ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကိုယ်တိုင်သက်သေ

တစ်ခါမှာ ဘာသာရေး ပုဂ္ဂိုလ်တွေ အပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ထံ ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်. . . ဒီအမျိုးသမီးဟာ မကောင်းတဲ့ အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတယ် . . .

ဂျီးဇက်ဆီရောက်တဲ့ အခါမှာ အဲဒီဘာသာရေး ပုဂ္ဂိုလ်တွေက ပြည့်တန်ဆာကို ကျောက်ခဲနဲ့ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ (Moses) က အမိန့်ချတဲ့အကြောင်း ၊ ဒီကိစ္စမှာ အသင်က ဘယ်လိုပြောဆို မိန့်မြွက်မလဲလို့ ဂျီးဇက်ကို မေးကြတယ်...

ဂျီးဇက်ဟာ သူတို့ကို မော်မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေတယ်တဲ့. . . တစ်စုံတစ်ခု မပြောမချင်း ဒီလူတွေက မေးနေကြတယ်..

ဒီတစ်ခါမှာ ဂျီးဇက်က သူတို့ကို မော်ကြည့်ပြီးတော့ "

သင်တို့ထဲက အပြစ်ကင်းတယ် ဆိုတဲ့ သူဟာ ရှေးဦးစွာပဲ အဲဒီအမျိုးသမီးကို ခဲနဲ့ပစ်"
လို့ပြောလိုက်တယ်. . .
ဂျီးဇက်ရဲ့ စကားကို ကြားရတဲ့အခါမှာ အဲဒီလူတွေဟာ ထိတ်လန့်သွားပါလိမ့်မယ်. . .

လူ့စိတ်ဟာ နာရီတိုင်း ၊ မိနစ်ပိုင်းအတွင်းဘာတွေ တွေးနေလဲ ၊ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ အသေအချာ၊ မညှာမတာ ကြည့်လိုက်ရင် အလိုလေး. . . ကောင်းတာကနည်းနည်းရယ်. . . မကောင်းတဲ့ မသန့်ရှင်းတဲ့ စိတ်တွေ ၊ အပြစ်တွေက အများကြီး အများကြီး မှ အများကြီးပါ. . . ဒီလိုစိတ်မှာ အပြစ်တွေရှိနေပုံကို အဲဒီလူတွေ သိမြင်သွားပုံ ပေါ် ပါတယ်...

ဒါကြောင့် ပြည့်တန်ဆာမကို ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက် လိုက်ပြီး ထွက်သွားလိုက်တာ ဘယ်သူမှ မကျန်ရစ်တော့ဘူးတဲ့ . . ဂျီးဇက်က ပြည့်တန်ဆာမကို နောင်မှာ ထပ်ပြီး အပြစ်တွေ ၊ မကောင်းမှုတွေမလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်သတဲ့. . .

လူအများစုဟာ မကောင်းမှုကို လူတွေမသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတယ် . . . အဲဒီလိုလုပ်ပြီးတဲ့ အခါမှာ ငါလုပ်တာကို ဘယ်သူမှမသိဘူး ဆိုပြီး ကျေနပ်နေတတ်သေးတယ်. . ရှက်ဖို့အကောင်းဆုံးဟာ ဘာလဲဆိုတော့ ဘယ်သူမှ မသိဘူးလို့ထင်ပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင်ကတော့ အသေအချာ သိမြင်ခဲ့တာကြောင့် ကိုယ်တိုင်သက်သေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲပါပဲ. . .

"မကောင်းမှုပြုသူအတွက် ဆိတ်ကွယ်ရာအရပ်သည် လောက၌ မရှိ " လို့ ဂေါတမဗုဒ္ဓက ပြောခဲ့ပါတယ်. . . ကိုယ်တိုင်သက်သေဖြစ်နေလို့ မကောင်းမှုပြုခဲ့တဲ့ မိမိကိုယ်မိမိ ရှက်တတ်ရင် မိမိရဲ့ကိုယ်ကျင့်တရားကို ထိန်းသိမ်းပြီးသားဖြစ်မှာပါ. . .။

နန္ဒာသိန်းဇံ (မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

9 comments:

  1. ဟုတ်ပါ့.. ကျနော်လဲပါတယ် အဲဒီအထဲ အဟီးဟီး

    ReplyDelete
  2. မြတ်စွာဘုရားရှင်ရဲ့  ကိုးပါးသော ဂုဏ်တော် တို့ အနက်က
    “အရဟံ” ဂုဏ်တော်ကို လွန်စွာကြည်ညိုလှပါတယ် “ဆိတ်ကွယ် ရာ အရပ်၌ မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား ” လို့  အာရုံပြုပြီး အစဉ်အမြဲ ကြည်ညိုသဒ္ဓါပွား ပါတယ် .... (အရဟံ ဂုဏ် တော်ကို သုံးမျိုးလောက် ဘာသာပြန် ထား တာရှိပါတယ် )
    အမှားနည်းအောင် ကြိုးစားကြဖို့ ဆုံးမစာလေးကို မှတ်သား
    သွားပါတယ် အစ်မရေ .....
    ခင်မင်စွာဖြင့်
    ရန်ကုန်
    အေးမြသာယာပါစေ :D

    ReplyDelete
  3. ဟုတ်တယ်... လောကမှာ လူမသိအောင် လုပ်လို့ရတဲ့အလုပ်ဆိုတာ မရှိဘူးတဲ့... ဘာလို့လဲဆိုတော့ ကိုယ်ကိုတိုင်ကိုက လူဖြစ်နေလို့လေ... ကိုယ့်စိတ်က သိနေမှာပဲ... ဒီတော့ တတ်နိုင်ရင် ငါ့ကိုဘယ်သူမှ မသိပါဘူးဆိုပြီး လုပ်ရင် ကိုယ့်ကိုကိုယ်ညာတာပဲ... အထူးသဖြင့် နောက်ပိုင်း အင်တာနက်ပေါ်မှာ ဒီလိုတွေလုပ်လာကြတယ်...

    ReplyDelete
  4. နေရာ အရင်လာဦးမလားလုပ်ပါတယ်။ တယ်သွက်ကြသကိုးးးးး
    မရေ... မှတ်သားစရာပါပဲနော်။
    အဲဒီပြည့်တန်ဆာမ အကြောင်းလေးကို သမီးတို့ ငယ်ငယ်က သင်ဖူးတယ်။
    မှန်တယ်မရေ... လူတွေက အတ္တကြီးပြီး ကိုယ့်ရဲ့အမှားတွေအတွက် ကျေနပ်တတ်ပေမယ့်၊ တခြားသူရဲ့ အပြစ်ကျတော့ မြင်တတ်တယ်နော်။
    သမီးလဲ ပါပါတယ်လေ။ ပြန်ပြီး ဆင်ခြင်စရာလေး တင်ပြပေးတာ ကျေးဇူးပါ။ ပျော်ရွှင်ပါစေနော်။

    ReplyDelete
  5. မှတ်သားသွားပါတယ်ဗျာ သဘောလဲကျပါတယ်

    ReplyDelete
  6. ဟုတ်တယ် ညီမလေးရေ... "Everyone has a skeleton in their closet" ဆိုတဲ့အတိုင်းပါပဲ။ ဘယ်သူမှ အမှားနဲ့ မပြစ်နဲ့ မကင်းကြပေမယ့် သူများအပြစ်ကိုတော့ မြင်တတ် အပြစ်တင်တတ်ကြတာကိုက လူ့သဘာဝပါပဲလေ။ ပြင်ဆင်ဖို့ သတိပေးသလိုဖြစ်လို့ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  7. ပိုစ်လေးကကောင်းတယ်။အခုလိုပြန်ပြီးမျှဝေပေးတာကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။လူတိုင်းအမှားနဲ့မကင်းကြပါဘူး

    ReplyDelete
  8. မဖတ်ဖြစ်တဲ့ စာအုပ်ထဲက ဖတ်သင့်တဲ့ အကြောင်းအရာလေးကို ရွေးနုတ်တင်ပြသွားတာ ကျေးဇူးတင်ပါတယ်ဗျာ။ ယေရှုပြောတဲ့ စကားတစ်ခွန်းက တိုတိုလေးပဲ။ ဒါပေမယ့် အားလုံးပြာထွက်သွားကြတယ်။ တိုသလောက် ထိမိတဲ့ တရားစကားများ နာကြားလိုပါသေးတယ်။

    ReplyDelete
  9. သိပ်ကောင်းတဲ့ ဆုံးမစကားလေးပါပဲ

    ဘယ်သူမှ မတွေ့မမြင်နိင်ပေမယ့် ကိုယ်ကိုတိုင် သိနေတာပဲလေ

    ကိုယ့်လိပ်ပြာကိုယ်ရှက်တတ်တဲ့တွေက အဲလိုမလုပ်ကြပါဘူး။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။