း နားထောင်တယ်.. အဲဒီထဲ က လတ်တလောဆိုညည်းဖြစ်တဲ့ သီချင်းတွေကတော့. . . .


ဘာလာလာအခွေထဲက

ဗီနိုထွန်းရဲ့ " ပြန်မဆုံဖြစ်ကြရင်"


နင်ဟာင့ါရဲ့ကမ္ဘာ. . . . နင်ဟာ ငါ့ရဲ့အသည်း နင်ဟာ ငါ့အိပ်မက်ပါ. . .
နင်ဟာငါ့မျှော်လင့်ချက်. . . ငါတို့ဝေးသွားရင်. .
ပြန်မဆုံဖြစ်ကြရင်. . .. . . မင်းနှလုံးသားမှာ . . . ငါအမြဲတမ်းရှိပါစေ. . . .


လမ်းဆုံအခွေထဲက


နေနေဆိုထားတဲ့ "မညီမျှခြင်း"

မိန်းကလေးအချစ်ပါ. . . ကိုယ့်ချစ်သူ ပျော်ရွှင်ဖို့ဆိုရင် . . .အားလုံး ကို စွန့်ပစ်လို့ ပေးဆပ်နေမှာ. . . မင်းအနားမှာ အတူနေဖို့ဆိုရင်. . . . . အရှုံးများစွာ ပွေ့ဖက်. . . နာကျင်ရင်းနဲ့. . .
ငါဟာမင်းအတွက် အရုပ်လေးလို. . .
တစ်ခါတစ်လေ မင်းကို ငါမင်းအချစ်ကို နားလည်တယ် . . . . . . .
အနိုင်ယူပါ မင်းရှေ့မှာ အဆင်သင့်ပဲ. . . . .


(လေးဖြူရဲ့ (BOB) )

လေးဖြူရဲ့ "ငါ့ရဲ့လမင်း"


တန်ဖိုးများမရှိတော့ဘူးလို့ . . . .ငါထင်နေတဲ့ဘ၀. . .
မင်းရဲ့လက်မှာ ငါတစ်ခါ ပြန်လည်ကာ အသက်ဝင်တောက်ပ. .
နင်ဟာ အရှူံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း...

ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း . . .
နင်ဟာငါ့အတွက်တော့. . ငွေလမင်း. . .

ကြယ်ပုံပြင်အခွေထဲက
အာဇာနည်ရဲ့ "နောက်ဆုံးရင်ခွင်"


မျက်လုံးခြင်းနဲ့မင်းနဲ့တွေ့ဆုံခိုက်. . . . အချစ်များနဲ့အားလုံးကို သိမ်းပိုက်
ဒီဘ၀ကို ပုံအပ်လိုက်မယ် ယုံထားလိုက်ကွယ်. . . .

ကိုယ်ဘေးနားမှာ မင်းလေးလှမ်းလာလိုက် . . .

လက်ကလေးက ဆွဲလို့ . . . . .ကိုယ်ထွေးပိုက်. . . .
ဘယ်တော့မှထွက်မသွားဘူးကွယ် ဒါနောက်ဆုံးရင်ခွင်ပါ. . .


ဇော်ဝင်းထွဋ်ရဲ့" အ၀ါရောင်လမ်းလေး"


အကြိမ်ကြိမ်ကိုယ်လာရာလမ်း. . .
အ၀ါရောင်ခြုံကလွှမ်း. . .
ရင်မှာခင်မင်လွမ်း
နှုတ်ဆက်တယ်လမ်းအိုလေး
နင်းလျှောက်ခဲ့ မင်းရင်ခွင်ပေါ်မှာ

ပျော်စရာနေ့ရက်များ အကြိမ်ကြိမ် ကိုယ်ရဖူးခဲ့တယ်
အချိန်တွေကုန်သွားတာမြန်တယ်. . .



ကြိုက်တဲ့သီချင်းတွေတော့ အများကြီးပါ. . . ဒါပေမယ့် ပို့စ်လည်းတော်တော်ရှည်သွားပါပြီ . . . ညီမညခင်းလည်း ကျေနပ်မယ်လို့ထင်ပါတယ်. . . . သီချင်းနဲ့ခံစားချက်တွေကို ဖော်ပြနိုင်ဖို့တဂ်တဲ့အတွက် ကျေးဇူးကမ္ဘာပါ. . .


အားလုံးကိုချစ်ခင်လေးစားလျှက်...





ယောက်ျားတို့၏ စိတ်ဓာတ်သဘော

ယောက်ျားကောင်းတို့၏ စိတ်ဓာတ်သဘော

သူတစ်ပါးတို့၏ ဂုဏ်မဲ့စကား - မကောင်းကြောင်းကို မေးသော်လည်း ထင်ရှားစွာပြု၍ မပြော။

သူတစ်ပါးဂုဏ်ရှိစကား - ကောင်းကြောင်းကို မမေးသော်လည်း ထင်ရှားစွာ ပြု၍ပြောတတ်၏။

မိမိ၏ ဂုဏ်မဲ့စကား- မကောင်းကြောင်းကို မမေးသော်လည်း ထင်ရှားစွာပြု၍ ပြော၏။

မိမိ၏ ဂုဏ်ရှိစကား- ကောင်းကြောင်းကို မေးသော်လည်း ထင်ရှားအောင်ပြု၍ မပြော။


ယောကျာ်းယုတ်တို့၏ စိတ်ဓာတ်သဘော


သူတစ်ပါးတို့၏ ဂုဏ်မဲ့စကား - မကောင်းကြောင်းကို မမေးသော်လည်း ထင်ရှားအောင်ပြု၍ ပြော၏။

သူတစ်ပါးတို့၏ဂုဏ်ရှိအောင် - ကောင်းကြောင်းကို မူ မေးသော်မှ ထင်ရှားအောင်ပြု၍ မပြော။

မိမိ၏ ဂုဏ်ရှိစကား- ကောင်းကြောင်းကိုမူ မမေးသော်လည်း ထင်ရှားအောင်ပြု၍ ပြော၏။

မိမိ၏ ဂုဏ်မဲ့စကား- မကောင်းကြောင်းကို မေးသော်မှလည်း ထင်ရှားစွာပြု၍မပြော။


တက္ကသိုလ်သျှင်သီရိ (ဓမ္မစရိယ၊ ဘီ-အေ)


အားလုံးကိုချစ်ခင်လေးစားလျှက်...





အသေးမွှားလေးများမှ အစ



လူတစ်ယောက်သည် လမ်းမအတိုင်း သုတ်ခြေတင် လျှောက်သွားနေစဉ် သူ့အိတ်ထဲမှ ငွေတစ်ပြား ထွက်ကျသွားပါသည်. . . လူငယ်လေးတစ်ယောက်သည်. ထိုပိုက်ဆံကို ကောက်ယူ၍ ငွေကျပျောက်သွားမှန်းပင် မသိခဲ့သူ၏ နောက်သို့ အပြေးလိုက်သွားပြန်ပေးလိုက်ပါသည်. .

သူသည် လူငယ်ကလေးကို ကျေးဇူးတင် စကားဆိုရုံမက လူငယ်ကလေး၏ နာမည်နှင့် လိပ်စာကိုပါ ရေးမှတ်ထားလိုက်ပါသည်. . .

ထိုလူငယ်လေး အထက်တန်းပညာ အောင်မြင်ခဲ့ပြီးသော အခါ တွင် ထိုသူသည် လူငယ်ကလေးကို ငွေကြေးများစွာ ကိုင်တွယ်ရသော ရာထူးတစ်ခု ပေးလိုက်ပါသည်.. ငွေတစ်ပြားမျှကိုပင် ပြန်ပေးသော လူငယ်အား ငွေကြေးဒေါ်လာ ပေါင်းများစွာဖြင့် စိတ်ချယုံကြည်နိုင်သည် ဟု သူယူဆခဲ့ပါသည်. . .

ထို့ကြောင့် မိမိ၏အပြုအမူ အသေးအမွှားက အစ မိမိတို့၏အကျင့် စာရိတ္တကို ဖော်ပြပါသည်. . ကျွန်ုပ်တို့သည်. . ကျွန်ုပ်တို့ ငှားရမ်းခဲ့သော ခဲတံများ၊ စာအုပ်များ ပြန်ပေးရန်နှင့် ငွေကြေးအနည်းငယ်ကို ပင် ပြန်ဆပ်ရန် အမြဲတစေ ဂရုစိုက်လျှင် ကျွန်ုပ်တို့သည် ရိုးသားမှုအကျင့် စရိုက်များ ပျိုးထောင်နေရာရောက်ပါမည်. . .

သို့ဖြစ်ပါ၍ မိမိတို့ နိစ္စဓူဝ ပြုမူနေကျ အရာလေးများသည်. . မိမိတို့၏ အကျင့်စရိုက်ကို ဖန်တီးပြီး မိမိတို့၏ ကံကြမ္မာကို ကွပ်ကဲပါသဖြင့် မိမိ၏ကိုယ်ကျင့်တရားကို အသေးအမွှားကိစ္စလေးများမှ အစဂရုတစိုက် ပြုပြင်သင့်ပါသည်. . .

မောင်ဝေဟင် (ခွန်အားပေးသောအတွေးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...





သီလမြဲက ငယ်ကမသေ


ရှေးအခါက ကာသိတိုင်းတွင် ဓမ္မပါလရွာရှိ၏. . ရွာသားအားလုံးသည်. . ငါးပါးသီလ စောင့်ထိန်းကြ၏. . ငယ်ငယ်ရွယ်ရွယ်ဖြင့် သေသူမရှိပဲ ကြီးရင့်မှ သေကြ၏. ..

ဓမ္မပါလရွာသူကြီးသားသည်. . တက္ကသိုလ်ပြည်သို့ ပညာသင်သွား၏. . ပညာတော်သဖြင့် ဆရာကြီး၏ လက်ထောက်ဖြစ်လာ၏. . တစ်နေ့တွင် ဆရာကြီး၏ သားငယ်သေဆုံးသဖြင့် ဓမ္မပါလ အမျိုးသားက အလွန်အံ့သြ၏. .

"သီးကင်းစာတွေ တဖြုတ်ဖြုတ် ကြွေကျနေသလို ငယ်ငယ်ရွယ်ရွယ်နဲ့သေတာဘာဆန်းသလဲ. . . " ဟု အဖော်များက ပြောကြ၏. .

"တို့ရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေရရိုး ထုံးစံမရှိပါ . . . . " ဟု ဓမ္မပါလ အမျိုးသားက ဆို၏. .

ထိုအကြောင်းကို တက္ကသိုလ်ဆရာကြီးက ကြားသဖြင့် စုံစမ်းလိုပါ၍ ဓမ္မပါလရွာသို့သွား၏. . ရွာသူကြီးကို ဆိတ်ရိုးများပြ၍ "သင့်သား ဓမ္မပါလ ကွယ်လွန်သွားပြီ. . . မီးသင်္ဂြိုလ်ပြီး အရိုးများ ယူလာခဲ့သည်. . "ဟု ဆို၏. . .

သူကြီးနှင့် ဆွေမျိုးများကရယ်မောပြီး "ဤအရိုးသည် ငါ့သား အရိုးမဖြစ်နိုင်ပါ. . အခြားအရိုးသာဖြစ်ပါလိမ့်မည်. . . " ဟု ဆို၏. .

"အရွယ်မရွေးသေမျိုးဖြစ်ပါလျက် သင်တို့အမျိုးမှာ အဘယ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြသနည်း . . . . " ဟု ဆရာကြီးကမေး၏. . .

"ကျွန်ုပ်တို့ ဓမ္မပါလရွာသားများသည်. . အမြဲမပြတ် အလှူပေးကြ၏. . သီလကို စောင့်ထိန်းကြ၏. . လူကြီးသူမစကားကို လူငယ်များက လိုက်နာကြ၏. . ရပ်ရွာအေးချမ်းသာယာမှုအတွက်လည်း ၀ိုင်းဝန်းလုပ်ဆောင် ကြ၏ . . . ထို့ကြောင့် ဤရွာသားများသည် ငယ်ငယ်ရွယ်ရွယ်နှင့် မသေကြရပါ. . . " ဟု သူကြီးက ရှင်းပြ၏. . . .

တက္ကသိုလ်ဆရာကြီးသည် ဓမ္မပါလ ရွာသူကြီးကို ကန်တော့ပြီး . .
"သင့်သား ဓမ္မပါလ မသေပါ. . ငယ်ရွယ်သူများ မသေကြဟု သင့်သားပြောသောစကားကို စုံစမ်းလို၍ လာခြင်းဖြစ်ပါသည်. . . "ဟု ပြော၏. . ထို့နောက် ဓမ္မပါလာ ရွာသားတို့ စောင့်ထိန်းသော ကျင့်ဝတ်သီလ တို့ကို မေးမြန်းမှတ်သားပြီး တက္ကသိုလ် ပြည်သို့ ပြန်၏. . ..

ဒေါက်တာမင်းတင်မွန် (လိမ္မာယဉ်ကျေး တို့ရင်သွေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...

အသစ်လာ အဟောင်းကိုမေ့



တစ်နေ့မှာ ဆိတ်ကျောင်းသားလေးတစ်ယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်အချို့ သူ့ဆိတ်အုပ်ထဲရောက်ရှိနေတာကို သိသွားတယ်. . . ညနေချိန်ရောက်တော့ အဲဒီတောင်ဆိတ်တွေကိုပါခေါ်ပြီး သူနေတဲ့ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်. . .
နောက်တစ်နေ့မှာ ရာသီဥတုက အတော်လေးဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး. . . သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့. . .
ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာဝရုံလေးပဲ ကျွေးပြီး အသစ်ရောက်လာတဲ့ တောင်ဆိတ်တွေကိုတော့ သူ့ဆိတ်အုပ်မှာ တိုးပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရော ကြီးကျွေးတယ်. . .
ရာသီဥတုသာယာတဲ့အချိန်ကျမှာ သူဟာ ဆိတ်တွေ အားလုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်. . .တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်းထွက်ပြေးသွားပါရော. . . . ဆိတ်ကျောင်းသားက အစာကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်. . .
အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက. . . . " ကျွန်တော်တို့ မနေ့ကမှ ခင်ဗျားဆီရောက်လာခဲ့တယ်. . . ဒီတုန်းက ခင်ဗျားရဲ့ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်းကျွေးထားတယ်. . . ဒါကြောင့် အခြားဆိတ်တွေ ထပ်ရောက်လာတဲ့အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးရလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ . . . " လို့ပြောခဲ့ပါတယ်. . . .

(မိတ်ဆွေဟောင်းတွေထက် မိတ်ဆွေသစ်ကျွန်ုပ်တို့ကို ပိုမို အရေးတယူပြုစုခံရမယ်. . . . ကျွန်ုပ်တို့ မိတ်ဆွေဟောင်းတွေဖြစ်သွားတဲ့ အခါမှာတော့. . အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာလိမ့်မယ်. . . အဲဒီအခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ခံရမယ့် အလှည့်ပဲ ဆိုတာကို ဖော်ပြခြင်းဖြစ်ပါတယ်. . )

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

မှတ်ညဏ်တိုးတက်စေဖို့. . . .

  • ပညာဉာဏ်ကို တိုးပွားကြောင်းကိုသာ အမြဲ နှလုံးသွင်းခြင်း။
  • ပညာရှိသောပုဂ္ဂိုလ်တို့ကိုသာ မှီဝဲဆည်းကပ်ခြင်း။
  • အကြားအမြင်ဗဟုသုတနှင့် ဘာသာစကား အမျိုးမျိုးကိုမှတ်သားခြင်း။
  • ဆရာကောင်းထံ နည်းခံမှတ်သားခြင်း။
  • အဖန်တလဲလဲ မေးမြန်းစုံစမ်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း။
  • သဒ္ဓါ၊ ပညာ၊၀ီရိယ၊ သမာဓိ စသည့် ဣနြေ္ဒတို့ကိုချိန်သားကျ ညီမျှအောင် သတိကြီးစွာဖြင့် စောင့်ရှောက်ခြင်း။
  • သင့်တင့်လျောက်ပတ်သော အရပ်၌ နေရခြင်း။
  • ရှေးဘ၀က ကောင်းမှုပြုဆုတောင်းခဲ့ခြင်း။

အားလုံးကိုချစ်ခင်လေးစားလျှက်...





ယောကျာ်းဟူသည်



ချစ်သူဘ၀. . . .

ကောင်မလေးနှင့်ကောင်လေး ချိန်းတွေ့ကြ၏. . . ကောင်းကင်မှာ ငှက်ကလေးတွေက တကျီကျီ မြည်တမ်းလျက် ပျံသန်းသွားကြသည်. . . ငှက်ကလေးတွေကိုကြည့်ပြီး ကောင်မလေး က မေးခွန်းတစ်ခု မေးလိုက်၏. . .

"ဘာငှက်လေးတွေလဲ မသိဘူးနော် . . မောင်ရော သိရဲ့လား . . . "

"အချစ်ငှက်လေးတွေပေါ့. . . .အချစ်ရာ. . . "

ဟု . . . ကောင်လေးက ချိုသာသော အသံဖြင့် ပြန်ဖြေသည်. . . ချစ်ရည်ရွှန်းသော အကြည့်တို့ဖြင့် တစ်ဦးကို တစ်ဦး ကြည့်၍ ပြိုင်တူ ပြုံးလိုက်ကြ၏. . .

အိမ်ထောင်ကျပြီးစ.

ကောင်မလေးက သူ့ယောကျာ်းကို ခေါ်ပြီး ရည်းစားဘ၀က အတူတူထိုင်၍ ကြည်နူးခဲ့ဖူးသော နေရာဟောင်းလေးသို့ အတူတူသွား၍ ထိုင်ကြသည်. . . ကောင်းကင်ယံမှာလည်း ငှက်ကလေးတွေ တချို့ ပျံသန်း သွားကြပြန်သည်. . . ကောင်မလေးက ကြည်နှူးစွာ မေးခဲ့ဖူးသော မေးခွန်းတစ်ခုကို အသစ်လုပ်ကာ ပြန်မေးလိုက်၏. . .

"ဘာငှက်လေးတွေလဲ မသိဘူးနော်. . မောင်ရော သိရဲ့လား . . . ."

"စာငှက်တွေလေကွာ. . "

ယောကျာ်းဖြစ်သူက စိတ်မပါစွာ ပြန်ဖြေလိုက်၏. . . ကောင်မလေးက မဲ့ပြုံးတစ်ချက် ပြုံးသည်. . .

ကလေးတစ်ယောက်ရပြီးသော အခါ. . .

သည်တစ်ခါလည်း သူတို့ အတူတူ ထိုင်ဖူးသော နေရာမှာပင် ထိုင်နေကြပြန်သည်. . သို့သော် အရင်နှင့်မတူတော. . . ကောင်မလေး၏ ရင်ခွင်မှာ ကလေးငယ်တစ်ယောက်ကို ထွေးပွေ့ထား၏. . . ငှက်ကလေးများကတော့ မပြောင်းလဲစွာ ပျံသန်းသွားကြပြန်သည်. . ကောင်မလေးက မေးခွန်းတစ်ခု မေးလိုက်ပြန်၏. .

"ဘာငှက်တွေလည်း မသိဘူးနော် တကျီကျီနဲ့ . . . "

ထိုအခါ ယောကျာ်းဖြစ်သူ၏ ဖြေစကားကြောင့် မိန်းကလေးမှာ မျက်ရည်များ ဝေ့သမ်းလာလေသည်. . . ယောကျာ်းဖြစ်သူ ပြောလိုက်သည်ကား. . . .

"ဟ . . . ဒီငှက်လေးရဲ့ နာမည်မှ မသိဘူးလား . . . မသိရင် မသေမချင်းမှတ်ထား. . လဒငှက်တဲ့ " ဟူသတည်း. . .


အားလုံးကိုချစ်ခင်လေးစားလျှက်...

အိတ်ဖွင့်ပေးသောကဗျာ

အိတ်ဖွင့်ပေးသောကဗျာ

ဖြစ်ကြပျက်ကြ၊ နိယာမကို
သင်ကဘာကြောင့် ကြောက်သနည်း။

လက္ခဏာရေးသုံးပါး၊ ထိုတရားကို
တို့ကားရှောင်ကွင်း၊ မရခြင်းကို
သွင်းထားနှလုံး၊ မှတ်ယူသုံး၍
နိဂုံးချုပ်လျှင်၊ အမှန်မြင်က
ရင်၌အေးမြ ချမ်းမြေ့မည်။

စိတ်ဓာတ်ကိုမြှင့်၊ ရင်ကော့ဖွင့်၍
အသင့်ရင်ဆိုင်၊ တိုက်ပွဲနိုင်အောင်
ခိုင်မာဆုံးဖြတ် မတ်မတ်ရပ်ပါ။

ဖြတ်သန်းခရီး၊ ကန္တာရကြီးတွင်
လောက်ငခြိုးခြံ၊ အနေမှန်လျက်၊
တရားဖက်မြဲ ၊သင်ရောင့်ရဲပါ၊
သင့်ပွဲ၌လျှင်၊ သင်အောင်မြင်လိမ့်။

ဖြစ်ကြ ပျက်ကြ၊ နိယာမကို
သင်က ဘာကြောင့်ကြောက်သနည်း။ ။

ထီလာစစ်သူ

(ကွယ်လွန်သွားသော ဆရာထီလာစစ်သူအား ဂုဏ်ပြုလျှက် )

အားလုံးကိုချစ်ခင်လေးစားလျှက်...





ငြင်းခုံခြင်း၏အပြစ်

လောကတွင် လူတော်များများသည် အကြောင်းအရာ တစ်ခုခုနှင့်ပတ်သက်၍ ငြင်းခုံဖူးကြပါသည်. .အသေးအဖွဲမှ အစ ကိစ္စကြီးများအထိ ငြင်းခုံလေ့ရှိကြပါသည်. . . . . ထင်မြင်ချက်တစ်ခုခုနှင့် ပတ်သက်၍ သူမှန်သည် ငါမှန် သည် ငြင်းခုံခြင်းသည် မခံချင်သော စိတ်ကို ပြ၏. . . သို့ဖြစ်လေရာ ငြင်းခုံခြင်းကို ၊ သူငယ်ချင်းနှစ်ယောက် အပျော်ငြင်းခြင်းမှ တစ်ပါး ရှောင်ကြဉ်သင့်ပါသည်. . .

"စီးပွားစပ်ငြား၊ စကားငြင်းဆို၊ သူ့မယားနှင့်၊ နှစ်ကိုယ်တည်းသာ မနေရ၊ မေတ္တာပျက်ကြောင်း" ပင် ဟုသော စကားရှိလေသည်. . .

မိမိ၏အကျိုးစီးပွား ကို မထိခိုက်လောက်သော အရေးများ၌ မငြင်းခုံပဲ အလျှော့ပေးခြင်းဖြင့် အကြီးအကျယ် အကျိုးခံစားရနိုင်လေသည်. . . အခါများစွာ သဘောကွဲလွဲလျှင် ထိုကိစ္စကိုခေတ္တဆိုင်း၍ထားပြီမှ မိမိလိုရာသို့ ရောက်အောင်ကြံစည် ပြောဆိုရပါမည်. . .

ဤနည်းအားဖြင့် တစ်ဖက်သားမှာ စဉ်းစားရန်အချိန်ရ၍ မိမိကိုယ်တိုင်မှာလည်း နောက်ဆုံး၌ အဆင်ပြေမည့် နည်းလမ်းကောင်များရှာဖွေတွေ့ရှိလာနိုင်ပါသည်. . .

တစ်ဖက်သား ကန့်ကွက်သော အချက်ကို ၄င်းထက် သေချာအောင် မိမိက ထပ်လောင်းပြောပြနိုင်ရပါမည်. . . ထိုအခါ မိမိဆိုလိုချက်ကို သူတစ်ဖက်သားက အလိုလိုသိပြီး မိမိဘက်ကို ပါလာပါလိမ့်မည်. . . .

မိမိသဘောမကျသော အချက်တစ်ခုခုကို တစ်ယောက်ယောက်က သဘောပါအောင်ပြောလျှင် သဘောမကျကြောင်းကို ဆိတငြိမ်စွာနေခြင်းဖြင့် ပြနိုင်၏. . . ထိုအခါ တစ်ဖက်သား လိုက်လျောလိမ့်မည်. . ပြုံးသောမျက်နှာနှင့်လည်း သဘောမကျကြောင်း ပြနိုင်လေသည်. .

ငယ်သားများက တစ်စုံတစ်ရာကို တိုင်တောသည့် အခါ ၄င်းတို့ကို ကူညီလိုသောစိတ်နှင့် အားပေးလျှက်နားထောင်ရမည်. . .

လူတစ်ယောက်က ဒေါသဖြစ်၍ ဆူပွပြောဆိုနေလျှင် ဆိတ်ငြိမ်စွာ သတိနှင့် နားထောင်နေပါက အလိုလိုအေးသွားလိမ့်မည်. . . အေးရုံမက နားထောင်သူအပေါ်၌ ကြင်နာစိတ်များပေါ်၍ လာပါလိမ့်မည်. . .

အထက်ပါ နည်းလမ်းများ ဖြင့် ပြုမူ ပြောဆို နေထိုင်ပါက တစ်ဖက်သားနှင့် ငြင်းခုံမှာ အလိုလိုလျော့ပါး သွားပါလိမ့်မည် . . .

မိမိကိုယ်တိုင်လည်း အကျိုးမရှိ၊ သူတစ်ပါးကို လည်း အကျိုး မဖြစ်စေသော ငြင်းခုံခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါသည်. . . .


ပီမိုးနင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

  • မိန်းမ၌ တပ်မက်လွန်ကြူးမူသိက္ခာ သီလမရှိနိုင်။
  • သူ့အသက် သူ့အသား အစားလွန်ကြူးမူ အသနားမရှိနိုင်။
  • အရက်သေစာ အသောက်အစားလွန်ကြူးမူ စကားမမှန်နိုင်။
  • လောဘရမ္မက် ကြီးလွန်းမူ အရှက် မရှိနိုင်။
  • အပျင်းကြီးလွန်းမူ အတတ်ပညာ မဆည်းပူးနိုင်။

  • The over-sexed has no honour.
  • The over-carnivorous has no pity.
  • The over-imbibed has no truthful world.
  • The over-avariced has no shame.
  • The over-lazy has no education

ဥစ္စာစည်းစိမ် ပျက်စီးဆုံးရှုံးရခြင်း၏ အကြောင်းရင်းတို့သည်ကား -
  • အရက်သေစာ အသောက်အစားလွန်ကြူးခြင်း။
  • အချိန်အခါမဟုတ် အလည်အပတ်အသွားအလာများခြင်း။
  • သဘင်ပွဲလမ်း အပျော်အပါး အသွားအလာများခြင်း။
  • အလောင်းအစား ကစားများခြင်း ။
  • မကောင်းသော အဆွေခင်ပွန်းတို့၌ အပေါင်းအဖော်များခြင်း။
  • ထကြွလုံ့လမရှိ ပျင်းရိဖင့်နွဲ့ခြင်း ။
- တို့ပေတည်း။

The causes of ruin are-

  • Over-intoxication.
  • Over- indulgence in untimely visits.
  • Over-enjoyment of entertaining pleasure.
  • Over-gambling.
  • Over-association with the bad.
  • Over-procrastination and laziness.


အားလုံးကိုချစ်ခင်လေးစားလျှက်...





ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့

ယဉ်ကျေးသိမ်မွေ့၍ တန်ဖိုးရှိသောလူ ဖြစ်လိုလျှင် မိမိကိုယ်တိုင် မိမိ အောက်ပါနည်းလမ်းများ ဖြင့် ဆန်းစစ်ကြည့်နိုင်ပါသည်။


၁. ဘုရား၊တရား၊ သံဃာ၊မိဘ၊ဆရာ တို့၏ ဂုဏ်ကျေးဇူးအနန္တကို ယုံကြည်သူဖြစ်ပါသလား။

၂. မကုန်နိုင်သော သိစရာ၊သင်စရာ၊တတ်စရာ၊ မှတ်စရာ များကို ဆည်းပူးစုဆောင်း ရှာဖွေသူအဖြစ် အမြဲ ရပ်တည်နေပါသလား။

၃. ရှက်စရာကိုရှက်တတ်ပြီး ကြောက်စရာကို ကြောက်တတ်ပြီး ၊စိတ်၌ ဟီရိသြတ္တပ္ပတရားကို ကိန်းဝပ်သူဖြစ်ပါသလား။

၎. ကလေးလူငယ်၊ သက်ကြီးရွက်အို၊ မှီခိုသူ၊ ဆင်းရဲသူတို့အား ကူညီမစခြင်း၊ ပေးကမ်းစွန့် ကြဲခြင်း တို့ အပေါ်၌ စိတ်ချမ်းသာသူ ၊ ၀မ်းမြောက်ဝမ်းသာဖြစ်တတ်သူဖြစ်ပါသလား။

၅. ကိုယ့်ထက်ချမ်းသာသူကို မြင်လျှင် မနာလိုစိတ်ကင်း၍ ၀မ်းမြောက်ဝမ်းသာ စိတ်ဖြစ်ပါသလား။

၆. မိမိနီးစပ်သူများနှင့် ဂုဏ်တုဂုဏ်ပြိုင်လုပ်ချင်စိတ် ကင်းကင်းဖြင့် မေတ္တာထားနိုင်ပါသလား။

၇.မိမိထက်နိမ့်ကျသူများနှင့် တွေ့ဆုံပါက နိုင်ထက်စီးနင်းပြောဆို ဆက်ဆံပြုမူချင်သော စိတ်မထားပဲ သနားကြင်နာစိတ် ထားနိုင်ပါသလား။

၈. အာရုံခံစားမှုလွန်ကဲသူမဟုတ်ဘဲ အတွေ့ကို သတိထား၍ ရပ်တည်နိုင်ပါသလား။

၉. လူ့လောကထဲ၌ ကိုယ်တိုင်ယဉ်ကျေးသူ ၊ နာမည်ကောင်းရသူ ၊ ဘ၀တန်ဖိုးရှိသူအဖြစ် နေပြချင်သည့် စိတ်ရှိပါသလား။

အထက်ပါ အချက်ကိုးချက်ဖြင့် မိမိကိုယ် စမ်းစစ်၍ ဘ၀တွင် တန်ဖိုးရှိသူများ အဖြစ်နေထိုင် နိုင်ကြပါစေ. . .

သုတေသီဘုန်းမြင့်သွေး

အားလုံးကိုချစ်ခင်လေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။