ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

မလိုအပ်သော သောက

ကျွန်မတို့အားလုံးရဲ့ ဘ၀မှ အချိန်ပိုင်းတစ်ခုမှာတော့ စိုးရိပ်သောက ဖြစ်ဖူးခဲ့ကြတာချည်းပါပဲ. . . တချို့သော သူတွေက စိုးရိမ် သောကဖြစ်ရတာ အကျင့်ပါနေတတ်ကြပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ သောက မဖြစ်ရရင် မနေနိုင်တဲ့သူတစ်ဦး မဟုတ် တစ်ဦး က တော့ရှိနေတတ်ပါတယ်. . ရောဂါ ကူးစက်မှာ စိုးရိမ်ပြီး ဆပ်ပြာတစ်တုံး ကုန်အောင် ရေချိုးတတ်သူတွေ၊ ရွံတတ်တဲ့ စိတ်နဲ့ ခဏခဏ လက်ဆေးတတ်သူတွေ ၊ တောင်ကုန်းပေါ်လမ်းလျှောက်ရင် မြေပြိုကျပြီးသမှာ စိုးရိမ် တတ်သူတွေ ၊ အပြင်ကပြန်မလာသေးတဲ့ အိမ်သားတစ်ယောက် ဟာ လမ်းမှာ ကားတိုက်ပြီလား ၊ လူဆိုးတွေနဲ့ တွေ့နေပြီ လားလို့တွေးပြီး သောက ဖြစ်နေတတ်သူတွေကို စာဖတ်သူတို့ ကြုံဖူးကြမှာပါ ။

သောကဆိုတာ ကြောက်ရွံ့ခြင်း ကြောင့် နောက်ဆက်တွဲ လိုက် လာတတ်တဲ့ စိတ်ခံစားမှု ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ကုန်ခန်း သွားစေတဲ့ခံစားမှုပဲ မဟုတ်ပါလား။နှလုံးရော ဂါနဲ့  သွေးတိုးရောဂါ တွေတောင် ဖြစ်ပေါ် လာစေနိုင်ပါတယ် ။ သောကဆိုတာ ဖြစ်တည်နေစေဖို့ ဆိုးဆိုး ၀ါးဝါး အဖြစ် တစ်ခု ဖြစ်တော့မယ်လို့ စိတ်ထဲက တွေးထင်နေရပါတယ်။ တကယ်တော့ ကျွန်မတို့ စိုးရိမ်နေတဲ့ အရာက ဖြစ်မလာသေးပါဘူး။ အဲဒီ မကောင်းတဲ့ အရာကို အဓိပ္ပါယ် ဖွင့်ဆိုရရင်တော့ စိတ်ကူးယဉ် မှုပါပဲ သောကဆိုတာ မိမိဘာသာ ထွင်ဖန်တီးထားတဲ့ စိတ်အခြေအနေ ဖြစ်တဲ့ မလိုအပ်တဲ့ ကြောက်ရွံ့မှုလို့ နားလည်ထားဖို့လိုပါတယ်။ ဒါပေမယ့် လည်း ကျွန်မတို့ အများစုကတော့ သောက ဖြစ်မြဲပါပဲ။

ကျွန်မတို့ စိုးရိမ်သောကဖြစ်ရခြင်းရဲ့ အကြာင်းတစ်ခု က ကျွန်မတို့မှာ ထိန်းချု့်နိုင်တဲ့ အင်အားမရှိဘူးလို့ ခံစားရခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ - ကျွန်မတို့ရဲ့ ရင်သွေးတစ်ဦးဦးရဲ့ ပတ်ဝန်းကျင်မှာ မပေါင်းသင်းအပ်တဲ့ သူတွေ ၊ လူနေမှု စရိုက်မတူညီသူတွေ ရောက်လာမယ်ဆိုရင် ခြေလှမ်းများ မှားသွားမလား မသင့်တော်တာတွေ ဖြစ်လာမလားလို့ မိဘများမှာ စိုးရိမ်သောက ရောက်ကြရပါတယ်။ ဒါပေမယ့်လည်း မျှော်မှန်းပြီး သာ စိုးရိမ်ရတာပါ။ သူကိုယ်တိုင် နားလည်သဘောပေါက်ပြီး ထိန်းသိမ်းသွားနိုင်ရင် သူ့ဘ၀ ချောမွေ့သွားမှာပါ ၊ စိတ်ဓာတ် ရင့်ကျက်ဖို့နဲ့ အမှားအမှန်ခွဲခြားနိုင်ဖို့ပဲ အရေးကြီးပါတယ်။ တရားသဘော အရ သောကဆိုတာ ဒေါသပဲဖြစ်လို့ သောကများလေ အကုသိုလ် ဖြစ်လေပါပဲ။ အကောင်းဆုံးကတော့ စိတ်အေးအေးထားပြီး သူ့အပေါ် မှာ  မေတ္တာပို့ပေးဖို့ပဲ ဖြစ်ပါတယ်။ အမေ့ရဲ့ မေတ္တာ ဂရုဏာကြောင့် သားလေးလမ်းမှားမလိုက်မိဘဲ အသိဥာဏ် ရှိရှိ ဆင်ခြင်နိုင်ပါစေ လို့ ဆုတောင်းပေးနိုင်ပါတယ်။ ဒီလိုမဖြစ်လာဘဲ စိုးရိမ်သောက ဖြစ်တဲ့အတိုင်း ဆိုးဝါးတဲ့ အခြေအနေထဲကို ရောက်သွားပြီ ဆိုရင်တော့ နှလုံးသွင်း ဆင်ခြင် စရာ နည်းလမ်းရှာကြည့်ရတော့မှာပါ။

လူဆိုတာ ပျက်စီးဖို့လမ်းကြောင်း မှားဖို့ အချိန်တန်လာရင် ဘယ်လိုနည်းနဲ့မှ မကာကွယ်နိုင်ပါဘူး ဆိုတဲ့ အတိုင်း ဖြေသိမ့် ဆင်ခြင်လိုက်မယ် ဆိုရင် သက်သာရာရပြီး သောက ဒေါသ မဖြစ်တော့ပါဘူး။ အဲလိုပါပဲ ကိုယ်ချစ်တဲ့ သူတစ်ယောက်ယောက်က  ရာသီဥတု ဆိုးဝါးလှတဲ့ အချိန်မှာ ကားမောင်းပြီးတော့ အိမ်ပြေန်လာနေတယ် ဆိုရင် စိတ်ပူပင်မိမှာပါ ။ ဒါပေမယ့် လည်း သူ့ရဲ့ ခရီးအဆုံးကို ဘေးမသီ ရန်မခဘဲ ရောက်လာတဲ့ အထိတော့ သောက ဖြစ်နေပါတယ်။ ထိန်းချုပ် နိုင်တဲ့ အင်အား ရှိတယ် ဆိုတဲ့ အသိနဲ့ ကြိုးပမ်း မှုတစ်ခုပါပဲ။ တကယ်တော့ သောကငယ် ဖြစ်နေတာက အကျိုးရှိတဲ့ ရလဒ်ကို မပေးနိုင်ပါဘူး။ ပြီးတော သောက က ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို မနှစ်မြို့ဖွယ်အကျိုး သက်ရောက်မှု ကို ရစေပါတယ်။ 

သောက က စိတ်ကူးမျှော်မှန်းခြင်းကို အသုံးပြုသလို၊ သောကဖြေဆေးကလည်း စိတ်ကူးစိတ်သန်းကို အသုံး ပြုရမျာ ဖြစ်ပါတယ်။ နောက်တစ်ခါ စိတ်သောက ရောက်လာရင် အဆိုးဆုံး ရလဒ်ကို မျှော်မှန်းမယ့် အစား အကောင်း ဆုံး ရလဒ်ကို မှန်းဆလိုက်ပါ။ ချစ်ခင်သူလာနေတဲ့ လမ်းက ဖြောင့်ဖြူးနေတယ် လို့ မြင်ယောင် လိုက်ပါ။ စိတ်ထဲမှာ ချောမောစွာ န်ြလည်ရောက်ရှိလာတာကို ကြည်လင်ပြတ်သား စွာ မြင်ကြည့်လိုက်ပါ။ သူတော်ကောင်းတွေ ၊ နတ်ကောင်း နတ်မြတ်တွေက စောင့် ရှောက်ပေးနေတယ် လို့ စိတ်ကူးလိုက်ပါ။ 

သားအတွက် စိုးရိမ်မိတယ် ဆိုရင်လည်း  သားလေးက စိတ်ကောင်းရှိတဲ့သူပါ။ အခုဖြစ်နေတဲ့ အဟန့်အတားတွေက ခဏပဲ နေမှာပါ မကြာခင် အားလုံး ပြေလည်သွားလိမ့်မယ် လို့ စိတ်ထဲ က မျှော် မှန်းထားပါ။ ကြောက်ရွံ့စိုးရိမ်ပြီး စိတ်မသက်မသာ ဖြစ်နေမယ့်အစား အေးငြိမ်းခြင်းနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ခြင်းကို အစပျိုါ်လိုက်စေလိုပါတယ် ။ စောစောက ပြောခဲ့တဲ့အတိုင်း မေတ္တာပို့လွှတ်ပြီး နေ လိုက်ဖို့ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ပြီး သားလည်း အန္တရယ် ကင်းသွားပါလိမ့်မယ်။ 

ကျွန်မတို့ သောကဖြစ်ရတဲ့ နောက်ထပ် အကြောင်း တစ်ခုက ကျွန်မတို့က ပြီးပြတ်အောင် မရှင်းလင်းဘဲ ရှောင်ရှားနေမိတဲ့ အကြောင်း တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ - ကားစောင့်ခ ငွေမပေးရသေးတာ၊ လုပ်ရမယ့် အလုပ်ကို ချောင်ထိုးထားမိတာ၊ မိတ်ဆွေ တစ်ယောက်နဲ့ ပြသာနာကို မဖြေရှင်းသေးတာ စသည်တို့ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေမှာ ကျွန်မတို့ စိုးရိမ်ပူပန်နေရပြီဆိုတာကို အသိ အမှတ် ပြု လိုက်ပြီး  ပြီးပြတ်  အောင်   ဆောင်ရွက်လိုက်တာ က အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မယ်။ အခြေအနေကို ရင်ဆိုင်ပြီး ကိုယ်ပိုင်အင်အားနဲ့ ပြောင်းလဲပစ်လိုက်ပါ။ ဒါဆိုရင် သောက ဖြစ်စရာ ဘာ အကြောင်း  မှ မရှိတော့ ပါဘူး။

ခင်စောတင့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

အချစ်နဲ့စိတ်ကူးယဉ်မှု

တစ်ခါကပါ

ကျွန်မသူငယ်ချင်း တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တုန်း

ချစ်သူတွေ အကြောင်း ရောက်သွားပါတယ်။

ကျွန်မ သူငယ်ချင်း  တစ်ယောက်က

သူ့ရဲ့ အိပ်မက်ထဲ က ချစ်သူ့ပုံရိပ်အကြောင်း ပြောပါတယ်။

"ငါ့ ချစ်သူက အရပ်မြင့်ရမယ်၊ အသားဖြူရမယ်၊ ပညာတော်ရမယ်၊ စိတ်ကောင်းရှိရမယ်။"

သူ့ရဲ့ သတ်မှတ်ချက်တွေက မနည်းလှပါဘူး။

ကာလတော်တော်ကြာ ပြီး တစ်နေ့မှာတော့

သူနဲ့ ကျွန်မ တို့  ပြန်ဆုံဖြစ်ပါတယ်။

"ဒါ.....ငါ့အမျိုးသားလေ"

မိတ်ဆက်ပေးပါတယ်။ သူပြောခဲ့တဲ့ သူ့ရဲ့ ချစ်သူ ပုံရိပ်ကို သတိရသွားတဲ့အခါ သူအမျိုးသားကို အားနာသွားမိပါတယ်။

လွဲနေတာကိုး

ပြီးတော့ သူကပဲ ကျွန်မ အတွေးကို သိနေလို့လားမသိ၊ ပြောသွားပါသေးတယ်။

"အချစ်ဆိုတာ ဘယ်လို စည်းကမ်း ၊ သတ်မှတ်ချက် မျိုးကိုမဆို ပျောက်ပျက်သွား စေနိုင်တယ်တဲ့ ...."

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ခေါင်းဆောင်ကောင်းတစ်ယောက်

တပည့်ကောင်း မဖြစ်ခဲ့တဲ့သူဟာ
ဆရာကောင်းလဲ မဖြစ်နိုင်ပါဘူး။

ခေါင်းဆောင်ကောင်း ဆိုတာ
မိမိဦးဆောင် အောင်မြင်သော ကိစ္စတိုင်းကို
မိမိရဲ့ လက်အောက် က လူတို့၏
စွမ်းဆောင်နိုင်မှုအဖြစ်
အသိအမှတ်ပြုတတ်တယ်။

မိမိလက်အောက်ငယ်သားကို
ချီးကျူး ဂုဏ်ဖော်ပေးခြင်းဖြင့်
ခေါင်းဆောင်လုပ်သူတစ်ယောက်၏
ဂုဏ်သရေ နည်းပါးသွားတယ်ဆိုတာ
မရှိဘူး။

အောက်လက်ငယ်သားတို့၏ စိတ်၌
မိမိတို့အား လူသိထင်ရှား
ဖော်ထုတ် ချီးကျူးသည့်အတွက်
မိမိခေါင်းဆောင်အပေါ်မှာ
အရိုးကြေကြေ
အရေခန်းခန်း
ဆောင်ရွက်ပေးလိုတဲ့ စိတ်တွေ
တဖွားဖွား ပေါ်လာမှာ မလွဲဘူး။

ဒီလိုမဟုတ်ဘဲ
အောက်လက်ငယ်သားဂုဏ်ကို မဖော်ဘဲ
ငါ့ကြောင့်
ငါတော်လို့
ဒီလို အထင်ရောက်နေမယ်ဆိုရင်
တပည့်တွေဟာ
ကိုယ် ထင်ထားသလောက်
အကျိုးပြုမယ်လို့ မထင်ပါဘူး ။


အိန်ဂျယ်လ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ဆက်ဆံရာမှာ စိတ်ကောင်းထားပါ

လူ့လောကထဲတွင် လူတစ်ယောက် အဖြစ် အသက်ရှင်နေရစဉ်တွင် လူတိုင်းသည် မိမိနှင့်တွေ့ကြုံဆုံစည်း ရသူတို့နှင့် ပြေပြေလည်လည် ပေါင်းသင်းဆက်ဆံရပြီး ထိုမိတ်ဆွေ အပေါင်းအသင်းများထံမှ မေတ္တာ စေတနာ၊ ကူညီဖေးမမှုများကို လိုချင်ကြသည်ချည်းပင် ဖြစ်သည်။ မိမိနှင့် တစ်ကြိမ် တစ်ခါ တွေ့ဆုံ ဆက်ဆံ လိုက်ရရုံမျှနှင့် ထိုသူ၏ ချစ်ခင်ကြင်နာမှုကို ရယူလိုကြသည်။ အချို့မှာ လူမြင်လျှင် ချစ်ခင်စေပြီး မိမိအလိုကို လိုက်စေနိုင်သော ပီယဆေး၊ အဆောင် လက်ဖွဲ့များကို ပင် ဆောင်ထားလေ့ ရှိကြသည်။

အမှန်မှာ လူတကာ ချစ်ခင်စေသော ပီယဆေးထက် အဆရာထောင်မက တန်ခိုးထက်သော ပီယဆေး တစ်မျိုးကို လူအများက သတိမပြုမိဘဲ မေ့လျှော့နေကြသည်။ ထိုအရာသည် ဆေးလည်းမဟုတ်၊ လက်ဖွဲ့ အဆောင်လည်းမဟုတ်၊ ဂါထာ မန္တာန်လည်း မဟုတ်၊ စိတ်ကောင်းလေး တစ်ခုကို မွေးလိုက်ခြင်းပင် ဖြစ်သည်။

တစ်ဖက်သားကိုယ့်ဘက် ပါလာအောင် ကိုယ့်အပေါ် စေတနာ မေတ္တာများဖြင့် ကူညီချင်လာအောင် ပြုလုပ်ရာ၌ ဤနည်းသည် အခြေခံအကျဆုံး ဖြစ်သည်။ လူ၏ ပင်ကိုယ်သဘောမှာ လူတစ်ဖက်သားကို ကြည့်တတ်ပြီး ကိုယ့်ကိုယ် ကိုမူ ပြန်မကြည့်တတ်ဘဲ လျစ်လျူ ရှုပြုထားတတ်ကြသည်။ ပြန်မကြည့်ဘဲ လျစ်လျူ ပြုထားရသည်မှာလည်း မိမိ၏ အပြစ်၊ အားနည်းချက်၊ ချို့ယွင်းချက်များကို မမြင်မတွေ့ဘဲ မိမိကိုယ် ကို ပြည့်စုံနေပြီဟု အထင်ရောက်နေသောကြောင့် ဖြစ်သည်။

ထိုစိတ်မျိုးမှာ လွဲမှားသော အတ္တစိတ်သာ ဖြစ်သည်။ ထိအတ္တစိတ်သည် စိတ်ကောင်း နှလုံးကောင်း ကို မွေးမြူ ထားခြင်းဖြင့် ရှိသင့်သော အတ္တဖြစ်၍ တစ်ဖက်သားအပေါ်ကိုသာမက မိမိအပေါ်တွင်ပင် အမှန်ကို အမှန်အတိုင်း ရှုမြင်နိုင်သည်။  အမြင်မှန်ကို ရနိုင်စေပါသည်။ 

မျက်နှာက ဘယ်လောက်ပင် ပြုံးနေပြုံးနေ၊ ဘယ်လောက်ပင် ကူညီကူညီ ၊ အတွင်းစိတ်က မရိုးသား၊ မဖြောင့်မတ်လျှင် အချည်းနှီးသာ ဖြစ်ပါသည်။

ဤလူ့လောက အတွင်းရှိ ညှိ့ယူဖမ်းစားထားနိုင်လောက်သော ဆွဲဆောင် အင်အားများထဲတွင် မေတ္တာအင်အား သည် အကြီးမားဆုံးဖြစ်ပါသည်။   အခြားသော ထူးခြားသည့် စွမ်းရည်များ မရှိသော်လည်း မေတ္တာ စွမ်းရည် ရှိလျှင်ပင် စိတ်ကောင်း စေတနာကောင်းတို့သည် လူတွင် ကိန်းအောင်း လာနိုင်သည်။ အရာရာကို မေတ္တာဖြင့် အောင်နိုင်သည်ချည်း ပဲ ဖြစ်သည်။  မေတ္တာတရား ကြီးမားသူများသည် ရန်သူမရှိ၊ ကြောင့်ကြစိုးရိမ်မှု မရှိ နေရသည် ။ သေဆုံးသွားသော အခါ၌ပင်လျှင် ကောင်းရာ သုဂတိသို့ရောက်ရ သည်။ 

ထို့ကြောင့် စိတ်ကောင်း ၊စေတနာကောင်းသည် လူ၌ အသက်တမျှ အရေးကြီးလေသည်။ စိတ်ကောင်း စေတနာကောင်းများ မွေးမြူရေးသည် လူတို့အဖို့ အရင်ဆုံး ဖြည့်ဆည်းပေးရမည့် လိုအင်ဖြစ်သည် ဟု ဆိုရမည်။ 

သူတော်ကောင်းပညာရှိကြီးများက စိတ်ကောင်း စေတနာကောင်း၏ အနက်အဓိပ္ပါယ်ကို ဤသို့ ဖွင့်ဆိုခဲ့ကြသည်။ 

"စိတ်ကောင်း စေတနာကောင်းဟူသည် ထူးခြားသော စိတ်စွမ်းရည် ဖြစ်သည်။ ပြည့်စုံအပ်သော ဂုဏ်ထူး ၀ိသေသများကား များလှပေသည်။ သို့သော အကျဉ်းချုံး၍ စိတ်ကောင်း၊ စေတနာကောင်း ဆိုသော သဘောကို ဖွင့်ဆိုရလျှင် မိမိကိုယ်ကို နှိမ့်ချ အနစ်နာခံပြီး သူတစ်ပါး အကျိုးဖြစ်ထွန်းရေးအတွက် လုပ်ဆောင်တတ်ခြင်း၊ ပြောဆိုတတ်ခြင်း၊ ကြံစည်တတ်ခြင်း တို့ကို ၀မ်းမြောက်ကြည်ဖြူစွာ လုပ်ဆောင်နိုင်ရန် ချီးမြှောက် တွန်းအားပေးနိုင်စွမ်းရှိသည့် စိတ်ဓာတ်မျိုးပင် ဖြစ်သည်။ "

စိတ်ကောင်း စိတ်မြတ်၏ အဓိက ဂုဏ်အင်မှာ မိမိကိုယ်ကို နှိမ့်ချ အနစ်နာခံ၍ တစ်ပါးသူအား ဖေးမမြှင့်တင် ပေးနိုင်ခြင်းပင် ဖြစ်၍ သူတစ်ပါး အကျိုးကို စိတ်နှလုံး ဖြူစင်စွာ ဆောင်ရွက် တတ်သူကို စိတ်ကောင်း စေတနာကောင်း ရှိသူဟု ခေါ်ဆိုရပါမည်။ 

"ပျားရည်ကိုလိုသော် ပျားအုံကို မဖျက်နှင့်" ဟူသော စကားမှာ ပျားဖွတ်သူများအတွက် ရည်ရွယ် ပြောဆိုထားသော်လည်း ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အလွန် တာသွားသော အဓိပ္ပါယ် ၊ သဘောတရား တစ်ခု ဖြစ်လေသည်။ လူတစ်ဖက်သားကို ကိုယ့်ဖက်ပါအောင် စည်းရုံးရာတွင် ထိုသူ မကြိုက် မနှစ်သက် ၊ သဘောမကျသော အရာတို့ကို လုံးဝ မပြောဆို ၊ မလုပ်ပါနှင့် ဟု ဆိုလိုပါသည်။ ဤနည်းဖြင့် မိမိအား ပတ်ဝန်းကျင်၏ လေးစား ချစ်ကြည်မှုတို့ကို ရယူနိုင်ပါသည်။ 

စိတ်ကောင်းရှိသော သူသည် မှန်ကန်သော နှုတ်အမူအရာ၊ ကိုယ်အမူအရာရှိသည်။ စိတ်သဘောထား မြင့်မြတ် တည်ကြည်သည်၊ လူတစ်ဖက်သား၏ အကျိုးကိုဆောင်တတ်သည်။  သွင်ပြင် အမူအရာ နှစ်လိုစဖွယ် ရှိသည်။ မျက်နှာမြင်လျှင် ချစ်ခင်စေနိုင်သော ဂုဏ်ထူး ၀ိသေသ ရှိသူ ဖြစ်သည်။ 

ထို့ကြောင့် လူ့လောကအလယ်တွင် သင့်တင့်မျှတစွာ ပေါင်းသင်း ဆက်ဆံနိုင်မှုကို လိုပါလျှင် သို့အတွက် မိမိအတွက် မိတ်ကောင်းများကို လိုပါလျှင် "စိတ်ကောင်းတစ်ခု မွေးမြုပါ" ဟူ၍သာ တိုက်တွန်း အကြံပေးလိုပါသည်။ 

ဦးဝမ်ထိန်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

 

လူ့တိရစ္ဆာန်

လူ့အဖြစ်ကို ရပြီးမှ
တိရစ္ဆာန်အကျင့်ကို ကျင့်နေသူကို
လူ့တိရစ္ဆာန် လို့ခေါ်ပါတယ်...

တချို့လူတွေဟာ
အတ္တသိပ်ကြီးကြတယ်..
တစ်ကိုယ်ကောင်း သိပ်ဆန်တယ်
မြေခွေးလို ကောက်ကျစ်တယ်

ကိုယ့်တစ်ဦးတည်း ကောင်းစားရေးကို
ကြည့်ပြီး လုပ်တယ်။

သူတစ်ပါး ဘာဖြစ်ဖြစ် စိတ်မ၀င်စားဘူး
မိမိအဆင်ပြေဖို့ပဲ ကြည့်တယ်။

အဲလိုလူတွေဟာ
တိရိစ္ဆာန်အကျင့်ကို ကျင့်တဲ့သူပဲ
ဘယ်လောက် ရွံ့စရာကောင်းလဲ။

တိရစ္ဆာန်  ဖြစ်လို့
တိရစ္ဆာန်လို ခေါ်တာထက်
လူဖြစ်ပြီး လူ့အကျင့်ကို မကျင့်ဘဲ
တိရစ္ဆာန်အကျင့်ကို ကျင့်လို့
လူ့တိရစ္ဆာန် လို့ အခေါ်ခံရတာဟာ

တိရစ္ဆာန် ထက်တောင်
ပိုပြီးတော့ အောက်တန်းကျပါတယ်

လူဟာ လူလိုပဲ ကျင့်ရပါတယ်
တိရစ္ဆာန် လိုမကျင့်ရပါဘူး

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

စာဖတ်ပါ

လူသည် အာဟာရပြည့်ဝဖို့
အစားအသောက်ကို နေ့စဉ်စားရ၏
အသိဥာဏ် ပြည့်ဝဖို့
နေ့စဉ် စာဖတ်ရ၏


အားလုံးဟာ ပြည့်စုံတဲ့ အရာတစ်ခု
မဟုတ်ရင်တောင်မှ
အောင်မြင်ကြီးပွားလိုတဲ့ သူအတွက်တော့
အထောက်အကူပြုမှာ မလွဲပါဘူး.

တကယ်စာဖတ်တဲ့သူဟာ
အသိဥာဏ်ပြည့်ဝသွားမယ်
စိတ်ဓာတ်ခွန်အား ရင့်ကျက်လာမယ်

အချိန်က တန်ဖိုးရှိလို့
လောကဓံကို ရင်ဆိုင်နိုင်မယ့်
စာတွေကိုပဲ ရွေးဖတ်သင့်ပါတယ်

ခွန်အားရှိဖို့ အစားစားရမယ်ဆိုရင်
အသိဥာဏ်ရှိဖို့ စာဖတ်ပါ

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

တစ်ကိုယ်ကောင်းဆန်မှု

လူငယ် တစ်ယောက် လှေဆောက်နေပါတယ်...

အဘိုးအို. . . . . "ဘာအတွက်လဲ လူလေး"

လူငယ်. . . . ." စာတစ်အုပ်ထဲမှာ. . . ဖတ်ရတယ်. . . နောက်ဆုံး တစ်နေ့မှာ ကမ္ဘာကြီး တစ်ခုလုံး ရေလွှမ်းမိုးသွားပြီး သက်ရှိတွေ အကုန်လုံး သေဆုံးကုန်လိမ့်မယ် တဲ့ ၊ အဲဒီအတွက်ပါ. . . . "

အဘိုးအိုက ပြုံးပါတယ်. . .

"လူလေးရယ် သက်ရှိတွေ မရှိတော့တဲ့ ဒီကမ္ဘာကြီးမှာ မင်းတစ်ယောက်တည်း နေခဲ့ချင်လို့လား. . .. . .လူငယ်က တွေဝေသွားပါတယ်. . .. ပြီးတော့ အဘိုးအိုကို ကျေးဇူး စကား ဆိုလိုက်ပါတယ်. . ."

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . .

ခွေးမြီးပညာရှင်

"ပေါ်ဦး "

"ခစားလျှက်ရှိကြောင်းပါ ဘုရား . . "

"မိုးတားစား အမတ်ကြီးသည် လွန်စွာ ပညာဂုဉ်မောက်ပြီး ၊ မာန်စွယ်ပြသည် ဟု. . . ငါကိုယ်တော်မြတ် ယူဆတော် မူတယ်. . . . "

ဘ၀ရှင်မင်းတရားကြီးက မိုးတားစား အမတ်ကြီးနှင့် ပတ်သက်၍ ဦးပေါ်ဦးအား မိန့်တော်မူလေသည်. . .

"မှန်လှပါ အရှင်ဘုရား. . . . မိုးတားစား အမတ် ခွေးမြီးနှင့် တူသော ပညာအမြီး ပေါက်ခြင်း ဖြစ်ကြောင်းပါ ဘုရား. . . . "

ဦးပေါ်ဦးက ဘ၀ရှင်မင်းတရားကြီး စိတ်ချမ်းမြေ့ဖွယ်ကို လျှောက်ထားသည်. . .

"ရှင်းလင်း လျှောက်ထားစမ်းပါဦး. . . . ပေါ်ဦးရဲ့ "

"မှန်လှပါ . . အခြားသူတို့၌ ပေါက်သော အမြီးမှာ ဆင်၊ မြင်း၊ ခြင်္သေ့ဟူသော သတ္တာဝါတို့တွင် ပေါက်သော အမြီးနှင့် တူပါပေသည် ဘုရား . . . "

"ဆန်းလှချည်လား ပေါ်သီးရဲ့. . . . "

"မှန်လှပါ အရှင်ဘုရား . . . ဆင်၊မြင်း၊ ခြင်္သေ့ဟူသော သတ္တ၀ါတို့တွင် ပေါက်သော အမြီးသည် မှက်၊ ခြင်၊ယင် . . . တို့ကိုလည်း ခြောက်ရတသည်. . . မိမိအင်္ဂါဇာတ်ကိုလည်း ဖုံးလွှမ်းရပါသည်. . . . . ဘုရား . . .ခွေးမြီးမှာမူကား . . မှတ်၊ခြင်၊ ယင်တို့ကိုလည်း မခြောက်ရ . . မိမိအင်္ဂါဇာတ်ကိုလည်း မဖုံးလွမ်းရ ရှိပါသည်. . . . မိုးတားစားသည်လည်း ထို့အတူပင် ဖြစ်ပါသည် . . "

"ပမာ နှိုင်းပုံကတော့ . . . ထူးသကွယ်. . ."

"မှန်လှပါ အရှင်ဘုရား ၊ မိုးတားစား အမတ်သည်. . ပညာဖြင့် လုံလောက်သူ ဧကန် ဖြစ်သော်လည်း မိမိ၏ အရှက်ကိုလည်း မဖုံးလွှမ်း၊ သူတစ်ပါးထံမှာ လာအံ့သော အရေးကိုလည်း ကာကွယ်တားဆီးခြင်း မပြုနိုင်ပါ ဘုရား. . . . ထို့အပြင်. . . ခွေးမြီးနှယ် ပညာမာန် တစ်ထောင်ထောင်ဖြင့် နေခြင်းသည်. . . ပညာရှိတို့အတွက် ရယ်ဖွယ်ရာသာ ဖြစ်ပါတော့သည်. . ဘုရား . . . ယင်းကြောင့် ခွေးမြီးပညာရှင်ဟု သာ ၄င်းအား ဆိုထိုက်ပါကြောင်း ဘုရား. . . . . "

ပိဿလေးနှင့် ဘေးပစ်သည့် နှယ် ဦးပေါ်ဦး၏ ခိုင်းနှိုင်းလျှောက်ထားပုံက ပြင်းထန်လှပါသည်. . . . . ဘ၀ရှင်မင်းတရားကြီးလည်း အလွန်ပင် သဘောတွေ့ပါသည်. . . ကြားရသူ မင်းပရိသတ်အားလုံးမှာလည်း တပြုံး ပြုံး တဝေါ ဝေါ တသောသော ရယ်မောကြလေသည်. . .


ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရှုထောင့်

ကျွန်တော့်မိတ်ဆွေများကို မေးခွန်းတစ်ခု လိုက်မေးမိပါတယ်.. . . ကျောက်သင်ပုံးပေါ်မှာ မြေဖြူနဲ့ ရေးထားတဲ့ အ၀ိုင်းလေးတစ်ခုကို ပြပြီးတော့ပါ. .

ကျွန်တော်. . . . . . "ဒါဘာလဲ"

သချာင်္ပညာရှင်. . . . . "သုည"

သိပ္ပံပညာရှင်. . . . "မဟုတ်ဘူး စက်ဝိုင်း "

မြန်မာစာဆရာ. . . . "၀လုံး. ."

ဂမ္ဘီရဆရာ. . . . "အင်းကွက် ပါ ဗျ"

သူတို့ ဆက်လက် ငြင်းခုန်နေကြပါစေ. . .

တစ်ချိန်ကျရင် ဖြစ်ရပ်တစ်ခုကိ အမြင်အမျိုးမျိုးနဲ့ ကြည့်လို့ရတယ် ဆိုတာ သူတို့ သိသွားမှာပါ. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မကွာသေး၍ မသိသေးပါ

တစ်နေ့သော် . . .

ဘိုးတော် ဦးဝိုင်းသည် အမတ်ကြီး ဦးပေါ်ဦးအား ခေါ်၍ မင်းကွန်းဘက်သို့ ကူးခဲ့သည်. . .

ဆောက်လုပ်ဆဲ ကောင်းမှုတော်များအတွက် အင်္ဂတေ ဖော်စပ်ရာတွင် ကောင်းသထက်ကောင်းစေရန် ရည်ရွယ်၍ မင်းတရားကြီးကိုယ်တော်တိုင် ပန်းရံဆရာများနှင့် တိုင်ပင် ဖော်စပ်စေသည်. .

"ပေါ်ဦး "

"ခစားလျက်ရှိကြောင်းပါ ဘုရား. . "

"ငါကိုယ်တော်တိုင် . . . ဖော်စပ်စေတဲ့ အင်္ဂတေများဟာ မာရဲ့ကောင်းရဲ့လားကွယ့် . . . "

မင်းတရားကြီး၏ စိတ်အလိုကို ဦးပေါ်ဦးက ကောင်းစွာ သိပါသည်. . .

"မှန်လှပါ အရှင်ဘုရား . . . မင်းတရားကြီး ကိုယ်တိုင် ဖော်စပ်တော်မူတဲ့ အင်္ဂတေများဟာ အန်မတန် မာလှ ကောင်းလှတဲ့ အတွက် မှို့တင်ကာ မီးခတ်လျှင်ပင် . . . မီးတောက်နိုင်ကြောင်းပါ ဘုရား . . . "

ဦးပေါ်ဦးက လျှောက်ထားသည်. . .

ဘိုးတော် ဦးဝိုင်းကလည်း ကျေနပ်သည်. .

"သဟာဖြင့် ပေါ်ဦးရဲ့. . . ပေါက္ကံပြည် ရွှေစည်းခုံ စေတီတော်က အင်္ဂတေနှင့်ယှဉ်လျှင် ဘယ်သင်းက ပို၍ သာမလဲကွယ့်. . . . "

"မှန်လှပါ အရှင်ဘုရား. . . ပေါက္ကံပြည် ရွှေစည်းခုံ စေတီတော်က အင်္ဂတေသည် မကွာသေး၍ အမှန်ကို မသိသဖြင့် မလျှောက်တတ်သေးပါ ဘုရား. . . . ."

အင်္ဂတေ၏ သဘောသည် ကွာကျတတ်သည်. . .

ရွှေစည်းခုံ စေတီတော်က အင်္ဂတေသည်. . ကောင်းသဖြင့် ကွာမကျသေးဟု ဆိုလိုခြင်း ဖြစ်သည်. .

ဦးပေါ်ဦးကား ပါးနပ်လိမ္မာစွာ လျှောက်ထားတတ်သူ ဖြစ်ပါသည်. . . .မင်းတရားကြီးလည်း ဦးပေါ်ဦး၏ ဆိုလိုရင်းကို သိသဖြင့် ခပ်မဆိတ်ပင် နေတော်မူသည်. . .

ဦးပေါ်ဦး လျှောက်ထုံး ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အောင်မြင်ချင်တဲ့သူ

စာအုပ်ထုတ်ဝေရေးလုပ်နေတဲ့ လူငယ်တစ်ယောက် က ရင်ဖွင့်နေပါတယ်. . .

လူငယ်. . . . "ဆရာရယ် ကျွန်တော့ စာအုပ် အဖုံးလေးကို စက္ကူကောင်းကောင်းနဲ့ လုပ်ရဦးမယ်. . "

အဘိုးအို. . . . "လုပ်ရမှာပေါ့. . . "

လူငယ်. . . . "လုံးချင်းတွေလည်းရေးရအုံးမယ် ဆရာ. . . "

အဘိုးအို . . . . "လုပ်ရမှာပေါ့. . "

လူငယ် . . . . "ကြော်ငြာအတွက်လည်း စီစဉ်ရဦးမယ်. . . "

အဘိုးအို. . . . "လုပ်ရမှာပေါ့. . . "

လူငယ်က အဘိုးအိုကို မကြည်တဲ့ အကြည့်နဲ့ ကြည့်ပါတယ်. . . သူပြောသမျှ လုပ်ရမှာပေါ့ ချည်းပဲ ပြောနေတာကိုး. . .

ဒါကိုလည်း အဘိုးအို က ခံစားမိပုံရပါတယ်. . . ဒါကြောင့် စကားတစ်ခွန်းပြောပါတယ်. . .

"ဟုတ်တယ်လေကွယ်. . . မင်းက အောင်မြင်မှုကို လိုချင်တာကိုး. . ."

"အောင်မြင်ချင်တဲ့ လူဟာ အောင်မြင်နိုင်မယ့် အကြောင်းအချက်တွေ အားလုံးကို လုပ်ကို လုပ်ရမှာပဲတဲ့. . . "

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အမြင်ကျယ်ရမယ်

အမြင်ကျဉ်းရင်
လမ်းကျဉ်းတတ်ပါတယ်. .

အောင်မြင်ချင်တဲ့ သူတွေမှာ
ရှိရမယ့် နောက်ထပ် အရည်အချင်းကတော့
အမြင်ကျယ်ရပါမယ်.. .

တကယ်တော့
ဟောဒီလောကကြီးဟာ အကျယ်ကြီးပါ. .
လူတွေကလည်း ရှင်သန်ပြောင်းလဲနေပါတယ်.
လူတွေ ပြောင်းလဲတော့
ပတ်ဝန်းကျင်တွေလည်း
ပြောင်းလဲလာပါတယ်. . .

အဲသည်လို အပြောင်းအလဲများပြီး
မြန်လည်း မြန်ဆန်လွန်းတဲ့ လောကကြီးနဲ့
ရင်ပေါင်တန်းပြီး ပြေးနေနိုင်မှ
ဘာတွေ ဖြစ်နေပြီလဲဆိုတာကို
သိနိုင် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်. .

သည်လိုမဟုတ်လို့ကတော့
ကျဉ်းမြောင်းတဲ့ အမြင်ကလေးနဲ့
သူတစ်ပါးတွေနောက်က
စမ်းတ၀ါးဝါး
သွားနေရပါမယ်. .

မရေရာတဲ့လမ်းကို
စမ်းတ၀ါးဝါး သွားတဲ့သူဟာ
ခရီးပေါက်နိုဖို့
ပန်းတိုင် ရောက်ဖို့ဆိုတာ
မလွယ်ကူသလို
မြန်လည်း မမြန်ဆန်နိုင်ပါဘူး . . .

ဒီတော့ . .
အောင်မြင်ချင်ရင် အမြင်ကျယ်ပါ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့

သမီး

မိန်းကလေးတစ်ယောက်ဟာ
ရုပ်ရည် ချောမောလှပမယ်
ပစ္စည်းဥစ္စာ ရှိမယ်ဆိုရင်
အခွင့်အလမ်းကောင်း များစွာနဲ့
အဆင်ပြေပြေ အသက်ရှင် နေထိုင်နိုင်လိမ့်မယ်..

ဥစ္စာလည်း မပေါ
ရုပ်ရည်လည်း မချောရင်တော့
အတတ်ပညာတစ်ခု ခုကို
ထူးထူးချွန်ချွန်တတ်အောင် ကြိုးစားပါ

ဥပမာ. .
အင်္ဂလိပ်စာ အသေအချာ တတ်တာမျိုး
ဆံပင်ညှပ် အလှပြင်တတ်တာမျိုး
တစ်မျိုးမျိုးတော့ တတ်မှ ဖြစ်မယ်

ကံမကောင်း အကြောင်းမလှလို့
ဘာအတတ်ပညာမှ လည်း မရှိဘူးဆိုရင်
ဘ၀ကို ဒေါင်ကျကျ ပြားကျကျ
ရင်ဆိုင်ရဲတဲ့ သတ္တိတော့ ရှိရလိမ့်မယ်
အဲ့ဒီသတ္တိမျိုး သမီးမှာ ရှိပြီလား. .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဝတ်လဲတော် မသည့်အချိန်ကို သိချင်သော ဦးပေါ်ဦး

"ပေါ်ဦး"

"ခစားလျက်ရှိကြောင်းပါ ဘုရား "

"ပါဠိ- မေဃ ကနေ မိုးဖြစ်ပုံကို ရှင်းလင်းလျှောက်ထားစမ်းပါဦး ပေါ်ဦးရဲ့ . . . "

"မှန်လှပါ. . . ဘ၀ရှင်မင်းတရားကြီး ဘုရား . . . သဒ္ဒါဆိုသည်မှာ . . . လူတို့ နေ့စဉ်ပြောဆိုသော အသံပင်ဖြစ်ကြောင်းပါ ဘုရား. . . မေဃမှ မိုးဖြစ်လာပုံမှာလည်း မာဃမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းပါ ဘုရား . . . "

"မေဃဆိုသည်မှာ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓာတ်ကြီးလေးပါး အဖွဲ့အစည်းသာ ဖြစ်ပါတယ် . . . . အခိုးအငွေ့များ စုပေါင်းပြီး အမြင့်သို့တက်ရာ ၊ အအေးဓာတ်နှင့် တွေ့ထိပြီး ရေစက် ရေပေါက်များ ဖြစ်ကာ ကျရောက် ခြင်းကို မိုးရွာခြင်း - ဟုခေါ်သည့် အတွက် မာဃမှ မေဃ၊ မေဃမှ မိုး ဖြစ်လာခြင်းပါ ဘုရား . . . "

ဟု ဦးပေါ်ဦးက သွက်လက်စွာပင် လျှောက်ထားသည်. . .

ဘိုးတော်မင်းတရားကြီးသည် ဦးပေါ်ဦးက ချက်ချင်း ဖြေသည်ကို နှစ်လိုတော်မူသည်. . . ဦးပေါ်ဦးကို ကျီစယ် လိုစိတ်လည်း ရှိတော်မူသဖြင့် ဤသို့မိန့်လေသည်. .

"ပညာရှိအမတ်ကြီး ဦးပေါ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို မလျော့ပါးစေချင်တာနဲ့ မေးသမျှ ချက်ချင်းဖြေတော့တာပဲ. . . "

"ဒါနဲ့ . . . တစ်ခုမေးစမ်းပါရစေဦး ပေါ်ဦးရဲ့. . . "

ဦးပေါ်ဦးက ခတ်မဆိတ်ပင် နေသည်. . .

"နာခံလျက်ရှိကြောင်း ပါ ဘုရား. . ."

"ငါကိုယ်တော်မြတ် မေးသမျှ ဖြေနိုင်အောင် မမေးခင်ကတည်းက ကြိုတင်တွေးတော စီစဉ်ထားတာများ ရှိသလား ကွယ့်. . . "

"ဘုန်းတော်ကြီးမြတ်လှသော . .. ဘ၀ရှင်မင်းတရားကြီး ဘုရား. . . လျှောက်ထားခွင့်တစ်ရပ် ပေးသနားတော်မူပါဘုရား. . . "

"လျှောက်ထားစေကွယ့်. . . ပေါ်ဦး. ."

"အရှင်မင်းတရားကြီး. . .. မိဖုရားတို့၏ အနောက်ဆောင် သို့ကြွသွားမည်ဟု ကြံစည်တော်မူကတည်းကပင်. . . ၀တ်လဲတော် ကိုမပါသလား . . သို့တည်းမဟုတ် . . အဆောင်တော်ထဲရောက်မှ . . . မပါသလား ဘုရား . . "

"တန်ပါတော့ ပေါ်ဦးရယ်. . "

ဘိုးတော်မင်းတရားကြီးသည်. . .ပြုံးရွှင်ရယ်မောရင်း မိန့်တော်မူကာ ပေါ်ဦးကို ဆက်လက် မလျှောက်ထားရန် တားမြစ်တော် မူရလေသည်. . .
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မြှားပစ်ဝိဇ္ဖာ

လူတစ်ယောက်က ကျွန်တော့ကို သူ့နှလုံးသားရေးရာနဲ့ ပတ်သက်လို့ လာရင်ဖွင့်ပါတယ်...

လူငယ်. . . . . . အဆင်မပြေဘူးဗျာ. . . လွဲလွဲနေတယ်.. . အကြံပေးပါဦး. .

ကျွန်တော်. . .. မင်းတောပုန်းကြီး ရော်ဘင်ဟုကို ကြားဖူးလား. . .

လူငယ်. . . . .အင်း

ကျွန်တော်. . . သူ့ဆီမှာ မင်းရဲ့ မြှားနတ်မောင်ကို လေးပစ်သင်တန်းတက်ခိုင်းလိုက်. . အဆင်ပြေသွားလိမ့်မယ်. . .

အဲဒီလူငယ်လေးလည်း ကျွန်တော့ အကြံပြုချက်ကို စဉ်းစားသွားပါတယ်. . . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့

သမီး....
လူတွေကို ကြီးပွား ချမ်းသာအောင်
လုပ်မပေးနိုင်ပေမယ့်
သူတို့ စိတ်ချမ်းသာအောင်တော့
ဖေဖေတို့လုပ်ပေးနိုင်ပါတယ်..

ဘယ်လို လုပ်ရမလဲ သိလား
သူတို့နဲ့တွေ့ရင်
ရွှင်လန်းကြည်သာ ပြုံးပြပါ

သူတို့ပြောတာ နားထောင်ပါ..
ရိုးသားစွာ ချီးမွမ်းပြောဆိုပါ.
စေတနာနှင့် တိုက်တွန်းအားပေးပါ...
ကူညီနိုင်တာကို ကူညီလိုက်ပါ..

ဒါဆို ဖေဖေတို့နဲ့
တွေ့တဲ့ သူတိုင်းဟာ
စိတ်ချမ်းသာ သွားမှာ သေချာတယ်.

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

တစ်ပါးသူကို ကောင်းမှုပြုပါ၊ ပြုကြောင်းကို မပြောပါနဲ့

ကျွန်ုပ်တို့အများစုသည် သူတစ်ပါးကောင်းကျိုးကို တစ်စုံတစ်ရာ ဆောင်ရွက်ပေးတတ်လေ့ ရှိကြသည်. . . သို့သော ထိုသို့ပြုကြောင်းကို အခြားသူများ သိစေချင်သောစိတ်ဖြင့် တစ်ဆင့်ပြောမိလေ့ရှိကြသည်. . . .

ကိုယ်ပြုလုပ်သော ကောင်းမှုကောင်းရာကို တစ်ဦးဦးအား ဖော်ထုတ်ပြောခြင်းအားဖြင့် ကိုယ့်မှာ တွေးတော စာနာတတ်သည် ဟု အတွေးပေါ်ကြသည်. . . .ထို့ပြင်ကိုယ်က ဤမျှကောင်းသောကြောင့် ကိုယ့်မှာလည်း စာနာ ထောက်ထားခံရသင့်သည်ဟု လည်း စိတ်တွင် ဖြစ်ပေါ်မိကြသည်. .

ကောင်းသောစိတ်ထား စေတနာဖြင့် ပြုလုပ်ခြင်းဟူသမျှ နှစ်သက်ဖွယ်ဖြစ်သော်လည်း ထိုကိစ္စကို ဘယ်သူ့ကိုမျှ ထုတ်ဖော် မပြောခြင်းသည် ပို၍ပင် ချီးမွမ်းဖွယ်ဖြစ်ပေသည်. . . သူတစ်ပါးကို ပေးကမ်း ကူညီရခြင်းကြောင့် အမြဲတမ်း စိတ်ချမ်းသာရပါ၏. . . . . ထိုစိတ်ချမ်းသာမှုကို အခြားသူများသို့ ဖောက်သည်ချခြင်းထက် မိမိစိတ်ထဲတွင်သာ ထားရှိနိုင်ပါက ကြည်နူးစိတ်ကို သိမ်းဆည်းလျက် ပို၍ပင် စိတ်ချမ်းသာရာ ရနိုင်ပေသည်. .

ပေးကမ်းရခြင်းအတွက် အတုံ့အပြန်မထားသော စိတ်ရှိသင့်သည်မှာ မှန်ပါ ၏ ပေးကမ်းလိုက်သည့်အကြောင်း ကို . အခြားသူများအား နှုတ်မှ ဖွင့်ဟပြောဆိုခြင်းမပြုပါလျှင် ပေးကမ်းရသည့်အတွက် နွေးထွေးမှုကို ဖြစ်စေသော စိတ်ချမ်းသာမှုကို ရပါလိမ့်မည်. . . နောက်နောင်တွင် ကောင်းမှုပြုသည့်အခါတိုင်း၌ ကိုယ့်စိတ်ထဲတွင်ထားပြီး ကြည်နူးနိုင်ပါက ပြည့်ဝသော စိတ်ချမ်းသာမှုကို ရပါလိမ့်မည်. .

မောင်ဆုရှင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အကောင်းဆုံးလုပ်ပါ

Do good.
အကောင်းဆုံးလုပ်ပါ . .
and then do it again.
ဒီထက် အကောင်းဆုံဖြစ်အောင်လုပ်ပါ. . . တဲ့. .

အဲဒီစကားလေးကို အမြဲတမ်း မှတ်သားထာပါ.
ဘာဖြစ်လို့လဲဆိုတော့
ဘ၀နဲ့ လူ
လူနဲ့အလုပ်
အလုပ်နဲ့ အောင်မြင်မှု
အောင်မြင်မှုနဲ့ ဘ၀ဆိုတာ
အမြဲတမ်း ယှဉ်တွဲပြီးမှ ဖြစ်လာတာပါ

လူဟာ သူရပ်တည်တဲ့ ဘ၀မှာ
အမြဲတမ်း
အကောင်းဆုံးဘဝ
အအောင်မြင်ဆုံးဘ၀တစ်ခုကို
တည်ဆောင်ချင်ကြတာပဲ. . .

ဒါပေမယ့်
မအောင်မြင်ကြဘူး. .
မတိုးတက်ကြဘူး. .
မကြီးပွားကြဘူး. . .

အဲဒါဘာကြောင့်လဲဆိုရင်
မိမိတို့ လက်ရှိလုပ်တဲ့အလုပ်ကို
အကောင်းဆုံးဖြစ်အောင် မလုပ်လို့ပါပဲ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘုရင်တောင်းတလိုတဲ့ ဖားတွေ

ဖားတွေအဖိုက ရွံ့အိုင်မှာ နေရာတာ အဆင်ပြေနေတာမို့ ပျော်စရာကောင်းလှသတဲ့. . . . ရေထဲ တခုန်ခုန် နေတဲ့အခါ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမရှိဘူး ၊ ဘယ်သူကမှလည်း သူတို့ကို မနှောင့်ယှက်ကြဘူးပေါ့. .

ဒါပေမယ့် ဖားအချို့က ဒီလိုနေရတာ ဟန်မကျသေးဘူးလို့ တွေးလာသတဲ့. . . သူတို့မှာ ဘုရင်ဆိုတာ ရှိသင့်တယ် .

ဒါနဲ့ သူတို့ဟာ ဂျူးနတ်ကြီးဆီ စေလွှတ်ပြီး သူတို့ လိုလားမှုကို ပေးဖို့ အသနားခံကြသတဲ့. . .

"တန်ဖိုးထက်မြတ်တဲ့ ဂျူးနတ်ကြီးရယ်၊ ကျွန်တော်တို့ဆီ ဘုရင်တစ်ပါး စေလွှတ်လိုက်ပါ၊ ဒါမှ ကျွန်တော်တို့ကို ဥပဒေနဲ့ အညီ အုပ်ချုပ်မှုရှိလိမ့်မယ်. . ."

အုံအမ် အုံအမ်နဲ့  ဖားတွေ တောင်းဆိုသံကို ကြားသိတော့ ဂျူးနတ်ဟာ ရယ်မောပြီး ရေအိုင်ထဲ သစ်တုံးကြီးတစ်ခုကို ချပေးလိုက်ပါရော. . . သစ်တုံးကြီးဟာ ဗြန်းကနဲ ရွံ့ထဲကျခဲ့တာပေါ့. ..

ဖားတွေရဲ့ အလယ်မှာ သစ်တုံးကြီးကျလာတဲ့အခါ သူတို့ ကမ္ဘာပျက်သလိုပဲ ကြောက်လန့်သွားသတဲ့. . . သူတို့အားလုံး ကုန်းပေါ်တက်ပြေးခဲ့ပြီး ကြောက်မက်ဖွယ်ရာ ဘီလူးကြီးကို စောင့်ကြည့်နေတာပေါ. . .

မကြာမီ သစ်တုံးကြီးတုပ်တုပ်မျှ မလှုပ်ဘဲ ရှိနေမှန်းသိတော့ သူတို့အထဲက အရဲရင့်ဆုံးတစ်ကောင် နှစ်ကောင်က သစ်တုံးကြီးအနီး စွန့်စွန့်စားစား လာကြည့်သတဲ့. . . အရဲစွန့်ပြီး ကိုင်ကြည့်စမ်းကြည့်တာပေါ့လေ. . . သစ်တုံးကြီးက မလှုပ်မယှက်ပါဘဲ. . .

ဒါနဲ့ သတ္တိအရှိဆုံး သူရဲကောင်း ဖားတစ်ကောင်ဟာ သစ်တုံးကြီးပေါ်တက်လိုက်ပြီး တက်ချီဆင်းချီ ကနေသတဲ့. . . ဒီလိုနဲ့ ဖားတွေ အားလုံးဟာ သူ့လို ကခုန်ကြလေရော. .

အတော်ကြာကြာအထိ သူတို့နဲ့ အတူရှိတဲ့ သစ်တုံးကြီးကို ဂရုမှုစရာမလိုဘဲ နေ့စဉ်လုပ်မြဲ ကိုင်မြဲအတိုင်း နေကြာတာပေါ့. . . . ဒီလိုနေရတာလည်း သိပ်မဟန်သေးဘူးတဲ့ကွယ်. . .

တစ်ခါ ဂျူးနတ်ကြီးဆီ စေလွှတ်ပြီးတောင်းပန်သတဲ့. . . . . .

"တကယ့်ဘုရင်ကို ကျွန်တော်တို့ အလိုရှိတယ်. . . ဒါမှ ကျွန်တော်တို့ကို အုပ်ချုပ်လို့ရမှာပေါ့"

ဒီတစ်ခါတော့ ဂျူးနတ်ကြီး စိတ်ဆိုးသွားသတဲ့ကွယ်. . . ဒါကြောင့် ငှက်ကြားကြီး တစ်ကောင်ကို သူတို့ဆီ စေလွှတ်လိုက်လို့ မကြာမီ ငှက်ကြီးက သူတို့အားလုံးကို စားသောက်ပစ်လိုက်သတဲ့. . . ဖားတွေအဖို့ အချိန်လွန်မှ နောင်တတရား ရသွားတာပဲလေ. . .

မတရားသော အုပ်စိုးမှုထက်
အုပ်ချုပ်မှု မရှိခြင်းက ပိုကောင်းသည်.


အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ယောက်ျားကောင်း

ကျွန်တော် ကောင်မလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းမိပါတယ်. အရင်ကတည်းက သူနဲ့ ကျွန်တော် ရင်းနှီးခဲ့တာပါ. . .

ကောင်မလေး . . . . "ကျွန်မ အထင်မကြီးတဲ့ ယောက်ျားတစ်ယောက်ကို လက်မထပ်နိုင်ဘူး. . "

ကျွန်တော်. . . . . . . ."အင်း. . ."

ကောင်မလေး . . . . "ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင် တမွတ် ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ရဲမြဲလမ်းတဲ့ . . . ကြားဘူးလား. . .. . "

ကျွန်တော်. . . . . . . ."အင်း. . ."

ကောင်မလေး . . . . "ဒီတော့ ကျွန်မအတွက် ကြယ်ဆွတ်ပေးပါ. . "

ကျွန်တော်. . . . . . . ."အင်း. . ."

ညတစ်ညမှာ ကျွန်တော် သူ့ဆီ သွားပါတယ်. . လက်မထပ်နိုင်တော့ကြောင်း သွားပြောတာပါ. . သူက အမေးမျက်ဝန်းနဲက ကျွန်တော့ကို ကြည့်လို့ ရှင်းပြခဲ့ရပါသေးတယ်. .

"ကျွန်တော . . . ခူးဆွတ်ပေးတဲ့ ကြယ်တွေကို မသိမ်းဆည်းနိုင်တဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် လက်မထပ်နိုင်ပါဘူး. . ."

ပြီးတော့ . . . အေးအေးဆေးဆေးပဲ လှည့်ပြန်ခဲ့ပါတယ်. . . .

အဲဒီညကတော့ ကြယ်တွေ ကြွေလို့ပေါ. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။