ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မီးနှင့်ရေ

မီးနှင့်ရေ




မီးနှင့်တူသည့်
အပူစိတ်ဓာတ်၊ တဖျပ်ဖျပ်လျှင်
ကိန်းဝပ်ရင်ထဲ၊ လောင်မြိုက်စွဲသော်
မောင်းမဲငြိုငြင်၊ အဆိုးမြင်ဖြင့်
သူ့တွင် အပြစ်၊ ရှိသည်ဖြစ်လည်း
ချောပစ်ဖွဲ့နွဲ့၊ ပုံကြီးချဲ့၍
လှည့်ပတ်ကွေ့ဝိုက်၊ ကျွမ်းအောင်မြိုက်လျက်
သူ၌ စီးပွား၊ ပျက်ဘိငြားမှ
ဝမ်းပါးနှစ်လို၊ ပြုံးပန်းချိုသည်
မီးလိုစိတ်ထား ရှိသူများ။

ရေနှင့်တူသည့်
ဖြူစင်ပကတိ၊ စိတ်ထားရှိသော်
သူ၏အကျိုး၊ ကိုယ့်အကျိုးနှယ်
သူ့အိုးသူ့အိမ်၊ ကိုယ့်အိုးအိမ်နှယ်
ချိန်စက်နှိုင်းရှည့် ၊ စာနာဘိလျက်
သူ၏ဘ၀၊ ကိုယ့်ဘ၀နှယ်
ဖေးမမြတ်လေး၊ စောင့်ရှောက်ပေးကာ
ငြိမ်းအေး ရွှင်လန်း၊ မေတ္တာပန်းတို့
ပွင့်လန်းရင်ကို၊ မွှေးပျံ့ချိုသည်
ရေလိုစိတ်ထား ရှိသူများ။

မီးဟူသမျှ၊ ပူလောင်စွတည့်

"လောဘ ဒေါသ၊ မောဟ ဇရာ
ဇာတိ မရဏ၊ ပရိဒေ၀နှင့်
သောက ဒုက္ခ၊ ဒေါမဿ
ဥပါယာသ"

ခေါ်ကြသီးသီး၊ ဆယ့်တစ်မီးလုံး
ညီးညီးလျှံမောက်၊ ပူလောင်တောက်သည်
ကြောက်မက်စဖွယ် မီးပါတကား။

ရေဟူသမျှ၊ အေးချမ်းစွတည့်

"တောင်ကျစမ်းရေ"
"မြစ်မချောင်းရေ"
"သမုဒ္ဒရာရေ၊" "ပင်လယ်ရေ "တည့်

ရေနှင့်ဥပမာ ၊ နှိုင်းပြုပါသော်

"မေတ္တာသည်ရေ"
"သစ္စာသည်ရေ "
"အကြင်နာသည်ရေ"

ရေဟူသမျှ ၊ အေးငြိမ်းလှသည်
ချမ်းမြစဖွယ် ၊ရေပါတကား။

သြော် "ရေများရေနိုင်၊ မီးများမီးနိုင်"

ရင်ဆိုင်တိုက်ပွဲ၊ လောကထဲ၌
နွှဲကြာဘိလျှင်၊ လူတို့ရင်ဝယ်
ဖြူစင်သည့်ပန်း၊ အေးချမ်းသည့်မိုး
သွန်းဖြိုးဝတ်မှုန်၊ ဆွတ်မကုန်အောင်
ကြုံဆုံလှုပ်ရှား၊ နှလုံးသားတိုင်း
မီးများ ထာဝရငြိမ်းပါစေ။
ရေများ ထာဝရ ကိန်းပါစေ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

6 comments:

  1. ကဗျာလေးကောင်းလိုက်တာ
    မီးများ ထာဝရငြိမ်းပါစေ။
    ရေများ ထာဝရ ကိန်းပါစေ။ စာသားလေးသဘောကျလို့ ပါ။
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  2. ကောင်းတယ်ဗျာ.. ကဗျာလေးက
    မီးနဲ့ ရေ ကို နှိုင်းယှဉ်ရေးထားတာမှာ..
    ရေဟူသမျှ ၊ အေးငြိမ်းလှသည်.. တဲ့


    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ

    ReplyDelete
  3. မီးလိုစိတ်ထား ရှိသူများ။
    မတွေ့ရပါစေနဲ့

    ရေလိုစိတ်ထား ရှိသူများ။နဲ့သာတွေ့ဆုံရပါလို့၏

    ReplyDelete
  4. အင်း.. နေရာတိုင်းမှာ အပူနှင့်အအေးတော့ ရှိကြစမြဲပါဘဲ။

    ဒါပေမဲ့ အပူကင်းပြီး အေးမြနေရင်တော့ အကောင်းဆုံးပေါ့လေ။

    ReplyDelete
  5. ရေလိုဘဲအေးချမ်းစေမဲ့သူနဲ့
    သာတွေ့ချင်ပါတယ်လေ

    ReplyDelete
  6. သိပ်ကိုရည်ရွယ်ချက်ကောင်းတဲ့ ကဗျာလေးပါဘဲ
    ရေများတဲ့ လောက ကမ္ဘာကြီးဖြစ်ပြီး သစ္စာ မေတ္တာတရားတို့ လွှမ်းခြုံပါစေ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။