ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တန်ဆောင်မာသ၊ လယ်ယာအလှ

တန်ဆောင်ဝင်းထိန်
ကထိန်လှူဒါန်း၊ မြတ်သင်္ကန်း။
ခ၀ဲပွင့်ဝါ
ရှင်မာလဲပွဲ၊ ဆင်ယင်နွဲ။

သဒ္ဓါပြင်းပြ
ဗုဒ္ဓရည်မှန်း၊ မသိုးသင်္ကန်း။
ပုဏမီ
ယှဉ်မှီကြတ္တိကာ၊ ကျီးတာရာ။
အာကာမလပ်
နက္ခစုံလှ၊ တန်ဆောင်မာသ။

ပင်စောင့်နတ်တကာ
ပူဇာသဘင်၊ မဲဇလီပင်။
ဖူးသုပ်မီဇလီ
အိမ်စီဝေမျှ၊ ဆေးပေါင်းခ။

ရာသီဗြိစ္ဆာ
နေ့တာကတို၊ ညဥ့်တာပို။
နတ်ဗိဿနိုး
အိပ်သိုးရာထ၊ နတ်နိုးလ။
အဇဋာဝေဟင်
ကင်းစင်မိုးသား ၊ တိမ်ဇာပါး။

ဝသန်မိုးကြွင်း
ဆီးနှင်းဖွဲဖွဲ၊ မိုးမသဲ
မြောက်လေသုန်သုန်
မြုမှုန်နှင်းဖွေး ၊ ချမ်းမြအေး။

ကောက်သစ်ကောက်ဖူး
ကောက်ဦးထွေးထွေး ၊ မုန့် ဆမ်းလွေး
ရွှေဝါစပါး
နှံကားဝေဖြာ ၊ ၀င်းမှည့်ဝါ။

ရိတ်ခြွေ နယ်လှေ့
လက်တွေ့စက်များ ၊ မရပ်မနား
ဆည်ကန်ချောင်းများ
ဖလ်သားပြင်ကျယ် ၊ နွေပင်လယ် ။

သီးထပ်စပါး
ကြိုးကြားပြင်ဆင်၊ လယ်ယာခွင်။
မြေသားညိုညို
အစိုဓာတ်ကျန်၊ ဆောင်းသီးနှံ။

အစုံပဲမျိုး
စိုက်ပျိုးအားထုတ် တောင်သူအလုပ် ။
စက်မှု "ကြံ" ပင်
တွင်တွင်ရိတ်စိုက်၊ ချိန်ရှိခိုက် ။

ယာရှင်မညည်း
ဆောင်းသီးနှံတွက် ပြင်ဆင်လျက်။

ကျောစောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

2 comments:

  1. ဒီကဗျာလေးကို အသံထွက်ပြီး ရွတ်ကြည့်တာ ရွတ်လို့ကောင်းလိုက်တာ
    မုန့်ဆမ်းလွေးဆိုတာလေးဖတ်ပြီး ငယ်ငယ်တုန်းက ဒီချိန်ဆို မုန့်ဆမ်းတွေ စားရတာကို အမှတ်ရမိတယ်
    စိတ်ထဲမှာ ဒီမှာလည်း မုန့်ဆမ်းစားလို့ရရင်ကောင်းမှာလို့ တွေးလိုက်မိတယ်။

    ReplyDelete
  2. မယ်ဇလီဖူးသုပ် လုပ်စားရတော့မှာပါလား။
    ရာသီခွင်ကဗျာလေးဖတ်သွားတယ် မေရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။