ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မရှိမဖြစ်. . . ရေ

"ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက် "

ကျွန်မတို့ ဧရာဝတီတိုင်း အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှာ ရေဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အခက်ခဲတွေ များစွာဖြစ်နေပါတယ်. . . "ရေအသက်တစ်မနက် ထမင်းအသက် ခုနှစ်ရက် " ဆိုသလိုပဲ ထမင်းမစားပဲ
၇ ရက်နေနိုင်ပေမယ့် ရေမသောက်ပဲ တစ်မနက်တောင် ကျွန်မတို့ မနေနိုင်ပါဘူး . . . ဒီနှစ်နွေရာသီက ခါတိုင်းနှစ်တွေထက် ပိုပူပြင်းပါတယ်. . . ဒါကြောင့် ပုံမှန်ရေရရှိနေတဲ့ နေရာတွေမှာတောင် ရေရှားပါးမှု ပြဿနာများစွာ ပေါ်ပေါက်ခဲ့ပါတယ်. . .။ ရေရှားပါးမှုကြောင့် လူတွေရဲ့အသက်ပေါင်းများစွာကို ထိခိုက်ဆုံးရှုံးနစ်နာစေနိုင်သလို… ရောဂါပေါင်းများစွာကိုလည်း ကူးစက်ပြန့်နှံ့စေနိုင်ပါတယ်။

သင်ရော ရေလှူပြီးပြီလား????

သုမင်္ဂလဖောင်ဒေးရှင်းမှ ရေလှူဒါန်းခြင်းကို ဧရာဝတီတိုင်း၊အလယ်ကျွန်းဒေသသို့ ရှပ်ပြေးသင်္ဘောကြီးဖြင့် ရေဂါလံတစ်သိန်းကျော်တင်ဆောင်ပြီး ပုသိမ်မြို့မှ(၁၄-၅-၂၀၁၀)တွင် စတင်ထွက်ခွာ၍ တူးမြောင်းရွာ ၊ အထက်ပြွန်ရွာ ၊မကျဉ်းပင်ရွာ ၊သုံးခွရွာ ၊အုန်းပင်စုရွာ ၊ တံခွန်တိုင်ရွာ ၊ကျောက်တခါးရွာ ၊ ကြာကန်ရွာ ၊အောက်ပြွန်ဝရွာ၊ ဇီးဖြူဆိပ်ရွာ ၊ အင်္ဂတေရွာတို့ကိုသောက်သုံးရေများဝေငှပေးခဲ့ပြီးဖြစ်ပါတယ်။

(၁၇-၅-၂၀၁၀)နေ့တွင်လည်း ထိုရွာများသို့ ဒုတိယအကြိမ် ထပ်မံသွားရောက်၍ဝေငှခဲ့ကြပြီး (၂၁-၅-၂၀၁၀)နေ့ တတိယအကြိမ် မြောက်တွင်- ကျုံကူးရွာ ၊ ရဲခေါင်ကြီးရွာ ၊ ကန့်ဘလာရွာ ၊ ဘုရားတောင် -တောင်ရွာ ၊ ဘုရားတောင်-မြောက်ရွာ ၊ ရေကျော်ရွာ ၊ တူးမြောင်းရွာ ၊ ကျောက်ငူရွာ ၊ ချောင်းဝရွာ စသည့်ရွာများသို့ ရေဂါလံတစ်သိန်းကျော်ဆန့် ရှပ်ပြေးဖြင့် သွား၍ ရေလှူဒါန်းခြင်းလုပ်ငန်းများ ဆက်၍လှူဒါန်းလျက်ရှိပါသည်။ တတိယအကြိမ် ရေပေးဝေခြင်းကို မေ၁၆ နဲ့ ပန်းကဗျာတို့ လည်း ရေအလှူအတွက် တပ်အားသ၍ လူအား လုပ်အားဖြင့်ကူညီရန်၊ကုသိုလ်ဒါနအတွက် သာဓုခေါ်ဆို ပီတိဲဖြာဖို့ရန် လိုက်ပါလာခဲ့ပါတယ်. . .



ပုသိမ်မြို့တွင်းမှ အကောင်းဆုံးသောက်ရေတွင်းများမှ ရေများကို သန့်စင်ပြီး သင်္ဘော ၀မ်းဗိုက်အတွင်းထည့်၍၄င်း၊ ရေဗုံးများ အပြည့်ဖြည့်ပြီး စုစုပေါင်း ရေဂါလံ ၁ သိန်းဖြင့် ပုသိမ်မြို့မှ ၂၁.၅.၂၀၁၀ မနက် (၁၁) နာရီ တွင် စတင်ထွက်ခွာခဲ့ပါတယ်.. . . လမ်းတစ်လျှောက်တွင် သဘောင်္ပေါ်မှ င၀န်မြစ်ကို ကြည့်ရင်း လိုက်ပါလာခဲ့ရာ တဖြေးဖြေးနဲ့ ငပုတောမြို့နယ်ကို အကျော်မှာ မြစ်ဝပင်လယ်နားကပ်လာ ချိန်မှာ တော့ ကျွန်မတို့ ကမ်းကျယ်လှတဲ့ ပင်လယ်ကြီးကို ကြည့်ပြီး ကြက်သီးတောင် ထမိပါတယ်. . . မိုးလေ၀သ အခြေအနေက လည်း မိုးလေး က တအုံ့အုံ့နဲ့ နေလည်းသိပ်မပူပဲ . . . တော်တော်လေးကို အဆင်ပြေပါတယ်. .. လမ်းတစ်လျှောက် မှာလည်း ဆရာတော် ဦးသုမင်္ဂလ တရားတော်ခွေများ ဖွင့်ပြီး ဆရာတော်ရဲ့ သြ၀ါဒများကို နာယူရင်း ခရီးနှင် လိုက်ပါလာခဲ့ပါတယ်. . .


ဘုရားတောင်ကျေးရွာ

ရွေစင်ကြယ် (၂) သင်္ဘော မိသားစု နဲ့ မြင့်မြတ်အလင်း အဖွဲမှ နေ့လည်စာကို ကြက်သားဟင်း ၊ ကန်ဇွန်းရွက်ကြော်၊ ငါးပိချက်၊ တို့စရာတို့ ဖြင့်ကျွေးမွေးခဲ့ပါတယ်။နေ့ခင်း ၁ နာရီခွဲမှာတော့ ထမင်း စားပြီး ချိန်မှာ မိုးက အနည်းကရွာလာပါတယ် ၁၅ မိနစ်ခန့် ရွာပြီး မိုးကလည်းတိတ်သွားပါတယ်. . .ပထမဆုံး ရေပေးဝေမယ့်မြို့နယ်ကတော့ ငပုတောမြို့နယ် ဘုရားတောင်ကျေးရွာ ကို ညနေ ၃း၁၅ နာရီမှာရောက်ပြီး ရေများ ပေးဝေလှူဒါန်းခဲ့ပါတယ်. . .ဘုရားတောင်ကျေးရွာက အိမ်ခြေ ၂၀၀ ခန့်ရှိပါတယ်. . .

ရေပေးဝေလှူဒါန်းမှုအတွက် တက်ကြွစွာ ၊ စေတနာ ၊ သဒ္ဓါအားကောင်းစွာ ဆောင်ရွက်နေသော မြင့်မြတ်အလင်း သာသနာ့ အကျိုးဆောင် အဖွဲ့နှင့် ရွှေစင်ကြယ်မိသားစုတို့ရဲ့ မှတ်တမ်းဓာတ်ပုံများ...။

ဘုရားတောင်ကျေးရွာ သောက်သုံးရေ ပေးဝေနေပုံ

ကျွန်မနှင့် မပန်းကဗျာကတော့ ကင်မရာလေး တစ်လုံး ကိုင်ပြီး သောက်သုံးရေ ကို အားကိုးတကြီးလာရောက် အလှူခံကြတဲ့ ကျေးရွာနေ လူထုကို အတွေ့အကြုံများမေးမြန်းရင်း....မှတ်တမ်း ဓာတ်ပုံများကို ရိုက်ယူဖြစ်ခဲ့ပါတယ်။ရေမကူးတတ်ပဲ ပင်လယ်ပြင်ခရီးကို လိုက်ပါခဲ့တဲ့ ကျွန်မတို့၂ယောက်ဟာ ရေပေးဝေခြင်းကို ကူညီဖို့နေနေသာသာ အကျိုးဆောင်အဖွဲ့ကတောင် ကျွန်မတို့ နှစ်ယောက်ကို. . . . ပြန်လည်စောင့်ရှောက်နေရပါတယ်. . . . အကျိုးဆောင် အဖွဲ့က အမတို့ရှေ့ရွာတွေ ရောက်ရင် ရေ(၁၀) ဂါလံ တစ်ပုံးဆီသယ်ရမယ်လို့ နောက်ပါတယ်. . . . .ကျွန်မတို့ကလည်း ရပါတယ် ဒီပုံးလောက် ကအေးဆေး ရေတိုင်ကီ အပြည့်နဲ့ သယ်ပေးမယ်လို့ ပြန်နောက်ဖြစ်ခဲ့ပါတယ်. . .ညနေ ၄:၃၀နာရီ မှာတော့ ရှေ့ဆက်ရေဝေပေးရမယ့် မြို့တွေကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။

ရဲခေါင်ကြီးကျေးရွာ နှင့် အနီးအနားကျေးရွာများကို သောက်ရေများ ဝေငှနေပုံ

ညနေ ၅.၄၅ နာရီမှာ လပွတ္တာမြို့နယ် ရဲခေါင်ကြီး အုပ်စု သို့ရောက်ရှိခဲ့ပါတယ် ။ရဲခေါင်ကြီးရွာကတော့ အိမ်ခြေ ၂၃၅ အိမ် ၊ လူဦးရေ နှစ်ထောင်ကျော်ခန့်ရှိပါတယ် . . . . ဒီရွာလေးမှာတော့ ကျွန်မတို့အဖွဲ့ရဲ့ ရေပေး ဝေမှုအပြင် World vision အဖွဲ့ရဲ့ ရေဖြန့်ဝေပေးမှုကိုလည်းရတယ်လို့သိရပါတယ်။ ဘာကြောင့် ရေအခက်အခဲရှိရသလည်း...ဆိုတာ မေးမြန်းကြည့်တဲ့အခါ နှစ်စဉ်ရွာက မိုးရေကန်ကြီးများကို သောက်သုံးရေအတွက်အမှီပြုပြီး နေထိုင်ကြတယ်။အရင်နှစ်တွေမှာလည်း ဒီလိုရေအခက်အခဲမရှိခဲ့ပါဘူး မျှတသုံးခြင်းလောက်သာ ကြုံခဲ့ရပြီး၊ ဒီနှစ်တွင် မတော့ ပူးပြင်တဲ့နေကြောင့် ရေကန်များ ခမ်းခြောက်သွားခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။ လပွတ္တာမြို့ နယ်အတွင်းရှိ ကျေးရွာများ၊ ပင် လယ်ကမ်းစပ်နှင့်နီးသော ကျေးရွာ များတွင် သောက်သုံးရေကန်များ၌ ရေမရှိသလောက် နည်းပါးသည့် အတွက် နီးစပ်ရာရွာများတွင် သွား ရောက်ခပ်ယူသုံးစွဲနေကြရသည်ဟု ဒေသခံများကဆိုသည်။

အဲဒီနောက် ည ၇.၁၅ နာရီမှာ ရဲခေါင်ကြီး(တောင်) ကျေးရွာကို ထွက်ခွာခဲ့ရာ ည ၈ နာရီမှာ ရောက်ရှိပါတယ် အဲဒီ က အိမ်ခြေနဲ့ လူဦးရေ ပိုများတဲ့ အတွက် ရေပေးဝေချိန်တော်တော် ကြာပါတယ်. . .သဘောင်္ကိုလည်း လှိုင်းရှိတဲ့ အတွက် ရွာမှာပဲ ညအိပ်ရပ်နားခဲ့ပါတယ်. . . . .

ရဲခေါင်ကြီး(တောင်) ကျေးရွာ

သဘောင်္ရောက်ရှိချိန်မှာ ရေပေးဝေလှူဒါန်း မှာကို မျှော်လင့်စောင့်စားနေကြတဲ့ ကျေးရွာပြည်သူတွေရဲ့ အားကိုးတကြီး စောင့်စားနေပုံတွေဟာ မျက်စိထဲက မထွက်ပါဘူး။ဒုက္ခရောက်နေသူများကို ကယ်တင်ဖို့အတွက် လူသားတိုင်းမှာ ကိုယ်ချင်းစာတရားရှိဖို့လိုပါတယ်။ သံသရာမှာ မတော်စပ်ဘူးသော ဆွေမျိုးမရှိပါဘူး။မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များအရ - လူ့ဘ၀ဟာ အလွန်ရခဲသည့် အဖြစ်တစ်ခု ဖြစ်ပြီး၊ သံသရာတွင် အဆွေအမျိုး မတော်စပ်ခဲ့ ဖူးသူ မရှိကြောင်း၊ အားလုံးသည် အဆွေအမျိုးများ ဖြစ်ကြောင်း၊ နာကြားမှတ်သား သိရှိကြပြီး ဖြစ်ကြမှာပါ။ သို့အတွက်ကြောင့် (သံသရာ အစဉ်အဆက်မှ) အဆွေအမျိုးများကို အတတ်နိုင်ဆုံး တတ်စွမ်းသလောက် ကူညီစောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းရေးသားအပ်ပါတယ်။

(ဒုတိယပိုင်း ဆက်လက်ရေးသားဖော်ပြပါမည်)


အားလုံးကိုချစ်ခင်လေးစားလျှက်...



7 comments:

  1. သာဓု သာဓု သာဓုပါ ပန်းကဗျာနှင့်မေတို့ရေ...
    ကောင်းမွန်မြင့်မြတ်တဲ့အလုပ်မှာ ပါဝင်ကူညီတာဟာ အမွန်မြတ်ဆုံးအလုပ်တစ်ခုပါဘဲ။

    ReplyDelete
  2. သာဓု အကြိမ်ကြိမ်ခေါ်သွားပါတယ်..။
    အားရစရာကြီးပါပဲရှင်..လှူချင်လိုက်တာ..

    ReplyDelete
  3. ရဲနိုင်ဝင်းMay 23, 2010 at 5:09 PM

    ရဲခေါင်ကြီးရွာကတော့ ၂နှစ်တစ်ခါ ၃နှစ်တစ်ဆိုသလို ဖြစ်နေကျပါ ရေရှားရင် ကျတော်တို့ သဲကုန်းကြီးရွာမှာ လာခပ်နေကျပါ ရွာမှာကဘယ်တော့မှရေမရှားဘူးလေ ရဲခေါင်ကြီးကနေ ချောင်းရိုးအတိုင်းတက်သွာရင် စက်လှေဆိုတစ်နာရီ မောင်းရပါတယ် ဒီလိုမျိုးလာလှူ တာ ကျတော်အသက် ၂၂နှစ်အတွင်းပထမဆုံးပဲ သာဓု...သာဓု...သာဓု အမရေငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နယ်ခွဲပါ လပွတ္တာမြို့နယ်မဟုတ်ပါ အားပေးနေမယ့် ရဲနိုင်ဝင်း
    yenaingwin129@gmail.com
    ခေတ္တ မလေးရှား

    ReplyDelete
  4. အားကျစွာ နဲ့ သာဓု ၃ - ကြိမ် ခေါ်လိုက်ပါတယ်ဗျာ..။

    ReplyDelete
  5. ရေအလှူအတွက် သာဓု အကြိမ်ကြိမ်ခေါ်ဆိုမိပါတယ်။ ရေလိုနေသောသူများကို ရေလှူခဲ့တဲံ့အကျိုးကြောင့် ညီမတို့လည်း လိုအပ်တဲ့အရာမှန်သမျှပြည့်ဝကြပါစေ။

    ReplyDelete
  6. ကိုရဲနိုင်ဝင်းရေ အရင် က ဟိုင်းကြီးမြို့နယ်ခွဲမှန်ပေမယ့် ခု က လပွတ္တာခရိုင်ကို နာဂစ်ပြီးကတည်း က ခရိုင်တွေ ထပ်ခွဲလိုက်လို့ပါ ဓာတ်ပုံမှာလည်းပါပါတယ်ရှင်

    ReplyDelete
  7. တောင်းပန်ပါတယ် အမရေ ကျတော်ကနာဂစ်ပြီး တစ်လကျော် ကတည်းကမလေးရှာရောက်တာ ဆိုတော့ပြောင်းတာ မသိလိုက်လို့ပါ နာဂစ်ပြီးစက မပြောင်းသေးတော့ အရင်အတိုင်းပဲ မှတ်လို့ပြောမိတာပါ
    ရဲနိုင်ဝင်း
    yenaingwin129@gmail.com

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။