ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တပေါင်းလဖွဲ့

" တပေါင်းလဖွဲ့"

ပန်းရွှေဖီ ကြိုင်လှောက်လို့၊
ပန်းတောက်ကယ်တဲ့ သင်းချို။
ဥတ္တရာ ဘရဏ်ဂုက၊တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊တူမကွာ ထိန်ဝါလဲ့၊ထွန်းတဲ့ခါကို။
သောင်သဲငယ်မို့၊ရေညိုကရစ်မို့။
လေးညင်းငယ်လာ၊စုံဟေမာမြိုင်ထဲက
ဝမ်းဘဲ ရွှေစင်ရော်တို့၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊
မြူးပျော်ကြလို့။

တပေါင်းလသည် မြန်မာလများ၏ တစ်ဆယ့်နှစ်လမြောက်ဖြစ်၍ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်၍ ဖေဖော်ဝါရီလနှင့် မတ်လတွင် ကျရောက်လာသည်။ ထို့ကြောင့် နေ့ပူလို့ ညချမ်း၊တပေါင်းလသရမ်းဟု ဆိုထုံးပြုခဲ့ကြသည်။ တပေါင်းလ၏ ရာသီပွဲတော် သည် သဲပုံစေတီပွဲတော် ဖြစ်သည်။သဲများကို စုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုတ မြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင် တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာ သဲခုံ သောင်ခုံ ဖြူဖြူဖွေးဖွေးများ ပေါ်ထွန်း လာလေ့ရှိသည်။ တောင်သူဦးကြီးတို့သည် လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှ သည် ကျေးလက်တောရွာများ အထိ ခြိမ့်ခြိမ့်သဲ ဆင်ယင်ကျင်းပခဲ့ကြသည်။
သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။

Tabaung

It is the 12th Myanmar month, falling March. In ancient days it was a time for what was known as festivals of sand pagodas, in which people built sand pagodas on the sandbanks and hold festivities on the occasion. Now the practice is on the wane, except in some cities and towns in upper part of the country, but the time is still held sacred for holding of Buddha Pujayanti ceremonies, that is occasions for rededication of the pagodas.

မြတ်မင်းလှိုင်၊ သာရဝေါ- စိုးကြည်(မြန်မာ့ရိုးရာ (၁၂) လရာသီပွဲတော်များ)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

4 comments:

  1. စာသင်ဖူးလို့ တပေါင်းဆိုတာ သဲပုံစေတီပွဲ ဆိုတာ သိတာ
    ကျန်တာ သိတာဟုတ်ဘူး
    ဒီpost လေးဖက်မှပဲ တပေါင်းအကြောင်းသိတော့တယ်
    ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  2. တပေါင်းပွဲဆိုတာနဲ့
    ရှမ်းပြည်က ပင်းဒယ လိုဏ်ဂူဘုရားပွဲကို ပြန်အမှတ်ရမိတယ်။
    အနှစ်သာရရှိလှတဲ့ တပေါင်းလ အကြောင်းကို ဖော်ပြပေးလို့ ကျေးဇူးပါ ။။။။

    ReplyDelete
  3. တပေါင်းပွဲဆိုတာကြာ့းကြားဘူးတာ..
    တခါမှမကြုံဘူးဘူးသဲပုံစေတီပွဲလဲလုပ်တာမတွေ့
    ဘုးတော့..အခုလိုတင်ပြတာကျေးဇူးသိရတယ်

    ReplyDelete
  4. တပေါင်းပွဲဆိုတော့လည်း တောရွာကတပေါင်းပွဲကိုသွားသတိရတယ်။ သွားချင်လိုက်တာ။ တပေါင်းလအကြောင်းကို ခုမှာပဲသိတော့တယ် ကျေးဇူးတင်ပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။