ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကူးစက်တတ်ခြင်း


"မုဆိုးနားနီးမုဆိုး တံငါနားနီးတံငါ" ဆိုသော စကားသည် အလွန်မှန်ကန်သော စကားပုံဖြစ်လေသည်။ လေးလေးနက်နက် စဉ်းစားကြည့်လေလေ ၊ ပို၍မှန်ကန်သည်ကို တွေ့ရလေလေဖြစ်သည်။
ဤစကားပုံသည် စိတ်ဓာတ်တစ်ခုနှင့် တစ်ခု ကူးစက်တတ်သော သဘောရှိကြောင်းပြသော စကားပုံဖြစ်သည်။ ထို့ကြောင့်စိတ်ကောင်းနှင့် စိတ်ညံ့အတူထားက အားကြီးသော ဘက်သို့ ကူးစက်မည်ကား မလွဲပေ။
လောကတွင်လူနှစ်မျိုးရှိသည်။ ယင်းတို့မှာစိတ်ပျက်နေသော သူနှင့် စိတ်ပျော်နေသောသူများ ဖြစ်ကြသည်။ စိတ်ပျက်နေသူ ဦးရေပိုမိုများပြားသည်။ စိတ်ပျက်နေသူသည် မိမိကိုယ်ကိုမိမိ ယုံကြည်စိတ် နည်းပါး၍ စိတ်ပျော်နေသူမှာ မိမိကိုယ်ကို မိမိယုံကြည်ကာ သတ္တိမွေးမြူနေသူဖြစ်သည်။
လောက၌ အကောင်းဆုံးသော အလုပ်တစ်ခုမှာ စိတ်ပျက်အားလျော့ နေသူများအား စိတ်ပျော်အားတက် နေသူတို့က စိတ်ပျော်ခြင်း ၊ အားတက်ခြင်း မကူးစက် ကူးစက်အောင် ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။
စိတ်ပျက်ခြင်း အားလျော့ခြင်းသည် အခြားနေရာမှ ပေါ်ပေါက်လာခြင်းမဟုတ်၊ လောကကြီး၏ သဘာဝဓမ္မကို မှန်အောင် မရှုတတ်ခြင်းသည် လူတိုင်းအား စိတ်ဓာတ်အင်အား နည်းပါးစေ၏။ မှန်အောင်ရှုသူအဖို့တွင် သတ္တိ အလိုလို ၀င်ရောက်လာတတ်လေသည်။
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် သဘာဝဓမ္မကို မှန်အောင် ရှုတ်သူဖြစ်သဖြင့် သတ္တိ အကြီးမားဆုံး စိတ်အပျော်ရွင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မိမိသတ္တိရှိသကဲ့သို့ စိတ်ပျော်သကဲ့သို့ အခြားသတ္တ၀ါများ သတ္တိရှိရန် ပျော်ရွှင်ရန် တရားရေအေး အမြိုက်ဆေးဖြင့် ကူးစက်အောင် ပြုလုပ်ခဲ့လေသည်။
သို့သော် ပျော်ရွင်မှု ကူးစက်အောင် ပြုလုပ်ရာ၌ သတိပြုရန် အချက်တစ်ခုရှိသည်။ မစဉ်းစားပဲ ပျော်ရွှင်မှုရလိုသော ဇောဖြင့် ဇွတ်အတင်း ကြိုးစားခြင်းသည် စိတ်ပျက်နေသူအား စိတ်မပျော်စေသည့် အပြင် ပို၍ပင်ဆိုးစေသည်။
ကူးစက်အောင် ပြုလုပ်ရန် အကောင်းဆုံးနည်းမှာ စိတ်ပျက်နေသူ၏ ဒုက္ခတို့ကို သနားကြင်နာစွာ နားထောင်၍ အနာဂတ်အတွက် မည်မျှ မျှော်လင့်ချက်ရှိသည်ကို ပြောဆိုအားပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

တက္ကသိုလ်ဆုမြိုင်

အားလုံးကိုချစ်ခင်လေးစားလျှက်...





5 comments:

  1. လောက၌ အကောင်းဆုံးသော အလုပ်တစ်ခုမှာ စိတ်ပျက်အားလျော့ နေသူများအား စိတ်ပျော်အားတက် နေသူတို့က စိတ်ပျော်ခြင်း ၊ အားတက်ခြင်း မကူးစက် ကူးစက်အောင် ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။....
    အလွန် မှန်တဲ. စကားစုလေးပါ ဗျာ...လုပ်ဆောင်သင်.
    တဲ. အရာလေးပါ ...

    ReplyDelete
  2. စိတ်ပျက်အားငယ်နေချိန်မှာ သူများဆီက အပျော်တွေ ယုံကြည်မှုတွေ အမြန်ဆုံးကူးစက်လာပါစေလို့ မျှော်လင့်နေမိတာ အတော်လေးကြာပါပြီ။ ဒီပို့စ်လေးပြန်ဖတ်မိမှ ကိုယ့်လိုလူ အများကြီးရှိလောက်တယ်လို့ သဘောပေါက်မိတယ်။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  3. စိတ်ပျက်အားလျော့နေခြင်းနဲ့ စိတ်ပျော်အားပြည့်ခြင်းမှာ
    တစ်စုံတစ်ယောက်ရဲ့ စိတ်ဖြစ်စဉ်တစ်ခု
    အခြားတစ်ယောက်ဆီ ထပ်မံအခန်းဆက်တတ်တာ
    လူသားတွေရဲ့ စိတ်အသိကိုက အခန်းတံခါးဝမှာ စောင့်နေခြင်းပဲ .. အဲတော့ ၀င်ဖို့ ဖိတ်ခေါ်မှတော့
    ကူးစက်ခြင်းကလည်း ဖြစ်တည်တာပေါ့ ..။

    စာနာဖေးမမှုတွေနဲ့ လူ့ဘ၀ရဲ့ တစိတ်တဒေသလေးမှာ
    ဆုံဆည်းမှုတွေနဲ့ ပျော်ရွှင်မှုတွေ ဖလှယ်နိုင်သော အဖေါ်မွန်ကောင်းများ ဖြစ်ပါစေလို့ တောင်းဆုပြုသွားပါတယ် ..။

    ခင်မင်စွာ
    idulize (အရုပ်ကလေး)

    ReplyDelete
  4. စိတ်ပျက်အားငယ်တဲ့ အခါ ဒီဘလော့လေးကို နောက်တစ်ခေါက်လာဖတ်ဦးမယ်ဗျာ။

    ReplyDelete
  5. `စိတ်ပျက်နေသူ၏ ဒုက္ခတို့ကို သနားကြင်နာစွာ နားထောင်၍ အနာဂတ်အတွက် မည်မျှ မျှော်လင့်ချက်ရှိသည်ကို ပြောဆိုအားပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်..´ ကိုယ်တိုင် အပါအ၀င် အခြားသူတွေ အကျိုးစီးပွားအတွက် မှတ်သားသင့်တာ လေးတွေ ဖတ်ရှုခွင့် ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ချမ်းမြေ့ပါစေ။ လေးစားလျက်..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။