ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မေးခွန်းနှစ်ခု



မိမိကိုယ်ကို အခွင့်အခါသင့်တိုင်း မေးနေသင့်သော မေးခွန်းနှစ်ခုရှိ၏ . . . ထိုမေးခွန်းနှစ်ခုမှာ "ငါ တစ်စုံတစ်ယောက်ထံမှ ဘာရခဲ့ဖူးသလဲ"ဟူသော မေးခွန်းနှင့် "ငါ ထိုသူအား ဘာကိုပြန်ပြီးပေးဆပ်ဖူးသလဲ " ဆိုသည့် မေးခွန်းများပင်ဖြစ်၏. . လူသားတိုင်းသည် အထီးတည်းနေနိုင်သော သတ္တ၀ါမဟုတ်သဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ရာအပေါ် မှီခိုအားထားနေကြရ၏ . . . .

ထို့ကြောင့် လူတိုင်းသည် တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ရာထံမှ အကူအညီတစ်မျိုးမျိုး ယူခဲ့ ရခဲ့ကြသည်ချည်းဖြစ်ကြ၏. . . . သို့သော် ထိုရခဲ့သော အရာအတွက် ပြန်လည်ပေးဆက်ခဲ့သူ၏ အဖြစ်ကား လူတိုင်းတွင် ဖြစ်နိုင်ရန် ခဲယဉ်းလှ၏. . . လူများစွာတို့သည် " ရယူ "သူများသာဖြစ်ကြ၍ "ပေးဆပ်" သူအဖြစ်ကိုမူ လူတိုင်းမရကြချေ။

ကျေးဇူးခံ၊ ကျေးဇူးစားသဘောနှင့် စပ်လျဉ်း၍ ပြောကြသောအခါ လူအများစုသည် မိဘကျေးဇူး၊ ဆရာ့ကျေးဇူး လောက်ကိုသာ သတိရလေ့ရှိကြပြီး ကျေးဇူးရှိသော ၊ ကျေးဇူးတင်ထိုက်သော အခြားပုဂ္ဂိုလ်များကို မေ့လျော့နေကြ၏. . ရုပ်သဏ္ဍာန် ထင်ရှားရှိ၍ အသက်ရှိနေသူတို့ကိုသာ သတိရကြ၍ ရုပ်သဏ္ဍာန် မထင်ရှား၊ သက်မဲ့ပစ္စည်းများကိုမူ မေ့နေကြ၏. . .

မိမိအိမ်ကထွက်တိုင်း လျှောက်နေရသော ၊ မိမိအရေးတစ်စုံတစ်ရာ ရှိတိုင်း သွားလာလှုပ်ရှားနေရသော မိမိအိမ်ရှေ့လမ်းသည် မိမိ၏ ကျေးဇူးရှင်ဖြစ်ကြောင်းကို တွေးခေါ်စဉ်းစားမိသူ နည်းမည်ထင်ပါ၏. . . တွေးခေါ်စဉ်းစားမိသည့်တိုင် ထိုလမ်းကလေးအပေါ် မိမိဘာပြန်ပေးရမလဲဆိုသည့် အတွေးကို စဉ်းစားမိသူ ဘယ်နှစ်ယောက်မှ ရှိမည် မထင်မိပါ. . (မိမိအပါအ၀င်) စင်စစ်မူ ထိုလမ်းကလေးသည် မိမိသွားရေးလာရေး လွယ်ကူချောမွေ့အောင် ကူညီပေး၏. . . အချိန်အတွင်း ရောက်နိုင်ပြန်နိုင်အောင် အခြေအနေ အခါအခွင့်ကိုပေး၏. . .

ထိုလမ်းကလေးဆီမှ မိမိသည် . . ခုလုတ်ကန်သင်း ဆူးငြောင့်တစ်စုံတစ်ာ မထိ၊ မငြိဘဲ လွယ်ကူချောမွေ့စွာ လျှောက်လှမ်းနိုင်ခဲ့သော အကျိုးကိုရခဲ့၏. . . သွားလိုရာဆီသို့ စိတ်နှလုံးချမ်းသာစွာ ရောက်နိုင်ခဲ့သော အကျိုးကို ရခဲ့၏. . . သို့ပါလျှင် မိမိအကျိုးတစ်စုံတစ်ရာအတွက် ရယူနိုင်ခဲ့သော ထိုလမ်းကလေးအား သင်သည် ဘာကိုများ ပြန်ပေးနိုင်ခဲ့ပါသနည်း. . . မြက်တစ်ပင်၊ ချုံတစ်ပုတ်ကို နှုတ်ယူရှင်းလင်းပေးခဲ့ဖူးပါသလား. . . ကျောက်ခဲတစ်ခြင်း တစ်တောင်း ဖို့ပေးခဲ့ဖူးပါသလား. . လမ်းဘေးတစ်ဖက်တစ်ချက်တွင် ရှိသည့် ရေမြောင်းကလေးများကို ရေစီးရေလာ ကောင်းအောင် ပေါက်တူးပြားလေးနှင့် ဘယ်နှစ်ချက်လောက် ပေါက်ဆွ တူးဖော်ပေးခဲ့ဖူးပါသလဲ. . .

ကျေးဇူးဟူသောသဘောသည် နက်ရှိုင်းသိမ်မွေ့လှ၏. . . သူ့ကျေးဇူး မိမိအပေးတင်ရှိနေကြောင်းကို တစ်ချက်ကလေးမျှ ပြန်ပြောင်းသတိရ၊ အောက်မေ့ခွင့်ရခြင်းသည်. . . ဖြစ်ခဲရခဲလှ၏. . . တစ်ဖန် သူ့ကျေးဇူးကို ပြန်၍ တုံ့ပြန်ပေးဆပ်ခွင့်ရခြင်း၊ ပေးဆပ်နိုင်ခြင်းသည် အဆတစ်ရာ ၊ အဆတစ်ထောင်မျှ ခက်ခဲလှ၏ ဟု ပညာရှိ အဆက်ဆက်က ဆိုခဲ့ကြခြင်း ဖြစ်၏. . . ကျေးဇူးမသိတတ်သူ ၊ သူ့ကျေးဇူးသဘောကို နားမလည်သူတို့၏. . ဘ၀ကျဆုံးမှုနှင့် တန်ဖိုးမဲ့မှုတို့ကို ပြလိုသဖြင့် "ကျဉ်းမြောင်၍ မစင်အတိပြီးသော နေရာ၌ နေရခြင်းသည် ဆင်းရဲ၏. . . ထို့ထက် မချစ်မနှစ်သက်သောသူနှင့် နေရခြင်းသည် ပို၍ ဆင်းရဲ၏. . . . ထို့ထက် သူ့ကျေးဇူးကို မသိတတ်သူနှင့် နေရခြင်းသည် ပို၍ ဆင်းရဲ၏ " ဟု လောကနီတိတွင် မိန့်ဆိုထားကြ၏. .

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ကိုကိုမောင်(ပန်းရနံ့)April 30, 2011 at 4:49 PM

    ဟုတ်တယ်။ အဲဒီ မေးခွန်းကို နေ့တိုင်း ကိုယ့်ကိုကိုယ် မေးသင့်တယ်။ အားလုံးက အဲဒါတွေကို မေ့ထားကြတာလေ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)May 1, 2011 at 8:35 AM

    ကျေးဇူးဆိုတာ လက်ခံရတဲ့အခါ ချိုမြိန်သလောက် ပြန်ဆပ်ဖို့ကျတော့ မေ့လို့ကောင်းနေကြတယ်နော်
    ကျေးဇူးမမေ့ဖို့ တကယ်ကို ကြိုးစားရပါဦးမယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။