ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
ဝါဆိုလဖွဲ့
ဝါဆိုလဖွဲ့
ကိုးခွင်ငယ် မှို်င်းပါလို့၊ မြင်တိုင်းမှာတဲ့ မည်းညို
လဲ့လဲ့ငယ်စို၊ ယုဂန္ဓိရ်တောင်မဟာက
ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။
ဆင်တာရာငယ်၊ ရာသီကရကဋ်
နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ် နိဗ္ဗူ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသော့ခါ
ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညို
မာလာမင်းက ၊ သင်းလှတယ်လေး။
(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)
ဝါဆိုလ
ဝါဆိုလသည် စတုတ္တမြောက် မြန်မာလဖြစ်၍ နွေတစ်ပိုင်း မိုးတစ်ပိုင်း လရာသီဖြစ်ကာ ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်သည်။
ဝါဆိုလပြည့်နေ့ကား မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း တောထွက်ခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ များကို ပြသတော်မူခြင်း ဟူသော ထူးခြားသည့်နေ့ဖြစ်သည်။ ၀ါဆိုလပြည့်ကျော် ၁ရက်တွင် ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြသည်။ ထို့ကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြသည်။
ရှေးမြန်မာဘုရင်များသည် သာသနာတော်ကို တိုးတက်စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ် များကို ရရှိရေး ဟူသော ရည်ရွယ်ချက်၂ရပ်တို့ကို အကြောင်းပြု၍ ၀ါဆိုလတွင် ပဉ္ဖင်းခံရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပသည်။
ဝါဆိုလပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့ ၌ဖြစ်စေ၊ ၀ါဆိုလတွင် ဖူးပွင့်ကြသည့် ပုန်းညက်ပန်းစသော ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့သွားရောက်လှူဒါန်းရန် ၀ါဆိုပန်းခူးထွက်သည့် ယဉ်ကျေးမှုဓလေ့တစ်ရပ် လည်း ပေါ်ပေါက်ခဲ့သည်။
အချို့က သံဃာတော်များ ၀ါဆိုသည့်အခါ ပူဇော်ဆက်ကပ်နိုင်ရန် ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးများကို ဘုန်းတော်ကြီးကျောင်းများ၌ လှူဒါန်းကြသည်။ ထို့အပြင် သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ၀ါဆိုတော့မည့် သံဃာတော်များအား ၀ါဆိုလဆန်း၌ပင် လှူဒါန်းကြသည့် သင်္ကန်း ဖြစ်သောကြောင့် ၀ါဆိုသင်္ကန်း ဟု ခေါ်ကြသည်။
မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာတစ်ခုအဖြစ် အသက် ၊ သိက္ခာ ဂုဏ်ဝါကြီးသူများအား ၀ါဝင်ခါနီး၌ ပူဇော်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ပူဇော်ကန်တော့ကြသည်မှာ ယနေ့ခေတ်အထိပင်ဖြစ်သည်။
Waso
Waso is the fourth Myanmar month. It is part summer and part moonsoon. It fals in June and July. The full-moon day of Waso is significant as the day the embryo-Buddha was conceived, the day He preached the first sermon of Dhamma Cakka, the day He performed the miracles. The day also marks the beginning of Buddhist Lent of three months when members of the Sangha go into the rains retreat.
It is a time of ordination and novitiation into the religious order, with these events held since the days of ancient Myanmar monarchs for the flourishing of the Sasana.
There is also a practice of young men and women going on outings of gathering flowers to be offererd at Buddha images.
A significant practice of Waso is the offering of monk's robes to members of the Sangha for use during the Lent and so these robes are called Waso robes. Likewise there are also big candles called Waso candles offered at this time of the year.
Among lay people it is also a time to offer elders cakes, fruits and other offertories.
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
9 comments:
  1. အရင်က ကဗျာလေးတွေ ရှာဖွေတင်
    ပေးတာ ကျေးဇူးအထူးတင်တယ် အမရေ...
    နောက်အဆင်ပြေရင်လဲ တင်ပေးပါအုံးလို. ...
    အားပေးလျက်ပါ ခင်ဗျာ...
    ReplyDelete
  2. မြစ်ကျိုးအင်းJuly 4, 2009 at 10:35 AM
    ရှားပါးကဗျာလေးလို့ထင်ပါတယ်..။
    ဘုန်းကြီးကျောင်းတွေသွားပြီး ၀ါဆိုသင်္ကန်းကပ်တယ်
    ချောင်းထဲမှာ စက်လှေတွေတစီးနဲ့တစီးရေပက်ကြတာ
    အရမ်းပျော်ဘို့ကောင်းတာပါပဲ...။
    ဘာသာတရားကိုင်းရှိုင်းကြတာတော့ မြန်မာလူမျိုးတွေရဲ့
    ငယ်စဉ်ထဲက စိတ်နေစိတ်ထားပါပဲ....။
    ReplyDelete
  3. ၀ါဆိုပန်းခူးထွက်တဲ့နေ့ဆိုရင် ကျောင်းပိတ်လို့ အရမ်းပျော်ခဲ့ဘူးတာ ပြန်သတိရတယ်။
    ၀ါဆိုလ နှင့် ၀ါဆိုသင်္ကန်းအကြောင်းလေးသိရလို့ကျေးဇူးပါ။
    ReplyDelete
  4. ဝါဆိုလဆိုတာ ဘယ်လမှန်းတောင် မသိတော့ပါဘူးဗျာ...။ ခုလိုသတိပေးစာလေး ရေးပေးတာ ရှဲ့ရှဲပါ
    ReplyDelete
  5. ဝါဆိုလဖွဲ့ ကဗျာလေးဖတ်ပြီးလွမ်းလိုက်တာ မေ
    ချင်ခင်လျက်
    ReplyDelete
  6. အော် ဘာလိုလိုနဲ့ ၀ါဆိုလကိုတောင် ရောက်ခဲ့ပြန်ပြီကော။
    ReplyDelete
  7. အစ်မရေ.. တန်ဖိုးရှိတဲ့ ပိုစ့်လေး ဖတ်မှတ်သွားပါတယ်.. ၀ါဆိုလပြည့်နေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် တရားနဲ့ မွေ့လျော်နိုင်ပါစေ...
    ReplyDelete
  8. ဒါ အလုပ်လုပ်ထားတာပါပဲ။ ကျေးဇူးအထူးတင်ပါတယ်ခင်မျာ။ ဒီလို အလုပ်လုပ်တဲ့လူများ တိုးပွားပါစေကြောင်းသည် ကျနော်၏ ဝါဆိုဆုတောင်းပင်ဖြစ်သည်။
    ReplyDelete
  9. မှတ်သားသွားပါတယ်ခင်ဗျာ...
    :D
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။