ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆွတ်ဆွတ်ဖြူအလှ

ဇာတိပြီးတာနဲ့ ဇရာဆိုတာကြီးက တစ်ထပ်တည်းကပ်ပါလာသည်။ ပြီးတော့ ဗျာဓိ။ဆက်လက်၍ မရဏ။ဘ၀ဆိုတာ ဒါပဲမဟုတ်လား။မွေးမည်။မွေးပြီး အိုမည်။ နာမည်။ သေမည်။

ဇာတိဖြစ်လာသည်နှင့် ဇရာကပူးတွဲပါလာသည်။ ငယ်ငယ်က မသိသော်လည်း ကြီးလာ တော့ သိလာသည်။ အိမ်တံခါးကို ဘယ်လိုပိတ်ထားထား၊ ၀င်းတံခါးကို ဘယ်လိုပိတ် ထားထား၊ ပြတင်းပေါက်တွေ ဘယ်ပုံချက်ချထားထား။ အမြဲတမ်း အလစ်ချောင်းနေသော ဇရာသကောင့်သားက မရ ရအောင် ၀င်လာစမြဲ။ ဖြောင့်နေသောခါးကို ကိုင်းလာအောင်၊ ခိုင်နေသောသွားကို နဲ့လာအောင်၊ နက်နေသော ဆံပင်ကို ဖြူလာ အောင်၊ ဇရာသကောင့်သား တတ်စွမ်းနိုင်သည်။

“ဟိုက်ရှာလပတ်ရည် ငါ့ခေါင်းမှာ ဆံပင်ဖြူတွေ တော်တော်များလာပါလား။ဝမ်းသာဖို့ ကောင်းလိုက်တာ”

ရေချိုးပြီး မှန်ကြည့်လိုက်သည်နှင့် ခေါင်းမှာ ဆံပင်ဖြူတွေ ဖွေးဖွေး လှုပ်နေတာမြင်ရသည်။ သူများတွေ ဆံပင်ဖြူတာကို ၀မ်းနည်း နေချိန်တွင် ဂုရုကွေးက ၀မ်းသာလို့ကောင်းလိုက်တာတဲ့ ။

ဆံပင်ဖြူခြင်းမှာ စိတ်ညစ်စရာ မဟုတ်ပေ။သူ့သဘာဝအရ၊အသက် အရွယ်အရ ဖြူချိန်ကျလို့ ဖြူလာခြင်း ဖြစ်သည်။ဆံပင်ဖြူတာ ရှက်စရာ မဟုတ်။ မိန်းမ၊ယောက်ျား တော်တော်များများသည် ဆံပင်ဖြူသည်ကို ရှက်စရာဟု ထင်နေကြသည်။ "အသက်ကို ကြိုးချည်ထား လို့မရ။နာရီနှင့် အမျှ ကြီးရင့် နေသည်။ နောက်ပြန်၍ မပျို၊ ရှေ့ကို သာ အိုမြဲဟု "သံဝေဂလင်္ကာ ရှိခဲ့သည် မဟုတ်ပါလော။

အသက်ကြီးသည်ကို လူသိမခံချင်၍ အရွယ်တင်ကြောင်း သက်သေပြလို၍ ငယ်သေးကြောင်း ကိုယ့်ကိုကိုလည်း လှည့်စား၊ပတ်ဝန်းကျင်ကို လည်းနှစ်ပေါက်တစ်ပေါက် ရိုက်လို၍ ဖြူနေသော ဆံပင်ကို နက်အောင် ဆေးဆိုးကြသည်။ ခုခေတ်ပေါ်နေသော ဆံပင်ဆိုးဆေးတွေကလည်း ကောင်းမှကောင်း၊ အချိုဆိုး ဆေးတွေမှာ တကူးတက ဆိုးစရာမလို။ ခေါင်းလိမ်းဆီကို အုန်းဆီလို ဆံပင်ကို မှန်မှန်လူးသွားရုံနှင့် ဖြူသော ဆံပင်တွေ ပြန်နက်လာသည်တဲ့။

“ ဂုရုကြီး ဆံပင်ဆိုးဖို့ကောင်းတယ်”

ဂုရုကွေး ဆံပင်ညှပ်တိုင်း ဆံသဆရာက ဆံပင်ဆိုးဖို့ တိုက်တွန်းသည်။ အဖြူရောင်ခေါင်းတုံး ဆံတောက်ကို အနက်ကလေး ဖြစ်စေချင်ပုံရသည်။

“တခါဆိုး ဘယ်လောက်လဲ”

“မများပါဘူး သုံးရာပါ. . . .ဂုရုကြီး ဆံပင်မျိုးဆို တစ်လ အသာလေးခံတယ်။” (၂၀၀၀ ခုနှစ်ဈေးနှုန်း)

ဟိုက်ရှာလပတ်ရည် သုံးရာဆိုပါလား။ ဖွတ်ကလိ ဒင်္ဂါး သုံးရာနှင့် ဟင်းကောင်းကောင်း ချက်စားမည်။ ဆံပင်တော့ မဆိုး ဆိုးစရှိလျှင် ဆိုးချင်သည့်အတိုင်း သွားအစ လုပ်မိပါက အမြဲအပြတ်တမ်း ဆိုးပေးနေရ တော့မည်။ ဖွက်ကလိ ဒင်္ဂါး အဆင် ပြေတဲ့အခါ နက်လိုက်၊ မပြေတဲ့အခါ ဖြူလိုက်၊မိမိ၏ ခေါင်းတုံး ဆံတောက် ကို ဒီဇိုင်းအမျိုးမျိုး မပြောင်းလို။

“မဆိုးတော့ဘူးဟေ့။အခုဖြူတာထက် ပိုဖြူပါစေလို့ ငါဆုတောင်းမယ်။ ဆံပင်ဖြူတာ ဟာ ရှက်စရာ မဟုတ်ဘူး၊ဂုဏ်ယူစရာကွ၊ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်၊အချိန်မရွေး တဖြုတ်ဖြုတ် သေနေကြချိန်မှာ ငါဟာ ငွေရောင် ခေါင်းတုံးဆံတောက်နဲ့ တောက် တောက် တောက် လျှောက်သွား နေနိုင် တယ်ဆိုတာ ဘယ်လောက် ၀မ်းသာ ဖို့ကောင်းသလဲ။ ”

“ငပျော့ရေ ---ငါ့ဆံပင်တွေ တစ်နေ့တခြား အဖြူတွေ များများလာလိုက်တာ။ တစ်ခေါင်းလုံးမှာ မုန့်ဟင်းခါးမျှင်တွေ ကပ်နေသလို ဖွေးဖွေးလှုပ်နေပြီ။ဗျိုင်းအုပ်သာ မြင်ရင် ဒီကောင်လဲ ဗျိုင်းပဲ ထင်ပြီး ခေါင်းပေါ်လာနားမှာ စိုးရတယ်. . . ”

ဂုရုကွေးဆံပင်ဆိုးဖို့ စိတ်ကူးမရှိပါ။သည့်ထက်သည့်ထက် ပို၍ဖြူလာပါစေဟု ဆန္ဒပြုပါသည်။ ဆံပင်ဖြူခြင်းမှာ အသက်ရှည်ခြင်း၊လူ့ပြည်တွင် ကြာကြာနေနိုင်ခြင်း အမှတ် လက္ခဏာပင် ဖြစ်ပေသည်။ မှန်ထဲတွင် ထင်နေသော ဆံပင်ဖြူများကို ကြည့်ရင်း စတီရီယိုသီချင်း တစ်ပုဒ်အလိုက်ဖြင့် ဂုရုကြီး ဆိုလိုက်သည်ကား ......

"ဖြူပါစေ... . . တစ်ခေါင်းလုံးဖြူပါစေ... အသက်ရှည်ခြင်းရဲ့လက္ခဏာဂုဏ်.... ကျန်းမာခြင်းလို့ စိတ်ချယုံ... နုတ်ပစ်လိုက်မယ် အနက်များများ......."


ဒါကြောင့်ဆံပင်ဖြူသူများ စိတ်မညစ်ပဲ ဂုဏ်ယူကြပါလို့ (ကျွန်မလည်းတော်၂ကိုဖြူနေပါပြီ အားပေးတာပါ ..)


အီကြာကွေး (မျက်စိအောက်ကဇရာ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

10 comments:

  1. ဂုရုကြီးကဲ့သို့ ကျန်းမာပြီး အမှန်တရားကို မြင်နိုင်ရင် ကောင်းမယ်ဗျာ။ မြင်ပြီးတော့လဲ ရင်ဆိုင်နိုင်အောင် ကြိုးစားလိုမိတယ်။ အနှစ်သာရ ရှိတဲ့ စာလေးတွေ မျှဝေပေးတာ ကျေးဇူးပါ မပန်းကဗျာရေ..။

    ReplyDelete
  2. မီးလည်း ဖြူချင်တယ်
    ဂုဏ်ရှိတယ်ဆိုလို့ (အဟီး)

    ReplyDelete
  3. အသက်ကြီးလာတော့
    ကိုရီးယား မော်ဒယ်မင်းသမီးတွေလို
    တကူးတက ဆံပင်အဖြူ ဆိုးစရာလိုတော့ဘူးပေါ့
    နဂိုဖြူမှ ကြည့်ကောင်းတယ် (အဟိ)
    ဖတ်သွားပါတယ် အစ်မ ပန်းကဗျာ .. ..

    ReplyDelete
  4. လာဂုဏ်ယူပါတယ်၊ဖြူတော့မဖြူသေးဘူး၊ကြိုဂုဏ်ယူတာ

    ReplyDelete
  5. လာဂုဏ်ယူပါတယ်နော်။ ဖြူတော့ဖြူချင်တယ် နဂိုဖြူလေးမှာကောင်းတာလေ။ ဖတ်သွားတယ်နော်

    ReplyDelete
  6. ပို့စ်လေး ဖတ်ရတာ အတွေးကို ပွားစေတယ် ..။

    ReplyDelete
  7. ကျနော် တော့ ဆံပင်ဖြူနေပြီ မေမေက တော့ စန်းပွင့်လို့တော့ပြောတာဘဲ
    တကယ်တော့ စဉ်းစားလွန်းကြီးလို့ :D
    သင်္ကြန်နားနီးလို့ စတိုင်လုပ်ရင်ကောင်းမလားတောင် စဉ်းစားနေတာ :P

    ReplyDelete
  8. :)
    ဖတ် လို့ ကောင်းသော စာတစ်ပုဒ် ပါခင်ဗျာ..။

    ReplyDelete
  9. အမှန်ပါပဲ ဇရာဆိုတာ ဘယ်လိုမှ ကျော်လွန်လို့ မရတဲ့ အရတခုပါ။ တဖြည်းဖြည်း အရွယ်ရောက်လာရင်တော့ တည်ငြိမ်သွားတာ တွေ့ရပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  10. အဲဒါပဲဗျ င်္သခါရသဘောတွေ ဘယ်အရာမဆို
    တနေ့တော့ ပျက်သုန်းရစမြဲပါ သက်ရှိသတ္တ၀ါမှမဟုတ်ဘူး သက်မဲ့တွေတောင်
    တနေ့ ပျက်သုန်းခြင်းဖြစ်ရာတာ သဘာဝပါပဲ
    ဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။