ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြန်မာထမင်းဝိုင်း

မနက်စောစော ...
သမီးရေထတော့ အာရုံဆွမ်း ကပ်မယ်ဆို ဆွမ်းချက်ရအောင် တဲ့...မေမေရဲ့သတိပေးနိုးသံလေးကြာတော့မှ ကမန်းကတန်းထ ၊ မျက်နှာသစ်သွားတိုက် ကိုယ်လက်သုတ်သင်ပြီး ဆွမ်းချက်ရန်ပြင်ဆင်၍ မြတ်စွာဘုရားအား အာရုံဆွမ်းကပ်ဖြစ်ခဲ့ပါတယ်။ မနက်အာရုံမတက်ခင် ကျေးငှက်လေးများ အသံနှင့် အေးမြတဲ့ မနက်ခင်းသစ်နဲ့အတူ ဘုရားအား ပူဇော်ဆက်ကပ်ရသော အာရုံပီတီမှာ အတိုင်းမသိ ကြည့်နှုးရပါတယ်။

ဘုရားရှိခိုးပုတီးစိပ်အပြီးမှာ...မေမေက သမီးဒီနေ့ ဘာဟင်းစားမလဲ ဈေးသွားတော့မယ်....။ ဟင်းစားတွေ စဉ်းစားရတာ လဲ ခေါင်းခြောက်တယ်လို့ပြောပါတယ်။ အင်း....မေရေ...ညကတည်းက စားချင်တာ တစ်မျိုးတော့ရှိတယ်။ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်းလေး စားချင်တယ်။ ကျန်တာတော့ မေ ပါသာ အဆင်ပြေတာ ၀ယ်ခဲ့ ပါလို့ပြောလိုက်တယ်။ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်းလေး စားချင်စိတ်နှင့်အတူ သတိရ သွားတာကတော့ ကျမ ပထမနှစ် မြန်မာစာ ဘာသာရပ်တွင်သင်ကြားခဲ့ရသော မြန်မာထမင်းဝိုင်းကဗျာလေးများ ဖြစ်ပါတယ်။

ဦးဆောင်းရေးတဲ့ ချဉ်ပေါင်ညို....

ဖျဉ်းနားတိုတွင် ၊ ချဉ်ပေါင်ညို ပေါ်စဖူးရယ်နဲ့၊ ငါးလူးရယ်မျှင်မျှင် ၊ကြေးမသင် ရေလုံပြုတ်ပါလို့၊ အင်ကုတ် ကယ်ကျယ်ကျယ်နှင့်..... ဆိုတဲ့ ကဗျာလေးမှာ ကဗျာစာဆို ဦးဆောင်းက ချဉ်ပေါင်ညို နဲ့ ငါးသေးသေးလေးတွေ ရောချက်ထားတဲ့ ချဉ်ပေါင်ညိုဟင်း ကို ရေးဖွဲ့ထားပါတယ်။ ဘယ်လောက်စားကောင်းလိုက်မလဲနော်။

နောက်...သာဝတ္တိဦးကြီး ရဲ့ မောင်ကြီးတို့ပျော်စံရာ...
ဟင်းချဉ်ပေါင်ဘက်၊ ပြုတ်ဘူးရွက် နှင့် ပိချက်ရေ ရပြီးလျှင်၊ ဆန်ထမင်း ရဲကျော်ကို ၊ ၀န်ကတော်ပုံလောက်ပြေးအောင်၊ ကျွေးပါမယ့်လေး...တဲ့ ကဲကြည့်ပါဦး ချည်ပေါင်ဟင်း ၊ ငါးပိ နဲ့ ဘူးရွက်ပြုတ် ဟင်းစပ်တည့် တယ်နော်။

နောက်ရှိသေးတယ် ပျော်ပုံကသစ်သနဲ့
ကိုက်ညွန့်ငယ်ဖူးစီ ချဉ်ပေါင်နီကို ၊ ရာသီဓလေ့ ၊ ပုဇွန်လုံး ခွံဖုံးထေ့လို့ ၊တော့ဓလေ့ ငယ်တဆင်၊ လယ်ကြွက်ကင် နှင့် တို့ဖရုံ အချိုချက် ဟင်းဘက်စုံလှတဲ့။
ပုဇွန်လုံးနဲ့ချက်ထားတဲ့ ချဉ်ပေါင်နီဟင်းရယ်...လယ်ကြွက်ကင်ရယ်။သူတို့ ယာထဲကထွက်တဲ့ ဖရုံသီး အချိုချက်ရယ် စားရတဲ့ သူဘယ်လောက် ခံတွင်းတွေ့ပြီး လျှာလည်လိုက်မလဲနော်။

မြန်မာလူမျိုး များ... မြန်မာ အစားအစာကို ခုံမင်စွဲလမ်းတတ်တာ.... စာဆိုတွေရဲ့ ကဗျာ မှာ အထင်းသားမြင်တွေ့ ရပါတယ်။ အခုနေများ ကဗျာစာဆို ဦးကြီးနဲ့ ဦးဆောင်း တို့ရှိနေခဲ့လျှင် ဟမ်ဘာဂါ နှင့် မြန်အစားအစာ ဘယ်ဟာပိုပြီး မြိန်လဲ လို့ ကျွေးလဲကျွေးရင်း မေးလိုက်ချင်မိပါတော့တယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

8 comments:

  1. မြန်မာထမင်း စစ်စစ်စားချင်ရင် ဓနုဖြူ ဒေါ်စောရီဆိုင် ပဲ ညွှန်းကြတာ သွားစားနေကျ ဖြစ်ပေမယ့် ဟင်းတွေက ဆီတွေသိပ်များလွန်းတယ်။ တစ်ခါကနေ နှစ်ခါဆို အဲဒီဆီပြန်ဟင်းတွေကို မစားချင်တော့ဘူး။ ပြောင်းပြန်အနေနဲ့ ဘူဖေးထမင်းဆိုင်တွေကျတော့ ဆီနည်းနည်း နဲ့ အဖြူထည်တွေ ချက်တာများတယ်။ အသီးအနှံတွေကိုလည်း အကျက်လွန်အောင် ချက်မထားတာကြောင့် မရသာရှိလှတယ်။
    (မေ၁၆) ညွှန်းတဲ့ မြန်မာထမင်းဝိုင်း စစ်စစ်ဆိုတာကို စားကြည့်ချင် ပါသေးတယ်။

    ReplyDelete
  2. နေပြည်တော်မှာ ချဉ်ပေါင်ပေါတယ်ရှင့်
    လခါးပေးမယ်။
    ကဗျာစာဆို ဦးကြီးနဲ့ ဦးဆောင်း တို့ရှိနေခဲ့လျှင်
    ဒိုးနပ်ပိုကြိုက်မယ်ထင်တယ်နော် ။

    ReplyDelete
  3. မေ၁၆ ရေ
    မေးမှမေးတတ်ပလေတယ်။ ကဗျာစာဆို ဦးကြီးနဲ့ ဦးဆောင်း တို့တော့ မသိဘူး
    တို့တော့ မြန်မာ အစားအစာ ပိုကြိုက်ပါတယ်။

    ဒီကမြန်မာဆိုင်တွေချက်တာကလည်း ကပြားစာတွေ ။

    ReplyDelete
  4. သြော် ဘ၀ဘ၀...။ သူ ပြောတဲ့ ထမင်း ၀ိုင်း မျိုး မကြုံ ရတာ ကြာပေါ့..။လက် တစ်ဖက်တောင် မကတော့ဘူးထင်ပ့ါ...။

    စားချင်လိုက်တာဗျာ..။ မြန်မာထမင်း ၀ိုင်းစစ်လေး

    ReplyDelete
  5. ပို့လေးဖတ်ပြီး ငယ်စဉ်ကလေးဘဝ အမေချက်ကျွေးတဲ့ ထမင်း ဟင်းတွေကို လွမ်းဆွတ် မိတယ်ဗျာ။ ကျေးတောရွာတွေက မြန်မာထမင်းဝိုင်းတွေဟာ အားပါးတရရှိပြီး အသက်ဝင်လှတာတော့ အမှန်ပဲဗျ။ ဟန်ဆောင်မှု ရှိဝူးးလေ။ အလုပ် ပင်ပန်းခြင်း၊ အားအင်စိုက်ထုတ် ရခြင်းတွေကြောင့် ထမင်းစားရာမှာလဲ အားပါးတရ စားသုံးကြတယ်။ အလုပ်လဲ များများလုပ်နိုင်တယ်။ ထမင်း၊ဟင်းလဲ များများစားတယ် ပြောရမှာပဲ။ ပြောရင်းနဲ့ ဆာလာလို့ ဒီလောက်ပဲဗျာ။

    ReplyDelete
  6. 786 မဟုတ်ပါဘူး (မေ၁၆)ရယ်
    မြန်မာဆန်ဆန် ချက်ထားတဲ့
    မြန်မာထမင်းဝိုင်း စစ်စစ်ကို မစားဖူးတာကို ပြောတာပါ
    အိမ်မှာက ရှမ်းစာနဲ့၊ တရုတ်စာပဲ ချက်စားတာများတယ်
    မြန်မာစာစားချင်မှ အပြင်ထွက်စားတယ်လေ
    ဒါပေမယ့် အပေါ်ကပြောခဲ့သလို အဆင်မပြေတာကို ပြောတာပါ။

    ဆင်ဆင်ပြေပါစေ

    ReplyDelete
  7. မျက်စိထဲ မြင်ယောင်မိပါတယ် ..
    စားချင်စဖွယ်လေးတွေကို။

    ReplyDelete
  8. မြန်မာထမင်းဝိုင်းလေးက မိသားစု စုစုစည်စည်းစားတတ်ရင် ပျော်စရာ ကြည်နှူးစရာကောင်းပါတယ်။
    ဗိုက်တောင်ဆာလာပြီ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။