ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ချောင်းသာကမ်းခြေသို့အလည်တစ်ခေါက်

အခုလို ဆောင်းလလယ်လောက် ရောက်ပြီဆိုရင်တစ်နှစ်လုံး ပင်ပန်းခဲ့သမျှအတွက် အပန်းဖြေခရိးစဉ်လေး တစ်ခုလောက်ကိုတော့ မျှော်မှန်းမိတာ အမှန်ပါ ။ ဒီလိုခရိးစဉ်တွေ အကြောင်းရောက်သွားရင် ကျွန်တော်တို့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ချောင်းသာကမ်းခြေ ကို အပန်းဖြေ ခရီးလေးကို လာလည်နိုင်ဖို့အတွက် ရေးသားတင်ပြလိုက်ပါတယ်။
ချောင်းသာကမ်းခြေဟာ ဧရာဝတီတိုင်း၊ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ ချောင်းသာရွာနဲ့ ပင်လယ်ကမ်းခြေပဲ ဖြစ်ပါတယ်။ချောင်းသာရွာကို လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ခန့် က ယခုလို ချောင်းအထက်ပိုင်းတွင် တည်ထောင်ခဲ့ပြီး (မူရင်း)အမည် ချောင်းသာယာ ကနေပြီး ချောင်းသာ လို့ ပြောင်းလဲ ခေါ်ဆိုခဲ့ တာ ဖြစ်ပါတယ်။ ရန်ကုန်က နေ ပုသိမ်ကို ၁၁၅ မိုင် ဝေးပြီး ပုသိမ်မြို့ရဲ့ အနောက်ဘက် ၃၈မိုင် အကွာမှာ ချောင်းသာကမ်းခြေ ရှိပါတယ်။ဒါကြောင့် ရန်ကုန်ကနေ ချောင်းသာကို ၁၅၃မိုင် ဝေးပါတယ်။

ရန်ကုန်မြို့ မှ ချောင်းသာအထိ အဝေးပြေးကားဖြင့် တိုက်ရိုက်သွားနိုင် သလို ရန်ကုန်မြို့မှ ပုသိမ်၊ ပုသိမ်မှ ချောင်းသာသို့ တစ်ဆင့် လည်းသွားနိုင်ပါတယ်။ရန်ကုန်မြို့မှ ချောင်းသာသို့ သွားရာ လမ်းခရိးတစ်လျှောက်တွင် ယခင်က မြစ်များကိုဇက်ဖြင့် ကူး၍ ခက်ခက်ခဲခဲ သွားခဲ့ရသော်လည်း ယခုအခါ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှာ "ဗိုလ်မြတ်ထွန်းတံတား"နဲ့ ပုသိမ်မြို့အနောက်ဘက်မှာရှိတဲ့ "ပုသိမ်ကြိုးတံတား" လို့ခေါ်တဲ့ င၀န်မြစ်ကူးတံတားတွေ ဆောက်ပြီးတဲ့ အတွက် သွားလာရေး လွယ်ကူ နေပြီဖြစ် ပါတယ်။အခုလို ပွင့်လင်းရာသီ ရောက်လာပြီဆိုရင်ဖြင့် မြန်မာပြည်အနှံ့ ဘုရားဖူးခရီးနဲ့ ပင်လယ်ကမ်းခြေ သီးသန့် အပန်းဖြေခရိး ပို့ဆောင်ရေးလုပ်ငန်း တွေလည်း သက်ဝင် လှုပ်ရှား လာပြီဖြစ်ပါတယ်။
ချောင်းသာကမ်းခြေမှာ ပင်လယ်ကမ်းခြေကို မျက်နှာပြုပြီး ဟိုတယ်ကြီးတွေ ဘန်ဂလိုတွေ ရှိပါတယ်။ အတွင်းဘက်ကျတဲ့ ရွာထဲမှာလည်း တည်းခိုခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ ရှိပါတယ်။အဝေးပြေးယာဉ် ရပ်နားစခန်း၊ စာတိုက်နဲ့ တယ်လီဖုန်းရုံလည်း ရှိပါတယ်။အဆင့်အတန်းမြင့် ဟိုတယ်တွင် အဆင့်အတန်းမြင့်မြင့် တည်းခိုနိုင်သလို စရိတ်စက နည်းနည်းနဲ့လည်းတည်းနိုင်တဲ့ တည်းခိုခန်းတွေလည်း ရှိပါတယ်။
ပင်လယ်ကမ်းခြေမှာ ပင်လယ်ရနံ့ပါတဲ့ လေကို အားပါးတရ ရှုရှိုက်ရတာ စိတ်ကို လန်းဆန်းစေပါတယ်။ကမ်းခြေကနေ မျှော်ကြည့်လိုက်ရင် သဲဖြူကျွန်းကို မြင်တွေ့နိုင်ပါတယ်။ အဲဒီသဲဖြုကျွန်းကိုလည်း လည်ပတ်နိုင်ဖို့ စက်လှေများနဲ့ ၀န်ဆောင်မှု ပေးပါတယ်။ သဲဖြူကျွန်းအပြင် အောင်မင်္ဂလာကျွန်းခေါ် ဖိုးကုလားကျွန်းကိုလည်းသွားနိုင်ဖို့ စက်လှေနဲ့ ပို့ဆောင်ပေးပါတယ်။ ချောင်းသာကမ်းခြေကနေ ကျောက်မောင်နှမ ဘက် ကို စင်းလုံးငှား မော်တော် ဆိုင်ကယ်နဲ့ သွားနိုင်ပါတယ်။ကမ်းခြေရှိ ကျောက်ပုထိုး စေတီတော်မြတ်ကို လည်း ဖူးမြော်နိုင်ပါတယ်။
မနက်ဝေလီဝေလင်းကနေပြီး ညနေနေ၀င်ချိန် အထိ ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်ကြသူတွေ၊ဘောလုံးကစား ကြသူတွေ စွန်လွှတ်ကြသူတွေ၊ မြင်းစီးကြသူတွေ၊ အလှဓာတ်ပုံရိုက်ကြသူတွေ၊ ပင်လယ်လှိုင်း စီးရင်းဆော့ကစားနေကြသူတွေနဲ့ စည်ကားလို့ နေပါတယ်။
ပင်လယ်စာ ဖြစ်တဲ့ ငါး၊ပုစွန်၊ဂဏန်းတွေကို အစိမ်းလိုက် တစ်မျိုး၊ကင်လို့တဖုံ ချက်လို့တစ်နည်း ရောင်းချနေကြပါတယ်။ဈေးလည်း ပေါပါတယ်။ကမ်းခြေအမှတ်တရ ပစ္စည်းဆိုင်လေးများမှာလည်း လက်ဆောင်ပစ္စည်းတွေ ၀ယ်ယူနိုင်ပါတယ်။ချောင်းသာ ဈေးထဲမှာတော့ ငါးခြောက်မျိုးစုံ၊ပုစွန်ခြောက်၊မျှင်ငါးပိ၊အုန်းဆီ၊ကျောက်ပွင့်ကျောက်မှော်စတဲ့ ပင်လယ်ထွက် ပစ္စည်းတွေ ရနိုင်ပါတယ်။ ပုသိမ်မြိုမှာ ပုသိမ်ဟာလ၀ါ နာမည်ကြီးသလို ချောင်းသာမှာ သရက်တော မုန့်ကို လူသိများလှပါတယ်။
ချောင်းသာဟာ သွားရေးလာရေး လွယ်ကူပြီး ကမ်းခြေပင်လယ်ရေ သန့်ရှင်းကြည်လင်တယ်။ကမ်းခြေအနီး ပတ်ဝန်းကျင်တွင် ကျွန်းနဲ့ သန္တာ ကျောက်တန်းတွေ ရှိလို့ ငါးမန်းစတဲ့ လူကို အန္တရာယ်ဖြစ်စေတဲ့ သတ္တ၀ါတွေ မရှိနိုင်တဲ့ အပြင် အန္တရာယ် ကင်းစွာ ရေကစားတဲ့ သူတွေကို စောင့်ရှောက်ဖို့ကမ်းခြေစောင့် အသက်ကယ် ၀န်ထမ်းတွေ ထားပေးအတွက် လာပြိးအပန်းဖြေတဲ့သူတွေ အန္တရာယ်ကင်းကင်းနဲ့ အပန်းဖြေနိုင်ပါတယ်။
ချောင်းသာကနေပြီး ငွေဆောင်ကမ်းခြေကို ကုန်းလမ်းဒါမှမဟုတ် ရေလမ်းနဲ့ လည်း သွားရောက်နိုင်ပါသေးတယ်။ချောင်းသာကို အပန်းဖြေခရိးထွက်တဲ့ အတွက် ခန္ဒာ ကိုယ်ပင်ပန်းမှု စိတ်ပင်ပန်းမှုတွေ ပြေပျောက်ပြီး အားအင်သစ်တွေ ရရှိလာတယ်လို့ ခံစားရပါတယ်။ ချောင်းသာခရီးစဉ်ကတော့ တကယ်ကို နှစ်သက်စရာကောင်းလှပါတယ်။
ယခုလိုခရီးသွားရာသီတွင် အပန်းဖြေသွားဖို့ အတွက် စိတ်အေးချမ်းသာစွာနဲ့ ခရီးလည်းမဝေးသက်တောင့်သက်သာနဲ့သွားရေးလာရေးလွယ်ကူကောင်မွန်း တဲ့ ချောင်းသာ ခရီးစဉ်ကလေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
ဇွဲကဗျာ


6 comments:

  1. နေ့အိပ်မက် ၂ခေါက်ပဲ ရောက်ဖူးတယ်.... ဒါလေးဖတ်ပြီး ထပ်တောင် သွားချင်လာပြီ.. မေမေက အလောင်းတော်ကဿပသွားမလို့တဲ့.. ပူဆာကြည့်လိုက်ဦးမယ်.... ကိုအောင်မျိုးမြင့်ပြောသလို ပုံလေးတွေပါရင် ပိုသွားရည်ယိုစရာကောင်းမှာနော်... :)

    ReplyDelete
  2. ခရီးသွားရတာ ၀ါသနာပါတယ်၊ ခဏခဏလည်း သွားဖြစ်တယ်။ ခုလိုဖော်ပြပေးလို့ ကျေးဇူးတင်တယ်။

    ReplyDelete
  3. တခါမှ မရောက်ဖူးဘူးဗျ သွားလည်ဦးမယ်

    ReplyDelete
  4. မောင်းမကန်ပဲ ရောက်ဖူးသေးတယ် ချောင်းသာ မရောက်ဖူးသေးဘူး ... လာဦးမယ်ဗျာ ...။

    ReplyDelete
  5. ကျွန်မ ချောင်းသာကို ၅ ကြိမ်လောက် ရောက်ဖူးခဲ့ပေမယ့် ချောင်းသာနဲ့ ပတ်သက်ပြီး အခုမှ အသေးစိတ်ဖတ်မိ သိရှိရပါတယ် ကျေးဇူးနော်

    ReplyDelete
  6. ကျနော်ကတော့ ချောင်းသာ ဖိုးကုလားကျွန်း မကြာခဏရောက်တယ်၊ သူငယ်ချင်းတွေရှိတယ်လေ၊ ဒီပို့စ် လေးကို ဖတ်လိုက်ရတော့ လွမ်းတယ်ဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။