ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သာဓု. . . . .

အရင်က တောရွာတစ်ရွာရဲ့အနီးမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိသတဲ့..... ဆရာတော်ကြီးဆွမ်းခံကြွတဲ့အခါမှာ ရွာနဲ့ အတော်လေးလှမ်းသတဲ့. . . ဒါကြောင်း ဆရာတော်ကြီးကို အလွန်ကြည်ညိုသူ ဒကာတစ်ဦး က ဆရာတော်ကြီးကြွလာချိန်မှာ အမောပြေ၊ အဆာပြေ ဘုဉ်းပေးဖို့ ရေနွေးကြမ်းနဲ့ ခဲဖွယ်တစ်ခုခုကို အမြဲစီစဉ်ထားပြီး သူ့အိမ်မှာ တစ်အောင့်တစ်ခဏနားနေ ဘုဉ်းပေးဖို့ အမြဲ ပင့်လျှောက်ပါသတဲ့. . . နေ့စဉ်နေ့တိုင်း ထိုင်အိမ်သဘောမျိုးနဲ့ ဆရာဒကာ ရင်းရင်းနှီးနှီးဖြစ်လာတော့ တရားအကြောင်းလေးတွေကစပြီး အာလာပတလ္လာပလေးတွေ လည်းအထိုက်အလျောက် ပြောဖြစ်တာပေါ့...
မိုးဦးကျချိန် တစ်နေ့မှာတော့ အဲဒီဒကာကြီးရဲ့ တောင်သူလုပ်ငန်းသုံးခိုင်းနွားကြီး တစ်ဖက် ပိုးထိပြီးသေဆုံးသွား ပါသတဲ့ . . . . ထွန်ယက်စိုက်ပျိုးဖို့ အရေးကြီးဆုံးအချိန်မှာကြုံတာဆိုတော့ ဒကာကြီးလည်း ၀မ်းနည်းပက်လက် ဖြစ်ပြီး နောက်နေ့ဆရာတော်ကြီး ဆွမ်းခံကြွလာတဲ့အခါ ထုံးစံအတိုင်း ခဲဖွယ် သောက်ဖွယ်များ ဆပ်ကပ်ပြီးတဲ့အခါမှာ သူ့ရဲ့ သောကပြေရာပြေကြောင်းအဖြစ်ဆရာတော်ကြီးကို လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက ထွေ၂ထူး၂ မပြောပဲ "သာဓုဗျာ၊ သာဓု၊ သာဓု" လို့ သုံးကြိမ်ခေါ်ပြီး ထပြန်ကြွသွားပါလေရောတဲ့. . . . . .
ဒကာကြီးကတော့ ဖြေသိမ့်စရာ တရားလေးများ ကြားရလေမလားလို့ အောက်မေ့ပြီး ဖြစ်ကြောင်းစုံ လျှောက်ထား ကာမှ ဘာတရားမှ မဟောပဲ သာဓုသုံးကြိမ်ခေါ်သွားတာကို အတော်လေး မကျေမနပ်ဖြစ်သွားပါသတဲ့ . . . . "သာဓုဆိုတာ ကောင်းတယ်လို့ပြောတာပဲ ဒီဘုန်းကြီး ငါ့နွားကြီးသေတာကို ကောင်းတယ်ပြောရသလား" ဆိုပြီးတော့ပေါ့လေ. . .
ဒါပေမယ့် ထုံးစံအတိုင်း သူ့ဝတ်မပျက် ဆရာတော်ကြီးကိုတော့ ဆက်ကပ်နေပါသတဲ့. . . . ဒီလိုနဲ့ မကြာလိုက်ခင် မှာပဲ အဲဒီဒကာကြီးရဲ့မြေး သစ်ပင်ပေါ်က လိမ့်ကျပြီး ပေါင်တစ်ဖက် ကျိုးသွားပြန်ပါရော. . .
နောက်နေ့ရောက်တော့ ဆရာတော်ကြီးကို မြေးလေး အကြောင်းဝမ်းနည်းပက်လက် လျှောက်ထားပြန်တဲ့အခါ ဆရာတော်ကြီးက ထုံးစံအတိုင်း သာဓုသုံးကြိမ်ခေါ်ပြီး ထပြန်သွားသတဲ့. . . .
ဒီတစ်ခါတော့ ဒကာကြီးက အတော်လေး မကျေမနပ် ဖြစ်သွားတယ် "ဒီဘုန်းကြီး ငါကတော့ ကြည်ညိုအားကိုးလွန်းလို့ နေ့စဉ်မပြတ် ခဲဖွယ် ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းခဲ့ရတာ ငါ့မှာ သောကနဲ့ ကြုံတော့ နွားသေတာကိုလည်း သာဓု ၊ မြေးပေါင်ကြိုးတာကိုလည်း သာဓုခေါ်နဲ့ . . . . ကဲဒီလောက်တောင် ရှိလှတာ သူ့မှာ ဒီလိုကြုံလာတော့ သာဓုခေါ်နိုင်အုံးမလား . . . "ဆိုပြီး ဆရာတော် ဆွမ်းခံကြွတဲ့ အခါ တောစပ်ကနေ ချောင်းရိုက်မှပဲလို့ ဒေါသအလျောက် စဉ်းစားပြီး နောက်နေ့ဆရာတော်ကြီး ဆွမ်းခံလာချိန်ရောက်တော့ တောစပ်က ချုံကွယ်မှာ ၀ါးရင်းတုတ်တစ်ချောင်းကိုင်ပြီး ပုန်းကွယ်နေသတဲ့. .
ဆရာတော်ကြီး ဆွမ်းခံကြွလာလို့ ဒကာကြီးပုန်းနေတဲ့ချုံနားရောက်တဲ့အခါ ဒကာကြီးက နေရာပြင်လိုက်တော့ ချွတ်ချွတ် အသံကြားလို့လှည့်ကြည့်လိုက်တော့ ကျောက်ခဲတစ်လုံးနဲ့ ခလုတ်တိုက်မိပြီး ဆရာတော်ရဲ့ မြေသပိတ်ကြီးက လွတ်ကျပြီးကွဲသွားသတဲ့. . . အဲဒီအခါကျတော့လည်း ဆရာတော်ကြီးက သပိတ်ကွဲတွေကို ကြည့်ပြီး "သာဓုဗျာ၊ သာဓု "လို့ သုံးကြိမ်ခေါ်ပြန်သတဲ့. . .
အဲဒီတော့ ဒကာကြီးစိတ်ထဲမှာ " ဒီဘုန်းကြီးက သူ့သပိတ်ကြီး ကွဲသွားတော့လည်း သာဓုခေါ်တာပဲ၊ ဒီသာဓုဟာ "တစ်ခုခုထူးလို့ဖြစ်မယ် . ငါပြစ်မှားလို့ မတော်သေးဘူး . . . အကြောင်းစုံသိရအောင်လျှောက်ထားကြည့်ဦးမှ ဆိုပြီး စိတ်ပြောင်းသွားတယ် . . . ပြီးတော့မှာ လက်ထဲက တုတ်ကိုချ ပြီး ဆရာတော်ကြီးနားကို သွားပြီး "ဆရာတော် . . . . ဆရာတော်ဟာ ဘာမဆို သာဓုချည်း ခေါ်နေတာပဲ၊ ဆရာတော့်သာဓုက ဘာအဓိပ္ပါယ် လဲဆိုတာ ရှင်းပြပါဦးလို့ "လျှောက်ထားသတဲ့. . .
ဆရာတော်ကြီးက . . . "ဟဲ့ဒကာရဲ့ သာဓုပါဆိုမှ ကောင်းတယ်လို့ ဆိုတာပေါ့လို့ "မိန့်ကြားလိုက်တယ်. .
ဒကာကြီးက တယ်ပြီးဘ၀င်မကျလှပဲ အရှင်ဘုရား တပည့်တော်ကြီး နွားကြီးတစ်ကောင် တောင်သူလုပ်ငန်း ချိန်မှာ သေသွားတာများ ဘာကောင်းလို့လည်း ဘုရားဆိုတော့ "ဟဲ့ဒကာရဲ့ မင်းရဲ့ အတိတ်အကုသိုလ်ကံ အကျိုးပေးချိန် ရောက်လာလို့ ဒီအချိန်မှာ မင်းအိမ်က ခြေလေးချောင်း ထွက်ကိန်းဆိုက်လာတာကွဲ့ အဲဒါနွားကြီးသေလို့ ကျိန်းကျေသွားတာပေါ့ . . .နွားမသေဘဲ လူသာသေမယ်ဆိုရင် နှစ်ယောက်တောင် ပျက်စီးကိန်းကြုံမှာကွယ့်လို့" ရှင်းပြလိုက်တော့ ဒီလိုဆိုတော့လည်း "နွားသေသွားတာက ကောင်းတောင်း တောင်းပေါ့ ဘုရားလို့ "၀န်ခံသတဲ့. . .
"ဒါဖြင့်မြေးကလေး ခြေထောက်ကျိုးရတာကောဘုရား" ဆိုတော့ "အေး. . . မင်းမြေးခြေထောက်ကျိုးလို့ပေါ့ မင်းမြေးကငယ်သေးတော့ "ငယ်ကျိုးပိုသန်တယ်" လို့ ဆိုသလို မြန်မြန်ပြန်ကောင်းနိုင်သလို မင်းကလည်း သူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်တာပေါ့ မင်းမြေးမကျိုးပဲ မင်းသာကျိုးမယ်ဆိုရင် လူကြီးဆိုတော့ ပျောက်ခဲ့မယ်. . မြေးကလေးကလည်း မင်းကို ဘယ်လိုလုပ်စောင့်ရှောက်နိုင်ပါ့မလည်း ဒါကြောင့် သာဓု ခေါ်ရတာကွယ့်လို့" ဆိုတော့ "ဒီလိုဆိုတော့လည်း အရှင်ဘုရားရဲ့သာဓုက နေရာကျသားပဲ ခေါ်သင့်ပါတယ် ဘုရား. . . "တဲ့..
"ဒါဖြင့် အရှင်ဘုရား သပိတ်ကြီးကျကွဲတာကိုကြည့်ပြီး သာဓုခေါ်တာကျတော့ကော ဘယ်လိုအဓိပ္ပါယ်လဲ ဘုရား. . . . "ဆိုတော့ ဆရာတော်ကြီးက ဒကာကြီးကို ပြုံးပြုံးကြီး ကြည့်ရင်း "အေး . . . ငါ့သပိတ်ကွဲပေလို့ပေါ့ မကွဲရင် ငါ့ခေါင်းကွဲရောပေါ့လို့ဖြေလိုက်ရော. . ." ဒကာကြီး မြေကြီးပေါ်ကို ဒူးတုပ်လိုက်ပြီး "တပည့်တော်မလိမ္မာလို့ တစ်ခါမိုက်မိတာကို ခွင့်လွှတ်တော်မူပါဘုရားလို့ . . . "တောင်းပန်လိုက်တော့သတဲ့. . . .
ဒါကြောင့် ပုထုဇဉ်တို့ရဲ့ အတိတ်ကံစာရင်းကတော့ ကမ္မဘဏ်တိုက်မှာ သာရှိပြီး ဘယ်သူမှ ပြန်ကြည့်နိုင် စွမ်းမရှိကြလေတော့ ပုထုဇဉ်တို့ရဲ့ သံသရာ ခရီးလမ်းမှာ ဘယ်လိုကံကြွေးတွေရှိတယ်ဆိုတာကို မသိနိုင်ပါဘူး . . ပေးဆပ်လိုက်ရတဲ့ အခါမှသာ "ဒီလိုအကြွေးတွေရှိခဲ့သကိုး" လို့  သံဝေဂတွေပွားပြီး သံသရာမှာ ဒီလိုကြွေးမျိုး ကင်းဝေးအောင် ကြိုးစားကြရမယ့်သဘောပါပဲ . . .
ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့ ရှေးဆိုရိုးအတိုင်းပဲ ဖြစ်သမျှအကောင်း၊ အဆိုးဆိုတာ ရှေးကံဟောင်းတို့ရဲ့ အကျိုးဆက်ပဲ လို့ အရာရာကို အလိုက်သင့်နှလုံးသွင်းလိုက်ရင် အားလုံး စိတ်ချမ်းသာပါတယ်. . .

ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေအားလုံး သံသရာဝဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ဒီမျှနဲ့ပဲ ကျေကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်. ..

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
(လယ်တီဆရာတော် ဦးဝိလာသ၏တရားထဲမှ ပုံပြင်ကို ကောက်နှုတ်ဖော်ပြပါသည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

8 comments:

  1. သာဓု သာဓု
    ဟိဟိ ရီရတယ်။
    ကံကြွေးအကြောင်းကို ဟာသလေးနဲ့ဟောပြောခဲ့တဲ့ ဆ၇ာတော်ကိုလည်းကြည်ညိုမိပါတယ်။
    ပိုစ်တင်ပေးတဲ့ အစ်မလည်း သာဓုပါရှင့်။

    ReplyDelete
  2. သာဓု သာဓု သာဓု
    လာလည် လို့ သာ သိရတယ် .. မလာရင် ဒါမျိုး ဘယ်သိရမလဲနော်

    ReplyDelete
  3. ဘာဘဲ ဖြစ်ဖြစ် သာဓုခေါ်ဖို့တော့ မမေ့နဲ့နော် သယ်ရင်း။

    ReplyDelete
  4. ယောနိသော မနိသိကာရ ကျင့်ကြံဖို့ ကြိုးစားရဦးမယ် ခုလိုမျှဝေပေးတဲ့ အတွက် သာဓုပါ

    ReplyDelete
  5. မျှဝေပေးတာ သာဓုပါ ခင်ဗျာ။

    မရောက်ဖြစ်တာ မဟုတ်ပါဘူး တီချယ်၊ အင်တာနက် account က limited ဆိုတော့ ကုန်သွားလိုက်၊ ခဏနားလိုက်၊ ပြန်ဝယ်သုံးလိုက် နဲ့ နပ်မမှန်ဘူး ဖြစ်နေလို့ပါ။ နေ့တိုင်းတော့ ရောက်ဖြစ်ပါတယ်။ သူများစက်ကနေ ခဏတက်ရတာဆိုတော့ comment မရေးဖြစ်တာပါ။
    အခုတော့ online ပေါ်ပြန်ရောက်နေပါပြီ။
    လေးစားစွာဖြင့်
    ဧရာဝတီသား

    ReplyDelete
  6. အရမ်းကို ဖတ်လို့ကောင်းပါတယ်း)
    နောက်ကိုလည်း ဒီလိုပို့စ်လေးတွေ များများတင်နိုင်ပါစေ ..း)

    ReplyDelete
  7. သံသရာမှာ တင်ကျန်နေတဲ့ ဝဋ်အကြွေးတွေ ရှိနေသမျှ လောကဓံအဆိုးများလဲ ကြုံနေဦးမှာပါပဲ။ အဲလို ကြုံလာတဲ့အခါ ဖြေသိမ့်စရာလေး ရလာနိုင်လို့ ပို့စ်လေးအတွက် ကျေးဇူး တင်ပါတယ်။ သာဓု ခေါ်ဆိုပါ၏။ ချမ်းမြေ့ပါစေ။

    ReplyDelete
  8. ညီမလေးရေ သိပ်ကောင်းတဲ့ ပုံပြင်ပါပဲ။ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်။ အရာရာဟာ သူ့အကြောင်းနဲ့သူ ဖြစ်နေတာဆိုတာ သိပ်မှန်တာပဲ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။