ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပညာရကြောင်း အကြောင်းရှစ်ပါး

လောကတွင် ဘယ်အသက်မွေးဝမ်းကျောင်းမှုကို လိုက်စားနေတဲ့သူပဲဖြစ်ဖြစ် သေမချင်း ပညာရှာနေရမှာဖြစ်ပါတယ်။ ဒါကြောင့် ပညာရှာဖွေသူများအနေဖြင့် ပညာရကြောင်း အကြောင်း ၈ ပါးကို သိထားတဲ့ဖို့လိုအပ်ပါတယ်။
၁။ အသက်အရွယ်အားလျှော်စွာ ပညာရရှိနိုင်ပါတယ်
အခုခေတ်မှာ သိစရာ တတ်စရာတွေက တစ်ပုံကြီးပါပဲ။ မိမိရဲ့ စီးပွားရှာနေတဲ့ လုပ်ငန်း ပိုမိုတိုးတက်အောင် လိုအပ်တဲ့ ပညာကို ဆက်လက် ဆည်းပူးရပါသေးတယ်။ အရွယ်အလိုက် သိသင့် တတ်သင့်တဲ့ ပညာများကို သင်ယူလေ့လာနေရမယ်လို့ ဆိုတာဖြစ်ပါတယ်။ တကယ်လို့ ဘွဲ့တော့ ထပ်မယူတော့ပါဘူး ဆိုပြီး ရပ်ထားလိုက်ရင် ဘွဲ့ယူတဲ့ ကိစ္စကိုသာ ရပ်ထား လို့ရပါတယ်။ပညာရှာတဲ့ ကိစ္စကိုတော့ ဘယ်နည်းနဲ့မှ ရပ်ထားလို့ မရပါဘူး။ဘ၀ဆိုတာကိုက ကျောင်း ဖြစ်ပါတယ်။ ပညာရှာခြင်းဆိုတဲ့ လုပ်ငန်းဟာ အရွယ်အလိုက် မရပ်မနားနေရမယ့် ကိစ္စဖြစ်တယ်။စာဖတ်တဲ့ သူဆိုတာ အသိပညာကို ပိုမို စုဆောင်းမိရုံ မကပါဘူး။ အတွေးအခေါ်လည်း ရင့်ကျက်ပါတယ်။ ခံစားမှုလည်း ဟန်ချက်ပိုပြီး ညီပါတယ်။သူက ကမ္ဘာလောကမှာ ဘာတွေ တိုး တက်ပြောင်းလဲနေသလဲ ဆိုတာကို မျက်ခြေမပျက် သိနေနိုင်ပါတယ်။ အကြောင်းအရာ တစ်ခုခု အချက်အလက်တစ်ခုခုနဲ့ ပတ်သတ် ရင် ဟိုတုန်းကတော့ ဘယ်လိုယူဆကြ တယ်။ အခုတော့ အချက်အလက်အသစ်တွေ ထပ်တွေ့လို့ ပိုပြီး နားလည် လာကြပြီကွဲ့ ဆိုတာမျိုးကို ဖြည့်စွပ်ပြီး သင်ပြနိုင်တယ်။ ခွဲခြမ်း စိတ်ဖြာပြီး ညွှန်ပြနိုင် တယ်။ သွန်သင်နိုင်တယ်။ အဲဒါကြောင့် အချိန်တိုင်းလိုလို ပညာရနိုင်သူ အနေနဲ့ အသက်အရွယ်အလိုက် ရင့်ကျက်ခြင်းနဲ့ ပေါင်းစပ်တဲ့ အခါ ပိုမိုကြွယ်ဝတဲ့ အသိလိမ္မာများကို ရနိုင်ပါတယ်။ အသက်အရွယ်ဟာ ပညာရှာ ရာမှာ အဟန့်အတား မဖြစ်သင့်ပါဘူး။

၂။အခြံအရံအသိုင်းအ၀ိုင်းကြောင့် ပညာရရှိနိုင်ပါတယ်။
နောက်တစ်နည်း ကတော့ အသိုင်းအ၀ိုင်း အခြံအရံကြောင့် ပညာရနိုင်တာ ရှိပါသေးတယ်။ မိမိရဲ့ ပတ်ဝန်းကျင်မှာ ပညာရေးနဲ့ ပတ်သက်လို့ ပြောကြဆိုကြနဲ့ စိတ်ဝင်စားလာကြတယ်ဆိုရင် ကိုယ်လည်း ပညာရေးကို စိတ်ဝင်စားလာပြီး ပညာကို လိုလား တဲ့သူ ပညာတော်တဲ့ သူ ဖြစ်လာနိုင် ပါတယ်။

၃။ဆွေးနွေးမေးမြန်း စူးစမ်းလေ့လာခြင်းအားဖြင့်လည်း ပညာရနိုင်ပါတယ်။
ပညာရနိုင်တဲ့ ဆွေးနွေးမေးမြန်း စူးစမ်းလေ့လာဆိုတဲ့ နည်းများဟာ ပညာရရာရကြောင်းများ ဖြစ်ကြပါတယ်။ စူးစမ်းလေ့လာ ပညာယူတတ်တဲ့ ဓလေ့က ငယ်ငယ်ကတည်းက ကြီးလာတဲ့ အထိ ဖွံဖြိုးလာရမှာပါ။

၎။ပညာရပ်တစ်ခုကိုအမြဲ မြင်တွေ့နေရတဲ့ အတွက်လည်း ပညာရနိုင်ပါတယ်။
ပညာရပ်တစ်ခုကိုအမြဲ မြင်တွေ့နေရတဲ့ အတွက်လည်း ပညာရနိုင် ပါတယ် ဆိုတဲ့ အချက်မှာ ဆိုရင် ပညာသင်ကြားနည်းမှာကိုက လက်တွေ့ပါဝင် လုပ်ကိုင်တဲ့ နည်းဟာ ပညာသင်ယူခြင်းအတွက် အကောင်းဆုံးနည်း တစ်ခုဖြစ်ပါတယ်။

၅။တွေ့မြင်သမျှတို့ကို အသင့်အတင့် နှလုံးသွင်းခြင်း သဘောသဘာဝတို့ကို စဉ်းစားဝေဖန်ခြင်းတို့ကြောင့်လည်း ပညာရရှိနိုင်ပါတယ်။
လူတစ်ယောက်ဟာ ကျောင်းမှာ နှစ်အတန်ကြာ သင်ထားတာလောက်နဲ့ တစ်သက်လုံးအောင်မြင်တဲ့ လူတစ်ယောက် လုပ်လို့မရနိုင်ပါဘူး။ဘ၀တစ်ခုလုံး ဖြတ်သန်းတဲ့ အခါ သင်ရိုးလည်းရှိ ကျောင်းလည်းရှိတဲ့ သင်တန်းရှိသလို သင်ရိုးတော့ ရှိပါရဲ့ ကျောင်းရယ်လို့ တိတိကျကျ တတ်ရတာ မရှိတဲ့ သင်တန်းများလည်းရှိပါတယ် ။ဆိုလိုချင်တာက သင်သမျှကို ဆက်စပ်တွေးခေါ် ရမယ်လို့ ဆိုတာပါ။

၆။အစဉ်မပြတ် လေ့လာဆွေးနွေး ဟောပြောနေခြင်းကြောင့် လည်း ပညာ ရရှိနိုင်ပါတယ်။
ပညာကိုလိုတဲ့ သူဆိုတာ အစဉ်မပြတ် လုပ်နေတတ်တဲ့ သူဖြစ်ရပါမယ်။ ပညာကို ရှာတဲ့ အခါမှာပဲ ဖြစ်ဖြစ် ပညာကိုပိုမို သွားအောင် လုပ်တာပဲ ဖြစ်ဖြစ် ၀ီရိယကို မလျော့စေရပါဘူး။ကိုယ့် မှာ စာအုပ်စာတမ်းတွေ ရှိအောင်ကြိုးစားပါ။ ကျောင်းစာကြည့်တိုက်ကို တာဝန်ယူလိုက်ပါ။ အနည်းဆုံးတော့ သူတစ်ပါး မဖတ်တဲ့ စာအုပ်များကို စိမ်ပြေနပြေ ဖတ်နိုင်ပြီး ပညာတိုးပွားလာမှာပါ။

၇။ချစ်ခင်မှုကြောင့် အတတ်ပညာများကို သင်ကြားပေးသဖြင့်လည်း ပညာ ရနိုင်ပါတယ်။ ဒီစကားကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကျော်က မိလန္န မင်းကြီးက ပြောတာဖြစ်ပါတယ်။ လောက တံတွာ ဆိုတာကတော့ ချစ်ခင်တဲ့ သူအချင်းချင်း ပူးပေါင်း လုပ်ကိုင်လို့ ရှိရင် ဘာပဲလုပ်လုပ် ပြေပြစ်ပါတယ်။ စည်းရုံးမှု ရှိပါတယ်။ အဆင်ချောပါတယ်။

၈။အရပ်ဒေသအားလျော်စွာ ပညာရစေနိုင်ပါတယ်။
လူတွေဟာ အချိန်ကာလ ပြောင်းလဲ လာတာနဲ့ အမျှ ပြောင်းလဲတဲ့ စနစ်တွေ ပြောင်းလဲ တိုးတက်လာတဲ့ ပစ္စည်းပစ္စယ တွေကြောင့် အတတ်ပညာ များလည်း ပိုပြီးတတ်ကြရပါတယ်။ စာကြည့်တိုက်မှာ အရင်လို ကတ်တလောက်နဲ့ ရှာတာ ခေတ်ကုန် သွားပါပြီ။ ကွန်ပျူတာကို သုံးနေကြပါပြီ။အချိန်ကာလအလိုက် တိုးတက်တာနဲ့ အမျှ ပညာရနိုင်တာ ဖြစ်ပါတယ်။ အားနည်းချက် အားသာ ချက်တွေကို နှိုင်းယှဉ် လေ့လာနိုင်စွမ်းရှိတဲ့ သူတွေ များလာအောင် ပညာကို ရှာရပါမယ် ။

ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
ပညာလိုလျှင် ပျိုမြစ်တယ်

1 comment:

  1. မှတ်သားသွားပါတယ်ဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။