ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိပ်ဆေး။

လောကတွင် မကောင်းမှုတစ်ခု ပြုလုပ်ပြီးတိုင်း နောင်တ တစ်ဖန် ပူဆွေးရတတ်သည်။ စိတ်ဆင်းရဲရတတ်သည်။ ထိုနောက် ပူပန်ရခြင်း၊ စိတ်ဆင်းရဲရခြင်းတို့ကြောင်း တစ်ညတာ အိပ်ပျော်ဖို့အရေး ဝေးခဲ့ရတတ်သည်။ ထို့အခါ ညတာသည် ရှည်လျားလွန်းသည်ဟု ထင်မိတော့သည်။ထို့ပြင်လောဘ၊ဒေါသတို့၏ အခိုးအငွေ့များကြောင့်လည်း စိတ်ဆင်းရဲရတတ်သည်။ ထိုအချိန်ကာလများတွင် အိပ်ပျော်ဖို့ ခက်ခဲသည်။ ထို့ကြောင့်လည်း ချမ်းသာစွာ အိပ်စက်နိုင်ဖို့ အရေးသည် လူတစ်ဦးအဖို့ အလွန်အရေးကြီးသည်။ ပန်းမွေ့ရာ ရွှေကော်ဇောပေါ်တွင် အိပ်မပျော်နိုင်ဘဲ စိတ်ဆင်းရဲသူများရှိသကဲ့သို့ ပလက်ဖောင်းပေါ်တွင် အုပ်ခဲခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက် စိတ်ချမ်းသာစွာ အိပ်ပျော်သူများလည်းရှိသည်။

ကျမဖတ်ခဲ့ဘူးသော စာအုပ်လေးရဲ့အဆိုအရ တစ်နေ့လုံးကောင်းသောအမှုဖြင့် ကုန်ဆုံးပြီးသည့် အခါ ညဥ့်အချိန် အိပ်စက်ရခြင်းသည် ချမ်းသာလေစွ။ တစ်သက်တာ ပတ်လုံး ကောင်းသောအမှုဖြင့် အချိန်ကုန်လွန်ပြီးသောအခါ သေရာ ညောင်စောင်းလဲလျောင်းရခြင်းသည်လည်း ချမ်းသာလှလေစွ…။ ဟူ ၍ဆိုပါသည်။ထို့ကြောင့်အိပ်သည့်အခါမှာ စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ပျော်နိုင်ဖို့လိုသလို သေသည့်အခါတွင်လည်း စိတ်ချမ်းချမ်းသာသာဖြင့် သေနိုင်ဖို့လိုအပ်သည်။ ပြုံးသေ မဲ့သေ ၂မျိုးအနက် ပြုံးသေဖို့ ကြိုးသားရမည်။ပြုံးသေဖြင့်သေဖို့ ဆိုလျင် ကောင်းသောအမှုကို မေတ္တာ နှင့်ယှဉ်၍ ပြုလုပ်ရပါမည်။

ကောင်းသောအမှု ပြုသူသည် မေတ္တာအကျိုးကို ခံစားရသူဖြစ်သည်။ မေတ္တာအကျိုး (၁၁)ပါးမှာ-

ချမ်းသာအိပ်နိုး၊ အိမ်မက်ဆိုးခြင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ခဲ့ပြီး၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာရွာ၊လားရာမေတ္တာ အကျိုး ဟူ ၍ဖြစ်သည်။

ထို့ကြောင့် မေတ္တာနှင့် ယှဉ် ၍ ကောင်းသော အလုပ်များကို ပြုလုပ်ပြီး ၊ လိုချင်မက်မောသော လောဘ၊ တဏှာ၊ ပူလောင်ပြင်းပြသည့် ဒေါသ များ ရင်ဝယ်ပယ် သတ်၍ ချမ်းသာစွာ အိပ်စက်ခြင်းကို ပြုလုပ်နိုင် ကြပါစေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16



ဘယ်တော့မှမလိမ်တော့ပါ

ကျော်ကျော်သည်လိမ်ပြောတတ်သော အကျင့်ရှိပါသည်။ လိမ်တတ်သောအကျင့် ဘယ်တော့အခါတွင်မှ ပျောက်ပါ့ မလဲဟု မိဘများတွေးပူနေချိန်မှာပင် ကျော်ကျော်အား အလိမ်ပျောက်ရန် ဆုံးမပေးမယ့်သူပေါ်လာ၍လား မသိပါ။
ကျော်ကျော်ကိုယ်တိုင် '' ကျွန်တော်ဘယ်တော့မှမလိမ်တော့ပါ'' ဟု ကတိပေးလာပြီဖြစ်ပါသည်။
တစ်နေ့မှာတော့ ကျော်ကျော်တစ်ယောက် မမျှော်လင့်ပဲနေမကောင်းဖြစ်ကြောင်းကြားရသော အခါ ကျွန်တော်တို့ သူငယ်ချင်းများသည် ကျော်ကျော်အိမ်သို့သွားရောက် လူမမာကြည့်ကြပါသည်။ ကျော်ကျော်သည် အဖျားဒဏ် ကြောင့်လားမသိပါ ကယောင်ကတမ်းဖြစ်နေပါသည်။ တစ်ခါတစ်ရံတွင် အမှန်စကားများပြောသကဲ့သို့ တစ်ခါတစ်ရံ တွင် ဘာတွေပြောမှန်းမသိသော စကားများပြောပါသည်။ သူတို့အိမ်ပေါ်တွင် အရပ်ထဲမှ လူကြီးများလည်း လူနာမေး ရန်ရောက်ရှိနေကြပါသည်။

တစ်ချို့ကကျော်ကျော်နေမကောင်းသည်ကို အပမှီတာဖြစ်မယ် နေ၀င်မိုးချုပ် ဘယ်သွား သေးလဲ ဟုမေးကြပါသည်။ ကျွန်တော်တို့နေသော ရပ်ကွက်သည် တံတားလေးလမ်းဆုံတွင်ဖြစ်ပြီး မကြာခဏ ကားတိုက်မှုဖြစ်ပြီး သေဆုံးမှုများ လည်းရှိပါသည်။ ရက်ကွက်ထဲ၌ ကလေးလူငယ်များနာမကျန်းဖြစ်သည့်အခါ ''အပမှီတာ- အပမှီတာ'' ဟူသော စွပ်စွဲ ချက်များ ကြားရမြဲဖြစ်ပါသည်။ တစ်ချို့ကလေးများသည်လည်း တတ်ကျွမ်းသူများ၏ မန်းမှုတ်ပေးခြင်း ဖြင့် ပျောက်သွားကြပါသည်။
ယခုလည်းကျော်ကျော်နေမကောင်းဖြစ်သည်ကို ''ဒီကလေးက အဆော့များတယ်၊ လမ်းမှာချော်လဲလို့ မြေဖုတ်ဘီလူး ဖမ်းသလား နေ၀င်မိုးချုပ်သွားလို့ အပမှီသလားမသိဘူး ဒီနေရာကအစိမ်းသေများတော့ ဒါပဲဖြစ်မှာပါ. ကြည့်ပါလား ကလေးက.. ကယောင်ကတန်းနဲ့ ကောက်ခါငင်ခါထဖြစ်တာ ညနေကတောင်ကစားနေတာ အကောင်းဟု'' မိန်းမကြီး တစ်သိုက်ကကောက်ချက်ချ ပြီး ပြောနေသံကို ကြားရပါသည်။
တစ်ချို့ကလည်း ''နတ်ဖမ်းတာဖြစ်မယ်၊ ကြည့်ပါလား နတ်အုန်းကိုဖြစ်သလိုဆွဲထားတာကိုး၊ သူတို့က၀က်မွေးတော့ နတ်ဖမ်းတာပေါ.. နတ်တွေက၀က်ကြောက်တယ် .. ကလေးကကံနိမ့်လို့ခံရတာ. မိဘတွေကြောင့်ဖြစ်ရတာဟု'' ပြောသူကပြောနေကြပါသည်။ မကောင်းဆိုးဝါးဖမ်းစားသည် ဟု ပြောသူကပြော နတ်ဖမ်းသည်ဟု ဆိုသူကဆိုသော ကြောင့် မိဘများမှာ ဘယ်ကနေဘယ်လိုစတင်ကုရမည်ကို မတွေးတတ်အောင် ဖြစ်ရပါတော့သည်။ နောက်ဆုံး ပယောဂ အုပ်စုကအားသာသွားပါသည်။
ပယောဂပညာ ဖြင့်ကုသည့်ဆရာပင့်ရန် တိုက်တွန်းလာသဖြင့် ကျော်ကျော့်ဖခင်မှာ ဘာလုပ်ရမှန်းမသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါသည်။ သားယောကျာ်းလေးလည်းဖြစ်ပြန် အသက်(၁၂) နှစ်အရွယ်သား ခုလိုဖြစ်သဖြင့် စွန့်ပစ် ရမည်ကို စိုးရိမ်နေပါသည်။ ထို့ကြောင့် အများအကြံညဏ်ကို လက်ခံပြီး ဆရာကောင်းကောင်း ရှာပေးကြပါရန် ပြောပါတော့သည်။
ရပ်ကွက်မှ ပယောဂဆရာကို သွားပင့်လာပြီး ဆရာကြွလာပါသည်။ ဆရာ အိမ်ပေါ်ရောက်တာနှင့် ''ဘယ်အကောင်လဲ ကွ အနှောင့်အယှက်ပေးနေတာ… ငါဆရာ အိမ်ပေါ်ရောက်ပြီ . ခုချက်ခြင်း ထွက်သွားဟု'' ပြောပြီး လူနာဘေးတွင် ၀င်ထိုင်လိုက်ပါသည်။ ဆရာရောက်မှာလူနာသည် ကယောင်ကတမ်းပိုပြောပါသည်။ ထိုအခါဆရာ က သူ့ကိုပညာ စမ်းသည်ဟုဆိုကာ ကြမ်းပြင်အား ဖနောင့်နှင့်ပေါက်ပြီး ကြိမ်းပြန်သည်။ မရသောအခါ လူနာအား ဒုတ်နှင့်ရိုက်ရန် စီစဉ်ပါတော့သည်။ ထိုအခါ ကျော်ကျော်အဖေက ''ဆရာရယ်ဆရာ့စေတနာကိုလေးစားပါတယ် လူနာကိုတော့မရိုက်ပါ နှင့်'' ဟု တောင်းပန်ပါသည်။
ထိုအခါ ဆရာက …. ''ကျုပ်လူနာကိုရိုက်မှာမဟုတ်ဘူး အောက်လမ်းရှင်ကိုရိုက်မှာဗျ… ဒီမှာကြည့်ဆိုပြီး'' ကျော်ကျော့် ကိုခပ်နာနာလေး ရိုက်ပါတော့သည်။ ကျော်ကျော်၏ '' အား '' ဆိုသော အသံမှာ တော်တော်ကိုကျယ်သည် ဟု ကျွန်တော် ထင်ပါသည်။ ကယောင်ကတမ်းဆိုသော်လည်း ကျော်ကျော်အော်သံမှာ နာ၍အော်ခြင်းဖြစ်ပါသည်။ နောက်ဆုံး ကျော်ကျော်သည်. ''ဆေးရုံ….ဆေးရုံ'' ဟုပြောပြီးသတိလစ်သွားသည်။သတိလစ်သွားတော့မှ လူနာကြည့် နေသော လူအားလုံး ဆေးရုံသို့ပို့သင့်ကြောင်းတိုက်တွန်းပြီး ကျော်ကျော်အား ဆေးရုံသို့ပို့လိုက်ကြပါသည်။
ကျော်ကျော်တစ်ယောက် ဆေးရုံသို့အရောက်စော၍သာ အရောက်မစောပါက……
ကျော်ကျော်ကိုယ်တိုင်က ''ကျွန်တော်ဘယ်တော့မှမလိမ်တော့ပါ''ဟု ကတိပေးပြီးဖြစ်ပါသည်။ အမှန်တော့ ကျော်ကျော် အဆော့သန်ရာမှ သံစူးပြီးဖျားခြင်းဖြစ်ကြောင်း အမှန်မပြော၍ ယခုကဲ့သို့ အရိုက်အနှက်ခံရပြီး ကံကောင်း ထောက်မ၍ အသက်မသေခြင်းဖြစ်သည်။
ထို့ကြောင့် ''မုသားမပါ လင်္ကာမချော'' ဆိုသော စကားရှိသော်လည်း အတတ်နိုင်ဆုံးမလိမ်မိကြစေရန် ဒီပို့စ်လေးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်..

ကလေးအတွေးစိတ်ဓာတ်နှင့်အားမန် (မောင်စိုးထိုက် (သုံးဆယ်) )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ


ယာဂုထမနဲ တပို့တွဲ

"သာစွလေ၊နေလည်းချမ်းမြေ့၊လလည်းနှင်းရီ၊ပီပီမထွန်း၊တောင်ထက်ဝန်းလည်း၊ဆူးပန်းလဲပေါက်၊ ၀င်းဝင်း တောက်လျက်၊ ကမ်းလျှောက်ရေးရေး၊သဲဖြူဖွေးနှင့်၊ငှက်ကျေးပျံကြွ၊ ကောင်းကင်လ၀ယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊တပို့တွဲမှူ၊ ကြုံကြိုက် အဟုတ်၊ပါဋိမုတ်ကို၊ဖော်ထုတ်စိစစ်၊ပြမြဲဖြစ်လျက်၊ရပ်ရှစ်မျက်နှာ၊ ပူဇော်ရွင်ပြုံး၊ပွဲမဆုံးလျှင်၊မီးပုံးသဘင်၊ လှုကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန်၊ကျွန်းတည့်လေး၊ပွင့်လင်းစည် သည်၊ ရွေပြည်ရွေနန်းတည့်လေး။"
(စာဆိုတော် ဦးအောင်ကြီး)

တပို့တွဲလသည် ဆောင်းရာသီဖြစ်၍ ညဉ့်အချိန်အခါတွင် အလွန်အေးမြသောလ ဖြစ်သည်။ နှာရည်ရိုရွဲ တပို့တွဲ ဟုခေါ်ဆိုကြသည်။ တပို့တွဲလကို မြန်မာမှုအရ ကုံရာသီဟု ခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ မာဃနက္ခတ်ဖြစ်သည်။ ယှဉ်သောတာရာမှာ ချိန်တာရာဖြစ်၍ ရာသီရုပ်မှာ ရေထမ်းသမား ရုပ်ဖြစ်သည်။ ရာသီပန်းကား ပေါက်ပန်း၊လဲပန်း ဖြစ်သည်။ ရာသီပွဲတော်ကား မီးပုံးအလှုပွဲ ထမနဲပွဲ ဖြစ်သည်။

ဦးဖိုးလတ်၏ မြန်မာလ အမည်များကျမ်းတွင် တပို့တွဲလ၏ တပုဒ်သည် တန်းပုဒ်ပျက် ထန်းအဓိပ္ပယ်ရသည်။ တပို့၏ အဓိပ္ပယ်သည် ထန်းဖူးတံ၊ထန်းခိုင်တံ ဖြစ်သည်ဟု ကောက်ယူသင့်သည်။
သို့အတွက် တပို့တွဲလ၏ အဓိပ္ပါယ်သည် ထန်းဖူး၊ထန်းခိုင်တံတို့ကို အောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းခြင်း၊တွဲကျခြင်း ဖြစ်အောင်ပြုသောလ၊ ထန်းရည် နင်းသောလ ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းလင်းရေးသားထားပါသည်။
တပို့တွဲလတွင် စည်ကားစွားကျင်းပခဲ့သော ရာသီပွဲတော်မှာ မိးဖုန်းပွဲ ၊ မီးကုသိုလ်ပြုသောပွဲ ဖြစ်သည်။ "တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါ" ဆိုသည်နှင့်အညီအလွန်အေးမြသော လရာသီ အချိန်ဖြစ် သဖြင့် ရှေးခေတ် မြန်မာကြီး များသည် မြတ်ဗုဒ္ဒအား ရည်စူး၍ မီးဖုန်းကုသိုလ် အလှုကို ကုသိုလ် တစ်မျိုးရစေရန် တီထွင်ခဲ့သည်ဟု ဆိုရပါမည်။
ယခုအခါ တပို့တွဲလတွင် ကျင်းပသော ရာသီပွဲတော်မှာ ထမင်းနဲပွဲ ဖြစ်သည်။ ကောက်ညှင်းဆန်၊ မြေပဲ၊နှမ်း စသည် သီးနှံသစ်များပေါ်ချိန်တွင် ထမင်းနှဲထိုးကာ လှုဒါန်းသောကြောင့် မြန်မာတို့၏ ကောက်သစ်ပွဲတော်ဟု ဆိုရပေမည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ထင်ရှားကျော်ကြားခဲ့သော စာဆိုတော် ဦးပုညက "လှေခအလှူခံ မေတ္တာစာ" ရေးသားခဲ့ရတွင်…..

"ယာဂုထမနဲ၊ အိုးကြီးကွဲခါမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ဖလ မဆိုသာ၊ စေတနာဇောသန်၍၊ သမုဌာန်လွန်ကဲ ၍၊ အိုးကွဲမှ စွန့်လှူသည့်၊ ထိုသူတို့ကုသိုလ်လည်း မဂ်ဖိုလ်ဧကန်ရပေမည်"

ယာဂုထမနဲဆိုသောဝေါဟာရအရ ရှေးခေတ်အခါယာဂုဆိုသည်မှာလည်း ထမနဲပင်ဖြစ်သည်ဟု ယူဆ ဖွယ်ဖြစ်သည်။ သို့မဟုတ် ဆန်ကိုကျိုချက်သော ယာဂုနှင့် ကောက်ညှင်းကိုထိုးသော ထမနဲများကို အတူတကွ လှူဒါန်းခြင်းဖြစ်ပါသည်။
ကုန်းဘောင်ခေတ်နှောင်း သီပေါမင်း လက်ထက်တွင် တပို့တွဲလ၌ မီးပုံပွဲ(မီးဖုန်းပွဲ)နှင့် အတူ ယာဂုပွဲကိုပါ ကျင်းပခြင်းကို ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီးတွင် ရေးသားမှတ်တမ်းတင် ခဲ့သည်။
မီးဖုန်းအလှုပွဲကို၊ ယာဂုအလှုပွဲများသည် အလှုရေစက် လက်နှင့်မကွာ မြန်မာတို့၏ စေတနာကို ဖော်ပြနေသည့် သင်္ကေတများဖြစ်သည်။ အစဉ်အလာ ယဉ်ကျေးမှုများ မပပျောက်စေရန်နှင့် ကောင်းမှုကု သိုလ်မရရှိစေရန် အတွက် မီးဖုန်းပွဲ၊ ယာဂုထမနဲအလှူပွဲများကို တပို့တွဲလတွင် နှစ်စဉ် ကျင်းပခြင်းဖြစ် ပါသည်။

"တပို့တွဲပေမို့"
"ချမ်းပွေပွေ နှင်းဝေေ၀ကျပုံက ဖျန်းပြေပြေ၊ညင်းလောက ကြွပါဘိ၊ခင်းဗွေမှာတဲ့ ၊လွမ်းအောင်ဖန်။ တပို့တွဲပေမို့ ၊ယှဉ်နွဲကာ စန္ဒာနှင့်မှန်မကွာ ကြယ်မာဃတို့မှာ၊၀င်းပရောက်လျှံ။ ဟေမာမြိုင် ဆင့်မောက်ကဲပုံက၊ဝေဖြာလှိုင် ပွင့်ပေါက်နှင့် လဲရယ်တို့၊ တင့်လျှောက်တွဲပါလို့ ပင်ထက်ယံ (သြော်) ရွင်လျက်စံပါလို့ ၀င့်ကာပဲ။ ပြောင်းကြွယိုင်ဝေ၊ ယောက်မကိုင်မွှေလို့ ၊ထိုင်မနေ ရိုးရာပွဲမို့၊ပိုင်ပိုင်လေ ၊ ကိုးစရာအမြဲ သာပ (အိုကွယ်) ထိုးကြထမန။ဲ "
( ဆရာ သတိုးသောင်း)

မြန်မာ့ရာသီပွဲတော်များ (သာရဝေါ- စိုးကြည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



စကားလှလို့ အသားရခဲ့သူ

စကားလှလို့ အသားရခဲ့သူ
ဟိုးရှေ့ရှေ့တုန်းက…
ဗာရာဏသီပြည်မှာ သူဌေးသားသူငယ်ချင်းလေးယောက် လမ်းဆုံလမ်းခွမှာ ထိုင်ပြီး လူငယ်တို့သဘာဝအတိုင် ထွေရာလေးပါး စကားဆိုနေကြတယ်။
အဲဒီအချိန်မှာ…
အမဲသားတွေ တင်ဆောင်လာတဲ့ လှည်းတစ်စီးဟာမောင်းနှင် လာတယ်။ သူဌေးသားတစ်ယောက်က လှည်းနားကပ်သွားပြီး ။
***ဟေ့….မုဆိုး ငါ့ကို အမဲသားပေး***။ လို့အသံခပ်မာမာနဲ့တောင်းတယ်။ ဟင်….မင်းက တောင်းတဲ့သူလည်းဖြစ်သေး။ စကားပြောတော့ မာရည်ကြောရည်နဲ့ မင်းစကားသံက အမြှေးနဲ့တူတယ်။ လို့ မုဆိုးက ပြန်ပြောကာ၊ အသားရဲ့ အပေါ်ယံမှာ ကပ်နေ တဲ့ အမြှေးတွေကို ခွာပေးလိုက်တယ်။
နောက်တစ်ယောက်က…***အစ်ကိုကျွန်ုပ်အားအမဲသားပေးပါ***။ လို့တောင်းလိုက် တယ်။ လောက မှာ အစ်ကိုဆိုတဲ့စကားက ကိုယ်အင်္ဂါကို အစွဲပြုပြီး ခေါ်ဝေါ်နေကြတာ သင့်ရဲ့စကားက ကိုယ်ခန္ဒ္စာနဲ့ တူတယ်။ လို့ မုဆိုးကဆိုပြီး ၊ကိုယ်ခန္ဒ္စာမှ အသားတုံးကို လှီးပေးလိုက်တယ်။

နောက်တစ်ယောက်က…***အဖ ကျွန်ုပ်အား အမဲသားပေးပါ***။လို့တောင်းလိုက်တယ်။အဖ ဆိုတာ ဖခင်ရဲ့ နှလုံးသားကို တုန်လှုပ်စေပါတယ်။ မင်းရဲ့စကားဟာ နှလုံးသားနဲ့တူတယ်။ လို့မုဆိုးကဆိုပြီး၊ နှလုံးသားကို လှီးပေးလိုက်တယ်။
နောက်ဆုံးတစ်ယောက်က….တော့***မိတ်ဆွေကြီး ကျွန်ုပ်ကို အမဲသားပေးပါ***လို့ တောင်းလိုက်ပြန်တယ်။ ရွာထဲမှာနေပြီး မိတ်ဆွေအပေါင်းအသင်းမရှိရင် တောထဲမှာ နေရတာနဲ့ အတူတူပဲ။ သင့်ရဲ့စကားဟာ တစ်ကိုယ်လုံးနဲ့တူတယ်။ ဒီတော့ အမဲသားအာလုံးကို သင့်အိမ်လိုက်ပို့ပေးမယ် ငါ့လှည်းပေါ်တက်။ ဟုဆိုပြီး မုဆိုးက ပြန်ပြောလိုက်တယ်။
သူဌေးသားလူငယ်ဟာ လှည်းပေါ်တက်ပြီး အိမ်ရောက်အောင်မောင်းခိုင်းလိုက်တယ်။ အိမ်ရောက်တဲ့အခါမှာ မုဆိုးကို ကျေးဇူးတင်တဲ့အနေနဲ့ ပစ္စည်း ဥစ္စာများ ပေးကမ်းတယ်။မုဆိုးရဲ့ ဇနီးမိသားစုကိုပါ ခေါ်ယူစေတယ်။မုဆိုးအလုပ်ကို စွန့်လွှတ်ခိုင်းတယ်။ သူနဲ့အတူနေထိုင်စေတယ်။အဆွေခင်ပွန်း အဖြစ် ရာသက်ပန် နေထိုင်သွားခဲ့ကြပါတော့တယ်။ (သဗ္ဗမံသလာဘဇာတ်)
သင်ခန်းစာ
စကားချိုသာတာကို လူတိုင်း နှစ်သက်ကြတယ်။
နောက်ပြီး ချိုသာတော့ လိုရာရတာပေါ့။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16



အိပ်စက်ခြင်းနည်းလမ်း (၃)သွယ်။

အိပ်စက်ခြင်းသည် လူသားတို့အဖို့ လွန်စွာ အဖို့ အရေးပါလှသည်။လောဘ၊ဒေါသ၊မောဟ၊သောကများက လူသားတို့၏ အိပ်စက်ခြင်းကို တိတ်တဆိတ် ခိုးယူတတ်သည်။စိုးရိမ် သောကကြောင့် အိပ်ရေးပျက်ကာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လေ့ရှိသည်။အိပ်ရေးပျက်ခြင်းသည် အမျိုးသားထက် အမျိုးသမီးများက ပို၍ကြုံတွေ့ ရလေ့ရှိကြောင်း Duke တက္ကသိုလ်က ဆိုသည်။အိပ်စက်ခြင်းနှင့်ပတ်သက်၍ အမျိုးသမီးများ၏ ကိုယ်အလေးချိန်နှင့် မသက်ဆိုင်ကြောင်းသိရသည်။ အိပ်ရေးပျက်သည့် အမျိုးသမီးများသည်ခန္ဒာကိုယ်အလေးချိန်နှင့် မသက်ဆိုင်ကြောင်းသိရသည်။

အိပ်ရေးပျက်သည့်အမျိုးသမီးများသည်ဆီးချို (၂)နှင့် နှလုံးသွေးကြောကျဉ်းလက္ခဏာများ ရှိနေကြောင်း သိရသည်။ အခြားသော သုတေသီတို့၏ အဆိုအရ အမျိုးသားများတွင် တက်စတိုစတီရုံး မြင့်မားမှုကြောင့် ဖြစ်ကြောင်းသိရသည်။သို့အတွက် ကောင်းစွာ အိပ်စက်တတ်စေရန် နည်းလမ်းသုံးသွယ်ကို သုတေသီတို့က ညွှန်ကြားထားသည်။


(၁) အိပ်စက်ချိန်မှန်စေလို။ ။ နေ့စဉ်အိပ်စက်ချိန်ကို မှန်ရန်လိုအပ်ပါသည်။အချိန်မှန် အိပ်စက်သည့်အတွက် ခန္ဒာကိုယ်မှ မယ်လာတိုနင် ဟောမုန်းထုတ်ပေးသည့်အတွက် ကောင်းစွာ အိပ်စက်နိုင်ပေသည်။


(၂) အိပ်ရေးပျက်စေမည့် အစားအသောက်များကို ရှောင်ရန်၊ကဖိန်းပါသော အဖျော်ရည်များဖြစ်သည့် Coke, Starbuck Redbull တို့ကို မသောက်သုံးသင့်ဟု ဆိုသည်။အိပ်ရာမ၀င်မှီ အစားအသောက် အ၀စားခြင်း၊အရက်သေစာ သောက်သုံးခြင်းကိုပါရှောင်ရန် လိုအပ်ပေသည်။


(၃)မအိပ်ခင်မှာ အတွေးမျှဉ်တွေကိုဖယ်။ မအိပ်စက်မီတွင် တောင်မြောက်လေးပါး မစဉ်းစားပဲ အိပ်တတ်ရန်လိုအပ်ပေသည်။မအိပ်စက်မီတွင်စာမျက်နှာအနည်းငယ်ကိုဖတ်ခြင်း သာယာငြိမ့်ညောင်းသော တေးသီချင်းကိုနားထောင်ခြင်း၊အသက်ရှုခြင်းကိုရှုမှတ်ပွား များခြင်း၊ မီးပိတ်အပ်စက်ခြင်းသည်ကောင်းမွန်စွာအိပ်စက်နိုင်မည့်နည်းလမ်းများဖြစ်သည်ဟုဆိုသည်။



အားလုံးကိုချစ်ခင်လေးစားလျှက်...
may16



တိုင်းနှင့်ပြည်နယ် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုများ

လယ်ယာစိုက်ပျိုးရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ စိုက်ပျိုးမြေဧရိယာ စုစုပေါင်း - ၅၃၇၈၈၃၂၀ ဧက
၂။ ဆောက်လုပ်ပြီးတာတမံပေါင်း - ၃၄၄ ခု
၃။ တည်ဆောက်ပြီး မြစ်ရေတင် လုပ်ငန်းပေါင်း - ၃၀၅ ခု
၎။ မိုးစပါးစိုက်ခင်း စုစုပေါင်း - ၁၆၈၅၃၅၈၆ ဧက
၅။ နွေစပါးစိုက်ခင်း စုစုပေါင်း - ၈၈၀၇၄၄ ဧက
၆။ စုစုပေါင်း စပါးထုတ်လုပ်မှု - ၁၁၉၁၁၃၂ တင်း

မွေးမြူရေးနှင့်ရေလုပ်ငန်းဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ ကျွဲ၊ နွားကောင်ရေ မွေးမြူမှု - ၂၅၇၅၉၆၃၇ ကောင်
၂။ သိုး၊ဆိတ်၊၀က်ကောင်ရေ မွေးမြူမှု - ၁၀၆၁၅၉၈၀ ကောင်
၃။ ကြက်၊ဘဲကောင် ရေမွေးမြူမှု - ၉၆၄၉၂၉၈ ကောင်
၎။ ငါးမွေးမြူရေးကန် - ၂၁၄၃၅ ဧက
၅။ ပုစွန်မွေးမြူရေးရေပြင် - ၂၂၅၇၂၅ ဧက
၆။ ပျားရည်ထုတ်လုပ်မှု -၁၀၄၉၆၉၀ ပေါင်

ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
ရထားပို့ဆောင်ရေး
၁။ ရထားသံလမ်းမိုင် - ၄၂၃၀.၄၀ မိုင်
၂။ ဘူတာရုံ - ၈၀၆ ခု
၃။ တံတားကြီး(ပေ ၆၀၀ အောက်) - ၇၃၅ စင်း
၎။ တံတားငယ်(ပေ ၆၀၀ အောက်) - ၉၃၄၇ စင်း

လေကြောင်းပို့ဆောင်ရေး
၁။ ပြေးလမ်းပေ ၅၀၀ အထက် လေယာဉ်ကွင်း - ၃၈ ကွင်း
၂။ ပြေးလမ်းပေ ၅၀၀ အောက် လေယာဉ်ကွင်း - ၃၁ ကွင်း
ရေကြောင်းပို့ဆောင်ရေး
၁။ ဆိပ်ခံတံတား (ပြည်တွင်းသင်္ဘော) - ၁၀၇ စင်း
၂။ ဆိပ်ခံတံတား (နိုင်ငံခြားသင်္ဘော) - ၁၀၇ စင်း

ကုန်းလမ်းပို့ဆောင်ရေး
၁။ လမ်းအရှည်မိုင် -၁၉၀၂၀/၆ မိုင်
၂။ ပေ ၁၈၀ အထက်တံတား - ၄၂၀ စင်း
၃။ ပေ ၁၈၀ အထက်တံတား - ၂၉ စင်း

ဆက်သွယ်ရေး ကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ စာတိုက်စခန်း - ၁၃၅၆
၂။ ကြေးနန်းရုံး - ၅၀၄
၃။ တယ်လီဖုန်းရုံး - ၈၉၁
၎။ မိုဘိုင်းတယ်လီဖုန်း - ၂၄၇၆၄၁
၅။ မိုက္ကရိုဝေ့ခ် စခန်း - ၂၃၂
၆။ အင်တာနက် - ၇၇၇၂
၇။ ပြည်ပဂြိုလ်တု ဆက်သွယ်ရေးမြေပြင်စခန်း - ၃
၈။ ပြည်ပဂြိုလ်တု ဆက်သွယ်ရေးချန်နယ် - ၅၄၃
၉။ အပြည်ပြည်ဆိုင်ရာ တယ်လီဖုန်းချန်နယ် - ၂၀၃၁

စွမ်းအင်ကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ ကုန်းတွင်းပိုင်း ရေနံစိမ်း ထုတ်လုပ်မှု - ၃၃၁၉၄၉၃ စည်
၂။ ကမ်းလွန်ရေနံစိမ်းထုတ်လုပ်မှု - ၄၃၀၆၃၇၄ စည်
၃။ ကုန်းတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု - ၃၆၄၁၉.၀၂ ကုဗပေ
၎။ ကမ်းလွန် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု - ၄၄၈၅၄၀.၃၅ ကုဗပေ

လျှပ်စစ်စွမ်းအားကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ ဓာတ်အားသုံးစွဲမှုယူနစ်ပေါင်း - ၄၇၂၆.၃၂၈
၂။ တည်ဆောက်ပြီးရေအားလျှပ်စစ်စက်ရုံ - ၅၀
၃။ တည်ဆောက်ဆဲရေအားလျှပ်စစ်စက်ရုံ - ၂၁
၎။ အခြားဓာတ်အားပေးစက်ရုံများ - ၂၄၅၇

စက်မှုလက်မှု ကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ စက်မှုဇုန်များ - ၂၈
၂။ ပုဂ္ဂလိကစက်ရုံ - ၄၃၅၀၆
၃။အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ - ၉၄၈၆
၎။နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ -၇၉၄

သိပ္ပံနှင့်နည်းပညာကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ နည်းပညာတက္ကသိုလ်များ - ၂၉
၂။ ကွန်ပျူတာတက္ကသိုလ်များ - ၂၆
၃။နည်းပညာကောလိပ်၊ စက်မှုလက်မှုသိပ္ပံများ - ၁၆
၎။ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ် - ၁
၅။ ရေကြောင်းပညာတက္ကသိုလ် - ၁

ပညာရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ အခြေခံပညာကျောင်းပေါင်း - ၄၀၅၅၃
၂။ ဆရာ၊ဆရာမဦးရေ (သိန်း) - ၂.၆
၃။ ကျောင်းသားဦးရေ (သန်း) - ၈.၈၃
၎။ အဆင့်မြင့်ပညာတက္ကသိုလ်၊ ဒီဂရီကောလိပ် - ၆၄
၅။ တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမဦးရေ - ၁၇၂၅၀
၆။ ကျောင်းသားဦးရေ(သိန်း) - ၅.၂၀

ကျန်းမာရေးကဏ္ဍ (၃၁-၁၂-၂၀၀၇)
၁။ အစိုးရဆေးရုံများ - ၈၃၉
၂။ အစိုးရတိုင်းရင်းဆေးရုံနှင့် ဆေးကုဌာန - ၂၆၁
၃။ ကျေးလက်နှင့်ဒေသန္တရကျန်းမာရေးဌာန - ၁၅၅၄
၎။ ဆေးတက္ကသိုလ်များ၊ သင်တန်းကျောင်းများ - ၅၈
၅။ ကျန်းမာရေးဝန်ထမ်းများ - ၈၁၄၆၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဏ္ဍ (၃၁-၁၂-၂၀၀၇)

၁။ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံများ - ၂၁၂
၂။ ပြန်/ဆက် စာကြည့်တိုက်များ - ၃၆၆
၃။ ဌာနဆိုင်ရာစာကြည့်တိုက် - ၈၁၂
၎။ ကျေးရွာစာကြည့်တိုက်များ - ၅၅၇၅၅
၅။ e-library များ - ၁၂၆
၆။ သတင်းစာတိုက်များ - ၃
၇။ ကိုယ်ပွားသတင်းစာတိုက်များ - ၈

သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



"လောကနီတိ"

  • ဆူးကို အဘယ်သူချွန် ၍ ထက်သနည်း၊
  • သမင်မျက်လုံးကို အဘယ်သူ မျက်စဉ်းခတ်၍ကြည်လင်သနည်း၊
  • ရွှံညွန် ၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။
  • သူ့သဘာဝအလျောက်သာဖြစ်ကြကုန်၏။
  • အမျိုးကောင်းသားအမျိုးကောင်းသမီးတို့မည်သည်သူတစ်ထူးအကူမရ မူလည်း
  • မိမိဘာသာကြိုးအားထုတ်ရာ၏။
  • Who sharpens the thorne to be pointed?Who put eyedrops the deer's
  • eye to be shiny? Who put scent in the lily growing in mud to
  • be fragrant?
  • Those may happen by nature.
  • The good descendents should themselves try without help.

  • ကျီးတို့ ၏ အလယ်၌ ရောနှောခြင်းဖြင့် ဟသာင်္မင်းအတွက် မတင့်တယ်။
  • နွားအုပ်အတွင်း ရောနှောနေ ခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။
  • မြည်းအုပ်အတွင် ရောနှောနေခြင်းဖြင့် သိန္ဒောမြင်းအတွက် မတင့်တယ်။
  • သူမိုက်တို့ အလယ်၍ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်း အတွက် မတင့်တယ်။
  • A hamsa is out of place among crows.
  • A lion is out of place among cattle.
  • A horse is out of place among donkeys.
  • A learned man is out of place among the bad.

  • အရသာပျက်ကြောင်းတရားလေးပါ။ တို့သည်ကား-
  • ထုံးမပါသောကွမ်း။
  • ဆားမပါသောဟင်း၊
  • ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမော်ကြွား ၀တ်ဆင်ခြင်း၊
  • ပညာမတတ်ဘဲ ပျို့၊ ကဗျာ ၊ လင်္ကာ ဖွဲဆိုခြင်းတို့ ပေတည်း။
  • What causes unsavouriness are:-
  • A betel-quid without lime.
  • Curry without salt.
  • Dressing up flauntingly without wealth.
  • Composing verse without education.

  • အကြီးအမှုး လူကြီးမိဘ တို့၏ နာယက ဂုဏ်ခြောက်ပါးသည်ကား-
  • က) သည်းခံခြင်း၊
  • ခ) နိုးကြားခြင်း၊
  • ဂ) ထကြွလုံလရှိခြင်း၊
  • ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း၊
  • င) သနားကြင်နာခြင်း၊
  • စ) အမြော်အမြင်ကြီးခြင်း တို့ပေတည်း။
  • Patience, aLertness, tenacity, reasoning, compassion, farsightedness are the parental and leadership virtues.

အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ၁၆

အလှကမ္ဘာမှာနေကြည့်ပါ..

မိတ်ဆွေများရဲ့များပြားလှတဲ့၏တစ်နေ့တာ အပြေးအလွှားပြုလုပ်နေရသော အချိန်ဇယားကို မီးခလုတ်ပိတ် သကဲ့သို့ ခဏပိတ်ထားပြီး အေးချမ်းတိတ်ဆိတ်သော နေရာလေးကို ရှာကြည့်ကြရအောင်.
၁. သဘာဝအလှတရားနှင့်နီးစပ်မှုရှိပါစေ။
ကမ္ဘာကြီးသည် လှပတင့်တယ်သောနေရာ ဖြစ်သဖြင့် ခေတ်နှင့်အပြိုင် ပြေးနေခြင်းကို လျော့ချပြီး သဘာဝအလှကို ခံစားနားလည်ကြည့်ပါ။ မွန်းကျပ်နေသော သင်၏ကမ္ဘာလေးထဲမှ ထွက်ပြီး ပတ်ဝန်းကျင်မှ ပန်းခြံထဲသို့သွားရောက် အပန်းဖြေပါ။ ပင်လယ်ကမ်းခြေသို့ အနားယူ ခရီးထွက်ပါ။ သို့မဟုတ် အေးချမ်းသော တောနယ်တစ်နေရာသို့သွားလည်ပါ။ လေကောင်းလေသန့်ရရှိရန် မြစ်ကမ်းနားမှာ လမ်းလျောက်ပါ။ မိမိဧည့်ခန်းတွင် ပန်းအိုးလှလှလေး များနှင့် မွှေးကြိုင်လတ်ဆတ်သော ပန်းကလေးများထားခြင်း ဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေပါသည်။ အိမ်ရှိ ခွေးလေး၊ကြောင်လေးများကို ချစ်ခင်ခြင်း၊ ပန်းပင်များကို ပြုစုပျိုးထောင်ခြင်းဖြင့် မိမိ၏တင်းကျပ်နေသော စိတ်များကို လျေားပါးသက်သာ စေပါသည်။
၂. ခွင့်လွှတ်မေ့ပျောက်နိုင်ရန်ကြိုးစားပါ။
လောကကြီးသည် အကောင်းနှင့်အဆိုးဒွန်တွဲနေသည်ကို လက်ခံလိုက်ပါ။ ထိုအချက်ကို နားလည်လိုက်သည်နှင့် သင်ရှေ့လျှောက်ရန် လွယ်ကူသွားပါလိမ့်မည်။ ကုန်လွန်ခဲ့ပြီးသော အတိတ်အိမ်မှာနေနေခြင်းအားဖြင့် သင့်အတွေးများကလည်း အတိတ်ကိုပဲ ပြန်၍သွားနေ ပါလိမ့်မည်။ ဆိုးရွားသော အတိတ်ကာလမှ အဖြစ်အပျက်များကို သိလိုက်ပြီးနောက် မေ့ပစ် နိုင်ရန်ကြိုးစားပါ။ သင့်ကိုယ်သင့်ခွင့်လွှတ်လိုက်ပါ။ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်အောင် အားထုတ်ပါ။ သို့မှသာ ခါးသီးသော အတိတ်ဘ၀မှ ရုန်းထွက်နိုင်ပါလိမ့်မည်။

၃. အကောင်းမြင်တတ်ပါစေ၊ အဆိုးကိုတွေးတတ်သော စိတ်များကို ဖယ်ရှားပစ်ပါ။
ပုံသေသတ်မှတ်တတ်သော မိတ်ဆွေ၏အမြင်ကို ပြောင်းပစ်လိုက်ပါက ဘ၀၏အလင်းရောင် ကို မြင်တွေ့ရပါလိမ့်မည်။ သင့်အလုပ်နှင့် အိမ်တွင်းမှာပါ အောင်မြင်လိုပါက သင်လုပ်ချင်သည့် အတိုင်း သဘာဝကျကျ ပြုမူဆက်ဆံပါ။ မကြာခင်အဆင်ပြေလာပါလိမ့်မည်။ လူတိုင်းတွင် ဒေါသစိတ်၊ အကြောင်းတရား အဆိုးမြင်သည့်စိတ်ရှိတတ်ကြပါသည်။ အရေးကြီးသည်မှာ ထိုစိတ်များ သင့်ကိုလွှမ်းမိုးမသွားစေရန် ဖြစ်သည်။ သင်သည်နေရာတိုင်းတွင် လိုအပ်သည် ထက်ပို၍ စိတ်ပူပင်တတ်သည်ကိုကြည့်၍ အသက်ကိုပြင်းပြင်းရှူ၍ သက်တောင့်သက်သာနေ လိုက်ပါ။
၎.မြင်ကွင်းကျယ်ကျယ်ကြည့်တတ်ပါစေ။
သင်ယခုကြုံတွေ့နေရသည်များ အားလုံးဆိုးဝါးသည်ဟု ထင်မြင်နေပါက ရှေ့လာမည့်နှစ်များ ကိုကြိုတင်မျှော်ကြည့်လိုက်ပါ။ ယခုကြုံတွေ့နေရသော ပြသာနာများသည် ထင်သလောက်မ ဆိုးသေးဘူးဆိုသည်ကို သင်ခန့်မှန်းနိုင်ပါလိမ့်မည်။
၅.လေ့ကျင့်ခန်းလုပ်ပါ။
သင်၏တင်းကျပ်နေသော စိတ်ကို ဆယ်မိနစ်လမ်းလျောက်ခြင်းဖြင့် လျေားသွားပါစေ။ တစ်ပတ်ကို သုံးကြိမ်လမ်းလျောက်ရန်ကြိုးစားပါ။ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခြင်း၊ စက်ဘီး စီးခြင်း၊ ရေကူးခြင်းတို့ကို လုပ်နိုင်ရန်ကြိုးစားကြည့်ပါ။ ပေါ့ပါးသောလေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ခြင်းဖြင့် ဦးနှောက်ကို ကြည်လင်စေပြီး ခန္ဓာကိုယ်အန်ဖိုဒင်း (Endophins) များကို လျော့နည်းစေပါသည်။
၆. ရယ်မောခြင်းဖြင့် ဘ၀ကိုဆက်လျောက်ပါ။
မိတ်ဆွေများနှင့် ရယ်မောပြောဆိုခြင်းသည် အကောင်းဆုံးစိတ်အပန်းဖြေနည်းများဖြစ်သည်။ ဟာသဇာတ်လမ်းများ ကြည့်ရှုခြင်း၊ ဟာသ၀တ္တုများဖတ်ရှုခြင်းဖြင့် သင်၏စိတ်ဓာတ်ကို မြှင့်တင်နိုင်ပါသည်။
၇.ရှုပ်ထွေးလှသော အပြင်လောကနှင့် အဆက်ဖြတ်ပါ။
ကမ္ဘာ့သတင်းစုံကိုသိရသည်မှာကောင်းပါသည်။ သို့သော် သတင်းများက သင့်ကိုမလွှမ်းမိုးစေ ပါနှင့်။ ကြာလျှင်ပင်ပန်းလာပါလိမ့်မည်။ သိသင့်သိထိုက်သည်များကိုသာ ရွေးချယ်ဖတ်ရှု သင့်ပါသည်။
၈. အသက်ရှည်ချင်လျှင် အသက်ရှူပါ။
အလုပ်များကို ခဏထားပြီး မျက်စိကို အသာပိတ်၍ အသက်ရှူခြင်းကို အာရုံစိုက်ပါ. စိတ်ကို ရှင်းရှင်းထားကြည့်ပါ။ တစ်နေ့တွင် မိနစ်အနည်းငယ်မျှလုပ်ရုံဖြင့် သင်၏စိတ်ငြိမ်သက်အေး ချမ်းခြင်းကို ရရှိပါလိမ့်မည်။
၉.ငြိမ့်ညောင်းသော ဂီတကိုခံစားနားဆင်ပါ။
ဂန္တ၀င်တေးဖြစ်စေ၊ နှစ်သက်ရာတေးဖြစ်စေ၊ အဆိုမပါဘဲ အတီးသက်သက်ကို နားထောင်ရန် အချိန်ပေးပါ။ တိုးတိုးဖွင့်၍ နားထောင်ပြီး စိတ်ကိုလွှတ်ထားလိုက်ပါ။
၁၀.အချိန်ကိုသုံးတတ်ပါစေ။
အလုပ်များကို အချိန်မှီ ပြီးစီးပါ့မလားဟု ပူပန်စိုးရိမ်နေခြင်းသည် ဒေါသကိုဖြစ်စေခြင်း၊ သင့်ကိုယ်သင်အပြစ်ရှိသည်ဟုထင်မြင်လာခြင်း၊ ယုံကြည်မှုပျက်ပြားလာခြင်းတို့ကို ဖြစ်စေပါ သည်။ စိတ်ဓာတ်ကျလျှင် ကိုယ်ခံအားကျဆင်း၍ အအေးမိနှာစေးခြင်းကို ဖြစ်စေနိုင်ပါသည်။
၁၁. အစားအသောက်ကို အရသာသိပါစေ။
အစားအသောက်စားရာတွင် ပြီးပြီးရော ဟူ၍ အရသာမသိအောင် မြန်မြန်ကြီးမစားပါနှင့်၊ အချိန်ယူ၍ စိတ်ရွင်လန်းစွာ စားတတ်ပါစေ။ စိတ်ကို တည်ငြိမ်အေးချမ်းစေရန် အထောက်အကူ ပြုသော အစားအစာများမှာ (Minearl) ဓာတ်ပါသော သပျစ်သီး နေကြာစေ့လှော်များနှင့် ပင်လယ်အစားအစာများဖြစ်သည်။
မိတ်ဆွေများ ဒီအချက်များနှင့် စိတ်ဖိစီးမှုများပြေပျောက်ပါစေရန်ရည်ရွယ်၍ ရေးသားတင်ပြလိုက်ပါတယ်....

ခင်စောတင့်(အမေဆောက်ခဲ့သောရဲတိုက်ကြီးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ပန်းကဗျာ



ချမ်းသာလိုက်ပုံများ


တစ်ခါက မြို့တစ်မြို့မှာရှိတဲ့ ဒေါက်တာအေးမောင် ဆိုတဲ့ ဆရာဝန်တစ်ယောက်ရှိသတဲ့….. အဲဒီဆရာဝန်ဟာ တစ်နေ့မှာ သူတို့တစ်မြို့တည်းမှာရှိတဲ့ သူငယ်ချင်း ဆရာဝန်လင်မယား ဖြစ်တဲ့ ဒေါက်တာစိုးချစ်….ရဲ့ အိမ်မှာ ကျင်းပတဲ့ ညစာစားပွဲတစ်ခုကို သူ့မိန်းမနဲ့သွားပြီးအဲဒီညစာ စားပွဲကိုတက်သတဲ့ … ညစာစားပွဲဆိုတော့ မိတ်ဆွေတွေကလည်းများ လူစုံတက်စုံနဲ့ တေးဂီတရော အဖျော်ယမကာ တွေ စုံစုံလင်လင်နဲ့ကျင်းပတဲ့ပွဲပေါ. ….
ဒီတော့ ဒေါက်တာအေးမောင် တို့လင်မယားလည်း သောက်လည်း သောက်စားလည်းစားပေါ့……

ညစာစားပွဲအပြီးမှာ အိမ်ပြန်ရောက်လာတဲ့ ဒေါက်တာအေးမောင် က သူ့မိန်းမကိုပြောတာက…
ဒေါက်တာအေးမောင်… " မိန်းမရေ.. ဒေါက်တာစိုးချစ် တို့က အရမ်းချမ်းသာတာပဲကွာ ငါ ညက အရက်တွေသောက်ပြီး အိမ်သာသွားတာတောင် သူတို့အိမ်က အိမ်သာကရွှေနဲ့လုပ်ထားတာ ကွလို့ပြောလိုက်တယ် … "
အဲဒီမှာ သူ့မိန်းမကချက်ခြင်း ဒေါက်တာစိုးချစ်အိမ်ကို ၀မ်းသာအားရနဲ့ဖုန်းဆက်ပြောတာပေါ.
ဒေါက်တာအေးမောင်မိန်းမ…."သူငယ်ချင်းရယ် ငါ့ယောကျာ်းကပြောတယ် ရှင်တို့အိမ်ကချမ်းသာ တာကတော့ အိမ်သာကိုတောင်ရွှေနဲ့လုပ်ထားတယ်လို့ကျွန်မကို ပြောတယ်ဆိုပြီး ပြောလိုက် တယ် ……"
အဲဒီမှာ ဖုန်းလာကိုင်တဲ့ ဒေါက်တာစိုးချစ်မိန်းမ ကဘယ်လိုပြန်ပြောလည်းဆိုတော့…
ဒေါက်တာစိုးချစ်မိန်းမ……… အော် … "ခုမှပဲ ကျွန်မယောကျာ်းရဲ့ ဓာတ်ပြားစက်ထဲကို အပေါ့သွားတဲ့လူကို သိတော့တယ်တဲ့……….."
(ဓာတ်ပြားစက်ဆိုတာ ရှေးခတ်ရေဒီယိုပါ..(ရွှေရောင်နှင့်) မြန်မာရုပ်ရှင်တစ်ချို့မှာပါပါတယ် . ပုံကိုအနီးစပ်ဆုံးရှာ ပြီးတင်ပေးထားပါတယ်.. )

အားလုံးကိုချစ်ခင်လေးစားလျှက်...



ချောင်းသာကမ်းခြေသို့အလည်တစ်ခေါက်

အခုလို ဆောင်းလလယ်လောက် ရောက်ပြီဆိုရင်တစ်နှစ်လုံး ပင်ပန်းခဲ့သမျှအတွက် အပန်းဖြေခရိးစဉ်လေး တစ်ခုလောက်ကိုတော့ မျှော်မှန်းမိတာ အမှန်ပါ ။ ဒီလိုခရိးစဉ်တွေ အကြောင်းရောက်သွားရင် ကျွန်တော်တို့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ချောင်းသာကမ်းခြေ ကို အပန်းဖြေ ခရီးလေးကို လာလည်နိုင်ဖို့အတွက် ရေးသားတင်ပြလိုက်ပါတယ်။
ချောင်းသာကမ်းခြေဟာ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ ချောင်းသာရွာနဲ့ ပင်လယ်ကမ်းခြေပဲ ဖြစ်ပါတယ်။ချောင်းသာရွာကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ခန့် က ယခုလို ချောင်းအထက်ပိုင်းတွင် တည်ထောင်ခဲ့ပြီး (မူရင်း)အမည် ချောင်းသာယာ ကနေပြီး ချောင်းသာ လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ တာ ဖြစ်ပါတယ်။ ရန်ကုန်က နေ ပုသိမ်ကို ၁၁၅ မိုင် ဝေးပြီး ပုသိမ်မြို့ရဲ့ အနောက်ဘက် ၃၈မိုင် အကွာမှာ ချောင်းသာကမ်းခြေ ရှိပါတယ်။ဒါကြောင့် ရန်ကုန်ကနေ ချောင်းသာကို ၁၅၃မိုင် ဝေးပါတယ်။

ရန်ကုန်မြို့ မှ ချောင်းသာအထိ အဝေးပြေးကားဖြင့် တိုက်ရိုက်သွားနိုင် သလို ရန်ကုန်မြို့မှ ပုသိမ်၊ ပုသိမ်မှ ချောင်းသာသို့ တစ်ဆင့် လည်းသွားနိုင်ပါတယ်။ရန်ကုန်မြို့မှ ချောင်းသာသို့ သွားရာ လမ်းခရိးတစ်လျှောက်တွင် ယခင်က မြစ်များကိုဇက်ဖြင့် ကူး၍ ခက်ခက်ခဲခဲ သွားခဲ့ရသော်လည်း ယခုအခါ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ "ဗိုလ်မြတ်ထွန်းတံတား"နဲ့ ပုသိမ်မြို့အနောက်ဘက်မှာရှိတဲ့ "ပုသိမ်ကြိုးတံတား" လို့ခေါ်တဲ့ င၀န်မြစ်ကူးတံတားတွေ ဆောက်ပြီးတဲ့ အတွက် သွားလာရေး လွယ်ကူ နေပြီဖြစ် ပါတယ်။အခုလို ပွင့်လင်းရာသီ ရောက်လာပြီဆိုရင်ဖြင့် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးနဲ့ ပင်လယ်ကမ်းခြေ သီးသန့် အပန်းဖြေခရိး ပို့ဆောင်ရေးလုပ်ငန်း တွေလည်း သက်ဝင် လှုပ်ရှား လာပြီဖြစ်ပါတယ်။
ချောင်းသာကမ်းခြေမှာ ပင်လယ်ကမ်းခြေကို မျက်နှာပြုပြီး ဟိုတယ်ကြီးတွေ ဘန်ဂလိုတွေ ရှိပါတယ်။ အတွင်းဘက်ကျတဲ့ ရွာထဲမှာလည်း တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ရှိပါတယ်။အဝေးပြေးယာဉ် ရပ်နားစခန်း၊ စာတိုက်နဲ့ တယ်လီဖုန်းရုံလည်း ရှိပါတယ်။အဆင့်အတန်းမြင့် ဟိုတယ်တွင် အဆင့်အတန်းမြင့်မြင့် တည်းခိုနိုင်သလို စရိတ်စက နည်းနည်းနဲ့လည်းတည်းနိုင်တဲ့ တည်းခိုခန်းတွေလည်း ရှိပါတယ်။
ပင်လယ်ကမ်းခြေမှာ ပင်လယ်ရနံ့ပါတဲ့ လေကို အားပါးတရ ရှုရှိုက်ရတာ စိတ်ကို လန်းဆန်းစေပါတယ်။ကမ်းခြေကနေ မျှော်ကြည့်လိုက်ရင် သဲဖြူကျွန်းကို မြင်တွေ့နိုင်ပါတယ်။ အဲဒီသဲဖြုကျွန်းကိုလည်း လည်ပတ်နိုင်ဖို့ စက်လှေများနဲ့ ၀န်ဆောင်မှု ပေးပါတယ်။ သဲဖြူကျွန်းအပြင် အောင်မင်္ဂလာကျွန်းခေါ် ဖိုးကုလားကျွန်းကိုလည်းသွားနိုင်ဖို့ စက်လှေနဲ့ ပို့ဆောင်ပေးပါတယ်။ ချောင်းသာကမ်းခြေကနေ ကျောက်မောင်နှမ ဘက် ကို စင်းလုံးငှား မော်တော် ဆိုင်ကယ်နဲ့ သွားနိုင်ပါတယ်။ကမ်းခြေရှိ ကျောက်ပုထိုး စေတီတော်မြတ်ကို လည်း ဖူးမြော်နိုင်ပါတယ်။
မနက်ဝေလီဝေလင်းကနေပြီး ညနေနေ၀င်ချိန် အထိ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်ကြသူတွေ၊ဘောလုံးကစား ကြသူတွေ စွန်လွှတ်ကြသူတွေ၊ မြင်းစီးကြသူတွေ၊ အလှဓာတ်ပုံရိုက်ကြသူတွေ၊ ပင်လယ်လှိုင်း စီးရင်းဆော့ကစားနေကြသူတွေနဲ့ စည်ကားလို့ နေပါတယ်။
ပင်လယ်စာ ဖြစ်တဲ့ ငါး၊ပုစွန်၊ဂဏန်းတွေကို အစိမ်းလိုက် တစ်မျိုး၊ကင်လို့တဖုံ ချက်လို့တစ်နည်း ရောင်းချနေကြပါတယ်။ဈေးလည်း ပေါပါတယ်။ကမ်းခြေအမှတ်တရ ပစ္စည်းဆိုင်လေးများမှာလည်း လက်ဆောင်ပစ္စည်းတွေ ၀ယ်ယူနိုင်ပါတယ်။ချောင်းသာ ဈေးထဲမှာတော့ ငါးခြောက်မျိုးစုံ၊ပုစွန်ခြောက်၊မျှင်ငါးပိ၊အုန်းဆီ၊ကျောက်ပွင့်ကျောက်မှော်စတဲ့ ပင်လယ်ထွက် ပစ္စည်းတွေ ရနိုင်ပါတယ်။ ပုသိမ်မြိုမှာ ပုသိမ်ဟာလ၀ါ နာမည်ကြီးသလို ချောင်းသာမှာ သရက်တော မုန့်ကို လူသိများလှပါတယ်။
ချောင်းသာဟာ သွားရေးလာရေး လွယ်ကူပြီး ကမ်းခြေပင်လယ်ရေ သန့်ရှင်းကြည်လင်တယ်။ကမ်းခြေအနီး ပတ်ဝန်းကျင်တွင် ကျွန်းနဲ့ သန္တာ ကျောက်တန်းတွေ ရှိလို့ ငါးမန်းစတဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ သတ္တ၀ါတွေ မရှိနိုင်တဲ့ အပြင် အန္တရာယ် ကင်းစွာ ရေကစားတဲ့ သူတွေကို စောင့်ရှောက်ဖို့ကမ်းခြေစောင့် အသက်ကယ် ၀န်ထမ်းတွေ ထားပေးအတွက် လာပြိးအပန်းဖြေတဲ့သူတွေ အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေနိုင်ပါတယ်။
ချောင်းသာကနေပြီး ငွေဆောင်ကမ်းခြေကို ကုန်းလမ်းဒါမှမဟုတ် ရေလမ်းနဲ့ လည်း သွားရောက်နိုင်ပါသေးတယ်။ချောင်းသာကို အပန်းဖြေခရိးထွက်တဲ့ အတွက် ခန္ဒာ ကိုယ်ပင်ပန်းမှု စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး အားအင်သစ်တွေ ရရှိလာတယ်လို့ ခံစားရပါတယ်။ ချောင်းသာခရီးစဉ်ကတော့ တကယ်ကို နှစ်သက်စရာကောင်းလှပါတယ်။
ယခုလိုခရီးသွားရာသီတွင် အပန်းဖြေသွားဖို့ အတွက် စိတ်အေးချမ်းသာစွာနဲ့ ခရီးလည်းမဝေးသက်တောင့်သက်သာနဲ့သွားရေးလာရေးလွယ်ကူကောင်မွန်း တဲ့ ချောင်းသာ ခရီးစဉ်ကလေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ဇွဲကဗျာ


အမေများနေ့ ဂုဏ်ပြုကဗျာ

မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ် ပြာသိုလပြည့်နေ့တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုလျက်..

မေမေသို့

နွေအလွန် ၀သန်ရဲ့အစ
မိုးဦးကျ ဒီလလေးမှာ
ကမ္ဘာမြေအတွက် ပန်းကလေး တစ်ပွင့်ကို
မေတ္တာရှင်မွေးမေမေ က
ယုယစွာ မျိုးစေ့ချခဲ့တယ်။

ရှင်သန်ရာ ဘ၀လမ်းတစ်လျှောက်
ပေါင်းမြက်သင် စိုက်ကာပျိုးလို့
မေတ္တာရည် မိုးရေအောက်မှာ
ပျိုးပင်လေး ကြီးထွားလာခဲ့ပြီနော်။

ပညာသင်ချိန် ပညာပေးလို့
ဘ၀အရေးကိုလည်း သွန်သင်
လွန်နေရင် ဘယ်အရာမှ မကောင်းတာမို့
ဗိုင်းကောင်းဖို့ ကျောက်ဖိခဲ့တယ်။

ဘ၀ရဲ့ဒဏ် ဘ၀ရဲ့မာန်
ကြံ့ကြံ့ခံ သူ့နှလုံးသားနှင့်
အရှူံးတရားကို စစ်ခင်း
မြစ်တစ်စင်းလို ရဲရင့်ခဲ့တော့
အမေဆိုတာ.....
သမီးတို့အတွက် သူရဲကောင်းပေါ.။

ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ
ကုန်ဆုံးသွားခဲ့ရတဲ့ ပျိုမျစ်ခြင်းတွေနှင့်
ပေးဆပ်ရင်းသာ ရှိနေဦးမှာမို့
စုန်ရေလို့ တင်စားခဲ့ကြသလားမေမေ။


ဤကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံပါစေရန် ကဗျာ ဖြင့် ဆုတောင်းလိုက်ပါသည်။
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



ဖတ်ထားသောဟာသများ

" မျက်လုံးကိုပြူးရော "

စားသောက်ဆိုင်ကြီးတစ်ခုထဲမှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ လူတစ်ယောက်က စားပွဲထိုးကို လှမ်းခေါ်လိုက်ပါတယ်။
စားသုံးသူ.... "ရေတစ်ခွက်လောက်ပေးစမ်းပါအုံးကွာ....."
စားပွဲထိုး...... " ဒီမှာဗျာ . ဒါနဲ့ဆိုခင်ဗျား တောင်းတာ ဆယ်ကြိမ်ရှိသွားပြီ။ လက်ဖက်ရည်တစ်ခွက်မှာပြီး
ဆယ့်ငါးမိနစ် အတွင်း ဒီလောက်ကြီးတဲ့ ရေသောက်တဲ့လူမျိုး ကျွန်တော်တစ်ခါမှ မတွေ့ဖူးဘူးဗျာ... "

အဲဒီမှာ စားသုံးသူပြန်ပြောလိုက်တဲ့စကားကြောင့် စားပွဲထိုး ခမျာ မျက်လုံးကိုပြူးရော....
စားသုံးသူ.... " ရေကသောက်ဖို့မှတ်လို့လား။ ငါထိုင်နေတဲ့ ကုလားထိုင် မီးလောင်နေလို့ကွ "

" သပ်သပ်စီပဲ"

တစ်နေ့မှာ... ယုယုဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောနေတာပေါ.
ယုယု...... " ကိုယ်တော့ မောင်မောင်နဲ့ စေ့စပ်ထားတာ ၊ ဖျက်ပစ်ဖို့ဆုံးဖြတ်လိုက်ပြီ။ "
သူငယ်ချင်း .... " ဘာကြောင့်လဲကွာ ... "
ယုယု..... " သူ့အပေါ်ခံစားလို့မရတော့လို့ပါ. ကိုယ်သူ့ကို စိတ်ကုန်သွားပြီ ... " လို့ပြောတယ် ။
ဒါနဲ့သူငယ်ချင်းက ယုယုကိုပြောလိုက်ပုံက .....
သူငယ်ချင်း..... " ဒါနဲ့များ သူပေးထားတဲ့ စိန်လက်စွပ်ကြီးတော့ ခုထိဝတ်ထားတုန်းပါလား လို့" ပြောတော့ ယုယု ပြန်ပြောလိုက်ပုံကတော့
ယုယု ..... " ဟဲ့ . . . . စိန်လက်စွပ်ကြီးကိုတော့ စိတ်မကုန်ဘူးလေ.. တဲ့ .. "

အားလုံးရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ပါစေ...

ပန်းကဗျာ

အားလုံးကိုချစ်ခင်လေးစားလျှက်...



ကမ္မဋ္ဌာန်း လေးမျိုးနှင့် မျက်နှာသစ်နည်း

ကမ္မဋ္ဌာန်း လေးမျိုးနှင့် မျက်နှာသစ်မည် ဆိုလျှင် လောကီ-လောကုတ္တရာ အကျိုးစီးပွားတို့ကား များပြားလှပေတော့သည်။
တစ်ယောက်တည်းက လေးမျိုးစလုံးကို နေ့စဉ်ပွားရမည်ဆို၍ ခက်ခဲမည် မထင်သင့်။
ဥပမာ-သားသမီးတစ်ယောက်ကို ကောင်းစွာစောင့်ရှောက် မွေးမြူနိုင်သော မိဘသည် ဆယ်ယောက် ရှိလာသော်လည်း ပို၍ မခက်ခဲတော့ပြီ။ ထိုဥပမာကဲ့သို့ပင် ကမ္မဋ္ဌာန်းလေးမျိုးကို ပွားများအားထုတ် ရခြင်းမှာ လည်း တစ်မျိုးတည်းပွားများ ခြင်းထက် ပိုပြီးမခက်ခဲနိုင် ဟုဆိုလိုခြင်းဖြစ်ပါသည်။
နံနက် အိပ်ရာမှထ၍ မျက်နှာသစ်တော့မည် ဆိုပါစို့။ မျက်နှာမသစ်မီ ရေတစ်ခွက် ခပ်ယူပြိးသည်နှင့်-

၁။ဤမျက်နှာသစ်သောရေကို ကိလေသာအပူခပ်သိမ်း အေးငြိမ်းတော်မူသော မြတ်စွာဘုရားရှင်အား ကပ်လှုပါသည် (ဒါန၊ဗုဒ္ဒါနုဿတိ)။

၂။ဤရေကဲ့သို့ သတ္တ၀ါအများ ကြည်လင်အေးမြချမ်းသာကြပါစေ(မေတ္တာ)။

၃။မျက်ဝတ်ထွက်ခြင်း၊ခံတွင်းမှ အပုပ်ရေစီးကျခြင်း စသည်တို့ကြောင့် အမြဲတမ်း ဆေးကြောပေးရသော ဤခန္ဒာကိုယ် ကြိးသည် စက်ဆုပ်ရွံရှာဖွယ် အတိပါတကား(အသုဘ) ။

၎။အင်း----တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ။ထွက်လေမ၀င်ခင်၊ ၀င်လေမထွက်ခင် နံနက်နေ့ည မရွေးသေနိုင် ပေသည်တကား။ (မရဏာ နုဿတိ)။

ဤသို့ ကျင့်ဝတ်လုပ်ထားပါက မြတ်စွာဘုရား၏ တရားတော်သည် အလွန်လွယ်ကူလှပါပေ၏။ ဟို့နှယ် ဒီ့နှယ် အတွေးနယ်ချဲ့ ကာ စိတ်ကူးကောင်းသူများ (လက်တွေ့မလုပ်ဘဲ) နားလည် နိုင်သောအရာ မဟုတ်ပေ။ လက်တွေ့စမ်းကြည့် ပါကပြောပြ၍ မရသောအကျိုးစီးပွားတို့ အမြောက်အများ ရရှိလာပါလိမ့်မည်။
စာဖတ်သူများအားလုံး လောကီလောကုတ္တရာ အကျိုးများစီးပွား အားလုံးတိုးတက်ကြပါစေရန် ဆုတောင်း ရေးသားလိုက်ခြင်းဖြစ်ပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



ဂါထာဘိုးတော်

ဂါထာဘိုးတော်

တစ်ခါက ရွာတစ်ရွာတွင် အလွန်ရိုးအသော လူပျိုကြီးတစ်ယောက်ရှိသည်။ သူများယောင်လို့ယောင် အမောင် တောင်မှန်းမြောက်မှန်းမသိ ဟူသောစကားသည် ထိုလူပျိုကြီးအတွက် ထားခဲ့ဟန်တူသည်။
သူများရှိခိုးလျှင် ရှိခိုး၏၊ သူများပူဇော်လျှင်ပူဇော်၏၊ ဘာမှအတွေးအခေါ်မရှိ၊ ထိုသူမျိုးမှ အလိမ်မခံရလျှင် အဘယ်သူအလိမ် ခံရမည်နည်း။ တစ်နေ့ သူတို့ ရွာထိပ်ဇရပ်တွင် ဂါထာအမျိုးမျိုးပေးနေသည်ဆိုသော ဘိုးတော်တစ်ယောက်ရောက်လာသဖြင့် လူပျိုကြီးသည် လူကြားထဲ့တွင် တိုးဝင်ကာအရောက်သွားခဲ့၏။
တစ်ခြားသူများ သူတို့လိုချင်သော ဂါထာမန္တာန် အသီးသီးကို ယူကြပြီးနောက် လူပျိုကြီးလှည့်အရောက်တွင်
ဘိုးတော်က...သားတော်ကြီးကရော ဘာဂါထာအဆောင်တွေများလိုချင်သလဲ...။
အိမ်ကို မီးမလောင်တဲ့ ဂါထာလို ချင်ပါတယ်..။
အိမ်းရစေ့မယ် ကဲ ဂါထာမပေးမယ်.... ဘဘုရား သာသနာပြုဖို့အတွက် ငွေငါးရာတော့ ကန်တော့ရမယ်။
ဒီ ဂါထာ တစ်ခြား ဂါထာတွေထက် ပိုထက်တယ်။အဲလိုနဲ့ လူပျိုကြီး မရှိမဲ့ ရှိမဲ့ ငွေလေး ငါးရာကို
ဘိုးတော်အား ကန်တော့လိုက်ရသည်။
ဘိုးတော်သင်ပေးလိုက်သော မီးကွင်း ဂါထာကား...
***မနောစက်စက်၊ တေဇောထွက်
ဝါတစ်ပိတ်သက်၊ ကြောင်တကက်***ဟူ၏။

လူပျိုကြီးကား ထိုဂါထာကို နေ့ ညဥ့်မပျက်၊ အမြဲတမ်းရွတ်ဖတ် သရဇ္ဈယ်ပါတော့သည်။
တစ်နေ့တွင် လူပျိုကြီးတို့ ရွာမီးအကြီးအကျယ်လောင်လေရာ မီးသတ်ကားရောက်နိုင်သော
အရပ်မဟုတ် သဖြင့် ကိုယ့်အထုပ်ကိုယ်ဆွဲကာ ပြေးကြရလေသည်။ သူများတွေကိုယ်အိမ်နား
မီးမရောက်ခင် အဖိုးတန်ပစ္စည်းလေးများ ထုပ်ပိုးနေကြသော်လည်း လူပျိုကြီးကား ဘိုးတော်၏
ဂါထာကိုသာ မျက်စိမှိတ်ပြီး ရွတ်နေသည်။ အခေါက်ပေါင်း ဘယ်လောက်ဟုပင် မမှတ်မိတော့၊
ကျောမီးပူဟပ်မှ လှည့်ကြည့်မိသောအခါ သူ့အိမ်နောက်ဖေး မီးစွဲနေသည်ကို တွေ့ရမှ
ဘာမှ မယူနိုင်ဘဲ လက်လွတ်ထွက်ပြေးရပါတော့သည်။ရွာထိပ်ရောက်သောအခါသူအားထား
နေသော ဂါထာဘိုးတော်နေသောဇရပ်ပါ မီးစွဲလောင်နေပြီကို
တွေ့ရသည်။ မီးလွတ်ရာတောတွင်းသို့ရောက်သည်အထိ သူ့ကိုယ်သူ အလိမ်ခံရသည်ကို
မရိပ်မိသေး၊ ဂါထာရွက်ပါလျှက်နှင့် သူ့အိမ် မီးမကွင်းသည်ကို မကျေမနပ်ဖြစ်ကား
ပွစိပွစိဖြစ်နေသည်။ထိုအခါရွာသားတစ်ယောက်က...ဘာတွေမကျေမနပ်ဖြစ်နေတာလဲဗျ
ဆိုတော့မှ ဂါထာအကြောင်းပြောပြလေသည်။
ဟောဗျာလူပျိုကြီးနှယ့် အ-ရန်ကော...စဉ်းစားကြည့်ပါဦး၊ ခင်းဗျားကို မီးကွင်းဂါထာပေးတဲ့
ဘိုးတော်တောင် သူနေတဲ့ ဇရပ် မီးလောင်လို့ ထွက်ပြေးသွားပြီ မဟုတ်လား။ကဲပြောပါဦး
လူပျိုကြီးရွတ် တဲ့ဂါထာ...အဓိပ္ပါယ်လေးဘာလေးတတ်သလောက်ဖော်ကြည့်ရအောင်...
သို့နှင် လူပျိုကြီးက-
မနော်စက်စက်၊တေဇောထွ့က် ၀ါတစ်ပိတ်သက်၊ ကြောင်တကက် ဟူသောဂါထာကို
ရွတ်ဆိုပြသောအခါ ထိုသူက လက်ခုပ်လက်ဝါးတီးပြီး တဟားဟားရယ်မောပြီး...
ကျုပ်အဓိပ္ပာယ်ဖွင့်ပြမယ်...
မနောစက်စက် - မနက်စောစောတဲ့
တေဇောထွ့က်ဆိုတာ - တောဈေးထွက်တဲ့ဗျ
ဝါတပိတ်သက် - ၀က်တစ်ပိသာတဲ့ဗျ
ကြောင်တကက်က - ကြက်တစ်ကောင်တဲ့ဗျ
ပေါင်းပြီးအဓိပ္ပါယ်ပြန်ရင် မနက်စောစောတောဈေးထွက်ပြီး ၀က်တစ်ပိသာနဲ့
ကြက်တစ်ကောင်ဝယ်ပါတဲ့၊ တခြား ဘာအဓိပ္ပါယ်မှ မရှိဘူး။
ထိုအခါကျမှ လူပျိုကြီးမှာ ခေါင်းငိုက်စိုက်ကျသွားပါတော့သည်။

ပေါ့ပေါ့ပါးပါး...ရယ်မောကြစေရန်ရည်ရွယ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ16



(၈)နှစ်ပြည့် ဧရာဝတီစာကြည့်တိုက် အမှတ်တရ

ရက်ကောင်းမှာ ပန္နက်ရိုက်
စာကြည့်တိုက် ဆောက်ခဲ့ကြပြီ
စာဖတ်မှ တိုးတက်မည်။
ခေတ်သစ်ဆီမျှော်မှန်း
တို့ပြည်မှာသာစေကြောင်း
ပေါင်းစုကြိုးပမ်း။
အလိမ္မာစာမှာရှိလို့
က၀ိတို့ ဆိုခဲ့သည်။
စာတန်ဆောင် အလင်းဓာတ်
လွှမ်းပတ်ထုံကြည်
စာကြည့်တိုက် ဧရာဝတီ
မြို့ဂုဏ်ရည် တစ်ခေတ်ဆန်း
အသိပညာ ဝေဖြာလက်
တိုးတက်ပွင့်လန်း။
လူ့မိတ်ဆွေ စာအုပ်များ
တိုးပွားခဲ့ပြီ
အတွေးသစ် အမြင်ကြည်
တက်နေခြည်အလား
စိုက်ပျိုးကာ မွေးမြုဖက်
တိုးတက်စီးပွား။
စာကြည့်တိုက် အရှည်ခန့်
တည်တန့်ဖို့ တို့ဦးတည်
စာချစ်စိတ် အသိကိန်းလို့
ထိန်းသိမ်းပါမည်။
အေးချမ်းလို့ သာယာသည်
ရွှေခေတ်ဆီ အရောက်လှမ်း
စာချစ်သူ အားမာန်သစ်တွေနဲ့
စာပေမွန် အမွေနှစ်ကို
မြေးမြစ်လက်ကမ်း။

မေ16




ရှိခိုးတတ်ကြရဲ့လား

ရှိခိုးတတ်ကြရဲ့လား

ရှိခိုးခြင်းသည် ဗုဒ္ဒ္စ၀ါဒ ၌ ပထမဆုံးလိုက်နာ ရမည့် ပွဲဦးထွက် မင်္ဂလာ ယဉ်ကျေးမှုကြီးဖြစ်ပါသည်။
ရှိခိုးတတ်ကြရဲ့လားဟု ဆိုလျှင် အံ့အားသင့်စရာ ဖြစ်နိုင်၏။ သို့သော်လူအများသည် အနုပညာရှိခိုး၊ Justify Fullအလှခိုးမှုတွေကသာ များ ၍ ဌာန်ကရိုဏ်းကျကျ ရှိခိုးတတ်သူ ရှိခိုးနိုင်သူကား ရှားပေလိမ်မည်။

ရှိခိုးခြင်း ဟုသည် လက်နှစ်ဖက်ကို ကိုးရိုကားရား မရှိ၊ ညီညီညွတ်ညွတ် သွဲသွဲပျောင်းပျောင်းပြု၍ ဦးထိပ်အပြင်၌ တင်ထားခြင်းပင်ဖြစ်သည်။ ကြာဖူးကြာငုံများ ထင်ထားသကဲ့သို့ ရှိစေရမည်။
မတ်တပ်ရပ်၍ ရှိခိုးခြင်းကို ရဟန်းသံဃာများနှင့် အကျဉ်းအကျပ် လမ်း၌ တွေ့သောအခါမျိုးတွင်သာ ပြုလုပ်သင့်သည်။ ထိုအခါ၌လည်း ကိုယ်ကို အနည်းငယ်ကိုင်းညွတ်လျက် လက်အုပ်ကို ငယ်ထိပ်အထိ တင်ချီ၍ ရှိခိုး ရမည်။ ထိုင်၍ရှိခိုးသာ လျှင် ရှိခိုးရမည်။ စိတ်ထဲက ကျေးဇူးတော် ဂုတ်တော်ကို နှလုံးသွင်းနေရမည်။

တည်ခြင်း (ထိခြင်း) ငါးပါး

ထိုင်၍ ရှိခိုးသောအခါ ပုဆိန်ပေါက် ရှိခိုးခြင်း မဖြစ်စေရ။ ရိုသေစွာ ထိုင်၍ မြေကြီး၊ သို့မဟုတ် ကြမ်းပြင် ၍တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ထိစေရမည်။

ထိခြင်းငါးပါး မှာ မြေကြီး၊ ကြမ်းပြင်ပေါ်၌.....
(၁) ခြေ၊ (၂) လက်၊ (၃) နဖူး (၄) တတောင်၊ (၅) ဒူး ၊ ငါးမျိုးစလုံးထိစေရမည်။
ယင်းသို့ ထိခြင်းငါးပါးဖြင့် ရှိခိုးသည်ကို ပဉ္စပတိဌိတ ၀န္ဒနာ- ထိခြင်း ငါးပါးဖြင့် ရှိခိုးခြင်း ဟု ဆိုရသည်။

ရဟန်းသံဃာတော်များ အပါးမှ ထပြန်မည်ရှိသောအခါတွင်လည်း လက်အုပ်ချီလျက် ကိုယ်ကို ယိုယိုထား နောက်ဆုတ်ပြန် ၍ ငါးပေးခန့်လောက်မှ မိမိလိုရာသို့ လှည့်၍ သွားရမည်။ နေရာမှ ထလျှင်ချက်ခြင်း ကျေားပေးပြီး မပြန်ရပါ။

အမျိုးသမီးများက ရဟန်းတော်များကို ရှိခိုးသောအခါ ခြေဖမိုး ကိုထိကိုင်၍ ရှိ မခိုးကောင်း၊ ဆံပင်များကို လည်း ဖြန့်ခင်း၍ ရှိမခိုးကောင်းချေ။

ထိုသို့တင်ပြရခြင်းမှာ စာရေးသူ လွန်ခဲ့သော ၄လ ခန့်က ခါးနာခြင်းဝေဒနာကို ခံစားနေရချိန်... မိတ်ဆွေတစ်ဦး နှင့် ဆရာ တစ်ဦးထံ လိုက်ပါ စကားပြော ပြီးသည်နောက်...အပြန်တွင် ထိုဆရာအား ရှိခိုးကန်တော့ခြင်း ကို ပြုပါတယ်။ စာရေးသူအနေဖြင့် ထိခြင်းငါးပါး၊ ဖြင့်ငယ်စဉ်ကတည်းက ရှိခိုးရန် စားရေး သူ အဖိုးမှ အမြဲသွန်သင် ဆုံးမ တဲ့ အတွက်...သိရှိပါတယ်...သို့သော် ခါးနာဝေဒနာကြောင့် ထိခြင်းငါးပါး မပြည့်စုံခဲ့ပါဘူး။ အဲဒီမှာပဲ ဆရာ ဖြစ်သူက ဆုပေးရင်းဆုံးမ စကားပြောကြား၍ ထိခြင်းငါးပါး နှင့် မိရိုးဖလာ ဗုဒ္ဒ္စဘာသာအကြောင်း ဟောပြောဆုံးမခြင်းကို ခံခဲ့ရပါတယ်။ စာရေးသူ အနေနဲ့ အပြန်တွင်ဆရာပြောကြားခဲ့သော စကား တစ်ခုအား အခု အချိန်ထိ မမေ့နိုင်သေးပါ။ မိဘ များ ဗုဒ္ဒ္စဘာသာ ကို ကိုးကွယ်၍ ဆက်လက်ကိုးကိုယ်ရခြင်းလား၊ ဗုဒ္ဒဘာသာ ၏ အခြေခံ ကျင့်ဝတ်များကို သေချာစွာ သိသင့်သည်လေ့လာသင့်သည်။ကျင့်သုံးလိုက်နာသင့်သည် ဆိုသော စကားပင်ဖြစ်ပါသည်။ စာရေးသူ အသိတရားများ ထပ်မံရရှိခဲ့ပါတယ်။ စာရေးသူလိုဘဲ အားလုံး အခြေခံ ကျင့်ဝတ်လေးများကို သိရှိ စေရန်၊ အမှုမဲ့ အမှတ်မဲ့ အဖြစ်စေရန် ရည်ရွယ်ပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ16




ငါ့သားတို့ အလုပ်လုပ်စားကြမယ်ဆိုရင် ထကြတော့ တောင်းစားကြမယ်ဆိုရင်တော့ ဆက်အိပ်နေလို့ရတယ်

ငါ့သားတို့ အလုပ်လုပ်စားကြမယ်ဆိုရင် ထကြတော့ တောင်းစားကြမယ်ဆိုရင်တော့ ဆက်အိပ်နေလို့ရတယ်။ အမှတ်မထင် ကြားလိုက်တဲ့ စကားလေးတွေဟာ တော်တော်တွေးစရာ ကောင်းတဲ့ စကားတွေ၊ရယ်မောစရာကောင်း သလောက် အတွေးကို နှိုးဆွနိုင်တဲ့ စကားတွေ ဖြစ်နေတတ်ပါတယ် ။
အထက်ပါစကားလေးကိုတော့ မနက်အစောကြိး မနက်စာစားနေတဲ့ အဖေဖြစ်သူက အိပ်ယာက မထသေးတဲ့ သားတွေကို လှမ်းပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ အဖေက စိတ်တို နေပေမယ့် ပြောတဲ့အသံ ကတော့ ပုံမှန်နဲ့ ပါပဲ။ကြားရတဲ့ သူတွေကတော့ ပြုံးစိစိဖြစ်သွားစေတာပေါ့ ။
ရှေးလူကြီးများဟာ အိပ်ယာက စောစောထတတ်ကြပါတယ်။ညဉ့်နက်သန်းခေါင် လည်ပတ်ဖို့ ဆိုတာကလည်း မရှိတော့ အိပ်ရေး၀၀အိပ်ပြီးတဲ့ အခါမှာ စောစောထနိုင်ကြပါတယ်။
အခုခေတ်မှာတော့ အိမ်ပြင်ကို ထွက်ပြီး မလည်ရင်တောင်မှ ညဘက်ညဉ့်နက်တဲ့ အထိနေချင်အောင် ကြည့်စရာတွေ ရှုစရာတွေ များနေပါတယ်။ အဲဒီတော့ ညဘက်မှာ တောင်လိုလို မြောက်လိုလိုနေကြရင်းနဲ့ အိပ်ယာဝင်နောက်ကျ တတ်ကြပါတယ်။ မနက်ကျတော့ မထကြဘဲ မှိန်းနေတတ်ကြပါတယ်။ မှိန်းသာနေတယ် အိပ်လို့လည်း မပျော်တတ်ကြပါဘူး ဒါပေမယ့် အလုပ်သွားလုပ်စရာ ကျောင်းသွားစရာမလိုရင် အဲဒီလူကတော့ တော်တော်နဲ့လည်း မထပါဘူး။
အလုပ်သွားစရာရှိတဲ့ ကျောင်းသွားစရာရှိတဲ့ သူတွေကလည်း နောက်ဆုံးအချိန်ထိ မထပဲ ပေနေပြီး မဖြစ်လို့ထရပြီဆိုတော့ အိပ်ရာလည်း မသိမ်းနိုင် ကိုယ်လက်သုတ်သင်ဖို့ တောင်အနိုင်နိုင် ဖြစ်ပြိး ကသောကမျော ပြေးတတ်ကြပါတယ်။ ဘယ်လိုမှ အစီအစဉ် မပီပြင်နိုင်ပါဘူး။

ရှေးလူကြီးများကတော့ စောစောထတတ်ကြပါတယ်။အိပ်ရာကိုသာ သိမ်းဆည်းတာမဟုတ်ပါဘူး။ အိမ်တွင်း အိမ်ပြင်မှာလည်း တံမြတ်စည်းလှည်း ကျင်း ပန်းပင်များရှိရင်လည်း ရေလောင်းကြပါတယ်။အဲသလို အပြင်ဘက်မှာ သန့်ရှင်းရေး လုပ်သလို မိမိကိုယ်ကိုလည်း သန့်ရှင်းရေးအောင် ပြင်ဆင်ပါတယ်။အစောကြိးထတဲ့ အတွက် အေးအေးချမ်းချမ်း ရှိတဲ့ သဘာဝကိုမြင်ရလို့ စိတ်လည်း အေးချမ်းပါတယ်။ မိမိကိုယ်ကိုလည်း ကိုယ်တွင်းကိုယ်ပြင် သန့်ရှင်းစေနိုင်ခဲ့လို့ ကိုယ်အားဖြင့်လည်း ကျန်းမာရေး နဲ့ညီညွတ်ပြီး သက်တောင့် သက်သာလည်းရှိပါတယ်။
ပြီးတော့ မနက်စောစော ဘုရားကို ကြည်ညို ပူဇော်ခြင်း နဲ့ ပက်သက်လို့ ရှေးလူကြီးများ အလေးထားကြပါတယ်။ မဟတ္တမဂန္ဒီပြောတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ ဘုရားရှိခိုးခြင်းဟာ မနက်ခင်းကို ဖွင့်လှစ်တဲ့သော့ ဖြစ်ပြိး ညဘက်ကို ပိတ်ဆို့ တဲ့ မုက္ခပါဋ္ဌ်တော်များကို ရွတ်ဆိုပူဇော်ခြင်းဟာ အလွန်ကောင်းတဲ့ အလုပ်ဖြစ်ပါတယ်။
အိပ်ရာက စောစောမထတာနဲ့ များ လူကို တောင်းပြီးစားရမယ့်သူ အဖြစ်ကို ရောက်အောင်ပြောနေတယ်လို့ စိတ်ဆိုးမယ်ကြံရင်တော့ ပြောစရာက ရှိလာပါပြီ။ ခွက်လက်ဆွဲကာ တောင်းစားပါမှ တောင်းစားတယ်လို့ဆိုနိုင်ပါဘူး။
အဲသလို လူမျိုးကိုမှ တောင်းစားတယ်လို့မခေါ်နိုင်ပါဘူး။ မိမိအစွမ်းအစနဲ့ ရမယ့် ရလာဘ်ကို သာယူလိုတဲ့ စိတ်နဲ့ အားကြိုးမာန်တက် ကြိုးစားတဲ့ သူက ရလာတဲ့ ရလာဘ်ကိုလည်း ကျေနပ်စွာ ခံယူလေ့ရှိပါတယ်။
မိမိရဲ့ အစွမ်းအစကို ထုတ်ပြီး ကြိုးကြိုးကုတ်ကုတ် အလုပ်မလုပ်နိုင်တဲ့သူ၊ ပျင်းရိတဲ့ သူများကတော့ ဘယ်သူ့ကို ကပ်ရပ်ပြီး စားရပါ့မလဲဆိုတာကို အမြဲတွေးပါတယ်။ မျက်နှာသာရအောင် အမြဲကြိုစားလေ့ရှိပါတယ်။ သူတို့အတွက် ၀ီရိယမလိုအပ်ပါဘူး။ သူတစ်ပါးထံ ကရတဲ့ အခွင့်အရေးကို မက်မောစွာခံယူနေရတာကို ဟုတ်လှပြီလို့ ထင်တဲ့ အတွက် တိုးတက်ဖွယ်လမ်းစလည်း မရှိသလောက် ဖြစ်နေတတ်ပါတယ်။ မမယ့်သူ စမယ့်သူ ရှိနေရင် ပြီးတာပါပဲလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဘယ်သူမှ အမြဲတစေ သူတစ်ပါးကို မစနေနိုင်မယ် အိပ်ယာက စောစောထတဲ့ သူကို ၀ီရိယရှိတဲ့ သူလို့ ယေဘူယျ သတ်မှတ်ပြီး ပြောရပေမယ့် အိပ်ရာက ထပြီးတာနဲ့ အကျိုးရှိအောင် လုပ်သလား၊မလုပ်ဘူးလား ဆိုတဲ့ အချက်နဲ့ တိုင်းတာဆုံးဖြတ်ရပါတယ်။
အဲဒီလိုဆိုရင် ဘယ်လိုနိုးထခြင်းဟာ အကျိုးရှိမှာပါလိမ့် ။
အချိန်ကို တန်ဖိုးထားတဲ့ သူဟာ သူ့ရဲ့ နိုးထခြင်းနဲ့ အတူ သူ့ရဲ့ ကာယအား၊ဥာဏအား တို့ကို အသုံးချပြီး သူ့ရဲ တိုးတက်ရာ တိုးတက်ကြောင်း၊ သူ့မိသားစု သူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုရာပြုကြောင်းနဲ့ ပတ်သတ်ပြီး တက်ကြွစွာ ဆောင်ရွက်လေ့ ရှိပါတဲ့ သူမျိုးတွေရဲ့ နိုးထခြင်းဟာ အကျိုးရှိတဲ့ နိုးထခြင်းလို့ပြောနိုင်ပါတယ်။
တိုးတက်ချင်ရင် အလုပ်မှာအောင်မြင်ချင်ရင် စောစောနိုးထဖို့လိုတယ်လို့ ပြောရင်း အဆုံးသတ် လိုက်ပါတယ်။

ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ဒါလေးကိုဖတ်ကြည့်ပါဦး)

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။