ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

လက်ထပ်ထိမ်းမြားခြင်း

လက်ထပ်ထိမ်းမြားတယ်ဆိုတာ
ကိုယ့်ကိုယ် ကို လူလားမြောက်ပြီလို့ ကြွေးကြော်တာ
လောကဓံကို စိန်ခေါ်လိုက်တာပဲ
ဒီအချိန်ကြမှ
တစ်ယောက်မျက်နှာ တစ်ယေက်
အမြဲတမ်းကြည့်နေလို့ မဖြစ်တော့ဘူး။

အောင်မြင်တဲ့သူတွေဟာ
သူတို့ဘ၀ရဲ့ အိမ်ထောင်ရေးကိုလည်း
အောင်မြင်အောင် ဖန်တီးယူကြတယ်။

တစ်ယောက်ကို တစ်ယောက်
ဘ၀တစ်သက်တာအတွက် ရည်မှန်းပြီး
နှစ်ကိုယ့်တစ်စိတ်ဘ၀နဲ့
အတူလက်တွဲ ရင်ဆိုင်ဖို့
ခြေလှမ်းစကြတာ

ဝမ်းသမုဒ္ဒရာ မခန်းခြောက်ရအောင်
အူသိမ်အူမဆိုတဲ့ မြစ်ချောင်းတွေ
မှန်မှန်စီးဆင်းနိုင်အောင်
ရုန်းကန်လှုပ်ရှားရမယ့် အချိန်မှာ
တူညီတဲ့ ခံယူချက်
တူညီတဲ့ ယုံကြည်ချက်နဲ့
လက်တွဲခဲ့ကြတာဖြစ်လို့

တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှု အပြည့်နဲ့
ခွင့်လွှတ်နိုင်စွမ်းရှိကြရင်
အောင်မြင်အေးချမ်းနဲ့
မိသားစု ဘ၀ကို ရကြမှာပေါ့။

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ကိုယ်ကပေးမှ ကိုယ်ပြန်ရ


အကြောင်းနှင့်ကင်းပြီး ဖြစ်ရိုးဖြစ်စဉ် မရှိသော ဤလောကကြီးတွင် ပြုလုပ်  စီမံခြင်း ဟူသော  ပေးဆပ်ခြင်း   မရှိဘဲ မည်သည့် ရယူပိုင်ဆိုင်ခြင်းမျိုးမှ မရှိနိုင်ချေ ။ အကြောင်းရှိမှ အကျိုးရှိရသလို အပေးရှိမှ ရယူခြင်း သည် ဖြစ်ပေါ်လာရချေသည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က လက်ညှိုးညွှန်လိုက် သည်နှင့် ရွှေအိုးကြီး ဘွားခနဲ ပေါ်လာသည့် အဖြစ်မျိုး ၊ သရက်မျိုးစေ့ကို စိုက်ပျိုးထားလျက် နှင့် ထို သရက်ပင် မှ လိမ္မော်သီး သီးလာသည့် အဖြစ်မျိုးသည် ဒဏ္ဍာရီ ပုံပြင် ယုံတမ်းစကားများသာတွင် သာ တွေ့နိုင်ပါသည်။ 

စင်စစ်မှု အပေးရှိမှ  ရယူနိုင်မှု၊ အသွားရှိမှ အလာရှိမှုတို့သည် အပြန်အလှန် ဆက်သွယ်နေသည့် လောက၏ နိယာမစုံတွဲများ ဖြစ်လေသည် ။ ဤနိယာမသဘောကို လွန်ဆန်ပြီး အပေးမရှိဘဲ ရယူလိုခြင်း၊ အပင်မစိုက်ဘဲ အသီးစားလိုခြင်းသည် အလွန်တရာ မှားယွင်းသော ၀ိသမလောဘ ဦးစီးသည့် တစ်ဖက်သက် စိတ်ဆန္ဒ တစ်ခု သာ ဖြစ်ချေသည်။ 

ဤလောကသည် လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းပြီး တူညီသော ဆန္ဒ၊ ရင်းနှီးချစ်ကြည်မှုတို့ဖြင့် တည်ဆောက်ထားသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေရာ ထိုလူ့လောက အဖွဲ့အစည်းကြီး မတိမ်းမစောင်း ၊ မပျက် မယွင်းသွားအောင် " အပေးအယူ " ဖြစ်စဉ်ကြီး က ထိန်းချုပ်ပေးထား၍သာ ဤလူ့လောက သည် ဤမျှ ကြာညောင်းစွာ တည်ရှိနေရခြင်း ဖြစ်လေသည်။

လူသည် ပင်ကိုယ်အားဖြင့် ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါ ဖြစ်၍ အချင်းချင်း အပေါ် ပြေပြေလည်လည်၊ ရင်းရင်း နှီးနှီး ဆက်ဆံနေကြရသည်။ ပေါင်းသင်းဆက်ဆံရေး ပြေလည်ကောင်းမွန်လျှင် ကောင်းမွန် သလောက် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင် နေထိုင်နိုင်ကြမည် ဖြစ်သည်။  ထို့ကြောင့် လူတိုင်းတွင် မိတ်ဆွေကောင်း ၊ ဘ၀ခရီးဖော်ကောင်းများ သည် မရှိမဖြစ် လိုအပ်လှသည်။

မိတ်ဆွေ သင်္ဂဟ နည်းခြင်း များခြင်းသည် မိတ်ဆွေ သင်္ဂဟ လုံးလုံး မရှိခြင်းနှင့် နှိုင်းစာလျှင်         
 တော်ပေသေး သည်။  အဓိကမှာ အပေါင်းအသင်း နည်းခြင်း ၊များခြင်းထက် မိတ်ဆွေကောင်း တစ်ယောက် ရှိခြင်းက ပို၍ အကျိုးများနိုင်ပေသည်။ 

မိတ်ဆွေ အပေါင်းအသင်းများ အကြောင်း ပြောဆိုကြသောအခါ လူအများစုသည် မိမိအား အကျိုးပြုနိုင်မည့် မိတ်ကောင်းဆွေကောင်းများကို သာ တမ်းတမ်းတာတ ပြောဆိုကြ၏ ။ မိတ်ဆွေတုများကို မလိုချင်၊ ရွံ့မုန်းကြ၏ ... စကားလက်ဆုံကျကြလျှင် မိတ်ဆွေညံ့များ အကြောင်းကို ညည်းညည်းညူညူ ပြောကြမည် မှာ ဓမ္မတာပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့တွင် မိတ်ကောင်း ဆွေကောင်းမရှိသည်က များသောကြောင့် ဖြစ်သည်။ 

အမှန်စင်စစ်တွင် ဤလောကတွင် မိတ်ကောင်းဆွေကောင်းများသည် မရှားပါးပါ။ များစွာ ရှိပါ၏ ။ ရှိလည်း ရှိနေပါ၏  ကိုယ်က ရှိအောင် မလုပ်နိုင်ခြင်းကြောင့် မရှိရခြင်း၊ ရှားပါးဖြင်း ဖြစ်၏။ မိမ်ဘက်က မိတ်ကောင်းဆွေကောင်း ကို ရယူလိုလျှင် မိမိကလည်း ထိုမိတ်ကောင်းဆွေကောင်း ဖြစ်စေလိုသူတို့ အား မိတ်ကောင်းဆွေကောင်း တစ်ယောက်အဖြစ် ပြန်လည် ပေးလိုက်ခြင်းသာဖြစ်ပါသည်။

သို့ဖြစ်လျှင်မိမိဘက်က ဘာတွေကို ပေးမည်နည်း။ မိတ်ဆွေကောင်း လိုချင်သော ပုဂ္ဂိုလ်မှ မိမိထံတွင်ရှိနေအောင် ကျင့်ကြံနေထိုင်အပ်သည့် အကြောင်းတရား (၄)ပါးမှာ-

၁။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ကျေးဇူးပြုခြင်း။

၂။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ဆင်းရဲအတူ၊ ချမ်းသာအတူ၊ အေးအတူ ပူအမျှ နေထိုင် ဆက်ဆံခြင်း၊ 

၃။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် အကျိုးစီးပွားရှိရာ ရှိကြောင်းကို ညွှန်ပြပြောဆိုခြင်း။ 

၎။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ်အစဉ် ကြင်နာ သနားခြင်းတို့ ဖြစ်လေသည်။

ဤတရားလေးပါးကို မိမိ၏ မိတ်ဆွေအပေါ် ပေးအပ်ခြင်းဖြင့် လူ့လောက၏ လာဘ်ကြီးတစ်ခုဖြစ်သည့် မိတ်ဆွေကောင်းများကို မိမိက တစ်ဖန်ရယူနိုင်ကြောင်း မှတ်သားနိုင်ပါသည်။

လူအများစုသည် အရေးအကြောင်း ရှိသောအခါ မိတ်ဆွေကောင်းတို့၏ အကူအညီအစောင်အမကို မရကြသဖြင့် မိမိပေါင်းသင်း ဆက်ဆံရသော အပေါင်းအသင်း မိတ်ဆွေများအပေါ် အပြစ်တင် တတ်ကြသည်။ သို့သော် မိမိဘက်မှ မိတ်ဆွေကောင်း မပီသသော ချို့ယွင်း အားနည်းချက်များကို ကား မမြင်တတ်ချေ။ မိမိဘက်မှ မိမိမိတ်တွေ များ အရေးအကြောင်း ရှိလာသောအခါတွင် ဘာများ ကူညီ ဆောင်ရွက်ပေးနိုင်ပါသနည်း။   

မိမိလိုလားသော မိတ်ဆွေများ၏ အရည်အချင်း စိတ်နေစိတ်ထားမျိုး မိမိတွင် ရှိပါသလော ဆိုသည်ကို ပြန်လည် ဆန်းစစ်သင့်ပါသည်။ အရေးကြီးဆုံးမှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း မပီသဘဲနှင့် ဘယ်သောအခါမျှ မိမိထံသို့ မိတ်ကောင်းဆွေကောင်း တို့ ရောက်လာမည်ဖြစ်ကြောင်း လေးလေး နက်နက် ခံယူ မှတ်သားထားရန် ဖြစ်ပါသည်။ 

အဆွေ ခင်ပွန်းကောင်းသည် မိမိအား လူကောင်းသူကောင်း ဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်သာ မက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အရေးကိစ္စများတွင်လည်း ပြီးစီးအောင်မြင်စေရန် စွမ်းဆောင်ပေးနိင် သော တန်ခိုးရှိလေသည်။ ထို့ကြောင့် လူ့လောကတွင် လူတန်းစေ့ အသက်ရှင် နေထိုင် လိုလျှင် မိတ်ကောင်း ဆွေကောင်းရှိခြင်း ဟူသည့်  ဂုဏ် ရှိရန် လိုသည်။

အကြင်လောကသည် သူ့ဘက် ကိုယ့်ဘက် မျှတသော အပေးအယူတို့ဖြင့် လိုက်ဖက်ညီစွာ တည်ဆောင် ထားနိုင်အံ့။ ထိုလောကသည် နေချင့်စဖွယ် ဘုံဗိမာန်ကြီး တစ်ခု ဖြစ်လာမည် မှာ မလွဲချေ။ ထို့အတူ အကြင် ပုဂ္ဂိုလ်သည်  သူ့ဘက် ကိုယ့်ဘက် မျှတစွာ ကြည့်တတ်သော စိတ်ကောင်း စေတနာကောင်းတို့ဖြင့် မိတ်ဆွေကောင်းတို့၏ အရည့်အသွေးကောင်းတို့ကို မွေးမြူထားအံ့။ ထိုသူသည် မိတ်ကောင်းဆွေကောင်း တို့၏ အကူအညီကို ရ၍ ကြီးပွားချမ်းသာလာမည်ကား အမှန်ပင် ဖြစ်ပါတော့သည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
 

အစားထိုးခြင်း


ကျွန်တော့ဆီကို မိတ်ဆွေ တစ်ယောက် ရောက်လာပါတယ်. . . သူ့ချစ်သူနဲ့ လမ်းခွဲလာတဲ့ အကြောင်း လာပြောပြတာပါ. . . မာနသံလေးကလည်း သူ့စကားလုံးတိုင်းမှာ ပျော်ဝင်လို့ နေပါတယ်..

"သူနဲ့ လမ်းခွဲရလည်း ၀မ်းနည်းစရာ မဟုတ်ပါ ဘူး ဗျာ. . . အစားထိုးစရာ မိန်းမတွေ အများကြီးပါပဲ  အစားထိုးလိုက် တာပေါ့. . . .ဘယ်ရမလဲ. . "

ဒါပေမယ့် ဗျာ. . .

"အစားထိုးတယ်ဆိုတာ လမ်းပေါ်က ချိုင့်ခွက် တစ်ခု ကို ရေဖြည့်ထားသလိုပါပဲ. .

အပေါ်ယံတော့ လမ်းက ချောလို့ပေါ့. နင်းမိရင် တော့. . ."

သူ့စကားကို အဆုံး မသတ်သေးပါဘူး. .

ငေးနေတဲ့ ညနေခင်းဟာ လွမ်းဆွတ်ဖွယ်ရာ အတိပြီးပါတယ်...

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ရယ်နေကြလေမလား


"ငါ့ဟာ ငါ့ဟာ " လို့အော်မြည်တတ်လို့ မယှက အမည်ရတဲ့ ငှက်ကလေးဟာ တောင်ပေါ်၊ တောင်အပြင် ချောက်အရပ်တွေ မှာ လှည့်လည်တယ် မှည့်နေတဲ့ ပိတ်ချင်းပင် ပေါ်တက်ကာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်တယ်

အဲဒီငှက်ကလေး အဲဒီလိုအော်မြည်နေတုန်း ငှက်တွေ ရောက်လာကြတယ် ။ ပိတ်ချင်းသီးကို စားပြီး သွားကြတယ်.. . . အဲဒီငှက်ကလေးကတော့ စားနေတဲ့ အဲဒီငှက်တွေကို တားမြစ်ဖို့ရာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်နေဆဲပါပဲ. . .

အဲဒီလိ

ုပဲ ၊ ဒီလူ့လောက မှာ တချို့လူဟာ ပစ္စည်းဥစ္စာတွေကို အများကြီး စုဆောင်းတယ် . .ကိုယ့်အတွက်ရော ဆွေမျိုးတွေအတွက်ပါ သုံးထိုက်တဲ့ အတိုင်းအတာနဲ့ မသုံး၊ မပေးကမ်း။

အဲဒီလူဟာ အ၀တ် ၊ အစားအစာ၊ ပန်းနံသာ ဘာကိုမှ တစ်ကြိမ်တစ်ခါမှ မသုံးစွဲ၊ ဆွေမျိုးတွေကို မချီးမြှောက်၊ မထောက်ပံ့၊ မပေးကမ်း၊

အဲဒီလူဟာ "ငါ့ဟာ ငါ့ဟာ " လို့ စောင့်ရှောက်ငာ အော်မြည်ရင်း မင်းတွေ၊ သူခိုးတွေ၊ အမွေခံသားဆိုး၊ သမီးဆိုး တွေက ပစ္စည်းဥစ္စတွေကို ယူသွားကြတယ်. . . . အဲဒီလူက တော့ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည် တမ်းနေဆဲပါပဲ။

ပညာရှိသူဟာ စည်းစိမ်ဥစ္စာတွေကို ရရှိပြီး ကိုယ့်ထံလာတဲ့ မရှိနွမ်းပါး တဲ့ဆွေမျိုးတွေကိုလည်း ချီးမြှေက်ထောက်ပံ့ တယ်. . .အဲဒီလူဟာ အဲဒီလို ထောက်ပံ့မှုကြောင့် ပရိသတ် အလယ်မှာ ထင်ရှားကျော်ကြားတယ်. . . ချီးမွမ်းခံရတယ်. . နောက်ဘ၀ရောက်တော့ နတ်ပြည်မှာ ၀မ်းမြောက် ပျော်ရွှင်ရတယ်။

မယှက ငှက်ကလေးလိုလူတွေက လောကတစ်လွှားမှာ များပြားလှတယ်. . . . အခြားယောကျား(လင်ငယ်)နဲ့ ဖောက်ပြန်ပြီး ရထားတဲ့ သားလေးကို ကိုယ့်သားထင်ပြီး ငါ့သား င့ါသားလို့ ခေါ်ဝေါ်ကာ မြူနေတဲ့ လင်ကြီးဖြစ်သူကို အခြားနေရာမှ လှမ်းကြည့်နေတဲ့ မယားဖြစ်သူက ရယ်ပါသတဲ့. . . . သြော် သူ့သားမဟုတ်တာကို မသိရှာဘူး.. .သူ့သားလို့ ထင်နေရှာတယ်. . . .သနားစရာ ကောင်းလှပါဘိတော့ တယ်လို့ ဆိုသတဲ့. . မယှကငှက်လို လူတွေကိုလည်း ပစ္စည်း ဥစ္စာတွေက အဲဒီမယား ရယ်သလိုများ ရယ်နေကြလေရော့မလား. . . . ရယ်တတ်ရင် ရယ်ကြမယ် ထင်ပါတယ်……
 
သာမဏေကျော်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

အိုစာ မင်းစာ

ငယ်ရွယ် နုပျိုနေစဉ် အခါက ကြိုးစားပြီး ဥစ္စာကို မစုဆောင်း ၊ မရရှိခဲ့လို့ အသက်ကြီးလာတဲ့ အခါ  ပူပန် ၀မ်းနည်းရတယ်. . . သူတစ်ပါး တွေ ချမ်းသာနေကြတာကို ကြည့်ပြီး ကိုယ့်မှာ ဆင်းဆင်းရဲနဲ့ အသက်မွေးရတဲ့အခါ "ရှေးတုန်းက ငါဟာ ဥစ္စာကို မရှာခဲ့ရလေခြင်း" လို့ တွေးကာ ပူပင်ရတယ်။

ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေး လိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ တရားနဲ့ အညီဖြစ်တဲ့ လယ်ထွန်ခြင်းစတဲ့ အလုပ်တွေကို လုပ်ကာ ဥစ္စာကို ရှာဖွေထားကြရပါတယ်။

ငယ်ရွယ်စဉ်အခါ ဆရာတွေထံ ချည်းကပ်ပြီး ငါဟာ ပြုလုပ်နိုင်တဲ့ ဆင်အတတ် စတဲ့ အတတ်ပညာတစ်ခုခု ကို မသင်ခဲ့ရလေခြင်းလို့ တွေးကာ ပူပန်ရတယ်။ အသက်ကြီးတဲ့အခါ အတတ်ပညာမရှိသူမှာ အသက်မွေးရတာ ဆင်းရဲတယ်။ အသက်ကြီးမှ အတတ်ပညာကို သင်ယူဖို့ မတတ်နိုင် ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေးလိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ အတတ်ပညာကို သင်ယူထားကြရပါတယ်။ 

ငယ်ရွယ်စဉ်အခါမှာ ပညာလည်း ရှာရပါတယ်။ ဥစ္စာလည်း ရှာရပါတယ်။ အသက်ကြီးပြီး အိုမင်းလာပြီဆိုရင် ပညာရှာဖို့၊ ဥစ္စာရှာဖို့ အလွယ်ကူလှတော့ပါ။ ငယ်ရွယ်စဉ်မှာ ချောင်ချောင်နေ၊ ပေါ့ပေါ့နေသူတွေဟာ ကြီးလာတဲ့အခါ အဘိုးကြီး ၊ အဘွားကြီးဘ၀မှ အကျပ်တွေ့ကြရပါတယ်။ ငယ်ချောင် ၊ ကြီး ကျပ် ဖြစ်ကြရပါတယ်။   

ကြီးတဲ့အခါ ချောင်ချောင်လည်လည် ဖြစ်ချင်ရင် ငယ်စဉ်ကပဲ ကြပ်ကြပ်မတ်မတ် ကြိုးကြိုးစားစားနဲ့ ပညာကိုလည်း ရှာရပါတယ်။ ဥစ္စာကိုလည်း ရှာရပါတယ်။ 

ပုရွတ်ဆိတ်လေးတွေဟာ အင်မတန်မှ ၀ီရိယကောင်းကြတယ်။ အစာကို ကြိုတင် စုဆောင်းရှာဖွေတဲ့  နေရာမှာ စံနမူနာ ယူလောက်တဲ့ သတ္တ၀ါလေးတွေ ဟာ မိုးအခါ မရောက်ခင် အစာကို ကြိုတင်ရှာဖွေ စုဆောင်းထားကြသလို လူတွေဟာလည်း မအိုခင် ကပဲ ပညာကို လည်း စုဆောင်းရပါတယ်။ ဥစ္စာကိုလည်း စုဆောင်းရပါတယ်။ မစွမ်းဆောင်နိုင်တော့တဲ့ အခါမှာ စားသောက် နိုင်ဖို့ရာ ငယ်ရွယ်စဉ်ကပဲ အိုစာ မင်းစာ ရှာထားကြရပါတယ်။

 သာမဏေကျော်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

လူ့အကျင့်စရိုက်ကို ကျော်ကြည့်ပါ

လူတစ်ဦး တစ်ယောက်ကပြောသော အောက်ပါ စကားမျိုးကို ကြားဖူးကြမည်။

"သူ့ကိုတော့ ဗွေမယူပါနဲ့ကွာ၊ သူဘာလုပ်မိတယ်ဆိုတာ သူ့ဘာသာ သိတဲ့လူ မဟုတ်ပါဘူး. . "

ထိုစကားမျိုးကို ကြားရလျှင် သင်သည် လူတစ်ယောက်၏ အကျင့်စရိုက်ထက်ကျော်၍ ကြည့်ရန်ဖြစ်သည့် အခြေအနေမျိုးနှင့် ကြုံရခြင်းဖြစ်သည်။ ကိုယ့်မှာ သားသမီးရှိလျှင် ခွင့်လွှတ်ခြင်း ဟူသော သာမန်ကိစ္စကလေး၏ အရေးပါပုံကို သဘောပေါက်ပါလိမ့်မည်။

အကယ်၍သာ ကိုယ့်သားသမီး၏ အနေအထိုင် စရိုက်ကို အမှီပြု၍ မိဘအနေဖြင့် ချစ်ရမည်ဆိုပါက ချစ်ရန်အကြောင်းပင် ခက်တော့မည်။ အကယ်၍သာ လူတစ်ဦး၏ အနေအထိုင် စရိုက်ကိုကြည့်၍ ခင်မင် နှစ်လိုရမည်ဆိုပါက အသက် ၂၀ မပြည့်မီ လူငယ်များ ဖြစ်ခဲ့စဉ်က ကျွန်ုပ်တို့အား မည်သူက မှ မေတ္တာထားခဲ့ကြစရာ အကြောင်းမရှိပေ။

ထိုစိတ်မျိုးကို ကိုယ်တွေ့သမျှ လူတိုင်းအပေါ်၌ ထားနိုင်လျှင် မည်မျှ ကောင်းမည်နည်း။ ကိုယ်မကြိုက်သော အလုပ်ကို တစ်ယောက်က လုပ်မည် ဆိုပါက ကိုယ့်သားသမီးများကဲ့သို့ပင်မေတ္တာရှေ့ထား၍ ကြည့်မြင်နိုင်လျှင် ကျွနိုပ်တို့ကမ္ဘာကြီး၌ မေတ္တာတရား ပိုမိုထွန်းကားရန် အကြောင်းရှိပေသည်။

ဤသို့ဆိုသဖြင့် ကိစ္စတိုင်းကို မသိကျိုးကျွံပြုလျှက် ကိုယ့်ဦးခေါင်းကို တက်နင်းသူများကိုလည်း ခွင့်လွှတ်ကာ လောကကြီးသည် နေချင့်စဖွယ် ဖြစ်သည်ဟု သဘောထားဖို့ မဆိုလိုပါ။  

အပြုသဘောမဆောင်သော လုပ်ရပ်များကိုလည်း ခွင့်လွှတ်ရန် လိုက်လျောရန် မဟုတ်ပါ။ ဆိုလိုသည်မှာ အခြားသူများအပေါ်သံသယ အကျိုးကို ခံစားတတ်ရန် အဝေးအနီး ချင့်ချိန်၍ သဘောထား တတ်ဖို့ ဖြစ်သည်။ 

လုပ်ငန်းခွင်တစ်ခုတွင် လုပ်နေသော စာရေးတစ်ယောက်သည် မလှုပ်တလှုပ် မထိတထိ စိတ် မပါ့တပါ လုပ်နေသည်ကို တွေ့ရလျှင် ထိုနေ့အတွက်သာ သူအဆင်မပြေဖြစ်ရသလား ဟု သက်ညှာစွာ တွေးတော ကြည့်ရန်ဖြစ်သည်။ 

ကိုယ့်ဇနီး/ခင်ပွန်း ကဖြစ်စေ၊ ရင်းနှီးသော မိတ်ဆွေတစ်ဦးက ဖြစ်စေ ဘုကျကျ ပြောဆိုသည် ဆိုပါက သူ့စိတ်အခြေအနေ ကို ကိုယ်က သဘောပေါက် နားလည်ကြည့်ရန် လိုသည်။ ထိုကဲ့သို့ ပြောဆိုမိတတ်ကြ သော်လည်း ကိုယ်နှင့် ရင်းနှီးသော ထိုသူတို့သည် ကိုယ့်ကို မေတ္တာမပျက် ဆက်ဆံလိုသူများပင် ဖြစ်ကြသည်။ 

ထို့ကြောင့် လူတစ်ဦး၏ အကျင့်စရိုက်တို့ကို ကျော်၍ သူ့အဖြစ်ကို နားလည် သိရှိရန်မှာ ထင်တာထက် ပို၍ ကိုယ့်မှ လွယ်ကူသွားစရာ အကြောင်းရှိလေသည်။ ယခုပြောသော နည်းလမ်းကို စမ်းသပ်ကြည့်ပါ က အကျိုးထူးကို တွေ့ရှခံစားရပါလိမ့်မည်။

မောင်ဆုရှင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ကူညီစောင်မပါ၊ အတုံ့အပြန်ကို မမျှော်လင့်ပါနှင့်

ဤနည်းလမ်းမှာ စာဖတ်သူများအား မိမိဘ၀တွင် ၀န်ဆောင်မှုနှင့်ရောစပ်ရန်အတွက် အထောက်အကူ ဖြစ်လိမ့်မည်. . . ဤနည်းလမ်းကို ကျင့်သုံးပါက. . . တစ်စုံတစ်ယောက်သောသူအတွက် အတုံ့အပြန် မမျှော်ကိုးဘဲ ကူညီလိုက်ရလျှင် မည်မျှ လွယ်ကူ၍ မည်သို့သော စိတ်ချမ်းသာမှု ရရှိနိုင်ကြောင်း သိရပေလိမ့်မည်။ 

မကြာခဏဆိုသလိုပင် ကျွန်ုပ်တို့သည် သိသိသာသာ အားဖြင့်သော်လည်းကောင်း၊ မသိမသာအားဖြင့်သော် လည်းကောင်း အခြားသူတို့အတွက် ကိစ္စတစ်ခုကိ ဆောင်ရွက်ပေးရသည့်အခါ ကျေးဇူးပြုခြင်း ခံရသူတို့ထံမှ တစ်စုံတစ်ရာ အတုံ့အလှည့်ကို မျှော်လင့်မိကြသည်။ "ကျွန်တော် သန့်စင်ခန်းကို ဆေးကြောပေးထားလို့. . . သူက အိမ်သာကို ဆေးကြောပေးသင့်ပါတယ်. . . "  ဟူ၍ လည်းကောင်း၊ "အရင်တစ်ပတ်တုန်းက သူ့ကလေးကို ထိန်းပေးခဲ့လို့ ဒီအပတ်တော့ သူလုပ်မယ်လို့ ပြောသင့်ပါတယ်. . " ဟူ၍လည်းကောင်း အသေးအဖွဲကအစ ပြောမိတတ်ကြသည်။ဤသို့ ပြောခြင်းသည် ကိုယ်ကျေးဇူးပြုသမျှကို မလွတ်တမ်း စာရင်းတို့ထားလျှက် ကိုယ်က ပြုလုပ်ပေးရခြင်းသည် ကိုယ်ရသော ဆုလာဘ် ဖြစ်သည် ဟူသော အချက်ကို မေ့မေ့လျော့လျော့ ပြုတတ်ကြသည်။ 

တစ်စုံတစ်ယောက်အတွက် ကောင်းမှု ပြုရလျှင် ပြုလိုက်ရုံ သက်သက်သာ ဖြစ်သင့်သည်။ ထိုအခါ ကိုယ့်စိတ်ထဲ၌ ကျေနပ်လှပသော ငြိမ်းချမ်းမှု ပေါ်ပေါက်နေလိမ့်မည်ကို အေးအေးလူလူ တွေးကြည့်မိလျှင် သိနိုင်မည်ဖြစ်သည်။ တက်တက်ကြွကြွ လှုပ်ရှားလေ့ကျင့်သော လေ့ကျင့်ခန်းများသည် ဦးနှောက်တွင်းရှိ အင်ဒိုဖင် ဓာတ်များကို ထွက်စေ၍ ကိုယ်ကာယ လှုရှားမှု တွင် နေကောင်းထိုင်သာ ရှိသကဲ့သို့ စေတနာ မေတ္တာဖြင့် ကူညီသော အလုပ်များသည် စိတ်ဓာတ်ကို အလားတူ အကျိုးများပေးနိုင်လေသည်။ 

ကိုယ်ရရှိသည့် ဆုလာဘ်မှာ ကြာင်နာစွာ ဆောင်ရွက်ရသော လုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ခွင့်ရရှိခြင်း ဖြစ်ကြောင်းသဘောပေါက်နိုင်ခြင်းဖြစ်သည်။ ထိုအခါ သင့်မှာ တစ်စုံတစ်ရာ အတုံ့အပြန် မလိုအပ်ရုံမက "ကျေးဇူးတင်ပါတယ်" ဟူသော စကားကိုပင် လိုအပ်စရာ မရှိပေ။   အမှန်စင်စစ်အားဖြင့် ကိုယ်က ဆောင်ရွက် ကျေးဇူးပြုလိုက်သည်ကို ကာယကံရှင်အား အသိပေးနေစရာ မလိုအပ်ပေ။ 

စိတ်၏ ကြည်နူးမှုကို အဆီးအတားပြုသော အရာကား အတုံ့အပြန် သဘောကို မျှော်လင့်ခြင်းပင်ဖြစ်သည်။ ကိုယ့်စိတ်က မျှောလင့်ချက် တစ်စုံတစ်ရာ ထားမိသည့် အတွေးသည် ရင်ထဲတွင် ကြည်နူးရမည့် ကိစ္စကို ဖျက်လိုဖျက်ဆီး ပြုလိုက်သလို ဖြစ်ရလေသည်။ထိုအတွေးမျိုးမပေါ်လျှင် ကြည်နူးရပေလိမ့်မည်။ 

ထို့ကြောင့် တစ်ပါးသူအတွက် အကျိုးရှိစေမည့် စေတနာဖြင့် ဆောင်ရွက်ပေးမည့် ကိစ္စတစ်ရပ်ရပ်ကို ရှာကြံ၍ အကျိုးမမျှော်ဘဲ ပြုလုပ်ရသည်။ ကိုယ်က အခြားတစ်ဦးဦးအား ကူညီစောင့်ရှောက်ပြီးသွားသည့် နောက် အကျိုးမမျှော်ကိုးဘဲ လုပ်ကိုင်ပေးရခြင်းအတွက် စိတ်နွေးထွေးကျေနပ်မှု ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိ သတိထားကြည့်ပါ။  ထိုသို့ပြုလုပ်လေ့ကျင့်နိုင်သည်နှင့် အမျှ စိတ်ချမ်းသာ ကြည်နူးရခြင်း အမြတ်ကို ရရှိပါလိမ့်မည်။

မောင်ဆုရှင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

လူငယ်နှင့်အလှအပ

လူငယ်တွေဟာ
အလှအပကို မက်မောတာ မဆန်းပါဘူး.

လူကြီးလူငယ်မရွေးလှပချင်ကြတာပါပဲ
မိမိကိုယ်ကို လှပအောင် ပြင်ဆင်ကြတယ် .

ဒါပေမယ့် လူငယ်တွေကတော့
တိုးတက်တဲ့ အမြင်တွေနဲ့
လှပချင်ကြတာ ဖြစ်တယ်.

ဘယ်လူငယ်ကမှ
အမေတို့ခေတ အဖေတို့ခေတ်ပုံစံကို
မပြင်ဆင်လိုပါဘူး.

တကယ်တမ်းမိမိကိုယ်ကို လှပအောင် ပြင်တာထက်
မိမိကိုယ်ကို ခေတ်မီတဲ့ ပုံစံလေးဖြစ်အောင်
ပြင်ဆင်ကြတာပါပဲ..

ဥပမာ

ဆံပင်ဆိုပါတော့
ဆံပင်ဖြောင့်မယ်... ဆံပင်ကောက်မယ်.
ဆံပင်ရှည်မယ် . . ဆံပင်တိုမယ်...
ရွှေဝါရောင်ဆိုးမယ် အနီရောင်ဆိုးမယ်

ဒီအတိုင်းပါပဲ
အ၀တ်အစားကိုလည်း အတိုအရှည်
အကွဲအစုတ် ဆုတ်ကာ ဖြဲထားတဲ့ ပုံစံအထိ
အမျိုးမျိုး ဆန်းသစ်တာတွေကို သဘောကျတယ်
ဒါဟာ လူငယ်တို့ရဲ့ သဘာဝပါပဲ

စိတ်ပညာရှင်များက ဒါဟာ လူငယ်တွေရဲ့
ဆန့်ကျင်တဲ့ အတွေးတွေကို
ဖော်ထုထ်တာပဲ လို့ဆိုကြတယ်
အချို့ကတော့ မိမိကိုယ်ကို
အမျိုးမျိုး ချယ်သခြင်းဟာ
ဆန်းသစ် တီထွင်ခြင်းမြစ်ဖျားခံရာလို့ဆိုတယ်.

ဆိုခဲ့ပြီးတဲ့အတိုင်း လူငယ်တွေဟာ
အတွေးသစ် အမြင်သစ်နဲ့
တီထွင်ဖန်တီးခြင်း( CREATIVE) ကို
အန်မတန် သဘောကျကြတယ်

အလှအပဆိုတာ ကောင်းပါတယ်
အရုပ်ဆိုးတာ သဘာဝဆိုပေမဲ့
အကျည်းတန်တာကိုတော့ သဘောမတွေ့ကြပါဘူး. .

ဒါကြောင့် လူငယ်တွေ လှပအောင် ပြင်ဆင်တာကို
လက်ခံနိုင်ကြပါတယ်

သို့သော် လှတာမက်ရင် ညစာခက်မယ်
ဆိုတဲ့ စကားအရ အလှအပနောက်သို့လိုက်ပြီး
ငွေကြေးတွေကို မှားယွင်းစွာ မသုံးမိဖို့ အရေးကြီးပါတယ်..

မိတ်ကပ်လည်းပြင်ပါ
သနပ်ခါးကိုလည်းချစ်ပါ
စကပ်ကွဲကိုလည်း ၀တ်ချင်ဝတ်ပါ
မီနီစကပ်ကိုလည်း ၀တ်ချင်ဝတ်ပါ.

သို့သော် ထဘီကလည်း သူ့နေရာနဲ့သူလှပပါတယ်...
လူငယ်တွေ
အလှအပနဲ့ ပတ်သတ်တဲ့ ဆောင်းပါးများကို
ဖတ်ကာ အတွေးပွားကြည့်ပါ

ဒေါက်တာခင်မောင်ညို

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နားလည်နိုင်စွမ်း

ကျွန်တော့်သူငယ်ချင်းတစ်ယောက် အသက်ကြီးမှ အိမ်ထောင်ပြုပါတယ် . . သူ့ရဲ့ အိမ်ထောင်ဖက်က သူ့ထက် အသက် ၂၀ လောက်လည်းငယ်ပါတယ် . . သူတို့ရဲ့ မင်္ဂလာဆောင်ကို ပျော်ပျော်ပါးပါးနဲ့ သွားရောက် ချီးမြှင့်ခဲ့ ကြပြီး သူ့ရဲ့ ပျော်ရွှင်ကြည်နှုးမှုကိုတောင် ချစ်စနိုးနဲ့ ကျီစယ်ခဲ့ကြပါသေးတယ်. .

တစ်လောက သူ့ကို ပြန်တွေ့လို့. .

ကျွန်တော်. . . " ဟာ ဟေ့ကောင်ကြီး ဇနီးငယ်ငယ်နဲ့ အတော် ပျော်နေတယ်ထင်ပါ့. . . စိတ်ပျိုလို့ ရုပ်ရည်က ပိုနုလာ သလိုပဲ"

သူ. . . .. "မဟုတ်ပါဘူးကွယ်. . . . "

ပြီးတော့ ငေးငေးငိုင်ငိုင်နဲ့ပါ. .

ကျွန်တော် . . . . . "ဘာဖြစ်လို့လဲကွ. . . "

သူ. . . . . . "ငါ့အရွယ် အမြင် ခံစားချက်တွေနဲ့. . . သူ့အရွယ် အမြင် ၊ ခံစားချက်တွေက အရမ်းကွာဟနေတယ်ကွယ်. . . . "

ပြီးတော့ ဥပမာ တစ်ခုပေးလိုက်ပါသေးတယ်. . . .

"အသက်အရွယ်ချင်း ကွာဟတဲ့သူကို အိမ်ထောင်ပြုမိတဲ့အတွက် ငါ့အတွက်တော့ မဖတ်တတ်တဲ့ စာအုပ်ကြီး တစ်အုပ် ၀ယ်ထားမိသလိုပါပဲ . . ." တဲ့

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နုပျိုစွာနေထိုင်ခြင်း အနုပညာ

နုပျိုစွာ နေထိုင်ခြင်း အနုပညာသည် လူ၏ ဗဟိဒ္ဓ မှ တွန့်လိပ်သော အရေးအကြောင်းများ၊ ဆံပင်ဖြူများကို အန်တုလျက် စိတ်ထဲ၊ အသည်းနှလုံးထဲ အတွင်းသန္တာန်ထဲ၌ ငယ်နုအောင်နေခြင်း အပေါ်မူတည်ပါသည်။ နုပျိုခြင်း စမ်းရေသည် သင့်အဇ္ဈတ္တတွင်းမှာ ရှိပါသည်။

နုပျိုခြင်း ဆိုသည်မှာ အတွင်း သန္တာန်ကိစ္စဖြစ်သည်. . . သင်၏ ခန္ဓာကိုယ်သည် ရင့်ရော်အိုမင်းလာသော်လည်း သင့်ခန္တာကိုယ်သည် သင်မဟုတ်ပါ. . . . . ဆက်လက် ကြီးထွားဖွံ့ဖြိုးမဲ ဖွံ့ဖြိုးခြင်းဖြင့် နုပျိုအောင်နေပါ။ သင်အိုမင်းလာ မည် မဟုတ်ပါ. . . ကြီးထွားဖွံ့ဖြိုးမှု မရှိခြင်းကြောင့်သာ် သင်အိုမင်းလာခြင်း ဖြစ်ပါသည်။

သင့်စိတ်ကူးအိပ်မက်များကို ဆက်လက်မက်နေခြင်းဖြင့် နုပျိုအောင်နေပါ. . ဒဿနပညာရှင်တစ်ဦးက ရေးသားခဲ့သည်မှာ. . . . "လူတစ်ယောက်အဖို့ သူ၏ နောက်ဆုံးအိပ်မက် ပျောက်ကွယ်သွားသောအခါတွင် သူ့အား မြှပ်နှံပစ်ခြင်းမှတစ်ပါး တခြားလုပ်စရာ များများ စားစား မရှိပါ"

ရွှင်လန်းတက်ကြွသော တွေးခေါ်ပြုမူပုံကို ထိန်းသိမ်းခြင်းဖြင့် နုပျိုအောင်နေပါ . . ရှေးစကားပုံမှ အောက်ပါ လင်္ကာလေးကို စိတ်ထဲမှာ စွဲမှတ်ထားပါ

"ရွှင်လန်းသော နှလုံးသားသည် ဆေးဝါးတစ်လက်ကဲ့သို့ ကောင်းကျိုးပြုသည်"

"ကျိုးပျက်သော စိတ်ဓာတ်ကမူ အရိုးများကို ခြောက်ခန်းစေသည်"

သင်၏ စိတ်ကို ရှင်သန်အောင် ၊နိုးကြားအောင်ထားခြင်းဖြင့် နုပျိုအောင်နေပါ. . သိပ္ပံပညာရှင်တို့က လူ၏တွေးခေါ်နိုင်စွမ်းသည် အသက်ကြီးခြင်းကြောင့် ကျ မသွား. . .တွေးခေါ်မှုနှုန်း အနည်းငယ် လျော့နည်းသွားခြင်း သည်သည် လူကြီးနှင့် လူငယ်ကြား တစ်ခုတည်းသော ခြားနားမှုဖြစ်နိုင်ပါသည်. . ဟု ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

သင်၏ စိတ်ဓာတ်ကို လမ်းရိုးလမ်းဟောင်းမှ မောင်းထုတ်ခြင်ငးဖြင့် နုပျိုအောင်နေပါ . . . ရှုံးနိမ့်သောလမ်းသည် . . အရှုံးခံသူတို့အတွက်သာ ဖြစ်ပါသည် . . နေရာသစ်များကို ရှုမြင်ပါ . . . စာအုပ်သစ်များဖတ်ပါ ၀ါသနာအသစ်များကို စမ်းသပ်မှု ပြုကြည့်ပါ. . . သင့်ဘ၀၏ နက်ရှိုင်းမှုကို တိုးတက်အောင် လုပ်ပါ. . .

သဘောထားပြုလွယ် ပြင်လွယ်ခြင်း၊ အလိုက်သင့် ပြုမူတတ်ခြင်း၊ ပွင့်လင်းသော စိတ်ထားရှိခြင်းနှင့် နုပျိုအောင်နေပါ. . သင့်စိတ်ကို တင်းမာ မနေပါစေနှင့်. .

ဘ၀တစ်လျှောက်လုံး တက်တက်ကြွကြွ ဖန်တီးဆောင်ရွက်ခဲ့ကြသော ၊ စိတ်ဓာတ်အရ နုပျိုသူတို့ထံမှာ လှုံ့ဆော်မှုကို ရယူရင်း နုပျိုအောင်နေပါ. . . ကောင်းရာကောင်းကြောင်း ကိစ္စများဖြင့် အလုပ်များရင်း နုပျိုအောင် နေပါ. . . အောင်မြင်မှုပန်းတိုင်သစ်များကို ချမှတ်ပါ. .

စီမံချက် အသစ်များကို ကိုင်တွယ် ဆောင်ရွက်ခြင်းဖြင့် နုပျိုအောင် နေပါ . . အကျိုးဆောင်ခြင်းဖြင့် နုပျိုအောင် နေပါ. . . သင့်မြို့၊သင့်နယ်၊သင့်နိုင်ငံ၊သင့်ကမ္ဘာ အတွက် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ပါ. . .

နှလုံးသားကို လန်းဆန်းအောင်ထားခြင်းဖြင့် နုပျိုအောင်နေပါ. . .

ဦးဝင်းတင်(English for All)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူတိုင်းကိုယ့်ထက်တော်သူဟု သဘောထားပါ

ဤနည်းကို လေ့ကျင့်ဆောင်ရွက်ရလျှင် ကိုယ်လုံးဝလက်မခံနိုင်သော နည်းဖြစ် ကောင်းဖြစ်နိုင်သည်. . . သို့သော် ကြိုးစားစမ်းသပ်ကြည့်မည် ဆိုပါလျှင် တစ်ကိုယ်ရေ တိုးတက်မှုအတွက် အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်ကြောင်း တွေ့ရမည် ဖြစ်ပါသည်. .

မိမိသိသမျှ ၊ တွေ့သမျှ လူတို့ကို ကိုယ့်ထက် ဥာဉ်ပညာတော်သူဟူ၍ သဘောထားရန်ဖြစ်ပါသည်. . ကိုယ်တွေ့သမျှ လူတိုင်းသည် ကိုယ့်ကို တစ်စုံတစရာ ပညာပေးမည့် သူများဟု သဘောထားရန်ဖြစ်ပါသည်. . . . ရိုင်းစိုင်းစွာ ဆက်ဆံတတ်သော ယာဉ်မောင်းသမား (သို့) အရိုအသေမတတ်သော လူငယ်တို့ပင် ကိုယ့်ကို သည်းခံတတ်အောင် ပညာပေးမည့် သူများ ဖြစ်ပါသည်. . .

ကိုယ့်အလုပ်မှာ ဘ၀တွင် မည်သူက ကိုယ့်ကို ဘာသင်ပေးနိုင်မည်ဟု ဆုံးဖြတ်တတ်ရန်ဖြစ်သည်. . ဤအလေ့အထကို ပြုလုပ်လျှင် သင့်မှာ စိတ်တိုတောင်းမှု ၊ စိတ်အနှောင့်အယှက် လျော့နည်းသွားမည် ဖြစ်ပါသည်. . ထိုနည်းဖြင့် ဘ၀တွင် ကသိကအောက် မဖြစ်ဘဲ နေသာဖွယ် ဖြစ်ပေလိမ့်မည်. . . . စိတ်ချမ်းသာမှုလည်း ရပေလိမ့်မည်. . . . . တစ်စုံတစ်ယောက် က မိမိအား သင်ခန်းစာပေးနေပါသည် ဟု သဘောပေါက်ပါက ကိုယ့်စိတ်တွင် ဖြစ်ပေါ်သမျှ မကျေနပ်မှုများလည်း ပျောက်သွားပါလိမ့်မည်. . .

ဥပမာ အားဖြင့် စာတိုက်စာရေးလုပ်သူက တမင်တကာ နှေးနှေးကွေးကွေး လုပ်နေသည်ကို တွေ့ရလျှင် စိတ်မတိုဘဲ . . ဒီလူ ငါ့ကို ဘာများ သဘောပေါက်စရာ လုပ်နေပါလိမ့်. . . . ဟု တွေးတောကြည့်ရပါမည်. . . . တစ်နည်းအားဖြစ် စာနာတတ်သွားပါသည်. . . လူတစ်ယောက်သည် . . ကိုယ်စိတ်မပါသောအလုပ်ကို လုပ်ရလျှင် မည်မျှ ခက်ခဲသည်ကို လည်း သိရှိနိုင်ပါသည်. . .

ထိုအလေ့အထမျိုးကို လေ့ကျင့်နိုင်လျှင် အဘယ်မျှ လွယ်ကူ၍ ကြည်ရွှင်စရာဖြစ်ကြောင်း အံ့သြဖွယ်တွေ့ရပါ လိမ့်မည်. . . . . ထိုအခါ သူတို့ ဒီလို ဘာဖြစ်လို့ လုပ်နေပါသနည်း ဟု စိတ်ထဲ မထားဘဲ. . . . သူတို့မိမိအား ဘာသင်ပေးနေတာပါလိမ့် ဟု ခံယူချက် ပြောင်းလဲသွားပါလိမ့်မည်. . . . . ထို့ကြောင့် ယနေ့မှ စ၍ ကိုယ့်အနီးအနား ပတ်ဝန်းကျင်တွင်ကိုယ့်ကို ဘ၀သင်ခန်းစာ ပေးနိုင်မည့်သူတို့ကို ရှာဖွေအပ်ပါသည်. . .

မောင်ဆုရှင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .



စကားပြောခြင်းအတတ်

"The ability do speak effectively is an acquirement rather that a gift."

"စကားကို ထိရောက်စွာပြောနိုင်တဲ့ အရည်အချင်းဟာ မွေးရာပါမဟုတ်ဘဲ ကြိုးစား လေ့ကျင့် အားထုတ်မှုသာ ဖြစ်တယ်. . ."

လူအချင်းချင်း ဆက်သွယ်မှု လုပ်တဲ့အခါမှာ ပထမဆုံး စကားပြောခြင်း နဲ့သာ ဆက်သွယ်ရတာပါ. . .

စကားပြောတဲ့အခါမှာ အမှန်တရားပါရင် ပြီးပြီဆိုပြီး သတ်မှတ်လို့မရပါဘူး. . . . . ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက သူတစ်ပါးအတွက် ချိုသာ ရဲ့လား နားဝင်ရဲ့လား ဆိုတာကို ဆန်းစစ်ဖို့ လိုအပ်ပါတယ်. . . .

အချို့လူတွေ က အပြောအဆို မတတ်ကြလို့ ရန်ဖြစ်ကြတာ. . . အဆင်မပြေကြတာ တွေ အများကြီးပါ. . .

အထူးသဖြင့် ကိုယ့်ထက် နိမ့်ပါးတဲ့ လူတွေကို ပြောဆို ဆက်ဆံတဲ့အခါမှာ မိမိစကား တစ်ခွန်းကြောင့် သူတစ်ပါး ထိခိုက်သွားမယ်. . . နစ်နာသွားမယ် . . . နာကျည်းသွားမယ် ဆိုရင် ဘယ်လိုမှ မကောင်းပါဘူး. . .

ကိုယ်ပြောလိုက်တဲ့ စကားကြောင့် . . . ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အားတက်စေမယ် . . ရွှင်လန်း တက်ကြွ စေမယ် ဆိုရင် အားလုံး အတွက် အဆင်ပြေချောမွေ့သွားစေမှာပါ. . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူလိမ်(သို့မဟုတ်)လူညာ

ရုံးတစ်ရုံးကို ကျွန်တော်ရောက်သွားတုန်းကပါ. . .

တပည့်. . . .. . "လူတစ်ယောက်က ဆရာ့ကိုလာရှာတယ် ဆရာ. . . . ခဏနေရင် ပြန်လာမယ်တဲ့. . . ."

ဆရာ . . . . ... "ဘယ်သူတဲ့လဲ. . . "

တပည့်. . . . . "ဆရာ့မိတ်ဆွေ ဦး. . . . . တဲ့ . . . ဆရာ. . ."

ဆရာ. . . . .. "ဟာ အဲဒီလူက လူလိမ်ကွာ. . . . လူတိုင်းကို လျှောက်လိမ်နေတာ . . . ဒီတော့ သူလာရင် ငါမရှိဘူး . . . . ခရီးထွက်သွားတယ် လို့ ပြောလိုက်ကွာ. . . "

တပည့်. . . . . "ဟုတ်ကဲ့ . . . ဆရာ. . ."

ပြီးတော့ ဧည့်သည် ကျွန်တော့်ဘက်ကို လှည့်ပြီး. . . . .

"လူလိမ်ကို ရှောင်ဖို့ လိမ်ပြောလိုက်တာဟာ. . . မုသာဝါဒကံ ထိုက်မထိုက် စဉ်းစားပေးပါဦး. . . . တဲ့. . ."

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


အတ္တ

သူငယ်ချင်းတစ်ယောက် ကျွန်တော့ဆီကို ဆိုင်းမပါ ဗုံမဆင့်ပေမယ့် ချက်ချင်းကြီး ရောက်လာပါတယ်. . .

ရောက်မဆိုက်ပါပဲ . .

"ငါ့လုပ်ရပ်တွေ ၊ အကျင့်စရိုက်တွေကို လူတွေက အမြင်စောင်းနေကြတယ်ကွာ . . . . ဘယ်လိုလ်ုပရမလဲ. . . အကြံပေးပါဦး. . . . "တဲ့. .

ကျွန်တော်လည်း သူက အတင်းအကျပ်ပြောလာတာနဲ့ အကြံတစ်ခုကို မစဉ်းစားဘဲ ပေးလိုက်မိပါတယ်. . .

အဲဒီ အကြံက နှစ်မျိုးပါ

"လူတိုင်းရဲ့ မျက်လုံးကို မှိတ်ခိုင်းလိုက် "

ဒါမှ မဟုတ်

"မင်းမျက်လုံးတွေကို ပိတ်ထားလိုက် . . "

နည်းနည်းကြာ တော့ . . ကျွန်တော်ပေးတဲ့ အကြံဥာဏက် က အသုံးတည့်ကြောင်း လာပြောပြပါတယ်. . .

ပြန်သွားတော့လည်း မမြင်မစမ်းနဲ့ . . . သူ့လမ်းကတော့ ဖြောင့်လို့ပါ. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ခွန်အား

တစ်ခါကပါ. . .

မြစ်နဲ့ ကမ်းပါးတွေ ရန်ဖြစ်ကြပါတယ်...

မြစ်။ ။ တွေ့ကြရောပေါ့ကွာ. .

သူ့ရဲ့လှိုင်းတွေနဲ့ ကမ်းပါးတွေကို ဖြိုဖျက်ပစ်ပါတယ်.. .
ကမ်းပါးတွေ တအိအိပြိုလာလို့. . . . .

မြစ်။ ဟား ဟား ငါ့ရဲ့အစွမ်းကို တွေ့ပြီမဟုတ်လား . . . မင်းတို့ဘာတတ်နိုင်သေးလဲ. . . .

ကမ်းပါးတွေက ဘာမှ ပြန်မပြောပါဘူး. . .

အချိန်တန်တော့လည်း ပြိုကျသွားတဲ့ ကမ်းပါးတွေကပဲ သောင်ထွန်းပြီး မြစ်ကို ကောက်ကွေ့စေလိုက်ပါတယ်.. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သည်းခံခြင်း

အမေရိကန်လူမျိုးများသည် ရေးကြီးသုတ်ပြာ နိုင်ကြပါသည်. . . အခြားနိုင်ငံသားများက ရေးကြီသုတ်ပြာ နိုင်မှုကို အမေရိကန်လူမျိုးတို့၏ ထူးခြား လက္ခဏာ တစ်ခုအဖြစ် သဘောထားကြပါသည်. . . အခြားနိုင်ငံသားများက မြင်သောအမြင်မှာ မှန်ကန်ပါသည်. . . အမေရိကန်တို့သည် အောင်ပန်းဆင်နိုင်ဖို့အတွက် သွက်လက်စွာ လှုပ်ရှားကြပါသည်. . . ထိုအချက်သည်. . ကျွန်ုပ်တို့အတွက် တွန်းအားဖြစ်ပါသည်. . ထိုတွန်းအားသည် အမေရိကန် လူမျိုးများ၏ အကြီးမားဆုံးသော အင်အားဖြစ်ပါသည်...

အခြားတစ်ဖက်မှ ပြန်ကြည့်လျှင် လက်တွေ့ကျကျ ချက်ခြင်း အရေးယူဆောင်ရွက်တတ်သော အလေ့အကျင့် အင်အားသည် အားနည်းချက်လည်း ဖြစ်နိုင်ပါသည်. . ချက်ခြင်း လုပ်ရမှ ကျေနပ်သော အလေ့အကျင့်ကြောင့် သည်းမခံနိုင်သော လူမျိုးဟု အများစုက ယူဆလာကြပါသည်. . .

စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း အလားတူ အကျိုးရလဒ်များ ကြုံတွေ့ခဲ့ရပါသည်. . . လုပ်ငန်းသဘောတူချက်ကို အခု လက်မှတ်ထိုး အခု ချက်ခြင်း စတင်အကောင်အထည် ဖော်စေချင်ပါသည်. . . ချက်ခြင်း လုပ်ချင်သော သဘောက ဦးဆောင်လွန်းသည့်အတွက် လုပ်ငန်း လုပ်ကိုင်ရန် စဉ်းစားဖို့အချိန်မယူသော အခြေအနေများ မကြာခဏ ကြုံတွေ့ကြရပါသည်. . . အလုပ်လုပ်ရာတွင် မြန်မြန်ဆန်ဆန် ရေးကြီးသုတ်ပြာလုပ်ခြင်မှုများ သည်းမခံနိုင်မှုများကြောင့် အလုပ်တစ်ခု မလုပ်မီ သေသေချာချာ ချင့်ချိန် ပြုမူလိုသော လူအများ ရနိုင်သည့် အခွင့်အရေးများကို ဘေးဖယ်ထားရာ ရောက်နေပါသည်. . . .

သည်းခံနိုင်စွမ်းသည် သတ္တိ တစ်မျိုးပင်ဖြစ်သည်. . . . သည်းခံနိုင်ခြင်းမှာ ရည်မှန်းချက် ပြည့်ဝရေးအတွက် ဖြည့်ဆည်းပေးနိုင်သော . သတ္တိထူး တစ်မျိုးပင်ဖြစ်သည်... သည်းခံနိုင်မှုသည် သင်ပြုပြင်ပြောင်းလဲနိုင်သည်ကို ပြုပြင်နိုင်သော စွမ်းရည် လဲ ဖြစ်ပါသည်. . . ကွဲပြားခြားနားချက်ကို သိမြင်နိုင်စွမ်းသာ အသိဥာဏ်လည်း ဖြစ်ပါသည်. . . ဘ၀တွင် မျှော်မှန်းထားသော ရည်မှန်းချက်များကို ပြည့်ဝ အောင် ဖြ့ည်ဆည်းလိုသော ဆန္ဒလေးနက်လေလေ ၊ အခက်အခဲများကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့အတွက် သည်းခံဖို့ ပိုလိုလာလေဖြစ်သည်. .

သည်းခံမှုဆိုသည်မှာ လှုပ်ရှားသည့် သဘောသက်ဝင်ပါသည်. . . ငြိမ်သက်နေသည့်သဘောမဟုတ်ပါ. . . တက်ကြွသည့် သဘောရှိပါသည်. . . တွေ့ကြုံလာသည့်အခြေအနေကို ငြိမ်ခံနေသည့်သဘောမဟုတ်ပါ. . . . ကိုယ်ကြမ္မာကိုယ် ဖန်တီးဦးစီးဆောင်နိုင်ဖို့အတွက် အပြုသဘော ဆောင်သော တွန်းအား တစ်မျိုးဖြစ်ပါသည်. . . သည်းခံမှုသည် တစ်ခုတည်းသော ဘ၀ရည်မှန်းချက်ကို ဦးတည်လုပ်ပေးထားမှုနှင့် ကိုယ်တိုင် ဆင်ခြင် ထိန်းကျောင်းမှုတို့ အကျုံးဝင်ပါသည်. .

ကိုယ်လျှောက်လှမ်းနေရသည့် ဦးတည်ချက်ကို ကောင်းစွာ သိမြင်နေသောအခါ သင့်ရည်မှန်းချက်ပြည့်ဝရေးတွင် ကြုံတွေ့လာရသော အခက်အခဲများကို သည်းခံနိုင်စွမ်းရည် တိုးပွားလာပါသည်. . . သင့်အနေဖြင့် သင်မျှော်လင့်ထားသော ပန်းတိုင်သို့ ရောက်မည်ကို တိတိကျကျသိနေပါသည်. . လမ်းခရီးတွင် ကြုံတွေ့ရသော အခက်အခဲများမှာ ယာယီအနှောင့်အယှက် အဟန့်အတားအနေဖြင့်သာ မြင်လာပါသည်. . .

သည်းခံသော စိတ်ကို ဘယ်လိုမွေးမလဲ. . . . သင့်ဘ၀ရည်မှန်းချက်ကို တိတိကျကျ ဆုံးဖြတ်ချက်ချပြီးလျှင် သည်းခံနိုင်ဖို့ လွယ်ကူပါသည်. . ထိုရည်မှန်းချက်ပြည့်ဝဖို့အတွက် သင်၏ စိတ်ဆန္ဒတစ်ခုလုံးကို စူးစိုက်ထားပါ.် . . ရည်ရွယ်ချက် ပြည့်ဝဖို့အတွက် ပြင်းပြသော စိတ်ဆန္ဒကိုမွေးထားပါ. . . သင်၏ စဉ်းစားတွေးခေါ်မှု လုပ်ကိုင် လှုပ်ရှားမှုနှင့် ဆုတောင်းမှန်သမျှတို့သည်. . ထိုရည်မှန်းချက်ပြည့်ဝမှုအတွက်သာ ဦးတည်ထားခဲ့လျှင် သည်းခံသော စိတ်ကို မွေးရန် လွယ်ကူပါသည်. . .

သင့်ဘ၀တွင်လည်း အဓိကကျသော ဘ၀ပန်းတိုင်အပေါ် အာရုံစူးစိုက်ထားပါက. . . ထိုပန်းတိုင်ရဖို့အတွက် လိုအပ်သော သည်းခံစိတ်များ ဖြစ်ပေါ်တိုးတက်လာပါလိမ့်မည်. . . .

ဒေါက်တာသိန်းလွင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရေရောင်ပါသည် ဘုရား

အမရပူရမြို့တော်သည် ဧရာဝတီမြစ်နှင့် နှစ်မိုင်ကျော် သုံးမိုင်ခန့်ဝေးသည်. . . ဧရာဝတီမြစ်ရေသည် တိုးသထက်တိုး၊ တက်သထက် တက်လျက်ရှိသည်. . အမရပူရမြို့ မြောက်ဘက်နားသို့တိုင် ရောက် သည်. . မတ္တရာဘက်မှာ စီးဆင်းသော ရွှေတစ်ချောင်းနှင့် ပေါင်းဆုံသည် . . ရေပြင်ကျယ်ကြီးဖြစ်ကာ စိုးရိမ်နေရပေပြီ. . . ယခုထက် ထပ်၍ တိုးလျှင် အမရပူရမြို့တော်ထဲသို့ ရောက်ပေတော့မည်.. .

"ဧရာဝတီမြစ်ရေက . . . တစ်နေ့ထက် တစ်နေ့ အတက်ကြမ်းနေမင့်၊ နေပြည်တော်ထဲ . . . ရောက်နိုင်မယ် ထင်ပါ့ ပေါ်ဦး"

"မှန်လှပါ . . . အရှင်ဘုရား ယခုထက် တပ်၍ တိုးလျှင် နေပြည်တော်အတွင်းသို့ ရောက်နိုင်ကြောင်းပါ ဘုရား. . "

"သဟာဖြင့် ရေမတိုးအောင် မောင်မင်းမကြံနိုင်ဘူးလားကွယ့်. . ."

"မှန်လှပါ .. . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . ရှေးဘေးလောင်းတော်. . ဘိုးလောင်းတော်တို့၏ အစဉ်အလာအတိုင်း လိုက်နာ ကျင့်ကြံသင့်ကြောင်းပါ ဘုရား. . . "

ဦးပေါ်ဦးက လျှောက်ထားသည်. . .

"အဘယ်သို့များလဲ. . ကွယ့်. . "

"ဘုန်းတန်ခိုး တေဇော် ကြီးတော်မူလှသော ရေမြေ့သခင်. လက်နက်စကြသခင်၊ မင်းတရားကြီးက ရေ ဆက်လက်၍ မတိုးအောင် အမိန့်တော် ပြန်ကာ ကြိမ်ဖြင့် ရိုက်သင့်ကြောင်းပါ ဘုရား . . ."

"စမ်းကြည့်ရအောင် ကွယ်. . ."

ဘိုးတော် မင်းတရားကြီးသည် ဦးပေါ်ဦး၏ စကားကို ယုံသည်. . . မြှောက်ပေးတိုင်းလိုပသည်. . ရေကို ကြိမ်နှင့် ရိုက်သည်. . .

"ရေ မြေ့သနင်း . . ငါရှင်ဘုရင်မင်းမြတ်ရဲ့ အမိန့် ၊ မတိုးနဲ့ မတိုးနဲ့. . . "

နှုတ်ကလည်း မိန့်တော်မူသည်. . . မရပါ. . . ရေ က မလျော့ပါ. . . နောက်ရက်များတွင် ထပ်၍ပင် တိုးလာသေးသည်. . . .

"ပေါ်ဦး နင့်ရေက မလျော့သည့် အပြင် ထပ်၍ပင် တိုးလာပါကလား . . . ."

"မှန်လှပါ . . . ရေတိုးခြင်း မဟုတ်ကြောင်းပါ ဘုရား . . ."

"ရေတက်နေတာ မြင်လျက်နဲ့ ပေါ်ဦးရယ်. . . "

မင်းတရားကြီး က မချင့်မရဲ ဆိုသည်. . .


"မင်းတရားကြီး၏ ဘုန်းတော်ကြောင့် . . . ရိုက်လိုက်သည့်  အတွက် ရေများ ရောင်ခြင်း ဖြစ်ပါသည် ဘုရား. . ."

ဘိုးတော် ဦးဝိုင်းမှာ မည်သို့မျှ မပြောသာ. . . မိမိစကားကို မိမိ မမှန်, မှန်အောင် ကြံဖန်ပြောတတ်သည့် ဦးပေါ်ဦးကိုသာ ငေးကြည့်နေမိသည်. . .

တတ်လည်း တတ်နိုင်သည့် ဦးပေါ်ဦးပါပေ. .

ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အချစ်ရဲ့ဂရပ်မျဉ်း

ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ယောက်က ရင်ဖွင့်တယ်

မိတ်ဆွေ . . . . "ငါ့မိန်းမက ဂရုတော့စိုက်ပါရဲ့ ပူညံ . . ပူညံနဲ့ကွာ. . . သူဂရုစိုက်တဲ့ အချိန်မှာ ပျော်ဖို့ကောင်းသလောက် ဆူပူနေတဲ့ အချိန်ဆို စိတ်ညစ်ဖို့ကောင်းတယ်. . တကယ်ပါပဲ. ."

ကျွန်တော်. . . . ."ခင်ဗျားနှလုံးခုန်တိုင်းတဲ့ စက်ကို သိမှာပေါ့ ."

မိတ်ဆွေ. . . . . "အင်း "


ကျွန်တော်. . . . . "အဲဒီလိုပါပဲဗျာ . . . အဲဒီစက်မှာ ဂရပ်မျဉ်းတွေက တက်လိုက် ကျလိုက်ဖြစ်နေရင် အသက်ရှင်နေသေးတယ်. . . . တဖြောင့်တည်း ပြနေရင်တော့ သေပြီပေါ့. . . . ခင်ဗျားမိန်းမက အခုလို ပူညံ ပူညံ လုပ်လိုက် ကြင်နာလိုက်ဆိုတော့ အချစ်ရဲ့ ရှင်သန်မှုကို ပြနေတာပဲ. . ."

"ဘာမှ မဖြစ်တော့ဘဲ ငြိမ်သက်သွားပြိ ဆိုရင်တော့ အချစ်က သေဆုံးသွားပြီပေါ့ . . "

ကျွန်တော့မိတ်ဆွေ ကျေနပ်သွားပုံ ပေါ်ပါတယ်. . . .

သူ. . . ဘယ်တော့ ကျွန်တော့ကို ပူညံ ပူညံ လာလုပ်ဦးမလဲ တော့ ကျွန်တော်လည်း မသိပါဘူး. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အသက်ကြီးရင့်လာတာကို ကြောက်ဖို့မလို

အသက်ကြီးလာတဲ့ သူတွေဟာ လူငယ်တွေလို ပျော်ရွှင်နိုင်ကြတာပါပဲ. . . သက်ရွယ်ကြီးရင့်လာသူတွေဟာ အသက်နဲ့ လိုက်လျောညီထွေပြင်ဆင်နေထိုင် ကြမယ်ဆိုရင် သူတို့ဘ၀နဲ့ သူတို့ တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကျေနပ်မှု ရရှိခံစား နိုင်ကြပါတယ်. .

ဖလော်ရီဒါ တောင်ပိုင်းတစ်ခွင်မှာ မစ္စတာနယ်လဆင်ဆိုရင် လူတော်တော်များများ မြင်နေတွေ့နေကျ သူတစ်ဦးပါပဲ. . . သူ့ကို သူ့ခြံထဲမှာ ဖြစ်ဖြစ် နေ့လယ်နေ့ခင်း စက်ဘီးစီးနေတာပဲ ဖြစ်ဖြစ် တွေ့နေကြရပါတယ်. . . သူက လူတိုင်းနဲ့ ခင်မင်တတ်သလို သူနဲ့သာ တွေ့ပြီဆိုလို့ကတော့ သူ့မှာ ပြောစရာ ဇာတ်လမ်း တစ်ပုဒ်ပုဒ် ရှိနေတတ်ပါတယ်. .

မစ္စနယ်လဆင်ကို မေးကြည့်လိုက်တော့ သူ့မှာ တန်ဖိုးထားလုပ်ရမယ့် အလုပ်တွေ နေ့စဉ်ရှိနေတဲ့ အကြောင်း ပြောပြပါတယ်. . . . မစ္စနယ်လဆင်ရဲ့ အသက်က ကိုးဆယ်ရှိနေပါပြိ. . .

သူက အသက်ကြီးလာလို့ စိတ်ဓာတ်ကျမနေဘဲ အသက်ကြီးတာနဲ့အမျှ ဥာဏ်ပညာ ပိုရင့်သန်လာတယ်လို့ ခံယူထားသူပါ. . . အလုပ်နဲ့ အကိုင်နဲ့ လူငယ်တွေရဲ့ တာဝန်ဖိစီးမှု ခံနေရတာမျိုး သူ့မှာ မရှိပါဘူး. . . သူ့ကို အသက်ဘယ်လောက်ရှိပြီလဲလို့ မေးလိုက်ရင် ကိုယ်ကအသက် ကြီးနေပေမယ့် တစ်မျိုးလှည့်စဉ်းစားလေ့ ရှိတယ်လို့ ဖြေတတ်ပါတယ်..

မကြာသေးခင်က လေ့လာ စူးစမ်းချက် တစ်ခုအရ အသက်ကြီးရင့်လာမှု ဟာ မိမိကိုယ် မိမိ ပျော်ရွှင် နေပါတယ်လို့ ခံစားရမှု အတိုင်းအတာနဲ့ ဆက်စပ်မှု မရှိလှဘူးလို့ သိရှိရပါတယ် . .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လက်ထပ်ထိမ်းမြားခြင်း အနုပညာ

အိမ်ထောင်ရေး သာယာပျော်ရွှင်မှုဆိုသည်မှာ အလိုအလျောက်ဖြစ်လသည့် အရာမဟုတ်ပါ. . . အိမ်ထောင်ကောင်း တစ်ခုကို ဖန်တီးယူနိုင်ပါသည်. . အိမ်ထောင်မှုအနုပညာတွင် သေးသေးဖွဲဖွဲအချက်များသည် ကြီးကြီးမားမား အကြောင်းများ ဖြစ်ပါသည်. . .

အိမ်ထောင်ကောင်း တစ်ခုဆိုသည်မှာ.. .
သူ့လက်ကလေးကို ကိုဖို့ ဘယ်သောအခါမှ အသက်မကြီးပါ. . .

တစ်နေ့လျှင် အနည်းဆုံးတစ်ခါလောက်တော့ "မင်းကို ကိုယ်ချစ်တယ် " ဟုပြောဖို့ သတိရနေပါ. .

ဒေါသအမျက်ထွက်လျက် အိပ်ရာမ၀င်ပါနှင့်

သူ့အတွက် အမြဲအဆင်သင့်ဖြစ်နေပါသည်. . . သူ့ကို ပိုးပန်းခြင်းသည် ဟန်းနီးမွန်းနှင့် အတူတူ အဆုံးသတ်မသွားပါ. . . တစ်လျောက်လုံး တစ်သက်လုံး ပိုးပန်းနေပါသည်. .

တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားလျက် နှစ်ယောက်သား အတူတကွ လောကကို ရင်ဆိုရပ်တည်ဖို့ တူညီသော ဦးတည်ချက်ရှိပါသည်. . .

မိသားစု တစ်စုလုံးတွင် အချစ်စက်ဝိုင်းဖြင့် စုစည်းဖွဲ့ ချည်ထားသည်. .

တစ်ယောက်အတွက် တစ်ယောက်က လုပ်ဆောင်ပေးရာတွင် တာဝန်တစ်ရပ်၊ စွန့်လွှတ်မှုတစ်ခုအနေဖြင့် သဘောများဘဲ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ် လုပ်ဆောင်သည်. .

ချီးကျူးစကား၊ ကျေးဇူးစကားကို သတိတရာ ဂရုတစိုက် ပြောဆိုပြသသည်. . .

ဇနီးကလည်း ခင်ပွန်းသည်အား တန်ခိုးရှင်ဖြစ်လိမ့်မည်ဟု မမျှော်လင့် . . . ခင်ပွန်းသည်ကလည်း ဇနီးဖြစ်သူအား မိုးကျနတ်မယ်ဟု မတင်စား. . . တစ်ဦးက တစ်ဦးထံတွင် ပြည့်စုံမှုကို မရှာဖွေ. . . ပြုပြင် ပြောင်းလဲလွယ်ခြင်း ၊ သည်းခံစိတ်ရှည်ခြင်း၊ နားလည်ခြင်းနှင့် ဟာသဥာဉ်ကို ပြုစု စိုက်ပျိုးသည်. .

ခွင့်လွှတ်နိုင် မေ့ပျောက်နိုင်သော စွမ်းရည်ရှိသည်. . . တစ်ဦးက တစ်ဦးကို ဖွံ့ဖြိုးတိုးတက်နိုင်သော အခြေအနေ ဖန်တီးပေးသည်. . .

နှစ်ဦးသား ဆက်ဆံရေးမှာ လူးဝစ်ကေအန်စပါချာ လမ်းညွန်ချက်အတိုင်း ဖြစ်သည်. . . သူက

"ဇနီးမောင်နှံသည် လွတ်လပ်မှု၌ တန်းတူရည်တူ၊ မှီခိုမှု၌ အပြန်အလှန်၊ တာဝန်ဝတ္တရား၌ အတုံ့အလှယ်" ဟု ဆိုခဲ့သည်. . .

ကိုယ်က လူကောင်းလူမှန်ကို လက်ထပ်ခြင်းသာမက ကိုယ်ကိုယ်တိုင်ကလည်း လူကောင်းလူမှန်ဖြစ်နေခြင်း ဖြစ်သည်. . .

အိမ်ထောင်ရေးကို ကောင်းနိုင်သမျှ အကောင်းဆုံးဖြစ်အောင် စူးစမ်းရှာဖွေသည်. . . မတ်တွိန်း က သူ့ဇနီးကို ဂုဏ်ပြုပြောဆိုသည့် အတိုင်း ပြောရလျှင်. . .

"သူရှိရာ အရပ်မှာ အေဒင် ဥယာဉ်ရှိပါတယ်."

ဦးဝင်းတင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။