ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆောင်းငှက် အိမ်ပြန်ပါတော့မည်



"ဆောင်းငှက် အိမ်ပြန်ပါတော့မည် "

တပေါင်း နွေရက်
ဟောင်းကြွေသက်၍
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။

သွားတူနားတူ၊ စားအတူပင်
ကြည်ဖြူမပျက်၊ မိတ်ဆွေငှက်တို့
နှုတ်ဆက်ပါကြောင်း၊ တေးချို ညောင်းစဉ်
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။

အတူတကွ၊ နားခိုကြခိုက်
ချမ်းမြစေချင်၊ အေးစေချင်၍
ရင်မှ ရွေးထုတ်၊ တေးတစ်ပုဒ်ကို
ကျွန်ုပ်သီကြွေး၊ ဖျော်ဖြေပေးလည်း
မအေးသည့်ခါ၊ အေးသည့်ခါနှင့်
မသာသည့်ခိုက်၊ သာသည့်ခိုက်နှင့်
မကြိုက်ဘိတုံ၊ ကြိုက်ဘိတုံနှင့်
ဆူကြုံသင့်မျှ ၊ မရှိကလျှင်
နားဝမအေး၊ ငှက်ကလေးဟု
ဆဲရေးနှုတ်ခြွေ၊ ပုတ်ခတ်ပေလည်း
"စေတနာသည်သာ ၊ ကံကြမ္မာ" ဟု
စိတ်မှာ လျှော့ဖြေနေတော့မည်။

တပေါင်း ဂိမ္မေ၊ ရော်ရွက်ကြွေသည်
နွေသဘာဝ၊ နွေကာလမို့
ခြွေချရက်စွာ၊ မသက်ညှာဟု
စိတ်မှာ ငြိုငြင်၊ အမြင်တိုလျက်
ပင်အိုသို့လျှင် ၊ ပြစ်မတင်ပါ
ချစ်ခင်မပျက် ၊ သည်တစ်သက်တွင်
တစ်ရက်ခိုဖူး၊ သင့်ကျေးဇူးကို
အထူးဆင်ခြင်နေတော့မည်။

ဝေဟင်မြေပြင်၊ ရေအလျဉ်၌
လေနှင်ရာပြောင်း၊ အတောင်ညောင်းမို့
ဆောင်းငှက်မိခင်၊ မေတ္တာရင်၌
ကြည်လင်ချမ်းမြ၊ တေးဓမ္မကို
အေးမြရွှင်ချို၊ ကောင်းစွာဆိုလျှက်
နားခိုအိပ်စက်ပါဦးမည်။

သြော်. . . တပေါင်းနွေရက်
ဟောင်းကြွေသက်၍
ဆောင်းငှက် အိမ်ပြန်ပါတော့မည်။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...





7 comments:

  1. ကဗျာလေးကို ခံစားသွားပါတယ်
    ခွင့်ပြူမယ်ဆိုရင် ကျနော်မှတ်တမ်းမှာ သိမ်းထားချင်ပါတယ်။

    tgi

    ReplyDelete
  2. မြင်မူမောင်နိုင်မိုးရဲ့ ကဗျာတွေက တကယ်ကောင်းတယ်။ သူ့ကဗျာတွေကို ကြိုက်တယ်

    ReplyDelete
  3. အော်... ဘာလိုလိုနဲ့ ဆောင်းတောင်ကျွတ်ပြန်တော့မှာပါလား။

    ဒီမှာကတော့ အေးလို့ကောင်းဆဲဖြစ်နေတုန်း။

    ကဗျာလေးက လွမ်းဆွေးစရာလေးနော်။

    ပျော်ရွှင်ကြည်နူးနိုင်ပါစေ သယ်ရင်းရေ...

    ReplyDelete
  4. ရသမြောက်လိုက်တဲ့ ကဗျာလေး...
    နဂိုကရှိပြီးသား အလွမ်းအဆွေးဓါတ်ကို ဆွပေးလိုက်သလိုပဲ....ဆိုတဲ့ သီချင်းလေးကိုတောင်
    သတိရမိသွားတယ်.....
    နောင်ကိုလည်း အခုလိုကဗျာကောင်းလေးတွေရှိရင်
    ဝေမျှခံစားပေးပါဦးလို့....း )
    ပျော်ပါစေ
    *.*.*

    ReplyDelete
  5. ကဗျာကောင်းလေး တစ်ပုဒ် ဖတ်ခွင့်ရလို့ ကျေးဇူးပါ အမကဗျာရေ ဆောင်းငှက်ကလေးတောင် အိမ်ပြန်ချိန်ရောက်တော့မယ်ဆိုတော့ ယပ်တောင် ကြိုပြင်ထားရတော့မယ် :P

    ReplyDelete
  6. သြော်.. ဟိုမှာ နွေရောက်ပြန်ပြီကိုး...

းဝ)

    ReplyDelete
  7. ကဗျာလေး ဖတ်လေးကောင်းတယ်ဗျာ ...
    ကျွန်တော်က လေးလုံးစပ်တွေဆို အရမ်းကြိုက်တာ ...
    ဆရာ့ကို လေးစားပါတယ် ..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။