ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ရင်သားကင်ဆာနှင့်အစားအစာ




အစားအစာများကို တစ်ထပ်စီ တစ်ထပ်စီ စားသုံးမှု ပုံမှန်ဖြစ်လျှင် ရင်သားကင်ဆာဖြစ်မှုကို တားဆီးနိုင်ပါတယ်. . ရင်သားကင်ဆာသည် သွေးထဲတွင်ရှိသည့် အီစထရိုဂျင် ဟော်မုန်းပမာဏများလျှင် ကင်ဆာဖြစ်နှုန်းမြင့် ပါတယ်. . . အစားအစာထဲတွင် အီစထရိုဂျင် ဟော်မုန်းကို နည်းစေသည့် (သို့) လုံးဝတားဆီးပေးနိုင်မည့် အစားအစာများ ကိုရွေးချယ်စားသုံးသင့်ပါသည်။ အဓိက တိရစ္ဆာန်နှင့် ငါးမှ ထုတ်လုပ်သည့် အဆီများများ ပါဝင်သော အစားအသောက်များကို စားသင့်ပါတယ်. . .

သားမြတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများမှာ-

-အဆီပမာဏကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ် . . . အဆီများများစားသုံးခြင်းသည် ရင်သားကင်ဆာဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်းထိ တက်လာစေပါသည်. . .

-အမျှင်များတဲ့ အစားအစာများကို ရွေးစားသင့်ပါတယ်. . .

- အရက်သောက်ခြင်းကို လျှော့ချသင့်ပါတယ်. .

- ပဲပုပ်လုပ်သည့် ပဲစေ့ကို များများ စားသုံးရပါတယ်.

- ကွာစေ့ကို နေ့တိုင်း စားသုံးပါက ရင်သားကင်ဆာ ဖြစ်မှုကို သိသိသာသာကျဆင်းစေပါတယ်.

- အကျိုးရှိသော အဆီများကို စားသုံးရပါမယ် (Omega 3 နှင့် Omega 9 Fatty Acids များကို စားပေးလျှင် ရင်သားကင်ဆာဖြစ်နေလျှင်တောင် ကျုံ့သွားစေပါတယ်. Omega 3 က တော့ ဆော်လမွန်ငါး ၊တူနာငါး စတဲ့ အေးခဲတဲ့ရေထဲ က ငါးအမျိုးအစားများပါ. . Omega 9 ကတော့ သံလွင်ဆီဖြစ်ပါတယ်)

- လတ်ဆက်သော မုန်လာထုပ်၊ ပန်းမုန်လာ၊ ကန်စွန်းရွက်စတဲ့ ဟင်းသီးဟင်းရွက်များကို လည်း စားသုံးသင့်ပါတယ်. . ဂရိတ်ဖရုလို့ခေါ်တဲ့ သစ်သီးကိုလည်း များများ စားပေးရပါမယ်. .

အစားအစာများကို စနစ်တကျစားသုံးလျှင် သန်းပေါင်းများစွာသော အမျိုးသမီးများကို ရင်သားကင်ဆာ ဖြစ်နိုင်ခြင်းမှာ ကာကွယ်ပေးပါတယ်. . . သားမြတ်ကင်ဆာကို ကာကွယ်နိုင်ရန်အတွက် အစားအစာများကို မှန်ကန်စွာ စားသောက်သင့်ပါသည်။

ဒေါက်တာ စပယ်ပွင့်ဖြူ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



သမီး. . .

လောကကြီးမှာ မလွယ်တာတွေ အများကြီးပဲ
မုန်းတဲ့လူကို ချစ်အောင်လုပ်ဖို့
ကိုယ့်အမှားကို ၀န်ခံတောင်းပန်ဖို့
သူများအမှားကို သည်းခံ ခွင့်လွှတ်ဖို့
ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်ကို ပြင်ဖို့
သူတစ်ပါးကို ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲဖို့
စိတ်ညစ်စရာတွေကို ရင်ဆိုင်ဖြေရှင်းဖို့

လောဘ၊ ဒေါသ၊ မာနတွေကို ထိန်းသိမ်းဖို့
လောကကြီးကို အမြဲတမ်းအကောင်းမြင်တတ်ဖို့
အချိန်ကို အကျိုးရှိရှိ သုံးတတ်ဖို့
မိမိကိုယ်မိမိ နှိမ့်ချစွာ ဆက်ဆံတတ်ဖို့
အလုပ်တစ်ခုကို အောင်မြင်အောင် စတင်လုပ်ကိုင်ဖို့

မိမိရဲ့မှားယွင်း နေတဲံ အယူအဆတွေကို
စွန့်လွှတ်လိုက်ဖို့
မချစ်သင့်တဲ့သူကို ယတိပြတ် အဆက်ဖြတ်ဖို့
အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ဖို့

မလွယ်တာတွေ အများကြီးပဲ သမီးရေ
အဲ့ဒီမလွယ်တာတွေကို လုပ်နိုင်တဲ့သူဟာ
တကယ့်လူစွမ်းကောင်းပါပဲ
သမီးလေးကို လူစွမ်းကောင်းဖြစ်စေချင်တယ်
ကြိုးစားကြည့်ပါလား ကွယ်. . .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရိုးသားမှု



"ရိုးသားမှု မရှိလျှင် . . .
လွပ်လပ်မှု မရှိဘူး . . . "

လူ့ဘ၀တွင်
ကြိုးစားအားထုတ်မှုဟာ အရေးကြီးသလို
ကြိုးစားမှုနဲ့ အတူ
ရိုးသားမှုဟာလဲ ပိုပြီးတော့ အရေးကြီးတယ်။

ကြိုးစားမှုသာရှိပြီး
ရိုးသားမှု မရှိတဲ့သူကို
အယုံအကြည် နည်းကြလို့ပဲ။

ဘယ်သူမဆို
ကြိုးစားသူထက်
ရိုးသားသူကို ပိုပြီးတော့ အလိုရှိတယ်။

မရိုးသားတဲ့သူတွေဟာ
အနေအထိုင် ကျဉ်းကြုတ်တယ်
ဘာနှောင်ကြိုးမှ မရှိဘဲနဲ့
သူတို့ဘ၀ဟာ မလွတ်လပ်ဘူး
သူတို့ရတဲ့ အောင်မြင်မှုကိုလဲ
မသာယာ မမက်မောဘူး
လိပ်ပြာမသန့်ဘူး
ဘာကြောင့်လဲဆိုတော့
စစ်မှန်မှု မရှိလို့ဘဲ။

စစ်မှန်တဲ့ အကြောင်းအရာတိုင်းမှာ
ရိုးသားမှုဟာ အလိုအလျောက်
ပါပြီးသားဖြစ်တယ်။
ဒါကြောင့် မင်းတို့အနေနဲ့
စစ်မှန်တဲ့ လွပ်လပ်မှုရအောင်
ရိုးသားမှုနဲ့ ကြိုးစားကြပါ။

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကိုယ်အင်္ဂါအသီးသီးရဲ့ အဆိပ်အပုတ်ရှင်းထုတ်မှု(၂)



ကိုယ်တွင်းမှ အဆိပ်အပုပ်များကို ပိုမိုကောင်းစွာရှင်းထုတ်နိုင်ရန် အဆိပ်အပုပ်ရှင်းထုတ်မှု စနစ်များကိုလည်း အချိန်မှီပံ့ပိုးပေးဖို့ လိုအပ်ပါတယ်. . .

အစာအိမ်
အစာအိမ် ရဲ့ အဓိက လုပ်ငန်းဟာ အစာထဲမှာပါရှိတဲ့ ရောဂါ ပိုးမွှားတွေကို သုတ်သင်ပြီး အစာခြေဖျက် ပေးတာဖြစ်ပေမယ့် ရံဖန်ရံခါမှာလည်း အဆိပ်အပုပ်ရှင်းထုတ်တဲ့ တာဝန်ကို ယူပါတယ်. . ကိုယ်တွင်းက အဆိပ်ကို ပျို့အန်ထုတ်တဲ့ နည်းဖြင့် စွန့်ထုတ်လေ့ရှိတယ်. .

ပံ့ပိုးမှုနည်းနာ-
ချဉ်လွန်း၊ စပ်လွန်းသော အစာများကို ဗိုက်ထဲ အစာမရှိဘဲ မစားပါနှင့် အတတ်နိုင်ဆုံး စနစ်တကျ စားသောက်တာ ဖြစ်အောင် ဂရုစိုက်ပါ။

ပြန်ရည်ကြောစနစ်
ပြန်ရည်ကြောစနစ်ဟာ သွေးလွှတ်ကြော၊ သွေးပြန်ကြောများလို သူ့ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေတယ်. . ခန္ဓာကိုယ်တွင်းက အဆိပ်အပုပ်များ ကို လက်ခံသိမ်းဆည်းတဲ့ အလုပ်ကို လုပ်ပါတယ်.. တစ်ကိုယ်လုံးမှာ လှည့်ပတ်နေတဲ့ ပြန်ရည်ဟာ ကိုယ်တွင်းက အဆိပ်အပုပ်ကို စုပ်ယူပြီး ပြန်ရည်ကျိတ်ဖုဆီ ပို့ပေးပါတယ်. . ပြန်ရည်ကျိတ်ဖုဟာ အဆိပ်ကို စစ်ထုတ်ယူပြီး သွေးရည်မှ တစ်ဆင့် အဆုတ်၊ အရေပြား၊ အသည်း၊ ကျောက်ကပ်များ သို့ပို့ကာ ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပါတယ်. .

ပံ့ပိုးမှု နည်းနာ-
နေ့တိုင်းရေနွေးနွေးဖြင့် ၁၀-၁၅ မိနစ်ကြာ ရေစိမ်ချိုးပေးနိုင်လျှင် ပြန်ရည်လှည့်ပတ်မှုကို အားပေးနိုင်ပါတယ်. ရေနွေးမချိုးနိုင်လျှင်တောင် ခြေကို ရေနွေးစိမ်ပေးပါ။

မျက်စိ
အမျိုးသမီး အထူးသဖြင့် အငိုလွယ်တဲ့ အမျိုးသမီးများတွင် မျက်စိမှ အဆိပ်အပုတ်ရှင်းထုတ်မှုဟာ အတော်ထိ ရောက်တယ်လို့ ဆိုပါတယ်. . မျက်ရည်ထဲမှာ လူ့ကျန်းမာရေးကို ဒုက္ခပေးနိုင်သော အဆိပ်အပုပ် အများအပြား ပါဝင်ကြောင်း ဆေးပညာရှင်များက ဖော်ထုတ်တင်ပြထားပါတယ်. .

ပံ့ပိုးမှုနည်းနာ-
မျက်ရည်ကျခဲသူများအနေနဲ့ တစ်လတွင် တစ်ကြိမ်ခန့် အလွမ်းအဆွေး ကြေကွဲဖွယ် ရုပ်ရှင်၊တီဗွီကြည့်ပါ. (သို့) ကြက်သွန်နီ ဥကိုလှီးပါ။

အဆုတ်
အဆုတ်သည် အဆိပ်အပုတ် အလွန်စုလွယ်သော နေရာဖြစ်ပါတယ်. အကြောင်းကတော့ လူဟာ တစ်ရက်တွင် လေ ၁၀၀၀ လီတာခန့် အဆုတ်ထဲကို ရှူသွင်းရလို့ပါ. . . လေထဲတွင် လွင့်မျောနေသော ရောဂါပိုး၊ ဗိုင်းရပ်စ်၊ ဖုန်မှုန့် စတဲ့ ဒုက္ခပေးနိုင်တဲ့ အရာများသည် လေနှင့်အတူ အဆုထ်ထဲသို့ ၀င်ရောက်လာနိုင်ပါတယ်. . . တစ်ဖက်ကလည်း အဆုတ်အနေနဲ့ ဒီလိုဝင်ရောက်လာတဲံ အရာအချို့နှင့် ကိုယ်တွင်း ဇီဝကမ္မဖြစ်ပျက်စဉ်က ပေါ်ပေါက်တဲ့ အညစ်အကြေးများကို အသက်ရှု နည်းဖြင့် စွန့်ထုတ်ပေးနိုင်ပါတယ်. .

ပံ့ပိုးမှုနည်းနာ
လေထုသန့်ရှင်းလတ်ဆတ်တဲ့နေရာ ဒါမှမဟုတ် မိုးရွာပြီးနောက် လေထုသန့်စင်နေသော အချိန်များတွင် အသက်ပြင်းပြင်းရှူသော လေ့ကျင့်ခန်း (သို့) ချောင်းတမင်ဆိုးပြီး အဆုတ်ရဲ့ အဆိပ်အပုပ် ရှင်းထုတ်မှုကို ပံ့ပိုးပေးပါ. . .

အသည်း
လူ့ခန္ဓာကိုယ်တွင် အဆိပ်ကို ခြေဖျက်ပေးနိုင်အား အကြီးဆုံးအင်္ဂါကတော့ အသည်းပါပဲ. . . အသည်းဟာ အဆိပ်ဖြေ အင်ဇိုင်းကို မှီပြီး အစားအစာကို အချောကိုင် ပြုပြင်ကာ ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့်အရာအဖြစ် ပြောင်းလဲပေးပါတယ်. . ထို့နောက် စုပ်ယူပါတယ်. . . သို့ပေမယ့် အစာထဲ က အဆိပ်အချို့ကတော့ အသည်းမှာ ကျန်ခဲ့ပါသေးတယ်

ပံ့ပိုးမှု နည်းနာ
"ယောဂ "ကျင့်စဉ်ကို လိုက်စားပါ. . ယောဂ ကျင့်စဉ်သည် အဆိပ်ဖယ်ထုတ်ရန် အထိရောက်ဆုံး လှုပ်ရှားနည်းတစ်ရပ် ဖြစ်ပါတယ်. . . အသည်း စတဲ့ အင်္ဂါများအပေါ် ဖိအားသက်ရောက်စေရာမှ ၄င်းတို့၏ သွေးလှည့်ပတ်မှု ကို မြန်စေပြီး အဆိပ်ရှင်းထုတ်မှုကို အားပေးပါတယ်. .

ကျောက်ကပ်
ခန္ဓာကိုယ်အတွင်း အဆိပ်အပုပ် ရှင်းထုတ်သည့် အင်္ဂါများအနက် ကျောက်ကပ် ဟာ အရေးကြီးဆုံးဖြစ်ပါတယ်. . သွေးရည်ထဲမှ အဆိပ်ကို စစ်ထုတ်ပြီး ဆီးမှ တစ်ဆင့် ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပေးပါတယ်. . ထို့အပြင် ကိုယ်တွင်း မှ ရေဓာတ်နှင့် ပိုတက်စီယမ် ၊ ဆိုဒီယမ် ဓာတ်ဆားများကို ညီညွတ်မျှတအောင် ထိန်းပေးပါတယ်. အဆိပ်အပုပ် ရှင်းထုတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်နေသော ကိုယ်တွင်း အရည် လှည့်ပတ်မှု တော်တော်များကို ကျောက်ကပ်မှ ထိန်းချုပ်ပေးပါတယ်. . . ဆီးထဲတွင် အဆိပ်အတောက် အလွန်များနေပြီး အချိန်မီ မစွန့်ထုတ် နိုင်လျှင် နောက် တစ်ဖန် စုပ်ယူခြင်း ခံရနိုင်ပြီး. . . သွေးရည်ထဲ ပြန်လည်ရောက်ရှိသွားပါက ကျန်းမာရေးကို ပိုဒုက္ခပေးနိုင်ပါတယ်. . .

ပံ့ပိုးမှု နည်းနာ
ရေကို လုံလောက်စွာ သောက်ပေးပါ. . အကျိုးအားဖြင့် ကိုယ်တွင်းအရည် မှ အဆိပ်အတောက်ကို ကျဲပျော့စေရုံသာမက ကျောက်ကပ်၏ ဇီဝကမ္မလုပ်ငန်းများကိုလည်း အားပေးနိုင်ပြီး အဆိပ်များကို ခန္ဓာကိုယ် ပြင်ပသို့ စွန့်ထုတ်ပေးနိုင်ပါတယ်. ထို့ကြောင့် နေ့စဉ် နံနက်စောစော ဘာမှ မစားမီ ရေတစ်ခွက်သောက်ပါ. .

အရေပြား
အတွင်းအဆိပ်သင့်လျှင် အပေါ်လွင်ဆုံးနေရာသည် အရေပြားဖြစ်သလို့ အဆိပ်အပုပ်ရှင်းထုတ်ရာတွင် အသိသာဆုံး နေရာသည် အရေပြားပဲ ဖြစ်ပါတယ်. . . လူ့ခန္ဓာကိုယ်မှ အဆိပ်အပုပ်ရှင်းထုတ်မှုအတွက် အကြီးဆုံး အင်္ဂါလည်း ဖြစ်ပါသည်. . . အခြားအင်္ဂါများမှ စွန့်ထုတ်ရန် ခက်ခဲသည့် အဆိပ်များကို အရေပြားမှ ချွေးထက် သည့် နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်.

ပံ့ပိုးမှုနည်းနာ
တစ်ပတ်တွင် တစ်ကြိမ် အေရိုးဗစ်(သို့) သွေးရည်ထဲ အောက်စီဂျင် ပိုမိုရောက်စေသော လှုပ်ရှားမှု တစ်မျိုးမျိုးဖြင့် ချွေးထွက်အောင် ဆောင်ရွက်ပါ. .

အူလမ်းကြောင်း
အစားအစာထဲမှ မခြေဖျက်နိုင်သည့် အကြွင်းအကျန်အဖတ်များ သည် အူလမ်းကြောင်းထဲ ရောက်ရှိသည့်အခါတွင် ရေဓာတ်အချို့ကို အူအမြှေးပါးက စုပ်ယူလိုက်ပါတယ်.. . ကျန်အစာများကို ပိုးမွှား၏ အချဉ်ဖောက်မှုနှင့် ပုပ်ဆွေးစေမှုကြောင့် မစင်အဖြစ် ပြောင်းလဲလာပါတယ်. . . .

ပံ့ပိုးမှု နည်းနာ
နံနက်စောစောတွင် ပုံမှန်ဝမ်းသွားတတ်တဲ့ အကျင့်ကို ရအောင် လုပ်ပါ မစင်များ အူထဲမှာ ကြာကြာရှိစေမှာ မဟုတ်သည့် အတွက် အဆိပ်အပုပ် ပြန်လည်စုပ်ယူမှုကို လျော့နည်းစေပါတယ်. . . အမျှင်များများပါသည့် အစာများကို စားခြင်းဖြင့် အူ၏ လှိုင်းထ လှုပ်ရှားမှုကို တိုးများစေကာ ၀မ်းချုပ်ခြင်းကို ကာကွယ် နိုင်ပါတယ်. .

ဦးနှောက်
ဦးနှောက်ဟာ အဆိပ်အပုပ်ကို တိုက်ရိုက်ရှင်းထုတ်သော အင်္ဂါမဟုတ်ပါ. . သို့သော် စိတ်အနေအထားဟာ အဆိပ်အပုပ်ရှင်းထုတ်သော အင်္ဂါအသီးသီး၏ လုပ်ငန်းစွမ်းရည်အပေါ် သိသာစွာ လွှမ်းမိုးမှု ရှိနေပါတယ်. . . အထူးသဖြင့် စိတ်ဖိစီးမှု နှင့် မွန်းကျပ်မှုများသည် ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ်ရှင်းထုတ် စနစ်ကို ချုပ်ငင်ထားနိုင်ပါသည်. . .

ပံ့ပိုးမှုနည်းနာ
အိပ်ရေးဝအောင် အိပ်ပါ. . စိတ်ကို လွပ်လပ်ပေါ့ပါးအောင် ထားပါ. . ဦးနှောက်အပေါ် ဖိအားမများပါစေနှင့်.

ကိုယ်တွင်းမှ အညစ်အမှိုက် အဆိပ်အပုပ်များကို ရှင်းထုတ်နိုင်ရန်အတွက် အစုအဖွဲ့ကြီး ၄ ခု၏ လုပ်ငန်း ပုံမှန် လည်ပတ်မှု အပေါ် အဓိက တည်မှီနေပါတယ်. . အစာခြေအစုအဖွဲ့၊ အသက်ရှူ အစုအဖွဲ့၊ အညစ်အကြေးစွန့် အစုအဖွဲ့နှင့် အရေပြားတို့က အဓိကျပါတယ်. .

အချုပ်အားဖြင့် ဆိုရပါလျှင် မိမိ၏ အဆိပ်အပုပ် ရှင်းထုတ်မှုများကို သဘာဝအကျဆုံး နည်းလမ်းကောင်းများဖြင့် စနစ်တကျ အကောင်အထည်ဖော်ခြင်းဖြင့် မိမိကိုယ်တွင်းမှ အဆိပ်အပုပ်များကို ရှင်းထုတ်နိုင်ပါစေလို့..


မင်းစံအိမ် (ကိုယ်တွင်းကအဆိပ် အပုပ်ရှင်းထုတ်ပါ)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အမေ



မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ် ပြာသိုလပြည့်နေ့တွင်ကျရောက်သော

အမေများနေ့ကို ဂုဏ်ပြုလျက်..

''အမေ''

အမေ ----လွမ်းလိုက်တာ
ပျော်စရာတွေ ကြားမှာ
အမေ့ မျက်နှာသာယာနေပါစေ။

သမီးတွေကို ချစ်ခဲ့အမေ
မရေရာတဲ့ ဘ၀တွေ အတွက်
အခက်အခဲတွေ ကျော်ဖြတ်
အချစ်အတွက် သက်သေပြ
ဒါငါ့သမီးတွေ စာတတ် ဖို့ အတွက်တဲ့ လား ။

သမီးတွေအတွက် ဂုဏ်ယူချင်တဲ့ အမေ
ဝေဒနာတွေ ကြားက မရပ်မနား
ကြိုးစားရှာဖွေနေတဲ့ ငွေ
ဒါဟာ ''ငါ့သမီးတွေ မျက်နှာမငယ်စေဖို့ "တဲ့ လား ။

အဆင်မပြေမှုတွေ နှင့် အမေ
ရင်နာတာတွေ မျိုသိပ် နှိပ်စက်နေတဲ့ လောကဓံကြား
ဒါ ငါ့သမီးတွေ အတွက် ငါပေးဆပ်ရမယ် ဆိုတဲ့
အမေ့ရဲ့ စိတ် တိတ်တိတ်လေး စိုးထိပ်ရင်း
ငါ့သမီးကြီး စာကြိုးစား တဲ့ ။

အမေ--လွမ်းလိုက်တာ
မကုန်နိုင်တဲ့ ကျေးဇူးတွေအတွက်
သမီး ဘယ်လို ပြန်ဆပ်ရမှာလဲ
ဆိုးခဲ့ မိတဲ့ အတိတ်တွေ အတွက် ကြိုးစားနေမိတယ်။

သိနိုင်ပါစေ အမေ
အရာရာတိုင်းကို အမေ့ စိတ်တိုင်းကျ
ကြိုးစားနေတဲ့ သမီးအတွက်
ဂုဏ်ယူ ကြွေးကြော်လိုက်စမ်းပါ။

ဝေဒနာတွေနှင့် အမေ့ အတွက်
သမီးရဲ့ ခံယူချက်ဟာ
အားဆေးတစ်ခွက် ဖြစ်ခဲ့ မယ်ဆိုရင်
သိမ်ငယ်မှု တွေ ကြားက
အမေ့ မျက်နှာ သာယာ နေပါစေ
အမေ----လွမ်းလိုက်တာ။ ။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကိုယ်အင်္ဂါအသီးသီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်မှု(၁)



ကျွန်မတို့ကိုယ်တွင်းမှာ အဆိပ်အပုပ်ရှင်းထုတ်မှုများဟာ အချိန်စက္ကန့် မလပ်ဖြစ်ပေါ် နေပါတယ်. အဆိပ် အပုပ်ရှင်းထုတ်ပေးတဲ့ အင်္ဂါအသီးသီးမှာ မတူကွဲပြားနေတဲ့ အလုပ်ချိန်ရှိပါတယ်. . . ဒီအချက်တွေကို သိရှိထားမှသာလျှင် မိမိရဲ့ အလုပ်ချိန်၊ နားချိန်များကို စနစ်တကျ စီမံနိုင်မှာဖြစ်ပါတယ်. . . သို့မှသာလျှင် ကိုယ်တွင်းမှ အဆိပ်အပုပ်များကို ပိုမိုကောင်းစွာရှင်းထုတ်နိုင်ရန် အထောက်အကူဖြစ်စေပါတယ်. .

အသည်း
အစာထဲက အဆိပ်အပုတ်များကို ရှင်းထုတ်ပေးရုံသာမက အစာကို ခန္ဓာကိုယ်အတွက် အသုံးဝင်မယ့်အရာဖြစ် အောင် ပြောင်းလဲပေးပါတယ်.

ကျောက်ကပ်
သွေးရည်ထဲက အဆိပ်အပုပ်တွေကို စစ်ထုတ်ပေးပြီး ကိုယ်တွင်းက အညစ်အကြေးများနဲ့အတူ စွန့်ထုတ်ပစ်ပါတယ်. . အဆုတ် အောက်စီဂျင် ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဇီဝဖြစ်စဉ်မှ ပေါ်ပေါက်တဲ့ အညစ်ကြေးကို ရှူထုတ်ပစ်ပါတယ်.

အစာအိမ်၊အူ
အစာကိုခြေဖျက်ပြီး အာဟာရများကို စုပ်ယူပေးတယ်. . အစာထဲမှာ မခြေဖျက်နိုင်တဲ့ အရာများကို စွန့်ထုတ်ပေးပါတယ်. . .

ပြန်ရည်ကြောအစုအဖွဲ့
ပြန်ရည်ဟာ သေဆုံးသွားသော ဆဲလ်များကို စုပ်ယူပေးပြီး ပြန်ရည်ကြောဖုကတော့ ကိုယ်တွင်းက အဆိပ်အပုပ်ကို စစ်ထုတ်ပေးပါတယ်. . ဒီ့နောက် အညစ်အကြေးစွန့် အင်္ဂါများမှ တစ်ဆင့် စွန့်ထုတ်ပစ်ပါတယ်.

အရေပြား
လူ့ခန္ဓာကိုယ်တွင် အရေးပါဆုံးသော အညစ်အကြေးစွန့် အင်္ဂါတစ်ခုဖြစ်ပါတယ်. . . ရေ၊ဆား၊ဆီးအဆိပ်၊ အစ်ဆစ် ၊ အမိုးနီးယား စသည့် ကိုယ်တွင်း အညစ်အကြေး အများအပြားကို စွန့်ထုတ်ပေးနိုင်ပါတယ်. .

လူ့ခန္ဓာကိုယ်ရဲ့ အဆိပ်အပုပ်ရှင်းထုတ်နိုင်စွမ်းဟာ အစာအိမ်၊ အူ၊ အသက်ရှူလမ်းကြောင်း၊ အသည်း၊ကျောက်ကပ်နှင့် အရေပြားများအပေါတွင် မူတည်နေပါသည်။

ည ၉.၀၀ - ၁၁.၀၀ နာရီ
ရောဂါပြီးစနစ်( ပြန်ရည်ကြောဖု) ရဲ့ အဆိပ်အပုပ်ရှင်းထုတ်ချိန်ပါ. . ဒီအချိန်မှာ ငြိမ်သက်စွာ (သို့) တေးဂီတ နားထောင်ပြီး နေသင့်ပါတယ်. . ဗျာတွေ များနေတယ် ၊ သောကတွေ ပွားနေတယ်ဆိရင် ကျန်းမာရေးအတွက် မကောင်းပါ။

ည ၁၁.၀၀ - နံနက် ၃.၀၀ နာရီ
အသည်းရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ကောင်းကောင်းအိပ်ပျော်နေမှ လုပ်ငန်းဆောင်ရွက် နိုင်ပါမယ် ။

နံနက် ၁.၀၀ နာရီ- ၃.၀၀ နာရီ
သည်းခြေရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ကောင်းကောင်းအိပ်ပျော်နေမှ လုပ်ငန်းဆောင်ရွက် နိုင်ပါမယ်။

နံနက် ၃.၀၀ နာရီ- ၅.၀၀ နာရီ
အဆုတ်ရဲ့ အဆိပ်ရှင်းထုတ်ချိန်ပါ။ ချောင်းဆိုးနေတဲ့သူတွေ ဒီအချိန်ပိုင်းမှာ ချောင်းပိုဆိုးလေ့ရှိတာဟာ ဒီအချက်ကြောင့်ပါ။

မှတ်ချက် -
ညဥ့်နက်မှ အိပ်ပြီး နေမြင့်မှ ထလျှင် အဆိပ်အပုပ်ရှင်းထုတ်မှု ဖြစ်စဉ် တစ်ခုလုံးကို ၀ရုန်းသုန်းကား ဖြစ်သွားစေပါတယ်. . . ဒါ့အပြင် ညလယ်မှ နံနက်မိုးလင်း ၄.၀၀ နာရီထိ အချိန်ပိုင်းဟာ ကျောရိုးခြင်ဆီကနေ သွေးထုတ်လုပ်တဲ့ အချိန်လည်းဖြစ်ပါတယ်. . . ဒါ့ကြောင့် အိပ်ရေး ပျက်မခံဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မော်ကျနေဖို့ လိုပါတယ်. . .

နံနက် ၅.၀၀ - ၇.၀၀ နာရီ
အူမကြီးရဲ့ အဆိပ်အပုပ်ရှင်းထုတ်ချိန်ပါ။ အိမ်သာတက်ပြီး မစင်စွန့်သင့်တယ်. .

နံနက် ၇.၀၀ - ၉.၀၀ နာရီ
အူသိမ်မှာ အာဟာရဓာတ် အများအပြား စုပ်ယူတဲ့ အချိန်ပိုင်းပါ . . ဒီအချိန်မှာ နံနက်စာစားသင့်တယ် ။ ရောဂါ ကုသခံနေသူကတော့ နည်းနည်းစောပြီး နံနက် ၆.၃၀ နာရီ မတိုင်မီစားပါ။ ကျန်းမာရေး လိုက်စားသူကတော့ ၇.၃၀ နာရီမတိုင်မီ စားပါ။ နံနက်စာ စားတဲ့အကျင့်မရှိလျှင် မကောင်းလို့ စားတဲ့အကျင့်ကိုမွေးပါ။ ၁၀.၀၀ နာရီလောက်မှ စားမယ်ဆိုလျှင်တော့ မစားတော့တာဘဲ ပိုကောင်းပါတယ်. .


မင်းစံအိမ် (ကိုယ်တွင်းကအဆိပ် အပုပ်ရှင်းထုတ်ပါ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ချစ်ခြင်း၏ပုံရိပ်များ



  • Love is always patient and kind .
  • It is never jealous, ruder or selfish.
  • It is always ready to forgive, to trust to hope and to endure whatever comes.

  • ချစ်ခြင်းမေတ္တာသည် အမြဲတမ်းစိတ်ရှည်သည်းခံပြီး ကြင်နာတတ်သည်။
  • ဘယ်သောခါမျှ မနာလိုဝန်တိုစိတ်မရှိ။
  • ရိုင်းစိုင်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း မရှိ။
  • ခွင့်လွှတ်ဖို့၊ ယုံကြည်ဖို့ ၊မျှော်လင့်ဖို့၊ အမြဲတမ်းအဆင်သင့်ရှိနေသည်။
  • ဘာပဲလာလာ ကြံ့ကြံ့ခံ ရင်ဆိုနိုင်စွမ်းလည်းရှိ၏။

  • Love is the only correct answer. Always, Always, no matter what the situation.

  • အချစ်ဆိုတာ . . . ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်
  • အမြဲတမ်း . . . . အမြဲတမ်း . . .
  • မှန်ကန်နေတဲ့ အဖြေတစ်ခုပါပဲ။

  • Out of all of life's gifts, the greatest is that of love.
  • ဘ၀ရဲ့ လက်ဆောင်တွေအားလုံးထဲမှာ မေတ္တာသာလျှင် အကြီးကျယ်ဆုံး (တန်ဖိုးအကြီးဆုံး)ပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကုန်စည်ပြပွဲ







ဧရာဝတီတိုင်း မြို့တော်ခန်းမ တွင် ပထမအကြိမ် ကုန်စည်ပြပွဲကို ၁၄ .၁. ၂၀၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် စတင် ဖွင့်လှစ်ခဲ့ပါတယ်. ကုန်စည်ပြပွဲကို (၁၄.၁.၂၀၁၁) မှ (၁၈.၁.၂၀၁၁) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ ည (၉) နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်. . . .

အလှကုန်ပစ္စည်များ၊ လျှပ်စစ်ပစ္စည်းများ (NIBBAN)၊ Sky Net ရုပ်သံ၊အထွေထွေ လူသုံးကုန်ပစ္စည်းများ ၊အစားအသောက်များ ကို စည်ကားသိုက်မြိုက်စွာဖြင့် ရောင်းချပေးလျှက်ရှိပါတယ်.

ပန်းကဗျာနဲ့ မေ၁၆ ကတော့ ဖွင့်ပွဲ ပုံများ နှင့် ကုန်စည်ပြပွဲမှ ဆိုင်ခန်းများရဲ့ ပုံတွေကို မှတ်တမ်းတင်ပြီး အမှတ်တရနဲ့ တင်လိုက်ပါတယ်. . . ပြီးရင် ပန်းကဗျာတို့နှစ်ယောက်လည်း အဲဒီဆိုင်တွေကို သွားပြီး Shopping ထွက်လိုက်ပါအုံးမယ်ရှင်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သားဖေဖေ



သား. . .

ဘ၀ဆိုတာ အချိန်ပါပဲ.
အချိန်ဆိုတာ ကုန်မြန်တယ်.
ဒါကြောင့် ဘ၀ဆိုတာ တိုတောင်း တယ်
တိုတောင်းတဲ့ လူ့ဘ၀မှာ
လုပ်စရာတွေ အများကြီး
တာဝန်တွေကလည်း မနည်းဘူး။

ကိုယ့်ဘ၀ကို တိုးတက် အောင်မြင်အောင်လုပ်ဖို့
စိတ်ငြိမ်းချမ်းမှု ရအောင် ကျင့်ကြံအားထုတ်ဖို့
နောင်ဘ၀မှာ ဖြစ်သင့်ဖြစ်ထိုက်တာတာ ဖြစ်အောင်
ဒီဘ၀မှာ ကြံစည်ကြိုးစားဖို့
နည်းတဲ့ အလုပ်တွေမှာ မဟုတ်တာ
ပြီးတော့ . . . မိသားစုတာဝန်
နိုင်ငံတာဝန်၊ လူ့တာဝန်တွေ
ကျေပွန်အောင် ဆောင်ရွက် သွားဖို့လည်း ရှိသေး။

အဲ့ဒီ အလုပ်တာဝန်တွေကို မေ့ချန်ထားပြီး
ကိုယ့်ကို ကိုယ် အရစ်ကျ သေကြောင်းကြံနေတဲ့
အကျိုးမရှိတဲ့ အရာတွေကို စွဲလန်း နေဦးမှာလားကွယ်။

ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့
အချိန်တွေ အလဟဿ ကုန်ဆုံးသွားမှာ
ဖေဖေ စိုးရိမ်မိတယ် သား. . . ရယ်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရွှေပါရမီယဉ်ကျေးမှုသင်တန်း









ဧရာဝတီစာကြည့်တိုက် ၀န်ထမ်းမိသားစုများက ကြီးမှူးဖွင့်လှစ်သည့် ရွှေပါရီ ယဉ်ကျေးမှုသင်တန်း အမှတ်စဉ်(၁) ကို ဧရာဝတီတိုင်း ၊ ပျဉ်းကတိုးကုန်း ကျေးရွာ၊ အ.မ.က (၂၁၁)တွင် (၂၆.၁၂.၂၀၁၀) မှ (၂၈.၁၂.၂၀၁၀) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါတယ်. . . သင်တန်းမှူးဆရာတော် အဖြစ် ဘဒ္ဒန္တဣန္ဒောဘာသ -မဟာမြိုင်ကျောင်း၊ မငြိမ်းလှကုန်း၊ ပုသိမ်မြို့မှ ဦးစီးသင်ကြားခဲ့ပါတယ်. .



ဦးထုပ်များ ဝေပေးနေစဉ်

သင်တန်းတက်ရောက် သူများ အား စာအုပ်၊ခဲတံ၊ပေတံ ၊ သင်တန်းစာအုပ် များ နှင့် ဆောင်းတွင်းကာလတွင် ကလေးများ နွေးထွေးစေရန်အတွက် သိုးမွေး ဦးထုပ်များကိုလည်း ပေးဝေခဲ့ပါတယ်...အဲဒီအပြင်...နေ့စဉ် အာဟာရအလှူ လည်းရှိသလို၊ ဆေးကုမ္ပဏီ တစ်ခုက လည်း Decolgen ၊ Vicee နှင့် အခြားဆေးဝါးများကို လည်း ပေးဝေလှူဒါန်းခဲ့ပါတယ်. . . .သင်တန်းစတင်ဖွင့်လှစ်သည့် ပထမနေ့မှစ၍ မုန့်ဟင်းခါး၊ ဒုတိယနေ့တွင် ကြာဇံကြော်၊ တတိယနေ့တွင် သာကူ စသည့် အာဟာရများကို ကျွေးမွေးလှူဒါန်းခဲ့ ပါသည်. .

အာဟာရကျွေးမွေးနေစဉ်



ရွှေပါရမီယဉ်ကျေးမှုသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကတော့ . . . .

၁။ လူငယ်များ၏ သန္တာန်မှာ မှန်ကန်သော အသိဥာဏ်များ တိုးတက်ဖွံ့ဖြိုးလာစေရန်။

၂။ ယင်းအသိဥာဏ်ဖြင့် မိမိဆောင်ရွက်ချက်များအပေါ်တွင် အမှားအမှန်ကို ခွဲခြားဝေဖန်တတ်ပြီး အတ္တလွန်ကဲ သော လုပ်ရပ်များကို ရှောင်ကြဉ်ရန်။

၃။ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်လိုသော စိတ်ကောင်း၊ စိတ်မြတ်များ ဖြစ်ပေါ်လာစေရန်။

၎။ ထူးခြားသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများကို တန်ဖိုးထားတတ်ပြီး ယင်းမြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းများ မြန်မာ့ လူငယ်လောကထဲ၌ ပြန်လည်ရှင်သန်လာစေရန်။

၅။ မိဘ၊ဆွေမျိုးစသော ပတ်ဝန်းကျင် လူသားများနှင့် ယဉ်ကျေးစွာ ဆက်ဆံတတ်ပြီး ကျစ်လျစ်ခိုင်မာလျက် ငြိမ်းချမ်းသာယာသော မြန်မာ့လူ့ဘောင်အဖြစ် တည်ဆောင်နိုင်ရန်။

၇။ ဆင်းရဲအားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရင် အခြေခံလမ်းစရရှိရန်။

စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စေတနာကောင်းဖြင့်လုပ်ပါ


ဘယ်အလုပ်ကိုပဲ လုပ်လုပ်
အလုပ်လုပ်တဲ့သူကို
သူ ပြုတဲ့ အလုပ်က
သူ စေတနာထားသလောက်
ပြန်ပြီးတော့ အကျိုးပေးပါတယ်

ဘ၀တစ်ခုကိုရရှိလာပြီဆိုတာနဲ့ လူတိုင်း လူတိုင်းဟာ အလုပ်တစ်ခုကိုတော့ မဖြစ်မနေ လုပ်ကြရတာ အမှန်ပဲ. .

ကျောင်းသားက စာကျက်ရမယ့်အလုပ်
ကျောင်းဆရာက စာသင်ရမယ့်အလုပ်
ဆရာဝန်က ဆေးကုရမယ့်အလုပ်
လက်သမားက အိမ်ဆောက်ရမယ့်အလုပ်
လယ်သမားက စိုက်ပျိုးရေးအလုပ်

စသည်ဖြင့် မိမိတို့ကျင်လည်ရာ ဘ၀ပတ်ဝန်းကျင်မှာ အလုပ်တစ်ခုခုကို လုပ်နေကြရမှာ မလွဲပါဘူး . . အလုပ်မလုပ်ရတဲ့ လူဆိုတာ မရှိပါဘူး. . . .

နောက်ဆုံးပြောရရင် အပြင်ထွက်မယ့်လူတောင် လမ်းလျှောက်ရတဲ့ အလုပ်ကိုတော့ မဖြစ်မနေ လုပ်ဆောင်ကြပါတယ်. . .

အလုပ်လုပ်ပြီဆိုတာနဲ့. . အလုပ်နဲ့တူတဲ့ အကျိုးပေးမှုက ပေါ်လာပါတယ်. . . မိမိလုပ်တဲ့ အလုပ်ကို စေတနာဆိုးနဲ့ ပြုလုပ်လိုက်လို့ အဲဒီအလုပ် ပြီးစီး အောင်မြင်သွားပြီဆိုရင် လဲ အဲဒီလူကို ပြန်ပြီး အကျိုးပေးပါတယ်. . . .

ဒါပေမယ့်
မကောင်းတဲ့ စေတနာနဲ့ ပြုလုပ်လို့
မကောင်းတဲ့ အကျိုးပေးခံရမှာ မလွဲပါဘူး . .
ကောင်းတဲ့ သူကိုတော့
ကောင်းတဲ့ အကျိုးပဲ ပေးမှာပါ. .

ဒါကြောင့် အလုပ်လုပ်လျှင် စေတနာကောင်းပါပါစေလို့ . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ငွေ



တစ်ခါက အင်မတန် ကပ်စေးနည်းတဲ့ သူဌေးကြီး တစ်ယောက်နဲ့ သူတောင်းစားတစ်ယောက် ဆုံပါတယ် . .

သူတောင်းစား က "ငွေလေး တစ်ပြားတစ်ချပ်လောက် စွန့်ကြဲပါ ခင်ဗျာ . . . "

သူဌေးကြီး က "ငါ့မှာငွေမရှိဘူးကွာ . . . ."

သူတောင်းစား က "ဟာဗျာ . . . သူဌေးကြိး က ဒီလောက်ချမ်းသာတာ မလိမ်ပါနဲ့ . . ခင်ဗျာ . . . "

သူဌေးကြီး က "တကယ်ပါ. . . . .ငါ့မှာ ငွေမရှိဘူး . . . သွား. . . သွား . . . "

အဲဒီမှာ လူတစ်ယောက် က မနေနိုင်တာနဲ့ ၀င်ပြောလိုက်ပါတယ်. . .

"ဟေ့ လူ သူဌေးကြီး က အမှန်ပြောနေတာဗျ. . . "

သူတောင်းစား က "ဒီလောက်ချမ်းသာတဲ့ လူဆီမှာ ငွေမရှိဘူးဆိုတာ . . . "

လူတစ်ယောက် "သြော် ဒီလူ့နှယ် . ခက်ပါရော ငွေဆိုတာ သုံးလိုက်မှ ငွေ လို့ခေါ်တာဗျ. . . မသုံးစွဲရင် စက္ကူပဲ . . . ."

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဘုရားအဖြစ်သို့ရောက်တော်မူပုံ



ဘုရားအလောင်းတော်မြတ်သည် မာရ်နတ်မင်း၏ ရန်ကိုအောင်တော်မူပြီး၍ ဗောဓိပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူကာ သဗ္ဗညုဗုဒ္ဓအဖြစ်သို့ မရောက်သမျှ ဤနေရာမှ မထဟု ကြီးစွာသော လုံ့လတော်ဖြင့် ဆင်ခြင် သုံးသပ်တော်မူသောအခါ၊ ညဥ့်ဦးယံ၌ လွန်လေပြီးသော ဘ၀ပေါင်းများစွာကို ပြန်၍အောက်မေ့ဆင်ခြင် သိနိုင်စွမ်းသော ပုဗ္ဗေနိဝါသနုဿတိဥာဏ်၊ သန်းခေါင်ယံ၌ သုံးဆယ့်တစ်ဘုံလုံး၌ ဖြစ်ပျက်နေကြကုန်သော သတ္တ၀ါ အားလုံးကို မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဥာဏ်၊ မိုးသောက်ယံ၌ ကိလေသာဟူသမျှကို အကြွင်းမရှိပယ်စွမ်းနိုင်သော အာသ၀က္ခယဥာဏ်ကို ရတော်မူပြီးလျှင် သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ၊ နံနက်အရုဏ်တက်အချိန်တွင် လောကသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုဗုဒ္ဓအဖြစ်သို့ ရောက်တော်မူလေသည်. . .

ATTAINMENT OF ENLIGHTENMENT AS BUDDHA

Having vanquished the army of Mara, the Future Buddha sat cross-legged at the foot of the Bodhi tree with the firm resolution that he would not get up from his seat until he attained the supreme wisdom of a Buddha , and went into deep meditation . He acquired in the first watch of the night the knowledge of previous existences; in the middle watch of the night , the divine eye with which he could see the beings of all thirty-one planes of existence dyig and being reborn; and in the last watch of the night, he gained the bliss of complete emancipation. Thus on Wednesday the full moon day of Visakha(April-May) 103 the Great Era at dawn, the Great being attained the Supreme Enlightenment of a Buddha.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လွတ်လပ်ရေးနေ့



မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့တို့၏ လက်အောက်ခံ ကိုလိုနီ ဘ၀မှ ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်. . . မြန်မာနိုင်ငံသည် ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်သော နိုင်ငံအဖြစ် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ခန့်မှစ၍ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်. . . သို့သော ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် အင်္ဂလိပ်၏ နယ်ချဲ့စစ်ပွဲများကို ရင်ဆိုင်ခဲ့ရပြီး နောက် ကိုလိုနီဘ၀သို့ ကျရောက်ခဲ့ရသည်။

သူ့ကျွန်အဖြစ် မခံလိုသူ တိုင်းရင်းသားများသည် ရရာလက်နက် ၊ လူသူစုစည်း၍ နေရာအနှံ့မှာ ထကြွပုန်ကုန် ကြသည်. . သို့သော် မအောင်မြင်ခဲ့ပေ. . . ၁၉၀၀ ပြည့်နှစ် လွန်မြောက်ပြီးသည့်နောက် ၀ိုင်အမ်ဘီအေ။ ဂျီစီဘီအေ အသင်းများ တည်ထောင်ကာ အမျိုး၊ ဘာသာ၊ သာသနာ အတွက် စည်းရုံးလှုပ်ရှားခဲ့ကြသည်. . . ၁၉၂၀ပြည့်နှစ်တွင် ပထမတက္ကသိုလ် ကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံဦးဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ တို့ ဆင့်ကဲ ပေါ်ပေါက်ခဲ့သည်. . ထို့နောက် တို့ဗမာအစည်းအရုံး တည်ထောင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင် ဆောင်ရွက်ကြသည်. . .

ယင်းနောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး အဆင့်သို့ ကူးပြောင်းပြီး ဂျပန်၏ အကူအညီနှင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ပါသည်. . . ဂျပန်နှင့်ပူးပေါင်း၍ ဗြိတိသျှ တို့ကို တိုက်ခိုက်ခဲ့သည်. . သို့သော် ကျားကြောက်လို့ ရှင်ကြီးကိုး ၊ရှင်ကြီးကျားထက်ဆိုး ဆိုသကဲ့သို့ ဖက်ဆစ်ဂျပန်သည် နယ်ချဲ့အင်္ဂလိပ်ထက် ရက်စက် ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့သည်. .

၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်ထိ သုံးနှစ်တာ ဖက်ဆစ်တို့ နှိပ်စက်ညှဉ်းပန်းသည့် ဒဏ်ကို မြန်မာတို့ခံခဲ့ရသည်. . . ၁၉၄၅ခုနှစ် ၊မတ်လတွင် ပြည်သူတစ်ရပ်လုံး ပါဝင့်သည့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွဲခဲ့ကြသည်. . . ဖက်ဆစ်တို့ မြန်မာ့မြေပေါ် မှ မရှုမလှ ဆုတ်ခွာသွားကြရသည်. . ထိုအခါ ဗြိတိသျှ မဟာမိတ်တပ်များ ရောက်လာပြီး ဆက်လက် အုပ်ချုပ်ရန်ရည်ရွယ်ခဲ့သည်. . . သို့သော် မြန်မာပြည်သူလူထုသည် လုံးဝ လွတ်လပ်ရေးကိုသာ လိုချင်ကြသည်. . ကျွန်ဘ၀တွင် ဆက်လက် မနေလိုကြတော့ချေ။

ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအင်အား ကြီးမားမှု၊ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်မှုတို့ကြောင့် လွတ်လပ်ရေး ပန်းတိုင်သည်. . နီးသည်ထက် နီးကပ်လာခဲ့သည်. . . တစ်နှစ်အတွင်း လွတ်လပ်ရေး ရတော့မည်ဟု သိရှိထားချိန် ၁၉၄၇ ခုနှစ်တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည်. . မြန်မာပြည်သူတို့အတွက် အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှု ကြီးဖြစ်ခဲ့ရသည်. .

သို့သော တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံး ညီညွတ်မှု အားမာန် ဖြင့် ဆက်လက်ကြိုးပမ်းခဲ့ရာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် မြန်မာပြည် လွတ်လပ်ရေး ရခဲ့သည်. . လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များစွာ စတေးခဲ့ရသည်. . . အမျိုးသား ခေါင်းဆောင်များ၏ အသက်ကို ပေးခဲ့ရသည်. . လွတ်လပ် ရေးအတွက် မြုပ်နှံခဲ့ရသော အရင်းအနှီးကား ကြီးမားလှပေသည်. .

လွတ်လပ်ရေးဆိုသည်မျာ လေနှင့်လည်းတူသည် ရေနှင့်လည်းတူသည်၊ ကျန်းမာခြင်းနှင့်လည်း တူသည် လေကို အလွယ်တကူ ရှုရှိုက်နေရစဉ်၌ လေ၏တန်ဖိုးကို မသိနိုင် ထိုနည်းတူပင် ရေ၏တန်ဖိုး၊ ကျန်းမာခြင်း၏ တန်ဖိုးတို့ကိုလည်း အဆင်သင့်ရနေချိန်နှင့် သွားလာ လုပ်ကိုင်နေရချိန်၌ အရေးမထားမိတတ်ကြချေ။

လွတ်လပ်ရေးသည်လည်း ထို့အတူပင်ဖြစ်သည် . . . လွတ်လပ်နေချိန်၌ လွတ်လပ်ခြင်း၏ တန်ဖိုးကို မသိနိုင် လွတ်လပ်ရေး ဆုံးရှုံးချိန်ကျမှသာလွတ်လပ်ခြင်း၏ အရသာနှင့် တန်ဖိုးကို ကောင်းစွာ သိရှိနိုင်သည်. . .

မြန်မာတို့ လက်ဝယ်ရရှိပြီးသော လွတ်လပ်ရေးကို ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းထားဖို့ လိုသည်. . လွတ်လပ်သော လူမျိုးတစ်မျိုး၏ တာဝန်မှာ လွတ်လပ်ရေးနှင့် ထိုက်တန် အောင် နေတတ်ရသည်. . စည်းနှင့် ကမ်းနှင့် နေတတ်ရသည်. . လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိပါးလာမည့် ပြည်တွင်းပြည်ပ အဖျက်ရန်မှန်သမျှကိုလည်း အမြဲ တစေ သတိထား၍ ရှင်းလင်းသုတ်သင်နေရသည်. . . သို့မှာသာ လွတ်လပ်ရေး အဓွန့်ရှည်၍ ပြည်သူတို့၏ဘ၀ သာယာဝပြောမည် ဖြစ်ပေသည်. .


၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုလျှက်

ဒေါ်နုကြည်( မဟာဝိဇ္ဖာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အလွမ်းနှင့် ပြုံးပန်းဆက်ရသူ




အလွမ်းနှင့် ပြုံးပန်းဆက်ရသူ

လွမ်းရသည်များ၊ မိုးဝကြားမှ
မနားမရပ်၊ ပဲ့တင်ထပ်ပြီ
ရင်သပ်ရှုမော၊ သာသည့်တောလဲ
ဇောပည်းပိုဟန်၊ သစ်ရွက်လှန်၍
ပြောပြန်တိုးတိတ်၊ ကိုင်းယှက်ကြိတ်ခဲ့
မဆိတ်နိုင်တော့၊ မာန်မလျှော့ကြ
ဝိုက်လျော့ချမြေ။ ဆံပင်ခွေရင်း
မနေတတ်သူ ၊သည်းမှာ ပူရ
လွင့်လူ လျှောက်ပြေး၊ မဆုံးသေးမီ
ပိုက်ထွေးပွေ့ဖက်၊ ငိုရတက်ဖြင့်
အသက်မျှတူ၊ ချစ်ခြင်းဆူတည့်။

ဖြူဖြူငွေစင်၊ ပုံအသွင်သို့
နုန်းသျှင်ကလျာ၊ တစ်ကွေ့မှာလျှင်
စုံလာတွေ့ပေါင်း၊ တဖြစ်ပြောင်းခဲ့
ခေတ်ဟောင်းအိပ်မက်၊ သည်မှာ ပျက်၏
စိတ်လက်ဝမ်းသာ၊ ဖြစ်ခဲ့ပါလည်း
ကိုယ့်မှာ ပုထုဇဉ်၊ သတိယှဉ်ရ
အစဉ်ထာဝရ၊ ဟူသမျှသည်
လောကအလည်၊မြဲမတည်ကြ
မျက်ရည်တစ်လှည့်၊ ပြုံးတစ်လှည့်ဖြင့်
နှိုင်းရှည့်ရရင်း၊ ရှေ့သို့ ချဉ်းခဲ့။

သီတင်းဆောက်တည်၊ ရှင်သန်စည်ရ
ခိုင်ကျည်သိက္ခာ ၊ရှိရမှာပင်
ဓမ္မာမြဲစွ၊ နိုင်နင်းမှလျှင်
သောကလျှံမီး၊ ထိန်ထိန်ငြီးတိုင်
တန့်ဆီးထိမ်းချုပ်၊ ဇာတ်ကြောင်းမြုပ်လိမ့်
အထုပ္ပတ္တိ၊ သိကြဘိတိုင်
မသိစကား၊ မရှိနားသို့
ဖယ်ရှားရှောင်လွှဲ၊ ကြဉ်၍ဖဲရ
ညိုမွဲမွဲမှိုင်း၊ သံအိုင်းအိုင်းနှင့်
အရိုင်းဆန်ပုံ၊ သံသရာစုန်ရင်း
မလုံမလဲ၊ လိပ်ပြာဝဲရဲ့
လွမ်းပွဲပုံယင်၊ သံဝေထင်မိ
သည်တွင် ပြုံးပွင့်၊ မရဲချင့်နှင့်
အရှင့်အတွက် ဆက်ခဲ့ပြန်သည်ကော။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်


အတွေးခေါ်ပညာရှင် ( ဂျွန်အီးဂျစ်မဆန်) ရဲ့ သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်ကို တင်ပြချင်ပါတယ် . အဲသည့် ၁၀ ချက်အားလုံးကို လိုက်နာနိုင်လျှင် သောကများ ကင်းဝေးစေမှာပါ. . . . ဆယ်ချက် စလုံး မလိုက်နာနိုင်ရင် တောင်မှာ ငါးချက်လောက် လိုက်နာနိုင်ရင်လည်း သောက ကင်းနိုင်ပါတယ်. . . နည်းနည်း လိုက်နာနိုင်လျှင် သောက နည်းနည်းကင်းပါတယ်. . . အပြည့်အစုံလိုက်နာနိုင်ရင်တော့ သောကဆိုတာ ဘယ်လိုလေးလဲဗျာ လို့တောင် မေးမြန်းစုံစမ်းရလိမ့်မယ် ထင်ပါတယ်. . . .

သောကကင်းအောင် ကြိုးစားနည်း ၁၀ ချက်တွေကတော့

၁။ ပေါ်ပေါက်လာတဲ့ ပြာသာနာတွှေကို အခက်အခဲရယ်လို့ မမှတ်ပါနဲ့. . သင့်အတွက်အခွင့်ကောင်း လို့ထင်မှတ်ပါ။

၂။ အလုပ်တစ်ခုကို သင်အတတ်နိုင်ဆုံး ဆောင်ရွက်ပြီးတဲ့အခါ ဘယ်လိုတွေ၊ ဘယ်ပုံတွေ ဖြစ်လာမယ်ဆိုတာ ကို မတွေးပါနဲ့. . အဲသည်အလုပ်ကို မေ့ပြီး အလုပ်အသစ်ကို ဆက်လုပ်ပါ။

၃။ အလုပ်တစ်ခုခုကို လုပ်နေပါ. သင့်ရဲ့ တစ်နေ့တွက် (၂၄) နာရီ ကို အချက်သုံးချက်နဲ့ ကုန်ပါစေ
(၁) အလုပ်လုပ်၊
(၂) အနားယူ၊
(၃) အိပ်။
(အကျိုးမရှိသော အတွေးအခေါ်များ၊ စကား၊ အလုပ်များနှင့် အချိန်မဖြုန်းပါနှင့်)

၎။ သင်မလုပ်နိုင်သော အလုပ်အတွက်ကြောင့် ကြောင့်ကျမှု မရှိပါစေနှင့်. . . (မလုပ်နိုင်တာကိုတွေးလျှင် သောကကြီးသည်၊ လုပ်နိုင်တာကို လုပ်ပါ. . သို့မဟုတ်ပါက စိတ်ချောက်ချားမှုဖြစ်စေပါတယ်)

၅။ လေထဲတွင် တိုက်အိမ်မဆောက်ပါနှင့်။

၆။ အချိန်တွေကို ဟိုရွှေ့သည်ရွှေ့မလုပ်ပါနှင့်။

၇။ သင့်ရဲ့ ၀မ်းနည်းခြင်းတွေ ၊ သင့်ရဲ့ စိုးရိပ်ကြောင့်ကြမှုတွေ ကို အခြားသူများကို မပြောပြပါနှင့်။

၈။ နံက်အိပ်ရာက နိုးနိုးခြင်း ထလိုက်ပါ. . . အိပ်ရာထဲ လှဲလျောင်းနေခြင်းအတွက် တစ်နေ့တာ အလုပ်လုပ်ရန် အတွက် သင့်စိတ်အင်အားကို ကြိုတင်ဖြုန်းတီးရာ ရောက်ပါတယ်. .

၉။ ဘယ်အလုပ်ကို မဆို အလျင်စလို မလုပ်ဘဲ ကြိုတင်စီမံပြီးမှသာ လုပ်ပါ. . အလျင်စိလို လုပ်ခြင်းသည် စိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေနိုင်ပါတယ်. . . ကိုယ့်ကိုယ်ကို သံသယရှိလာပြီး ယုံကြည်မှုများ ပျက်စီးစေပါတယ်.

၁၀။ သင်ရင်ဆိုင်နေရတဲ့ပြသာနာ က ကြီးနေလား . . ကြီးနေရင် သင့်စိတ်ပိုင်းမှာ တစ်ကန့်စီ၊ တစ်ပိုင်းစီ ဖြေရှင်း ရန် အားထုတ်ပါ. . . တစ်ကန့်စီ ဖြေရှင်းယူမှ ပြသာနာ ထုတည် တစ်ရပ်လုံး အမြန်ပြီးစီးမှာ ဖြစ်ပါတယ်.. .

နှစ်သစ်မှာ အားလုံး သောကကင်းဝေးနိုင်ပါစေရှင်. .

ထူးအောင်မြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။