အလွမ်းနှင့် ပြုံးပန်းဆက်ရသူ
လွမ်းရသည်များ၊ မိုးဝကြားမှ
မနားမရပ်၊ ပဲ့တင်ထပ်ပြီ
ရင်သပ်ရှုမော၊ သာသည့်တောလဲ
ဇောပည်းပိုဟန်၊ သစ်ရွက်လှန်၍
ပြောပြန်တိုးတိတ်၊ ကိုင်းယှက်ကြိတ်ခဲ့
မဆိတ်နိုင်တော့၊ မာန်မလျှော့ကြ
ဝိုက်လျော့ချမြေ။ ဆံပင်ခွေရင်း
မနေတတ်သူ ၊သည်းမှာ ပူရ
လွင့်လူ လျှောက်ပြေး၊ မဆုံးသေးမီ
ပိုက်ထွေးပွေ့ဖက်၊ ငိုရတက်ဖြင့်
အသက်မျှတူ၊ ချစ်ခြင်းဆူတည့်။
ဖြူဖြူငွေစင်၊ ပုံအသွင်သို့
နုန်းသျှင်ကလျာ၊ တစ်ကွေ့မှာလျှင်
စုံလာတွေ့ပေါင်း၊ တဖြစ်ပြောင်းခဲ့
ခေတ်ဟောင်းအိပ်မက်၊ သည်မှာ ပျက်၏
စိတ်လက်ဝမ်းသာ၊ ဖြစ်ခဲ့ပါလည်း
ကိုယ့်မှာ ပုထုဇဉ်၊ သတိယှဉ်ရ
အစဉ်ထာဝရ၊ ဟူသမျှသည်
လောကအလည်၊မြဲမတည်ကြ
မျက်ရည်တစ်လှည့်၊ ပြုံးတစ်လှည့်ဖြင့်
နှိုင်းရှည့်ရရင်း၊ ရှေ့သို့ ချဉ်းခဲ့။
သီတင်းဆောက်တည်၊ ရှင်သန်စည်ရ
ခိုင်ကျည်သိက္ခာ ၊ရှိရမှာပင်
ဓမ္မာမြဲစွ၊ နိုင်နင်းမှလျှင်
သောကလျှံမီး၊ ထိန်ထိန်ငြီးတိုင်
တန့်ဆီးထိမ်းချုပ်၊ ဇာတ်ကြောင်းမြုပ်လိမ့်
အထုပ္ပတ္တိ၊ သိကြဘိတိုင်
မသိစကား၊ မရှိနားသို့
ဖယ်ရှားရှောင်လွှဲ၊ ကြဉ်၍ဖဲရ
ညိုမွဲမွဲမှိုင်း၊ သံအိုင်းအိုင်းနှင့်
အရိုင်းဆန်ပုံ၊ သံသရာစုန်ရင်း
မလုံမလဲ၊ လိပ်ပြာဝဲရဲ့
လွမ်းပွဲပုံယင်၊ သံဝေထင်မိ
သည်တွင် ပြုံးပွင့်၊ မရဲချင့်နှင့်
အရှင့်အတွက် ဆက်ခဲ့ပြန်သည်ကော။
ထီလာစစ်သူ
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
နတ်ရှင်နောင် ရဲ့ ရတုတွေကိုတောင်
ReplyDeleteသတိရလာပြီ
ကဗျာလေးက ဖတ်လို့ကောင်းတယ်..
ဆရာကြီးရဲ့ ကဗျာတွေကို နှစ်သက်မိတယ်
ပြန်လည်ဖော်ပြပေးတာ ကျေးဇူး
ဖတ်ရတာအနှစ်တွေပါပဲ..။
ReplyDeleteကောင်းလိုက်တဲ့ စာသားတွေ..။
နှစ်သစ်မှာပျော်ရွှင်ပါစေ..။