ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်)

(၂၇.၅.၂၀၁၀)

ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်. . . မြစ်ချောင်းအင်းအိုင်များ ခန်းခြောက်ချိန် ဖြစ်သည်. . သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေဆော်သွေး၍ မုန်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်.. . မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလ ဖြစ်သည်.. ရှေးမြန်မာများကိ ကဆုန်အတွင် မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်. .

ကဆုန်လကို မြန်မာမှုအရ ပြိသာရာသီခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ ၀ိသာခါနက္ခတ်ဖြစ်သည်.. ယှဉ်သော တာရာမှာ တံငါတာရာဖြစ်သည်. . . ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်. . . ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲ တော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်. . . .

ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည့်နေ့ ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ယူစကြသည်. . . . . "ဗျာဒိတ်၊ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်" ဆိုသည်နှင့် အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်. . . .

(၁) ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသည့် နေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။

(၂) မဟာသက္ကရာဇ် ၆၈ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊နံနက်၊ တစ်ချက်တီးအချိန်၊ ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒေဟပြည်အကြား လုဗ္ဗိနီသာမော အင်ကြင်းတောဝယ် . . . သုဒ္ဓေါဓနမင်းကြီး၏ ရှုမငြီးသော ကြင်ယာတော် မယ်တော်မာရာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်. . .

(၃) ဘုရားလောင်းတော်သည်. . သက္ကရာဇ် ၁၀၃ ခုနှစ၊်ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိခဲ့သည်. . .

(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္က၊ ဗုဒ္ဓဟေဆိုသည်နှင့် အညီ ဖွားဖက်တော်ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ (ဗောဓိပင်) သည်လည်း ကဆုန်လပြည့်နေ့တွင် ပင် ပေါက်ရောက်ခဲ့သည်.

(၅) သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅၀ါ ၊ သက်တော် ၈၀ ၌ဘုရားရှင်သည် နယ်မာလာတိုင်း ၊ကုသိနာရုံရှိ အင်ကြင်းတောဝယ် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းဖြစ်သည်. . .
မြတ်စွာဘုရား ဘုရား အဖြစ်သို့ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်း တွင်ပင်ဖြစ်သည်.

မြတ်ဗုဒ္ဓနှင့်ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအဖို့ အလေးအနက် ကြည်ညိုလေးစားဖွယ်ဖြစ်လာသည်. . . ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်ဟု ယူဆရပါသည်. . .

ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပဒေသရာဇ်ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲဖြစ်သည်. . . ဤသို့ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ မြို့ကြီးပြကြီးမှသည်. . . တောလက်ကျေးရွာဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမှုအတွက် ကောင်းမြတ်သော အစဉ်အလာဖြစ်ပါသည်...

ကဆုန်လပြည့် ဗုဒ္ဓနေ့ ပို့စ်ကို ပြန်လည်ဖော်ပြပါသည်.


အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. "ကဆုန်လပြည့် ဗုဒ္ဓနေ့ ပို့စ်ကို ပြန်လည်ဖော်ပြပါသည်" ဆိုပေမဲ့လည်း အားလုံးသိသင့်တဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ ထူးခြားတဲ့ ရက်မြတ်နေ့လေးမို့ အစအဆုံး ပြန်ဖတ်ပြီး မှတ်သားသွားတယ် အမမေ ကျေးဇူးနော်း)

    ReplyDelete
  2. ဟိုနေ့က အီးမေလ်းတစ်စောင်ရတယ်.... မြန်မာပြက္ခဒိန်မှာ ကဆုန်လပြည့်နေ့က မှားနေတယ်တဲ့ ဟုတ်လား.... ၂၇ မဟုတ်ဘူးတဲ့ ၂၈ မှတဲ့... မှန်မမှန်မသိဘူး.... မေးကြည့်တာ... စာကြည့်တိုက်ကို......း))))

    ReplyDelete
  3. လမြတ်ကဆုန် အကြောင်း
    ဖတ်ရှု သာဓုခေါ်ခဲ့ပါတယ်ဗျာ။
    ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။

    ReplyDelete
  4. ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းပိုစ့်လေး လာဖတ်သွားပါ တယ် ညီမရေ။ သာဓု သာဓု သာဓုပါနော်။ ညောင်ရေသွန်းပြီးပြီလား ညီမတို့..

    ReplyDelete
  5. မြန်မာပြက္ခဒိန်တွေကတော့ မှားနေတာကြာပါပြီ ညီညီထွေး ကဆုန်လပြည့်နေ့ မှားမမှားတော့မသိပေမယ့် သင်္ကြန်က ကဆုန်လမှာ ကျကတည်းက မှားနေတာပါ။ သက်ကြီး ၀ါကြီး ပုဂ္ဂိုလ်တွေတောင် တစ်သက်လုံးမကြုံဖူးပါဘူးတဲ့။
    အခုက သင်္ကြန်အကြိုနေ့ကို ၁၃ရက် တသမတ်တည်း သတ်မှတ်ထားတာလည်း ပါမယ်ထင်ပါတယ်။ သိတာလေး ပြောသွားပါတယ်။ သူများဘလော့ ၀င်ပြောမိလို့ခွင့်လွှတ်ပါ ညီမတို့ရေ..။ ညီမတို့ သိတာလေးကိုလည်း ဖတ်ဖို့စောင့်နေ ပါမယ်။
    ချစ်တဲ့ အမ
    အဆင်ပြေပျော်ရွှင်ကြပါစေ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။