ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့


သမီးရေ. ..

ဖေဖေတို့ မြန်မာလူမျိုးတွေဟာ
အားနာတယ် ဆိုတာကို ယဉ်ကျေးမှု
ဓလေ့ ထုံးစံတစ်ခုလို မှတ်ယူနေကြတယ်. .
ပြောရမှာ အားနာနေလို့ မပြောဘဲနေတယ်

မပြောဘဲ နေမရလို့ ပြောကို ပြောရတဲ့အခါကျ
စိတ်ဆိုး ဒေါသထွက် မိတ်ပျက်ကုန်ကြတယ်
အားနာလို့ ဒေါသထွက် မိတ်ပျက်ကုန်ကြတယ်
အားနာလို့ ဒုက္ခရောက်တာ တစ်ခုပြောရဦးမယ်

သူများအိမ်သွားလည်ရင်း ဆီးသွားချင်တယ်
အိမ်ရှင်ကို ဆီးသွားချင်ကြောင်းပြောရမှာ အားနာလို့
မပြောဘဲ အောင့်ထားတယ်. . အတော်ကြာတယ်..

အိမ်ရှင်ကလည်း စကားကောင်းနေလေတော့
သည်းခံနားထောင်ပြီး ဆီးအောင့်ထားရပြန်တယ်.
သည်လိုနဲ့ ဆီးချုပ်ပြီး ဒုက္ခရောက်ပါလေရော

ဒါကြောင့်. .. ဘာကိစ္စပဲ ဖြစ်ဖြစ်
အားမနာသင့်တာ အားမနာပါနဲ့
ပြောသင့်တာ ပြောပါ . . လုပ်သင့်တာ လုပ်ပါ
မေးသင့်တာ မေးပါ. .. . ပွင့်လင်းမှုရှိပါစေ. .

သူ့အတွက်လည်း အကျိုးမရှိ. . ကိုယ့်အတွက်လည်း
ထိခိုက်နစ်နာ စေနိုင်တဲ့ ကိစ္စမျိုးတွေမှာ
အားနာပါးနာ ပြုမှု ပြောဆိုတာမျိုး မလုပ်ဖို့
ဖေဖေ အလေးအနက် မှာကြားချင်ပါတယ်. .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဒုက္ကရစရိယာကျင့်၍ ကိုယ်တော်၏ အသွေးအသား ခေါင်းပါးနေပုံ



ဘုရားအလောင်းသည် ရဟန်းပြုပြီးနောက် ဆရာဖြစ်ထိုက် သူကိုရှာရာ အာဠာရနှင့် ဥဒက ရသေ့တို့ကိုတွေ့၍ ထိုရသေ့တို့အထံမှ လောကီဈာန်မျှကိုသာ နည်းခံရသဖြင့် အားရတင်းတိမ်ခြင်း မရှိဘဲ တရားထူးကို ဆက်လက်ရှာဖွေကာ ဥရုဝေလတောသို့ ရောက်တော်မူသည်. . . ထို့နောက် သေနာနိဂုံးသို့ ဆွမ်းခံဝင်၍ ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင်. . ဆွမ်းခံသွားရသည်ကိုပင်. . တရားအလုပ် အနှောင့်အယှက်ဟု ထင်သောကြောင့် ဒုက္ကရစရိယကို စ၍ကျင့်တော်မှုလေသည်. .

သာမငန်လူတို့ကျင့်နိုင်ခဲသော အကျင့်ကို ဒုက္ကရစရိယဟုခေါ်သည်. . .

ကျင့်စဉ်မှာ - ဆွမ်းမစားဘဲ အလိုလို ကြွေကျသော သစ်သီးကိုသာ ကောက်ယူ စား၏ . . ထို့နောက် သစ်ပင်ရှိရာသို့သွား၍ မကောက်ဘဲ မိမိ သစ်ပင်အောက်က သစ်သီးကိုသာ ကောက်စား၏ . . . ထို့နောက် သစ်သီးတစ်လုံး နှမ်းတစ်လုံး ဆန်တစ်လုံးကိုသာ စား၏. . ဤသို့ အစာကိုလျှော့သဖြင့် အသွေးအသား မရှိတော့ချေ. . . စိုပြည်ဝင်းဝါသော. . အဆင်းတော်လည်း ညိုမဲ သွေ့ခြောက်ကာ အရိုးနှင့် အရေသာ ကျန်လေတော့သည်. .

The future Buddha made the great struggle and his body became emaciated

Having become a monk, the future Buddha sought for teachers and found two renowned Brahmin teachers. Alara Kalarma and Uddaka Ramaputta. He acquired from them the method of meditation leading only to mundane superhuman power. But not satisfied with it, he ceased to practise it . And being desiroius of attaining Enlightenment he continued his search and went to Uruvela grove. He entered Senani village an begged for his food from house to house and ate his meal. He thought to himself that having to go on a begging round for food in itself was a hindrance to his ascetic practices and began to practices the Great Struggle. The great Struggle is an austere practice which is beyond human endurance of an average person. He tried various plans such as, abstaining from rice meal and living on fruits which dropped from trees then on fruits which dropped drome the tree under which he sat., then living on one fruit , one sesamum seed or one grain of rice a day. By this lack of nourishment his body was reduced to skin and bones and lost its golden colour and became dry and black.

အားလုံးကိုချစ်ခင်လေးစားလျှက်...

နှင်းဆီဥယျာဉ်မှူး


နှင်းဆီဥယျာဉ်မှူး

နှင်းဆီခင်းသည်
ဤ၀န်းကျင်၌ ၊ထုံလှိုက်ပျံ့သင်း
မွှေးကြိုင်ခြင်းဖြင့် ၊ သတင်းကောင်းတွေ
လေညင်းသယ်ဆောင် ဝေငှ၍။

ဥယာဉ်မှုးသည်
နှင်းဆီပင်ထက်၊ ရေဖျန်းပက်၍
ဖြည့်စွက် မြေသြဇာ၊ သန်စွမ်းလာအောင်
မြေတောင်မြှောက်ကာ၊ ပျိုးထောင်လာခဲ့
များစွာ နှစ်ရှည်၊ ကြာမြင့်ပြီလည်း
သူသည် နှင်းဆီ ဥယာဉ်မှုး။

ယနေ့သည်လည်း ၊ မာန်ဇွဲကြီးစွာ
စိုက်ကာပျိုးဆဲ၊ ယုယ မြဲပင်
နီရဲရဲပွင့်၊ လှ ဂုဏ်တင့်နေ
ပွင့်ဖတ်နူးညံ့၊ သင်းပျံ့ဝတ်ဆံ
လိမ်းကျံဝတ်ရည်၊ ချိုမြကြည်နေ
သူသည် ၀မ်းသာမဆုံးနိုင်။

မနက်ဖြန်လည်း
အားမာန်အပြည့်၊ စိုက်ပျိုးဘိလိမ့်
ပွင့်သည့်နှင်းဆီ၊ ရဲရဲနီလိမ့်
စီရရီပွင့်၊ ငွားငွားစွင့်၍
တင့်တယ်ဘိခြင်း၊ ဤပန်းခင်းဝယ်
ဝင်းဝနေခြည်၊ ရှိဦးမည်တည့်
သူသည် စိုက်မြဲ ပျိုးမြဲ ယုယမြဲ။

နှင်းဆီခင်းသည်
ဤ၀င်းကျင်၌ ၊ သည်းခိုက်ဆွတ်ပျံ့
ရနံ့ထုံသင်း၊ မွှေးကြိုင်ခြင်းဖြင့်
သတင်းကောင်းတွေ ၊ ကြားသိနေသည်
လေညင်းဖြန့်ဝေ ပေးကမ်း၍။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

ခရမ်းချဉ်သီးများများစားပါ...



ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

  • ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..
  • ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.
  • အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.
  • တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .
  • ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.
  • ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .
ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကလေးငယ်များ အဆိပ်သင့်လျှင်



ကလေးငယ်များ ကို မြွေ၊ အင်းဆက်ပိုးမွှား၊ ရေနေ သတ္တ၀ါအချို့ အစရှိတဲ့ အဆိပ်သင့် အကောင်များ က သူတို့ရဲ့ အဆိပ်များကို နာဗ်ကြောထဲရောက်အောင် ထိုးသွင်းနိုင်ပါတယ်. . ယင်းအကောင်များ ရဲ့ ကိုက်ခဲမှု က ပြင်းထန်တဲ့အတွက် တစ်သျှူး ပျက်စီးမှုကို ဖြစ်စေပြီး တချို့အခြေအနေများတွင် အသက်သေဆုံး သည်အထိ ဖြစ်တတ်ပါတယ်. . . .

၎င်းအဆိပ်ရှိသတ္တ၀ါများ အကိုက်ခံရပါက

၁။ လူနာကို ငြိမ်ငြိမ်ထားပါ. . ဒဏ်ရောနေရာကို နှလုံးနေရာထက် နိမ့်တဲ့ နေရတွင် ထားပါ. . . ဒီလိုလုပ်ခြင်း ဖြင့် တစ်ကိုယ်လုံးသို့ အဆိပ် ပျံ့နှံ့ခြင်းကို နှေးကွေးစေပါတယ်. . .

၂။ အနာကို ကျုံ့ဆန့်နိုင်တဲ့ ပတ်တီးနှင့် စည်းထားပြီး ဆေးရုံသို့ ချက်ချင်း ခေါ်ဆောင်သွားပါ. . .

၃။ သွေးလန့်ခြင်းအတွက် ပြုစုကုသပါ. . လိုအပ်ရင် အဆုတ် ၊ နှလုံး ပြန်ခုန်လာအောင် CRT လုပ်ပါ...

၎။ မြွေပွေး မြွေဟောက်စသော မြွေများ အကိုက်ခံရပါက

- ပတ်တီးမစည်းပါနှင့်
- ရေခဲမအုံပါနှင့်
- ကိုက်သည့်ဒဏ်ရာကို ခွဲမစိတ်ပါနှင့်. . .
- မြွေဆိပ်ကို ပါးစပ်နှင့် မစုပ်ထုတ်ပါနှင့်.

Health Digest

အားလုံးကိုချစ်ခင်လေးစားလျှက်..

.

တရားဟောကောင်းလို့


အရက်မသောက်ရန် လှည့်လည် ဟောသော သုစရိက ဆရာက တရားပွဲတွင်

"မိတ်ဆွေတို့ စဉ်းစားပါ. . ဒီရွာက ရှိသမျှ ပစ္စည်းတွေ ဘယ်သွားစုနေလဲ. . . စိမ်ရေ ဆိုင်ရှင်၊ အရက်ဆိုင်ရှင်ဆီမှာ စုတယ်မဟုတ်လား . . ."

"အရက်ဆိုင်ရှင်က အ၀တ်အစား အကောင်းဆုံး ၀ယ်ဝတ်နိုင်တယ်. . .အစားအကောင်းဆုံး စားရတယ်. . မော်တော်ကား စီးရတယ်. . ဒါဘယ်က ပိုက်ဆံတွေလဲ ခင်ဗျားတို့ ပိုက်ဆံတွေချည်းပဲ မဟုတ်လား . . ."

နောက်တစ်နှစ်ကြာသော အခါ တရားဟော ဆရာအိမ်သို့ လင်မယား ၂ ယောက် လာကြလေ၏.. .

ဆရာ. . . . . "ဘာကိစ္စလဲ။"

ဧည့်သည်. . . . "ကျွန်မတို့ရွာမှာ ဆရာ လာတရားဟောတဲ့ အတွက် ၀မ်းသာလို့. . ကျေးဇူးဆပ်ရအောင်ပါ. . ."

ဆရာ. . . . . "အခု အရက်မသောက်ကြတော့ဘူးလား။"

ဧည့်သည်. . . . "ဆရာဟောတာနဲက ကျွန်မတို့ဒီနှစ် အရက်လိုင်စင်ဆွဲလိုက်တယ်. . .ဆရာဟောတဲ့အတိုင်း သိပ်မြတ်တာပဲ ဆရာရေ. . ."

ဗိုလ်လိပ်ပု

အားလုံးကိုချစ်ခင်လေးစားလျှက်...

လင်းယုန်မ နှင့် မြေခွေးမ



လင်းယုန်မ နှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြပြီးနောက် နီးကပ်စွာ နေထိုင်ကြလျှင် ပိုမိုရင်းနှီးကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တစ်ပင် မှာ နေကြတယ်. .

သစ်ပင် အပေါ်မှာ လင်းယုန်မ က အသိုက်လုပ်တယ်. . . မြေခွေးမက အပင် အောက်ချုံ ထဲမှာ ကလေးတွေနေဖို့ နေရာလုပ်ထားတယ်. . . တစ်နေ့တော့ မြေခွေးမ အစာရှာထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက်ကလေးတွေကို ချီသွားပါရောတဲ့ . . . ဒါကြောင့် လင်းယုန်မနှင့် သူ့ကလေးတွေ အဖို့ အစာရလိုက်တယ်. . .

မြေခွေးမ ပြန်ရောက်လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တစ်မျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တစ်မျိုးနဲ့ အတော် ခံစားရတယ်. . .ကုန်းမှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့မလဲ. .

သူတတ်နိုင်တာက ခပ်လှမ်းလှမ်းကနေ ဆဲဆို ရေရွတ်ရုံပါပဲ. . . ဒါပေမယ့် မကြာပါဘူးလေ. . မိတ်ဆွေ ကျင့်ဝတ် ချိုးဖောက်တဲ့သူကို အပြစ်ဒဏ်ပေးနိုင်ခဲ့တယ်. .

လူအချို့ဟာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော် ထားကြတယ်. . .ဒါကိုလင်းယုန်မက တစ်ဟုန်ထိုး ဆင်းလာပြီး နတ်စင် ပေါ်က မီးမြှိုက်လောင်နေတဲ့ ၀မ်းတွင်း ကလီစာတွေကို သူ့အသိုက် ဆီ ချီသွားတယ်. ... အဲဒီအချိန် မှာ လေပြင်းကျလာတဲ့အတွက် လေယပ် သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက်ကလေးတွေကို မီးစွဲလောင် ပါလေရော တဲ့. . .

အတောင်မစုံ မပျံနိုင်သေးတဲ့ . . . ငှက်ပေါက်ကလေးတွေဟာ မီးလောင် ခံလိုက်ရပြီးတော့ အောက်ကို ကျသွားတယ်. . ဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက်မှာပဲ အားလုံးကို စားပစ်လိုက်တယ်. .

(ဒီပုံပြင်ကလေးကတော့ မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက်ရှိလို့ ဒဏ်မခတ်နိုင်ပေမယ့်. . . ဘုရားသခင် ရဲ့ အပြစ်ပေးမှုကိုတော့ မလွတ်မြောက်နိုင်ပါဘူး လို့ပြောတာပါ. . . )

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

သမီးလေးဖတ်ဖို့


သမီး

စဉ်းစားဆင်ခြင်မှု မရှိဘဲ
စိတ်လက်မာန်ပါ ပြောဆိုခြင်းဟာ
ကဆုန်စိုင်းနေတဲ့ မြင်းရိုင်းတ တစ်ကောင်ပေါ်
တက်စီးမိတဲ့ သူနဲ့ တူသတဲ့
ရောက်ချင်ရာ ရောက်နေတော့ မှာပေါ့။

ဒါကြောင့် စကားပြောတော့မယ်ဆိုရင်
စဉ်းစား ဆင်ခြင်ပြီးမှ ပြောနော်
ပြောပြီ ဆိုမှ တော့
ကိုယ်လိုချင်တာ
ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်
လိမ္မာပါးနပ်စွာ ပြောတတ်ရမှာပေါ့။

ဒါမှလည်း
လေကုန်ရကျိုး နပ်မှာပေါ့ကွယ်။
ကိုယ်ရောသူရော
အကျိုးမရှိတဲ့ စကားတွေကိုတော့
လေကုန်ခံပြီး ပြောမနေပါနဲ့. . . သမီးရယ်. . .


ဖေဖေ
အားလုံးကိုချစ်ခင်လေးစားလျှက်...

မျက်စိနာခြင်း၊ ရောင်ရမ်းခြင်းများ ပျောက်ကင်းအောင်



ခုတစ်လော ရာသီဥတုက မိုးရွာလိုက်၊ နေပူလိုက်ဖြစ်နေတဲ့အတွက် မျက်စိတွေ နာကြပါတယ်.. မျက်စိနာရင် အနေခက်ပါတယ် မျက်စိနာခြင်းမှ အမြန်ဆုံး သက်သာပျောက်ကင်းအောင် ကုသဖို့နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်...

မျက်စိအနီးတစ်ဝိုက်ကို လက်ချောင်းများနှင့် ဖိပွတ်ခြင်း ၊ ခဏခဏကိုင်ခြင်း မပြုရပါဘူး. . . မျက်လုံးက မခံနိုင်အောင် ယားယံလာပါက တစ်ရှူးကို သုံးပြီး သန့်စင်ပေးရပါမယ်. . . မျက်စိနှစ်ဖက်ကို ပိတ်ရက်သားနဲ့ ရေခပ်နွေးနွေးဆွတ်ထားသော သန့်စင်သော အ၀တ်စ နုနုဖြင့် တစ်နေ့ကို ၃-၄ ကြိမ်ခန့် ရေနွေးဝတ် အုပ်ပေးနိုင်ပါတယ်. . . တစ်ကြိမ်လျှင် ၅ မိနစ်ခန့ ခဏထားပေးပါ. . အဲဒီလို ရေနွေးဝတ် အုပ်ပေးခြင်းအားဖြင့် မျက်စိအတွင်းပိုင်း တွင် ကပ်ကျန်နေသာ မျက်ဝတ်များ အရည်ပျော်စေပါတယ်. . .

ဆရာဝန်ညွန်ကြားထားသော မျက်စဉ်း တစ်မျိုးမျိုးကိုလည်း ခတ်ပေးရပါမယ်. . မျက်စဉ်းကြောင့် ယားယံခြင်း၊ နေရခက်ခြင်း များကို လျော့ပါးသွားစေပါတယ်. . .

မျက်ဝန်းတစ်ဝိုက် ကို ရောဂါပိုး (Infection) ၀င်ခြင်းမှ ကာကွယ်နိုင်ရန် မျက်စိနာနေစဉ်ရက်ပိုင်းတွင် Make Up များ လုံးဝမလိမ်းပါနှင့်. . . မိမိ လိမ်းခြယ်လေ့ရှိသော Make Up ပစ္စည်းများကို သီးသန့်ထားသုံးပါ. . ဘယ်သော အခါမှ အများတကာနှင့် စပ်တူမလိမ်းပါနှင့် . .

မျက်စိနာချိန် မျက်လုံး အပေါ်တွင် ဂွမ်းစ၊ မျက်မှန် စတာများဖြင့်  မဖုံးရပါ. . . လွတ်လွတ်လပ်လပ် သာ ထားပေးပါ . . ရောဂါပိုးများကို ဖိတ်ခေါ်သလို ဖြစ်ပါလိမ့်မယ်. . .မျက်ကပ်မှန်ကို လည်း မတပ်ပဲ ခဏဖြုတ်ထားရပါမယ်. . . လက်ဆေးခြင်းကို မကြာခဏ ပြုလုပ်ပါ ကိုယ်ပိုင် လက်သုတ်ပ၀ါ၊ တဘက် တို့ဖြင့် သုံးပါ. .

မျက်စိနာခြင်းသည် လူတစ်ဦးမှ တစ်ဦးသို့ အန်မတန် ကူးစက်လွယ် ကူးစက်မြန်သည့်အတွက် လက်များ ညစ်ပေမှု မရှိအောင် မျက်နှာသုတ်ပါဝါ၊ လက်ကိုင် ပ၀ါများကို သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ထားပေးပါ. . .

လွပ်လပ်စိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

စိတ်သဘောထားရိုးသားမှု



လူတစ်ယောက်ဟာ ရိုးသားမှုရှိတယ် မရှိဘူးဆိုတာဟာ သူ့ရဲ့ ပြုမှုလုပ်ကိုင်ပုံတွေက ဖော်ပြပါတယ်. . . ရိုးသားမှုဆိုတာက နှုတ်က ပြောယူလို့မရပဲ အလုပ်ကသာ ကောင်းသော ရိုးသားခြင်းကို ပြသနိုင်မှာ ဖြစ်ပါတယ်. . ရိုးသားသူတစ်ယောက်ဟာ မိမိနေထိုင်၊ ပြောဆို၊ လုပ်ကိုင်မှုမှာရော ၊ လူမှုဆက်ဆံရေးနယ်ပယ်မှာရော အပြစ်ကင်းစွာနဲ့ နေနိုင်မှ ရိုးသားခြင်းပြည့်စုံမှာ ဖြစ်ပါတယ်. . .

အလုပ်အောင်မြင်မှုဟာ လူမှုဆက်ဆံရေး ပေါ်မှာ များစွာ သက်ရောက်သလို ရိုးသားမှုပေါ်မှာလည်း အဓိက ကျပါတယ်. . . လောကမှာ လူတစ်ယောက်ဟာ. . .

  • ကတိတည်မှု
  • စေတနာကောင်းရှိမှု
  • လုံ့လ၀ီရိယရှိမှု
  • ရိုးသားဖြောင့်မတ်မှု

အဲသည် အရည်အချင်းလေးမျိုးနဲ့ ပြည့်စုံပြီး ပညာအမြော်အမြင် ရှိတာနဲ့ အမျှ တိုးတက်ကြီးပွားနိုင်ပါတယ်. . .

ရိုးသားမှုရှိမှ လူမှုဆက်ဆံရေး ၊အလုပ်အကိုင်များ မှာ လွန်စွာ အရေးပါအရာရောက်ပါတယ်. . .
ကျွန်မတို့တွေရဲ့ စိတ်နေသဘောထား ကောင်းမကောင်း ရိုးသားမှုရှိမရှိကို အောက်ဖော်ပြပါ အချက်အလက်ကလေးတွေ နဲ့ ချိန်ထိုးပြီး စစ်ဆေးကြည့်လို့ရပါတယ်. . . . .

(၁) ဘယ်အမှုကိစ္စမဆို ကောင်းတဲ့ဘက်ကကြည့်ပြီး ၊ ကိုယ့်ရဲ့ ထင်မြင်ချက်ကို မှန်ကန်အောင် အားထုတ်ရမယ်။
(၂) မိတ်ဆွေအပေါင်းအသင်းများတွင် ကောင်းသော အချစ်တစ်ခုခုရှိကြောင်းသိစေရပါမယ်။
(၃) သူများ အောင်မြင်တာကို မိမိအောင်မြင်သကဲ့သို့ ၀မ်းမြောက်ဝမ်းသာ ရှိရပါမယ်။
(၄) မိမိစိတ်ကို ဘယ်အမှုကိစ္စကမှ အနှောင့်အယှက် မပေးနိုင်အောင် ကြံ့ခိုင်ရပါမယ်။
(၅) တွေ့ဆုံတဲ့လူတွေကို ကျန်းမာရေး ၊ကြီးပွားရေး၊ ပျော်ရွှင်ရေးအကြောင်းတွေကို ဖော်ရွေစွာ ပြောရပါမယ်။
(၆)အကောင်းဆုံးအမှုကို စဉ်းစားရမယ်၊ အကောင်းဆုံး အမှုကို လုပ်ကိုင်ရမယ်၊ အကောင်းဆုံး အမှုကို မျှော်လင့်ရမယ်။
(၇) အတိတ်က အမှားများကို မေ့ပစ်ပြီး အနာဂတ်အောင်မြင်မှုကို ရှေးရှုအားထုတ်ရပါမယ်။
(၈) ရွှင်ပြတဲ့ မျက်နှာထားပြီး တွေ့သမျှကို ကြည်ဖြူစွာ ဆက်ဆံရပါမယ်။
(၉) မိမိစီးပွား၊ ကြီးပွား ၊ ပညာတိုးတက်ရေးအတွက် လုပ်ကိုင် နေရလို့ သူများ အပြစ်ကို ပြောဖို့ အချိန်မရဘဲ ဖြစ်နေရပါမယ်။
(၁၀) စိတ်ပူပန်ရန် ကြံ့ခိုင်ခြင်း ၊ စိတ်ဆိုးရန် မြင့်မြတ်ခြင်း၊ ကြောက်ရွံ့ရန် အားခွန်ကြီးခြင်း၊ ဒုက္ခနဲ့ ကြုံရန် စိတ်ချမ်းမြေ့ မှုတွေ များခြင်း- စသည်တို့ပဲ ဖြစ်ပါတယ်. . .

ထူးအောင်မြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကံနှင့် ပတ်သက်သော ဝေါဟာရများ



ကောင်းကင်၌ တည်နေစေ
သမုဒ္ဒရာအလယ်၌ ရှိနေစေ၊
တောင်ခေါင်းလိုဏ်ဂူအတွင်း၌ နေစေ၊
အကျိုးပေါ်တော့မည့်
ကံမှ မလွတ်
လောက၌ ၊ အကျိုးပေါ်တော့မည့်
ကံမှ လွတ်ရန်
ရှောင်ပုန်းရမည်း နေရာမရှိ
(ဓမ္မပဒ- တယောဇန ၀တ္တု)

လုံ့လနုငယ်၊ အကြံငယ်သော်
မကြွယ်မငှ ၊ရှေးကမ္မထက်
လုံ့လပညာ၊ နှစ်ဖြာ ပင့်ထောက်
သမ္မာလျှောက်၍၊ မီးတောက်လေကူ
ဟူ၏ပမာ၊ များမကြခင်
ကာကဏိက ၊ ကြွက်သေမျှနှင့်
လေးလတွင်းဝယ်၊ နှစ်သိန်းကြွယ်ရှင့်။
(မာဃဒေ၀လင်္ကာ)

ကံကိုပြုတတ်သူ ပုဂ္ဂိုလ်သတ္တ၀ါမရှိ
ကံအကျိုးကို ခံစားတတ်သူပုဂ္ဂိုလ် သတ္တ၀ါမရှိ၊
ရုပ်နာမ်တရားတို့သာ ကြောင်းကျိုးဆက် ဖြစ်ပေါ်
နေကြကုန်၏။
ဤသို့ သော ညဏ်အမြင်သည်သာ မဖောက်မပြန်
ဟုတ်မှန်သော ညဏ်အမြင်ဖြစ်၏။
(၀ိသုဒ္ဓိမဂ်၊ ကင်္ခါဝိကရဏ သုဒ္ဓိ)

ကိုယ်နှုတ်နှစ်ဖြာ ၊ ပြုကျင့်ရာ၌
စေတနာပါမှ၊ အပုညနှင့်
ပုညစစ်စစ် ၊ ကံဟု ဖြစ်၏။

(မာဃဒေ၀-၂၈၉)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဒူးနာခြင်း သက်သာစေသော အစားအစာများ


သန်းပေါင်းများစွာသော လူတို့ တွင် ဒူးဆစ်ရောင်ခြင်း ( Osteoarthritis) ကြောင့် ဒူးခေါင်းတောင့်တင်းခြင်း၊ နားခြင်းတို့ ခံစားတွေ့ကြုံရသည် . . . ပျောက်ကင်းမှု အတွက် နည်းလမ်းများတွင် လှုပ်ရှားမှုမှ စတီးရွိုက် ဆေးထိုးခြင်း နှင့် ခွဲစိတ်ကုသမှုအထိ ကုသမှု အမျိုးမျိုးရှိပါသည်...

အစားအသောက်ကို ဂရုစိုက်၍ စားခြင်းဖြင့် ဒူးနာ သက်သာမှု ရရှိကြောင်း လေ့လာချက်များအရ သိရှိရပါသည်..

ပဲမှရရှိသော ရရိုတင်းဓာတ်ကို နေ့စဉ်ပုံမှန် ၃ လတိုင်တိုင် စားခြင်းဖြင့် ဒူးနာခြင်း သက်သာစေရန် သောက်ရသည့် . . . ဆေးပမာဏ လျော့ကျကြောင်း တွေ့ရသည်. . . ပဲတွင် (Isoflavones) ဓာတ်ပါပြီး ဒူးဆစ်ရောင်ခြင်းကို သက်သာစေသော ဂုဏ်သတ္တိရှိသည်. . တစ်နေ့ ပဲမှုန့် ၄၀ ဂရမ် သို့မဟုတ် ပဲနို့နှင့် ပဲဘာဂါစားခြင်းဖြင့် ဒူးနာခြင်း ကိုသက်သာစေသည်. . . . .

ကီဝီသီး ၊သရက်သီး၊ ဂရိတ်ဖရု နှင့် သင်္ဘောသီး ကဲ့သို့သေသာ ဗီတာမင် C ကြွယ်ဝသော အရည်ရွှမ်းသည့် အသီးများ စားသုံးခြင်းကလည်း ဒူးဆက်ရောင်ခြင်းမှ သက်သာမှု ရရှိကြောင်း လေ့လာမှုအရ တွေ့ရသည်. . .

ငါးနှင့် ငါးမှ ရသော အဆီစား သုံးခြင်းကလည်း ဒူးဆစ်တင်းခြင်းနှင့် ရောင်ခြင်းကို သက်သာစေသည်. . . ငါးမှရသော အဆီတွင်ပါသည့် အိုမီဂါ (၃) ဓာတ်က အဆစ်ရောင်ရမ်းစေသော ဓာတ်ပစ္စည်းကို ပိတ်ဆို့ခြင်း သာမက ဒူးဆစ်အတွင်းရှိ အရိုးနု ပျက်စီးခြင်းကို လည်း ကာကွယ်မှုပေးသည်. . .

ငါးကွမ်းရှပ် (သို့) Salmon ငါး ကို အပတ်စဉ်စားခြင်း (သို့) နေ့စဉ် အိုမီဂါ (၃) ဂရမ် စားသုံးခြင်းကလည်း ဒူးနားခြင်းကို သက်သာစေသည်.

ဒေါက်တာခင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

စက္ကူစွန် ဘ၀ကလေးပေမို့



စက္ကူစွန် ဘ၀ကလေးပေမို့

စက္ကူစွန်ဘ၀ ကလေးပေမယ့်
ခဏကလေးတော့ ဖြစ်ချင်တယ်

အချစ်ကြိုး တစ်မျှင်နဲ့
ရစ်ကြိုးတွင် သခင်ဆင်တော့
ဝေဟင်ယံ အာကာသဆီ၌
ခုန်ပျံကာ ကျွမ်းအလှ ထိုးပါလို့
စုန်ဆန်ကာ အစွမ်းပြမရိုးရပါဘူး
မြတ်နိုးသူမယ်....။

အရှူံးတစ်ဝက်ပေမယ့်
ရုန်းထွက်ဖို့ မရည်ရွယ်
မိုးတိမ်ဝယ် လွန့်လူး။

သခင်ထားလေသမို့
မြင့်ဖျား အာကာဗွေ၌
ကြာရှည်စွာ ဖျော်ဖြေပြီးပြန်တော့
ခိုနားရန် အချိန်တန်ပေါ့
အိမ်အပြန် မိုးမချုပ်ချင်လို့
(သခင်ရယ်. . )
ကြိုးရုပ်ပါဦး။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

ရုန်း



ချစ်ခင်မြတ်နိုးတွယ်တာတယ် ဆိုတဲ့ သံယောဇဉ်တွေနဲ့ ကျွန်မတို့ အားလုံး ဟာ သိပ်ကိုပျော်မွေ့ကြတယ်. .. ရွှင်ပြုံးကြည်သာမှုတွေ ဖြစ်တယ်. . .အဲဒီသံယောဇဉ်တွေကြောင့်ပဲ ကျွန်မတို့ အားလုံးဟာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲတွေ ဖြစ်ပြန်ရော. ... ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ငိုကြွေးရတာတွေလည်းရှိတယ်. . . သံယောက်ဇဉ်တွေကနေ ထွက်မြောက်နိုင်ရင် ကောင်းမယ်ဆိုတာတော့ အားလုံးသိပါတယ်.. .ဒါပေမယ့် အပြောလွယ်ပေမယ့် အလုပ်က ခက်နေတာကိုး. . .

မြတ်စွာဘုရားကတော့ သံခြေချင်း၊ ကြိုးစတဲ့ အရာတွေ နဲ့ နှောင်ဖွဲ့ထားတာဟာ မပြောပလောက်ပါဘူး. . . ဥစ္စာ၊ စပါး၊သားမယာ စသည်တို့မှာ တပ်မက်တွယ်တာခြင်းဆိုတဲ့ တဏှာ ကိလေသာ အနှောင်အဖွဲ့က အဆအရာ အထောင် အသိန်းမက ပိုပြီး ခိုင်မြဲတယ်. . . တဲ့. . . . ပညာရှိတို့ကတော့ အဲဒီ တဏှာ ကိလေသာဆိုတဲ့ အနှောင်အဖွဲ့ကို ရုန်းဖြတ်ပြီးတော့ ထွက်ကြတယ်လို့ ဂေါတမမြတ်စွာဘုရား ကပြောပြ ဟောပြပါတယ်. . .

အသက်ကြီးလာတဲ့ လူကြီးတွေနဲ့ ဆိုင်တဲ့ အဖြစ်အပျက်တစ်ခုလည်းရှိပါသေးတယ်. . .ကောသလမင်းကြီးမှာ ပါဝေယျက လို့ခေါ်တဲ့ ဆင်ကြီး ရှိခဲ့တယ်. . . ဒီဆင်ကြီးဟာ အသက်ငယ်ရွယ်နုပျိုစဉ်က အလွန်ခွန်အားဗလ ကောင်းတယ်. . . စစ်တိုက်တဲ့ နေရာမှာ အန်မတန်ကျွမ်းကျင်တယ်. . သတ္တိပြောင်မြောက်တယ်. . . အခုတော့ ဒီဆင်ကြီး အိုလာပြီ ဆိုပြီး မင်းကြီး က ဆင်အိုကြီးကို ဘေးမဲ့ပေးလိုက်တယ်... .

တစ်နေ့မှာ ဆင်ကြီး ဟာ အိုင်တစ်ခုကို ဆင်းရင်း က ညွန်ထဲမှာ နစ်သွားတယ်. . . ဆင်ကြီး ဟာ ညွန်ထဲ ကထွက်မြောက်အောင် ရုန်းတယ်. . . ဒါပေမယ့် . .. ဇရာ ကထောင်းပြီဆိုတော့ ရုန်းအားမကောင်းဘူး ဖြစ်နေတယ် ဒီအဖြစ် ကို ကောသလ မင်းကြီး ကြားသိတဲ့ အခါ မှာ ဆင်ကြီးကို ညွန်ထဲက ထုတ်ဆောင် ဖို့အတွက် ဆင်ဆရာကို လွှတ်လိုက်တယ်. .. အမြော်အမြင် အန်မတန် ရှိတဲ့ ဆင်ဆရာ ဟာ ဆင်ကြီး ကို ညွန်ထဲက ထုတ်ဆောင်ဖို့သွားတဲ့ အခါမှာ စစ်ချီထိုးတဲ့ အခါမှာ အသုံးပြုတဲ့ စစ်ပွဲစည်ကြိးကိုယူသွားပါတယ်.

ညွန်နစ်နေတဲ့ ဆင်ကြီးထံရောက်တော့ ဆင်ဆရာက စစ်ပွဲကိုပြပြီး စစ်ပွဲစည်ကြီးကို တီးတယ်. . တကယ်စစ်ထိုးတော့မယ် အခြေအနေမျိုးရောက်အောင် တပည့်တွေနဲ့ ပူးပေါင်းဖန်တီးပြီး စစ်ကြွေးကြော်သံနဲ့ စည်တို့မောင်းတို့တီးပေးပါတယ်. . . အဲဒီအခါမှာ ဆင်ကြီး ဟာ ရဲစိတ်ရဲမာန်တွေ တက်ကြွလာပြီး တအားရုန်းလိုက်တာ. . . တစ်ခါတည်း ကုန်းပေါ်ရောက်သွားပါတယ်. . .

ဒီလိုဆင်ကြီး ညွန်ထဲက ရုန်းထွက်နိုင်တဲ့ အဖြစ်ကို မြင်ခဲ့ကြရတဲ့ ရဟန်းတော်တွေက ဂေါတမ မြတ်စွာဘုရားကို ပြောပြ လျှောက်ထားကြတယ်. . ဒီအခါမှာ ဂေါတမ မြတ်စွာဘုရားက ရဟန်းတော်တွေကို. . . .

"မမေ့မလျော့ခြင်း အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့. . မိမိစိတ်ကို စောင့်ရှောက်ကြလော့. . . ညွန်၌ နစ်နေသာ ဆင်သည်. မိမိကိုယ်ကို ညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်ဆောင်ကြလို့ . . . .မိန့်တော်မူပါတယ်. . . . "

ဒီစကား က ကျွန်မတို့အားလုံးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စကားပါ. . . ဒါပေမယ့် . . ကျွန်မတို့မှာ ဖြစ်နေတာက ခိုင်ခန့်လွန်းလှတဲ့ သံတိုင်ကြီးမှာ သံကြိုးတွေနဲ့ ရစ်ပတ်ဖွဲ့ပြီး သော့ခတ်ထားတဲ့ ကျွန်မတို့ကို ဘယ်သူများ လာပြီး သော့ဖွင့်ပေးပါ့မလဲ. . . ကိလေသာ ညွန်ထဲက ရုန်းထွက်နိုင်အောင် ဘယ်သူများလာပြီး စည်တီးရင်း အားပေးပါ့မလဲ လို့မျှော်နေတဲ့ အဖြစ်လို ဖြစ်နေပါတယ်....
Justify Full
"ကာမထောင်တွင်း ၊ နှောင်သွင်းပိုင်ပိုင်၊ မှတ်ကရော့ ၊ ခတ်တေသာ့ သံချည်တိုင် "

အားလုံး ကိလေသာ ဆိုတဲ့ အနှောင်အဖွဲ့ကနေ ရုန်းဖြတ်ပြီးတော့ ထွက်နိုင်ကြပါစေလို့. .

နန္ဒသိန်းဇံ

အားလုံးကိုချစ်ခင်လေးစားလျှက်...

သမီးလေးဖတ်ဖို့


သမီး

ဘာကိစ္စပဲလုပ်လုပ်
ကိုယ်ပင်ပန်းချင် ပင်ပန်းပါစေ
စိတ်မပင်ပန်းပါစေနဲ့။

အလုပ်တွေ အဆက်မပြတ် လုပ်ရလို့
ကိုယ်ပင်ပန်းလာတဲ့ အခါ
စိတ်လည်း နွမ်းလာတတ်တယ်
နွမ်းလာတဲ့ စိတ်ကို အပန်းမပြေတတ်ရင်
စိတ်ပင်ပန်းသောက ရောက်တတ်တယ်။

အဲဒီလိုပင်ပန်းလို့ စိတ်နွမ်းလာတဲ့ အခါ
တစ်နေရာမှာ ငြိမ်ငြိမ်သက်သက်လေး ထိုင်ပြီး အသက်မှန်မှန်ရှု၊ ဘာမှ မတွေးနဲ့။

အိမ်ရောက်တဲ့အခါ အိပ်ရာပေါ်မှာ
ပက်လက်လှန် အိပ် ၊ ဗိုက်ပေါ်လက်တင်ပြီး
ငြိမ်ငြိမ်သက်သက်လေး အနားယူ
အသက်မှန်မှန်ရှုဖို့ မမေ့နဲ့။

အဲ့ဒီလို စိတ်ကို အပန်းဖြေတတ်မယ်ဆိုရင်
ကိုယ်ပင်ပန်းပေမယ့် စိတ်မနွမ်းရတော့ဘူးပေါ့။

ကိုယ်လှုပ်လို့ စိတ်က လိုက်လှုပ်ရင် စိတ်ပင်ပန်းမယ်
ကိုယ်လှုပ်ပေမယ့် စိတ်က လိုက်မလှုပ် ရင်
စိတ်ပင်ပန်း နွမ်းနယ်တာမျိုး မဖြစ်ဘူး။

ဒါကြောင့် စိတ်ကို ငြိမ်ငြိမ်လေး ထားတတ်အောင် ကျင့်နော်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဘုရားအလောင်း တောထွက်ခါစ၌ ဗိမ္မိသာရမင်း က ထီးနန်းလှူပုံ

ဘုရားအလောင်းသည် ရဟန်းပြုပြီးနောက် ၇ ရက်လောက်ကြာသောအခါ ရာဇဂြိုလ်မြို့သို့ကြွလာ၍ ဆွမ်းခံဝင်တော်မူ၏ ထိုခေတ်၌ ရသေ့ ရဟန်းဆိုသူတို့ဝယ် သပ္ပါယ်တင့်တယ်သူကို တွေ့ရခဲ၏. . . . မတင့်မတယ် နှင့် အရွယ်ကြီးများကိုသာ အများအပြားတွေ့နေရသော မြို့သူမြို့သားတို့သည် အရွယ်အားဖြင့် ၂၉ နှစ်မျှသာ ရှိသေး၍ စကြာမင်း အမှတ်လက္ခဏာ စုံလင်စွာပါသော ဘုရားအလောင်းကို တအံ့တသြ ကြည့်ကြလေသည်. . .

ဘုရားအလောင်းသည် ဆွမ်းခံပြီးပဏ္ဍ၀တောင်သို့ ကြွတော်မူကာ ဆွမ်းဘုဉ်းပေးလေရာ ဗိမ္မိသာရမင်းလည်း ရောက်လာ၍ ရုပ်လက္ခဏာကို မြင်ရုံဖြင့် ဇာတ်မြင့်သော မင်းသားတစ်ပါးဖြစ်တန်ရာ၏ ဟု စဉ်းစားပြီးလျှင် ထီးနန်း စည်းစိမ်ကို လွှဲအပ်လေသည်. . ဘုရားအလောင်းသည် ထီးနန်းစည်းစိမ် မလိုလားဘဲ ဘုရားဖြစ်လိုကြောင်းကို မိန့်တော်မူလျှင် ဘုရားဖြစ်သော အခါ ပထမကြွလာဘို့ရန် တောင်းပန်လိုက်လေသည်။

KING BIMBISARA OFFERING ALL HIS KINGLY GLORY

Now the future Buddha, having thus retired thus from the world and become an ascetic fro about 7 days, entered the city of Rajagaha and begged for food from house to house. By the beauty of the Future Buddha the whole city was thrown into a commotion as he was a distinct ontrast to the usual type of ascetics of those days, who were old and shabby in appearance. The Future Buddha being then only 29 years of age and bearing all the signs of a Universal Monarch naturally became an object of admiration and wonder.

Now the Great Being having collected some food for his sustenance went to the shade of Pandava rock and ate his meal. Thereupon, Bimbisara, the King approached the Future Buddha, and being pleased with his princely deportment and appearance offered him all his kingly glory. "Great King" , replied the Future Buddha, "I do not seek for the gratification of my senses or my passions, but have retired from the world for the sake of supreme and absolute enlightenment of a Buddha."

"Verily, " said the King when his repeated offers had all been refused, "you are sure to become a Buddha: but when that happens your first journey will be to my Kindom".

အားလုံးကိုချစ်ခင်လေးစားလျှက်...

အချိုရည်သောက်တဲ့အကျင့်ကို . . ဖျောက်ပါ



ရေငတ်လို့ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနွယ်လို့ပဲ ဖြစ်ဖြစ် အချိုရည် ပုလင်းတွေ၊ သံဘူးတွေ သောက်ပါက သင်၏ သွေးဖိအားကို မြင့်တက်စေနိုင်ပါသည်. . . တစ်နေ့လျှင် သစ်သီးမှရသော သကြားဓာတ် (Fructose) ၇၄ ဂရမ် စားသုံးပါက (အချိုရည် သံဘူး ၂ ဘူးခွဲနှင့် ညီမျှသည် ) သွေးဖိအား ၃၆ ရာခိုင်နှုန်း တက်လာစေနိုင်ကြောင်း သိရသည်. . .

အ၀လွန်နေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း ၊ သွားပိုးစားခြင်း ပြဿနားများ လည်း ဖြစ်စေနိုင်သည်. . အချိုဓာတ်လျော့ထားသည်ဟု ဆိုသော ဖျော်ရည်ဘူး (Diet Soft Drink) များသည်လည်း စိတ်မချရပါ. .. ဟားဗတ်ဆေးကျောင်းတွင် လေ့လာမှုအရ သကြားအတုဖြင့် ဖျော်ထားသော အချိုရည်ဘူး ၂ ဘူးနှင့် အထက်သောက်သည့် အမျိုးသမီးများတွင် ကျောက်ကပ် လုပ်ငန်းစွမ်းရည် ကျဆင်းနိုင်သည့် အခွင့်အလမ်း ၂ ဆ ပိုများ ကြောင်း ကြာလျှင် ကျောက်ကပ် ပျက်စီးစေနိုင်ကြောင်း သိရပါသည်. .

မည်သည့် အချိုရည်ပဲ ဖြစ်ဖြစ် ကြောက်စရာကောင်းသည်က အဓိကဖြစ်သည်. . ထို့ကြောင့် အချိုရည်ဘူးများနှင့် ပက်သက်လာလျှင် အထူးဧည့်ခံပွဲမျိုးတွင်သာ တစ်ခါတစ်ရံ သောက်ခြင်း သို့မဟုတ် တစ်ဘူးလုံးကုန်အောင် မသောက်ဘဲ အနည်းငယ်မျှသာ ၊ သောက်တယ် ဆိုရုံမျှသာ သောက်သင့်သည့် အကျင့်ကို ပြုလုပ်သင့်ပါသည်. .

Health Digest

အားလုံးကိုချစ်ခင်လေးစားလျှက်...

မျက်နှာမြင်ချစ်ခင်ပါစေ



လူကြီးသူမများကို ကန်တော့ကြသောအခါ လူငယ်များအား "မျက်နှာမြင်ချင်ခင်ပါစေ" ဟု ဆုတောင်းပေးလေ့ ရှိကြသည်. . . မည့်သည့် မျက်နှာမျိုးသည် အလှပဆုံး ၊ ကျက်သရေအရှိဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်သည်ကို ထိုစကားက သက်သေခံနေပါသည်။

အခြားတစ်ဖက်မှလည်း မျက်နှာမြင် ချစ်ခင်ခြင်းခံရသည့် ဘ၀မျိုးသည် အကောင်းဆုံး ၊ အလိုလားအပ်ဆုံးဖြစ် ကြောင်း ညွှန်ပြနေသည်။ သို့သော် ထိုစကားသည် တိုက်ရိုက်ပြောသော စကားမဟုတ်။ သွယ်ဝိုက်၍ ပြောလိုက်သော စကားသာ ဖြစ်ချေသည်။ သူတို့ ရည်ညွှန်းပြောဆိုလိုသည့် အဓိပ္ပါယ်မှာ ဤသို့ဖြစ်ပါသည်။


၁။မာန်မာန ထောင်လွှားတက်ကြွခြင်းမရှိပါစေနှင့်၊ မိမိကိုယ်ကိုယ် နှိမ့်ချပါ။

၂။ ကြီးသူကို ရိုသေ၊ တန်းတူကို လေးစား၊ ငယ်သူကို သနားပါ။

၃။ လောဘ၊ဒေါသ၊ မာနတရားများကို ချိုးနှိပ်နိုင်အောင် ကြိုးစားပါ။

၎။ လူတကာနှင့် အပေါ်စီးကနေပြီး ဆက်ဆံခြင်းမပြုပါနှင့်။ သင့်တင့်မျှတအောင် ဆက်ဆံပေါင်းသင်းပါ။

၅။ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာတရားများ ပွားများနေထိုင်ပါ။

ဤတရား (၅)ပါးသည်သာလျှင် အလှပဆုံး ၊ကျက်သရေအရှိဆုံးသော မျက်နှာများ ဖြစ်လာအောင် ဖန်တီးပေးနိုင်ပါသည်။ ထိုမျက်နှာကို ပိုင်ဆိုင်သူသာလျှင် လူကြီးသူများပေးသော မျက်နှမြင်ချစ်ခင်ပါစေ ဆိုသော ဆုကို ရယူပိုင်ဆိုင်နိုင်ပါသည်။

ထို့ကြောင့် လူတကာအလယ်တွင် တင့်တင့်တယ်တယ်၊ မျက်နှာပန်းလှလှ နေထိုင် အသက်ရှင်လိုသူတိုင်းသည် မျက်နှာမြင်ချစ်ခင်စေနိုင်သည့် နည်းလမ်းကောင်းများကို ကျင့်သုံးလိုက်နာမည်ဆိုလျှင်. . .

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အလုပ်ဖြင့် ကိလေသာကို ပယ်သတ်ခြင်း

ဆရာတော် အရှင်ဇဝန၊ မေတ္တာရှင်(ရွှေပြည်သာ)၊ ဝေနေယျသုခ ဓမ္မရိပ်သာ၊ (8)မိုင်၊ ကော့သောင်းမြို့တွင်
(30-08-2010) ရက်နေ့မှ (01-09-2010) ထိ ဟောကြားတော်မူခဲ့သော တရားတော်များအား
ဓမ္မဒါနပြုလိုက်ပါသည်။

အလုပ်ဖြင့်ကိလေသာကို ပယ်သတ်ခြင်း (၁)

အလုပ်ဖြင့်ကိလေသာကို ပယ်သတ်ခြင်း (၂)

အလုပ်ဖြင့်ကိလေသာကို ပယ်သတ်ခြင်း (၃)


လက်ခံရရှိသူ ဓမ္မမိတ်ဆွေများမှတဆင့် မိမိတို့၏ မိတ်ဆွေများအား လက်ဆင့်ကမ်း ဓမ္မဒါနပြုပေးကြပါရန်

လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

  • အင်အားကြီးမားသော အမိုက်ရင် အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏
  • မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ချည်နိုင်စွမ်း သကဲ့သို့တည်း။
  • Strong, bad elements cannot be overcome single-handed but by united action.
  • A blade of garss is unsubstantial, but many blades made into a rope can bring the strength to tie an elephant.
  • လေကွယ်ထောင့်ရာ အရပ်၌ မီးတောက်သည် ကြီးထွားမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေး ထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
  • Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.
  • အရှင်သခင်ကိုတု၍ မည်သည့်အမှုကိုမျှ ဂုဏ်တုဂုဏ်ပြိုင် မပြုအပ်
  • ၀တ်စားဆင်ယင် အလှပြင်ခြင်း၌ လည်းကောင်း ၊ စည်းအိမ်ချမ်းသာ ခံစားရာ၌ လည်းကောင်း အတူမပြုရာ။

  • No Competition in pride with a master should be attempted.
  • No similarity or equality of attire and wealth should be attempted.
အားလုံးကိုချစ်ခင်လေးစားလျှက်...



ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။