ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သည်မြေ သည်ပန်း မျှော်တိုင်းလွမ်းသည်


*ငါတို့ကျောင်းသည်၊
ထနောင်းတမာ ၊ဝန်းရံကာဖြင့်
အညာရနံ့၊သင်းထုံပျံ့သည်
စင်သန့်ကြည်လင်၊ပန်းဥယျာဉ်တည့်။

*ငါတို့ကျောင်းသည်၊
သားကောင်းလူမွန်၊လူရည်ချွန်တို့
ပြည့်ဝန်းသယ်ပိုး၊အားသစ်နိုးအောင်
အမျိုးသားကောင်း၊ပြည်ချစ်သားတို့
ဖွားမြင်ခဲ့ဘိ၊ စဉ်လာရှိသည်
ဘူမိနက်သန် အောင်မြေမှန်၏။

*ငါတို့ကျောင်းသည်၊
နှစ်ပေါင်းများစွာ၊ကြာကြီးကြာလည်း
ရာသီတိုင်းတွင်၊အလှဆင်လျက်
မြင်သူစိတ်ဝမ်း၊အားသစ်လွှမ်းအောင်
ဖြည့်စွမ်းပညာ၊ကျွမ်းရာရာဖြင့်
ဆရာ ဆရာမ၊ပြုစုကြသည့်
ချိုမြငြိမ့်ညောင်း’’ မေတ္တာကျောင်း’’ တည့်။

*သြော်……..မြတ်ရွှေစောလူး၊စေတီဦးမှ
ကြည်နူးဖွယ်လျှံ၊ ဆည်းလည်းသံကို
နာခံငြိမ့်ညောင်း၊အားသစ်လောင်းရင်း
ကျောင်းကြီးရိပ်ခို၊’ ဆရာအို’ သို့
ကိုယ်တိုင်ဦးချ၊ကန်တော့ရဖို့
မှန်းဆခွင့်ရေး၊ မျှော်မိသေးလည်း
အလေးမသာ၊ ပြည့်ဝန်တာကြောင့်
ခုခါဝေ့လည်၊မြမျက်ရည်ဖြင့်
သည်မြေ သည်ပန်း ရင်ဝယ်တမ်းသည်
အလွမ်းတောင်သို့ မို့တကား………….။

မြင်းမူမောင်နိုင်မိုး


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

7 comments:

  1. ကဗျာလေး လာဖတ်သွားပါတယ်။ ကျွန်တော်က ဆင်တဲကဖေးက ဘလက်ကော်ဖီပါ။ ခု ကိုယ်ပိုင် ဘလော့ဂ်လေး လုပ်ထားလို့ လင့်လာယူသွားပါတယ်။ လမ်းကြုံရင် လှည့်ဝင်လာခဲ့ဖို့ ကိုလဲ ဖိတ်ခေါ်ပါတယ်။

    ReplyDelete
  2. သိပ်လှပြီး သိပ်အဓိပါယ်ပြည့်ဝ တဲ့ ကဗျာကောင်းလေးတစ်ပုဒ်မို့ နှစ်သက်မိတယ် . . .

    ReplyDelete
  3. နောက်ဆုံးအပိုဒ်ကလေးက ပိုထိတယ်။

    ခင်မင်လျှက်

    ReplyDelete
  4. ပျဉ်ထောင်ကာပြီး သွပ်မိုးထားတဲ့ ငယ်ဘဝရဲ့ မူလတန်းကျောင်းလေးကို ပြန်သတိရသွားမယ်တယ်။

    ReplyDelete
  5. ကျောင်းကြီးရိပ်ခို ဆရာအို......
    အလေးမသာ ပြည့်ဝန်တာ....
    သည်မြေသည်ပန်း ရင်ဝယ်တမ်း...
    အဖွဲ့ အနွဲ့ များကို ဂရုဏာရသ မြောက် စာဖတ်သူအနေဖြင့် ကိုယ်ချင်းစာခံစားစေသော စာဆိုကို လေးစားဂုဏ်ပြုမိပါသည်။

    ReplyDelete
  6. "ငါတို့ကျောင်းသည်၊
    သားကောင်းလူမွန်၊လူရည်ချွန်တို့
    ပြည့်ဝန်းသယ်ပိုး၊အားသစ်နိုးအောင်
    အမျိုးသားကောင်း၊ပြည်ချစ်သားတို့
    ဖွားမြင်ခဲ့ဘိ၊ စဉ်လာရှိသည်
    ဘူမိနက်သန် အောင်မြေမှန်၏။"....အရမ်းကောင်းတဲ့ ကဗျာလေးပါ..

    ReplyDelete
  7. မင်းထက်နိုင်July 5, 2013 at 1:06 PM

    ဟိုး တစ်ချိန် ငယ်ငယ်တုန်းက
    စေတနာ ကျောင်းဆရာလေး
    အောင် စိုးမြင့်ကို သတိတရ
    လွမ်းမိတယ်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။