ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
ခေါင်းဆောင်ကောင်းတစ်ယောက်
တပည့်ကောင်း မဖြစ်ခဲ့တဲ့သူဟာ
ဆရာကောင်းလဲ မဖြစ်နိုင်ပါဘူး။
ခေါင်းဆောင်ကောင်း ဆိုတာ
မိမိဦးဆောင် အောင်မြင်သော ကိစ္စတိုင်းကို
မိမိရဲ့ လက်အောက် က လူတို့၏
စွမ်းဆောင်နိုင်မှုအဖြစ်
အသိအမှတ်ပြုတတ်တယ်။
မိမိလက်အောက်ငယ်သားကို
ချီးကျူး ဂုဏ်ဖော်ပေးခြင်းဖြင့်
ခေါင်းဆောင်လုပ်သူတစ်ယောက်၏
ဂုဏ်သရေ နည်းပါးသွားတယ်ဆိုတာ
မရှိဘူး။
အောက်လက်ငယ်သားတို့၏ စိတ်၌
မိမိတို့အား လူသိထင်ရှား
ဖော်ထုတ် ချီးကျူးသည့်အတွက်
မိမိခေါင်းဆောင်အပေါ်မှာ
အရိုးကြေကြေ
အရေခန်းခန်း
ဆောင်ရွက်ပေးလိုတဲ့ စိတ်တွေ
တဖွားဖွား ပေါ်လာမှာ မလွဲဘူး။
ဒီလိုမဟုတ်ဘဲ
အောက်လက်ငယ်သားဂုဏ်ကို မဖော်ဘဲ
ငါ့ကြောင့်
ငါတော်လို့
ဒီလို အထင်ရောက်နေမယ်ဆိုရင်
တပည့်တွေဟာ
ကိုယ် ထင်ထားသလောက်
အကျိုးပြုမယ်လို့ မထင်ပါဘူး ။
အိန်ဂျယ်လ်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
အပြစ်ဒဏ်သင့်
မပြစ်မှား ထိုက်သူတွေကို ပြစ်မှားရင်  ခဲခဲယဉ်းယဉ်းနဲ့ ရထားတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတတ်တယ်။
အိမ်မှာ ရှိတဲ့ စပါးက ပုပ်သွားတတ်တယ်။
ရွှေတွေက မီးကျီးခဲ့ ဖြစ်သွားတတ်တယ်။
ပုလဲက ၀ါစေ့ ဖြစ်သွားတတ်တယ်။
ငွေအသပြာက အိုးခြမ်းကွဲ စသည် ဖြစ်သွားတတ်တယ်။
ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တ၀ါတွေဟာ ကန်းတာ ၊ ကွေးကောက်တာ စသည် ဖြစ်သွားတတ်တယ်။
(ဓမ္မပဒ၊ဋ္ဌ၊ဒု၊၄၅)
ကိုယ့်ရဲ့ ရန်သူက ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်နိုင်တာထက် ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်ထားက ဒုက္ခရောက်အောင် လုပ်တတ်ပါတယ်။ စီးပွားရေး မပျက်လိုတဲ့ စည်းစိမ်ရှင်ဟာ မပြစ်မှားထိုက်တဲ့ သူတော် ကောင်းတွေကို မပြစ်မှားမိဖို့ အရေးကြီးပါတယ်။
 ပြစ်မှားရင် စီးပွားရေးလည်း အကြီးအကျယ် ပျက်စီးတတ်ပါတယ်။ ထိခိုက်တတ်ပါတယ်။ စီးပွားတက်လေလေ သူတော်ကောင်းတွေကို လေးစား ရိုသေနိုင်လေလေ ဖြစ်ရပါမယ်။ စီးပွား မာန်တက် ပြီး မလုပ်သင့်တာလုပ်၊ မပြောသင့်တာ ပြော၊ မကြံသင့်တာ ကြံရင် မကြာခင် စီးပွားရေး ကျဆင်းကြရပါမယ်။
 သာမဏေကျော်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
အိမ်နီးချင်းကောင်း
အိမ်နီးချင်းကေားင်ပါမှ
ကြင်ရာကောင်း ညားစရာ
ပြောရိုးစဉ်လာ၊
မိတ်ဆွေ စစ် မိတ်ဆွေညာ
လေ့လာကာ ခွဲခွဲခြားခြား
ပတ်ဝန်းကျင် အလေးထား
ဆိုရိုးစကား။
ဆီသတ်ကြော် အညှော်ပြင်း
အိုမင်းနဲက လူမမယ်( မည်)
ညှော်ကြောက်သည့်အရွယ်
နာဖျားသည့် ဝေဒနာသည်
လွတ်အောင်ကွယ် ရှောင်နိုင်ဖို့ ။
သံကျယ်ကျယ် အော်ပါစို့
ညှော်ကြမယ်ဗျို့။
ကျော်စောဟန်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
လေဆန်ငှက်
လောကဓံ တိုက်ပွဲ
အနိုင်ကြဲဖို့
အသိုက်ထဲမှ
ထွက်ခဲ့သည်။
တိမ်ညိုသိမ့်သိမ့်
မိုးခြိမ့်ခြိမ့်နှင့်
သောသော ဆူညံ
ထက်ဘယံမှာ
လေနီကြမ်းဆင်
လမ်းမမြင်လည်း
အားမာန်ကို တင်း
လေဟုန်ခွင်းလျက်
အမြင့်ပျံတက်
လေဆန်ငှက်။
တစ်ထောက် မနား
အတောင်အားဖြင့်
ဝံ့ကြွား တွန်းလှန်
အားမတန်လည်း
လေဟုန် မစီး
ရှေ့ခရီးသို့
စိတ်အားမာန် ဇွဲ
လုံ့လခဲသည်
အားတင်းပျံတက်
လေဆန်ငှက်။
အိန်ဂျယ်(လ်)
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ဗုဒ္ဓဘာသာဝင်တို့၏ ဂုဏ်ရည်
အဖိုးတန် ရတနာနှင့်တူတေသာ ဥပါသကာ ခေါ်  ဗုဒ္ဓဘာသာဝင်တို့၏ ဂုဏ်ရည် များမှာ-
၁။ ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာ ယုံကြည်ခြင်း။
၂။ ကိုယ်ကျင့်သီလရှိခြင်း။
၃။ အထူးအဆန်း ဖြစ်ပေါ်လာသော အမြင်အကြား အထိအတွေ့တို့ကို ကြီးပွားချမ်းသာကြောင်း မင်္ဂလာ ဟု မယုံကြည်ခြင်း။
၎။ လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံ ကံ၏ အကျိုးကိုသာ အနှစ်သာရ အားဖြင့် ယုံကြည်ခြင်း။
၅။ ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သော အလှုခံ ပုဂ္ဂိုလ်ကို ရွေးချယ် စီစစ်၍ ဦးစွာ ပေးလှူ ကြည် ဖြူ မြတ်နိုးခြင်း တို့ဖြစ်သည်။
ဤ ဂုဏ်ရည် ငါးမျိုးနှင့် ပြည့်စုံ ညီညွတ်ပါက တော်ဝင် ရတနာနှင့် တူသော ဥပါသက အစစ် တကယ့် ဗုဒ္ဓဘာသာဝင် ဖြစ်သည်။
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
သမီးလေးဖတ်ဖို့
သမီး
လူတွေကို မုန်းတီးခြင်းဟာ
ကြွက်တစ်ကောင်ကို ဖယ်ရှားလိုတဲ့အတွက်
ကိုယ့်အိမ်ကို ကိုယ် မီးရှို့တာ နဲ့ တူသတဲ့။
ဒါကြောင့် လူတွေကို မမုန်းနဲ့နော်။
ဟို လူမုန်း ဒီ လူမုန်းနဲ့
နာကြည်း မုန်းတီးခဲ့တာတွေ ရှိခဲ့ရင်
ဖြေ ဖျောက် ပစ်လိုက်ပါတော့
နှလုံးသားထဲမှာ အမုန်းတရားတွေ
သိမ်းဆည်း မထားပါနဲ့။
ကိုယ်ပဲ ပူလောင်နေမှာပေါ့
သမီးလေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ရွှင်လန်းနေတာပဲ မြင်ချင်တယ်ကွယ်။
ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
အစားထိုးခြင်း
ကျွန်တော့ဆီကို မိတ်ဆွေ တစ်ယောက် ရောက်လာပါတယ်. . . သူ့ချစ်သူနဲ့ လမ်းခွဲလာတဲ့ အကြောင်း လာပြောပြတာပါ. . . မာနသံလေးကလည်း သူ့စကားလုံးတိုင်းမှာ ပျော်ဝင်လို့ နေပါတယ်..
"သူနဲ့ လမ်းခွဲရလည်း ၀မ်းနည်းစရာ မဟုတ်ပါ ဘူး ဗျာ. . . အစားထိုးစရာ မိန်းမတွေ အများကြီးပါပဲ  အစားထိုးလိုက် တာပေါ့. . . .ဘယ်ရမလဲ. . "
ဒါပေမယ့် ဗျာ. . .
"အစားထိုးတယ်ဆိုတာ လမ်းပေါ်က ချိုင့်ခွက် တစ်ခု ကို ရေဖြည့်ထားသလိုပါပဲ. .
အပေါ်ယံတော့ လမ်းက ချောလို့ပေါ့. နင်းမိရင် တော့. . ."
သူ့စကားကို အဆုံး မသတ်သေးပါဘူး. .
ငေးနေတဲ့ ညနေခင်းဟာ လွမ်းဆွတ်ဖွယ်ရာ အတိပြီးပါတယ်...
သဲအောင်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ဝေသာလီ၌ ဘေးကြီးဆိုက်နေစဉ် အရှင်အာနန္ဒာ ရတနသုတ်ပရိတ် ရွတ်နေပုံ
ဝေသာလီပြည်၌ မိုးခေါင်သောကြောင့် ငတ်မွတ်ဘေးကြီးဆိုက်၍ လူအများ သေကြ၏. သူသေကောင်တွေ ၏ အနံ့ကြောင့် သားရဲ ဘီလူးတို့ မြို့တွင်းသို့ ၀င်လာသဖြင့် သာ၍ အသေများ၏.. . . ထိုဘေးကြီးကို ကာကွယ်ဖို့ နည်းလမ်းရှာ ကြံကြလေရာ ဗုဒ္ဓမြတ်စွာကို ပင့်ဖို့ရာ သဘောတူသောကြောင့် ရာဇဂြိုလ်မှ  သံဃာတော်များနှင့် တကွ ပင့်ကြလေသည်။
ဗုဒ္ဓမြတ်စွာ ၏ လှေ ဖာင်တော်ကြီးဆိုက်ချိန်မှာပင် မိုးကြီးသည်းထန်စွာ ရွာသောကြောင့် လူသေ အလောင်းများ မျောပါ သွားသဖြင့် သန့်ရှင်းနေနှင့်လေပြီ. . မြို့တော်တံခါးပေါက်သို့ ရောက်သောအခေါ အရှင် အာနန္ဒာသည် ရတနသုတ်ပရိတ်တော်ကို သင်ယူ၍ လိစ္ဆ၀ီမင်းသား တို့ကိုခြံရံစေလျက် သပိတ်တော်မှ ရေကို ဖျုန်းကာ ဖျန်းကာ မြို့ရိုး ၃ ထပ် အကြား၌ လှည့်ပတ် ရွတ်ဆိုလေရာ မကောင်းဆိုးဝါး ဟူသမျှ ပြေးကြ၍ ရောဂါ အားလုံး ကင်းငြိမ်းရလေသည်။
VENERABLE ANANDA RECITING RATANA SUTTA PARITTA TO RELIEVE THE PEOPLE OF VESALI FROM ATTACKS OF FAMINE AND PESTILENCE
There was scarcity of rain at Vesali (modern Besah) and many people died from the effects of famine which attacked it. The offensive smell the corpses brought demons and ogres into the town and there were more deaths. To make matters worse, a disease very much like modern plague broke out, and there were still more deaths. The people discussed ways and means of relief from attacks of famine and disease. They eventually agreed to invite the Buddha for that purpose , and requested the Blessed one to come over from Rajagaha together with his retinue of monks. When the Blessed one arrived at Vesali in the royal barge there was a heavy downpour of rain which washed away all the corpses and the town had become clean. On arrival at the city gate the Venearable Ananada learnt the Rantana Sutta Paritta and recited it by walking round the city in between its three walls, and sprinkling the holy water from his bowl now and again while going round the city with the Licchavi Princess accompanying him. Thus, all the evil spirits were driven away from the city which was  rendered free from diseases.
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ဆက်ဆံရာမှာ စိတ်ကောင်းထားပါ
လူ့လောကထဲတွင် လူတစ်ယောက် အဖြစ် အသက်ရှင်နေရစဉ်တွင် လူတိုင်းသည် မိမိနှင့်တွေ့ကြုံဆုံစည်း ရသူတို့နှင့် ပြေပြေလည်လည် ပေါင်းသင်းဆက်ဆံရပြီး ထိုမိတ်ဆွေ အပေါင်းအသင်းများထံမှ မေတ္တာ စေတနာ၊ ကူညီဖေးမမှုများကို လိုချင်ကြသည်ချည်းပင် ဖြစ်သည်။ မိမိနှင့် တစ်ကြိမ် တစ်ခါ တွေ့ဆုံ ဆက်ဆံ လိုက်ရရုံမျှနှင့် ထိုသူ၏ ချစ်ခင်ကြင်နာမှုကို ရယူလိုကြသည်။ အချို့မှာ လူမြင်လျှင် ချစ်ခင်စေပြီး မိမိအလိုကို လိုက်စေနိုင်သော ပီယဆေး၊ အဆောင် လက်ဖွဲ့များကို ပင် ဆောင်ထားလေ့ ရှိကြသည်။
အမှန်မှာ လူတကာ ချစ်ခင်စေသော ပီယဆေးထက် အဆရာထောင်မက တန်ခိုးထက်သော ပီယဆေး တစ်မျိုးကို လူအများက သတိမပြုမိဘဲ မေ့လျှော့နေကြသည်။ ထိုအရာသည် ဆေးလည်းမဟုတ်၊ လက်ဖွဲ့ အဆောင်လည်းမဟုတ်၊ ဂါထာ မန္တာန်လည်း မဟုတ်၊ စိတ်ကောင်းလေး တစ်ခုကို မွေးလိုက်ခြင်းပင် ဖြစ်သည်။
တစ်ဖက်သားကိုယ့်ဘက် ပါလာအောင် ကိုယ့်အပေါ် စေတနာ မေတ္တာများဖြင့် ကူညီချင်လာအောင် ပြုလုပ်ရာ၌ ဤနည်းသည် အခြေခံအကျဆုံး ဖြစ်သည်။ လူ၏ ပင်ကိုယ်သဘောမှာ လူတစ်ဖက်သားကို ကြည့်တတ်ပြီး ကိုယ့်ကိုယ် ကိုမူ ပြန်မကြည့်တတ်ဘဲ လျစ်လျူ ရှုပြုထားတတ်ကြသည်။ ပြန်မကြည့်ဘဲ လျစ်လျူ ပြုထားရသည်မှာလည်း မိမိ၏ အပြစ်၊ အားနည်းချက်၊ ချို့ယွင်းချက်များကို မမြင်မတွေ့ဘဲ မိမိကိုယ် ကို ပြည့်စုံနေပြီဟု အထင်ရောက်နေသောကြောင့် ဖြစ်သည်။
ထိုစိတ်မျိုးမှာ လွဲမှားသော အတ္တစိတ်သာ ဖြစ်သည်။ ထိအတ္တစိတ်သည် စိတ်ကောင်း နှလုံးကောင်း ကို မွေးမြူ ထားခြင်းဖြင့် ရှိသင့်သော အတ္တဖြစ်၍ တစ်ဖက်သားအပေါ်ကိုသာမက မိမိအပေါ်တွင်ပင် အမှန်ကို အမှန်အတိုင်း ရှုမြင်နိုင်သည်။  အမြင်မှန်ကို ရနိုင်စေပါသည်။ 
မျက်နှာက ဘယ်လောက်ပင် ပြုံးနေပြုံးနေ၊ ဘယ်လောက်ပင် ကူညီကူညီ ၊ အတွင်းစိတ်က မရိုးသား၊ မဖြောင့်မတ်လျှင် အချည်းနှီးသာ ဖြစ်ပါသည်။
ဤလူ့လောက အတွင်းရှိ ညှိ့ယူဖမ်းစားထားနိုင်လောက်သော ဆွဲဆောင် အင်အားများထဲတွင် မေတ္တာအင်အား သည် အကြီးမားဆုံးဖြစ်ပါသည်။   အခြားသော ထူးခြားသည့် စွမ်းရည်များ မရှိသော်လည်း မေတ္တာ စွမ်းရည် ရှိလျှင်ပင် စိတ်ကောင်း စေတနာကောင်းတို့သည် လူတွင် ကိန်းအောင်း လာနိုင်သည်။ အရာရာကို မေတ္တာဖြင့် အောင်နိုင်သည်ချည်း ပဲ ဖြစ်သည်။  မေတ္တာတရား ကြီးမားသူများသည် ရန်သူမရှိ၊ ကြောင့်ကြစိုးရိမ်မှု မရှိ နေရသည် ။ သေဆုံးသွားသော အခါ၌ပင်လျှင် ကောင်းရာ သုဂတိသို့ရောက်ရ သည်။ 
ထို့ကြောင့် စိတ်ကောင်း ၊စေတနာကောင်းသည် လူ၌ အသက်တမျှ အရေးကြီးလေသည်။ စိတ်ကောင်း စေတနာကောင်းများ မွေးမြူရေးသည် လူတို့အဖို့ အရင်ဆုံး ဖြည့်ဆည်းပေးရမည့် လိုအင်ဖြစ်သည် ဟု ဆိုရမည်။ 
သူတော်ကောင်းပညာရှိကြီးများက စိတ်ကောင်း စေတနာကောင်း၏ အနက်အဓိပ္ပါယ်ကို ဤသို့ ဖွင့်ဆိုခဲ့ကြသည်။ 
"စိတ်ကောင်း စေတနာကောင်းဟူသည် ထူးခြားသော စိတ်စွမ်းရည် ဖြစ်သည်။ ပြည့်စုံအပ်သော ဂုဏ်ထူး ၀ိသေသများကား များလှပေသည်။ သို့သော အကျဉ်းချုံး၍ စိတ်ကောင်း၊ စေတနာကောင်း ဆိုသော သဘောကို ဖွင့်ဆိုရလျှင် မိမိကိုယ်ကို နှိမ့်ချ အနစ်နာခံပြီး သူတစ်ပါး အကျိုးဖြစ်ထွန်းရေးအတွက် လုပ်ဆောင်တတ်ခြင်း၊ ပြောဆိုတတ်ခြင်း၊ ကြံစည်တတ်ခြင်း တို့ကို ၀မ်းမြောက်ကြည်ဖြူစွာ လုပ်ဆောင်နိုင်ရန် ချီးမြှောက် တွန်းအားပေးနိုင်စွမ်းရှိသည့် စိတ်ဓာတ်မျိုးပင် ဖြစ်သည်။ "
စိတ်ကောင်း စိတ်မြတ်၏ အဓိက ဂုဏ်အင်မှာ မိမိကိုယ်ကို နှိမ့်ချ အနစ်နာခံ၍ တစ်ပါးသူအား ဖေးမမြှင့်တင် ပေးနိုင်ခြင်းပင် ဖြစ်၍ သူတစ်ပါး အကျိုးကို စိတ်နှလုံး ဖြူစင်စွာ ဆောင်ရွက် တတ်သူကို စိတ်ကောင်း စေတနာကောင်း ရှိသူဟု ခေါ်ဆိုရပါမည်။ 
"ပျားရည်ကိုလိုသော် ပျားအုံကို မဖျက်နှင့်" ဟူသော စကားမှာ ပျားဖွတ်သူများအတွက် ရည်ရွယ် ပြောဆိုထားသော်လည်း ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အလွန် တာသွားသော အဓိပ္ပါယ် ၊ သဘောတရား တစ်ခု ဖြစ်လေသည်။ လူတစ်ဖက်သားကို ကိုယ့်ဖက်ပါအောင် စည်းရုံးရာတွင် ထိုသူ မကြိုက် မနှစ်သက် ၊ သဘောမကျသော အရာတို့ကို လုံးဝ မပြောဆို ၊ မလုပ်ပါနှင့် ဟု ဆိုလိုပါသည်။ ဤနည်းဖြင့် မိမိအား ပတ်ဝန်းကျင်၏ လေးစား ချစ်ကြည်မှုတို့ကို ရယူနိုင်ပါသည်။ 
စိတ်ကောင်းရှိသော သူသည် မှန်ကန်သော နှုတ်အမူအရာ၊ ကိုယ်အမူအရာရှိသည်။ စိတ်သဘောထား မြင့်မြတ် တည်ကြည်သည်၊ လူတစ်ဖက်သား၏ အကျိုးကိုဆောင်တတ်သည်။  သွင်ပြင် အမူအရာ နှစ်လိုစဖွယ် ရှိသည်။ မျက်နှာမြင်လျှင် ချစ်ခင်စေနိုင်သော ဂုဏ်ထူး ၀ိသေသ ရှိသူ ဖြစ်သည်။ 
ထို့ကြောင့် လူ့လောကအလယ်တွင် သင့်တင့်မျှတစွာ ပေါင်းသင်း ဆက်ဆံနိုင်မှုကို လိုပါလျှင် သို့အတွက် မိမိအတွက် မိတ်ကောင်းများကို လိုပါလျှင် "စိတ်ကောင်းတစ်ခု မွေးမြုပါ" ဟူ၍သာ တိုက်တွန်း အကြံပေးလိုပါသည်။ 
ဦးဝမ်ထိန်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 
ရယ်နေကြလေမလား
"ငါ့ဟာ ငါ့ဟာ " လို့အော်မြည်တတ်လို့ မယှက အမည်ရတဲ့ ငှက်ကလေးဟာ တောင်ပေါ်၊ တောင်အပြင် ချောက်အရပ်တွေ မှာ လှည့်လည်တယ် မှည့်နေတဲ့ ပိတ်ချင်းပင် ပေါ်တက်ကာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်တယ်
အဲဒီငှက်ကလေး အဲဒီလိုအော်မြည်နေတုန်း ငှက်တွေ ရောက်လာကြတယ် ။ ပိတ်ချင်းသီးကို စားပြီး သွားကြတယ်.. . . အဲဒီငှက်ကလေးကတော့ စားနေတဲ့ အဲဒီငှက်တွေကို တားမြစ်ဖို့ရာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်နေဆဲပါပဲ. . .
အဲဒီလိ
ုပဲ ၊ ဒီလူ့လောက မှာ တချို့လူဟာ ပစ္စည်းဥစ္စာတွေကို အများကြီး စုဆောင်းတယ် . .ကိုယ့်အတွက်ရော ဆွေမျိုးတွေအတွက်ပါ သုံးထိုက်တဲ့ အတိုင်းအတာနဲ့ မသုံး၊ မပေးကမ်း။
အဲဒီလူဟာ အ၀တ် ၊ အစားအစာ၊ ပန်းနံသာ ဘာကိုမှ တစ်ကြိမ်တစ်ခါမှ မသုံးစွဲ၊ ဆွေမျိုးတွေကို မချီးမြှောက်၊ မထောက်ပံ့၊ မပေးကမ်း၊
အဲဒီလူဟာ "ငါ့ဟာ ငါ့ဟာ " လို့ စောင့်ရှောက်ငာ အော်မြည်ရင်း မင်းတွေ၊ သူခိုးတွေ၊ အမွေခံသားဆိုး၊ သမီးဆိုး တွေက ပစ္စည်းဥစ္စတွေကို ယူသွားကြတယ်. . . . အဲဒီလူက တော့ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည် တမ်းနေဆဲပါပဲ။
ပညာရှိသူဟာ စည်းစိမ်ဥစ္စာတွေကို ရရှိပြီး ကိုယ့်ထံလာတဲ့ မရှိနွမ်းပါး တဲ့ဆွေမျိုးတွေကိုလည်း ချီးမြှေက်ထောက်ပံ့ တယ်. . .အဲဒီလူဟာ အဲဒီလို ထောက်ပံ့မှုကြောင့် ပရိသတ် အလယ်မှာ ထင်ရှားကျော်ကြားတယ်. . . ချီးမွမ်းခံရတယ်. . နောက်ဘ၀ရောက်တော့ နတ်ပြည်မှာ ၀မ်းမြောက် ပျော်ရွှင်ရတယ်။
မယှက ငှက်ကလေးလိုလူတွေက လောကတစ်လွှားမှာ များပြားလှတယ်. . . . အခြားယောကျား(လင်ငယ်)နဲ့ ဖောက်ပြန်ပြီး ရထားတဲ့ သားလေးကို ကိုယ့်သားထင်ပြီး ငါ့သား င့ါသားလို့ ခေါ်ဝေါ်ကာ မြူနေတဲ့ လင်ကြီးဖြစ်သူကို အခြားနေရာမှ လှမ်းကြည့်နေတဲ့ မယားဖြစ်သူက ရယ်ပါသတဲ့. . . . သြော် သူ့သားမဟုတ်တာကို မသိရှာဘူး.. .သူ့သားလို့ ထင်နေရှာတယ်. . . .သနားစရာ ကောင်းလှပါဘိတော့ တယ်လို့ ဆိုသတဲ့. . မယှကငှက်လို လူတွေကိုလည်း ပစ္စည်း ဥစ္စာတွေက အဲဒီမယား ရယ်သလိုများ ရယ်နေကြလေရော့မလား. . . . ရယ်တတ်ရင် ရယ်ကြမယ် ထင်ပါတယ်……
သာမဏေကျော်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
အိုစာ မင်းစာ
ငယ်ရွယ် နုပျိုနေစဉ် အခါက ကြိုးစားပြီး ဥစ္စာကို မစုဆောင်း ၊ မရရှိခဲ့လို့ အသက်ကြီးလာတဲ့ အခါ  ပူပန် ၀မ်းနည်းရတယ်. . . သူတစ်ပါး တွေ ချမ်းသာနေကြတာကို ကြည့်ပြီး ကိုယ့်မှာ ဆင်းဆင်းရဲနဲ့ အသက်မွေးရတဲ့အခါ "ရှေးတုန်းက ငါဟာ ဥစ္စာကို မရှာခဲ့ရလေခြင်း" လို့ တွေးကာ ပူပင်ရတယ်။
ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေး လိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ တရားနဲ့ အညီဖြစ်တဲ့ လယ်ထွန်ခြင်းစတဲ့ အလုပ်တွေကို လုပ်ကာ ဥစ္စာကို ရှာဖွေထားကြရပါတယ်။
ငယ်ရွယ်စဉ်အခါ ဆရာတွေထံ ချည်းကပ်ပြီး ငါဟာ ပြုလုပ်နိုင်တဲ့ ဆင်အတတ် စတဲ့ အတတ်ပညာတစ်ခုခု ကို မသင်ခဲ့ရလေခြင်းလို့ တွေးကာ ပူပန်ရတယ်။ အသက်ကြီးတဲ့အခါ အတတ်ပညာမရှိသူမှာ အသက်မွေးရတာ ဆင်းရဲတယ်။ အသက်ကြီးမှ အတတ်ပညာကို သင်ယူဖို့ မတတ်နိုင် ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေးလိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ အတတ်ပညာကို သင်ယူထားကြရပါတယ်။ 
ငယ်ရွယ်စဉ်အခါမှာ ပညာလည်း ရှာရပါတယ်။ ဥစ္စာလည်း ရှာရပါတယ်။ အသက်ကြီးပြီး အိုမင်းလာပြီဆိုရင် ပညာရှာဖို့၊ ဥစ္စာရှာဖို့ အလွယ်ကူလှတော့ပါ။ ငယ်ရွယ်စဉ်မှာ ချောင်ချောင်နေ၊ ပေါ့ပေါ့နေသူတွေဟာ ကြီးလာတဲ့အခါ အဘိုးကြီး ၊ အဘွားကြီးဘ၀မှ အကျပ်တွေ့ကြရပါတယ်။ ငယ်ချောင် ၊ ကြီး ကျပ် ဖြစ်ကြရပါတယ်။   
ကြီးတဲ့အခါ ချောင်ချောင်လည်လည် ဖြစ်ချင်ရင် ငယ်စဉ်ကပဲ ကြပ်ကြပ်မတ်မတ် ကြိုးကြိုးစားစားနဲ့ ပညာကိုလည်း ရှာရပါတယ်။ ဥစ္စာကိုလည်း ရှာရပါတယ်။ 
ပုရွတ်ဆိတ်လေးတွေဟာ အင်မတန်မှ ၀ီရိယကောင်းကြတယ်။ အစာကို ကြိုတင် စုဆောင်းရှာဖွေတဲ့  နေရာမှာ စံနမူနာ ယူလောက်တဲ့ သတ္တ၀ါလေးတွေ ဟာ မိုးအခါ မရောက်ခင် အစာကို ကြိုတင်ရှာဖွေ စုဆောင်းထားကြသလို လူတွေဟာလည်း မအိုခင် ကပဲ ပညာကို လည်း စုဆောင်းရပါတယ်။ ဥစ္စာကိုလည်း စုဆောင်းရပါတယ်။ မစွမ်းဆောင်နိုင်တော့တဲ့ အခါမှာ စားသောက် နိုင်ဖို့ရာ ငယ်ရွယ်စဉ်ကပဲ အိုစာ မင်းစာ ရှာထားကြရပါတယ်။
 သာမဏေကျော်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
မွဲဆေး
၁။ သေရည် အရက် မူးယစ်ဆေးဝါးကို အထပ်ထပ် သုံးစွဲမှု။
၂။ အချိန်အခါမဲ့မှာ လမ်းခရီး အခါခါ သွားမှု၊
၃။ ပွဲလမ်းသဘင်ကို သွားမှု၊
၎။ ကြွေအန် ကစားခြင်း၊ အလောင်းအစား လုပ်ခြင်းကို အထပ်ထပ်လုပ်မှု၊
၅၊ မိတ်ဆွေညံ့နဲ့ အကြိမ်ကြိမ် ပေါင်းသင်းမှု
၆။ အပျင်းကြီးမှု၊
အဲဒီ ၆ မျိုးဟာ ရှိပြီးသား စည်းစိမ်တွေကို ယုတ်လျော့ ကုန်ခမ်းသွားစေနိုင်ပါတယ် ၊ မရှိသေးတဲ့ စည်းစိမ် ဥစ္စာတွေကိုလည်း ရှိမလာစေနိုင်ကြပါဘူး။ ( ပါထိကပါဠိ၊ ၁၄၈)
စီးပွားဥစ္စာပျက်စီးကြောင်း အဲဒီ ၆ပါးတို့ရဲ့ အပြစ်တွေကိုလည်း ၆ ပါးစီ ပဲ ဟောထားပါတယ်။
ပစ္စည်း ဥစ္စာ ကြီးပွား ချမ်းသာချင်သူဟာ သေရည် အရက် မသောက်ရ၊ မူးယစ်ဆေးဝါး မသုံးစွဲရ၊ အချိန်အခါမဲ့မှာ လမ်းခရီးမသွားရ၊ ပွဲလမ်းသဘင် မသွားရ၊ အလောင်းအစားမလုပ်ရ၊ မိတ်ဆွေညံ့ တွေနှင့် မပေါင်းသင်းရ၊ အပျင်းမကြီးရ။
အပျင်းကြီးသူဟာ အကြောင်း အမျိုးမျိုးပြပြီး အလုပ်မလုပ်ဘဲ နေတယ်။ အေးလွန်း၊ ပူလွန်း၊မိုးချုပ်၊ စောလွန်း၊ဆာလွန်း ၊ ဗိုက်ပြည့်လွန်း လို့ဆိုပြီး အကြောင်း အမျိုးမျိုး ပြတတ်ပါတယ်.. . အဲဒီလို အကြောင်း အမျိုးမျိုးပြပြီး အပျင်းကြီးနေရင် ဘယ်မှာ မရသေးတဲ့ ပစ္စည်း ဥစ္စာတွေကို ရနိုင်ပ့ါမလဲ ။ ရှိပြီးသား ပစ္စည်းတွေလည်း ဘယ်မှာ မကုန်ဘဲ ရှိမလဲ။
အပျင်းကြီးသူဟာ ဘယ်တော့မှ မကြီးပွား ၊ မချမ်းသာနိုင်၊ ဘယ်နေရာမှ မကြီးပွား ၊ မချမ်းသာနိုင်၊။ အပျင်းကြီးသူ သူဌေးမဖြစ်နိုင်၊ သူဌေးဖြစ်ရင်လည်း အပျင်းမကြီးခဲ့၊ အပျင်းကြီးတဲ့ သူ သူဌေးဖြစ်နေရင်လည်း မကြာခင် မွဲပြာကျလိမ့်မယ်။
ပစ္စည်း ဥစ္စာတွေဟာ အပျင်းကြီးသူထံမှာ မပျော်ပိုက်ကြ၊ ၀ီရိယ ကြီးသူထံမှာသာ ပျော်ပိုက်ကြတယ်။ အပျင်းကြီးသူဟာ မွဲဆေး ၆ ပါးတွင် တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ သူဌေး ဖြစ်လိုသူဟာ မွဲဆေး မဖော်ပါနှင့်။ မွဲဆေး မစားပါနှင့်၊ မွဲဆေးစားရင် သူဌေးလည်း သူတောင်းစား ဖြစ်သွား နိုင်ပါတယ်။
သာမဏေကျော်
ဗုဒ္ဓ၏ ဘောဂဗေဒ
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
ပတ်ဝန်းကျင်
ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့ချင်ရင်
မိမိကိုယ်တိုင်က
အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်အောင် လုပ်ပါ။
လူနဲ့ ပတ်ဝန်းကျင်ဆိုတာ
အမြဲတမ်း ဒွန်တွဲနေတဲ့ အရာတစ်ခုဖြစ်တယ်။
တချို့ကပြောကြတယ်
ပတ်ဝန်းကျင် က မကောင်းဘူးတဲ့။
ဟုတ်ပြီ
ပတ်ဝန်းကျင် ကောင်းအောင်
ဘယ်လိုလုပ်မလဲ။
တစ်ခု သတိထားကြည့်ပါ
သူတစ်ပါးဟာ မိမိအတွက်
ပတ်ဝန်းကျင် ဖြစ်တယ် ဆိုရင်
မိမိဟာလည်း သူတစ်ပါးတို့အတွက်
ပတ်ဝန်းကျင် ဖြစ်တယ် ဆိုတာပဲလေ။
ကိုယ်ကရော ဘယ်လောက် အတိုင်းအတာထိ
ပတ်ဝန်းကျင် အပေါ် ကောင်းခဲ့သလဲ
ပတ်ဝန်းကျင် ကရော မိမိအပေါ်
ဘယ်အတိုင်းအတာထိ ဆိုးခဲ့ပါသလဲ။
လူငယ်တွေ စဉ်းစားပါ
လူငယ်တွေအတွက်
ပတ်ဝန်းကျင်ဆိုတာ
သူငယ်ချင်းတွေပဲ ဖြစ်မှာပါ
နောင်တစ်ချိန်
အရွယ်ရောက်လာရင်
အရမ်းဆန်းပြားတဲ့ ပတ်ဝန်းကျင်ကို
တွေ့ကြုံရဦးမယ်။
အဲဒီအချိန် အဲဒီကာလ ရောက်ရင်
ပတ်ဝန်းကျင် က
ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ
ကိုယ်ကိုယ် တိုင် ကတော့
အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်ပါစေ။
အိန်ဂျယ်(လ်)
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
သမီးလေးဖတ်ဖို့
သမီး
ဘ၀ခရီးကို
တစ်ယောက်တည်း လျှောက်ရတဲ့အခါ
မှီခိုအားကိုးစရာ မရှိတဲ့အတွက်
ကိုယ့်အား ကိုယ်ကိုးရလိမ့်မယ်။
ကိုယ့်အားကိုယ်ကိုး နိုင်လေလေ
လွတ်လပ်မှု ရလေလေပဲ။
သူတစ်ပါးကို အားကိုးရလေလေ
ကိုယ့်ရဲ့ လွတ်လပ်မှုတွေ
ဆုံးရှုံးသွားရ လေလေပဲ မဟုတ်လား
လွတ်လွတ်လပ်လပ်နဲ့
ကိုယ့်အား ကိုယ်ကိုး
ကြိုးစား ရုန်းကန် နိုင်ကာမှ လူစွမ်းကေကာငး
မှီခိုလိုတဲ့ စိတ်၊ အားငယ်စိတ်၊
အချောင်ခို၊ ပျင်းရိတဲ့ စိတ်တွေ မရှိဘဲ
ဘ၀ခရီးကို တစ်ယောက်တည်း
ရဲရဲ ၀ံ့ဝံ့ ကျော်ဖြတ်သွားစမ်းပါ။
ဖေဖေ့သမီး လူစွမ်းကောင်းကြီးအတွက်
ဖေဖေ အားတက် ဂုဏ်ယူစမ်းပါရစေ။
ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
စနစ်တကျနေထိုင်စားသောက်မှု အလေ့အကျင့်(၁၀)ခု
စနစ်တကျ နေထိုင်စားသောက်တာ ဖြစ်ဖို့အတွက်  အောက်ပါ အခြေခံအကျဆုံး အလေ့အကျင့် (၁၀) ခုကို. .  အသုံးပြုပြီးနေထိုင် စားသောက်ပါက ကျန်းမာရေးနှင့် ညီညွတ် မည်ဖြစ်ပါသည်။
၁။ စောစောအိပ်ပြီးစောစောထပါ။ အချိန်ဇယား ရေးဆွဲသတ်မှတ်ပြီး လိုက်နာဆောင်ရွက်ပါ။
၂။ နံနက်၊ နေ့လည်၊ ညစာများကို အချိန်မှန် စားသောက်ပါ။
၃။ အချိန်မှန် ၀မ်းသွားပါ ၊ ကျင်ကြီးကျင်ငယ်များကို အောင့်ထားခြင်းမပြုပါနှင့်။
၎။ တစ်ရက်တွင် ကိုယ်လက်လှုပ်ရှားမှု မိနစ် ၂၀ လုပ်ဖြစ်အောင် လုပ်ပါ။
၅။ နံနက်အိပ်ရာထထခငြ်း ရေ အနည်းဆုံး ၂၀၀ စီစီ သောက်ပါ ။  ကိုယ်နှင့်မကွာ သောက်ရေ ဆောင်ထားပြီး မကြာမကြာ သောက်ပေးပါ။ ရေငတ်၊ ရေဆာချိန်ထိ မစောင့်ပါနှင့်။
၆။ နေ့စဉ် ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်နိုင်တဲ့ အချိန်လေးရအောင် ကြိုးစားပါ။ မအားတဲ့ကြားက နားတတ်အောင် လုပ်ပါ။ စိတ်ငြိမ်ငြိမ်ထားပါ။
၇။ အသားနည်းနည်းသာစားပါ။ ဟင်းသီးဟင်းရွက် နှင့် သစ်သီးများများစားပါ။ တစ်ရက်မှာ သက်သက်လွတ် တစ်နပ်စားနိုင်အောင် ကြိုးစားပါ။
၈။ နေ့လည်စာ စားပြီးနောက်မှာ နာရီဝက်လောက်အိပ်ပါ။
၉။ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ရန် ကိုယ်အလေးချိန်ကို ရက်မကြာမကြာ ချိန်ချိန်ကြည့်ပါ။
၁၀။ ဆေးဝါးများ မှ ဆိုးကျိုး မခံရအောင် ဆေးဝါးများကို အရမ်းဝယ်ယူ သုံစွဲခြင်း မပြုပါနှင့်။
မင်းစံအိမ်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 
စိတ်ချမ်းသာခြင်း
No man is happy who does not think himself so.
စိတ်မချမ်းသာဘူးလို့ ထင်နေသမျှ
ဘယ်သူမျှ ပျော်ရွှင်မှုကို ရမှာ မဟုတ်ဘူး။
လူတွေရဲ့ နေ့စဉ် ဖြတ်သန်းမှုတွေထဲမှာ
ပျှော်ရွှင်မှုမပါတဲ့ ဆက်ဆံရေးဟာလဲ
ခြောက်ကပ်ကပ် နိုင်လှပါတယ်။
ပျော်ရွှင်မှုမပါတဲ့ အလုပ်ဟာလဲ
လူကို ပိုပြီးတော့ ငြီးငွေ့စေပါတယ်။
ပျော်ရွှင်မှုမပါတဲ့ အောင်မြင်ရေးဟာ
လူကို ပိုပြီး အထီးကျန်စေပါတယ်။
ဒီတော့ လူဟာ
ပျော်ရွှင်မှုကို ရှာကြံပြီး ယူရပါတယ်။
ရှာကြံပြီး ပျော်ရွှင်မှုကို ယူတယ် ဆိုလို့
အပျက်သဘောကို မတွေးရပါဘူး။
စိတ်ကြည်လင်အေးချမ်းမှုကို ပြောတာပါ
ပျော်ရွှင်မှုကို တခြားမှာ သွားရှာစရာမလိုပါဘူး။
မိမိတို့ နေ့စဉ် လုပ်နေတဲ့ အလုပ်
မိမိတို့ နေ့စဉ် သွားနေတဲံ လမ်းကြောင်း
အဲဒီ ဖြတ်သန်းမှုတွေထဲမှာပဲ စိတ်အေးချမ်းမှုကို ရှာရမှာ ဖြစ်ပါတယ်။
တကယ်တော့ ပျော်ရွှင်မှုဆိုတာ ပူလောင်မှု မရှိတဲ့ စိတ်ကိုခေါ်တာပါ။
မိမိတို့အနေနဲ့ ကိုယ့်ဘဝ
ပျော်ရွှင်အော်င်
ငြိမ်းချမ်းအောင်
တိုးတက်အောင်
စိတ်အေးချမ်းသာစွာဖြင့် လုပ်ရင် ပိုပြီးတော့ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။
အိန်ဂျယ်လ်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 
တာဝန်ခွဲဝေမှု
"တောက် "
လူငယ်တစ်ယောက် မကျေမနပ် "တောက်"  ခေါက်ပါတယ်။
ကျွန်တော်      "ဘာဖြစ်လို့လဲ"
သူက စိတ်တိုနေပေမယ့် ကျွန်တော့ကို ရှင်းတော့ပြပါတယ်။
သူ့သူငယ်ချင်းက အလုပ်တစ်ခုမှာ သူ့ကို ကလိမ်ကကျစ်ကျတဲ့ အကြောင်း ၊ သူ့ရှေ့မှာတော့ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ နောက်ကျောကနေ ဓားနဲ့ ထိုးတတ်တဲ့ အကြောင်း၊ လူကြီးရှေ့မှာ မခုတ်တတ်တဲ့ ကြောင်လိုလုပ်ပြပြီး ကွယ်ရာမှာ "ကြွက်သူခိုး" ဖြစ်ကြောင်းနဲ့ မဆုံးနိုင်တော့ပါဘူး ပြောနေတာ။
ကျွန်တော်  ။   ။ "ခွင့်လွှတ်လိုက်ပါ"
လူငယ် ။        ။ "ဟာ ဘယ်ဖြစ်မလဲ၊ သူ့ကို လက်စားချေရမှ ဖြစ်မယ်။  "
ကျွန်တော်။     ။ "မလုပ်ပါနဲ့ကွာ."
လူငယ်  ။       ။ "မရဘူးဗျာ"
ကျွန်တော်။     ။ " အပြစ်ရှိသူတိုင်းကို ခံရသူတိုင်းက အပြစ်လိုက်ပေးနေမယ်ဆိုရင် ငရဲပြည်နဲ့ ငရဲမင်းဆိုတာတောင် ဘယ်လိုအပ်တော့မှာလဲ. . "
"သူတို့ အလုပ်ရှိအောင် မင်းကို ခွင့်လွှတ်ခိုင်းတာပါ။ 
စဉ်းစားကြည့်ပါကွာ။   အပြစ်ပေးဖို့က ငါတို့အလုပ်မှ မဟုတ်တာ။"
"ဒီတော့ "
ကျွန်တော့စကား မဆုံးသေးပေမယ့် ကောင်ကလေး ကတော့ သဘောပေါက်သွားပြီ ထင်ပါတယ်. . . ရှေ့ခရီး ဆက်ဖို့ပဲ ဟန်ပြင်နေပါတော့တယ်. .
သဲအောင်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 
သားဖေဖေ
သားရယ်...
          ငယ်စဉ်တုန်းက
          လူတကာနဲ့ ယှဉ်ရင်
          သား. . . . မညံ့ခဲ့ပါဘူး ကွယ်။
          "၀မ်းဆွဲကောင်းလို့ပါ ." ပါ
           ဖေဖေ ပြောခဲ့တာဟာ
           သား ကိုယ်သား အထင်ကြီးပြီး
           မာန်တက်နေမှာ စိုးလို့ပါ။
           လျောလျော လျူလျူ
           လူဖြစ်ခဲ့ရတာလို့ ပြောခဲ့ရင်လည်း
           စိတ်နာစရာလားကွယ်..
          တကယ်တော့ ........
           ကြီးပွားအောင်မြင်နေတဲ့ သူတိုင်းဟာ 
         ကိုယ်ပိုင် အစွမ်းအစ 
         ကိုယ်ပိုင် အရည်အချင်း ရှိလို့သာ
         အောင်မြင်နေကြတယ်ဆိုတာ 
         သေချာတွေးရင် သိနိုင်ပါတယ်
          သားကြီးပွား အောင်မြင် သွားတဲ့အခါ
          သားရဲ့ ကိုယ်ပိုင် အစွမ်းအစကြောင့်ဆိုတာ
          မေးစရာမလိုတဲ့ မေးခွန်းပါပဲကွယ် ...
          အောင်မြင်ကြီးပွားအောင် ......... ကြိုးစားနော်...
                                                                         ဖေဖေ
ကောင်းသန့်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
လူ့အကျင့်စရိုက်ကို ကျော်ကြည့်ပါ
လူတစ်ဦး တစ်ယောက်ကပြောသော အောက်ပါ စကားမျိုးကို ကြားဖူးကြမည်။
"သူ့ကိုတော့ ဗွေမယူပါနဲ့ကွာ၊ သူဘာလုပ်မိတယ်ဆိုတာ သူ့ဘာသာ သိတဲ့လူ မဟုတ်ပါဘူး. . "
ထိုစကားမျိုးကို ကြားရလျှင် သင်သည် လူတစ်ယောက်၏ အကျင့်စရိုက်ထက်ကျော်၍ ကြည့်ရန်ဖြစ်သည့် အခြေအနေမျိုးနှင့် ကြုံရခြင်းဖြစ်သည်။ ကိုယ့်မှာ သားသမီးရှိလျှင် ခွင့်လွှတ်ခြင်း ဟူသော သာမန်ကိစ္စကလေး၏ အရေးပါပုံကို သဘောပေါက်ပါလိမ့်မည်။
အကယ်၍သာ ကိုယ့်သားသမီး၏ အနေအထိုင် စရိုက်ကို အမှီပြု၍ မိဘအနေဖြင့် ချစ်ရမည်ဆိုပါက ချစ်ရန်အကြောင်းပင် ခက်တော့မည်။ အကယ်၍သာ လူတစ်ဦး၏ အနေအထိုင် စရိုက်ကိုကြည့်၍ ခင်မင် နှစ်လိုရမည်ဆိုပါက အသက် ၂၀ မပြည့်မီ လူငယ်များ ဖြစ်ခဲ့စဉ်က ကျွန်ုပ်တို့အား မည်သူက မှ မေတ္တာထားခဲ့ကြစရာ အကြောင်းမရှိပေ။
ထိုစိတ်မျိုးကို ကိုယ်တွေ့သမျှ လူတိုင်းအပေါ်၌ ထားနိုင်လျှင် မည်မျှ ကောင်းမည်နည်း။ ကိုယ်မကြိုက်သော အလုပ်ကို တစ်ယောက်က လုပ်မည် ဆိုပါက ကိုယ့်သားသမီးများကဲ့သို့ပင်မေတ္တာရှေ့ထား၍ ကြည့်မြင်နိုင်လျှင် ကျွနိုပ်တို့ကမ္ဘာကြီး၌ မေတ္တာတရား ပိုမိုထွန်းကားရန် အကြောင်းရှိပေသည်။
ဤသို့ဆိုသဖြင့် ကိစ္စတိုင်းကို မသိကျိုးကျွံပြုလျှက် ကိုယ့်ဦးခေါင်းကို တက်နင်းသူများကိုလည်း ခွင့်လွှတ်ကာ လောကကြီးသည် နေချင့်စဖွယ် ဖြစ်သည်ဟု သဘောထားဖို့ မဆိုလိုပါ။  
အပြုသဘောမဆောင်သော လုပ်ရပ်များကိုလည်း ခွင့်လွှတ်ရန် လိုက်လျောရန် မဟုတ်ပါ။ ဆိုလိုသည်မှာ အခြားသူများအပေါ်သံသယ အကျိုးကို ခံစားတတ်ရန် အဝေးအနီး ချင့်ချိန်၍ သဘောထား တတ်ဖို့ ဖြစ်သည်။ 
လုပ်ငန်းခွင်တစ်ခုတွင် လုပ်နေသော စာရေးတစ်ယောက်သည် မလှုပ်တလှုပ် မထိတထိ စိတ် မပါ့တပါ လုပ်နေသည်ကို တွေ့ရလျှင် ထိုနေ့အတွက်သာ သူအဆင်မပြေဖြစ်ရသလား ဟု သက်ညှာစွာ တွေးတော ကြည့်ရန်ဖြစ်သည်။ 
ကိုယ့်ဇနီး/ခင်ပွန်း ကဖြစ်စေ၊ ရင်းနှီးသော မိတ်ဆွေတစ်ဦးက ဖြစ်စေ ဘုကျကျ ပြောဆိုသည် ဆိုပါက သူ့စိတ်အခြေအနေ ကို ကိုယ်က သဘောပေါက် နားလည်ကြည့်ရန် လိုသည်။ ထိုကဲ့သို့ ပြောဆိုမိတတ်ကြ သော်လည်း ကိုယ်နှင့် ရင်းနှီးသော ထိုသူတို့သည် ကိုယ့်ကို မေတ္တာမပျက် ဆက်ဆံလိုသူများပင် ဖြစ်ကြသည်။ 
ထို့ကြောင့် လူတစ်ဦး၏ အကျင့်စရိုက်တို့ကို ကျော်၍ သူ့အဖြစ်ကို နားလည် သိရှိရန်မှာ ထင်တာထက် ပို၍ ကိုယ့်မှ လွယ်ကူသွားစရာ အကြောင်းရှိလေသည်။ ယခုပြောသော နည်းလမ်းကို စမ်းသပ်ကြည့်ပါ က အကျိုးထူးကို တွေ့ရှခံစားရပါလိမ့်မည်။
မောင်ဆုရှင်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
တောထွက်လာသော အရှင်မဟာကဿပ အလောင်းအား ဘုရားကြိုဆိုနေပုံ
ဘုရားပရိနိဗ္ဗာန် စံတော်မူပြီးနောက် သာသနာကို စောင့်ရှောက်ရစ်မည့် ရှင်မဟာကဿပ အလောင်း "ပိပ္ပလိ"  သတို့သားသည် အလုပ်သမား ရွာပေါင်း ၁၄ ရွာနှင့် စစ်တပ် အစိတ်ကို ပိုင်ဆိုင်လျှက် ကုဋေများ စွာ ဥစ္စာကြွယ်ဖြိုး သူဌေးမျိုးမှ သူဌေးကတော်နှင့် အတူ ရဟန်းပြုလာခဲ့သည်။ သူတို့ နှစ်ဦး လမ်းခွဲသော နရာ၌ ကမ္ဘာမြေ တုန်လှုပ်သံကို အရင်းခံ၍ ဆင်ခြင်တော်မူသော ဘုရားရှင်လည်း အကြောင်း အရာကို ကောင်းစွာ သိမြင်တော်မူနှင့်လေသည်။ 
ထိုခဏ၌ပင် ဝေဠုဝန် ကျောင်းတော်မှ ၃ ဂါ ၀ုတ်မျှ ဝေးကွာသော ပြည်ညောင်ပင်သို့ ကြွတော်မူ၍ ခရီးကြို ဆိုကာ ရောင်ခြည်တော်ခြောက်ဖြာ ထွက်စေကာဖြင့် ထိုငနေတော်မူနှင့်လေသည်။ ကဿပ အရှင်သည် ဘုရားကိုမြင်လျှင် "ငါ့ဆရာပင်တည်း" ဟု ဆုံးဖြတ်၍ ဘုရားခြေတော်တွင် ဦးခေါင်းတင်ကာ တပည့်ဖြစ်ပါကြောင်းကို လျှောက်ထားလေသည်။ ဘုရှားရှင်သည် သံဃာ့ပရိသတ်အလယ်၌ မကြာမကြာ တန်းတူထား၍ မြှောက်စားတော်မူလေသည်။
THE BUDDH WELCOMING THE PERSON WHO HAD RETIRED FROM THE WORLD AND WAS TO BECOME THE VENERABLE MAHAKASSAPA
Pippali was destined to become Venerable Mahakassapa who would protect the dispensation of the Dhamma afger his death. He was in charge of 14 villages of workmen and a section of the fighting forces. He belonged to a very rich family worth several crores of money and together with his wife retired from home-life to lead a religious life. There was a mighty earth-quarke at the place where Pippali parted with his wife on retirement from the world. The Buddha surveyed with his Buddha-eye and saw the cause of the earth-quarke. 
Immediately there after the Buddha went to the giant banyan tree about 3 gavutas away ( about six miles) to welcome Pippali. He then sat at the foot of the tree causing the six resplendent rays of light to issue forth from his body. Pippali,who later came to be known as Mahakassap, saw the Blessed One and , coming to this decision. " He indeed is my master", placed his head upon the feet of the Blessed One and said, "Lord, I am your disciple". The Buddha often honoured him before the assembly of monks by treating him as a member of the Holy Order of a standing equal to him.
အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။