ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အကြောင်းမဲ့ဖြစ်တယ်ဆိုတာ ဘာမှမရှိဘူး

အကြောင်းမဲ့ဖြစ်တယ်ဆိုတာ လူ့လောကမှာရော၊ နတ်လောကမှာရော အခြားအခြားသော ဘုံဘ၀ဆိုးမှား မှာရော မရှိပါဘူး။ အကြောင်း ကောင်းခံရင် အကျိုးကောင်းရလာမှာဖြစ်သလို အကြာင်းဆိုးခံရင် အကြောင်းဆိုးရလာမှာပါ ။
များသောအားဖြင့် လူအများစုဟာ မဟုတ်တာမလုပ်ဘဲနဲ့ မကောင်းကျိုးခံရတယ်ဆိုပြီး ညည်းတတ်ပါတယ်။ လောလောဆယ် မကောင်းတာကိုမလုပ်ဘဲ မကောင်းကျိုးခံရတာကလည်း ဘ၀ဘ၀က မကောင်းတဲ့အလုပ်ကို လုပ်ခဲ့ဖူးတာတွေဟာ အကျိုးပေးချိန်တန်တော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး မကောင်းတဲ့ ဆိုးလောကဓံနဲ့ ကြုံရတတ်တာဖြစ်ပါတယ် သံသရာကလည်း အရှည်ကြီးပါ။ ဘယ်အချိန်တုန်းက ဘာလုပ်ခဲ့မှန်းမသိဘဲ ဘာမှမလုပ်တဲ့ အခါကျမှ မကောင်းတဲ့ဒဏ်ကို ခံရတာတရားပါ့မလားလို့မေးရင် တရားပါတယ်လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ သူများလုပ်တာ ကို ကိုယ်က အငှားခံရတာမဟုတ်ဘဲနဲ့ ကိုယ်လုပ်တဲ့မကောင်းကျိုးကိုသာ ကိုယ်ခံရတာဖြစ်ပါတယ်။
မကောင်းတာလုပ်နေကြတဲ့လူတွေ အများကြီးတွေ့ဖူးရဲ့နဲ့ ဘာမှမဖြစ်ဘူး ကောင်းစားနေလိုက်ကြတာမှလို့ တွေးမယ်၊ ပြောမယ်ဆိုရင်လည်း မမှန်ကန်နိုင်ပါဘူး။ မကောင်းမှုကြောင့် ခံစားရမယ့် မကောင်းကျိုးကလည်း အချိန်မစေ့သေးလို့ အကျိုးမပေးတာပါ. အချိန်စေ့ရင်တော့ ဘယ်လိုနေရမျိုးမှာသွားပြီး ပုန်းနေနေ မလွတ်ဘူးဆိုတာ မြတ်စွာဘုရားရဲ့ တရားတော်တွေမှာ ဖတ်ရပါတယ်။ ဒါပေမယ့် မကောင်းမှုအား လျေားပါးသွားအောင် ဖြစ်နိုင်ရင် ပပျောက်သွား အောင် သတိတရားနဲ့ ကြိုးစားရပါတယ်။ သတိဆိုတာကတော့ မမေ့မလျေားခြင်းဖြစ်ပါတယ်။

ဘယ်လိုကြိုးစားရမလဲဆိုတော့ နေ့စဉ်နဲ့အမျှ သတိထားပြီး မကောင်းမှုရှောင်ကာ ကောင်းမှုကုသိုလ်များကို လုပ်နိုင်သမျှ လုပ်ပေးဖို့ပါပဲ။ မကောင်းတာကို ဘာမှမလုပ်မိဘူးထင်ပြီး ပေါ့ပေါ့ပါးပါး နေလိုက်မိရင် မရေတွက်နိုင်တဲ့ မကောင်းမှုတွေကို လုပ်မိတတ်ပါတယ်။ အဲလိုမဖြစ်အောင် ပညာနဲ့သတိကို လက်မလွှတ်တမ်း ဆောင်ထားရမှာ ဖြစ်ပါတယ်။ သတိအမြဲထားနေသူဟာ သတိထားတဲ့အကျင့်မြဲလာတာနဲ့အမျှ မကောင်းတာကို ရပ်ပစ်ပြီး ကောင်းတာကို ဆထက်တစ်ပိုး တိုးပြီးတော့ လုပ်တတ်လာတာ ပါပဲ။ ကောင်းမှုတွေများများ လုပ်ကျင့်ရှိလာလေ မကောင်းတဲ့ဆိုး လောကဓံကို ခံစားရတဲ့အဖြစ်တွေကနေလွတ် လာပါတယ်။
တကယ်တမ်းမရင့်ကျက်သေးခင်ကတော့ ကိုယ့်ဘက်ကကောင်းနေပါလျက်နဲ့ ကိုယ့်အပေါ်မှာသူက မကောင်းဘူး ဆိုတဲ့ စကားတွေကိုပြောတတ်ပါတယ်။ တကယ်တော့ သံသရာရှည်သရွေ့မှာ သူ့ကိုဘယ်လောက်များ နိုင်လိုမင်းထက် လုပ်ခဲ့မှန်းမှ မသိတာ ။ အဲလိုလုပ်ခဲ့လို့ သူ့အကြွေးကို ပြန်ဆပ်ရလေပါပဲ။ဓမ္မနဲ့ပတ်သက်တဲ့စာတွေကို အဖတ်များလေလေ၊ ကြားနာရတာများ လေလေ ကိုယ့်ဘက်က ခံရတဲ့ကိစ္စကို ဖွင့်ဆိုတာ ပြောင်းသွားလေလေပါပဲ။
ယောဆရာတော်ကြီးဆုံးမတော်မူ တာကိုလည်း တင်ပြလိုပါတယ်။ ကောင်းမှုကိုကြိုးစားလုပ်ဆောင်တဲ့သူဟာ မကောင်းမှုများစွာကို ပပျောက်စေနိုင်တယ်တဲ့။ ကောင်းမှုက အားကောင်းလာတဲ့အတွက် မကောင်းမှုများကို ဖယ်ရှားနိုင်တာဖြစ်တယ် လို့မိန့်တော်မူ ခဲ့ပါတယ်။
မကြာခင်မှာရောက်ရှိလာတော့မယ့် နှစ်သစ် 2009 ခုနှစ်မှာ ကုသိုလ်ကောင်းမှုများကို များများ လုပ်ဆောင်နိုင်ပြီး မကောင်းမှုများကို တတ်နိုင်သမျှလျော့နည်းသွားအောင်လုပ်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုရင်းရေးသား လိုက်ရပါတယ်။

ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)

6 comments:

  1. ဟုတ်ကဲ့။ တရားစာအုပ်တစ်ခုထဲမှာ အဲ့ဒီလိုဖတ်ဖူးပါတယ်။ ကျေးဇူးပါ။

    ReplyDelete
  2. ဟုတ်ကဲ့ပါဗျာ လာရောက်ပြီးဖတ်မှတ်သွားပါတယ်နော်။ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်မေ့နေလို့ အခုနောက်တစ်ခါ ထပ်ဖတ်သွားတယ်နော်။ ကျေးဇူးပါပဲနော်။

    ReplyDelete
  3. ပို့စ်ကောင်းလေး တစ်ပုဒ်ပါ
    ဆက်လက် ရေးဖွဲ့နိုင်ပါစေ

    မတွေ့ရသေးဘူးနော့...

    ReplyDelete
  4. အခုလို ဖတ်ခွင့်ရတာ ကျေးဇူးပါ

    ReplyDelete
  5. မျှဝေပေးတဲ့အတွက် ၀မ်းသာတယ်
    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ

    http://winzaw-mdy.blogspot.com

    ReplyDelete
  6. အင်မတန် ကောင်းမွန်တဲ့ ပိုစ့် လေး တစ်ခုပါ။ အားလုံးလဲ သိသင့်ပါတယ်။ ကျနော်တို့တွေ သံသရာလည်နေတယ် ဆိုတာ အကြောင်း၊ အကျိုးတွေ ဆက်နေတာပါပဲ။ အကြောင်းကံတွေလုပ်တော့ အကျိုးဆက်တွေ ဆက်ရနေတာပါ။ ဒီတော့ ၃၁ ဘုံ ၀ဋ်အတွင်းမှာ ဆက်နေရတာပေါ့။ ကျနော်တို့ လုပ်ရမှာက အကြောင်းချူပ်အောင် ကျင့်ရမှာပါ။ အကြောင်းချုပ်တော့ ဥပါဒါန်ချုပ်တယ်၊ ဥပါဒါန်ချုပ်တော့ ကံချုပ်တယ်၊ ကံချုပ်တော့ ဘ၀ ဆက်မလာတော့ဘူး။
    အကြောင်းတရားမှာ ကောင်းတဲ့ ကံတွေလုပ်တော့ ကောင်းတဲ့ အကျိုးပေးကတော့ မလွဲမသွေ ခံစားရမှာပါပဲ။ အကြောင်းကောင်းတာလုပ်ရင် ကောင်းတဲ့ ခန္ဓာနဲ့ သံသရာလည်ရတာပေါ့။ ရထားစီးသလိုပြောရရင် အထက်တန်းကနေ ခရီးသွားရတာမျိုးပါ။ သက်သက်သာသာရှိပါတယ်။

    ကောင်းတာကို လုပ်လိုက်တာက မကောင်းတာကို အလိုလိုပယ်ပြီးသားပါပဲ။ အလင်းရောက်တာနဲ့ အမှောင်ပျောက်တာက တချိန်တည်းပါ။ ထို့အတူ တရားအလုပ် လုပ်နေတာနဲ့ မတရားမှုက ကွယ်ပျောက်ပါတယ်။

    အကြောင်း၊ အကျိုးကို ကောင်းစွာနာလည်ထားရင် လောကမှာ နေတတ်ပါတယ်။ အားလုံးက အကြောင်းတရားရှိခဲ့လို့ ဖြစ်ရတာတွေချည်းပါပဲ။ ဒီတော့ ဆိုးတဲ့ လောကဓံ ကြုံရင် ငါ့မှာ အကြောင်းမကောင်းခဲ့လို့ပဲ ဆိုတဲ့ အသိလေးနဲ့တင် ခံယူတတ်သွားမှာပါ။ အခုအချိန်မှာလဲ သံသရာလည်စေတဲ့ အကြောင်းမျိုးတွေ မလုပ်မိဖို့တော့ သတိရှိသင့်ပါတယ်။ ကုသိုလ်လုပ်တယ်ဆိုပေမဲ့ ဒိဋ္ဌိ၊ တဏှာ၊ မာန စတဲ့ ပပဉ္စတရားသုံးပါး ဦးဆောင်လုပ်နေရင်လဲ သံသရာက မလွတ်နိုင်ပြန်ဘူး။

    ယခုလို လိုက်နာစရာ ပိုစ့် မျိုးကို ရေးသားဖော်ပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

    စိတ်ချမ်းသာကြပါစေ..ခင်ဗျာ

    အောင်ဦး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။