ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကံကောင်းလိုသော်



မိမိဘ၀ကံအကြောင်းမလှ၍ စိတ်ညစ်နေရလျှင် ဤဆောင်းပါးကိုဖတ်ပါ. . . ပျော်ရွှင်ချမ်းမြ ပြည့်စုံသောဘ၀မှာ ကံကောင်းနေသူဖြစ်လျှင်မူ ဤ စာအုပ်ကို ဖတ်ရှုနေရန် မလိုအပ်ပါ. . . .

ပြစ်တင်ရှုတ်ချ ၀ိုင်းပယ်ခံရသဖြင့် ညှိုးမှိမ်နိမ့်ကျ နေသလော
ဥစ္စာစည်းစိမ် ဆင်းရဲချို့တဲ့နေသလော
အနာရောဂါ နှိပ်စက် ဖိစီးသလော
အကျည်းတန် အရုပ်ဆိုး၍လော
အသက်အန္တရာယ် နီးကပ်နေသလော. .

မည်သို့ပင်ဖြစ်စေ ၊ ကံကောင်းစေရန် ကံကောင်းစေရန် မဖန်တီးနိုင်သော်လည်း ကံကောင်းစေသော နည်းလမ်းကို ယခုအချိန်မှ စ၍ လမ်းစကို သင်မြင်ရပါပြီ. . .

အောက်ပါပုံပြင်လေးကို သင်ကြားဖူးကောင်း ကြားဖူး ပါလိမ့်မယ်. . .

အခါတစ်ပါး ချစ်ခင်သော သူငယ်ချင်းနှစ်ယောက်သည် ခရီးတစ်ခုကို အတူလာခဲ့ကြလေသည်. . .တန်ဆောင်မုန်း လပြည့်နေ့ည ဖြစ်၍ သူတို့သည် တောင်ခါးပန်း လမ်းခုလတ်သို့ ရောက်သော အခါ တိုင်ပင်ကြလေသည်. .

တစ်ယောက်က မီးထွန်းပွဲတော်ဖြင့် စည်ကားနေသော တောင်အောက် မြေပြန့်သို့ ဆင်းချင်သည်. . . ဆိုင်းသံ၊ ဗုံသံ ဆိုကသံ၊ ကညာပျိုအလှတွေဖြင့် ဘာမဆိုရနိုင်သည့် နေရာဖြစ်သည်. . . ပထမလူက တောင်ခြေပျော်ပွဲမှာ ပါဝင်နွဲချင်နေသည်. . .

နောက်တစ်ယောက်က တောင်ပေါ်ဘုရားဆီသို့ တက်၍ ဖူးချင်သည်. . ဟိုမှာ ဘာဝနာ ကမ္မကျပဠာန်းတရား သွားရောက် ရှုပွားချင်သည်. . အေးချမ်းဆိတ်ငြိမ်သော တောင်ပေါ်ဘုရား ရင်ပြင်ပေါ်မှာ တရားရှုမှတ် ကောင်းမြတ်သော အလုပ်ကို လုပ်ချင်သည်. . .

နှစ်ယောက်သား ၀ိဝါဒ ကွဲပြားသည်. . . ထို့နောက် နံနက်မိုးသောက် အလင်းရောက်သောအခါ ဤနေရာမှာ ပြန်လာဆုံကြစို့. . . . ထို့နောက်မှ ခရီးအတူဆက်ကြရင် တိုင်ပင်ပြီး လမ်းခွဲကြလေသည်. . . အပျိုကညာ ပေါရာသို့ သွားချင်သူ က တောင်ခြေသို့ ဆင်းသွား၏. . . . ဆိတ်ငြိမ်ရာမှာ တရားရှာမှီးချင်သူက တောင်ပေါ်သို့ တက်သွားလေ၏. . . .

တောင်ပေါ်သို့တက်ပြီး ရင်ပြင်ပေါ်တွင် စင်္ကြလျှောက်ရင်း ၊တင်ပျဉ်ခွေထိုင်ရင်း တရားရှုမှတ်သူသည် သူ့အလုပ်သူလုပ်သည်. . သို့ဖြင့် သန်းခေါင်ကျော်လာရာ သူသည် သစ်ပင်တစ်ပင်ရင်း၌ ထိုင်၍ ကမ္မဠာန်းတရားများ ပွားများ စီးဖြန်းနေလေသည်. . .

ထိုစဉ် သစ်ပင်ပေါ်မှာ သစ်ကိုင်းခြောက် တစ်ချောင်း သည် ရုတ်တရက် ဖြောင်းခနဲက ကျိုးကျ၍ ထိုသူ၏ ပေါင်ပေါ်တည့်တည့်သို့ ရိုက်ချိုးလိုက်သကဲ့သို့ ပြင်းစွာ ကျလေ၏. . . . ထိုသူသည် ခြေသလုံးတွင်တွင် ကျိုးလုမတတ် နာကျင်ရလေသည်. . . တတ်နိုင်သမျှ တရားဘာဝနာ ကြိုးစားရှုမှတ်၏. . . လင်းသောအခါ တုတ်အကူ တောင်ဝှေးကို ထောက်လျှက် မိတ်ဆွေနှင့် ဆုံရမည့်နေရာသို့ ခပ်ဖြည်းဖြည်း ဆင်း၍လာခဲ့လေသည်. . . .

အပျော်အပါး အသောက်အစား စည်းစိမ်အရသာတွေ တစ်ဝကြီးခံစားခဲ့ရသော အခြားသူသည်. . .နံနက်မိုးသောက် အလင်းရောက်သော် အိပ်ရာမှ ထ၍ သူငယ်ချင်းနှင့် ချိန်းဆိုရာဘက်သို့ ထွက်ခဲ့လေ၏. . . လမ်းတွင် အထုပ်တစ်ထုပ်ကောက်ရလေ၏ . . ဖွင့်ကြည့်ရာ အသပြာတစ်ထောင် တိတိ ပိုင်ရှင်မရှိတွေ့ရသဖြင့် ၀မ်းသာအားရယူ၍ ချိန်းဆိုရာနေရာသို့ ရောက်လာလေ၏. . .

နှစ်ယောက်သားတွေ့ဆုံကြသောအခါ မိမိတို့ တွေ့ကြုံခဲ့သမျှကို နှီးနှောပြောဆိုကြလေသည်. . . . ဘုရား ကုန်းတော်ရင်ပြင်တော်ပေါ်သို့ တက်၍ ကမ္မဠာန်း ဘာဝနာ စီးဖြန်းခဲ့သည့်သူက ခြေကျိုးခဲ့သည်. . ကညာအလှ မဒီ တရုန်းရုန်းနှင့် သာယာသမျှ အရယ်ရယ် အပြုံးပြုံးနေလိုက်သူက အသပြာ တစ်ထောင် ထုပ်ပင် ရခဲ့ချေသေး. . .

ကောင်းရာလုပ်လို့ ကောင်းကျိုးမရ.
မကောင်းရာလုပ်လို့ ဆိုးကျိုးမရ. .
ကောင်းရာလုပ်လည်း ဆိုးကျိုးရ၏
မကောင်းရာလုပ်လည်း ကောင်းကျိုးရ၏.

နှစ်ယောက်သား ဤသို့ခံယူနားလည်မိကြောင်း ပြောဆို၍ ခရီးဆက်ခဲ့ကြရာ ကျောင်းသင်္ကန်း တစ်ခုသို့ ရောက်ရှိကြလေသည်. . .ထိုကျောင်းမှ ပညာဥာဏ်ရောင် ထင်ရှားသော ဆရာတော် ရဟန်းအား အကျိုးအကြောင်း လျှောက်ထားသောအခါ ဆရာတော်က ဤသို့ မိန့်ဆိုလေသည်. . . .

"ဒကာတို့ အတွေ့အကြုံကို နမူနာကောက်ယူ မူတည်၍ လောကနိယာမအဖြစ် ဆွဲယူကြခြင်းဖြင့် ကံနှင့် ပတ်သက်၍ ဒကာတို့ အထင်မှားနေပြီ

ပထမဒါယကာသည် ကောင်းမှုကုသိုလ်ပြုသည် မှန်၏. . .သူ့မူလကံအရ သစ်ကိုင်း ကျိုးကျ ခြေထောက် ဒဏ်ရာရရုံမျှ မဟုတ်သေး . . . သစ်ပင်ပိကျ ချက်ချင်း သေရမည့် ဘေးနှင့် ကြုံရမည်ဖြစ်၏. . . သို့ရာတွင် လတ်တလော ကုသိုလ်ကံ တားဆီးသဖြင့် ခြေထောက်ကျိုးရုံ မျှသာဖြစ်အောင်. . ထိုကုသိုလ်ကံက သက်သာရာရစေခဲ့သည်. . . .

ဒုတိယဒါယကာသည် သူ့အတိတ်ကံအကြောင်းအရ အသပြာမျှသာမဟုတ် . . .ရွှေထုပ် ၊ စိန်ထုပ်၊ ပတ္တမြားထုပ်များ သုံးမကုန် လှုမခန်းအောင် ချမ်းသာသည်အထိ ကောက်ယူ ရရှိကြွယ်ဝရမည့် သူဖြစ်လေ၏. . သို့ရာတွင် ထိုနေ့ညက မကောင်းမှု တို့၌သာ ယစ်မူးသာယာနေလိုက်မိသဖြင့် အသပြာ ကုဋေကုဠာ ထိုက်သော ရတနာတို့မရတော့ဘဲ ငွေတစ်ထောင် အထုပ်လိုက်ကလေးသာ ကောက်ရပေသည်. . လတ်တလော ဒုစရိုက်ကံကြောင့် ရမည့် အကျိုးပေးတရား လျော့နည်း ဆွံ့ပါးသွားရသည်. . . အဲဒါက ကံတရားပဲ. . . " ဟု မိန့်လေသည်. . . . . . .

ကောင်းမှုကုသိုလ်ဖြစ်စေ၊ မကောင်းမှု ဒုစရိုက်ဖြစ်စေ ချက်ချင်း လက်ငင်း ဓာတ်လိုက်သလို ခံစားရသော ဂရုကံမျိုး လည်းရှိသည်. . တဖြည်းဖြည်းမှ သရက်သီး ၊ပိန္နဲသီးကဲ့သို့ ရင့်မှည့်လာမှ ချိုမြိန်ရသော ကံမျိုး အကျိုးပေးပုံလည်းရှိသည်. . .

လုံလောက်သော ရင့်ကျက်မှု အထိရောက်ရှိအောင် ကောင်းမှုဟူသမျှ တိုးတက်အောင် ပြုလုပ်ရသည်. . . မကောင်းမှုကိုလည်း ပါးသည်ထက်ပါး နည်းသည်ထက်နည်းအောင် ပြုလုပ်ရသည် . . . . အဟုန်သဘော တစ်ခုနှင့် တစ်ခု စုပေါင်းအားပြုမိသောအခါ ကြီးမားသော အကျိုးကိုပေးလေသည်. . .

ကံဆိုသည်မှာ စေတနာဖြစ်သည်. . စေတနာ ထက်သန်သည်နှင့်အမျှ ကံအကျိုးပေး ထက်မြက် ထိရောက်သည်. . (ကံ) စေတနာမပါလျှင် ကံအကျိုးပေးမထက်မြက်ချေ. . .

ကံဆိုသည်မှာ ကောင်းကင် နဂါးငွေ့တန်း Milky Way ကြီးပမာ ဖြစ်သည်. . . ကြယ်ကလေးပေါင်း ထောင်သောင်း များစွာ သေးငယ်မှုမွှားလှစွာသော မမြင်သာလောက်သည့် စေတနာ၊ သဘောထား၊ အလေ့အထ အပြုအမူများမှသည်. . . ကြီးမားသော အလင်းရောင် အဖြူတန်းကြီး စုဝေးပေါ်ပေါက်လာကဲ့သို့ အကျိုး ပေါ်ထွက်ရသည်. . . .

ကောင်းသောကံ (အပြုအမူ) ကလေးများကို သေးမွှားသည် နည်းပါးသည် မဆိုဘဲ စုဆောင်းပါ. . . များသည် ထက်များ ၊ ပွားသည်ထက်ပွားအောင် စုဆောင်းပါ. ကောင်းကျိုး မုချဧကန် ရပါလိမ့်မည်. . . ဤသည်ကား နိယာမတရားတည်း. . . . .

ချစ်နိုင်(စိတ်ပညာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .



4 comments:

  1. ကံကောင်းကောင်း မကောင်းကောင်း ဖတ်သင့်တဲ့ အတွေးအခေါ်အဆုံးအမလေးပါဗျာ

    ReplyDelete
  2. ချော(အစိမ်းရောင်လွင်ပြင်)March 9, 2011 at 10:04 PM

    ကိုယ်တိုင်လည်း အဲဒီအတွေးမျိုးဝင်ဖူးတယ်
    ဘာလို့ဆို အမေက ဘာသာတရား တအားရိုသေကိုင်းရှိုင်းတယ်.. ဘုရားတရား သိပ်လုပ်တယ် ဒါပေမဲ့ ခရီးသွားတော့ ကားမှောက်ပြီး တစ်စီးလုံးမှာ အမေတစ်ယောက်တည်း ခြေထောက်ကျိုးတော့ အဲဒီလိုတွေးခဲ့ဖူးတယ်။
    နောက်တော့မှ ရှေးက ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်အကျိုးဆက်တွေလို့ နားလည်သဘောပေါက်မိတော့တယ်.. သိထားသင့်တဲ့ အချက်တွေပါနော်

    ReplyDelete
  3. " ကံ " ကံရဲ့အကျိုးတွေနော် အင်းကံကိုဥာဏ်နဲ့ ထိန်းတဲ့အကြာင်းလေးရေးထားတာ နှစ်သက်မိပါတယ်။

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  4. မိုးကုတ်ဆရာတော်ဘုရားကြီး ချပေးတဲ့စာပိုဒ်လေးမှာတောင်
    "မီးစွဲလောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိုင်းယှဉ်၍" အဲဒီစာသားလေးကို ကျွန်မသိပ်ကြိုက်ပါတယ်။
    အနှစ်သာရ သိပ်ရှိတဲ့စကားလုံးလေးတွေမို့ပါ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။