ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ငါ့သားတို့ အလုပ်လုပ်စားကြမယ်ဆိုရင် ထကြတော့ တောင်းစားကြမယ်ဆိုရင်တော့ ဆက်အိပ်နေလို့ရတယ်

ငါ့သားတို့ အလုပ်လုပ်စားကြမယ်ဆိုရင် ထကြတော့ တောင်းစားကြမယ်ဆိုရင်တော့ ဆက်အိပ်နေလို့ရတယ်။ အမှတ်မထင် ကြားလိုက်တဲ့ စကားလေးတွေဟာ တော်တော်တွေးစရာ ကောင်းတဲ့ စကားတွေ၊ရယ်မောစရာကောင်း သလောက် အတွေးကို နှိုးဆွနိုင်တဲ့ စကားတွေ ဖြစ်နေတတ်ပါတယ် ။
အထက်ပါစကားလေးကိုတော့ မနက်အစောကြိး မနက်စာစားနေတဲ့ အဖေဖြစ်သူက အိပ်ယာက မထသေးတဲ့ သားတွေကို လှမ်းပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ အဖေက စိတ်တို နေပေမယ့် ပြောတဲ့အသံ ကတော့ ပုံမှန်နဲ့ ပါပဲ။ကြားရတဲ့ သူတွေကတော့ ပြုံးစိစိဖြစ်သွားစေတာပေါ့ ။
ရှေးလူကြီးများဟာ အိပ်ယာက စောစောထတတ်ကြပါတယ်။ညဉ့်နက်သန်းခေါင် လည်ပတ်ဖို့ ဆိုတာကလည်း မရှိတော့ အိပ်ရေး၀၀အိပ်ပြီးတဲ့ အခါမှာ စောစောထနိုင်ကြပါတယ်။
အခုခေတ်မှာတော့ အိမ်ပြင်ကို ထွက်ပြီး မလည်ရင်တောင်မှ ညဘက်ညဉ့်နက်တဲ့ အထိနေချင်အောင် ကြည့်စရာတွေ ရှုစရာတွေ များနေပါတယ်။ အဲဒီတော့ ညဘက်မှာ တောင်လိုလို မြောက်လိုလိုနေကြရင်းနဲ့ အိပ်ယာဝင်နောက်ကျ တတ်ကြပါတယ်။ မနက်ကျတော့ မထကြဘဲ မှိန်းနေတတ်ကြပါတယ်။ မှိန်းသာနေတယ် အိပ်လို့လည်း မပျော်တတ်ကြပါဘူး ဒါပေမယ့် အလုပ်သွားလုပ်စရာ ကျောင်းသွားစရာမလိုရင် အဲဒီလူကတော့ တော်တော်နဲ့လည်း မထပါဘူး။
အလုပ်သွားစရာရှိတဲ့ ကျောင်းသွားစရာရှိတဲ့ သူတွေကလည်း နောက်ဆုံးအချိန်ထိ မထပဲ ပေနေပြီး မဖြစ်လို့ထရပြီဆိုတော့ အိပ်ရာလည်း မသိမ်းနိုင် ကိုယ်လက်သုတ်သင်ဖို့ တောင်အနိုင်နိုင် ဖြစ်ပြိး ကသောကမျော ပြေးတတ်ကြပါတယ်။ ဘယ်လိုမှ အစီအစဉ် မပီပြင်နိုင်ပါဘူး။

ရှေးလူကြီးများကတော့ စောစောထတတ်ကြပါတယ်။အိပ်ရာကိုသာ သိမ်းဆည်းတာမဟုတ်ပါဘူး။ အိမ်တွင်း အိမ်ပြင်မှာလည်း တံမြတ်စည်းလှည်း ကျင်း ပန်းပင်များရှိရင်လည်း ရေလောင်းကြပါတယ်။အဲသလို အပြင်ဘက်မှာ သန့်ရှင်းရေး လုပ်သလို မိမိကိုယ်ကိုလည်း သန့်ရှင်းရေးအောင် ပြင်ဆင်ပါတယ်။အစောကြိးထတဲ့ အတွက် အေးအေးချမ်းချမ်း ရှိတဲ့ သဘာဝကိုမြင်ရလို့ စိတ်လည်း အေးချမ်းပါတယ်။ မိမိကိုယ်ကိုလည်း ကိုယ်တွင်းကိုယ်ပြင် သန့်ရှင်းစေနိုင်ခဲ့လို့ ကိုယ်အားဖြင့်လည်း ကျန်းမာရေး နဲ့ညီညွတ်ပြီး သက်တောင့် သက်သာလည်းရှိပါတယ်။
ပြီးတော့ မနက်စောစော ဘုရားကို ကြည်ညို ပူဇော်ခြင်း နဲ့ ပက်သက်လို့ ရှေးလူကြီးများ အလေးထားကြပါတယ်။ မဟတ္တမဂန္ဒီပြောတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ ဘုရားရှိခိုးခြင်းဟာ မနက်ခင်းကို ဖွင့်လှစ်တဲ့သော့ ဖြစ်ပြိး ညဘက်ကို ပိတ်ဆို့ တဲ့ မုက္ခပါဋ္ဌ်တော်များကို ရွတ်ဆိုပူဇော်ခြင်းဟာ အလွန်ကောင်းတဲ့ အလုပ်ဖြစ်ပါတယ်။
အိပ်ရာက စောစောမထတာနဲ့ များ လူကို တောင်းပြီးစားရမယ့်သူ အဖြစ်ကို ရောက်အောင်ပြောနေတယ်လို့ စိတ်ဆိုးမယ်ကြံရင်တော့ ပြောစရာက ရှိလာပါပြီ။ ခွက်လက်ဆွဲကာ တောင်းစားပါမှ တောင်းစားတယ်လို့ဆိုနိုင်ပါဘူး။
အဲသလို လူမျိုးကိုမှ တောင်းစားတယ်လို့မခေါ်နိုင်ပါဘူး။ မိမိအစွမ်းအစနဲ့ ရမယ့် ရလာဘ်ကို သာယူလိုတဲ့ စိတ်နဲ့ အားကြိုးမာန်တက် ကြိုးစားတဲ့ သူက ရလာတဲ့ ရလာဘ်ကိုလည်း ကျေနပ်စွာ ခံယူလေ့ရှိပါတယ်။
မိမိရဲ့ အစွမ်းအစကို ထုတ်ပြီး ကြိုးကြိုးကုတ်ကုတ် အလုပ်မလုပ်နိုင်တဲ့သူ၊ ပျင်းရိတဲ့ သူများကတော့ ဘယ်သူ့ကို ကပ်ရပ်ပြီး စားရပါ့မလဲဆိုတာကို အမြဲတွေးပါတယ်။ မျက်နှာသာရအောင် အမြဲကြိုစားလေ့ရှိပါတယ်။ သူတို့အတွက် ၀ီရိယမလိုအပ်ပါဘူး။ သူတစ်ပါးထံ ကရတဲ့ အခွင့်အရေးကို မက်မောစွာခံယူနေရတာကို ဟုတ်လှပြီလို့ ထင်တဲ့ အတွက် တိုးတက်ဖွယ်လမ်းစလည်း မရှိသလောက် ဖြစ်နေတတ်ပါတယ်။ မမယ့်သူ စမယ့်သူ ရှိနေရင် ပြီးတာပါပဲလို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဘယ်သူမှ အမြဲတစေ သူတစ်ပါးကို မစနေနိုင်မယ် အိပ်ယာက စောစောထတဲ့ သူကို ၀ီရိယရှိတဲ့ သူလို့ ယေဘူယျ သတ်မှတ်ပြီး ပြောရပေမယ့် အိပ်ရာက ထပြီးတာနဲ့ အကျိုးရှိအောင် လုပ်သလား၊မလုပ်ဘူးလား ဆိုတဲ့ အချက်နဲ့ တိုင်းတာဆုံးဖြတ်ရပါတယ်။
အဲဒီလိုဆိုရင် ဘယ်လိုနိုးထခြင်းဟာ အကျိုးရှိမှာပါလိမ့် ။
အချိန်ကို တန်ဖိုးထားတဲ့ သူဟာ သူ့ရဲ့ နိုးထခြင်းနဲ့ အတူ သူ့ရဲ့ ကာယအား၊ဥာဏအား တို့ကို အသုံးချပြီး သူ့ရဲ တိုးတက်ရာ တိုးတက်ကြောင်း၊ သူ့မိသားစု သူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုရာပြုကြောင်းနဲ့ ပတ်သတ်ပြီး တက်ကြွစွာ ဆောင်ရွက်လေ့ ရှိပါတဲ့ သူမျိုးတွေရဲ့ နိုးထခြင်းဟာ အကျိုးရှိတဲ့ နိုးထခြင်းလို့ပြောနိုင်ပါတယ်။
တိုးတက်ချင်ရင် အလုပ်မှာအောင်မြင်ချင်ရင် စောစောနိုးထဖို့လိုတယ်လို့ ပြောရင်း အဆုံးသတ် လိုက်ပါတယ်။

ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ဒါလေးကိုဖတ်ကြည့်ပါဦး)

4 comments:

  1. ဗဟုသုတရစေမဲ့ပိုစ့်လေးပါပဲဗျာ။ မျှဝေပေးတာကျေးဇူးပါပဲဗျာ။ လာဖတ်သွားတယ်နော်။ ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ပါစေဗျာ။

    ReplyDelete
  2. ဒေါက်တာမတင်ဝင်းရဲ့ ရေးသမျှ စာတွေအကုန်လုံးကတော့ တစ်ကယ့်ကို ရွှေတွေပါပဲ။ အနှစ်တွေပေါ့။
    ဒေါက်တာမတင်ဝင်းကို ယိုးဒယား-မြန်မာ အရေး နဲ့ပတ်သက်လို့ သတင်းစာ ဆောင်းပါးမှာ ဖတ်ရပြီးကတည်းက တောက်လျှောက် ဖတ်ဖြစ် တယ်။ ရှာဖတ်ဖြစ်တယ်။ မျှဝေပေးလို့ ကျေးဇူး။

    http://winzaw-mdy.blogspot.com

    ReplyDelete
  3. မှတ်သားသင့်သည်များ မှတ်သားသွားပါတယ်
    ခင်ဗျာ ဝေမျှပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
    လူငယ်တွေအတွက်တော့ အားတက်စရာပါ
    ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ


    သီဟညိမ်း

    ReplyDelete
  4. ကိုယ်ကိုကိုယ်ပြန်ပြီး သတိပြုရမယ့် အချက်လေး တွေပေါ့။ လူငယ်တွေအတွက် ဆရာမကြီးရဲ့ စေတနာ စကားတွေကို ခုလို ပြန်လည်မျှဝေပေးတာ ကျေးဇူးပါဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။