ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

အလှကမ္ဘာမြေ


ညီမငယ် မက်မက် တဂ်တဲ့ မြန်မာသံစဉ်သီချင်းထဲက တိမ်လွှာမို့မို့လွင် ရုပ်ရှင်ထဲက ၀င်းဦး သီဆိုခဲ့တဲ့
"အလှကမ္ဘာမြေ " သီချင်းကို
ပန်းကဗျာ က အရမ်းကြိုက်ပါတယ်. . . အရင်ခေတ်က သီချင်းဆိုပေမယ့် ခုချိန်ထိ ဘယ်အချိန် ပြန်နားထောင် နားထောင် နားထဲမှာ စွဲနေဆဲမို့လို့ပါ . . . ဒါကြောင့် ဒီသီချင်းလေးကို City Fm မှာ ချိုပြုံး သီဆိုထားတဲ့ "အလှကမ္ဘာမြေ " မြန်မာသံစဉ်သီချင်း
ကို ပန်းကဗျာ က ရွေးချယ်လိုက်ပါတယ် . . .




"အလှကမ္ဘာမြေ"


ဤကမ္ဘာမြေပြင်ပေါ်တလွှားဝယ် သူငါများတို့ရယ်

အလှနဲ့သစ္စာကိုကွယ် ဖွေရှာမောကြတယ်

တကယ်မမောပန်းစေရန်ကိုကွယ် ပြောပြောပြမယ်

ကိုယ့်ဌာနေ ၀န်းကျင်မှာကွယ် တကယ်ပင် အလှရှိတယ်။


စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်

သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်

တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်

ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။


ဒီဘုံဘွေကြုံလေသမျှဝယ် သဘာဝတရားအလှရယ်

ဘ၀ရဲ့သစ္စာမည်တယ် ခိုင်မာ အမြဲမြစ်တွယ်

တဒင်္ဂအလှဆိုတာတွေရယ် ပေါကြွယ်လွန်းလှတယ်

တကယ့်အလှနဲ့ သစ္စာမှာကွယ်

သဘာဝ အခင်းဖြစ်တယ်။


စုံမြိုင်ခြေဂနိုင်မြေလမ်း အထွေထွေ ဆန်းပြားကြွယ်

သဘာဝရဲ့အလှဟန်တွေရယ် ထုံကြည်သင်းပျံ့တယ်

တကယ်အလှရဲ့မူမှန်ကိုကွယ် တွေးကာ ငေးကြည့်ဝယ်

ကမ္ဘာ့တန်ဆာမိခင်မြေ၀ယ် ပုံပန်းချီရေးသိဖွယ်။


တေးဆို - မူရင်း (၀င်းဦး)
ချိုပြုံး၊

အားလုံးကိုချစ်ခင်လေးစားလျှက်...



အိမ်လွမ်းသူ….



"မေမေ ဒီနေ့ ဘာချက်လည်း . . . . ဒီနေ့ တော့ ငါ့သမီးကြိုက်တဲ့ ဒန့်ဒလွန်သီးကို ခရမ်းချဉ်သီးနဲ့ သတ်သတ်လွတ်ချက်တယ်. . . . ပြီးတော့ ၀က်သား အချိုချက်တယ်.. . . မုန်ညင်းကြော် . . . တယ် "
"မိုက်တယ် . . . . ဒီနေ့ သမီးကြိုက်တာတွေကြီးပဲ ကောင်းမှကောင်း . . . . ၀ါးမယ်. . ."
"မေမေရော စားပြီးပြီလား . . . စားလို့ကောင်းလား . . "

ဒါကတော့ ကျွန်မ ကျောင်းတက်စဉ်ကနေ အလုပ်ရသည်အထိ အိမ်ရောက်ချိန်မှာ ကျွန်မတို့ သားအမိ ပြောဆိုနေကျပဲ ဖြစ်ပါတယ်. . . . ကျောင်းတက်တုန်းကလည်း ကျွန်မက မူလတန်းကနေ ဘွဲ့တစ်ခုရတဲ့ အထိ အိမ်နဲ့ မကွာတက်ခဲ့ရပါတယ်. . . . ဒါကလည်း ကုသိုလ်တစ်မျိုးပါပဲ သူများတွေလို မိဘအိမ်နဲ့ ခွဲနေရတဲ့ ဒုက္ခရယ် စားရေး ၊သောက်ရေး က အစ မပူပင်ရတော့ပါဘူး. . . . ဒီတော့ အိမ်နဲ့ခွဲရတဲ့ ဒုက္ခကို မသိသေးဘူးပေါ့. . . .

ဒီလိုနဲ့ ကျောင်းပြီးတော့ လုပ်ငန်းခွင် ၀င်ဖို့ ပြင်ဆင်ပါတယ် . . ဒါပေမယ့် မေမေက ကျွန်မကို အိမ်နဲ့ ခွဲပြီး ဘယ်အလုပ်မှ မလုပ်စေချင်ပါဘူး . . . အကြောင်းပြချက်ကတော့ ကျွန်မက ကျန်းမာရေး မကောင်းဘူး ပြီးတော့ စိတ်ပျော့တဲ့ အတွက် နေရာတကာမှာ သူများတွေလို ခံနိုင်ရည်မရှိဘူး လို့ မေမေက ပြောပါတယ်. . . ဒါနဲ့ ပဲ အလုပ်လုပ်ဖို့ အခွင့်မရခဲ့ပါဘူး . .

တစ်နေ့တော့ အိမ်နဲ့ ခွဲနေရဖို့ အကြောင်းကဖန်လာပါတယ် . . ရန်ကုန်မှာ ကျောင်းတက်ဖို့ ကျွန်မ ၀င်ခွင့်စာမေးပွဲဖြေထားတာ ၀င်ခွင့်အောင်ပါတယ် . . . မေမေက သိပ်သဘောမကျဘူး . . ကျွန်မ အကိုနဲ့ ကျွန်မနဲ့ အတိုက် အခံ ပြောတော့မှ ပဲ ကျောင်းသွားတက်ဖို့ ခွင့်ပြုပါတယ်. . အဲဒီတော့ မှ ကျွန်မ အိမ်နဲ့ စခွဲဘူးတာပါ. . . အဲဒီအချိန်မှာ ကျွန်မပျော်တယ် အိမ်နဲ့ မတူတဲ့ ပတ်ဝန်းကျင် အသစ်မှာ နေရမှာ ဒါပထမဆုံးပါ. . . . ဒီတော့ အတွေးတွေနဲ့ ပျော်မဆုံးပေါ့.. . .ကျောင်းတက်တာ.ရန်ကုန်မှာ ၃ နှစ်ကြာပါတယ် .. အဲဒါ က အိမ်နဲ့ ခွဲဘူးတဲ့ သက်တမ်းက အကြာဆုံးပါ ပဲ. . .

ကျောင်းတက်တော့ ရန်ကုန်က အဒေါ်အိမ်မှာ အားလုံး အဆင်ပြေပါတယ်. . . ကိုယ့်အိမ်လိုတော့ ဘယ်ဟုတ်ပါ့မလည်း. . . . . . . ဒါပေမယ့် မရဘူးလေ သူများအိမ်မှာတော့ ဂျေးများလို့မရတော့ဘူး . . . အဲဒီအချိန်မှာ အိမ်ကို အရမ်းသတိရတယ်. . . အိမ်ဆိုတာထက် နွေးထွေးတဲ့ မေမေရဲ့ မေတ္တာအပြည့်ရှိတဲ့ အမေ့အိမ်ကို လွမ်းတာပါ..

အဲလိုနဲ့ ပထမ ၁ နှစ်ပြီးသွားပါတယ်. . . . ဒုတိယနှစ်ကျတော့ ကျောင်းနဲ့ နီးတဲ့သူငယ်ချင်း အိမ်မှာပြောင်းနေပါတယ်. . . . အဲဒီမှာ သူငယ်ချင်းနဲ့ ၃ ယောက်နေတော့ ကိုယ့်ဘာကိုယ် ချက်စားရတယ် . . . . အားလုံး အစစကိုယ့်ဘာကို စီစဉ်ရတယ် . . . ကိုယ်တိုင်ဦးဆောင်ရတယ် အဲဒီတော့ မှ ခေါင်း စားတာပဲ ဈေးသွားရင် ဘာဝယ်ရမှန်းမသိ ဘူး သူငယ်ချင်း ၂ ယောက် ခေါင်းချင်းရိုက်နေတာပါပဲ. . . .ဒီတော့မိဘဦးဆောင်မှုရှိတဲ့ မိဘအိမ်က ဘယ်လောက်နွေးထွေးလည်းဆိုတာ ပိုသိလာခဲ့ပါတယ်. . .

ဒီတော့ မေမေ့ကို ကိုယ်ချင်းစာပါတယ် . . . သနားလည်းသနားတယ် ပြီးတော့ မိဘကျေးဇူးကို ပိုနားလည်လာပါတယ်. . . .တစ်ခါတစ်လေ. ဟင်းဂျီးများ တဲ့ ကျွန်မကို မေမေက "နင်ကိုယ်တိုင် ဈေးသွား ဆို ပြီး.. . . " အမြဲပြောတယ် ဈေးသွားလည်း ကျွန်က အန်မတန်ပျင်း ဆိုတော့ မေမေ စိတ်တို တာ မဆန်းပါဘူး . . . . . ဘာလေးဖြစ်ဖြစ် ကျွန်မကို ဦးစားပေးတတ်တဲ့ မေမေ့ကို ကျေးဇူးတင်မဆုံးပါ . . .

ကျောင်းလည်း ပြီးလို့ အလုပ်ပြန်ရတော့ လည်း ကိုယ့်မြို့မှာပဲ ဆိုတော့ ဘာပြောကောင်း မလဲ အိမ်နဲ့ မခွဲရတော့ဘူး ပေါ့. . . .နေ့တိုင်း မေမေထည့်ပေးတဲ့ ထမင်းဘူးကို ယူ ရုံးသွား ရုံးပြန်ရင် မေမေ အဆင်သင့်ပြင်ပေးတဲ့ ထမင်းဝိုင်းကို စား ပြီး ဇိမ်ကျခဲ့တာပေါ့. . . .

ခုတော့ အဲဒီဇိမ်တွေ မကျတော့ပါဘူး ကျွန်မထမင်းဘူးကို ကျွန်မကြိုက်တတ်တဲ့ ဟင်းတွေ နဲ့ ထည့်ပေးပြီး ရုံးပြန်အလာ ကို ထမင်းဝိုင်း အဆင်သင့် စောင့်ကြိုနေတဲ့ ကျွန်မ အမေ က ကျွန်မကို ခွဲခွာသွားပါပြီ. . .

အိမ်နဲ့ ခွဲနေရခဲ့ရတဲ့ အချိန် က ကျွန်မရဲ့ လက်ရှိ အသက်အရွယ် နဲ့ ဆို တော်တော်ကို နည်းပါတယ်. . . . ခွဲနေတဲ့ အချိန်ကလည်း နည်းတော့ အိမ်ကိုလွမ်းတာ ထက် ကျွန်မ အမေရှိတဲ့နေရာကို ပိုသတိရတယ်ဆိုတာက ပိုမှန်ပါတယ်. . . . ခုလည်း အိမ်နဲ့ ခွဲပြီး ဘယ်မှာ မှ ရက် အကြာကြီး မနေဘူးပါဘူး . . .

ကျွန်မအတွက်တော့ အိမ်မှာ ရုပ်ဝတ္တုပစ္စည်းတွေ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ အိမ်ကြီးဘယ်လောက်ပဲ ကောင်းကောင်း ကျွန်မအတွက် မပြည့်စုံပါဘူး . . . ခု အိမ်မှာ နေပေမယ့် လည်း ကျွန်မအတွက်တော့ အိမ်လွမ်းသူ ဖြစ်မှန်းမသိ ဖြစ်နေသလိုပဲ အမြဲ ခံစားနေရပါတယ်. . . . အိမ်မှာ တစ်ခုခု လိုနေသလိုဖြစ်ပြီး ရင်ထဲမှာ ဟာတာတာနဲ့ . . . . အဲဒီတော့ အိမ်မှာနေပြီး အိမ်လွမ်းသူ ဖြစ်လာရင် ခရီးထွက်တယ်. . သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ် . . အလုပ်တွေဆက်တိုက် လုပ်ဖြစ်ပါတယ်. . .

ဘယ်လောက်ကောင်းတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ဖြစ်ပါစေ. . . . အိမ်ထဲက အဖိုးတန်ပစ္စည်းတွေ ဘယ်လောက်များပါစေ . . . မေတ္တာ၊ စေတနာတွေ မရှိရင် ဒီအိမ်ဘယ်လောက်ကောင်းကောင်း အလကားပါပဲ. . . . . ဒီလိုပါပဲ ကျွန်မအတွက်တော့ မေမေနဲ့ အတူရှိနေခဲ့တဲ့ ကျွန်မတို့ မိသားစုရဲ့ မေတ္တာအိမ်လေးကို အမြဲလွမ်းနေလျှက်ပါ. . . . .

လောကရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ်
နှလုံးသားက လွမ်းဆွတ်လို့ တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို
အေးမြတဲ့ အမေ့ရဲ့ မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့
တစ်ခါတစ်လေ ပြန်လည်တွေးရင်
ရင်မှာကိုယ်ကြေကွဲ

ခြောက်သွေ့တဲ့ အိမ်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခုလွင့်ပြယ်
ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို
တင်းထားတဲ့ စိတ်ဓါတ်များ ပြိုကွဲသွားမလား စိုးရိမ်လို့
ရင်မှာ ဒါဏ်ရာများနဲ့ နာကြင်နေပြီပဲ

အိမ်ပြန်ချင်တယ် … ဟူး … အငြိမ်းချမ်းဆုံးအမေ့အိမ်
အိမ်ပြန်ချင်တယ် … ဟူး … အနွေးထွေးဆုံးအမေ့အိမ်
အိပ်မရတဲ့ညများစွာထဲ .. အိုး…
ရထားဥသြသံလေးများကြားရင်
အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး

မွန်းကြပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမြောရင်းလေ
မပြီးသေးတဲ့ခရီးတစ်ခု အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ
ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်ကလေးအကြောင်း တွေးမိနေလို့
မြင်ယောင်ကာ အိပ်မက်ရင်
အလိုလိုငိုချင်တယ်

အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့အချိန်ကြတော့ . . . . . . .

ကို ZOX တဂ်တဲ့ အိမ်လွမ်းသူဆို တဲ့ ခေါင်းစဉ် နဲ့ တတ်နိုင်သလောက် ကြိုးစားရေးလိုက် ပါတယ်. . ရေးခွင့်ရအောင် တဂ်တဲ့ ကို ZOX ကိုလည်း ကျေးဇူးတင်ပါတယ်..

အားလုံးကိုချစ်ခင်လေးစားလျှက်...





မေ၁၆ရဲ့ ငယ်ဘ၀အမှတ်တရ

ငယ်ဘ၀အမှတ်တရ... ကိုအိမ် ရဲ့ တက်ဂ်ပို့စ်လေးပါ... မပန်ကဗျာကို ရေးခိုင်းတာပါ...ဒါပေမဲ့ တက်ဂ်ကြွေးက ၂ခုဆိုတော့ တစ်ခုကူရေးရတော့ တာပေါ့..။ကိုအိမ်ရေ...ကျေနပ်လားမသိဘူး....မကျေနပ်ရင် မုန့်ဝယ်ကျွေး.. .အဟတ်..:P ငယ်စဉ်ဘ၀ဆိုတော့ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်မှုတွေနဲ့ပေါ့...ငယ်ဘ၀အမှတ်တရဆိုတာ ဘယ်သူမဆို အမှတ်ရစွာ လွမ်းနေတတ်တာမျိုးပါ။ ကိုအိမ်ရဲ့စိတ်ကူးလေးကောင်းပါတယ်။

မမေ ငယ်ဘ၀ ကဒီလို...

မမေတို့က မောင်နှမနှစ်ယောက်ပဲရှိပါတယ်။ ၁လသမီးကတည်းက အဘိုးအဘွားတွေ ခေါ်ယူမွေးစား ထားလို့ အလိုလိုက်ခြင်းခံရ တဲ့ ကလေးဆိုးလေးတစ်ယောက်ပါ။ (ကိုယ်ဂုဏ်ကိုဖော်တာ) မောင်လေးနဲ့လည်း အတူမနေရတော့ အပေါင်းအသင်းသူငယ်ချင်းဆို အရမ်းခင်တွယ် မက်မောပါတယ်။ သူငယ်ချင်းက ဒါဆို မမေက လည်း ရှေ့ဆုံးက ပါဝင်ဖို့ခေါင်းညိမ့်ပြီးသားပါ။ စည်းကမ်းကြီးတဲ့ ဘိုးရဲ့ စည်းစနစ်တွေလည်း မမေ နဲ့ကြမှ လျော့ရဲ ကုန်တာပေါ့။ ဘိုးသားသမီးတွေ တုန်းကဆို...မဟာစည်းကမ်းတွေ နဲ့ပေါ့။ အဲဒီအကြောင်းကို မြင်တွေ့နေရတဲ့ အိမ်ဘေးက အဖွားမြ ကဆို ဘိုးကိုအမြဲ သရော်လေ့ရှိပါတယ် စိန်အောင်မင်းကို သတ်မဲ့ လူဆိုးတော့ပေါ်ပြီတဲ့။သရော်တာပါ...အဲလောက်လည်းမဆိုးသေးပါဘူးနော့်(တော်ကြာခပ်အရုပ်ဆိုးဆိုးလူဆိုးမ
ထင်နေဦးမယ်):P

ကဲဆက်ပြောမယ်နော်...သီတင်းကျွတ် ၊ ဒီဇင်ဘာ နဲ့ နွေရာသီကျောင်းပိတ်ရက် တွေရောက်ဖို့ အမြဲရေတွက်ရင်း ကစားနည်းမျိုးစုံ နဲ့ကစားဖို့စဉ်းစားနေခဲ့သူပေါ့။ စွန် လွတ်မလားပါတာပဲ၊ ထုတ်စီးတိုးမယ် လာထား၊ ကြိုးခုန်မယ်၊ ဇယ်တောက်မယ်၊ ညကြီးမိုးချုပ် တူပုန်း...မြွေမကြောက်ကင်းမကြောက် ကိုဆော့ခဲ့တာ...အိမ်မှ ပြန်လာပါတော့ ထမင်းစားမယ်...မိုးချုပ်ပြီ စသည်ဖြင့် အသံကြားမှ မဖြစ်နိုင်တဲ့အဆုံး အိမ်ပြန်ပြေးခဲ့သူပါ။

မမေတို့ငယ်ငယ်က ကျူရှင် ဆိုတာတွေ လည်း သိပ်ခေတ်မစားတော့ကျောင်းပိတ်ရက်တွေမှာ အေးအေးဆေးဆေး မြန်မာရိုးရာကစားနည်းတွေ နဲ့ ဆော့ကစားဖို့အချိန်ရခဲ့ပါတယ်။ အခုခတ်ကလေးတွေများ ကျောင်းပြီး ကျူရှင်၊ ကျူရှင်ပြီး ၀ိုင်း၊ ၀ိုင်းပြီး ဂိုက်...အစုံပါပဲ အားရ တယ်လို့ကို မရှိရှာပါဘူး၊ ဆော့ကစားဖို့လည်း အချိန်မရှိရှာဘူး...အခုခေတ်က Eentertainment အမျိုးစုံ နဲ့ အတုခိုးစရာအဖုံဖုံနဲ့ ကလေးဘ၀က တိုးတက်တဲ့ပညာတွေ နောက်လိုက်ကို ပိုလိုက်နေကြ တယ်လို့ထင်မိတယ်။ ခေတ်ကာလ ကလည်း ကွာခြားလာတာကိုး...။

ဒို့တွေ ကတော့ကျောင်းပိတ်ရက်ဆို အိမ်ကပ်တယ်လို့ကို မရှိပါဘူး၊ စီ ကနဲ့ ဆိုထိပ်ဆုံးက...နောက် ခိုးကြောင့်ခိုးဝှက်လုပ်ခဲ့တာ လည်းပြောပြဦးမယ်။ မမေ တို့အိမ်နားက သူငယ်ချင်းညီအစ်မ ၂ယောက်က TB ရောဂါဖြစ်နေ့လို့ ပိန်ညှောင်ညှောင်လေးပေါ့...ရောဂါကူးမှာ ဆိုးလို့ မမေအဘိုးက အဲဒီအိမ် သွားဆော့လို့ကတော့ အသေပဲ၊ အတီးခံရမယ် (ကန်သန့်နယ်မြေ)အဖြစ် အမိန့်ထုတ်ထားတယ်။ နောက်...ရပ်ကွက်ထဲမှာ ရေလှောင်တဲ့ ရေစင်ကြီးရှိတယ်... အမြင့်ကြီးပါ... ဘယ်လောက်မြင့်လည်းဆို ပုသိမ်မြို့ကို ရေစင်ပေါ်ကနေ မြင်ရလောက်အောင်မြင့်ပါတယ်။ အဲဒီနေရာလည်း (ကန့်သတ်နယ်မြေ)ပါပဲ သွားဆော့လို့ မိလို့ကတော့ အဟဲ...လွယ်ဘူးနော်...ဒါပေမဲ့ အလစ်မှာတော့ ခိုးပြီး တက်ကြည့်ခဲ့ သေးတယ်...အသဲတစ်အေးအေး၊ ဒူးတတုန်တုန်နဲ့ပေါ့...။

နောက်ပြီး ဆိုင်းသံဗုံသံကြားလို့ကတော့ မကြည့်ရမနေနိုင် ထွက်ကြည့်တဲ့ အကျင့်လည်းရှိသေးတယ်။ နတ်ကန္နားပွဲလည်းပါ၊ အလှူခံလာလည်းကြည့်၊ ကုလားမီးနင်းပွဲလည်းမကျန် ရွာရိုးကိုးပေါက်လျောက်ခဲ့တာပေါ့။ အမှတ်တရနေ့လေးပြောပြရအုန်းမယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက် ရန်ကုန်က မောင်နှမ၀မ်းကွဲ တွေလည်းရောက်တော့ ပွဲရှိတဲ့နေရာကိုသွားပါတယ် ပွဲဈေးတန်းလျောက် မုန့်စားပြီး အပြန် ဆိုင်းသံဗုံသံတွေကလည်း ကြားနေရတော့ မောင်နှမတွေ အကလေးတွေ နဲ့ ပြန်လာတာပေါ့... သိပ်မကြာပါဘူးချော်လဲ ပါလေရော...လူက ဒူးသာပြဲသွားတယ်...၀ယ်လာတဲ့ မုန်လေပွေ လေးတွေကတော့ ကြေမသွားပါဘူး...အပေါ်မှာ မြှောက်ရက်သားလေးပါ။ အဲလိုအကတော်တာ...အဟိ...အခုထက်ထိ ဒီအကြောင်းလေး ကို မောင်နှမတွေ ဆုံတိုင်း ပြန်ပြောရင် ပျော်ရွှင်ရတုန်းပါ။

ပြောရရင်တော့ ကိုယ်ဘ၀နဲ့ကိုယ်ပျော်နေတာမျိုးပါ၊ မိဘအရိပ်အောက်မှာ အေးချမ်းစွာနေနေရတော့ ဘ၀ဆိုတာ ရှေ့ရေးဆိုတာ ဘာလဲ မစဉ်းစားတတ်ခဲ့ဘူး..လွတ်လပ်ပျော်ရွှင်မှုကိုပဲလိုလားခဲ့တယ်။ မိဘက မကောင်းတာကို တားမြစ်လည်း ချုပ်ချယ်တယ်ထင်တယ်။ အလိုလိုက်အကြိုက်ပေးတော့ ပျော်ရွှင်တယ်...သွန်သင်ဆုံးမတော့ ကဂျီဂဂျောင်ထင်တယ်။ အခု အသက်လေးရလာတော့ အကြောင်းအကျိုး အကောင်းအဆိုး ဆင်ခြင်ရင်း လူကြီးမိဘတွေရဲ့စေတနာကို နားလည်လာခဲ့ရတယ်။

ငယ်ဘ၀ရဲ့ပျော်ရွှင်မှု အမှတ်တရတွေကတော့ အများကြီးပါ.. အလျဉ်းသင့်တာလေးကိုပဲ ရွေးထုတ်ပြောပြတာပါ၊ အခုဆိုသူငယ်ချင်းတွေ လမ်းမှာ ဆုံတွေ့လို့ ပြုံးပြဖြစ်ရင်တောင် အပြုံးလေးတွေ မှာ အဓိပ္ပါယ် အများကြီးပါတယ်လို့ ထင်မိတယ်။ ဘ၀ကို အတွေ့အကြုံမျိုးစုံ၊ လူမှုဒုက္ခအ၀၀တွေနဲ့ အပူအပင်တွေနဲ့ ဖြတ်သန်းခဲ့ရတော့ ငယ်စဉ်ကလေးဘ၀က လွတ်လပ်ပေါ့ပါးပျော်ရွှင်ခဲ့ဘူးတာတွေကို အမှတ်ရရင်း ခေါင်းညိမ့်ပြုံးပြဖြစ်ခဲ့တယ်။ ငယ်ဘ၀ ကိုလွမ်းမော တဲ့ အပြုံးမျိုးပေါ့...။

~~~~~~~~~~~~~ဒို့ငယ်ငယ်တုန်း အရွယ် ယောင်ပေစူးလေးတွေ နဲ့ရယ် ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည် ပြေးလွားဆော့ကစားတယ် ~~~~~~~~~~~

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကျွန်မနှင့် အိမ်ထောင်ရေး


ကျွန်မနှင့် အိမ်ထောင်ရေး.... Zox ရဲ့(တက်ဂ်ပိုစ့်) ရေးဖို့ အကြောင်းဖန်လာပြန်တယ်။ခင်မင်မှု အရင်းတည် ဖြစ်ညှစ်ကာ ထုတ်ရပါတော့တယ်။ အမှန်အတိုင်း ပြောရလျှင် ဒီခေါင်းစဉ်နဲ့ မေ၁၆ ရော... မပန်းကဗျာ ရော... အပ်စပ်မှုမရှိပါဘူး။ ဘာလို့လည်းလို့မေးရင်.. အတွေ့အကြုံမရှိလို့ပါ။ အခုရေးရမယ် ဆိုတော့လည်း ရန်းဆော် မှန်းဆော်လုပ် ရပေဦးမှာပေါ့။ စာတွေ့ဖြစ်သည့်အတွက် ငါတွေ့မဟုတ်သောကြောင့် စာထဲက အချက်အလက် အချို့ကို သေချာ သဘောမပေါက်ပါ....

ခေါင်းစဉ်အရ အိမ်ထောင်ရေးအကြောင်း ပြောရမှာ ကျယ်ပြန့်ပါတယ်။ အိမ်ထောင်ပြုမယ်လို့ စဉ်းစားတဲ့ မိန်းကလေး လိုက်နာရမဲ့အချက်တွေ အရင်ပြောရအောင်နော်....မိန်းကလေးတစ်ယောက်အဖို့ အိမ်ထောင်ပြုမှားလျှင် ပြန်ပြင်မရနိုင်သော ကိစ္စဖြစ်သည်။ "အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး " ဟုဆိုသည်မဟုတ်ပါလား။ ဒီတက်ဂ်ပိုစ့်လေး အတွက် ရေးဖို့စာကိုစဉ်းစားရင်း ဖတ်ခဲ့ဖူးတဲ့စာ လေးတစ်ပုဒ်ကိုသွားသတိရပါတယ်။ မှတ်မိသလောက်ပြန်ပြောပြရရင်။ အိမ်ထောင်ပြုမယ် စဉ်းစားမယ်ဆိုရင် မလွဲမသွေ ရှောင်ရမယ့်အချက်က ကွာသုံးကွာ၊ ပါသုံးပါ နှင့် ချာသုံးချာပဲ ဖြစ်ပါတယ်။ ဒီသုံးပါးကို မိန်းကလေးက ပဲဖြစ်ဖြစ် ၊ ယောက်ျားလေးကပဲဖြစ်ဖြစ် မိမိနှင့်လက်တွဲမယ့်သူမှာ ပါလာရင်တော့ ဝေးဝေးမှရှောင်ကြဉ်ရန် ပြဆိုထားပါတယ်။

ကွာသုံးကွာ
(၁) တိုင်းပြည်နှင့်လူမျိုးကွာလျှင် (၂) အယူဘာသာကွာလျှင် (၃) စိတ်ဓာတ်ချင်း ကွာလျှင်တို့ပဲဖြစ်ပါတယ်။
တိုင်းခြားပြည်ခြား လူမျိုးခြားနှင့် ဘာသာမတူသူ ဘာသာခြားကိုယူမိရင်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှုကို စွန့်ရပါလိမ့်မယ်။ ထို့အတူ ဘာသာတူ လူမျိုးတူ ဖြစ်လင့်ကစား စိတ်ဓာတ်မတူ ကွာခြားလျှင်လည်း တစ်မိုးအောက်မှာ ၂ယောက်အတူနေဖို့ မစဉ်းစားသင့်ပါ။

ပါသုံးပါ
(၁)အနာရောဂါပါလာလျှင်(၂)အကြွေးပါလာလျှင်(၃)အပိုစားမည့်(လူပိုတွေ)ပါလာလျှင် တို့ပဲဖြစ်ပါတယ်။
အနာရောဂါဆိုသည်မှာ ခေတ္တနာဖျားတာမျိုး မဟုတ်ပဲနာတာရှည်မျိုးကိုဆိုလိုပါတယ်။ အကြွေးပါလာလျှင် ဆိုတာကတော့ လက်မထပ်ခင်ကတည်းက အကြွေးတင်နေရင်ဖြင့် အိမ်ထောင်သည်ဘ၀ အညွှန့်လူဖို့ အတော်ခဲယဉ်းသွားပါပြီ။အပိုစားမည့်သူပါလာလျှင် ကျွေးနိုင်သည်ပဲထားဦး စကားပိုလာသည့်အတွက် ရှင်းရတဲ့ပြဿနာနဲ့ ကြုံတွေ့ နိုင် ပါတယ်။

ချာသုံးချာ
(၁)ပညာရေးချာလျှင် (၂)စီးပွားရေးချာလျှင် (၃)လူမှုရေးချာလျှင် တို့ပဲဖြစ်ပါတယ်။
ပညာဆိုရာမှာ..အတန်းပညာက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုမြင့်မားစေတာမို့ ပညာတတ် တယောက်ဖြစ်ဖို့လိုပါတယ်။ပညာဆိုရာတွင် အဆင့်ဆင့်မခွဲပဲ အသက်မွေးဝမ်းကြောင်း ပညာသည်လည်း အကျုံးဝင်ပါတယ်။ အဓိကမှာ အသိဥာဏ် ဆင်ခြင်တုံတရား မြင့်မားမှုမျိုးကို ဆိုလိုပါတယ်။ စီးပွားရေးဟာလည်းပညာရေးနှင့် ဆက်စပ်နေပါတယ်။ တစ်ခုမြင့်မားလာလျှင် ကျန်တစ်ခုက အချိုးတူ မြင့်လာပါတယ်။ ပညာမတတ်ပဲချမ်းသာနေသူတွေကိုတွေ့ရပေမဲ့ ပညာမတတ်ခဲ့လျှင် ငွေပင်ရှိစေဦးတော့ ပွဲလယ်မတင့်ပါဘူး။ လူမှုရေးချာလျှင်.....ပညာနှင့် အသက်မွေးဝမ်းကျောင်းမပြုပဲ ချမ်းသာလာတဲ့သူ အများစုဟာ အနေအထိုင် စရိုက် ဟန်ပန်တွေမှာ ပညာတတ်သူကို မမှီနိုင်ဘဲ ငွေပါတာက လွဲပြီး အသိဥာဏ် နည်းတတ်ပါတယ်။ ဆင်ခြင်တုံတရား ခေါင်းပါးတတ်ပါတယ်။

အဲဒီ သုံးမျိုး သုံးပါး ပါနေတာကို သိပါလျှက်နှင့် မိမိစိတ်အလိုလိုက်လို့ဖြစ်စေ၊ မလွဲမရှောင်သာလို့ဖြစ်စေ၊ တဇွတ်ထိုးလုပ်လိုစိတ်ကြောင့်ပဲဖြစ်ဖြစ် ဘေးဖယ်ပြီး စဉ်းစားလို့လက်တွဲလိုက်ပြီးရင်တော့ ဘ၀မှာ အမှားနှင့်တစ်သက်လုံးရင်ဆိုင်ရပါလိမ့်မယ်။ အိမ်ထောင်သည်ဘ၀ရောက်ပြီးမှ အမှားကို ပြန်ပြင်ချင်ပါရစေလို့ ဆိုရင် နောက်ကျသွားမှာဖြစ်ပါတယ်။ အိမ်ထောင်သည်ဘ၀ဟာ တစ်ခါရေးပြီးတိုင်း တစ်ခါ ပြန်ဖျက်ပြီး အသစ်ပြန်ရေးနိုင်တဲ့ ကျောက်သင်ပုန်း မဟုတ်ပါဘူးလို့ ရေးသားထားတာကိုပြန် အမှတ်ရရင်း မှတ်မိသလောက်ပြောပြခြင်းပါ။

ငယ်စဉ်က အသိလေးကတော့ အိမ်ထောင်ပြုတယ်ဆိုတာ ချစ်တာတွေ၊ မေတ္တာတွေ၊ ခံစားတာတွေလို့ အဓိကထင်တာပါ၊ အခု အသက်လေးရလာတော့ လူမှုဘ၀ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ဘ၀ တက္ကသိုလ်ကြီးက ပညာတွေ ပို့ချလာတော့ မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုတယ်ဆိုတာ မပူချင်လို့ ယောက်မရှာတာမျိုးပါ၊ ဒီအပြင် မိန်းကလေးတွေ လက်ထပ်ခြင်းကို စဉ်းစားရာမှာ အောင်ဘာလေထီထိုးတဲ့ သူတွေလိုပါပဲ။

ကျပ်သိန်း ၁၀၀၀ဆုကြီးကို မျှော်ပြီး၊ စိတ်ကူးပြီး ဂဏာန်းတွေရွေးတာပဲ၊ ပေါက်မယ်ထင်ရတဲ့ ဂဏန်းတွေပေါ့နော်။ အဲ...ထိုးပြီးရင်လည်း စိတ်ကူးယဉ်ရတာပဲ။ ဘယ်လိုသုံးစွဲမယ်၊ လှူမယ်စသည်ဖြင့်ပေါ့။ ထီဖွင့်တဲ့အခါ မှာလည်း သိန်း ၁၀၀၀ ဆုမှန်းပြီး ပထမကြည့်တယ်။ နောက်သိန်း ၁၀၀ နောက် ၅၀ စသည်ဖြင့် အစဉ်လိုက် တိုက်လာလိုက်တာ နောက်ဆုံး တွတ်ရရင် တောင်မဆိုးပါ ဘူးပေါ့။ တွက်ကိန်းတွေနဲ့ ... တိုက်လာလိုက်တာ...ထီစာရင်း လည်းကုန်သွားရော...ဘာမှ မပါတော့ သွားပြန်တော့ ဒီတစ်ခါဆိုသလို...ဘယ်ဆုနဲ့တွေ့မယ် ဗလာမဲ နဲ့တိုးမယ်...မပြောနိုင်ပါဘူး။ ဒီလိုပဲ မိန်းကလေးတွေ အိမ်ထောင်ပြုတဲ့အခါလည်း ထီဆုကြီးမှန်းသလို အားလုံးတော့ အကောင်းမြင်ဝါဒနဲ့ ဒါလေးကတော့ ဒီလိုဆို အဆင်ပြေသွားမှာပါ။ စိတ်ကူးကြီင်္းတွေ နဲ့ပေါ့။ ဗလာမဲနဲ့ လည်းတိုးနိုင်ပါတယ်။

ဒါအပြင် အိမ်ထောင်ရေးကံ ကောင်းမကောင်းဆိုတာကလည်း ကုသိုလ် နှင့်လည်း ဆိုင်မယ်ထင်ပါတယ်။ ရှေးရှေးက ပြုခဲ့တဲ့ကံ ကံ၏အကျိုးတွေပါ။ မိမိတို့ အတိတ်ဘ၀များက ပြုခဲ့သည်ကံများလည်းရှိရာ ထိုကံများသည် မိမိပြုခဲ့သော အမှုအတိုင်း အကျိုးပေးတတ်သည်။ အတိတ်ဘ၀ကံ မမြင်ရ၍ မသိစေဦးတော့ ယခု မျက်မှောက်ဘ၀၌ ကံကံ၏အကျိုးကို ယုံကြည်ကာ လက်ငင်းကောင်းအောင်လုပ်ပါက ကောင်းကျိုး ပြန်ရနိုင်ပါတယ်။ အိမ်ထောင်ရေး သည် ထီထိုးခြင်းလို့ယူဆပါက...အိမ်ထောင်ရေးထီတွင် သည်းခံခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ပေးခြင်းစသော အမှုတို့ဖြင့် ပြုကျင့်ကြလျှင် သိန်း ၁၀၀၀ ဆုကြီးမပေါက်စေဦးတော့ ထီပေါက်စဉ်ဖိုး ဆုံးမည်မဟုတ်ပါ။

ကဲ...သိသလောက်လေးတော့ ဆွေးနွေးပြီးပါပြီ... တူနှစ်ကိုယ်တဲ့အိုပျက်မှာ နေရ..နေရ...ဟူသောအတွေး၊ ရေရှားတဲ့ သဲကန္တာရ မရှောင်တယ် ဟူသော စိန်ခေါ်မှု၊ တုံးခုလို့ မှ လှမ်းမရ ရင် တံချုနှင့် ခူးပစ်မယ် ဆိုတဲ့ ရဲရဲတောက် အချစ်မျိုး ငယ်စဉ်က မတွေ့ခဲ့၍.......... ဒီခေါင်းစဉ်လေးနှင့်တော့ မေ၁၆ ဦးနှောက်ခြောက် ရပါတော့တယ်။

အားလုံး မေတ္တာချစ်ခြင်း၊ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...

ကိုယ်ယုံကြည်ရာ...


ညီမငယ် နေ့အိပ်မက် က ကိုယ်ယုံကြည်ရာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာတွေယုံကြည်ချက်ရှိလည်း ဆို ပြီး ရေးဖို့ Cbox မှာ လာအော်ထားပါတယ် . . . ဘလော့ဂ်ဂါ တော်တော်များများကို လည်း တဂ်ထားတာကိုတွေ့ပါတယ်. . တဂ်ကြွေးရယ် ကြေပါစေတော့ဆိုပြီး အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးရတာပေါ့ရှင်. . .

" ယုံကြည်ချက်သည် မရှိမဖြစ်လိုအပ်သော အင်အားဖြစ်သည်. "
(Confidence is the key to success)

ဆိုတဲ့ စာသားလေးကို ကျွန်မလက်ခံပါတယ်. . . . မည်သည့်အလုပ်ဖြစ်ပါစေ ယုံကြည်ချက်မရှိပဲ စတင်လုပ်ကိုင်နိုင်စွမ်းမရှိနိုင်ပေ. . . .

ကျွန်မကတော့ ဘာတွေယုံကြည်လည်းဆိုတော့ ဘုရား၊တရား၊သံဃာ၊ မိဘ၊ဆရာသမား အနန္တောအနန္တငါးပါးကို ဦးစွာယုံကြည်ပါတယ်. . . ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ ၏ သစ္စာလေးပါးတရားများကို အထူး ယုံကြည်ပါသည်. . . သစ္စာလေးပါးတရားများကို မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်နိုင်မှ နိဗ္ဗာန်တရားတော်မြတ် ကိုရမယ် ဆိုတာကိုယုံကြည်ပါတယ်. . . .

ပြီးတော့ တုနှိုင်းမရတဲ့ မိဘနှစ်ပါးရဲ့ မေတ္တာကိုလည်း အကြွင်းမဲ့ယုံကြည်ပါတယ် . . . သားသမီးများ (၁၀) ယောက်ရဲ့ အနွံအတာ ကိုမိဘနှစ်ပါး က ခံနိုင်ပေမယ့် မိဘနှစ်ပါးရဲ့ အနွံအတာကို တော့ သားသမီး ၁၀ယောက် က ခံနိုင်ဖို့ ဆိုတာ မလွယ်ပါဘူး . . . ဒါကြောင့် ကြီးမားလှတဲ့ မိဘမေတ္တာ ကိုလည်း ယုံကြည်ပါတယ်. . .

မိမိ ကျောင်းနေစဉ် ငယ်ဘ၀မှ သိပံ္ပ၊ ၀ိဇ္ဖာ အတတ်ပညာ၊ အသိပညာ၊ အလိမ္မာများကို စေတနာ၊ ၀ါသနာ၊ အနစ်နာ အစရှိတဲ့ နာသုံးနာနဲ့ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၏ စေတနာနှင့် မေတ္တာကို လည်းလေးစားသက်ဝင် ယုံကြည်ပါသည်. . .

မိမိကိုယ်တိုင်လည်း ယုံကြည်မှုထားပါတယ် . . . ကိုယ့်ကိုယ် ကို ယုံကြည်မှုထားခြင်းသည်လည်း လောကတွင် မိမိလုပ်ချင် သော အရာများကို အောင်မြင်နိုင်ရေးတွင် ၇၅ % အောင်မြင်စေပါသည်.။စာပေဟောပြောပွဲ တွင် လည်း ဆရာ လယ်တွင်းသားစောချစ်က လူငယ်များကို အောင်မြင်လိုလျှင် အောင်စိတ် ကို မွေးမြူ၍ မိမိကိုယ်ကို ယုံကြည်ခြင်း၊ ယုံကြည်ချက်ထားခြင်း သည်လည်း ကောင်းကြောင်း ဟောကြားခဲ့ရာ မိမိကိုယ်တိုင်လည်း ယုံကြည်စိတ် ထားသင့်တယ်လို့ မှတ်သားခဲ့ရပါတယ်။

မေတ္တာတရားနှင့် သစ္စာတရားကို လည်း ယုံကြည်ပါသည်. . . မိမိကို မည်မျှပင် မုန်းတီးသူဖြစ်ပါစေ ၄င်းတို့ အပေါ်တွင် မေတ္တာဖြင့် ဆက်ဆံပေးပါက မိမိကိုယ်တို်င် အေးချမ်းယုံမက. . . တစ်ပါးသူတို့တွင်လည်း အေးချမ်းမှုကို ဖြစ်ပေါ်စေပါသည်. . . ဒီအချက်ကို ကျွန်မ ကိုယ်တိုင် အမြဲကျင့်သုံးသလို ယုံလည်း ယုံကြည် ပါတယ်. . .

စေတနာ အကျိုးပေးခြင်း ကိုလည်း ယုံကြည်ပါတယ်. . . . တစ်ဘက်မှ မည်မျှပင် မကောင်းသည့်စိတ်ရှိနေပါစေ မိမိလုပ်သော အလုပ်တွင် စေတနာထားပြီး လုပ်ကိုင်ပါက အားလုံး အဆင်ပြေ ချောမွေ့စေပါသည်. . . ကျွန်မတို့ အကိုငယ် ပြောနေကျစကားတစ်ခွန်းအမြဲရှိပါတယ် "ကောင်းတာလုပ်ရင် ၊ ကောင်းကျိုးပေးမယ်" ဆိုတာ ကိုလည်း ယုံကြည်ပါတယ်. . .

အတိတ်ကံရဲ့ အကျိုးပေးဆိုတာကိုလည်း ယုံကြည်လက်ခံပါတယ်. ဘာလို့လည်း ဆိုတော့ စေတနာနဲ့ လုပ်ပေးလိုက်ပေမယ့် အရာမထင်တဲ့ ကိစ္စတွေဖြစ်လာရင် တော့ ဘုန်းဘုန်း ဦးသုမင်္ဂလ တရားထဲကလိုပါပဲ အကြောင်းမကောင်းရင် အကျိုးမကောင်းဘူး . . . ဒီဘ၀မှာ ဘာတွေပဲ ကောင်းတာလုပ်လုပ် ကောင်းတာတွေ ဖြစ်မလာသေးဘူးဆိုရင် အတိတ်ဘ၀က မကောင်းကံတွေအကျိုးပေးနေတယ် ဆိုတာတွေကိုပါ. . . .

ရိုးသားခြင်းကိုလည်း ယုံကြည်သလို ကိုယ်ကိုယ်တိုင် ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ ဆိုသည့် အတိုင်း နေနိုင်အောင် အမြဲကြိုးစားနေလျှက်ပါ. . . .

ယုံကြည်မှုသည် လူ့ဘ၀တွင် အရေးကြီးဆုံး အချက်တွင် ပါဝင်ပေသည်. . ထိုယုံကြည်မှုကြောင့် ဘ၀တိုးတက်ရေး ၊ အောင်မြင်ရေးကို ဦးတည်သကဲ့သို့ ၊ လွဲမှားသော ယုံကြည်မှုလွဲမှားလျှင်လည်း မိမိတို့ ဦးတည်ချက်များ ပျောက်ပျက်သွားတတ်ပါသည်. . . . . ယုံကြည်မှုပြင်းထန်လျှင် အောင်မြင်ခြင်းများသည် မိမိနှင့် မဝေးသော အနာဂတ်တွင်ရှိပြီး ကံကောင်းခြင်းများ မိမိထံသို့ မလွဲမသွေရောက်ရှိလာမည် ဖြစ်ပါသည်. . .

ညီမငယ် နေ့အိပ်မက် ရေ... ၀ါး. . . . တက်ဂ်စာ တော့ စားပြီးပြီ နော်. . . . . . . . (ယုံကြည်ချက်တွေအားလုံး အကောင်အထည်ဖော်နိုင်အောင် အန်နာဗွန်စီ ကို အမြဲဆောင်ထားဖို့တော့လိုမယ်နော် :P )

အားလုံးကိုချစ်ခင်လေးစားလျှက်...




ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား



ခင်မင်ရတဲ့ ကို ZOX က (ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား) ခေါင်းစဉ်နဲ့ တဂ်ပါတယ်. . . ခုတစ်လော လူငယ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ Chatting ကို လူငယ်တွေ စွဲစွဲလန်းလန်းသုံးနေတာ နဲ့ပတ်သက်ပြီး ဒီပို့စ်လေးကို ကိုZOX ကရေးဖြစ်တယ်လို့ဆိုပါတယ်. . . . ကျွန်မတို့လည်း ဒီဟာလေးနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလာပါတယ်. . . .

ကျွန်မတို့ မြန်မာနိုင်ငံမှာ. . .၁၉၉၉- ၂၀၀၀ ခုနှစ်လောက်ကစပြီး အင်တာနက်ဆိုတာကို ကြားဖူးနားဝရှိပါတယ်. (နိုင်ငံခြားမှာတော့ လူတိုင်းမရှိမဖြစ် Internet ဖြစ်နေတဲ့အချိန်ပါ) အဲဒီတုန်းက တော့ အင်တာနက်ကို အစိုးရအဖွဲ့အစည်းတွေလောက်ပဲ အသုံးပြုလို့ရတာပါ. . . ကျွန်မကတော့ ကွန်ပျူတာ တက္ကသိုလ်က ကျွန်မဆရာမဆီသွားတိုင်း သူက စက်ခန်းဝင်ပြီး သုံးသုံးနေတာကို ပြန်ပြောပြလို့သိရတာပါ. . . ဒါပေမယ့် အဲဒီအချိန်တုန်းက အင်တာနက် အကြောင်းရော အင်တာနက်ကနေ ရလာတဲ့ အကျိုးကျေးဇူးတွေကို တိတိကျကျ တကယ်မသိတာပါ. . . .

ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာ ကျွန်မတို့ ခု "ဧရာဝတီစာကြည့်တိုက်" မှ စပြီး အလုပ်ဝင်ခဲ့ပါတယ်. . . ကျွန်မ အလုပ်ဝင်တဲ့အချိန်မှာ ကျွန်မတို့ "ဧရာဝတီစာကြည့်တိုက်" မှ e-mail & Intranet ကို အသုံးပြုလို့ရအောင် တပ်ဆင်ထားပြီး ဖြစ်ပါတယ်. . . မြန်မာပြည်မှာ ကျွန်မတို့ အပါအ၀င် Intranet အသုံးပြုတဲ့ နေရာ စုစုပေါင်း ၅၀၀၀ လောက်ပဲ ရှိပါတယ် အထူးသဖြင့် အစိုးရဌာန၊ ကွန်ပျူတာ ကုမ္ပဏီတွေနဲ့ နိုင်ငံခြားနဲ့ဆက်သွယ်တဲ့ ကုမ္ပဏီ တွေမှာပဲ အင်တာနက် ရှိပါတယ်. . . . ခုလို ပုဂ္ဂလိက လုပ်ငန်းတွေက အင်တာနက် ကိုလျှောက်လို့ မရသေးပါဘူး . . . .

ကျွန်မလည်း အရမ်းကို အံ့သြ၀မ်းသာမိပါတယ် . . ကိုယ်တိုင်ခုမှ စပြီး ကိုင်တွယ်အသုံးပြုရမယ့် အပြင် အင်တာနက် အသုံးပြုတဲ့လူနည်းစု ကနေ အများကြီးဖြစ်လာအောင် လုပ်ပေးလို့ရတဲ့နေရာလေး တစ်ခုကို ရောက်လာရတာကိုး . . .

ဒါနဲ့ပဲ email & Internet ကို မဖြစ်မနေစတင်အသုံးပြုဖို့ဖြစ်လာပါတယ် . . သုံးတဲ့လူနည်းသေးတဲ့အတွက် မသိတာတွေကို ရန်ကုန် က သူငယ်ချင်းများနဲ့ စာအုပ်တွေဖတ် ရင်း လေ့လာရပါတယ်. . . . အဲဒီတုန်းက Bagan CyberTech က Internet Service Provide ကို စတင်ဖွင့်လှစ်နေပါပြီ . . ကျွန်မတို့ က MPT (ISP) ကနေ ချပေးတဲ့ Internet ကို Dial - Up ( Phone Line ) သုံးရပါတယ် . . . Dial - Up ဆိုတာ ကသိတဲ့ အတိုင်းပဲ လိပ်လိုနှေးပါတယ် ဒါပေမယ့် အခုသုံးနေတဲ့ Connection တွေလောက်တော့ မဆိုးသေးပါဘူး (အသုံးနည်းလို့ဖြစ်မယ်နော် :P)

၂၀၀၂- ၂၀၀၃ ခုနှစ်မှာတော့ Bagan CyberTech က Internet ကို မည်သူမဆို အသုံးပြုနိုင်အောင် BroadBand, iPStar , Dial- Up Account တွေကိုဖွင့်လှစ်ရောင်းချပေးပါတယ်. . . အဲဒီအချိန်ကစပြီး ရန်ကုန်၊ မန္တလေးတို့မှာ Internet Cafe များ ပေါ်လာပြီး အသုံးပြုသူပိုမိုများပြားလာခဲ့ပါတယ်. . . .

ဒီချိန်မှာ Bagan Cybertech က ဖွင့်တဲ့ Ygnchat ဆိုတဲ့ Chatting က တော်တော်လေး ခေတ်စားလာပါတယ်. . . ဘယ်ရမလည်း ကျွန်မတို့ကလည်း အသစ်ဆို လက်တည့်စမ်းချင်နေတော့ ရန်ကုန်က သူငယ်ချင်းများ ရဲ့ အကူအညီနဲ့ အဲဒီ Chatting ကို အရင်ဆုံး ရောက်ခဲ့ပါတယ် .. . . Chatting ဆိုတာ အဲဒီတော့မှသိတာပါ. . .

အဲဒီတုန်း ကလည်း Chatting ကအထူးအဆန်းကိုဖြစ်နေတော့ ကျွန်မတို့ ၂ ယောက် ကြိုးစားပြီးဝင်ကြတာပေါ့ သူတို့ကလည်း ပြောင်းလိုက်တဲ့ Proxy ၊ ရှာလိုက်ရတာ မောနေတာပဲ ၊ Error ပေးရင်လည်း မရရအောငှ်ရှာတာပေါ့. . . . ပန်းကဗျာနဲ့May16 ဆိုတာ ခေါင်းချင်းကိုရိုက်နေတာပဲ :P

ဒီလိုပြောလို့ Chatting လုပ်ဖို့မြှောက်ပေးတယ်လို့မထင်ပါနဲ့ဦးနော်. . . ကျွန်မတို့လည်း ဒီနေရာကနေ ဒီလိုတွေလုပ်တတ်အောင် ကြိုးစားခဲ့ရတယ်. . . . တိုးတက်အောင် လုပ်ခဲ့ရတယ်ဆိုတာ သိစေချင်တာပါ :)

ဒါပေမယ့် အဲဒီတုန်းက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းများပါတယ် ခုလို ကလေးတွေကို မတွေ့ခဲ့ရပါဘူး . . .ဒါဟာဘာလို့လည်းဆိုတော့ အသုံးပြုနိုင်တဲ့ လူငယ်တွေ ကတော်တော်ကို နည်းပါသေးတယ် . . အဲဒီတုန်းကတော့ အများအားဖြင့် လုပ်ငန်းခွင်ကလူတွေပဲ Chatting လုပ်ကြပါတယ် . . ဒါဟာလည်း အချိန်ပိုင်းပါ အားလုံးက အလုပ်ခွင်က ဖြစ်နေတဲ့အတွက် မေးထူးခေါ်ပြောလောက်ပဲ သုံးဖြစ်ကြပါတယ်. . .

ကျွန်မကတော့ YgnChat ထဲကနေ အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်းတွေ ရခဲ့ပါတယ် သူတို့ ဆီကနေ ပြီး Internet ပေါ်မှာ ရှာဖွေနည်းတွေရော Internet ရဲ့ အသုံးဝင်ပုံမျိုးစုံကို ကျွန်မကိုသင်ပေးခဲ့ပါတယ်. . . အဲဒီသူငယ်ချင်းကို ခုချိန်ထိ ကျွန်မကျေးဇူးတင်တုန်းပဲ. . . e-mail တွေဖွင့်တာတွေရော ပိတ်ထားတဲ့ ဆိုဒ်တွေကို အသုံးပြုလို့ရအောင် ကူညီခဲ့သူတွေပါ. . . .(သူများမကျော်ခင်ကတည်းကကျော်တာ :P)

ဒါကြောင့်လည်း ခုချိန်မှာ အင်တာနက်ကို ကောင်းကောင်းကျော်ခွသုံးနေတတ်တာ တော်၂ကို ကြာပြီပေါ. . . :P ဒီလိုကျပြန်တော့လည်း Chatting ကသူငယ်ချင်းရဲ့ အကျိုးကျေးဇူးပါ. . . Internet ကောင်းကောင်းသုံးတတ်လာတဲ့ အချိန်မှာ Gtalk, QQ , Skype, Yahoo Messenger , Friedster, Forum, အစရှိတဲ့ ဟာ တွေကလည်း ခေတ်စားလာခဲ့ပါတယ် ဒါတွေကိုလည်း လေ့လာရင်း သုံးတတ်အောင် လုပ်ခဲ့ပါတယ် . .

Internet မှာ အထူးအဆန်းနဲ့ လုပ်လို့ရတာ တော်တော်များကို ကိုယ်တိုင်မသုံးရင်တောင် သူများတွေ သုံးချင်ရင် သုံးတတ်အောင် အကုန်လုပ်ထားပါတယ်. . သုံးရင်းနဲ့လည်း လေ့လာစရာတွေက မကုန်နိုင်အောင် အများကြီးပါပဲ. . . ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများတွေကိုလည်း အကျိုးပြု လို့ရပါတယ်. . .

ကျွန်မကတော့ မသုံးတတ်သေးတဲ့သူတွေကို လည်း ကူညီပေးရပါတယ်. . . သုံးမရရင်လည်း သုံးလို့ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပေးခဲ့ပါတယ်. . .

ဒါပေမ့ယ် ခုနောက်ပိုင်း ၂နှစ်လောက်မှာ (ADSL Line) ရလာတော့ Internet Cafe တွေကို ကျွန်မတို့မြို့မှာ မှိုလိုပေါက်လာခဲ့ပါတယ်. . . အဲလိုကျတော့ ကျွန်မစဉ်းစားမိတာက အရမ်းကောင်းတယ် သုံးတတ်တဲ့သူတွေ များလေ အကျိုးရှိရှိ အသုံးချနိုင်လေ လူငယ်တွေအတွက် အကျိုးပြုတာတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်. . ကျွန်မတို့လည်း (ADSL Line) ရဲ့ အကျိုးကျေးဇူးနဲ့မှ ဒီ Blog ကို လုပ်လို့ရတာပါ . . . . .

အဲဒီအတွေးက တော်တော်ကို မှားသွားပါတယ် အင်တာနက်လာကြည့်သူတွေအများစု က Only Chatting ဖြစ်နေပါတယ်... ဒီတော့ ကွန်ပျူတာသာ မသုံးတတ်တယ် သူတို့ Chatting , mIRC, Gtalk, VZO ကျတော့ ကျွန်မတို့ထက်တောင် ကျွမ်းကျင်နေပါလားလို့ တအံ့တသြဖြစ်တယ် ဒါ က တစ်ယောက် နှစ်ယောက်လား ဆိုတော့ မဟုတ်ဘူး အားလုံးနီးပါး ဖြစ်နေပါတယ် . . . .

ဒီတော့ သူတို့ ကို ခု Blogging မပြောနဲ့ Google Search တောင် သူတို့မသိဘူး ၊ Copy , Paste လည်းမသိ သူတို့သိတာ Gtalk , mIRC, VZO အဲဒါတော့ ကောင်းကောင်းသိတယ်. . . .ဒီတော့ သူတို့ ကို ခု ကျွန်မတို့ ရေးတဲ့ "ဧရာဝတီစာကြည့်တိုက်" Blog လေးနဲ့ဆွဲဆောင်တယ် မရပါဘူး သူတို့ စိတ်မ၀င်စားဘူး ကျွန်မလည်း ဘာပြောလို့ ဘာလုပ်ရမှန်းတောင်မသိဘူး တစ်ယောက်လာလည်း Gtalk ပြောမယ် Gmail , VZO နဲ့ နေ့တိုင်း ဒါတွေပဲကြားနေရပါတယ် . . .

Internet က ကောင်းကျိုးတွေကို သူတို့မယူပဲ ဆိုးကျိုးတွေကို သူတို့ က ပိုသင်ယူနေတယ်လို့ခံစားမိပါတယ်. . .ကျွန်မတို့ဆို Chatting လုပ်ရင်း တိုးလာတဲ့ အသိပညာတွေအများကြီးပါ. . . သူငယ်ချင်းကောင်းတွေရတယ် ၊ ကိုယ့်ထက်တော်ပြီး အတွေ့အကြုံရှိတဲ့ လူတွေဆီကနေ ပညာတွေသင်ယူရတယ် ၊ နည်းပညာတွေ ကိုယ်မသိသေးတာတွေသိရတယ် ကိုယ်သိတာတွေလည်း ပြောရင်းနဲ့ ဖလှယ်ရပါတယ်. . .

Internet
သုံးတဲ့လူတွေ နည်းတုန်းကဆို Chatting ပေါ်က သူငယ်ချင်းတွေကို အားကိုးရင်း နဲ့ အသိပညာဗဟုသုတကို တိုးပွားအောင်လုပ်ခဲ့ရတာပါ. . . ဒီလို မိတ်ဆွေစစ်တွေလည်း အများကြီးပါ. . . . ခုတော့ အဲဒီခေတ်ကုန်ပြီလား မသိပါဘူး Chatting ကနေသိပြီး ချိမ်းခြောက်မှုတွေတောင် ပေါ်လာတာ အများကြီးပဲ မကြားဘူးတာတွေကြားနေရတာပါပဲ . . .

ခုဆိုဒီ Blog လေးကို ရေးတယ် ရေးဖြစ်ရတဲ့ အကြောင်းကတော့ Blog ကိုလုပ်ရင်းနဲ့ နည်းပညာတွေတိုးတက်အောင် ဆိုပြီး စလုပ်ဖြစ်ခဲ့တာပါ. . . ကျွန်မတို့အလုပ်ကလည်း ပြည်သူတွေကို အကျိုးပြုတဲ့ စာအုပ်၊ စာပေတွေ ၊ နည်းပညာတွေ ဖြန့်ဝေပေးတဲ့နေရာဆိုတော့ ဒီစာတွေထဲက ထိထိမိမိနဲ့ ဖတ်ကောင်း တဲ့ စာပေတွေကို ဒီ Blog ပေါ်မှာ ရေးလိုက်ရင် သူများကို လည်း ဖြန့်ဝေပြီးသားလည်း ဖြစ်မယ် ကိုယ်တိုင်လည်း Blogging ကို လေ့လာပြီးသားဖြစ်မယ်ဆိုပြီးရေးဖြစ်ပါတယ်. . . Blog ကြောင့် ရလာတဲ့ အတွေ့အကြုံနဲ့ နည်းပညာ အကျိုးကျေးဇူးတွေက တော့ ပြောမကုန်အောင်ပါပဲ. . .

ကိုယ်တိုင်ရေးတဲ့စာတွေမဟုတ်ပေမယ့် အသိပညာတွေ ဖြန့်ဝေပေးရတဲ့ အလုပ်ကို ပျော်လာတယ် ကိုယ့်စာလေးတွေကို သူများတွေ ဖတ်ပြီး တစ်လုံးဖြစ်စေ၊ တစ်ကြောင်းဖြစ်စေ ၊ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုတယ် ဆိုရင် ကျွန်မတို့ ကြိုးစားရကြိုးနပ်ပါတယ် . . .

ကျန်တဲ့ Internet အသုံးပြုသူတွေကိုလည်း Blog ရေးချင်ရင် ရေးနိုင်အောင်၊ စိတ်ဝင်စားအောင် ကြုံတိုင်း ပြောဖြစ်ပါတယ် . . . အချိန်တွေ ကို အကျိုးရှိရှိအသုံးချချင်ရင် အကျိုးပြုစာတွေကို Blog ပေါ်တင်ပြီး ရေးကြည့်ပါလားလို့ အကြံပြုခဲ့ပါတယ်. . .

ခုဆို Blog တွေပေါ်လာတော့ ပိုတောင်ကောင်းသေး Blog ပေါ်မှာ စာတွေရေးမယ်၊ ကိုယ်သိတဲ့ အသိပညာတွေ ကို အရင်လို English လိုတောင် ရှာဖတ်စရာမလိုဘူး ၊မြန်မာလိုတွေ အားလုံး အဆင်သင့် ရှာဖွေရေးပေးတဲ့နည်းပညာ Blog တွေအများကြီးပါ . . ဒါတွေကို သူတို့ယူတတ်ရင် တကယ် အကျိုးရှိပါတယ်. . . ကျောင်းနဲ့ပတ်သက်တာတွေရှာမယ် ၊ စာတမ်းအတွက် လည်း အထောက်အကူပြုတယ်. . . . Internet မှာ လိုချင်တာတွေအကုန်ရတဲ့ နေရာတွေ အများကြီးပါ. . . . .

အစပိုင်းမှာတော့ အားနည်းချက်ဆိုတာလူတိုင်းမှာ ရှိပါတယ်. . . အဲဒီအားနည်းချက်တွေကို အတွေ့အကြုံတွေနဲ့ ၀ိုင်းဝန်းပံ့ပိုးလိုက်ရင် ကောင်းမွန်တဲ့ ဘက်ကို ဦးတည်ဖြစ်မှာ ဖြစ်ပါတယ်. . . .Chatting ကို အသုံးပြုနေရာကနေ တစ်ဖက်ကနေ တခြား ကိုယ့်ရဲ့ ဗဟုသုတ တိုးတက်ရေးကို အခြားနည်းလမ်း များနဲ့ အကျိုးရှိအောင် အသုံးချမယ်ဆိုရင် Internet အသုံးပြုရတာ တကယ်ကို အကျိုးရှိမှာဖြစ်ပါတယ်လို့ ကျွန်မက တိုက်တွန်းချင်ပါတယ်. . .

ဒီပို့စ်ကို ရေးဖို့တဂ်တဲ့ ကို ZOX ကိုကျေးဇူးတင်ပါတယ် . . . ခေါင်းစဉ်နဲ့ လည်းအံဝင်အောင် ကြိုးစားရေးပေးလိုက်ပါတယ် ကို ZOX

အားလုံးကိုချစ်ခင်လေးစားလျှက်...





ဆိုညည်းဖြစ်သော သီချင်းများ


ညီမငယ် ညခင်းက သူအတဂ်ခံရတာနဲ့ ကျွန်မဘက်ကိုပါမြှားဦးလှည့်ပါတော့တယ်. . . . သူ့ကိုတဂ်သမျှ မတဂ်တာပဲ ကျေးဇူးတင်ပါတယ်. . . .
လူကြီးလူငယ်မရွေး သီချင်းကြိုက်ကြတဲ့ အထဲမှာ ကျွန်မလည်း အပါအ၀င်ပေါ့ ငယ်ငယ်ကတည်း က သီချင်းတွေကြိုက်ပါတယ် ၊ရတာဆို အကုန်အော်တာပဲ. . သီချင်းဆိုလာထား အားလုံး နားထောင်ဖြစ်တယ်. . .
စိတ်ပျော်လည်းနားထောင်တယ်.. . စိတ်ညစ်လည်းနားထောင်တယ် . . . စိတ်အပန်းဖြေစရာ တွေ အများကြီးရှိတဲ့ အထဲက သီချင်းနားထောင်ပြီး စိတ်အပန်းဖြေရတာကို အနှစ်သက်ဆုံးပါ.. . .
လတ်တလော နားထောင်ဖြစ်တဲ့ သီချင်းခွေတွေလည်း အများကြီးပါ . . .
အငဲရဲ့ (ကိုး) အခွေ ၊ လေးဖြူရဲ့ (BOB) ၊ လမ်းဆုံ၊ Romonson Live Show၊ City FM ၊ ဟဲလေး၊၁၂ရာသီအချစ် ထဲ ကသီချင်းတွေများပါတယ်. . . သူငယ်ချင်းများပို့ပေးတဲ့ သီချင်းတွေလည်း နားထောင်တယ်.. အဲဒီထဲ က လတ်တလောဆိုညည်းဖြစ်တဲ့ သီချင်းတွေကတော့. . . .


ဘာလာလာအခွေထဲက

ဗီနိုထွန်းရဲ့ " ပြန်မဆုံဖြစ်ကြရင်"


နင်ဟာင့ါရဲ့ကမ္ဘာ. . . . နင်ဟာ ငါ့ရဲ့အသည်း နင်ဟာ ငါ့အိပ်မက်ပါ. . .
နင်ဟာငါ့မျှော်လင့်ချက်. . . ငါတို့ဝေးသွားရင်. .
ပြန်မဆုံဖြစ်ကြရင်. . .. . . မင်းနှလုံးသားမှာ . . . ငါအမြဲတမ်းရှိပါစေ. . . .


လမ်းဆုံအခွေထဲက


နေနေဆိုထားတဲ့ "မညီမျှခြင်း"

မိန်းကလေးအချစ်ပါ. . . ကိုယ့်ချစ်သူ ပျော်ရွှင်ဖို့ဆိုရင် . . .အားလုံး ကို စွန့်ပစ်လို့ ပေးဆပ်နေမှာ. . . မင်းအနားမှာ အတူနေဖို့ဆိုရင်. . . . . အရှုံးများစွာ ပွေ့ဖက်. . . နာကျင်ရင်းနဲ့. . .
ငါဟာမင်းအတွက် အရုပ်လေးလို. . .
တစ်ခါတစ်လေ မင်းကို ငါမင်းအချစ်ကို နားလည်တယ် . . . . . . .
အနိုင်ယူပါ မင်းရှေ့မှာ အဆင်သင့်ပဲ. . . . .


(လေးဖြူရဲ့ (BOB) )

လေးဖြူရဲ့ "ငါ့ရဲ့လမင်း"


တန်ဖိုးများမရှိတော့ဘူးလို့ . . . .ငါထင်နေတဲ့ဘ၀. . .
မင်းရဲ့လက်မှာ ငါတစ်ခါ ပြန်လည်ကာ အသက်ဝင်တောက်ပ. .
နင်ဟာ အရှူံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း...

ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း . . .
နင်ဟာငါ့အတွက်တော့. . ငွေလမင်း. . .

ကြယ်ပုံပြင်အခွေထဲက
အာဇာနည်ရဲ့ "နောက်ဆုံးရင်ခွင်"


မျက်လုံးခြင်းနဲ့မင်းနဲ့တွေ့ဆုံခိုက်. . . . အချစ်များနဲ့အားလုံးကို သိမ်းပိုက်
ဒီဘ၀ကို ပုံအပ်လိုက်မယ် ယုံထားလိုက်ကွယ်. . . .

ကိုယ်ဘေးနားမှာ မင်းလေးလှမ်းလာလိုက် . . .

လက်ကလေးက ဆွဲလို့ . . . . .ကိုယ်ထွေးပိုက်. . . .
ဘယ်တော့မှထွက်မသွားဘူးကွယ် ဒါနောက်ဆုံးရင်ခွင်ပါ. . .


ဇော်ဝင်းထွဋ်ရဲ့" အ၀ါရောင်လမ်းလေး"


အကြိမ်ကြိမ်ကိုယ်လာရာလမ်း. . .
အ၀ါရောင်ခြုံကလွှမ်း. . .
ရင်မှာခင်မင်လွမ်း
နှုတ်ဆက်တယ်လမ်းအိုလေး
နင်းလျှောက်ခဲ့ မင်းရင်ခွင်ပေါ်မှာ

ပျော်စရာနေ့ရက်များ အကြိမ်ကြိမ် ကိုယ်ရဖူးခဲ့တယ်
အချိန်တွေကုန်သွားတာမြန်တယ်. . .



ကြိုက်တဲ့သီချင်းတွေတော့ အများကြီးပါ. . . ဒါပေမယ့် ပို့စ်လည်းတော်တော်ရှည်သွားပါပြီ . . . ညီမညခင်းလည်း ကျေနပ်မယ်လို့ထင်ပါတယ်. . . . သီချင်းနဲ့ခံစားချက်တွေကို ဖော်ပြနိုင်ဖို့တဂ်တဲ့အတွက် ကျေးဇူးကမ္ဘာပါ. . .


အားလုံးကိုချစ်ခင်လေးစားလျှက်...





ခုတစ်လောအဖြစ်အပျက်တွေက . . .


လတ်တလော အတွေးကတော့ -
လူ့လောကရဲ့ ဒုက္ခတွေကို အသက်ဘယ်လောက်ရှည်ရှည်နေပြီး ကြာကြာခံစားနေရ အုံးမလည်း လို့တွေးနေမိပါတယ်


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူ့သက်တမ်း တစ်ဝက်ကျော်သာရောက်လာတယ် ဘာမှလည်း အသုံးမကျသေးပါလား . .

လက်ရှိကျန်းမာရေးအခြေအနေ
”စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စိတ်ကိုပျော်ရွင်အောင် နေပြီး ကျန်းမာရေးကို ဂရုစိုက်နေသောကြောင့် ခုလောလောဆယ် အလတ်ကြီးရှိသေးသည် :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဘလော့ဂ်ပေါ်တင်ရန် စာအုပ်တော်၂များကို ဖတ်ဖြစ်ပါတယ်. . . ဟိုတို့တို့ ဒီတို့တို့

လက်ရှိရောက်နေဖြစ်တာက
အပြင်မှာလည်း ဘယ်မှမရောက်ဖြစ်ပဲ ၊ အင်တာနက်မှာလည်း ဘလော့စုံအောင် မရောက်ပါ. . အလုပ်နဲ့အိမ်၊ အိမ်နဲ့ အလုပ်ပဲရောက်ပါတယ် . . . .


ဘာတွေရေးနေလည်းဆိုတော့
ဘလော့ဂ်ပေါ်မှာပဲ စာရေးဖြစ်ပါတယ်. . . ( ပြီးတော့ အကြွေးစာရင်းများကို ရေးမှတ်ပါတယ် ) (ပေးရန်တွေပါ :P)

ဖတ်မိတဲ့ကဗျာများ
ကဗျာမဖတ်ပါ.

နားထောင်ဖြစ်နေတာက
သီချင်းအသစ်များ၊ နားထောင်ဖြစ်ပ်ါသည်။

ဖြစ်ချင်နေတာက
ဖြစ်ချင်တာတွေများလွန်းလို့ ဘာရေးရမှန်းမသိတော့ဘူး :D

ခဏခဏစားဖြစ်နေတတ်တာက
ရှမ်းထမင်းချဉ်၊ ကော်ဖီ ၊ လက်ဖက်ရည်၊ ထမင်းနဲ့ ဟင်းကတော့ နေ့တိုင်းစားပါတယ်

သနားနေမိတာက
ကိုယ့်ကိုယ်တိုင် အပါအ၀င် အဆင်မပြေဖြစ်နေသူများကို အားလုံး ကူညီချင်စိတ်နှင့် သနားမိပါတယ်.
ဘာကိုလွမ်းနေမိတာလည်းဆိုတော့-
မိသားစု စုံစုံညီညီရှိတဲ့ အချိန်တွေကို လွမ်းပါတယ်.

ခါးသက်နေမိတာက
ဟန်ဆောင်တတ်တဲ့လူတွေ

မုန်းနေမိတာက
အထူးတလည်မရှိပါဘူး "ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေ" ဆိုတဲ့ အတိုင်း ဘယ်သူ့မှ မမုန်းပါ.

အမြဲတမ်းတနေမိတာ-
ဘယ်တော့မှ မရိုးနိုင်တဲ့ မေမေချက်ကျွေးသော ထမင်း၊ ဟင်းများ နှင့် မုန့်မျိုးစုံ -
ကျောင်းတက်တုန်းက ကျောင်းသူဘ၀နဲ့ သူငယ်ချင်းများ အားလုံးကို သတိရ တမ်းတမိတယ်.

ချီးကျူးနေမိတာက-
ကိုယ်ကလွဲလို့ လူတိုင်းသည် ကိုယ့်ထက်တော်တယ်လို့ ခံယူပါတယ် . . . . .(ကြိုးစားရန်လိုသေးသည် လို့ အမြဲသုံးသပ်မိပါတယ်)

အထင်သေးမိတာကတော့
မိမိကိုယ်တိုင် ( လူ့လောကတွင် နေထိုင်ရန် အတွက် အများကြီး ပြုပြင်ရန်လိုသေးသည်)

ဆန္ဒမရှိတဲ့နေရာ
ဘယ်နေရာမဆို အဆင်ပြေအောင် အားလုံး ဆန္ဒရှိလိုက်ပါတယ်. . .

လောလောဆယ် ဆန္ဒရှိနေတာက-
ခရီးသွားချင်တယ်. . . ဘယ်နေရာဖြစ်ဖြစ်ပါ အလုပ်နဲ့ အိမ်ကလွဲရင် :P

ချစ်နေတာက
လှို့ဝှက်ချက်ပါ ၊ သတ်ချင်သတ် ပြောဘူး :P

စိတ်ပျက်နေမိတာက
ကိုယ့်ကို စိတ်ညစ်အောင်လုပ်တဲ့လူတွေ :P

စွဲလန်းနေမိတာက
ခုတစ်လော ထူးထူးခြားခြားမရှိပါဘူး ၊ (မြ၀တီကလာတဲ့ ကိုရီးယား ဇာတ်လမ်းတစ်ခုကို စွဲစွဲမြဲမြဲကြည့်ဖြစ်ပါတယ်)

လိုအပ်နေတာက
ခရီးသွားဖို့၊မုန့်စားဖို့ ပိုက်ဆံလိုတယ် :P

တောင်းနေမိတဲ့ဆု
ခုတစ်လော ဆု (၂)ခုတောင်းမိတယ် . . .

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဒီပို့စ်ကိုတဂ်တဲ့ ဧရာဝတီသား ပြန်လာရင်တော့ မုန့်ဝယ်ကျွေးပါ . . .

ဝန်ခံချင်တာက
ကိုယ့်ကိုယ် ဘာဖြစ်ခြင်နေမှန်းမသိ၊ အားမလိုအားမရဖြစ်နေမိတယ်. . .

ကဲ ဧရာဝတီသားရေ ရေးတတ်သလောက်နဲ့ စိတ်ထဲရှိတာတွေကို အကုန်ရေးချပြီးပြီနော် ပြန်လာရင်တော့ သိတယ်ဟုတ် ဒီကိုလာရင်လာ မလာရင် အိမ်ကို လိုက်လာပြီး အ၀ မုန့်ကျွေးပေတော့ :P

ခုတစ်လောပို့စ် နဲ့ ပတ်သက်ပြီး ခင်မင်ရတဲ့ စာရေးကောင်းတဲ့ သူငယ်ချင်း ကိုကိုမောင် ရယ် ရန်ကုန်သား နဲ့ ကိုနေစိုးနိုင် ညီမငယ် ပန်းခင်းလေး တို့ကို ဆက်တဂ်ချင်ပါတယ် . . .ခုတော့ ကိုနွယ်ရိုး လည်း ပါသွားပြီ :P

အဆင်ပြေရင် ရေးပေးပါနော် ကျေးဇူးတင်ပါတယ်

အားလုံးကိုချစ်ခင်လေးစားလျှက်...





အခုတစ်လော....


ရိုးသားကြိုးစား ဧရာဝတီသား ရဲ့ တက်ဂ်ပိုစ့်လေး ကို ရေးပေးမယ်နော်။ ရင်တွင်းဖြစ်တွေပေါ့။ အဟိ...
အစ်မငယ် နေကောင်းပါတယ်။ စိတ်လည်း နေကောင်းပါတယ်။ စီးပွားရေး လည်း ပုံမှန်ပါပဲ။(လစာပဲရတာကိုး) :P

အစ်မငယ် may16 အခုတစ်လော....
တွေးနေမိတာက
အင်း...ခန္ဓာရတော့ အိုရအုံးမယ်၊ နာရအုံးမယ်၊ သေရအုံးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မင်းက တရားမှ မရှိပဲကွာ....။

ကျန်းမာရေး
ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး။ အခုတော့ မျက်နှာ တခြမ်းရောင်နေတယ်။ (သွားကိုက်နေလို့)

ဖတ်ဖြစ်တဲ့စာအုပ်က
မြတ်ဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒများကို ဖတ်မှတ် ထုထောင်း ထည့်နေတယ်။

ရောက်နေဖြစ်တာက
ရောက်ဖြစ်နေတာက လူ ဘ၀။ လိုချင်တာ က နိဗ္ဗာန်(ဆုတောင်းနေယုံနဲ့တော့မရ)

ရေးဖြစ်နေတာက
ကိုယ်တိုင်ကူးရေးလေးတွေ ပေါ့။ ( အများတကာ ကိုယ့်လိုပါ...သုတ ရစေချင်)

နားထောင်ဖြစ်နေတာက
စုံစီနဖာ ဟိုစပ်စပ်ဒီစပ်စပ်...အကုန်..လာထား။

ရွတ်နေမိတာက
မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများ ကိုယ့်နောက်ပါ။

ဖြစ်ချင်နေတာက
ဈေးနားနီးနီး တိုက်ကြီးကြီးနဲ့။ (တရားမရှိတာ...လောဘတွေ)

စားဖြစ်နေတတ်တာက
မနက်Coffee၊ ည Coffee

သနားနေမိတာက
ငါ့ဥစ္စာ ငါ ငါ ငါ ကိုယ်ပါ
ပြောတာ ခွေးအော်ပမာမည်။

လွမ်းနေမိတာက
အရင်းမှ အဖျားတိုင်အောင် ချိုသော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

မေ့လျော့ပစ်နေမိတာက
ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်(မိုးကုတ်ဆရာတော်ဘုရားကြီး)

ခါးသက်နေမိတာက
အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

တမ်းတနေမိတာက
ငယ်ဘ၀ ( လွတ်လပ် အေးချမ်း တွေးတောမှုမရှိ)

ကြိတ်ပြီးချီးကျူးနေမိတာက
သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေသူတွေ။

ဆန္ဒမရှိတဲ့နေရာ
၎ပေ၊ ၆ပေ တွင်း။

ဆန္ဒရှိနေတဲ့ကိစ္စ
အရာရာကို အကောင်းအတိုင်း ရှိစေချင်။

မုန်းတီးနေမိတာက
မရှိပါ။

စွဲလန်းနေမိတာက
ကော်ဖီ( ကော်ဖီသောက်တိုင်းလွမ်းတယ်)

လိုအပ်နေတာက
လိုအပ်နေတာ..............(blank)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူဖြစ်ရတဲ့ ဒုက္ခ....( မင်းက တရားမှ မရှိဘဲကွာ)

တလက်စတည်း အခုတစ်လော....ဘာတွေလုပ်လို့ ...ဘာတွေဖြစ်....သိချင်သေးတယ်။ ဆက်..တက်ဂ်မယ်နော်
(၁)ကျမအတွက် ပင်လယ်ကအပြန် ကျောက်ခဲကောက်လာပေးလို့ ကျေးဇူးရှိတဲ့ မောင်ငယ် နေမင်းသံစဉ် (သူ့ကိုပစ်ဖို့ကောက်ပေးတာနေမှာ)
(၂)တစ်မြိုတည်းသားချင်း ဖြစ်တဲ့ အမေ့လက်ရာ (မအားဘူး မပြောပါနဲ့)
(၃) ခေါက်ဆွဲကြော် တ၀က် ကျွေးမယ် ဆိုတဲ့ ကျေးဇူးရှင် ကိုတိုးလေး (ကျေးဇူးကြီးတယ်)

ရေးပေးပါလို့ အနှုးအညွတ်တောင်းပန်ရင်း.......။

အားလုံးလေးစားလျှက်...

ဆွမ်းခံရင်းငှက်သင့်

သူငယ်ချင်းကိုကိုမောင်က ကျွန်မကို တက်ဂ်ထားပါတယ် သင်္ကြန်လည်းကျတော့မယ် ၁၂ ရက်နေ့ ကစပြီး ရုံးကလည်း ပိတ်ပြီဆိုတော့ ဘာရေးရမှန်းမသိတာနဲ့ နည်း၂စဉ်းစားရပါတယ်..
ဆွမ်းခံရင်းငှက်သင့်ဆိုတာက ကျွန်မမှာ သိပ်တော့ ကြီး၂မား၂မကြုံဘူးပါဘူး မတော်တဆ တိုက်ဆိုင်ပြီး ဖြစ်သွားတဲ့ အဖြစ်လေးတွေပဲရှိပါတယ်.. ..
ဒီစကားပုံကို ပုံပြင်လေး ၁ပုဒ်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် . .
တစ်ခါတုန်းက လူတစ်ယောက်ဟာ ကားလမ်းရဲ့တစ်ဖက်ခြမ်းမှာ. . . . အဖွားအိုတစ်ယောက် ရပ်နေတာကို တွေ့တော့ "ဒီအဖွားအို ခမျာ တုန်တုန်ချိချိနဲ့. . ဒီဘက်လမ်းကို ကူးရမှာ ခက်နေမှာပဲ ငါအဖွားအိုကို ဒီဘက်လမ်းကို ကူးလို့ရအောင် သွားတွဲမယ် "ဆိုပြီး သွားလိုက်ပါတယ်. . . .
ပြီးတော့ အဖွားအိုကို တွဲပြီး အဖွားကို ကို ဒီဘက်လမ်းမကို ကူးခဲ့ပါတယ် . . . ဒီဘက်လမ်းကို ရောက်တော့မှ "ကဲရောက်ပြီ အဖွားလို့ပြောတော့" . . . . အဖွား ကပြောလိုက်တာက "ငါ့တူရယ် ငါက ဟိုဘက်လမ်းကို ရောက်အောင် ခက်ခက်ခဲခဲ ကူးထားရတာတဲ့" သေရော အဲလိုမျိုးဖြစ်ပါတယ်. . . .
ကျွန်မလည်း အဲလိုအဖြစ်မျိုးဆန်ဆန်လေးတွေတော့ ဖြစ်ဘူးပါတယ်. . . . . . ခုအနီးစပ်ဆုံး ပြောရမယ်ဆိုရင်တော့. . . . ကျွန်မတို့ရုံးမှာ နှစ်ပတ်လည်နေ့အတွက် ထမင်းဝိုင်းအတွက ကျွန်မ ထမင်းဟင်းဝိုင်းကူချက်ပါတယ်. . . ဘုန်းကြီးဆွမ်းကပ်ဖို့ ဆိုတော့ ဟင်းတွေက တော့ရှယ်ပေါ. ( ပုဇွန်ထုပ်၊ ကြက်သား၊ ငါးကြော် သားရည်မကျပါနဲ့ )
အဲလိုချက်ရင်းနဲ့ ကြက်သားကို ကျွန်မက ဆား၊ အချိုမှုန့်၊ ဆနွင်းနယ်ထားပါတယ်. . . ချက်တော့မချက်ရသေးဘူးပေါ. လေ. . . . . ပြီးတော့ ရုံးက အန်တီကချက်တော့မယ် ဆိုပြီး လာပါတယ် သူကလည်း ဟင်းအိုးကို စပြီး ချက်တာပေါ့ ချက်နေရင်းနဲ့ နောက်ဟင်းတစ်မျိုးအတွက် စီစဉ်ပါတယ် အဲဒီမှာ သူက ဆားဆိုပြီး နိုက်လိုက်တဲ့ဘူးက ဆားမဟုတ်ပဲ . . . ဆားနဲ့ခပ်ဆင်ဆင်တူတဲ့ အပင်ထည့်တဲ့ ဓာတ်ဆားဘူးဖြစ်နေပါတယ်. .
အဲဒီတော့မှာ ကျွန်မကို သမီးနယ်ထားတဲ့ ကြက်သားကိုကြည့်စမ်း ဆားလား၊ ဓာတ်ဆားလားဆိုပြီး ပြူးပြူးပြာပြာ မေးပါတယ် အဲဒီတော့မှ ကျွန်မလည်း သေချာကြည့်ပြီး အန်တီး သမီးနယ် တုန်းက ဆားမှ ဆားစစ်စစ်ပါ အန်တီနယ်တော့မှာ ဘယ်က ဓာတ်ဆားကြီးဖြစ်တာလည်းလို့ ပြောလိုက်တယ် . . . ဒါပေမယ့် သူက ကျွန်မပြောတာကိုမယုံတော့ဘူး . . . မဖြစ်ဘူး မဖြစ်ဘူး သွန်ပစ်သွန်ပစ် ဆိုပြီး ကြက်သား တွေ ချက်ပြီးသားကို သွန်ခိုင်းပါတယ်. . .
ကျွန်မအတန်တန်ပြောပေမယ့် အန်တီကမယုံတော့ပါဘူး အဲဒါနဲ့ အဲဒီဟင်းအိုးကို စိတ်မကောင်းစွာနဲ့ သွန်လိုက်ရပါတယ်. . . သူ့ကိုရှင်းပြလည်းမရတော့ဘူး နင်နယ်တယ် ဓာတ်ဆားပဲဖြစ်မယ် ဆိုပြီး လုံးဝမစားရဘူး ဆိုပြီးပြောပါတယ်. . . .
ဒါနဲ့ကျွန်မလည်း စိတ်တော့မကောင်းဘူးပေါ့ စေတနာနဲ့နယ်ထား ချက်မယ်ဆိုပြီး လုပ်မယ်လို့ လုပ်ထားပေမယ့် . . . ဒီဓာတ်ဆားဘူး က ဘယ်ကနေဘယ်လိုရောက်လာလည်း စဉ်းစားမရတော့ပါဘူး . .
ကျွန်မလည်း စဉ်းစားတာပေါ့မျိုးစုံပဲ သူတို့ကိုလည်း ရှင်းလို့မရ၊ စေတနာနဲ့ လုပ်ပေမယ့် ဝေဒနာဖြစ်သွားရတယ်. . . .
ညနေဘက်ရောက်တော့မှ တရားခံကို မိတော့တယ်. . . . .ရုံးက မောင်လေးတစ်ယောက်က ဆားဘူးကိုယူ ပြီး သူကတခြားနေရာမှာ ထားပြီးတော့ . . . . ပြန်ထားတော့ အပြင်မှာထားထားတဲ့ ဓာတ်ဆားဘူးနဲ့ မှားပြီးပြန်ထားမိတာကိုး . . . .
ဟူးကျွန်မရင်မောသွားတာပဲ ဒါပေမယ့် အချိန်မှီသိလိုက်ရလို့တော်သေးတာပေါ. ကြက်သား ၁ပိသာလောက် တော့ ပါသွားတာပေါ့ရှင်. . . . . .

သူငယ်ချင်းကိုကိုမောင်ရေ ကြိုးစားပြီးရေးလိုက်ပါတယ်နော်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဝါသနာကို အရင်းခံလို့

ကိုဝင်းဇော် Tag ထားတဲ့ "၀ါသနာကို အရင်းခံလို့" ဆိုတဲ့ခေါင်းစဉ်လေးကို အတတ်နိုင်ဆုံးကြိုးစားပြီး ရေးသားလိုက် ပါတယ်...

ငယ်စဉ်ဘ၀မှာ ကျွန်မရဲ့ဝါသနာကတော့ လူနာတွေကို ဆေးကုပေးတဲ့ ဆရာဝန် တစ်ယောက်ဖြစ်ချင်ခဲ့တာပါ. . . မိဘတွေကလည်း ဆရာဝန်လုပ်ချင်တယ်လို့ပြောတော့ အရမ်းသဘောကျပါတယ် ပြီးတော့ စာကြိုးစားဖို့ တိုက်တွန်းခဲ့ပါတယ်. . . . နောက်တစ်ခုက သီချင်းနားထောင်တာကို အရမ်းကြိုက်ပါတယ်. . . ကျွန်မမှာ အကိုတွေများတော့ သူတို့ဂစ်တာတီးရင် သီချင်းဆိုတာကို လည်း ၀ါသနာကြီးပါတယ်. . . .
ဒီလိုနဲ့ သိပ္ပံဝိဇ္ဖာ ခွဲတဲ့ (၈) တန်း မှာ ဂုဏ်ထူး နည်းနည်းနဲ့ပဲ အောင်ခဲ့ပါတယ် အိမ်က မောင်နှမတွေက ရော ဖေဖေနဲ့မေမေကပါ အားမရခဲ့ပါဘူး . . . ၁၀ တန်းရောက်တော့လည်း စာကျက်ပျင်းတဲ့ ကျွန်မကို ဒီပုံစံနဲ့တော့ ဆရာဝန်ဖြစ်ပါလိမ့်မယ် လို့ ၀ိုင်းပြီး ပြောခဲ့ကြပါတယ်. . . .
သူတို့ပြောတဲအတိုင်းပဲ (၁၀) တန်းကို ကိုးလို့ကန့်လန့်အမှတ်နဲ့အောင်ခဲ့ပါတယ် . . . ကျွန်မတို့ (၁၀) တန်းအောင်တုန်း က တက္ကသိုလ် တက်ဖို့ ၃ နှစ်နီးပါးစောင့်ခဲ့ရပါတယ်. . . .ဒီတော့ Institute လည်းမ၀င်တဲ့ အတူတူ ရိုးရိုးမေဂျာ တစ်ခုကို တက်ခဲ့ပါတယ်. . . ဖြစ်ချင်တဲ့ဆရာဝန်ဖြစ်မလာတော့ အဲဒီအချိန်မှာတော့ ဘာကိုမှလည်း အရမ်းဝါသနာမထုံခဲ့ပါဘူး . . . ကျောင်းပိတ်ရက်တွေမှာ အများဆုံးလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေကတော့ စာဖတ်ခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင် တယ် အဲဒါတွေကို ၀ါသနာထုံပါတယ်. . . (အားရင်အားသလို အအိပ်လည်း တအားမက်ပါတယ် )
ကျောင်းပြီးသွားတော့ လည်း အိပ်လိုက်စားလိုက်ပါပဲ ဒါနဲ့ ဘာလုပ်ရင်ကောင်းမလည်း . . . စဉ်းစားနေတုန်း . . . ကွန်ပျူတာတွေစပြီးသုံးတဲ့ အချိန်ဆိုတော့ အလုပ်လုပ်ရင်လည်း အဆင်ပြေအောင် သူငယ်ချင်း ၁ ယောက်နဲ့ MCC မှာ ကွန်ပျူတာသင်တန်းတက် ဖြစ်ခဲ့ပါတယ်. . . . အဲဒီ အချိန်အထိလည်း ရည်ရွယ်ချက်ရော ၀ါသနာရော ယောင်ဝါးဝါးပါပဲ. . . . .
အဲဒီအချိန်မှာ အကိုတစ်ယောက် က ကွန်ပျူတာနဲ့ပတ်သက်ပြီး ဘွဲ့တစ်ခုယူဖို့ တိုက်တွန်းပါတယ် ဒါနဲ့ပဲ ကျောင်းဆက်တက်လိုက်ပါသေးတယ် (တက်နေတဲ့ကျောင်းက အသက် ၃၀ နားအထိပဲ) . . . . ကျောင်းပြီးတော့ ခုကျွန်မတို့မြို့မှာပဲ ၂၀၀၁ ခုနှစ်ကစပြိး အလုပ်ဝင်ဖြစ်ပါတယ်. . . . ဒီအလုပ်ကလည်း တစ်ခါမှ လုပ်မယ်လို့မရည်ရွယ်ပဲနဲ့လုပ်ဖြစ်ခဲ့ တာပါ. ကျောင်းပြီးပြီးချင်း ကျောင်းကဆရာမက လုပ်ကြည့် ပါလို့ တိုက်တွန်းတာနဲ့ ၀င်လုပ်ဖြစ်တာပါ. . .
အလုပ်ရဲ့သဘာဝကတော့ ရိုးရှင်းပါတယ် . . . ကွန်ပျူတာ အသုံးပြုသူတွေကို သူတို့မသိတာတွေကို ကူညီပေးရတာပါ. . . ဒီအလုပ်ကို စလုပ်ခဲ့တာ ၂၀၀၉ ခုနှစ် သြဂုတ်လဆိုရင် (၈) နှစ်တိတိရှိပါပြီ. . . အလုပ်စ၀င် ကတည်းက ကျွန်မအလုပ်မှာ Internet & e-mail ကို တပ်ဆင်ပြီးသားပါ . . . အဲဒီအချိန်မှာတော့ မြန်မာပြည်မှာ e-mail & Internet အသုံးပြုသူဦးရေ နည်းပါတယ်. . .
ကျွန်မလည်း ကျောင်းမှာသင်တုန်း က အဲဒါတွေမပါတော့ စာတွေဖတ်ပြီး လိုက်လုပ်ကြည့်ရပါတယ် . . . ဒါနဲ့ပဲ Internet ကို နှံ့နှံ့စပ်စပ် သုံးဖြစ်ခဲ့ပါတယ် . . . . Internet ပေါ်က သူငယ်ချင်းတွေ အများကြီးတွေ့ခဲ့ရသလို မိတ်ဆွေစစ်တွေလည်း အများကြီးရခဲ့ပါတယ်. . .
ခု ကျွန်မတို့ ဒီ ဧရာဝတီစာကြည့်တိုက် Blog လေးကို လုပ်ဖြစ်တာကတော့ ကျွန်မနဲ့ အလုပ်တူဖြစ်တဲ့ ညီမလေး may16 ကြောင့်ပါ. . . သူကဘလော့လုပ်ရတာကို စိတ်ဝင်စားတော့ အမရေ ရုံးအတွက်လုပ်ရအောင် ဆိုတာနဲ့ အတူတူ လုပ်ဖြစ်ခဲ့တာပါ. . . . .
ကျွန်မတို့လုပ်ငန်းက စာအုပ်များ ငှားရမ်းခြင်း၊ နဲ့ Computer သင်တန်းများဖြင့် ပြည်သူတွေကို ပညာ ဖြန့်ဖြူးပေးရာနေရာဖြစ်ပါတယ် . . ဒါကြောင့် စာကြည့်တိုက်က ကောင်းမွန်တဲ့စာပေများနဲ့ အသိပညာတွေကို ဒီထက်မကပိုမို ပျံ့နှံ့စေချင်တဲ့ စေတနာ နဲ့ Internet က ဘလော့ပေါ်မှာ တင်ခြင်းအားဖြင့် ဒီဘလော့ဂ်လေးကို လုပ်ခြင်းဖြစ်ပါတယ်. . .

ခုတော့ ကျွန်မ၀ါသနာက နေ့တိုင်း ဗဟုသုတရမယ့်စာများ တင်ဖို့ရယ်. . . . . ဘလော့ပေါ်က သူငယ်ချင်းများ ဆီက စာအသစ်တွေတင်တိုင်းကို ဖတ်ဖို့ ကို ၀ါသနာပါပါတယ် . . . . .အားလပ်ရက်တွေမှာတော့ ခရီးသွားခြင်းနဲ့ သီချင်းနားထောင်ခြင်းများကတော့ ငယ်ကတည်းက ခုအချိန်ထိဝါသနာပါတဲ့ အလုပ်တွေဖြစ်ပါတယ် ငယ်တုန်းကဖြစ်ချင်တာနဲက ခုလုပ်နေရတဲ့ အလုပ်ကတော့ မတူပါဘူး ဒါပေမယ့် ခုလက်ရှိရောက်နေတဲ့ အလုပ်ကို ၀ါသနာအားဖြင့် လုပ်နေတာမဟုတ်ပေမယ့် ခုချိန်မှာတော့ ကျွန်မအလုပ်နဲ့ဝါသနာက တစ်ထပ်တည်းနီးပါး ကျနေခဲ့ပါပြီ. . ရှင်. . . .

ဒီပို့စ်လေးနဲ့ကိုဝင်းဇော် Tag ကို ပြန်လည် ရေးသားလိုက်ပါတယ်ရှင်. . .

Blog မောင်နှမများဖြစ်တဲ့ . . . . ..

ညခင်းနဲ့လမင်း (www.nyahkinyaelamin.co.cc)
ကိုနွယ်ရိုး (www.nweyoe.co.cc)
ကိုကိုမောင် (www.kokmaunguk.blogspot.com)
ကိုအိမ် (www.eainhome.co.cc)
ညီမလေး mydiary (www.mydiary.isgreat.org)
ညီမလေး မေခလာ (www.maykhalar.blogspot.com)

တို့ ကို မိမိတို့ရဲ့ဝါသနာလေးတွေကို ရေးပေးကြပါလို့ ထပ် Tag လိုက်ပါတယ် . . . . .



အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။