ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကိုယ့်ကိုယ်ကိုသိပါ

ဂရိပညာရှိကြီးဆိုကရေးတီး၏သွန်သင်ချက်များတွင်ကိုယ့်ကိုယ်ကိုသိပါဆိုသောစကားသည် တိုတောင်းဆုံးနှင့် အဓိပ္ပာယ်အလေးနက်ဆုံးအကျယ်ဝန်းဆုံး ဖြစ်၏။ ထိုစကားသည် မိမိတစ်ဦးတည်းသာ ၀ကွက်ပြီး သိနေဖို့ မဟုတ်။ မိမိနှင့်ပတ်သက်သမျှကသိအ်ေင်ကြိုးစားရန်တိုက်တွန်း ထားခြင်းဖြစ်၏။

မိမိဘာလုပ်နေသည် ၊ဘာတွေစိတ်ကူးနေသည်၊ မိမိဘ၀စားဝတ်နေရေးအတွက် ဘယ်လိုလုပ်ကိုင် ရှာဖွေနေသည်၊ မိမိဘ၀တိုးတက်နေသည်၊ မိမိပြောဆိုကြံစည်နေသမျှသည် မှားယွင်းနေသည်၊သို့မဟုတ် မှန်ကန်နေသည် စသည်ဖြင့် မိမိဘ၀တစ်ခုလုံးကို လွှမ်းခြုံ သိရှိခြင်းဖြစ်၏။

မိမိဘာဖြစ်နေသည်ကို သိမှသာလျှင် မိမိဘ၀ရပ်တည်နိုင်ရေးအတွက် ဖြည့်ဆည်းလမ်းညွှန်ပေးနိုင်မည်ဖြစ်၏။ မိမိဘ၀ကို ပဲ့ကိုင်ထိန်းသိမ်းထားခြင်းမရှိဘဲ ဖြစ်ချင်သလိုလွှတ်ထားသူသည် တကယ်စင်စစ် မိမိဘာဖြစ်သည်ကို မသိသောကြောင့် ဖြစ်၏။

စောလူးမင်းသည် မိမိ၏အံကစားခြင်းစသော လောင်းကစားပျော်ရွှင်ခြင်း၌ စွဲမက်လွန်းသည့်အဖြစ်ကို မသိသောကြောင့် ငရန်ကန်း၏ လက်ချက်ဖြင့် ရာဇပလ္လင်ထက်မှ ပျေက်ကွယ်သွားရ၏။

တပင်ရွှေထီးသည် သေရည်သောက်စားခြင်း၌ ၀ါသနာထုံလွန်းသဖြင့် တိုင်းရေးပြည်ရေးကို လျစ်လျူပြုနိုင်အောင် တွေဝေမိုက်မဲနေသည့်အဖြစ်ကို မသိသောကြောင့် စစ်တောင်းစား၏ ဓားချက်ဖြင့်ခန္ဒာအိုးစားကွဲခဲ့ရ၏။

မိမိဘာဖြစ်နေသည်ကို မိမိကိုယ်တိုင် မသိသောကြောင့် သူတို့သည် ဘ၀နွံအိုင်ထဲတွင် နစ်မွန်းသွားကြ၏။ မသိခြင်း၏ ဆိုးကျိုးကား နှိုင်းတု၍မရအောင် ကြီးမားလှ၏။

ဥာဏာပညာသည် မှာဒသည်၊မှန်သည်၊ အကျိုးမဲ့သည်ကို ရှင်းလင်းပီပြင်စွာ ခွဲခြားနိုင်သော လူစွမ်းရည် တစ်ရပ်ဖြစ်၏။ မိမိကိုယ်ကိုယ် ဥာဏ်ပညာဖြင့် ထိန်းအုပ်ထားရာ၏။သတိသည် မိမိဘာဖြစ်နေသည်ကို ချက်ချင်းသိနိုင်သော စွမ်းရည်ဖြစ်သည်။ သမာဓိသည် မိမိ၏စိတ်ကို တည်တဲ့ခိုင်မြဲနေအောင် ထောက်ကူ ထိန်းကွပ်ထားနိုင်သော စွမ်းရည်ဖြစ်သည်။ မိမိစိတ်ကို မယိမ်းမယိုင် တည်မြဲနေအောင် သမာဓိဖြင့် ထိန်းချပ်ထားရာ၏။

ဥာဏ်ပညာ၊ သတိနှင့် သမာဓိတို့သည် ဘ၀နွံတွင်းသို့ မသက်ဆင်းသွားနိုင်အောင် ကာရံထားအပ်သည့် တံတိုင်းကြီးများဖြစ်၏။လှပတင့်တယ်သော ဘ၀တစ်ခုကို ထုပ်ပိုးဝန်းရံထားသော ကြိုးများလည်းဖြစ်၏။ ထိုတံတိုင်းများ ၊ကြိုးများဖြင့် မိမိကိုယ်ကိုယ် ကောင်းစွာ ၀န်းရံချည်နှောင်ထားနိုင်လျှင် အတ္တသမ္မာပဏီဓိစ ဟူသော မိမိကိုယ်ကိုယ် ကောင်းစွာ ထိန်းမတ်ထားနိုင်မည်မှာ သေချာနေပေတော့သည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အိမ်ထောင်ရေး

တစ်နေ့ ကျွန်တော့် ဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာပါတယ်။
"ငါ့အိမ်ထောင်ရေးကံမကောင်းဘူးကွာ။ ရှေးလူကြီးတွေပြောတဲ့စကားက သိပ်မှန်တာပဲ။ အိမ်ထောင်ရေးဆိုတာ ထီထိုးသလိုပဲတဲ့။ ဒါနဲ့မင်းရော အိမ်ထောင်ကျပြီလား။"

"ဟင့်အင်း…….."
ကျွန်တော်ခေါင်းအခါမှာ……..

"အေးကွာ အိမ်ထောင်ပြုမယ်ဆိုရင် ထီထိုးသလိုပဲ ဆိုတဲ့ စကားကို သတိရပေါ့ကွာ………."
သူ့စကားကို အဆုံးသတ်ပြီး လှည့်ထွက်သွားပါတယ်။

နှုတ်တောင်ဆက်မသွားဘူး။

"အိမ်ထောင်ရေးဆိုတာ ထီထိုးတယ်လို့ ယူဆရင်လည်း မပေါက်မချင်း ဆက်ထိုးခွင့်ရှိတာပဲ။"

လို့ပြောလိုက်တဲ့ ကျွန်တော့်စကားကို သူမကြား လိုက်တော့ပါဘူး။


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နှုတ်ကလုပ်နေတဲ့ကံ

"၀စီဗေဒ-ထိတိုင်းရှ"သတဲ့
နှုတ်က လုပ်နေတဲ့ကံ ကတော့ ၀စီကံပါပဲ။ လောက လူသားတွေဟာ မပြောမပြီး၊ မတီးမမြည်မို့ ပြောစရာ ရှိတာပြောကိုပြောရပါတယ်။ အချို့က အမှန်ပြောတယ်။ အချို့ကတော့ လိုအပ်မှုအပေါ် အကြောင်းပြပြီး လိမ်လည်ပြောတယ်။ မုသားမပါ လကာင်္မချောရယ်လို့ သဘောပိုက်ပြီး ပြောလိုက်ကြတယ်။

မုသားစွက်လို့ သူများဘက် ကနစ်နာသွားရင်ဝစီကံအပြစ်ကိုကျူးလွန်မိတာပါပဲ။အချို့ကလွယ်လွယ်ပြောပြီး လွယ်လွယ်ကျူးလွန်နေကြတယ်။ စကားပြောတယ်ဆိုတာ ကာယကံမြောက် လုပ်ကိုင်ပေးရတာလောက် မပင်ပန်းဘူး။နှုတ်ကနေပဲစိုက်ထုတ်ရတယ်။

သိပ်မပင်ပန်းတော့စိတ်ထင်တိုင်း မှန်းပြီး ကိုယ်ပြောချင်ရာ မုသားပြောတာပဲ။ကိုယ့်အကျိုးအတွက် အပိုတွေ တိုးစွက်လို့ မဟုတ်မှန်တာတွေ ပြောတော့တာပါပဲ။ စကားမှာ အမှားပါရင် ငါးပါးသီလထဲက တစ်ပါးပျက်တာပါပဲ။
ဝစီကံအမှုမှာကို မထိန်းသိမ်းလို့ စီးပွားရေးနဲ့ ကြီးပွားရေးမှာ မဖြစ်ထွန်းမအောင်မြင်သူတွေ ရှိကြပါတယ်။ အပြောမမှန်သူဆိုတာ လောကမှာ ဘေးဖယ်ခံရတတ်တာအမှန်ပါပဲ။ လိမ်ညာ ပြောတတ်မှန်း သိလာတဲ့အခါ အမှန်ပြောလည်း လက်မခံမယုံကြည်ချင်ကြတော့ဘူး။

စကားအယုတ်အညံ့တွေနဲ့ တအားနှုတ်မဆန့်အောင် ပြောနေတတ်သူတွေဟာလည်း ၀စီဗေဒထိတိုင်းရှ နေတာပါပဲ။

ဖရုသ၀ါစာ ဖြစ်တဲ့ယုတ်ယုတ်မာမာ၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတဲ့စကားမျိုးဟာ ငရဲသွားရအောင် ပြောတဲ့စကားမျိုး။ ငရဲမသွားရသေးချိန်မှာလည်း လူမုန်းခံရပါတယ်။

ပိသုဏ၀ါစာဖြစ်တဲ့ ကုန်းတိုက်စကားမျိုးဟာလည်း ငရဲသွားရမဲ့ စကားမျိုးပါပဲ။ ကိုယ်ကုန်းတိုက်လို့ သူများကွဲကွဲ၊မကွဲကွဲ ကိုယ့်မှာတော့ အပြစ်ရသွားပြီဖြစ်တယ်။ (ပိသုဏ၀ါစာ ဟာ ကုန်းချောခံရတဲ့ လူနှစ်ဦး ကွဲပြားမှသာ ကမပထမြောက်တယ်)။

သမ္မပ္ပလာပဖြစ်တဲ့ သူများအကျိုး ထိခိုက်တဲ့ စကားကလည်း ငရဲသွားရမယ့် စကားမျိုးပါပဲ။

မုသာဝါဒဖြစ်တဲ့ မဟုတ်မမှန် လုပ်ကြံပြောတဲ့ စကားကလည်း ငရဲသွားရမယ့် စကားမျိုး။ ကိုယ်လိမ်ပြောလို့အလိမ်ခံရသူ အကျိုးစီးပွား ထိခိုက်ရင် ကမ္မပ္ပထမြောက်တယ်။ မုသာဝါဒကို ယုံလို့ ပုံမိသူတွေရဲ့ ဒုက္ခဟာ ကြီးမားသလို ပြင်းထန်စွာ ခံစားရတတ်ပါတယ်။

ဝစီကံအမှားဟာ အကုသိုလ်ကံကိုသွားပါတယ်။အကုသိုလ်ဖြစ်ပါတယ်။ လွယ်လွယ်နှုတ်က ပြောပြီးဖြစ်တဲ့ အကုသိုလ်ပါပဲ။
အကုသိုလ်ဖြစ်တဲ့ အကုသလကမ္မပ္ပထ တရား(၁၀)ပါးထဲမှာ…………..
၁။ မဟုတ်မမှန်ပြောတာ၊
၂။ ကုန်းစကားပြောတာ၊
၃။ ယုတ်မာကြမ်းတမ်းတဲ့ စကားပြောတာ၊
၎။ အကျိုးမရှိ သိမ်ဖျင်းတဲ့စကားပြောတာ၊
အဲ့သည် ( ၄ )မျိုးပါဝင်ပါတယ်။

ဝစီကံအမှုကို စောင့်စည်းထိန်းသိမ်းနိုင်မှသာ ငရဲလွတ်မယ်။ မှန်ကန်ချစ်ခင်နှစ်သက်ဖွယ် အလိမာ ပါတဲ့ ပုလဲသွယ် စကားမျိုး ပြောနိုင်အောင် အမြဲတကယ် ကြိုးစားပြောကြရမယ်။

ငရဲစကားမပြောဘဲ ပုလဲစကား ပြောရမှာဖြစ်တယ်။


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



သမီး
တစ်ချိန်ချိန်မှာတော့ သမီးလေးဟာ
ဘ၀အဖော်မွန် ရှာပြီး အိမ်ထောင်ပြုပေလိမ့်မယ်။
အဲ့ဒီလို အိမ်ထောင်ပြုတဲ့အခါ
အိမ်ထောင်ဖက် အရွေးမမှားဖို့
သတိထားရလိမ့်မယ်. . .နော်

ချစ်တာတစ်ခုတည်းကြည့်ပြီး မရွေးသင့်ဘူး.
ညီအစ်ကို မောင်နှမ ဆွေမျိုးများတဲ့
အုပ်စုကြီးထဲကို ၀င်မိတဲ့အခါ
အားလုံးနဲ့ အဆင်ပြေဖို့ သိပ်မလွယ်လှဘူး

မိဘ သိပ်ချစ်တဲ့သူ ယူမိတဲ့အခါ
သူ့မိဘတွေနဲ့ ကိုယ်က ပေါင်းရတော့မှာ
သူ့မိဘတွေက ကိုယ့်အပေါ်အမြင်စောင်း
ကိုယ်ကလည်း သူတို့အပေါ် အကောင်းမမြင်တဲ့အခါ
ပြည်ပန်းညို ချိုပါလျက် ဆားကဖျက်တဲ့ ကိန်းမျိုး
ကြုံကြိုက်ရတတ်တယ်

ချစ်လို့ ယူပြီးကာမှ မိဘဆွေမျိုး
ညီအစ်ကို မောင်နှမတွေနဲ့ အဆင်မပြေလို့
လင်မယားချင်း စိတ်ဝမ်းကွဲပြီး
ကွဲကွာ ခွဲခွာရရင် မကောင်းဘူးပေါ့နော်
ဒါကြောင့် မယူခင်က သေချာမေး
သေချာရွေးပါလို့ ဖေဖေ သတိပေးချင်တယ်

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လမ်းစရှာနည်း



ဘယ်ကစလုပ်ရမှန်းမသိရင် လုပ်လို့ရတဲ့နေရာက စလုပ်။

လူတော်တော်များများ ပြောနေကျ
စကားတစ်ခွန်းရှိတယ်။
အလုပ်တွေ ဘယ်ကစလုပ်ရမှန်းမသိဘူး လို့

စဉ်းစားမနေပါနဲ့…………
အရေးကြီးတာက
လုပ်လို့ရသလောက်က စပြီးလုပ်ဖို့ပဲ

ငါလုပ်ချင်တာကို လုပ်လို့မရသေးရင်
မလုပ်သေးဘူးဆိုပြီး
ပုဆိုးခြုံကာ အိပ်နေတာမျိုးတော့
လုပ်လို့ဘယ်ဖြစ်မလဲ။

ထိုင်းမှိုင်းသွားတတ်တယ်။
လုပ်ချင်တာလုပ်နိုင်တဲ့အခွင့်အရေးက
အိပ်နေတဲ့သူကို မနှိုးတတ်ပါဘူး။

သူ.ဘာသာသူဆက်ပြီးသွားမှာဖြစ်တယ်။
အဲ့သည်လိုနဲ့
အခွင့်အရေးတွေက လက်လွတ်ကုန်ပြီး
အခွင့်မသာဘူးလို့
ကိုယ့်ဘာသာ ကိုယ်ထင်ကာ
စိတ်ဓာတ်ကျသွားသူတွေ
ဟောဒီလောကကြီးမှာ
အများကြီးပဲ။

အဲဒီလို စိတ်ဓာတ်မကျအောင်
ဘာလုပ်သင့်တယ်
ဘာလုပ်ရမယ်
ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတာ
သိအောင်လုပ်ပြီး
ချက်ချင်းစလုပ်လိုက်ပါ
လမ်းစပေါ်သွားလိမ့်မယ်။

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အရှင်ယသတို့သားအဘ ဘုရားနှင့်တွေ့ ၍ တရားနာနေပုံ။



ဘုရားဖြစ်မည့်နေ့၌ဃနာနို့ဆွမ်းလှူဒါန်းဆက်ကပ်သောသုဇာတာ၏သားဦးရတနာဖြစ်သော ယသ သတို့သား သည် ဘုရားအလောင်းစံနေသကဲ့သို့ ဆောင်းနွေမိုး ဥတု ၃ပါးနှင့်သင့်တော်သော ပြာသာဒ် ၃ဆောင်ဖြင့် စံစား၍နေစဉ် ညဉ့်အချိန်မှာ အိပ်ရာမှနိုးလေသော်မတော်မလျော် အိပ်ပျော်နေကြသော အခြွေအရံ မိန်းမ တစ်စုကိုမြင်မိ၍ သုသာန်ကဲ့သို့ထင်ကာ မိဂဒါဝုန်ဖက်သို့ ညချင်းပင် ထွက်လာလေသည်။

ထိုအခါ ဘုရားနှင့်တွေ့၍ တရားနာရသဖြင့် သောတာပန်ဖြစ်ပြီးနောက် လိုက်၍ရှာသော ဘခင်အား သားကိုမမြင်ရအောင် တန်ခိုးဖြင့်ကွယ်ထား၍ အသင့်သားကို တွေ့ရပါလိမ့်မည် ဟုမိန့်တော်မူကာ တရားတော်ကို ဟောပြန်ရာ သောတာပန်ဖြစ်၍ ယသ သတို့သားလည်း ရဟန္တာဖြစ်လေသည်။ ထိုအခါ တန်ခိုးတော်ကို ရုပ်သိမ်းလိုက်သဖြင့် သားအဘတွေ့ကြ၍ ယသ လည်း ရဟန်းပြုလေသည်။

VNERABLE YASA AND HIS FATHER MET THE BUDDHA

Yasa was the first born son of Sujata who offered milk-porridge to the Great Being on the very day he was to become the Enlightened Buddha. He had been brought up in the greatest luxury as in the case of the Future Buddha, three separate mansions being provided for three different seasons, namely, the wet, cold and dry seasons. Waking up one night , he found his place attendants, female musicians, asleep in unseemly conditions, and deeming the scene to be a cemetery, went out from his house and the city to the Dee Park of Isipatana that every night.

Yasa came into the presence of the Buddha and, after hearing the sermon from the Blessed One, was established in the first noble stage of the Aryan Path. Yasa s father went in search of his son and came to the Buddha. The Buddha made Yasa invisible with his supernatural power and assuring him with these words.You will find your son preached a sermon to him. Yasa s father was also established in the fourth holy stage of the Aryan Path. The Blessed One then discontinued the use of the supernatural power with the result that the father met the son, and ordained Yasa as a monk at his request.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဒေါသမဖြစ်နဲ့

Anger is short madness.
ဒေါသဆိုတာ ခဏတာ ရူးသွတ်ခြင်းပဲ



လူငယ်တွေရဲ့ ဘ၀မှာ
အဖြစ်အများဆုံးအရာကတော့
စိတ်တိုခြင်း. .
စိတ်ဆတ်ခြင်းပဲ။
တစ်ချို့ က စိတ်ဆိုးလွယ်တာကို
ဂုဏ်ယူတတ်ကြတယ်။

ဒေါသဖြစ်ပြီး စိတ်မြန်လက်မြန်ရှိတာကို
နှစ်သက်ကြတယ်။
တကယ်တမ်းကြတော့ . .
သူတို့ကိုယ် သူတို့ သေသေချာချာ
မတွေးကြည့် မသုံးသပ်မိလို့ပါ။
ငါ့ဘ၀မှာ. .
ဒေါသကြောင့် ဘယ်နှစ်ခါ မှားပြီးပြီလဲ
ဘာတွေ ဆုံးရှုံးသါားပြီလဲဆိုတာ
တချို့ဆို. . .
ကိုယ့်ဒေါသကြောင့် ပြင်လို့မရနိုင်တဲ့
အမှားကြီးတွေတောင် ဖြစ်တယ်။

တကယ်တော့ . .
ဒေါသဖြစ်တဲ့သူဟာ
အရူးတစ်ယောက်လိုပါပဲ
အကြောင်း အကျိုး
အကောင်း အဆိုး
အမှား အမှန်
ဘယ်ဟာကိုမှ မဝေဖန်
မခွဲခြားတတ်တော့ဘူး ။
ဒါကြောင့် . . .
မင်းတို့ အရူးမဖြစ်ချင်နဲ့။

အိန်ဂျယ်(လ်)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဥသြသံဝါနှင့် ရွက်ဝါရင့်



နွေလျင်စောစော၊ ရင်ဟာမောသည့်
ဥသြတစ်ကိုယ်၊ ချွေးသိပ်လိုထင့်၊
ညောင်ညိုပင်ဖျား၊ ခိုဝင်နား၏။
သူဝင်နားခို၊ ပင်ညောင်အိုလည်း၊
ခွန်းဆိုခါခါ၊ အသံဝါကို၊
သာယာမချို၊ မနာလို၍၊
သက်အိုညောင်းညှာ၊ ရွက်ဝါ၀ါကို၊
လေမှာဝဲကျ၊ လွှင့်ခါချထင့်။ ။

ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မြန်မြန်ပြေးခြင်း


တပည်.တွေထဲကပြောကြ
ဆရာ ၊ကျွန်မစာရေးတာနှေးတယ်
ဆရာ ကျွန်တော်စာဖတ်တာ အရမ်းနှေးတယ်
တပည့်များထဲတွင် လေးသူ၊ဖြည်းသူ များရှိပါသည်။
ဖြည်းသူနှေးသူများအတွက်မြန်သူများကိုကြည့်ကာ စိတ်ဓါတ်ကျစရာတွေဖြစ်တတ်သည်။

တကယ်တော့. . . .
ဘ၀သည် မီတာ ၁၀၀ ပြေးပွဲ မဟုတ်ပါ။
ဒီအတွက် သုတ်သီးသုတ်ပြာ( Rush)လုပ်စရာမလိုပါ။
ဘ၀အတွက် မာရသွန်ပြေးပွဲသာဖြစ်သည်။
ရေရှည်ခရီးဖြစ်သည်။
မြန်မြန်သွားနိုင်တာကောင်းပါတယ်။
ခရီးရောက်ပါတယ်။

သို့သော်………………...
လောကမှာ အမြန်မပြေးနိုင်သူအများရှိပါသည်။
မမြန် စိတ်ဓာတ်ကျစရာမလိုပါ။
မှန်ဖို့သာလိုပါသည်။
မိမိဦးတည်သော လားရာ (Direction)မှန်ရပေမည်။
ထိုအခါလိုရာခရီးရောက်မည်သာဖြစ်သည်။
လားရာမှားနေပါက မြန်လေ၊ ပန်းတိုင်နှင့်ဝေးလေ ဖြစ်မည်ကိုသတိပြုပါ။

ဒေါက်တာခင်မောင်ညို

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မျက်နှာနှင့်ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှုကို အားပေးတဲ. ယောဂကျင့်စဉ်

ယခုတစ်ပတ် ယောဂကျင်.စဉ် ကဏ္ဍမှာတော.|မျက်နှာနှင်.ခန္ဓာကိုယ် တစ်ခုလုံးသွေးလည်ပတ်မှုကို အားပေးတဲ့ယောဂကျင်.စဉ်ကို ဖော်ပြလိုက်ပါတယ်။

ပြုလုပ်နည်း




အဆင်.(၁) -ဒူးထောက် ထိုင်ပါ။ဒူးခေါင်းတစ်ဖက်စီပေါ်တွင်တင်ထားပါ(ပုံ-၁)

အဆင်.(၂)-အသက်ကိုရှူသွင်းလိုက်ပါ။ထို.နောက်ရှူထုတ်ပြီး အသက်ကို အောင်.နိုင်သမျှအောင်.ထားပါ။

အဆင်.(၃)-ဒူးခေါင်းများပေါ်တွင်တင်ထားသောလက်ချောင်းများကို အပေါ်သို့ကော့၍ဆန့်ထုထ်လိုက်ပါ။ (ပုံ ၂) တစ်ချိန်တည်းမှာပင် ဦးခေါင်းကိုအဆုံးထိငုံ့နိုင်သမျှငုံ့ပါ။ုံ (ပုံ-၃)လျှာကိုအဆုံးထိ ထုတ်လိုက်ပါ။ မျက်လုံးများကိုလည်းအပေါ်သို.လှန်၍ကြည့်လိုက်ပါ။ (ပုံ-၄)
ထိုပုံစံအတိုင်း အသက်ကိုအောင်.နိုင်သမျှအောင်.ထားပါ။

အဆင်.(၄)-ထို.နောက် ခန္ဓာကိုယ်ကို မူလအနေအထားအတိုင်း ပြန်၍နေပါ။

အကြံပြုချက်

-အသက်ကို၀၀ရှူသွင်းပြီး ၀၀ရှူထုတ် ၍အသက်အောင့်နိုင်သမျှအောင့်ပါ။

-လက်ချာင်းများဆန်.ထုတ်ခြင်း၊ဦးခေါင်းငုံ့ခြင်း၊လျှာထုတ်ခြင်းတို့ကိုတစ်ပြိုင်နက်ထဲ ပြုလုပ်ပါ။

အကျိုးကျေးဇူး

-မျက်နှာနှင့်ခန္ဓာကိုယ်တစ်ခုလုံးကိုသွေးလည်ပတ်မှုအားကောင်းစေသည်။

-အာရုံကြောများ ၊ကလာပ်စည်းများကို နိုးကြားစေသည်။

သရုပ်ပြ-နန်းဆုကေဆွမ်

Health Digest Journal.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ချစ်ခြင်း၏ လျှို့ဝှက်ချက်များ


Here is love's secret
To receive it in abundance
It must first be given in abundance,
with no thought or desire for its return.

ချစ်ခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ ဒါမျိုး
များများစားစား လက်ခံရယူဖို့
ပြန်လည်တုံ့ပြန်မှုအတွက်
အတွေးဆန္ဒ လုံးဝမရှိတဲ့
(ပေးဆက်မှုတွေကို)
အရင်ဆုံး အများအပြား ပေးအပ်ရမယ်.

ချစ်ခြင်းလျှို့ဝှက်ချက်ဆိုတာ
ကိုယ့်အတွက် ရလိုမှုမဟုတ်ပါ
များများရချင် များများပေး
တုံ့ပြန်ရယူလိုတဲ့ အတွေးဆန္ဒနဲ့
ဝေးနိုင်သမျှ ဝေးပါစေ

The secret of love firs,
adjustment then, contentment
finally, enjoyment.

ချစ်ခြင်းရဲ့လျှို့ဝှက်ချက်ကတော့
ပထမ- ညှိနှိုင်းယူတတ်မှု
နောက်- ကျေနပ် ရောင့်ရဲမှု
နောက်ဆုံးမှာတော့ - ပျော်ရွှင်မှုတို့ပါပဲ

ချစ်ခြင်းလျှို့ဝှက်ချက်
သိပ်မခက်ဘူးနော်
ညှိနှိုင်းကျေနပ်
ပျော်ရွှင်တတ်မယ်ဆိုရင်
ရလဒ်ကောင်းတွေရမှာပေါ့.

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



သမီးရေ
အောင်မြင်မှုတိုင်း လိုလို
တီထွင် စွန့်စားမှု ရှိတတ်စမြဲပဲ.
အဲ့ဒါ ဖေဖေ့ ကိုယ်တွေ့။

ဖေဖေဟာ စာပေလောကမှာ
သူများ မတွေးတဲ့ အတွေး
သူများမရေးတဲ့ အရေးတွေနဲ့
သူများနဲက မတူတဲ့ လိုင်းလေးတစ်လိုင်းကို
တီထွင်စွန့်စားပြီး ဖောက်ခဲ့တယ်

အချိန်တိုအတောအတွင်းမှာ
အကျိုးရလဒ်ကတော့
နေရာလေး တစ်နေရာ ရခဲ့တာပါပဲ

တကယ်လို့ ဖေဖေသာ မစွန့်စားဘဲ
ဖေဖေရေးချင်တဲ့ ၀တ္တု ၊ ကဗျာ ၊ဆောင်းပါးတွေကို
သမားရိုးကျ ပုံစံအတိုင်းသာ ရေးနေမယ်ဆိုရင်
သူများနောက်မှာ အဝေးကြီး တန်းစီနေရဦးမယ်

ဒီတော့
သမီးလေးက
အောင်မြင်မှုကို လိုချင်တယ်ဆိုရင်
တီထွင် စွန့်စားရမယ် ဆိုတဲ့ အတွေးကို
အရေးထား စဉ်းစားရမယ် ဆိုတာမမေ့နဲ့. .

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မွေးနေ့ ဂုဏ်ပြုလျှောက်ထားလွှာ


ကျေးဇူးတော်ရှင် သီတဂူဆရာတော် အရှင်ဥာဏိဿရ ၏ ၁၃၇၂ခုနှစ် တပေါင်းလပြည့် (၁၉-၃-၂၀၁၀)နေ့တွင် ကျရောက်သည့် သက်တော်(၇၄)နှစ်ပြည့် မွေးနေ့မင်္ဂလာ ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ပူဇော်ပါသည် ဘုရား………။

အပြည်ပြည်ဆိုင် သီတဂူ ၀ိပဿနာ ကမ္မဋ္ဌာန်းဌာန (စစ်ကိုင်း) SITAGU INTERNATIONAL VIPASSANA ACADEMY (SAGAING) သီတဂူသာသနာပြုအဖွဲ့ကြီး၏ ဦးစီးပဓာနဖြစ်တော်မူသော သီတဂူ ဆရာတော် ဘုရားကြီး ကို မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင် တို့က ပဲခူးတိုင်း၊ ပြည်မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်ခဲ့ပါသည်။ အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီး အသက်(၁၅)နှစ်အရွယ်မှာ ရှင်သာမဏေပြုခဲ့ပါသည်။

သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ် တွင် သဲကုန်းမြို့၌ ရဟန်းပြုခဲ့ပြီး ရှင်သာမဏေပြုချိန်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့ တပ် အလယ်တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့ပါသည်။

ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃၃၄ - ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ နှစ်စဉ် တရားပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။

၁၃၃၈ခုတွင် - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့ပါသည်။
၁၃၄၂ - ၄၇ခု - စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀၀)ခန့်အတွက်-သီတဂူရေအလှူတော် စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ (တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင်ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်ပါသည်။)

ဆရာတော်ကြီးသည် ရေအလှူတော် စီမံကိန်းကြီးအောင်မြင်အပြီး ၁၃၄၇ - ၀ါခေါင်လပြည့်နေ့မှစ၍ ''သီတဂူအာယုဒါနဆေးရုံ''ကို ဆောက်လုပ်ခါ ဆေးဝါးကုသ ဒါနပြုလျှက်ရှိပါသည်။ သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လာရာ ယခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီးဆေးရုံ (၁၂) ခုနှင့် တည်ဆောက်ဆဲ ဆေးရုံ (၆) ခုရှိပါသည်။

ယခုအခါတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)၊ သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၊သီတဂူ ဗုဒ္ဓတက္ကသိုလ် (မန္တလေး)၊ နာဂစ်အလှူတော်များနှင့် စာသင်ကျောင်း၊ ဆေးရုံအလှူတော်များ ၊သီတဂူဗုဒ္ဓ၀ိဟာရ (အမေရိက) အစရှိသော ပရဟိတ စီမံကိန်းကြီးများကို ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ဆရာတော်ဘုရားကြီးသည် ရေအလှူတော်၊ အာယုဒါနအလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ကလေးငယ်များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိပါသည်။

ဆရာတော်ကြီးသည် ပြည်တွင်းသာမက ပြည်ပသာသနာပြုခရီးများကိုလည်း ကိုယ်တိုင်သွားရောက်ကာ သာသနာပြုခဲ့ပါသည်။ သီတဂူဆရာတော်သည် အမေရိကန်နိုင်ငံတွင် သီတဂူဗုဒ္ဓ၀ိဟာရ ကျောင်းတော်ကြီးကို ထည်ထည်ဝါ၀ါ တည်ထောင်တော်မူပြီး ထိုကျောင်းဝန်းအတွင်းဝယ် မြန်မာမှုမြန်မာ့ဟန်ဖြင့် ရွှေစည်းဂုံစေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် စတင်နေပြီ ဖြစ်ပါသည်။ ထိုနိုင်ငံတွင် သီတဂူသာသနာပြုအဖွဲ့ကြီးကို တည်ထောင်ခြင်းသည်လည်း သီတဂူသာသနာပြု အဖွဲ့ကြီး၏ သာသနာပြု လုပ်ငန်း များစွာတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

ဆရာတော်ကြီးသည် အနာဂတ်သာသနာ ပြန့်ပွားရေးအတွက် သီတဂူဗုဒ္ဓ တက္ကသိုလ်များ ကို ဖွင့်လှစ်ကာ ဗုဒ္ဓစာပေများကို သင်ကြားရုံမကပဲ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားပြီး သာသနာပြုနိုင်ရန်အတွက် သံဃာတော်များကို နိုင်ငံခြားသို့ပို့လွှတ်ပညာများ သင်ယူလေ့လာ ရန် စေလွှတ်ခဲ့ပါသည်။

ဆရာတော်ကြီး၏ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ထောက်ပံ့မှု့များ အကြောင်းကိုလည်း တပည့်တော်တို့ ကိုယ်တိုင်ကြုံတွေ့ရသည်မှာ တကယ်ပင် ကြက်သီးဖြန်းဖြန်း ထမိအောင် ၀မ်းမြောက်ပီတိဖြစ်မိပါတယ် ဆရာတော်ကြီးရဲ့ မွန်မြတ်လှတဲ့ မေတ္တာ စေတနာများက သာသနာတော်အတွက် တင်မကပဲ လူသားတိုင်းအတွင် တန်ဖိုးမဖြတ်နိုင်သည့် အရာများဖြစ်ပါသည်။

ဆရာတော်ကြီးသည် ကျွန်မတို့နေထိုင်ရာ ဧရာဝတီတိုင်း မြို့တော်ဖြစ်သော ပုသိမ်မြို့တွင်လည်း ရေအလှူတော် ၊ ဆေးအလှူတော် ၊ စက္ခုဒါန အလှူတော် ၊ ဆေးရုံအလှူတော်များ အတွက် တရားပွဲများကို အမြဲလာရောက်ကျင်းပခဲ့ပါသည်။ ဧရာဝတီတိုင်း၏ နာဂစ်ဒေသများတွင်လည်း ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းများကို ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

ဆရာတော်ကြီး၏အလှူများထဲတွင် မည်သူမှ မလုပ်နိုင်သည့်အလှူတော် တစ်ခုကိုလည်း လှူဒါန်းခဲ့ပါသည်။ ၀ါခေါင်လပြည့်နေ့(မေတ္တာအခါတော်နေ့)အကြို မေတ္တာ-ကရုဏာအလှုလို့ အမည်ပေးထားသည့် အလှူတော်တစ်ခုကို(၂၁-၈-၂၀၁၀)၊ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် အပြစ်ဒဏ်အသီးသီး ခံနေကြရသော အကျဉ်းသား(၉၀၀၀)ကို တစ်နေ့တာအဟာရဒါန အလှူအဖြစ် လှူဒါန်းခဲ့ပြီး မန္တလေးဗဟို အကျဉ်းထောင်နှင့် ထုံးဘို ကျောက်ထုစခန်းတို့တွင် ၂၀၁၀ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ တွင်လှူဒါန်းပြုလုပ်ခဲ့ပါသည်။

ဆရာတော်ကြီး ၏ တရာတော်များမှ ၊ တရားဓမ္မအဆုံးအများ သာမက အသိဥာဏ် ဗဟုသုတများ နာယူမှတ်သားစရာများစွာ ပါရှိပါသည်။ နိဗ္ဗာန်မရောက် ခင်.. .

“မကောင်းတာမှန်သမျှ မလုပ်နဲ့”
"မကောင်းတာမှန်သမျှ မတွေးနဲ့ "
"မကောင်းတာမှန်သမျှ မပြောနဲ့"

"ကောင်းမှုရှိမှာ ကောင်းကျိုးရတယ် "
"ကောင်းကျိုးများများရခြင်လျှင် "
"ကောင်းမှုများများလုပ်ပါ "

"သူတစ်ပါးအကျိုးကို ဆောင်ရွက်နိုင်သောသူဖြစ်ရပါစေ"
"သူတစ်ပါးအကျိုးကို ဖျက်ဆီးသေသူ မဖြစ်ရပါစေနှင့်။ "

စသည့်တို့သည် ဆရာတော်ကြီးတရားများတွင် တပည့်တော် မှတ်သားစရာများ၊ လိုက်နာစရာများ အဖြစ် မှတ်သားထားပြီး တကယ့်လက်တွေ့တွင် လိုက်နာကျင့်သုံးခဲ့ပါသည်။

တပည့်တော် တို့ ဧရာဝတီစာကြည့်တိုက် မှ သာသနာတော်အတွက် အားကိုးဖြစ်တော်မူသော သီတဂူဆရာတော်ကြီးမွေးနေ့ ပူဇာ အားရေးသားခွင့်ပေးသော ဘုန်းဘုန်း အရှင်ကောဝိဒသိရီ(သီတဂူစတား) အား အထူးကျေးဇူးတင်ပါတယ်။

တုနှိုင်းမရသော ဆရာတော်ကြီး၏ သီလ၊သမာဓိ၊ ပညာဂုဏ် နှင့် သာသာနာအပေါ်တွင် ထားသည့် မေတ္တာ၊စေတနာ တို့အား တပည့်တော် ဒီစာမူဖြင့် ရေးသားပူဇော်ပါတယ် ဘုရား ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ပြုလုပ်ငန်းများနှင့် တပည့်တော်တို့အား တရားဓမ္မများကို ဆက်လက်ပေးစွမ်းနိုင်ပါစေလို့ ဆုတောင်း ပူဇော်ကန်တော့ပါတယ် ဘုရား ။

သီတဂူဆရာတော်ကြီး ကျန်းမာချမ်းသာပါစေ ဘုရား

ဓာတ်ပုံကို http://www.sitagustar.net မှ ကူးယူဖော်ပြပါတယ်.


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မြတ်မော်တင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်

ယခုအချိန်မှာ ကျွန်မတို့ ဧရာဝတီတိုင်း ၊ငပုတောခရိုင်တွင် တည်ထားကိုးကွယ်ထားသော တန်ခိုးကြီးလှတဲ့ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကျင်းပသည့် အချိန်ကို ပြန်လည်ကျရောက်လို့လာပါပြီ. . . မြတ်မော်တင်ဘုရားသည် ဧရာဝတီတိုင်းတွင်း တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သောကြောင့် တပေါင်းလတွင် ပုသိမ်မြို့နှင့်တကွ ဘုရားပွဲကျင်းပသော မြတ်မော်တင်တောင်တွင် အထူးစည်ကား လျက်ရှိပါသည်။ မြတ်မော်တင် ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားပွဲတော်အချိန်ဆိုလျှင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွား သင်္ဘောများဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံလျက်ရှိပါတယ်. . .

စာဖတ်သူများအား မြတ်မော်တင်ဘုရားပွဲတော် သို့ သွားရောက်နိုင် ဖူးမျှော်နိုင်သည်ဖြစ်စေ၊ မသွားရောက် နိုင်သည်ဖြစ်စေ ဗဟုသုတရစေရန်အတွက် မြတ်မော်တင်စွန်းဘုရားပွဲတော်သမိုင်းအကျဉ်းကို ရေးသား တင်ပြလိုက် ပါတယ်.. . .

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်မှာ မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာခြင်းဖြစ်ပါသည်။ ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီကြီးဖြစ်ပါတယ်။

ထို့နောက် မြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေး သနား တော်မူ၏။ကုန်သည် ညီနောင်တို့သည် လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍၀မ်းမြောက်ရွင်မြူးစွာ ပင့်ဆောင်ခဲ့ကြ သည်။ မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါမဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းက ဆံတော်မြတ်နှစ်ဆူ ကို အကောက်ခွန်အဖြစ် ပင့်ဆောင်ထား လေသည်။ ထိုမှတဆင့်ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြ ပြန် ရာတွင် ဇေယျသေနနဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်)အရပ်သို့ရောက်သို့ ရောက်ရှိကြ သည်။ ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပ ဘုရားရှင် တို့၏ ဓာတ်တော် ၊ မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။

ထိုအခါဇေယျသေန နဂါးမင်းသည် နော်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီ တည် ထားရန် အတွက် ဆံတော်မြတ်နှစ်ဆူကို ခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်) အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကိုနောင်အရှည်လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ် သော စိုင်တမော့ အရွယ်ရှိ စေတီတော်ကို တည်ထားကိုးကွယ်သည်။

ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ ထူးခြားသည် ဟုအဆိုရှိကြသည်။

သက္ကရာဇ် ၄၅၄-၅၂၉ တွင် နန်းတက်သော ကျန်စစ်မင်းကြီး မြေးဖြစ်သူ အလောင်းစည် သူမင်းကြီးသည် မူလစိုင်တမော့အရွယ်ရှိ စေတီတော်ကို သာသနာ၅၀၀၀၀ ပတ်လုံးအဓွန့်ရှည်တည်တံ့စိမ့်သောငှာ အ၀န်းသံတောင် ၄၀၊ အမြင့်သံတောင် ၂၅ ရှိ စေတီကြီးအဖြစ်လူတစ်ရစ်ပါရမီဖြည့်ဆည်း၍တည်ထားတော် မူလေသည်။

မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓ္ဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ် ပူဇော်ပါက ရွှေသံ၊ ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင် လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော် ကွန့် မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့ကဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊ သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊ နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊ မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများ သိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊ နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲပွဲတော်ပြီးဆုံးသော အခါ လာရောက်ဖူးမြော်ကြခြင်း၊ ဘုရားဖူးများ အတွက် အန္တရာယ် တစ်စုံတစ်ရာမရှိ။ကျန်းမာသက်ရှည် လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက် များ ရှိနေပါတယ်၊

တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာပူဇော်ခဲ့ကြသည်။ ယခုနှစ်တွင်လည်း တပေါင်းလဆန်း ၁ ရက် (၅.၃.၂၀၁၁)မှ တပေါင်းလပြည့်နေ့ (၁၉.၃.၂၀၁၁) အထိ ပွဲတော်ရက်များ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြို့နယ် ခမောက်မော်ဆိပ်ကမ်းသို့ ရှပ်ပြေးရေယာဉ်များဖြင့် လည်းကောင်း ၊ ရန်ကုန်မှတိုက်ရိုက် သွားလိုသူများအတွက် ရန်ကုန်-ပုသိမ် အမြန်သဘောင်္များ ပြေးဆွဲ ပို့ဆောင်ပေးလျှက်ရှိပါသည်။ ခမောက်မော် မှ တဆင့် မော်တင်တောင်ခြေအရောက် ခရီးသည်တင်ကား များဖြင့်ပြေးဆွဲပေးသည်။ ထိုမှလေးမိုင် ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက် ဖူးမျှော်ရင်း ပျော်ရွှင်စွာ ရေကစားနိုင်သည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့် ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက် များတွင် လူတိုင်း ချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော် နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူငယ်နှင့် တာဝန်သိမှု



လူတွေ အကြောင်းပြောရင်
အမှီအခိုနဲ့ လွပ်လပ်မှုအကြောင်း
ပြောလေ့ရှိတယ်.

လူတွေဟာ အခြားသတ္တ၀ါတွေလိုမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် မှီခိုနေရတယ်
ဒီအတွက် အချို့ကတော့
မလွတ်လပ်ဘူးလို့ ဆိုကြတယ်

"ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်"
"ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် "
ဆိုတာ လွပ်လပ်မှု မဟုတ်ပါဘူး
တာဝန်မဲ့မှုသာဖြစ်တယ်.

ကျန်းမာပြီး စွမ်းဆောင်နိုင်သော လူသားအားလုံးဟာ
တာဝန်ယူတတ်သူတွေ ဖြစ်ရပါမယ်.
လူငယ်တွေဟာ တာဝန်ယူတတ်သူတွေ ဖြစ်ဖို့လိုတယ်
တာဝန်ပေးခံရတဲ့ အခါမှာ လိပ်ပြာသန့်သန့်နဲ့
တာဝန်ယူတတ်ဖို့ပါပဲ

ဒေါက်တာခင်မောင်ညို

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မေတ္တာ


စစ်မှန်တဲ့ မေတ္တာတရားဆိုတာ
သူတစ်ပါးကောင်းကျိုးကိုပဲ လိုလားတယ်. . .
မိမိကိုယ်ကျိုးကို မကြည့်ပါဘူး. . .

မေတ္တာတရားနဲ့ ပတ်သက်ပြီး
လူတွေဟာ အမျိုးမျိုး ပြောဆိုနေကြပါတယ်. .
ရယူခြင်းမရှိတာကို မေတ္တာ
ပေးဆက်ခြင်းသက်သက်ကို မေတ္တာ
မျှော်လင့်ချက်မထားတာကို မေတ္တာ
မောင်နှမ အချစ်သက်သက်ကို မေတ္တာ

စသဖြင့် အများကြီးပါပဲ

ဒါတွေဟာ
တကယ်တော့ မှန်ကန်တိကျရဲ့လား
(၅၂၈) မေတ္တာ ဆိုတာ ဘာလဲ?


ကိုယ့်ညီကို မောင်နှမကိုမှ
မေတ္တာထားနိုင်တာလား?
သူတစ်ပါးတွေဆိုရင် မထားနိုင်ဘူးပေါ့။

ဒါမှမဟုတ်
ကိုယ်မချစ်မနှစ်သက်တဲ့သူဆိုရင်
မေတ္တာ မထားနိုင်ဘူးလား ?

မေတ္တာတရားမှာ
ရွေးချယ်ခွင့်နှင့် ရွေးချယ်စရာမရှိပါဘူး။

စစ်မှန်တဲ့ မေတ္တာတရားဆိုတာ
နက်ရှိုင်းမှု ၊ သိမ်မွေ့မှု အပြည့်အ၀ရှိပါတယ် . .
သူ, ငါ , ယောက်ျား , မိန်းမ
ချစ်သူ , ခင်သူ , မုန်းသူ ဘာမှ မရှိဘူး
လူအားလုံးကို ကိုယ်ကျိုးမကြည့်ဘဲ
ကူညီနိုင်မှု သက်သက်ကို ခေါ်တာပါ. .

မေတ္တာတရားဆိုတာ
လူတိုင်းကို အပြည့်အ၀ တော့ မထားနိုင်ပါဘူး. . .

Step by Step . . ပေါ့. .

အားလုံး မေတ္တာထားနိုင်ကြပါစေ. . . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကံကောင်းလိုသော်



မိမိဘ၀ကံအကြောင်းမလှ၍ စိတ်ညစ်နေရလျှင် ဤဆောင်းပါးကိုဖတ်ပါ. . . ပျော်ရွှင်ချမ်းမြ ပြည့်စုံသောဘ၀မှာ ကံကောင်းနေသူဖြစ်လျှင်မူ ဤ စာအုပ်ကို ဖတ်ရှုနေရန် မလိုအပ်ပါ. . . .

ပြစ်တင်ရှုတ်ချ ၀ိုင်းပယ်ခံရသဖြင့် ညှိုးမှိမ်နိမ့်ကျ နေသလော
ဥစ္စာစည်းစိမ် ဆင်းရဲချို့တဲ့နေသလော
အနာရောဂါ နှိပ်စက် ဖိစီးသလော
အကျည်းတန် အရုပ်ဆိုး၍လော
အသက်အန္တရာယ် နီးကပ်နေသလော. .

မည်သို့ပင်ဖြစ်စေ ၊ ကံကောင်းစေရန် ကံကောင်းစေရန် မဖန်တီးနိုင်သော်လည်း ကံကောင်းစေသော နည်းလမ်းကို ယခုအချိန်မှ စ၍ လမ်းစကို သင်မြင်ရပါပြီ. . .

အောက်ပါပုံပြင်လေးကို သင်ကြားဖူးကောင်း ကြားဖူး ပါလိမ့်မယ်. . .

အခါတစ်ပါး ချစ်ခင်သော သူငယ်ချင်းနှစ်ယောက်သည် ခရီးတစ်ခုကို အတူလာခဲ့ကြလေသည်. . .တန်ဆောင်မုန်း လပြည့်နေ့ည ဖြစ်၍ သူတို့သည် တောင်ခါးပန်း လမ်းခုလတ်သို့ ရောက်သော အခါ တိုင်ပင်ကြလေသည်. .

တစ်ယောက်က မီးထွန်းပွဲတော်ဖြင့် စည်ကားနေသော တောင်အောက် မြေပြန့်သို့ ဆင်းချင်သည်. . . ဆိုင်းသံ၊ ဗုံသံ ဆိုကသံ၊ ကညာပျိုအလှတွေဖြင့် ဘာမဆိုရနိုင်သည့် နေရာဖြစ်သည်. . . ပထမလူက တောင်ခြေပျော်ပွဲမှာ ပါဝင်နွဲချင်နေသည်. . .

နောက်တစ်ယောက်က တောင်ပေါ်ဘုရားဆီသို့ တက်၍ ဖူးချင်သည်. . ဟိုမှာ ဘာဝနာ ကမ္မကျပဠာန်းတရား သွားရောက် ရှုပွားချင်သည်. . အေးချမ်းဆိတ်ငြိမ်သော တောင်ပေါ်ဘုရား ရင်ပြင်ပေါ်မှာ တရားရှုမှတ် ကောင်းမြတ်သော အလုပ်ကို လုပ်ချင်သည်. . .

နှစ်ယောက်သား ၀ိဝါဒ ကွဲပြားသည်. . . ထို့နောက် နံနက်မိုးသောက် အလင်းရောက်သောအခါ ဤနေရာမှာ ပြန်လာဆုံကြစို့. . . . ထို့နောက်မှ ခရီးအတူဆက်ကြရင် တိုင်ပင်ပြီး လမ်းခွဲကြလေသည်. . . အပျိုကညာ ပေါရာသို့ သွားချင်သူ က တောင်ခြေသို့ ဆင်းသွား၏. . . . ဆိတ်ငြိမ်ရာမှာ တရားရှာမှီးချင်သူက တောင်ပေါ်သို့ တက်သွားလေ၏. . . .

တောင်ပေါ်သို့တက်ပြီး ရင်ပြင်ပေါ်တွင် စင်္ကြလျှောက်ရင်း ၊တင်ပျဉ်ခွေထိုင်ရင်း တရားရှုမှတ်သူသည် သူ့အလုပ်သူလုပ်သည်. . သို့ဖြင့် သန်းခေါင်ကျော်လာရာ သူသည် သစ်ပင်တစ်ပင်ရင်း၌ ထိုင်၍ ကမ္မဠာန်းတရားများ ပွားများ စီးဖြန်းနေလေသည်. . .

ထိုစဉ် သစ်ပင်ပေါ်မှာ သစ်ကိုင်းခြောက် တစ်ချောင်း သည် ရုတ်တရက် ဖြောင်းခနဲက ကျိုးကျ၍ ထိုသူ၏ ပေါင်ပေါ်တည့်တည့်သို့ ရိုက်ချိုးလိုက်သကဲ့သို့ ပြင်းစွာ ကျလေ၏. . . . ထိုသူသည် ခြေသလုံးတွင်တွင် ကျိုးလုမတတ် နာကျင်ရလေသည်. . . တတ်နိုင်သမျှ တရားဘာဝနာ ကြိုးစားရှုမှတ်၏. . . လင်းသောအခါ တုတ်အကူ တောင်ဝှေးကို ထောက်လျှက် မိတ်ဆွေနှင့် ဆုံရမည့်နေရာသို့ ခပ်ဖြည်းဖြည်း ဆင်း၍လာခဲ့လေသည်. . . .

အပျော်အပါး အသောက်အစား စည်းစိမ်အရသာတွေ တစ်ဝကြီးခံစားခဲ့ရသော အခြားသူသည်. . .နံနက်မိုးသောက် အလင်းရောက်သော် အိပ်ရာမှ ထ၍ သူငယ်ချင်းနှင့် ချိန်းဆိုရာဘက်သို့ ထွက်ခဲ့လေ၏. . . လမ်းတွင် အထုပ်တစ်ထုပ်ကောက်ရလေ၏ . . ဖွင့်ကြည့်ရာ အသပြာတစ်ထောင် တိတိ ပိုင်ရှင်မရှိတွေ့ရသဖြင့် ၀မ်းသာအားရယူ၍ ချိန်းဆိုရာနေရာသို့ ရောက်လာလေ၏. . .

နှစ်ယောက်သားတွေ့ဆုံကြသောအခါ မိမိတို့ တွေ့ကြုံခဲ့သမျှကို နှီးနှောပြောဆိုကြလေသည်. . . . ဘုရား ကုန်းတော်ရင်ပြင်တော်ပေါ်သို့ တက်၍ ကမ္မဠာန်း ဘာဝနာ စီးဖြန်းခဲ့သည့်သူက ခြေကျိုးခဲ့သည်. . ကညာအလှ မဒီ တရုန်းရုန်းနှင့် သာယာသမျှ အရယ်ရယ် အပြုံးပြုံးနေလိုက်သူက အသပြာ တစ်ထောင် ထုပ်ပင် ရခဲ့ချေသေး. . .

ကောင်းရာလုပ်လို့ ကောင်းကျိုးမရ.
မကောင်းရာလုပ်လို့ ဆိုးကျိုးမရ. .
ကောင်းရာလုပ်လည်း ဆိုးကျိုးရ၏
မကောင်းရာလုပ်လည်း ကောင်းကျိုးရ၏.

နှစ်ယောက်သား ဤသို့ခံယူနားလည်မိကြောင်း ပြောဆို၍ ခရီးဆက်ခဲ့ကြရာ ကျောင်းသင်္ကန်း တစ်ခုသို့ ရောက်ရှိကြလေသည်. . .ထိုကျောင်းမှ ပညာဥာဏ်ရောင် ထင်ရှားသော ဆရာတော် ရဟန်းအား အကျိုးအကြောင်း လျှောက်ထားသောအခါ ဆရာတော်က ဤသို့ မိန့်ဆိုလေသည်. . . .

"ဒကာတို့ အတွေ့အကြုံကို နမူနာကောက်ယူ မူတည်၍ လောကနိယာမအဖြစ် ဆွဲယူကြခြင်းဖြင့် ကံနှင့် ပတ်သက်၍ ဒကာတို့ အထင်မှားနေပြီ

ပထမဒါယကာသည် ကောင်းမှုကုသိုလ်ပြုသည် မှန်၏. . .သူ့မူလကံအရ သစ်ကိုင်း ကျိုးကျ ခြေထောက် ဒဏ်ရာရရုံမျှ မဟုတ်သေး . . . သစ်ပင်ပိကျ ချက်ချင်း သေရမည့် ဘေးနှင့် ကြုံရမည်ဖြစ်၏. . . သို့ရာတွင် လတ်တလော ကုသိုလ်ကံ တားဆီးသဖြင့် ခြေထောက်ကျိုးရုံ မျှသာဖြစ်အောင်. . ထိုကုသိုလ်ကံက သက်သာရာရစေခဲ့သည်. . . .

ဒုတိယဒါယကာသည် သူ့အတိတ်ကံအကြောင်းအရ အသပြာမျှသာမဟုတ် . . .ရွှေထုပ် ၊ စိန်ထုပ်၊ ပတ္တမြားထုပ်များ သုံးမကုန် လှုမခန်းအောင် ချမ်းသာသည်အထိ ကောက်ယူ ရရှိကြွယ်ဝရမည့် သူဖြစ်လေ၏. . သို့ရာတွင် ထိုနေ့ညက မကောင်းမှု တို့၌သာ ယစ်မူးသာယာနေလိုက်မိသဖြင့် အသပြာ ကုဋေကုဠာ ထိုက်သော ရတနာတို့မရတော့ဘဲ ငွေတစ်ထောင် အထုပ်လိုက်ကလေးသာ ကောက်ရပေသည်. . လတ်တလော ဒုစရိုက်ကံကြောင့် ရမည့် အကျိုးပေးတရား လျော့နည်း ဆွံ့ပါးသွားရသည်. . . အဲဒါက ကံတရားပဲ. . . " ဟု မိန့်လေသည်. . . . . . .

ကောင်းမှုကုသိုလ်ဖြစ်စေ၊ မကောင်းမှု ဒုစရိုက်ဖြစ်စေ ချက်ချင်း လက်ငင်း ဓာတ်လိုက်သလို ခံစားရသော ဂရုကံမျိုး လည်းရှိသည်. . တဖြည်းဖြည်းမှ သရက်သီး ၊ပိန္နဲသီးကဲ့သို့ ရင့်မှည့်လာမှ ချိုမြိန်ရသော ကံမျိုး အကျိုးပေးပုံလည်းရှိသည်. . .

လုံလောက်သော ရင့်ကျက်မှု အထိရောက်ရှိအောင် ကောင်းမှုဟူသမျှ တိုးတက်အောင် ပြုလုပ်ရသည်. . . မကောင်းမှုကိုလည်း ပါးသည်ထက်ပါး နည်းသည်ထက်နည်းအောင် ပြုလုပ်ရသည် . . . . အဟုန်သဘော တစ်ခုနှင့် တစ်ခု စုပေါင်းအားပြုမိသောအခါ ကြီးမားသော အကျိုးကိုပေးလေသည်. . .

ကံဆိုသည်မှာ စေတနာဖြစ်သည်. . စေတနာ ထက်သန်သည်နှင့်အမျှ ကံအကျိုးပေး ထက်မြက် ထိရောက်သည်. . (ကံ) စေတနာမပါလျှင် ကံအကျိုးပေးမထက်မြက်ချေ. . .

ကံဆိုသည်မှာ ကောင်းကင် နဂါးငွေ့တန်း Milky Way ကြီးပမာ ဖြစ်သည်. . . ကြယ်ကလေးပေါင်း ထောင်သောင်း များစွာ သေးငယ်မှုမွှားလှစွာသော မမြင်သာလောက်သည့် စေတနာ၊ သဘောထား၊ အလေ့အထ အပြုအမူများမှသည်. . . ကြီးမားသော အလင်းရောင် အဖြူတန်းကြီး စုဝေးပေါ်ပေါက်လာကဲ့သို့ အကျိုး ပေါ်ထွက်ရသည်. . . .

ကောင်းသောကံ (အပြုအမူ) ကလေးများကို သေးမွှားသည် နည်းပါးသည် မဆိုဘဲ စုဆောင်းပါ. . . များသည် ထက်များ ၊ ပွားသည်ထက်ပွားအောင် စုဆောင်းပါ. ကောင်းကျိုး မုချဧကန် ရပါလိမ့်မည်. . . ဤသည်ကား နိယာမတရားတည်း. . . . .

ချစ်နိုင်(စိတ်ပညာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .



နောက်တစ်ခါကြုံ၇င် လက်မနှေးနဲ့



အိမ်ရှေ့မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ၀ံပုလွေတစ်ကောင်ဟာ တွေ့သွားပါရော. . . ဒါကြောင့် သူ့ကို စားတော့မှာ ဖြစ်တယ်. . ဒါပေမယ့် ခွေးက သူ့ကို အခု မစားချင်ပါနဲ့ လို့ ဆိုတယ်. .

အခုစားနေရင် ကျွန်တော်ဟာ ပိန်ပိန်သေးသေးပဲ ဖြစ်နေမယ်. . ဒါပေမယ့် ခင်ဗျား ခဏကလေး စောင့်မယ်ဆိုရင် ကျွန်တော့ရဲ့ သခင်အိမ်မျာ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်မှာမို့ ကျွန်တော့အဖို့စားစရာတွေ အများကြီး စားရလိမ့်မယ်. . ကျွန်တော်ဝဖြိုးလာမယ်. . . ဒီအချိန်မှာ စားရင် ခင်ဗျားဟာ ကျွန်တော့်ရဲက အသားကို များများ စားရမှာပေါ့. .

ဝံပုလွေက ဒါကိုလက်ခံမိတယ် . . . သူ့အစာကို နောက်မှပဲ စားတော့မယ်ဆိုပြီး ထွက်သွားပါတယ်. . .

ရက်အနည်းငယ်ကြာတဲ့အခါ. . .သူရောက်လာတယ်. . .

ခွေးဟာ အိမ်ခေါင်မိုးပေါ်မှာ အိပ်နေတာကြောင့် ၀ံပုလွေက " ပြောဆိုထားတဲ့ ကတိအတိုင်း အောက်ကို ဆင်းခဲ့ပါ . . ."လို့ လှမ်းခေါ်လိုက်တယ်. .

ဒါကိုခွေးက "နောက်တစ်ခါ ကျွန်တော်မြေကြီးပေါ်မှာ အိပ်နေတာ တွေ့ရင် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်တဲ့ အချိန်ထိ စောင့်မနေပါနဲ့ . . " လို့ပြန်ပြောလိုက်တယ်. .

(အသက်ဘေး အန္တရယ်က လွတ်မြောက်ခဲ့သူဟာ သူ့ဘ၀မှာ အလားတူ အန္တရယ်မျိုး ကြုံတွေ့တဲ့အခါ သတိပြုတတ်နေပြီ)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ပဉ္စ၀ဂ္ဂီ ငါးဦးတိုအား ဓမ္မစကြာတရား ဟောတော်မူနေပုံ



ဘုရားအလောင်း ဖွားမြင်စ၌ ရုပ်လက္ခဏာ ကြည့်ရှုရသော ပုဏား ရှစ်ယောက်တို့တွင် ၅ ယောက်သော ပုဏား တို့သည် မုချ ဘုရားဖြစ်လိမ့်မည်ဟု ယုံကြည်သောကြောင့် ရသေ့ ရဟုန်းပြုနှင့်ကြ၍ ဘုရားအလောင်း တောထွက်သောအခါ ရေပူရေချမ်း ကမ်းလှမ်းပြုစု နေကြလေသည်. . . ထို့နောက် ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်ရ၍ ဘုရားဖြစ်တော့မည် မထင်သောကြာင့် ဘုရားအလောင်းထံမှ ခွဲခွာ၍ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်. .

ဘုရားဖြစ်တော်မူ၍ တရားဦးဟောထိုက်သူများကို ရှုစားတော်မူသောအခါ ထိုရသေ့ ငါးဦး၏ ရင့်သန်သောဥာဏ် ကို မြင်တော်မူရကား ဗောဓိပင်မှ တစ်ဆယ့်ယူဇနာ ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော်သို့ ကြွတော်မူပြီးလျှင် ၀ါဆိုလပြည့်နေ့ နေမ၀င်မီ အချိန်တွင် ထိုပဉ္စ၀ဂ္ဂီ ရသေ့ငါးဦးအား ဓမ္မစကြာ တရားဦးကို ဟောတော်မူလေရာ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတပန်တည်လေသည်. . .

The Buddha Preaching The Sermon "The Wheel of Law" To The "Band of Five Disciples"

Soon after the birth of the Future Buddha, eight Brahmin fortune-tellers, observed the marks and characteristics of the Future Buddha's person. Five of these Brahmins interpreted that prince Siddhattha would unquestionably become a Buddha and with that belief, had already become ascetics. When Siddhattha retired from the world, they attended to his presonal needs. Then seeing that the Future Buddha had given up extreme ascetisism and gone back to the usual way of talking ordinary material food, they doubted if he would ever become a Buddha, and deserted him. Then they went and lived in the Deer Park at Isipatana near Benares.

The Blessed One, having attained the Supreme Wisdom, began hi life as the Great Teacher. He first thought of the persons whon he should first aid with his teaching , and saw that these five ascetics had developed mature intellect. He therefore went to the Deer Park at Isipatana near Benares, 18 youjanas( 1 yojana=about 8 miles) away from the Bodhi tree anbd preached his first sermon to thi "Band of Five Disciples" before sunset on the full moon day of Wazo( June-July). Kondanna was established in the first noble stage of the Aryan Path, along with eighteen crores of higher and lower gods.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

]

သားဖေဖေ


သားရယ်. . .
အကြင်နာ တရားလည်း မရှိ
ချိုချိုသာသာ စကားလည်း
မပြောတတ်တဲ့ အဖေရယ်လို့
လူ့လောကမှာ မရှိပါဘူးကွယ်. .

သားမသိတတ်ခင် အချိန်မှာ
အကြင်နာ တရားတွေနဲ့
ချိုချိုသာသာ စကားတွေ
အများကြီးပြောခဲ့ပြီးပါပြီ

သားမသိတတ်ခင် အချိန်ဆိုတော့
သားမမှတ်မိနိုင်တာ
ဖေဖေ အပြစ်မတင်ပါဘူး

သားကြီးပြင်းလာတဲ့ အချိန်မှာ
ကိုယ့်ဘ၀ကို မကျေနပ်နေတဲ့ ဖေဖေ
မိသားစု စားဝတ်နေရေးအတွက်
အပြေးအလွှား ရုန်းကန်နေရတဲ့ ဖေဖေ
သားကို သိပ်ပြီး
တော်စေ တတ်စေချင်တဲ့ ဖေဖေဟာ
အကြင်နာ စကားတွေ ပြောဖို့
တကယ်ပဲ မေ့နေခဲ့တယ်ဆိုရင်
ဖေဖေ့အမှားပါပဲကွယ်. .

သားကြောင့်တော့ဟုတ်မယ် မထင်ပါဘူး

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။