ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား



ခင်မင်ရတဲ့ ကို ZOX က (ဂျီတော့ခ်ချည်း သုံးနေမယ့်အစား ဘလော့ဂ်တင်ပါလား) ခေါင်းစဉ်နဲ့ တဂ်ပါတယ်. . . ခုတစ်လော လူငယ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ Chatting ကို လူငယ်တွေ စွဲစွဲလန်းလန်းသုံးနေတာ နဲ့ပတ်သက်ပြီး ဒီပို့စ်လေးကို ကိုZOX ကရေးဖြစ်တယ်လို့ဆိုပါတယ်. . . . ကျွန်မတို့လည်း ဒီဟာလေးနဲ့ပတ်သက်ပြီး ပြောစရာလေးတွေရှိလာပါတယ်. . . .

ကျွန်မတို့ မြန်မာနိုင်ငံမှာ. . .၁၉၉၉- ၂၀၀၀ ခုနှစ်လောက်ကစပြီး အင်တာနက်ဆိုတာကို ကြားဖူးနားဝရှိပါတယ်. (နိုင်ငံခြားမှာတော့ လူတိုင်းမရှိမဖြစ် Internet ဖြစ်နေတဲ့အချိန်ပါ) အဲဒီတုန်းက တော့ အင်တာနက်ကို အစိုးရအဖွဲ့အစည်းတွေလောက်ပဲ အသုံးပြုလို့ရတာပါ. . . ကျွန်မကတော့ ကွန်ပျူတာ တက္ကသိုလ်က ကျွန်မဆရာမဆီသွားတိုင်း သူက စက်ခန်းဝင်ပြီး သုံးသုံးနေတာကို ပြန်ပြောပြလို့သိရတာပါ. . . ဒါပေမယ့် အဲဒီအချိန်တုန်းက အင်တာနက် အကြောင်းရော အင်တာနက်ကနေ ရလာတဲ့ အကျိုးကျေးဇူးတွေကို တိတိကျကျ တကယ်မသိတာပါ. . . .

ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာ ကျွန်မတို့ ခု "ဧရာဝတီစာကြည့်တိုက်" မှ စပြီး အလုပ်ဝင်ခဲ့ပါတယ်. . . ကျွန်မ အလုပ်ဝင်တဲ့အချိန်မှာ ကျွန်မတို့ "ဧရာဝတီစာကြည့်တိုက်" မှ e-mail & Intranet ကို အသုံးပြုလို့ရအောင် တပ်ဆင်ထားပြီး ဖြစ်ပါတယ်. . . မြန်မာပြည်မှာ ကျွန်မတို့ အပါအ၀င် Intranet အသုံးပြုတဲ့ နေရာ စုစုပေါင်း ၅၀၀၀ လောက်ပဲ ရှိပါတယ် အထူးသဖြင့် အစိုးရဌာန၊ ကွန်ပျူတာ ကုမ္ပဏီတွေနဲ့ နိုင်ငံခြားနဲ့ဆက်သွယ်တဲ့ ကုမ္ပဏီ တွေမှာပဲ အင်တာနက် ရှိပါတယ်. . . . ခုလို ပုဂ္ဂလိက လုပ်ငန်းတွေက အင်တာနက် ကိုလျှောက်လို့ မရသေးပါဘူး . . . .

ကျွန်မလည်း အရမ်းကို အံ့သြ၀မ်းသာမိပါတယ် . . ကိုယ်တိုင်ခုမှ စပြီး ကိုင်တွယ်အသုံးပြုရမယ့် အပြင် အင်တာနက် အသုံးပြုတဲ့လူနည်းစု ကနေ အများကြီးဖြစ်လာအောင် လုပ်ပေးလို့ရတဲ့နေရာလေး တစ်ခုကို ရောက်လာရတာကိုး . . .

ဒါနဲ့ပဲ email & Internet ကို မဖြစ်မနေစတင်အသုံးပြုဖို့ဖြစ်လာပါတယ် . . သုံးတဲ့လူနည်းသေးတဲ့အတွက် မသိတာတွေကို ရန်ကုန် က သူငယ်ချင်းများနဲ့ စာအုပ်တွေဖတ် ရင်း လေ့လာရပါတယ်. . . . အဲဒီတုန်းက Bagan CyberTech က Internet Service Provide ကို စတင်ဖွင့်လှစ်နေပါပြီ . . ကျွန်မတို့ က MPT (ISP) ကနေ ချပေးတဲ့ Internet ကို Dial - Up ( Phone Line ) သုံးရပါတယ် . . . Dial - Up ဆိုတာ ကသိတဲ့ အတိုင်းပဲ လိပ်လိုနှေးပါတယ် ဒါပေမယ့် အခုသုံးနေတဲ့ Connection တွေလောက်တော့ မဆိုးသေးပါဘူး (အသုံးနည်းလို့ဖြစ်မယ်နော် :P)

၂၀၀၂- ၂၀၀၃ ခုနှစ်မှာတော့ Bagan CyberTech က Internet ကို မည်သူမဆို အသုံးပြုနိုင်အောင် BroadBand, iPStar , Dial- Up Account တွေကိုဖွင့်လှစ်ရောင်းချပေးပါတယ်. . . အဲဒီအချိန်ကစပြီး ရန်ကုန်၊ မန္တလေးတို့မှာ Internet Cafe များ ပေါ်လာပြီး အသုံးပြုသူပိုမိုများပြားလာခဲ့ပါတယ်. . . .

ဒီချိန်မှာ Bagan Cybertech က ဖွင့်တဲ့ Ygnchat ဆိုတဲ့ Chatting က တော်တော်လေး ခေတ်စားလာပါတယ်. . . ဘယ်ရမလည်း ကျွန်မတို့ကလည်း အသစ်ဆို လက်တည့်စမ်းချင်နေတော့ ရန်ကုန်က သူငယ်ချင်းများ ရဲ့ အကူအညီနဲ့ အဲဒီ Chatting ကို အရင်ဆုံး ရောက်ခဲ့ပါတယ် .. . . Chatting ဆိုတာ အဲဒီတော့မှသိတာပါ. . .

အဲဒီတုန်း ကလည်း Chatting ကအထူးအဆန်းကိုဖြစ်နေတော့ ကျွန်မတို့ ၂ ယောက် ကြိုးစားပြီးဝင်ကြတာပေါ့ သူတို့ကလည်း ပြောင်းလိုက်တဲ့ Proxy ၊ ရှာလိုက်ရတာ မောနေတာပဲ ၊ Error ပေးရင်လည်း မရရအောငှ်ရှာတာပေါ့. . . . ပန်းကဗျာနဲ့May16 ဆိုတာ ခေါင်းချင်းကိုရိုက်နေတာပဲ :P

ဒီလိုပြောလို့ Chatting လုပ်ဖို့မြှောက်ပေးတယ်လို့မထင်ပါနဲ့ဦးနော်. . . ကျွန်မတို့လည်း ဒီနေရာကနေ ဒီလိုတွေလုပ်တတ်အောင် ကြိုးစားခဲ့ရတယ်. . . . တိုးတက်အောင် လုပ်ခဲ့ရတယ်ဆိုတာ သိစေချင်တာပါ :)

ဒါပေမယ့် အဲဒီတုန်းက လူလတ်ပိုင်းနဲ့ လူကြီးပိုင်းများပါတယ် ခုလို ကလေးတွေကို မတွေ့ခဲ့ရပါဘူး . . .ဒါဟာဘာလို့လည်းဆိုတော့ အသုံးပြုနိုင်တဲ့ လူငယ်တွေ ကတော်တော်ကို နည်းပါသေးတယ် . . အဲဒီတုန်းကတော့ အများအားဖြင့် လုပ်ငန်းခွင်ကလူတွေပဲ Chatting လုပ်ကြပါတယ် . . ဒါဟာလည်း အချိန်ပိုင်းပါ အားလုံးက အလုပ်ခွင်က ဖြစ်နေတဲ့အတွက် မေးထူးခေါ်ပြောလောက်ပဲ သုံးဖြစ်ကြပါတယ်. . .

ကျွန်မကတော့ YgnChat ထဲကနေ အဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်းတွေ ရခဲ့ပါတယ် သူတို့ ဆီကနေ ပြီး Internet ပေါ်မှာ ရှာဖွေနည်းတွေရော Internet ရဲ့ အသုံးဝင်ပုံမျိုးစုံကို ကျွန်မကိုသင်ပေးခဲ့ပါတယ်. . . အဲဒီသူငယ်ချင်းကို ခုချိန်ထိ ကျွန်မကျေးဇူးတင်တုန်းပဲ. . . e-mail တွေဖွင့်တာတွေရော ပိတ်ထားတဲ့ ဆိုဒ်တွေကို အသုံးပြုလို့ရအောင် ကူညီခဲ့သူတွေပါ. . . .(သူများမကျော်ခင်ကတည်းကကျော်တာ :P)

ဒါကြောင့်လည်း ခုချိန်မှာ အင်တာနက်ကို ကောင်းကောင်းကျော်ခွသုံးနေတတ်တာ တော်၂ကို ကြာပြီပေါ. . . :P ဒီလိုကျပြန်တော့လည်း Chatting ကသူငယ်ချင်းရဲ့ အကျိုးကျေးဇူးပါ. . . Internet ကောင်းကောင်းသုံးတတ်လာတဲ့ အချိန်မှာ Gtalk, QQ , Skype, Yahoo Messenger , Friedster, Forum, အစရှိတဲ့ ဟာ တွေကလည်း ခေတ်စားလာခဲ့ပါတယ် ဒါတွေကိုလည်း လေ့လာရင်း သုံးတတ်အောင် လုပ်ခဲ့ပါတယ် . .

Internet မှာ အထူးအဆန်းနဲ့ လုပ်လို့ရတာ တော်တော်များကို ကိုယ်တိုင်မသုံးရင်တောင် သူများတွေ သုံးချင်ရင် သုံးတတ်အောင် အကုန်လုပ်ထားပါတယ်. . သုံးရင်းနဲ့လည်း လေ့လာစရာတွေက မကုန်နိုင်အောင် အများကြီးပါပဲ. . . ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများတွေကိုလည်း အကျိုးပြု လို့ရပါတယ်. . .

ကျွန်မကတော့ မသုံးတတ်သေးတဲ့သူတွေကို လည်း ကူညီပေးရပါတယ်. . . သုံးမရရင်လည်း သုံးလို့ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပေးခဲ့ပါတယ်. . .

ဒါပေမ့ယ် ခုနောက်ပိုင်း ၂နှစ်လောက်မှာ (ADSL Line) ရလာတော့ Internet Cafe တွေကို ကျွန်မတို့မြို့မှာ မှိုလိုပေါက်လာခဲ့ပါတယ်. . . အဲလိုကျတော့ ကျွန်မစဉ်းစားမိတာက အရမ်းကောင်းတယ် သုံးတတ်တဲ့သူတွေ များလေ အကျိုးရှိရှိ အသုံးချနိုင်လေ လူငယ်တွေအတွက် အကျိုးပြုတာတွေအများကြီးရလိမ့်မယ်လို့ထင်ပါတယ်. . ကျွန်မတို့လည်း (ADSL Line) ရဲ့ အကျိုးကျေးဇူးနဲ့မှ ဒီ Blog ကို လုပ်လို့ရတာပါ . . . . .

အဲဒီအတွေးက တော်တော်ကို မှားသွားပါတယ် အင်တာနက်လာကြည့်သူတွေအများစု က Only Chatting ဖြစ်နေပါတယ်... ဒီတော့ ကွန်ပျူတာသာ မသုံးတတ်တယ် သူတို့ Chatting , mIRC, Gtalk, VZO ကျတော့ ကျွန်မတို့ထက်တောင် ကျွမ်းကျင်နေပါလားလို့ တအံ့တသြဖြစ်တယ် ဒါ က တစ်ယောက် နှစ်ယောက်လား ဆိုတော့ မဟုတ်ဘူး အားလုံးနီးပါး ဖြစ်နေပါတယ် . . . .

ဒီတော့ သူတို့ ကို ခု Blogging မပြောနဲ့ Google Search တောင် သူတို့မသိဘူး ၊ Copy , Paste လည်းမသိ သူတို့သိတာ Gtalk , mIRC, VZO အဲဒါတော့ ကောင်းကောင်းသိတယ်. . . .ဒီတော့ သူတို့ ကို ခု ကျွန်မတို့ ရေးတဲ့ "ဧရာဝတီစာကြည့်တိုက်" Blog လေးနဲ့ဆွဲဆောင်တယ် မရပါဘူး သူတို့ စိတ်မ၀င်စားဘူး ကျွန်မလည်း ဘာပြောလို့ ဘာလုပ်ရမှန်းတောင်မသိဘူး တစ်ယောက်လာလည်း Gtalk ပြောမယ် Gmail , VZO နဲ့ နေ့တိုင်း ဒါတွေပဲကြားနေရပါတယ် . . .

Internet က ကောင်းကျိုးတွေကို သူတို့မယူပဲ ဆိုးကျိုးတွေကို သူတို့ က ပိုသင်ယူနေတယ်လို့ခံစားမိပါတယ်. . .ကျွန်မတို့ဆို Chatting လုပ်ရင်း တိုးလာတဲ့ အသိပညာတွေအများကြီးပါ. . . သူငယ်ချင်းကောင်းတွေရတယ် ၊ ကိုယ့်ထက်တော်ပြီး အတွေ့အကြုံရှိတဲ့ လူတွေဆီကနေ ပညာတွေသင်ယူရတယ် ၊ နည်းပညာတွေ ကိုယ်မသိသေးတာတွေသိရတယ် ကိုယ်သိတာတွေလည်း ပြောရင်းနဲ့ ဖလှယ်ရပါတယ်. . .

Internet
သုံးတဲ့လူတွေ နည်းတုန်းကဆို Chatting ပေါ်က သူငယ်ချင်းတွေကို အားကိုးရင်း နဲ့ အသိပညာဗဟုသုတကို တိုးပွားအောင်လုပ်ခဲ့ရတာပါ. . . ဒီလို မိတ်ဆွေစစ်တွေလည်း အများကြီးပါ. . . . ခုတော့ အဲဒီခေတ်ကုန်ပြီလား မသိပါဘူး Chatting ကနေသိပြီး ချိမ်းခြောက်မှုတွေတောင် ပေါ်လာတာ အများကြီးပဲ မကြားဘူးတာတွေကြားနေရတာပါပဲ . . .

ခုဆိုဒီ Blog လေးကို ရေးတယ် ရေးဖြစ်ရတဲ့ အကြောင်းကတော့ Blog ကိုလုပ်ရင်းနဲ့ နည်းပညာတွေတိုးတက်အောင် ဆိုပြီး စလုပ်ဖြစ်ခဲ့တာပါ. . . ကျွန်မတို့အလုပ်ကလည်း ပြည်သူတွေကို အကျိုးပြုတဲ့ စာအုပ်၊ စာပေတွေ ၊ နည်းပညာတွေ ဖြန့်ဝေပေးတဲ့နေရာဆိုတော့ ဒီစာတွေထဲက ထိထိမိမိနဲ့ ဖတ်ကောင်း တဲ့ စာပေတွေကို ဒီ Blog ပေါ်မှာ ရေးလိုက်ရင် သူများကို လည်း ဖြန့်ဝေပြီးသားလည်း ဖြစ်မယ် ကိုယ်တိုင်လည်း Blogging ကို လေ့လာပြီးသားဖြစ်မယ်ဆိုပြီးရေးဖြစ်ပါတယ်. . . Blog ကြောင့် ရလာတဲ့ အတွေ့အကြုံနဲ့ နည်းပညာ အကျိုးကျေးဇူးတွေက တော့ ပြောမကုန်အောင်ပါပဲ. . .

ကိုယ်တိုင်ရေးတဲ့စာတွေမဟုတ်ပေမယ့် အသိပညာတွေ ဖြန့်ဝေပေးရတဲ့ အလုပ်ကို ပျော်လာတယ် ကိုယ့်စာလေးတွေကို သူများတွေ ဖတ်ပြီး တစ်လုံးဖြစ်စေ၊ တစ်ကြောင်းဖြစ်စေ ၊ တစ်ထောင့်တစ်နေရာကနေ အကျိုးပြုတယ် ဆိုရင် ကျွန်မတို့ ကြိုးစားရကြိုးနပ်ပါတယ် . . .

ကျန်တဲ့ Internet အသုံးပြုသူတွေကိုလည်း Blog ရေးချင်ရင် ရေးနိုင်အောင်၊ စိတ်ဝင်စားအောင် ကြုံတိုင်း ပြောဖြစ်ပါတယ် . . . အချိန်တွေ ကို အကျိုးရှိရှိအသုံးချချင်ရင် အကျိုးပြုစာတွေကို Blog ပေါ်တင်ပြီး ရေးကြည့်ပါလားလို့ အကြံပြုခဲ့ပါတယ်. . .

ခုဆို Blog တွေပေါ်လာတော့ ပိုတောင်ကောင်းသေး Blog ပေါ်မှာ စာတွေရေးမယ်၊ ကိုယ်သိတဲ့ အသိပညာတွေ ကို အရင်လို English လိုတောင် ရှာဖတ်စရာမလိုဘူး ၊မြန်မာလိုတွေ အားလုံး အဆင်သင့် ရှာဖွေရေးပေးတဲ့နည်းပညာ Blog တွေအများကြီးပါ . . ဒါတွေကို သူတို့ယူတတ်ရင် တကယ် အကျိုးရှိပါတယ်. . . ကျောင်းနဲ့ပတ်သက်တာတွေရှာမယ် ၊ စာတမ်းအတွက် လည်း အထောက်အကူပြုတယ်. . . . Internet မှာ လိုချင်တာတွေအကုန်ရတဲ့ နေရာတွေ အများကြီးပါ. . . . .

အစပိုင်းမှာတော့ အားနည်းချက်ဆိုတာလူတိုင်းမှာ ရှိပါတယ်. . . အဲဒီအားနည်းချက်တွေကို အတွေ့အကြုံတွေနဲ့ ၀ိုင်းဝန်းပံ့ပိုးလိုက်ရင် ကောင်းမွန်တဲ့ ဘက်ကို ဦးတည်ဖြစ်မှာ ဖြစ်ပါတယ်. . . .Chatting ကို အသုံးပြုနေရာကနေ တစ်ဖက်ကနေ တခြား ကိုယ့်ရဲ့ ဗဟုသုတ တိုးတက်ရေးကို အခြားနည်းလမ်း များနဲ့ အကျိုးရှိအောင် အသုံးချမယ်ဆိုရင် Internet အသုံးပြုရတာ တကယ်ကို အကျိုးရှိမှာဖြစ်ပါတယ်လို့ ကျွန်မက တိုက်တွန်းချင်ပါတယ်. . .

ဒီပို့စ်ကို ရေးဖို့တဂ်တဲ့ ကို ZOX ကိုကျေးဇူးတင်ပါတယ် . . . ခေါင်းစဉ်နဲ့ လည်းအံဝင်အောင် ကြိုးစားရေးပေးလိုက်ပါတယ် ကို ZOX

အားလုံးကိုချစ်ခင်လေးစားလျှက်...





15 comments:

  1. ပြောရမယ်ဆို အများကြီးပါဗျာ အင်တာနက်ဆိုတဲ့ အရာက ကျနော် ရေးဖူးသလိုပေါ့ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးခံစားရမဲ့ အရာတွေ အများကြီးပါ မကောင်းတာတွေ လုပ်ရင်လဲ သူနဲ့တူရာ ခံစားရမှာပါပဲ။ ချက်တင်းဆိုတာက တကယ်တမ်း အဆက်အသွယ်အဖြစ် အသုံးပြုမယ်ဆို တော်တော် အသုံးဝင်ပါတယ် လွန်သွားရင်တော့ ဆိုးကျိုးတွေချည်းပါပဲ အရည်မရ အဖတ်မရ စကားတွေ ပွားမယ် ပေါက်တတ်ကရတွေ ပြောမယ် အချိန်ကုန်တယ် ပိုက်ဆံကုန်တယ် အများကြီးပါပဲ အားလုံး ရနေတဲ့ အချိန်လေးမှာ ကောင်းစွာ အကျိုးချတတ်ပါစေလို့ ဆုတောင်းပါတယ်။


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. တက်ဂ်ပို့စ်လေးလာဖတ်ပါတယ်။
    အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုတတ်ဖို့ ရေးထားတာ အလွန်ကောင်းမွန်ပါတယ်။

    ReplyDelete
  3. မလုပ်နဲ့ အစ်မတို့ရေ သူတို့ဘက်ကလဲ ပြောမှာပေါ့ Blog မယ့်အစား Chat ပါလားလို့ ။ ပြောလို့မရရင် ထားလိုက်တာ ကောင်းပါတယ်။ သူ့ဗီဇနဲ့ သူ့ဝါသနာနဲ့ သူ့လမ်းကို သူရွေးချယ်ကြပါလိမ့်မယ်။ အဲဒီကနေ မြန်မာပြည်ရဲ့ ဝန်ကြီးချုပ်များ ပါနေမလားလို့ ဆရာသိပံ္ပမောင်ဝလို စိတ်ကူးယဉ်လိုက်ပါရဲ့

    ReplyDelete
  4. အကျိုးရှိအောင် အသုံးချတတ်ဖို့ လိုပါတယ် .. လမ်းပြပေးနိုင်တဲ့လူ ရှိမှလည်း ကလေးတွေက အသုံးချတတ်မယ်လေ .. အမြင်လေးတွေ သိခွင့်ရလို့ ကျေးဇူးပါနော် ..း)))

    ReplyDelete
  5. ဟုတ်တယ်။
    တစ်နေကုန်အရေမရ အဖတ်မရ ချတ်တင်းထိုင်နေမဲ့အစား ဘလော့ဂ်လေးတွေ တည်ဆောက်ပြီး အမြင်ချင်းဖလှယ်ကြတာက ပိုကောင်းတာပေါ့။
    ဒါပေမဲ့
    တစ်ခုတော့ရှိတယ်။ ချတ်တင်တွေ မလုပ်ရတော့ဘူးဆိုရင်တော့ မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေ အရှုံးပေါ်လောက်တယ်။
    အခု အင်တာနက်ဆိုင်တွေ အလုပ်ဖြစ်နေတာက အဲဒီချတ်တင်သမားတွေကြောင့်ပေါ့။

    ဘာဘဲဖြစ်ဖြစ် ဒီပို့စ်လေးက တကယ်ကို အဓိပ္ပါယ်ရှိပါတယ်။

    ReplyDelete
  6. အင်တာနက်ကိုအကျိုးရှိစွာအသုံးချဖို့ရေးထားတဲ့တဂ်ပိုစ့်လေးပါပဲဗျာ အအများကြီးဗဟုသုတရစရာကောင်းလွန်းပါတယ်ဗျာ။ အဆင်ပြေပါစေနော်အမရေ။

    ReplyDelete
  7. မြန်မာပြည်ရဲ့ အင်တာနက် ရာဇဝင်လေးပေါ့နော...။

    ReplyDelete
  8. သိသင့် မှတ်သားသင့်တဲ့ ပို့စ်ကောင်းလေးတစ်ခုပါပဲအစ်မရေ... အသုံးချတတ်မှ အသုံးကျမယ်ဆိုတဲ့ စကားလေးလိုပါပဲအစ်မ.... အကျိုးပြုစာပေတွေ ဆက်လက်ရေးသားနိုင်ပါစေ....။

    ReplyDelete
  9. အခုမှ ဒီဘလော့ဂ်လေးမှာ စာလာဖတ်ဖူးတာပါ။ ဒီပို့စ်လေးရဲ့ အနှစ်သာရကို သဘောကျနှစ်သက်မိပါတယ်။ ပြောသင့် ရေးသင့် အသိပေးသင့်တယ်လိုထင်ပါတယ်။

    လူငယ်တွေကို ရည်ရွယ်ပြီးရေးထားတာဆိုတော့ ဒီပို့စ်လေးကို သူတို့ တွေဖတ်မိနိုင်တဲ့ နေရာတစ်ခုမှာ တင်ပြပေးနိုင်ရင်ကောင်းလိမ့်မယ်လို အကြံပေးချင်ပါတယ်။

    ReplyDelete
  10. လူတိုင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ အွန်လိုင်းချပ်တင်းဆိုတာကတော့ သုံးတတ်ရင် မိတ်ဆွေပေါပါတယ်။ သူငယ်ချင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရပါတယ်။ ဘလော့ရေးတဲ့၊ ဖတ်တဲ့ အကျိုးကျေးဇူးကတော့ ပြောမပြနိုင်လောက်အောင် အသိပညာတွေ တိုးပါတယ်။ ဒါနဲ့ အမလည်း UCSY ကပဲနော်။
    ပို့စ်ကောင်းများ ဆက်လက်ရေးသားဖြန့်ဝေခြင်းဖြင့် ထာဝရ ပျော်ရွှင်နိုင်ပါစေ.....

    ReplyDelete
  11. အားရပါးရ ဖတ်သွားပါတယ်။ အခုလို ရေးပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ရည်ရွယ်ချက်တွေ ထပ်တူပါပဲ။ ကောမန့်က ဘယ်လိုမှ ရေးမရလို့ စိတ်မဆိုးပါနဲ့။ ဖြစ်နိုင်ရင် ကောမန့်ဘောက်စ်ထဲကို ထည့်ပေးပါလား။

    ReplyDelete
  12. အင်တာနက် က သုံးတတ်မယ်ဆိုရင် အင်မတန်အကျိုးရှိတယ်ဆိုတာ သိလာရတဲ့နောက်ပိုင်း ကိုယ်နိုင်ငံ မှာလည်း တွင်တွင်ကျယ်ကျယ်သုံးလို့ ရပြီး ဆိုင် ရာ ဗဟုသုတတွေ သတင်းအချက်အလက်တွေ ပညာရေးထောင်ကူ မှုတွေရစေချင်တယ် ခုတော့ မြန်မာပြည်အင်တာနက်က ချက်တင် လောက်ပဲဆိုတော့ အားမလိုအားမရဖြစ်မိတယ် .... အင်မတန်ကောင်းတဲ့ အကျိုးပြုပို့ စ်လေးပါ ....
    ခင်တဲ့
    ၇န်ကုန်သား :)

    ReplyDelete
  13. ကိုရန်းဂန်း အဲလိုပြောလို့ ဘယ်ဖြစ်မလဲ... သူတို့ကဘလော့ဆိုတာ ဘာမှန်းမသိတာနဲ့ လုပ်ရမှာကြောက်တာနဲ့ မလုပ်တတ်တာကြောင့်ပါ... ဖျာရောင်းနိုင်ရင် ၀ယ်ကြမှာပေါ့.. :P

    ReplyDelete
  14. တကယ်ရေးသင့်တဲ့ ပိုစ့်ပဲဗျ။ အဲသလို အသိပညာပေးပိုစ့်တွေ ဖတ်ရတာ ကျေနပ်လှပါတယ်ဗျို့။ အဲ.. ဘလောဂ့်ပေါ်တင်ဆိုပေမယ့် ဘလောဂ့်ပေါ်အမှိုက်တွေ တက်ဖွသလိုဖြစ်နေရင်တော့... :D ဆရာမတို့ လိုက်ရှင်း.. (နောက်တာ)

    ReplyDelete
  15. ဟုတ်တယ် ... တချို့က ဘလော့ ရေးရမယ် မသိလို့ မရေးကြတာတွေ တွေ့ရတယ် ... ရေးချင်စိတ်လေးတွေတော့ ရှိကြတယ် .... တချို့ကျတော့လည်း Gtalk, VZO တို့လောက်ပဲ တကယ်သိတာ ... အားလုံးဝိုင်းကူရင်တော့ အဆင်ပြေသွားမယ် ထင်ပါတယ် မမရေ ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။