ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကော်ဖီနှင့်ရောဂါ

ကမ္ဘာ့လူဦးရေ သန်းပေါင်းများစွာဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြတယ်. . ကော်ဖီနှင့်ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ပြောကြသလို အမျိုးမျိုးလည်း သတ်မှတ်ကြပါတယ်. . တချို့ ကကော်ဖီမှာ ကဖိန်းဓာတ်ပါလို့ အာရုံကြောကို ဒုက္ခရောက်စေတယ်လို့ ဆိုကြတယ်. . .မကြာသေးခင်က ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများထဲတွင် ကော်ဖီနှင့်ပက်သက်ပြီး ကောင်းကျိုးတွေပါလာပါတယ်. . ကော်ဖီဟာရောဂါကြီးတွေကိုတောင် သက်သာစေနိုင်တယ်လို့ ပြောတယ်. . စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာစေတယ်လို့ ဖော်ပြခဲ့ပါတယ်. .



နှလုံးကို အားကောင်းစေပါသလား

အရင်ကတော့ ကော်ဖီဟာ နှလုံးကို အားနည်းစေတယ် . . နှလုံးမကောင်းဘူးလို့ ကောက်ချက်ချခဲ့ကြတယ်. . . လွန်ခဲ့တဲ့ အနှစ်၂၀က ဆိုရင် လေ့လာဆန်းစစ်မှုများကို ဥရောပကလုပ်ကြပြီး ကော်ဖီပြင်းပြင်းသောက်ရင် ကိုလက်စထရော အများကြီးဖြစ်ပေါ်စေတယ်လို့ ပြောကြတယ်. . . သုတေသီတွေကလည်း အမျိုးမျိုး ဆန်းစစ်ကြည့်ကြပါတယ်. . အဲဒီအခါမှာ ကော်ဖီကို ပုံမှန်သောက်မယ် အလွန်အကျွံ့မဟုတ်ဘဲ အသင့်အတင့် သောက်မယ်ဆိုရင် မိမိရဲ့ သွေးတိုးစေမှုကို အန္တရာယ် မဖြစ်ဘူး . . သွေးတိုးရောဂါလည်း မဖြစ်ဘူးလို့ ဆိုပါတယ် . . ဒါ့အပြင် သွေးခုန်နှုန်း မမှန်တာတွေကို မှန်အောင် အားပေးတယ်. . ကျန်းမာရေး ကောင်းတဲ့ သူတွေဖြစ်အောင် ကော်ဖီကအကျိုးပြုပါတယ်လို့ ဆိုပါတယ် . . ကော်ဖီကြောင့် နှလုံးရောဂါဖြစ်တယ်ဆိုတာ အခုမှဟုတ်တော့ပါဘူးလို့ ဟားဗတ်တက္ကသိုလ်က မိယာစတင်ဖာက ပြောပါတယ်. . ကော်ဖီသောက်တာနဲ့ နှလုံးရောဂါဖြစ်တာ ဘယ်လိုမှ မပတ်သက်ဘူးဆိုတာလည်း သိရှိလာရပါတယ်. . .

ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို ကာကွယ်ပေးခြင်း

ယခုအခါ ကော်ဖီရဲ့ အာနိသင်နဲ့ပတ်သက်ပြီး အသစ်တွေ့ရှိတာက အသက်ကြီးတဲ့ အခါ ဖြစ်တတ်တဲ့ ပါကင်ဆန်ခေါ် ခြေတုန်လက်တုန်ရောဂါကို သက်သာပျောက်ကင်းစေသလို မဖြစ်အောင်လည်း ကာကွယ်တယ်လို့ ဆိုပါတယ်...

ကော်ဖီများများသောက်ရင် ကိုယ်ဝန်ပျက်စီးစေသလား

ကနေဒါက ကော်ဖီနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်သူတွေဟာ သားပျက်ကျတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို စစ်ဆေးကြည့်တဲ့အခါ ၃၆% ဟာ တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်တဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်. . သူတို့ဟာ ကော်ဖီမသောက်တဲ့ မိန်းမတွေထက်ပိုပြီး အဖြစ်များတာ တွေ့ရတယ်. . . ဒါပေမယ့် အမေရိကန်ပြည်ထောင်စု က လူသားဖွံ့ဖြိုးမှုနှင့် ကလေးကျန်းမာရေး အမျိုးသားဌာနက ဒေါက်တာ မက်ကလေဘာနော့က ဒီအဆိုဟာ မသေချာပါဘူး. ကော်ဖီမသောက်ဘဲနဲ့လည်း သားပျက်ကျတဲ့ မိန်းမတွေ အများကြီးရှိတယ်. . . ကော်ဖီသောက်လို့သားပျက်တယ်ဆိုတာကတော့ အခုအချိန်ထိ အသေအချာ ပြောလို့မရသေးပါဘူး ကော်ဖီကို တစ်နေ့ ၅ခွက်၊ ၆ခွက် အလွန်အကျွံ့သောက်တဲ့ သူတွေကတော့ သားပျက်တာဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်. . .

ကင်ဆာရောဂါဖြစ်နိုင်သလား

၁၉၈၀ ခုနှစ်ကာလတွေတုန်းကတော့ ကော်ဖီသောက်လို့ရှိရင် ပန်းခရိကင်ဆာဖြစ်နိုင်တယ်လို့ ပြောပါတယ်. . . အဲဒါဟာ တမင်ခြောက်လှန့်တာသက်သက်ပဲ ဖြစ်ပါတယ် ဒါကြောင့်လေ့လာဆန်းစစ်မှုတွေ လုပ်ကြည့်တဲ့ အခါ ကော်ဖီကြောင့် ဖြစ်တယ်ဆိုတာ လက်မခံကြပါဘူး နောက်တစ်ချို့လည်း ဆီးအိမ်ကင်ဆာဟာ ကော်ဖီသောက်လို့လည်းပြောပါတယ်. . . ဒီအချက်ဟာလည်း လေ့လာဆန်းစစ်ကြည့်တဲ့အခါ မမှန်ကန်တာကို တွေ့ရပါတယ်. . တစ်နေ့ကို ကော်ဖီ၁၀ခွက်ကျော် သောက်တဲ့ လူတွေမှာတော့ ကျန်းမာရေး ထိခိုက်စေတာကို တွေ့ရပါတယ် .. . . ဒါပေမယ့် အူမကြီး ကင်ဆာ ဖြစ်တဲ့အခါ ကော်ဖီကြောင့်ဆိုတာကိုတော့ ယနေ့တိုင် မတွေ့ရှိရသေးပါ. . .

အားကစားနှင့်ကော်ဖီ

ကဖိန်းဟာ အမှန်တကယ်တော့ စိတ်ကြွမှုအားကောင်းစေတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်. . . နိုင်ငံတကာ အိုလံပစ် ကော်မတီက သွေးထဲမှာ ကဖိန်းဓာတ် ဘယ်လောက်ရှိရမလဲဆိုတာကို ကန့်သတ်ထားပါတယ် . . . ပြိုင်ပွဲများတွင် စိတ်ကြွဆေး သုံးမသုံး သက်ဆိုင်ရာ စမ်းသပ်စစ်ဆေးတဲ့အခါ ကဖိန်းဓာတ် ဘယ်လောက် ပါသလဲဆိုတာလည်း စစ်ပါတယ်. . ကဖိန်းဟာ နိုးကြားပြီး စိတ်ဓာတ်တက်ကြွစေတယ်. . ကော်ဖီကို လိုအပ်တာထက် ပိုသောက်ကြရင် အိပ်မပျော်ဘဲ လန်းဆန်းတက်ကြွနေပါတယ်. . ဒါကြောင့် အားကစားသများတွေကို မူးယစ်ဆေး မသုံးရဆိုတာကြောင့် ကဖိန်းဓာတ် ပါဝင်မှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်. .

ကော်ဖီကို သောက်သင့်သလား .

အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်တဲ့အခါ ဗိုက်ထဲက ကလေးကို မွေးတဲ့အခါ နို့တိုက်ရမှာဖြစ်တယ်. ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကိုယ် ကော်ဖီ ၂ ခွက်သောက်သင့်ပါတယ်. . ၂ ခွက်ထက်တော့ မပိုသင့်ပါဘူး ကော်ဖီအလွန်အကျွံ့သောက်လို့ ကိုယ်ဝန်ပျက်ကျမှာလည်း ကြည့်ရပါမယ်. . ကော်ဖီ၂ခွက်ပဲသောက်မယ်ဆိုရင် မိခင်ဟာ နို့ထွက်ကောင်းတယ်. . . ကိုယ်ဝန်ဆောင်သည်များ စိတ်ချမ်းသာတာ ၊ နှလုံးခုန်တာကိုလည်း ကော်ဖီကထိန်းပေးပါတယ် . . ဒါကြောင့်ကော်ဖီဟာ နေ့စဉ်ကော်ဖီ၃ ခွက်တော့ သောက်သင့်ပါတယ်. .

ကော်ဖီသောက်တာ ဆိုးကျိုးရှိသလို ကောင်းကျိုးလည်း ရှိနိုင်ပါတယ် . . အလွန်အကျွံ့ မသောက်ဘဲ မျှတအောင်ပဲ သောက်ဖို့ လိုပါတယ်..

သုတေသီတစ်ဦး (ကြုံတွေ့နေကျ ကျန်းမာရေး ပြသာနာများအတွက်)

အားလုံးကိုချစ်ခင်လေးစားလျှက်...





ပညာအလှူသည်အမြတ်ဆုံးဖြစ်သည်

ဧရာဝတီစာကြည့်တိုက်အတွက် စာအုပ်များဝယ်ယူရန် အလှူငွေလှူဒါန်းပေးသော အလှူရှင် တစ်ဦးအတွက် ပညာဒါန နှင့်ပတ်သက်ပြီး အလှူပီတိ အလိုငှာ ပိုစ့်တစ်ခု ရေးပေးပါရန်ဘုန်းဘုန်း
အရှင်ကောဝိဒသိရီ သီတဂူစတားအား လျှောက်ထားတဲ့အတွက် ဘုန်းဘုန်းမှ"ပညာအလှူသည်အမြတ်ဆုံးဖြစ်သည်" ဟူသောပို့စ်ကို ရေးသားချီးမြှင့်ပေးပါသည်။ အလှူရှင်နှင့်အတူ သာဓုအနုမောဒနာ ခေါ်ဆိုကြရအောင်နော်.....

ပညာအလှူသည်အမြတ်ဆုံးဖြစ်သည်

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

စာပေမြင့်မှ လူမျိုးတင့်မည်။ လူမျိုးတင့်မှ တိုင်းပြည်မြင့်မည်။ စာပေသည် တိုင်းပြည်နှင့် လူမျိုး၏ အသက်ဖြစ်သည်။ စာပေထွန်းကားမှ နိုင်ငံထွန်းကားမည်။ စာပေသည် ရတနာမျိုးစုံကို ထည့် သွင်း သိမ်းဆည်းထားသော သေတ္တာတစ်လုံးနှင့်တူသည်။ တန်ဘိုးရှိသော ပညာရပ်မှန်သမျှကို စာပေဖြင့် ခေတ်အဆက်ဆက် မှတ်တမ်းတင်ထားခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးကို တိုးတက်အောင် ပြုလုပ်ရာ၌ စာပေကို မျက်ကွယ်ပြု၍ မရနိုင်ပေ။

စာပေသည် အမှောင်နှင့်အလင်း အမှားနှင့်အမှန်ကို ရှင်းလင်း သိနိုင်အောင် ပြသပေးသော မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့် သာသနာ တိုးတက်စည်ပင်ရေးအတွက် စာပေတည်းဟူသော မီးရှူးတန်ဆောင်ကို အရှိန်အဟုန် မပျက် ဆက်လက် ညှိထွန်းနေရမည်ဖြစ်သည်။ စာပေသည် အလင်းတကာတို့ထက် ပိုမို၍ လင်းအားကောင်းသော အရာဖြစ်သည်။ စာပေအလင်းရောင်ကြောင့် တိုင်းပြည်သည် တစ်ခဏချင်း လင်းထိန်သွားနိုင်သည်။ လူမျိုးသည် တောက်ပြောင် နိုင်သည်။ ဘာသာနှင့် သာသနာသည် ထိပ်တမ်းသို့ မြင့်တက်သွားနိုင်သည်။ ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်ကို ဖော်ပြသောအားဖြင့် စာပေ အလံတံခွန်ကို အမြင့်ဆုံးသို့ ရောက်အောင် မြှင့်တင်နေရမည်ဖြစ်သည်။

တနည်းအားဖြင့် စာပေသည် ပညာရပ်အားလုံးတို့၏ ကိုယ်စားပြု နာမ်စားတစ်ခုဖြစ်သည်။ စာပေကို လိုက်စားခြင်းဖြင့် ပညာရပ်အားလုံးကို တတ်သိနားလည်ပြီး အများအားကိုးထိုက်သည့် အကျိုးပြု ပညာတတ်ကြီးအဖြစ်သို့ ရောက်ရှိနိုင်သည်။ စာပေကြောင့် အသိအမြင်နှင့် ဘဝ အခြေအနေ တိုးတက် ပြောင်းလဲ သွားသူများ ကမ္ဘာတစ်ဝှမ်း၌ မြောက်များစွာရှိသည်။

ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါမှတ်သားဘွယ်ရာ နီတိဆန်သော စကားရပ်များကို မိန့်ကြားတော်မူခဲ့သည်။ ၄င်းတို့မှာ-

နတ္ထိ ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ) လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။

ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ) ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။

ပညာ လောကသ္မိံ ပဇ္ဇောတော (သံ၊၁၊၄၁၊ပါ) ပညာသည် လောကကြီးအတွက် အကောင်းဆုံး အလင်းရောင်

ထို့ပြင် စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ ပညာမျက်စိ၊ အသိ၊ အမြင်၊ နားလည်မှုများရှိလျှင် ဘဝလွတ်မြောက်မှုကို ရနိုင်သည်ဟု အားပါးတရ မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် အမှောင်ကင်း ပျောက် သော လောကကြီးဖြစ်စေရန် အသိမှန် အမြင်မှန်ပေးနိုင်သော စာပေများကို ဦးစားပေးစနစ်ဖြင့် ဖတ်ရှုလေ့လာ ပြန့်ပွားအောင်ပြုလုပ်ရမည်ဖြစ်သည်။

သံယုတ်ပါဠိတော်၌ ခွန်အားကောင်းလိုသော် အစာအာဟာရကို လှူရုပ်ရည်ကောင်းလိုသော် အဝတ်တန်ဆာကို လှူ၊ မျက်စိကောင်းလိုသော် အလင်းရောင်ကိုလှူ၊ ချမ်းသာကို အလိုရှိသော် ယာဉ်ရထားကို လှူ၊ ၄င်းသုံးမျိုးကို တစ်ပြိုင်နက် ရလိုသော် အရိပ် အာဝါသ ကျောင်း ဇရပ်ကို လှူ။ အသိဥာဏ်ကြီးလိုသော် တရား(ပညာ)ကိုလှူ (သံ၊၁၊၂၉၊ပါ) ဟု မြတ်စွာဗုဒ္ဓမိန့်တော် မူခဲ့သည်။ ထို့ကြောင့် အသိဥာဏ်ကြီးလိုက အသိဥာဏ်ကြီးကြောင်း ပညာရပ်များကို ဖြန့်ဝေခြင်း မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ပညာရပ်ကို ဖြန့်ဝေသည် ဆိုရာ၌ သင်ကြားခြင်း၊ သင်ယူခြင်း၊ တရားစကား ပြောခြင်း၊ နားထောင်ခြင်းများအပြင် စာအုပ်စာပေများ ပေး လှူခြင်းများလည်းပါဝင်သည်။

နံရံများ၏ ပဲ့တင်သံများသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းများဖြစ်သည်။ အလေး အပေါ့ အကျယ်အကျဉ်း အကောင်းအဆိုး အတိုးအမြင့်သည် မူလဘူတ ပြုလုပ်သူ၏ အင်အားနှင့် များစွာ သက်ဆိုင် သည်။ ဆိုလိုသည်မှာ လောက၌ အရာရာသည် အကြောင်းမဲ့ သက်သက်ဖြစ် နေခြင်းမဟုတ်ဘဲ အကြောင်းအကျိုး အားဖြင့် နှီးနွှယ် ဖြစ်ပျက်နေခြင်းဖြစ်သည် ထိုကို ပညာရှိ သူတော်ကောင်းများက ဇနေတိ သဒိသံ ပါကံ (အဘိ၊၃၆)

လောက၌ အရာရာသည် တူသော တန်ပြန်သက်ရောက်မှုနှုန်းရှိသည် ဟု အလေးအနက် မိန့်ကြား တော်မူခဲ့ခြင်းဖြစ်သည်။ ။


ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ။

အရှင်ကောဝိဒသိရီ (၂ဝဝ၉-စက်တင်ဘာလ-၂၃-ရက်-ဗုဒ္ဓဟူးနေ့)


အားလုံးကိုချစ်ခင်လေးစားလျှက်...


ခွင့်လွှတ်ပါ

" ခွင့်လွှတ်ပါ "

အပြစ်ရှိက ၊ ခွင့်လွှတ်ပါ့ ဟု
ဖွင့်ဟ၀န်ခံ၊ ငါတောင်းပန်သည်
တစ်ရံခါက ၊ ကြုံခဲ့ကြသည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။

အမှားရှိက၊ ကျေအေးပါ့ဟု
နှိမ့်ချအမှန်၊ ငါတောင်းပန်သည်
တစ်ရံခါက၊ ဆုံခဲ့သည့်
ဘ၀အဖော်၊ မိတ်ဆွေတို့။

ငါပြောလျှင် ဟုတ်၊
ငါလုပ်လျှင် မှန်၊
ငါကြံလျှင် မြတ်၊ ငါသာတတ်၍
ငါဖြတ်လေမှ ၊ ပြတ်လေစွဟု
ငါ့တစ်ကိုယ်လုံး၊ ငါတွေဖုံးကာ
ငါလုံး လှိုင်းထန်ခဲ့သည် အမှန်။

ငါလိုလျှင် ရ၊ ငါတ လျှင် ပိုင်
ငါပြိုင်လေက ၊ နိုင်လေစွဟု
ဘ၀ခရီး ၊ငါနှင့် ပြီးကာ
ငါမီး တောက်လျှံခဲ့သည်အမှန်။

အို. . . မိတ်ဆွေတို့၊
ငါ့ဘို့ငါ့ဘို့၊ တစ်ဖို့ဖို့နှင့်
ဘို့ကြီး ကြီးကာ၊ ပိ၍လာမှ
ခုခါသုံးသပ်၊ ငါမြင်တတ်ပြီ
အနတ္တ အစဉ်၊ အတ္တထင်ခဲ့
ကြင်နှင့် ကြဉ်အား ၊ အလိုက်မှားခဲ့
တရားလက်လွှတ်၊ ငှက်တောင်ကျွတ်နှယ်
မိုးလွတ်ရာကို
မခိုသာသေး ၊ အေးရိပ်ဝေးကာ
တုံ့နှေးနွှဲဖင့်၊ လွဲသဖြင့်လျှင်
ခွင့်လွှတ်ကြပါ မိတ်ဆွေတို့။
ဆုံရပ်ရောက်ချိန် နီးပြီမို့
ပြန်တွေးဆင်ခြင်ကြပါစို့။ ။

(မြင်းမူမောင်နိုင်မိုး)

အားလုံးကိုချစ်ခင်လေးစားလျှက်...





သီတင်းကျွတ်လ




သီတင်းကျွတ်လဖွဲ့

ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ ပြောင်ထိန်။

ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူး မြင်းမိုရ်မီး ၊ညီးတဲ့ခါချိန်
ရှိခိုးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။

သက္ကစ္စ ဂါရ၀နှင့် ၊ စဉ်အလာ ပူဇော်ပွဲကို
ခဲကြပေတောင်း။

(ဘိုးသူတော်ဦးမင်း)

သီတင်းကျွတ်လ


သီတင်းကျွတ်လသည် မြန်မာလများတွင် ခုနှစ်လမြောက်ဖြစ်ပြီး မိုးရာသီကုန်လုချိန်ဖြစ်ကာ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကျရောက်သည်။

ဂေါတမရှင်တော်ဘုရားသည် မယ်တော်မိနတ်သားအား တာဝသိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ် ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူ၏။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတို့ကို ဖန်ဆင်းပူဇော်ပေသည်။ ဗုဒ္ဓရှင်တော်မြတ်သည် ရောင်ခြည်တော်ခြောက်သွယ်ဖြင့် တင့်တယ်စွာ အလယ်ဗဟိုပတ္တမြားစောင်းတန်းမှ သက်ဆင်းကြွမြန်းတော်မူလေသည်။ နတ်အပေါင်းက လက်ယာ ရွှေစောင်းတန်း၊ ဗြဟ္မာကြီးများက လက်ဝဲ ငွေစောင်းတန်းမှ သက်ဆင်းလိုက်ပါလာကြ၏။

ယင်းပူဇော်ပွဲကြီးကို အစွဲပြု၍ မြန်မာ့ယဉ်ကျေးမှု ရာသီပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားရှင်ကို ရည်မှန်း၍ မီးရှူးမီးပန်းများ ၊ မီးပုံး၊ ဆီမီးရောင်စုံတို့ဖြင့် ပူဇော်မှုပြုလာခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓမြတ်စွာ တာဝတိံသာမှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ တာဝတိံသာပွဲတော် ၊ တာဝတိံသာနတ်ပြည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြု၍ မီးမြင်းမိုရ်ပွဲ ဟု ခေါ်ဝေါ်ကြသည်။

ရဟန်းတော်များသည် သီတင်းကျွတ်လပြည့်နေ့တွင် ၀ိနည်းဒေသနာတော်အရ ဥပုဒ်အစား "ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း" ဟု အဓိပ္ပါယ်ရသော ပ၀ါရဏာပြုကြရ၏။ ဤပ၀ါရဏာပြုခြင်းသည် ဘုရားရှင် လက်ထက်ကပင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သာဝတ္တိပြည်ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးဖော် ရဟန်းတစ်စု အချင်းချင်း မခေါ်မပြောနေထိုင်ကြသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုနည်းတူစွာပင် ဘုရားရှင်အား ဖူးမြှော်ကန်တော့သည့် အစဉ်အလာကို အစွဲပြု၍ မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော်ကန်တော့သည့် ဓလေ့ထုံးစံကောင်းတစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

Thadingyut

Thadingyut is the seventh Myanmar month (in September-October) toward the end of the rainy season.
Lord Gautama Buddha preached The Abhidhamma to Maidawmi Nat ( reincarnate of His mother) in Tavatimasa Abode of celestial beings for three Lenten months and returned to the abode of men on the full-moon day of Thadingyut. The king of Celestials created gold, silver, ruby stairways for him. Buddha took the middle ruby one radiating six hues of aura. The nats came along by the right gold stairways and the brahmas by the left silver stairways.
On account of that , Myanmar Buddhists celebrate the full-moon day with multi-coloured illuminations. It is also called Tavatimsa Festival after the tavatimsa Abode of the nats and the Myintmo Lights Festival after the Mount Myinmo there.

For the Sangha it is the the time for what is known as Pawayana, which means inviting , entreating, urging. In practice since the times of Buddha, it is to beg on another for forgiveness of any action that might have displeased any other among Sangha. There is also the practice among laity of paying obeisance to parents and elders.


အားလုံးကိုချစ်ခင်လေးစားလျှက်...

နေပူစာလှုံလျက် နေတော်မူ၏

ဇရာဓမ္မသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာ ဘုရားသည် ညနေချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထခဲ့၍ ကျောင်း အနောက်ဘက် နေပူဆာ၌ ကျောက်ကုန်းကို နေစာလှုံလျက် နေတော်မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် မြတ်စွာဘုရား၏ ကိုယ်တော်ကို လက်ဖြင့် အဖန်ဖန် ဆုပ်နယ် သုံးသပ်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား အံ့သြဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊
အသျှင်ဘုရား ယခု မြတ်စွာဘုရား၏ အရေအဆင်းတော်သည် ရှေးကကဲ့သို့ စင်ကြယ် ဖြူစင်ခြင်း မရှိတော့ပါ၊ ခန္ဓာကိုယ်အားလုံးတို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ် နေပါကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်းပါ၏၊ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝှိနြေ္ဒ၊ ကာယိနြေ္ဒဟူသော ဣနြေ္ဒတို့၏ ဖောက်ပြန်ခြင်းသည် ထင်ပါ၏'' ဟု လျှောက်၏။ အာနန္ဒာ ထိုစကားသည် မှန်၏၊ ပျိုနုခြင်းသဘော ရှိခဲ့သော် အိုခြင်း သဘောရှိ၏၊ ကျန်းမာခြင်း သဘော ရှိခဲ့သော် နာခြင်း သဘောရှိ၏၊ အသက်ရှင်ခြင်း သဘော ရှိခဲ့သော် သေခြင်း သဘောရှိ၏၊ အရေအဆင်းသည် ရှေးကကဲ့သို့ စင်ကြယ် ဖြူစင်ခြင်း မရှိတော့ပေ၊ ခန္ဓာကိုယ် အားလုံးတို့သည် လျော့ပါးကုန်သည် ဖြစ်၍ အရေတွန့်လိပ် နေကုန်၏၊ ခန္ဓာကိုယ်သည် ရှေ့သို့ ကိုင်းရှိုင်း၏၊ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ၊ ဃာနိနြေ္ဒ၊ ဇိဝှိနြေ္ဒ၊ ကာယိနြေ္ဒဟူသော ဣနြေ္ဒတို့၏ ဖောက်ပြန်ခြင်းသည် ထင်၏ဟု မိန့်တော်မူ၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူပြီး နောက် ထိုမှတစ်ပါး ဤဂါထာကို မိန့်တော်မူပြန်၏ -

''ယုတ်မာလှသော ဟယ်ဇရာတရား သင့်အား စက်ဆုပ်ဖွယ် ဖြစ်ပါစေ၊ အဆင်းပျက်အောင် ပြုလုပ်တတ်သော ဟယ်ဇရာတရား နှစ်သက်ဖွယ် ကောင်းသော ခန္ဓာကိုယ် အတ္တဘောကို ဇရာတရားသည် ဖိစီး နှိပ်စက်လေစွ တကား။

အနှစ်တစ်ရာ အသက်ရှည်သူသည်လည်း သေရခြင်းလျှင် လဲလျောင်းရာရှိ၏၊ သေခြင်းတရားသည် တစ်စုံတစ်ယောက်ကိုမျှ မရှောင်ကြဉ်၊ အလုံးစုံသော သတ္တဝါကိုပင် ဖိစီး နှိပ်စက်လေ၏'' ဟု မိန့်တော်မူ၏။ 511
၁ - ဇရာဓမ္မသုတ်၊ ဇရာဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ဘုန်းဘုန်း ဦးလောကနာထ ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...





ဦးချိုကြောင့် ဒုက္ခတွေ့


သမင်ထီးတစ်ကောင်ဟာ ရေဆာလို့စမ်းချောင်းကလေး တစ်ခုဆီလာခဲ့တယ်. . . ရေသောက်ပြီးတဲ့အခါ သူ့အရိပ်ကို ရေပြင်မှာ သတိပြုမိတယ်.

ရှည်ပြီး ထူးခြားစွာလှပနေတဲ့ သူ့ ဦးချိုတွေကြောင့် ဂုဏ်ယူနေမိတယ်.. . ဒါပေမယ့် သေးသွယ်ပြီး မလှပတဲ့ သူ့ခြေထောက်တွေကြောင့် အလွန်စိတ်ပျက်သွားလေရဲ့. . .

အဲသလိုဖြစ်နေဆဲမှာ ခြင်္သေ့တစ်ကောင်ဟာ ဘွားခနဲပေါ်လာပြီး သူ့ကို လိုက်တာပေါ့. . . . . သမင်ဟာ သူ့ရဲ့မလှပဘူးလို့ ထင်နေတဲ့ သူ့ခြေထောက်တွေနဲ့ အမြန်ဆုံးထွက်ပြေးနိုင်ခဲ့ပါတယ်. .

ဒါပေမယ့် သမင်ဟာ ကွင်းပြင်ထဲမှာ အန္တာရယ်ကလွတ်အောင် ပြေးနိုင်ပေမယ့် တောထဲရောက်တဲ့အခါ သူ့ဦးချိုဟာ သစ်ကိုင်းနဲ့ငြိသွားတယ် . . . သူ ဆက်မပြေးနိုင်တော့ဘူး . . ဒီလိုနဲ့ ခြင်္သေ့ဟာ သူ့ကို မိသွားပါလေရော. . .

သူမသေခင်လေးမှာ သူနောင်တရသွားတာက . . .

" အင်း ငါ့ခြေထောက်ကို စိတ်ပျက်ခဲ့မိတယ်. . . . သူအသုံးဝင်မှန်းခုမှငါသိတယ်. . . ငါအထင်ကြီးခဲ့တဲ့ ဦးချိုကြောင့် ငါဟာ ခြင်္သေ့စာဖြစ်ရတာပါလား . . . " လို့နောင်တတွေရသွားခဲ့ပါတယ်.. .

(မိတ်ဆွေတွေထဲမှာ ဘယ်သူဟာ မှန်ကန်သစ္စာရှိမယ်. . . ဘယ်သူဟာ စိတ်မချသင့်ဘူးဆိုတာ လက်တွေ့ကျတော့ သိရတာပဲ. . . အလှအပထက် အသုံးကျမှုကို တန်ဖိုးထားတတ်ရမယ်. .)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဂေါက်သီးလောကဟာသများ


"စိုးရိမ်သူ"

နာမည်ကြီးဂေါက်ကွင်းတစ်ကွင်းအနီးရှိ ဆေးရုံကြီး၏ အရေးပေါ် ကုသခန်းရှေ့တွင် ဂေါက်သမားကြီး တစ်ယောက် လူးလားခေါက်တုံ့ဖြင့် ဂနာမငြိမ် ဖြစ်နေသည်. . အခန်းထဲတွင်ကား ဆရာဝန်များသည် လည်ချောင်းထဲသို့ ဂေါက်သီးဝင်သွားသည် ဂေါက်သမားတစ်ဦးကို အရေးပေါ်ခွဲစိတ်နေကြ၏
တာဝန်ကျသူနာပြုက ထွက်လာပြီး ဂေါက်သမားကြီးကို နှစ်သိမ့်၏

သူနာပြု - "ပြီးတော့မှာပါရှင်၊ ဘာတော်လည်း၊ ဆွေမျိုးလား. . . "

ဂေါက်သမား- "မတော်ပါဘူးဆရာမ၊ ကျွန်တော့ဘောလုံးကလေး ပြန်ရမလားလို့ စောင့်နေတာပါ. . . "


"အထက်လူကြီးနဲ့ရိုက်ရတာ"

ယောကျာ်းဖြစ်သူ က ဂေါက်ကို သဲကြီးမဲကြီး ကစားလွန်းတော့ မိန်းမကလည်း ငါ့ယောကျာ်း ဒီလောက်စွဲနေတဲ့ အားကစားကို နားလည်အောင်တော့ လေ့လာထားမှပါလေလို့ ဆုံးဖြတ်လိုက်တယ်..

မိန်းမ - "အကျောပေးဂေါက်သမားဆိုတာ ဘာလဲဟင်"

ယောကျာ်း - " ကိုယ့်အထက်လူကြီးနဲ့ ရိုက်ရတဲ့ ဂေါက်သမားမျိုးပေါ့ကွာ . . . တဲ့"

အားလုံးကိုချစ်ခင်လေးစားလျှက်...





ညစ်နေတာတွေသစ်သွားအောင်



အလုပ်ကြောင့်၊ မိသားစုကြောင့်၊ မိတ်ဆွေတွေကြောင့်၊ ချစ်သူကြောင့် စိတ်ရှုပ် နေသူတွေအတွက် အောက်ပါနည်းလေးတွေကို အသုံးချပြီး လူသစ်၊ စိတ်သစ်နဲ့ သောကတွေကို ဖျောက်ကြည့်ဖို့ ကြိုးစား ကြည့်ပါနော်. . .

- စောစောထ၊ ရေချိုး ၊ စတိုင်ကျပြီး ဆွဲဆောင်မှုရှိမယ့် ၀တ်စုံကို စမတ်ကျကျ ၀တ်ဆင်ပါ.

- လေ့ကျင့်ခန်းလုပ်ခြင်းသည် စိတ်ညစ်တာတွေ၊ ဒေါသထွက်တာ၊ အလိုမကျတာ ၊ မကောင်းမြင်တာ၊ အဖျက်စိတ်တွေကို အားပေးတဲ့ ဟော်မုန်းတွေကို လျော့ပါးစေပါတယ်. (လေ့ကျင့်ခန်းလုပ်နည်းလည်း တင်ထားပါတယ် တစ်ခါတည်းဖတ်သွားပါနော် )

- သင့်ရဲ့စိတ်အာရုံတွေကို စာပေထဲမှာ နှစ်မြုတ်ပြီး စိတ်ညစ်စရာတွေ မစဉ်းစားမိအောင် နေကြည့်ပါ.

- တရားထိုင်ခြင်းကလည်း စိတ်ကို တည်ငြိမ်စေပါတယ်.

- မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး သွားလာပါ၊ ဈေးဝယ်ထွက်ပါ၊ ရုပ်ရှင်ကြည့်ပါ.

-ရယ်မောခြင်းဟာ လည်း စိတ်ကြည်လင် လန်းဆန်းစေပါတယ် . . .

စာဖတ်သူများ စိတ်ပေါ့ပါးပြီး လန်းဆန်းပါစေ..

အားလုံးကိုချစ်ခင်လေးစားလျှက်...





ငါးမိနစ်နှိပ်နယ်နည်း

ခုတစ်လော မေ16 တစ်ယောက် ခြေဖ၀ါးတွေနာ၊ လက်တွေ ကိုက်ပြီး ကွန်ပျူတာရှေ့မှာ အထိုင်များလို့လား မသိဘူး ခါးတွေ၊ ကျောတွေပါ အောင့် နေပါတယ် ဆရာဝန်ဆီသွားရမှာလည်း တီကောင် ဆားနဲ့တို့သလို တွန့်ပါတယ်. . . ဒါနဲ့ သက်သာအောင် လုပ်ဖို့နည်းလမ်းတွေကို လိုက်ရှာလိုက်တော့ ကျန်းမာရေး ဆောင်းပါးထဲမှာ နည်းလမ်းကောင်းလေး တွေကို တွေ့တာနဲ့ ကိုယ်တိုင်လည်း လုပ် စာဖတ်သူများကို လည်း ဗဟုသုတ အဖြစ်မျှဝေလိုက်ပါတယ်. . .


၁။ ခြေသလုံး ကြွက်သားတွေ တောင့်တင်းတာ သက်သာအောင် ကြမ်းပြင်ပေါ်မှာ ခြေထောက်ဆင်းထိုင်ပါ. . လက်သီးဆုပ်ကာ လက်ဆစ်ထိပ်တွေနဲ့ ပေါင်ပေါ်ဖိပြီး ဒူးခေါင်းဆီသို့ တဖြည်းဖြည်းရွေ့သွားပါ. လက်ဆစ်ထိပ်တွေကို ဖိပြီး နဂိုနေရာသို့ ပြန်ရွှေ့ပါ. . . မိမိနာကျင်ကိုက်ခဲ့တဲ့နေရာတွေကို အာရုံထားပြီး တစ်မိနစ်ခန့် နှိပ်သွားပါ. . . . .


၂။ လက်ဖျံကိုက်ခဲတာ သက်သာအောင် ဘယ်ဘက်လက်သီးဆုတ်ကာ ပုံမှာ ပြထားတဲ့အတိုင်း တံတောင်ဆစ်ကို ကွေးထားပါ. . ညဘက်လက်မကို အပေါ်ဘက်ထားပြီး ညာဘက်လက်မှ ဘယ်ဘက်လက်ဖျံကို ဆုပ်ကိုင်ပါ. . ဘယ်ဘက်လက်ဖျံကို လှည့်ပေးပါ. . . လက်ဖ၀ါးကြမ်းပြင်ဘက် လှည့်သွားပြီး နဂိုနေရာပြန်ထားပါ. . စက္ကန့်၃၀ ခန့် ဆက်လုပ်ပါ. .. နာကျင်တဲ့နေရာတွေဆီ ညာဘက်လှည့်ရွှေ့သွားပါ. . နောက်တစ်ဖက်ကိုပြောင်းလုပ်ပါ.


၃။ ခါးနာတာသက်သာအောင် ထိုင်ခုံ တစ်ခုပေါ်ထိုင်ပြီး ခြေဖ၀ါး ကိုကြမ်းပြင်နဲ့ ထိထားပါ. . လက်မောင်းကို နောက်ဘက်ကွေးကာ လက်သီးဆုပ်ပြီး ပုံမှာပြထားတဲ့အတိုင်း နောက်ကျော်နေရာမှာထားပါ.. ခါးရိုးတစ်ဖက်တစ်ချက် ခါးအောက်ပိုင်းနေရာကို လက်သီးနဲ့ စက်ဝန်းပုံနှိပ်နယ်ပါ. . တစ်မိနစ်ခန့် နေရာရွှေ့ပြီး လုပ်ပေးပါ. .



၎။ ခြေဖ၀ါးနာကျင်တာ သက်သာအောင် ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဘယ်ဘက် ခြေဖ၀ါးအောက်မှာ တင်းနစ်ဘောလုံးထားပြီး ခြေဖ၀ါးကို ကြမ်းပြင်ပေါ်ထားပါ. . ခြေဖ၀ါးကိုကြမ်းပြင်ပေါ် ရှေ့နောက် စက္ကန့် ၃၀ ခန့်လှည့်ပါ ခြေဖ၀ါးကို ပြောင်းလုပ်ပါ. . .

အချိန်မကုန် ငွေမကုန်ပဲ အထက်ပါနည်းလမ်းများဖြင့် ဝေဒနာများ သက်သာပျောက်ကင်း ကြပါစေရှင်.

ကျန်းမာရွှင်လန်းကြပါစေ. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

အဖြည့်ခံ(သို့)ခံပွင့်



အဖြည့်ခံ(သို့)ခံပွင့်


ခံပွင့်ခိုင် နုနုထွေး
ပန်းမုလေး ပမာနှယ်
ပန်းနုသွေးခြယ်
သီးခိုင်လှ ပန်ချင်ဖွယ်
လုံမငယ် သူထင်ငြား၊
နံ့မကြွယ် ဆူးထောင်ကား
ဆွတ်ငင်သူရှား။

ပန်းစံပယ် အခါလင့်
နန်းမယ့်ခင့် ဗျာပါကြွယ်
ဖွေမော ရှာတယ်၊
အလိုက်သင့် ခံပွင့်ငယ်
ပန်းစံပယ် ပမာလား၊
ကေသာဝယ် ၀ိုးတ၀ါး
ထင်ယောင်ယိုးမှား။

ပန်းစံပယ် လှိုင်လှိုင်ဖွေး
ခံပွင့်ထွေး ငယ်မျက်နှာ
ရွေ့ဖယ်ရရှာ၊
အဆင်းက လှအားသာ
ပင်ကိုယ်မှာ ချွန်မြမြ
သင်းပြေပြေ ယဉ်စစ
ဖြည့်ခံဘ၀။

ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်...





လှူတတ်မှမြတ်

ကုသိုလ်ကောင်းမှုပြုရာတွင် "လှူဒါန်းခြင်း" သည် အခြေခံဖြစ်သည်. . . သာမန်အားဖြင့် အလှူဒါနပြုခြင်းသည် ရဟန်း သံဃာတော်များအား ပစ္စည်းလေးပါး စသည်တို့ကို လှူဒါန်းပူဇော်ခြင်း၊ အလှူပွဲလာ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးခြင်း၊ မိမိ၏ ကုသိုလ် အဖို့ကို အမျှအတန်းဝေခြင်း ဟူ၍ နားလည်ထားကြသည်. .

စင်စစ် လှူဒါန်းသည် ဆိုရာ၌ အပိုအလျှံရှိသူ ချမ်းသာကြွယ်ဝသူတို့က မရှိဆင်းရဲသားများ အား စွန့်ကြဲ ပေးကမ်း ခြင်းသည်လည်း အကျုံးဝင်သည်. . . ပိုသူကလိုသူအား ဖြည့်ဆည်းပေးကမ်းခြင်းသည် ဘုရားအဆုံးအမ နှင့်လည်း ညီညွတ်ပေသည်. . .

အလှူနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ အဆိုအမိန့်၊ အဆုံးအများစွာရှိသည့် အနက် အလှူရှင်၏ စိတ်စေတနာ သန့်ရှင်းကြည်လင်ခြင်းသည်လည်းကောင်း ၊ အလှူခံပုဂ္ဂိုလ်သည် လဇ္ဖ္စီပုဂ္ဂိုလ်ဖြစ်ခြင်းသည် လည်းကောင်း၊ မြတ်သော အလှူထမြောက်ရေး အတွက် ပဓာနလိုအပ်ချက်ဖြစ်ကြောင်း မှတ်သားရပါသည်. .

အကျင့်သိက္ခာယုတ်နိမ့်သော အလဇ္ဖ္စီပုဂ္ဂိုလ်များအား လှူဒါန်းခြင်းသည် စေတနာ သဒ္ဒါတရား ထားတတ်ပါက လုံးလုံးလျားလျား အချည်းနှီးမဖြစ်စေကာမူ မြတ်သောအလှူဟူ၍ မဆိုနိုင်ချေ. . . .

အလားတူပင် "ရေများရာ မိုးရွာသော အလှူ "၊ "သူဋ္ဌေးကြေးပံ့သော အလှူ "နှင့် "ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်လိုသော အလှူ "တို့သည်လည်း မြတ်သော အလှူဟုမဆိုနိုင်ချေ. . .
ထို့ကြောင့် "ရေးနည်းရာ မိုးရွာသော အလှူ "၊ "ပိုသူကလိုသူကို ဖြည့်ဆည်းပေးသော အလှူ" နှင့် "လူမသိရင်နေပါစေ ဘုရားသိရင် တော်ပါပြီ" ဟု သဘောထားသော အလှူ တို့သည်ကား မြတ်သောအ လှူဖြစ်ပေသည်. . .

အထူးသဖြင့် လူအများ ကျန်းမာချမ်းသာရေး၊ လူအများ ပညာပြန့်ပွားရေးတို့ကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ ၊နေရာဌာနများအား လှိုက်လှဲကြည်ဖြူစွာ လှူဒါန်းခြင်းသည် မြတ်သော အလှူ ဧကန်ဖြစ်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဂရုဓမ္မအခါတော်နေ့

မနက်ဖြန်မှာကျရောက်မယ့် "တော်သလင်းလပြည့်ဂရုဓမ္မအခါတော်နေ့" ကျင်းပရခြင်း အကြောင်း ကို ရေးသားတင်ပြပါ့မယ်. . . .
ဂေါတမမြတ်စွာဘုရား နုစဉ်အခါက အိန္ဒိယနိုင်ငံ ကုရုတိုင်းမှာ နေကြတဲ့သူတွေဟာ လူတိုင်းကိုယ်စီ ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့ အတွက် သူတို့တိုင်းပြည်မှာ မိုးလေ၀သမှန်ကန်ပြီး ကပ်ကြီးသုံးပါးမှ လွတ်မြောက်နေပါတယ်..
ကုရုတိုင်းမှာ မိုးလေ၀သ ညီမျှစွာ ရွာသွန်းနေချိန်မှာ ကာလိင်္ဂတိုင်းပြည်မှာတော့ မိုးခေါင်ပြီး ကပ်ကြီးသုံးပါး ဆိုက်ရောက်လို့ လူရော တိရစ္ဆာန်တွေပါ ဒုက္ခရောက်ကြရပါတယ်. . . ရှေးမင်းများ ထုံးစံအရ မိုးရွာအောင် အလှူပေးပြီး ဘုရင် ကိုယ်တိုင် ဥပုသ်ဆောင်ဝင်၍ ဥပုသ်သီလာစောင့်ပေမယ့် မိုးကမရွာဘဲနေပါတယ်. .
ကုရုတိုင်းမှာ မိုးရွာနေတာ အဉ္စန၀ဏ္ဏဆင်တော်ကြီးရှိလို့ရွာတာပဲလို့ အယူရှိကြပြီး ဆင်ကြီးကိုရရှိအောင် ကိုယ်စားလှယ်လွှတ်ပြီး ရွှေနှင့်လဲပါလို့ တောင်းဆိုပါတယ်..ဒီတော့ ကုရုဘုရင်က စာနာထောက်ထားပြီး သင်တို့တိုင်းပြည်မှာ မိုးရွာမယ်ဆိုလျှင် ငါ၏ ဆင်တော်ကြီးကို ရွှေနဲ့မရောင်းပဲ အခမဲ့ မေတ္တာလက်ဆောင် ပေးပါမယ် ဆိုပြီးပေးလိုက်ပါတယ်. . . ဆင်ကြီးရောက်တော့လည်း ကာလိင်္ဂတိုင်းမှာ မိုးကမရွာဘဲ ခေါင်မြဲခေါင်နေပြန်ပါတယ်...
ဒီတော့မိုးမရွာတာဟာ ဆင်နဲ့ ဘာမှ မပတ်သက်ဘူး၊ သူတို့ တိုင်းပြည်သားတွေ ကျင့်သုံးတဲ့ ကုရုဓမ္မကြောင့်သာ ဖြစ်တယ်လို့သဘောပေါက်ပြီး အဲဒီတရားကို ရွှေပြားပေါ်မှာကူးခဲ့ရမယ်လို့ ကိုယ်စားလှယ်တော်ကြီးများကို ထပ်မံစေလွှတ်ပြန်ပါတယ်...

ကုရုတိုင်းမှာ တစ်ပြည်လုံးငါးပါးသီလာမြဲကြတဲ့အနက်-
၁။ ဘုရင်ရယ်၊
၂။ မယ်တော်ကြီးရယ်၊
၃။ မိဖုရားကြီးရယ်၊
၎။အိမ်ရှေ့မင်းရယ်၊
၅။ပုရောဟိတ်ကြီးရယ်၊
၆။မြေတိုင်းအမတ်ရယ်၊
၇။ရထားထိန်းရယ်၊
၈။ လယ်ပိုင်ရှင်ကြီးရယ်၊
၉။ တင်ခြင်းအမတ် ၊
၁၀။တံခါးမှူးရယ်၊
၁၁။ပြည့်တန်ဆာမရယ်-

အဲဒီပုဂ္ဂိုလ် ၁၁ ဦးဟာ ငါးပါးသီလကို ထူးထူးခြားခြား စောင့်ကြတဲ့ အတွက် သူတို့ထံမှ ငါးပါးသီလကို ရွှေပြားပေါ်မှာ ရေးပြီးတောင်းလာခဲ့ပါတယ်..
ကုရုဓမ္မလို့ခေါ်တဲ့ ငါးပါးသီလကို ရှင်ဘုရင်ကစပြီး တစ်တိုင်းတစ်ပြည်လုံး ကျင့်သုံးကြတဲ့အခါမှာ မိုးတွေရွာသွန်းပြီး ကာလိင်္ဂတစ်တိုင်းလုံး ကပ်ကြီးသုံးပါးမှာ လွတ်ကင်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်လာပါတယ်. .
ဂရုဓမ္မဇာတ်တော် ပေါ်ပေါက်လာရခြင်းမှာ မိုးတွင်းကာလမှာဖြစ်၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ (ငါးပါးသီလ) အခါတော်နေ့အဖြစ် ကျင်းပရခြင်းဖြစ်ပါတယ်. . .
လူတိုင်းကိုယ်စီ ငါးပါးသီလ မြဲကြပါစေရှင်...

ငါးပါးသီလ အကျိုးနှင့်အပြစ်များကို ဖတ်ရှူလိုလျှင် ညခင်းနှင့်လမင်း မှာ ဆက်လက်ဖတ်ရှူနိုင်ပါတယ်ရှင်..

မာဂဓီ

အားလုံးကိုချစ်ခင်လေးစားလျှက်...





လောကနီတိ

  • တတ်လှစွာသော စောင်းသမားသည် စောင်းနှင့်ငါးရက် ကင်းကွာမူ စောင်းတီးပျက်တတ်၏။
  • တတ်လှစွာသော လေးသမားသည် လေးနှင့် ခုနှစ်ရက် ကင်းကွာမူ လေးမြားချိန်သား ပျက်တတ်၏။
  • အိမ်သူမယားကောင်းသည် လင်နှင့် တစ်လကင်းကွာမူ အမူအကျင့်ဖောက်ပြားတတ်၏။
  • တပည့်တို့သည်ကား ဆရာနှင့် တစ်လခွဲမျှ ကင်းကွာမူ ပညာရည်ပျက်တတ်၏။

  • A good harpist may lose skill after separation of five days from harp.
  • A good archer may lose skill after separation of seven days from bow.
  • A good wife may lose in the haviour after separation of one month from her husband.
  • Pupils may lose in qualification after separation of about half a month from teacher.

  • ကျွဲသည် ရွံ့ညွန်၌သာ မွေ့လျော်၏။
  • ဟင်္သာသည် ရေကန်၌သာ မွေ့လျော်၏။
  • မိန်းမသည် ယောကျာ်း၌သာ မွေ့လျော်၏။
  • ရဟန်းသည် တရား၌သာ မွေ့လျော်၏။

  • Buffalo delights in mud.
  • Duck delights in pond.
  • Woman delights in man.
  • Priest delights in virtue. (Dhamma)

  • ထမင်းကို အစာကြေမှ ချီးမွမ်းရာ၏။
  • မယားကို အရွယ်လွန်မှ ချီးမွမ်းရာ၏။
  • စစ်သည် ရဲမက်ကို စစ်အောင်ပြီးမှ ချီးမွမ်းရာ၏။
  • ကောက်နှံစပါးကို ကျီသို့ရောက်မှ ချီးမွမ်းရာ၏။

  • One should praise meal after being digested.
  • One should praise wife after she is over age.
  • One should praise solider after winning battle.
  • One should praise paddy after being harvest and stored in ware-house.

အားလုံးကိုချစ်ခင်လေးစားလျှက်...





ကိုယ်တိုင်သက်သေ

တစ်ခါမှာ ဘာသာရေး ပုဂ္ဂိုလ်တွေ အပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ထံ ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်. . . ဒီအမျိုးသမီးဟာ မကောင်းတဲ့ အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတယ် . . .

ဂျီးဇက်ဆီရောက်တဲ့ အခါမှာ အဲဒီဘာသာရေး ပုဂ္ဂိုလ်တွေက ပြည့်တန်ဆာကို ကျောက်ခဲနဲ့ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ (Moses) က အမိန့်ချတဲ့အကြောင်း ၊ ဒီကိစ္စမှာ အသင်က ဘယ်လိုပြောဆို မိန့်မြွက်မလဲလို့ ဂျီးဇက်ကို မေးကြတယ်...

ဂျီးဇက်ဟာ သူတို့ကို မော်မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေတယ်တဲ့. . . တစ်စုံတစ်ခု မပြောမချင်း ဒီလူတွေက မေးနေကြတယ်..

ဒီတစ်ခါမှာ ဂျီးဇက်က သူတို့ကို မော်ကြည့်ပြီးတော့ "

သင်တို့ထဲက အပြစ်ကင်းတယ် ဆိုတဲ့ သူဟာ ရှေးဦးစွာပဲ အဲဒီအမျိုးသမီးကို ခဲနဲ့ပစ်"
လို့ပြောလိုက်တယ်. . .
ဂျီးဇက်ရဲ့ စကားကို ကြားရတဲ့အခါမှာ အဲဒီလူတွေဟာ ထိတ်လန့်သွားပါလိမ့်မယ်. . .

လူ့စိတ်ဟာ နာရီတိုင်း ၊ မိနစ်ပိုင်းအတွင်းဘာတွေ တွေးနေလဲ ၊ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ အသေအချာ၊ မညှာမတာ ကြည့်လိုက်ရင် အလိုလေး. . . ကောင်းတာကနည်းနည်းရယ်. . . မကောင်းတဲ့ မသန့်ရှင်းတဲ့ စိတ်တွေ ၊ အပြစ်တွေက အများကြီး အများကြီး မှ အများကြီးပါ. . . ဒီလိုစိတ်မှာ အပြစ်တွေရှိနေပုံကို အဲဒီလူတွေ သိမြင်သွားပုံ ပေါ် ပါတယ်...

ဒါကြောင့် ပြည့်တန်ဆာမကို ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက် လိုက်ပြီး ထွက်သွားလိုက်တာ ဘယ်သူမှ မကျန်ရစ်တော့ဘူးတဲ့ . . ဂျီးဇက်က ပြည့်တန်ဆာမကို နောင်မှာ ထပ်ပြီး အပြစ်တွေ ၊ မကောင်းမှုတွေမလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်သတဲ့. . .

လူအများစုဟာ မကောင်းမှုကို လူတွေမသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတယ် . . . အဲဒီလိုလုပ်ပြီးတဲ့ အခါမှာ ငါလုပ်တာကို ဘယ်သူမှမသိဘူး ဆိုပြီး ကျေနပ်နေတတ်သေးတယ်. . ရှက်ဖို့အကောင်းဆုံးဟာ ဘာလဲဆိုတော့ ဘယ်သူမှ မသိဘူးလို့ထင်ပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင်ကတော့ အသေအချာ သိမြင်ခဲ့တာကြောင့် ကိုယ်တိုင်သက်သေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲပါပဲ. . .

"မကောင်းမှုပြုသူအတွက် ဆိတ်ကွယ်ရာအရပ်သည် လောက၌ မရှိ " လို့ ဂေါတမဗုဒ္ဓက ပြောခဲ့ပါတယ်. . . ကိုယ်တိုင်သက်သေဖြစ်နေလို့ မကောင်းမှုပြုခဲ့တဲ့ မိမိကိုယ်မိမိ ရှက်တတ်ရင် မိမိရဲ့ကိုယ်ကျင့်တရားကို ထိန်းသိမ်းပြီးသားဖြစ်မှာပါ. . .။

နန္ဒာသိန်းဇံ (မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

တော်သလင်းလဖွဲ့

" တော်သလင်းလဖွဲ့"

ရေယာဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊
မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊
လှေပြိုင်ပွဲကျင်းတဲ့ လ ကိုလေး။
ကန်ရာသီငယ်၊ ခါမီသင့်စွာ၊
ဘွေအာကာမှာ၊ ပြုဗ္ဗာဘဒြပိုဒ်၊
ကြက်ညီနောင် တောင်တ၀ိုက်က၊
ရေလိုက်ကယ်သဘင်၊
စံစပယ်ရွှင်ညော့ခါ၊ မြိုင်ခွင့်လုံး ကန္တာမှာ၊
ရွှေယင်းမာ ပန်းတော်မင်းက၊
သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

တော်သလင်းလ

တော်သလင်းလသည် မြန်မာတို့ရာသီတွင် ခြောက်လမြောက်ဖြစ်ကာ သြဂုတ်လ၊ စက်တင်ဘာလများတွင် ကျရောက်သည်။ "တော်သလင်းနေ၊ ပုစွန်သေ" ဟူသော စကားအတိုင်း ငါးငယ်၊ ပုဇွန်ငယ်လေးများပင် သေလောက်အောင် နေမင်းသည် ပြင်းပြစွာ ထွန်းလင်းတောက်ပသည်။

ထိုလတွင် "တော်သလင်း၊မြစ်တွင်းသင်ဖြူးခင်း "အဆိုနှင့်အညီ ရေပြင်သည် ကြည်လင်သော ကောင်းကင်နှင့် လိုက်ဖက်စွာ လှိုင်းလေကင်းစင်သဖြင့် သင်ဖြူးဖြန့်ခင်းထားဘိသကဲ့သို့ ပြန့်ပြူးငြိမ်သက်လျက်ရှိသည်။

လှေပြုင်ပွဲသဘင်ကို ရေပွဲသဘင်၊ မြစ်ယံပွဲ စသည်ဖြင့် ခေါ်ကြသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ဗိုလ်ပါ မှူးမတ်များ ခြံရံလျက် "ပြည်ကြီးမွန်" မည်သော လှေကြီးပေါ်တွင် လေညင်းခံကာ လှေပွဲသဘင်ကို ရှုစားတော်မူလေ့ရှိ၏ ။

လှေပြိုင်ပွဲကို ပျော်ပွဲသက်သက်မဟုတ်ဘဲ ရေတပ်မတော်သားများ၏ အရည်အသွေး တိုးတက်စေသောပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

Tawthalin

Tawthalin is the sixth month on Myanmar calendar. (August-September). It is a hot month, hot enough to kill small prawns.
The surfaces of water are like mat, free of waves. So it has been a tradition to hold regatta festivals since the times or ancient Myanmar kings.
It was graced by the king himself aborad golden Pyigyimon Barge, adorned by figures of fitty kings on each side as a symbol of a hundred kings owing allegiance to the monarch.
It was not just pageantry but an occasion for demonstrating the naval prowess of the Tatmadaw of ancient Myanmar kings.
The tradition was nearly dying out until government revived it with traditional regatta festivals held on Kandawgyi Lake.

အားလုံးကိုချစ်ခင်လေးစားလျှက်...

ရှေးရေစက်


နာမည်ကျော် ဂျာမာန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်း သည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဥိးဖြစ်သည်. . . လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ဘု ရှိကာ ခါးကုန်းနေသည်. . .
တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူအလည်ရောက်ရှိသည်. . . ကုန်သည်ကြီးမှာ ဖရွမ်တီယဲ အမည်ရှိ သမီးချော တစ်ယောက်ရှိသည်. . သူကလေးကို မြင်တော့ မိုးဇက် အရူးအမူးချစ်မိသည်. . . သို့သော် ဖရွမ်တီယဲ အဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ. . .
မည်သို့ဖြစ်စေ ၊ ပြန်ကာနီး အချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်. . . သူမ၏ ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ် လွန်းလှသည်. .
မိုးဇက် မှာ ရင်ထဲကြေကွဲလျက်နှင့်ပင် သူအကြိမ်ကြိမ်ကြိုးစား၍ သူ့ရင်ထဲက အကြောင်းကို ပြောရန် စကားစကြည့်သည်။ သို့သော် ဖရွမ်တီယဲ ကား သူ့ကို မျက်လွှာတစ်ချက် ပင့်၍မကြည့်ပေ.
နောက်တော့ ရှက်ရွံ့စွာပင် မိုးဇက် က စကားတစ်ခွန်းဆိုသည်. .
"အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံကရွေးချယ်ပေးလိုက်တဲ့ အတိုင်း ဖြစ်ရတယ်ဆိုတဲ့ စကားကို ယုံပါသလား ဟု. . . . " ဖရွမ်တီယဲ အား မေးတော့ . . ."ယုံတယ် ရှင်ကောတဲ့. . . . " သူမက ခေါင်းငုံ့လျှက်ပင် ပြန်ပြောသည်. .
"ကိုယ်လည်း သိပ်ယုံကြည်တာပေါ့. . . . "ဟု မိုးဇက် က ဆိုသည်. . . "ဒီမှာ ကို်ယ်ပြောပြမယ်. . . " ယောကျာ်းလေး တစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့် အခါ တိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေညာပေးလေ့ရှိတယ် ". . ကိုယ့်ကိုမွေးဖွားလာတဲ့ အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်ကပြောတယ်. .
"မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ်တဲ့. . အဲဒီတော့ ကိုယ်ကပြောလိုက်တယ် . . . မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ကိုယ်ထဲ ထည့်ပေးလိုက်ပါ. . . သူ့ကို ချောမောလှပလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ လို့ . . . " ကိုယ်ပန်ကြားခဲ့တာပါ. . .
သည်စကားကိုကြားတော့ ဖရွမ်တီယဲ မျက်လွှာလေး ပင့်၍ကြည့်သည်. . သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည်. . . မိုးဇက် ရုပ်သွင်ကို ပြန်လည် အမှတ်ရသလိုမြင်လာသည်. . . မိုးဇက် ထံ သူမ၏လက်ကို ဆန့်တန်း၍ ပေးလိုက်သည်. . . ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင်ချစ်ခင် စုံမက်သည့် ထာဝရ ကြင်ဖက်ဖြစ်သွားခဲ့လေသည်. . . .

ဖေမြင့်၊ Barry and Joyce Visselle (True Love)

အားလုံးကိုချစ်ခင်လေးစားလျှက်...





ခွေးမုဆိုး

တစ်ရံရောအခါ သာဝတ္တိပြည်မှ ကောက အမည်ရှိ ခွေးမုဆိုးတစ်ယောက်သည်. ခွေးအပေါင်းခြံရံလျှက် တောသို့သွားရာ လမ်းတွင် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးနှင့် တွေ့ဆုံလေသည်. . မုဆိုးသည် အလွန် ရုန့်ရင်းကြမ်းတမ်းသူဖြစ်သည်. . ရဟန်းကို မြင်သောအခါ ၀မ်းမြောက်ဝမ်းသာ မဖြစ်ရုံမက "ငါသည် သူယုတ်မာ ကို မြင်ရ၏ ယနေ့ သားကောင် တစ်ကောင်မျှ ရတော့မည်မဟုတ်" ဟူ၍ တွေးတောပြီး အမျက်ထွက် ပြီး ခရီးဆက်၏. .
သူသည် တောထဲသို့ရောက်သောအခါ သားကောင်တစ်ကောင်မျှမရချေ . . . ထို့ကြောင့် စိတ်ပျက်စွာဖြင့် ပြန်လာသည်တွင် ဆွမ်းခံပြီး၍ပြန်လာသော ယခင်ရဟန်းနှင့် တွေ့ပြန်သည်. "ယနေ့ ဘာမျှမရသည်မှာ ဤရဟန်းကြောင့်ပင်တည်း "ဟူ၍ ရဟန်းကို သူ့ခွေးများဖြင့် ရှူးတိုက်လေသည်. . .
ရဟန်းလည်း မုဆိုးကို တောင်းပန်သည် မရ ထိုအခါ နီးရာ သစ်ပင်ပေါ်သို့ ပြေးတက်သည်. . လူတစ်ရပ်မျှမြင့်သောနေရာသို့ ရောက်သောအခါ ထိုင်နေလိုက်သည်. . ခွေးများက ဟိန်းဟောင်၍ သစ်ပင်ကို ၀ိုင်းထားကြသည်. .
မုဆိုးက သစ်ပင်ပေါ်တွင်သင်နေသော်လည်း "သင်လွတ်မြောက်မည်လော" ဟု ဆိုက ရဟန်း၏ ခြေထောက်များ ကို မြှားချွန်ဖြင့်ထိုး၏ ရဟန်းက အထိုးခံရသော ခြေကိုရုပ်၍ အခြားခြေကို ချ၏. . . ထိုချသော ခြေကိုလည်း မြားဖြင့် ထိုးပြန်၏ . . . ရဟန်းသည် နာကျင်လွန်းသဖြင့် ခြေတစ်ဖက်ကို ရုပ်ချည်၊ ချချည်ြပုနေရ၏. . . ထိုအခါ ၀တ်ရုံထားသော သင်္ကန်းကို မထိန်းနိုင်. . . သင်္ကန်းသည် ရဟန်းကိုယ်မှ လျှောကျပြီး မုဆိုး၏ တစ်ကိုယ်လုံးကို အုပ်မိသွားသည်. .
ဤတွင် ခွေးများသည် ရဟန်းကျလာသည် ထင်မှတ်ကာ မုဆိုးကို ၀ိုင်းဝန်းကိုက်ခဲကြသည်. . . မုဆိုးသည်မရှုမလှ သေဆုံးရလေသည်. . ရဟန်းသည် ခွေးများကို သစ်ကိုင်းခြောက်တစ်ခုဖြင့် လှမ်းပေါက်ကာမှ ခွေးများသည် မိမိတို့ သခင်ကို ကိုက်စားခဲ့မိကြောင်း သိရှိကာ တောထဲသို့ပြေးဝင်သွားကြလေသည်. .
ရဟန်းလည်း သစ်ပင်ပေါ်မှ ဆင်းပြီးနောက် ဇေတ၀န်ကျောင်းတော်တွင် သတင်း သုံးနေသော မြတ်စွာဘုရား ထံ သွားရောက်၍ အကျိုး အကြောင်း တင်ပြလျှောက်ထားလေသည်. . .
"အရှင်ဘုရား ၊ တပည့်တော်၏ သင်္ကန်းဖြင့် လွှမ်းခြုံမိ၍ မုဆိုး သေဆုံးခဲ့ရပါသည်. . တပည့်တော်၌ အပြစ်ဖြစ်သွားပါသလော တပည့်တော်၏ သီလသည် စင်ကြယ်ပါသေး၏ လောဟု "လျှောက်ထား၏. . . ဘုရားရှင်က "ရဟန်းသင့်၌ အပြစ်မရှိ၊ သင်၏ သီလသည် စင်ကြယ်၏ သင်သည် ရဟန်းစင်စစ် ဧကန်ဖြစ်၏ . . မုဆိုးသည်သာ မပြစ်မှား သင့်သူကို ပြစ်မှားသဖြင့် သေဆုံးရခြင်း ဖြစ်ပေသည်. . . "ဟူ ၍ မိန့်တော်မူလေသည်. .
ထိုသို့မိန့်တော်မူပြီးလျှင်. . .

"အကြင်သူမိုက်သည် မပြစ်မှားထိုက်သော၊ စင်ကြယ်သော ၊ကိလေသာ ကင်းသော ရဟန္တာအရှင်မြတ်အား ပြစ်မှား၏ လေတင်လေညာသို့ ပစ်လွှတ်လိုက်သော ၊ သိမ်မွေ့နူးညံ့သော မြူမှုန့်သည် ပစ်လွှတ်သူထံသို့သာ ပြန်ကျသကဲ့သို့ ထိုသူမိုက်သို့သာလျှင် မကောင်းမှုအကျိုးသည် ရှေးရှုပြန်ကျလာ၏ "

ဟူ၍ ဆုံးမတော်မူလေသည်. . .

(ပါပ၀ဂ်- ကောကသုနခလုဒ္ဒ၀တ္တု)

အားလုံးကိုချစ်ခင်လေးစားလျှက်...

တစ်ယောက်တည်းတည့်အောင်နေ


ခင်မကန်ဆရာတော် ဘုရားကြီးဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီး လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော် တစ်ပါးပါ. တစ်နေ့တော့ ခင်မကန်ဆရာတော်ကြီး ဆီကို ဒကာတစ်ယောက် ရောက်လာပါတယ် . ပြီးတော့ ဆရာတော်ဘုရားကြီးကို ဦးချ၊ ပါလာတဲ့ လှူဖွယ် ၀တ္တုကို ဆက်ပ်လှူဒါန်းပြီးတော့ "ဆရာတော်ဘုရား . . . တပည့်တော်ကို တရားတိုတိုတုတ်တုတ် တစ်ပုဒ်လောက် ဟောပါဘုရားလို့" လျှောက်သတဲ့. .
ဒီတော့ ဆရာတော်ဘုရားကြီးက "တစ်ယောက်တည်း တည့်အောင်နေ" လို့ ဟောလိုက်ပါတယ်. . . . ဆရာတော်က ဟောပြီး ခပ်ဆိတ်ဆိတ်ပဲ ငြိမ်နေလိုက်ပါတယ်. . . . ဒီတော့ ဒကာက "ဆရာတော်ဟောတဲ့ တရားကလည်း တိုလွန်းအားကြီးပါတယ် ဘုရား တစ်ယောက်တည်းနေတဲ့သူဟာ ဘယ်သူနဲ့မတည့်ဘဲနေမှလဲ ဘုရား ၊ ရန်ဖြစ်စရာလူမှ မရှိဘဲဘုရား" လို့ ပြန်လျှောက်ပါတယ်. . .
ဒီအခါကျမှ ဆရာတော်ဘုရားကြီးက "တစ်ယောက်တည်းနေနေပေမယ့် ကိုယ့်သန္တာန်မှာ လောဘ၊ ဒေါသ ၊ ရာဂ၊ ဣသာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ကိန်းနေ ဖြစ်နေရင် တစ်ယောက်တည်းရန်ဖြစ်နေတာပဲ ဒကာရဲ့ . . ကောင်းတဲ့ ကုသိုလ်တရားတွေကို ပယ်ထားပြိး အကုသိုလ်တရားတွေနဲ့နေနေရင် တစ်ယောက်တည်းနေပေမယ့် သေရင် အပါယ်မုချ ရောက်လိမ့်မယ်. . ." လို့ အကျယ်ထပ်ရှင်းပြတော့မှ ဒကာလည်း သဘောပေါက်သွား ပါတယ်. . . .
အဓိကကတော့ ကိုယ့်သန္တာန်မှာ မကောင်းတဲ့အကုသိုလ်စိတ်တွေ ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပဲပေါ့ တစ်ယောက်တည်းဆိုရင် ပျင်းတတ်တယ် ဒါကြောင့်စိတ်ထဲက အဖော်တွေကို ခေါ်လိုက်ပါတယ်. . . ခေါ်ပုံနဲ့ရန်ဖြစ်ပုံက ဒီလိုပါ. .
"ဟိုတစ်နေ့ မိဖြူဆွဲလာတဲ့ ဆွဲကြိုးလေးက သိပ်လှတာပဲ . . ဟင်း လူက ပိန်ညှောင်ညှောင်နဲ့ တစ်စက်မှ မလိုက်ဘူး. . . ငါနဲ့ဆို သိပ်လိုက်မှာ . . . သူ့ယောကျားက ဟိုမှာ ဟိုလိုတွေလုပ်နေတော့ ၀ယ်နိုင်တာပေါ့. . . လကုန်ရင်တော့ ၀ယ်အုံးမယ် အလုပ်အဆင်မပြေလို့ . . တောက် ဟိုကောင်မ ညှက်စိဖြတ်ခုတ်သွားလို့ပေါ့ . ." အဲလိုနဲ့ လောဘနဲ့ ဒေါသကို ခေါ်လိုက်ပြီး အပြင်က အမျိုးသမီးနှစ်ယောက်နဲ့ ရန်ဖြစ်နေပါပြီ. . .
"ဘာလိုလိုနဲ့ ဟိုကောင်မတော် ရာထူးတက်သွားပြီ၊ အလုပ်ဝင်တုန်းက ငါနဲ့ အတူတူ အေးပေါ့လေ သူ့အဖေ က ဘော့စ်နဲ့ သူငယ်ချင်းဆိုတော့ တက်မှာပေါ့ . . ပညာအရည်အချင်းကငါ့လောက်တောင် မရှိဘဲနဲ့ . .ဟင်း. " ဣသာမစ္ဆရိယကို ခေါ်လိုက်ပြီး ရုံးက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ. . .
"တစ်နေ့ က ဟိုအန်တီကြီးကို ဖုန်းဆက်ပြီး ကားအကူအညီလိုလို့တောင်းမိပါတယ်. . . မအားဘူးတဲ့ အဲဒါ ညာပြောတာ. . . ဒီကိစ္စဖေဖေ့ကို တိုင်ရဦးမယ်. . . ဒီတစ်သက် သူ့ဆီဖုန်းမဆက်ဘူး. . သူ့မှာ မာနရှိသလို ငါ့မှာလည်း မာနရှိတာပဲ. . . "
ဒေါသနဲ့မာနကို ခေါ်ပြီး အပြင်က အန်တီကြီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ. . . .
ဒါတွေက တော့ အခန်းထဲမှာ တစ်ယောက်တည်းနေပြီး အကုသိုလ်မျိုးစုံခေါ်ပြီး လူမျိုးစုံနဲ့ ရန်ဖြစ်နေတာပါ. . . အဲဒီအချိန်မှာ ကိုယ်ပဲ စိတ်ဆင်းရဲပြီး ပူလောင်နေရတယ်ဆိုတာ မြင်ဖူးသူတိုင်းသိပါတယ်. . . ဒါကို ကိုယ်က ငါစိတ်ဆင်းရဲအောင် ငါ့စိတ်က ဖန်တီးနေပါလား ဆိုတာ ပထမဆုံးသိလိုက်ရမှာပါ. .. သိမှလည်း ဖယ်ရှားလို့ရမှာပါ. . . စိတ်ကြောင့်ဖြစ်ရတဲ့ အကုသိုလ်စိတ်ကိုလည်း စိတ်နဲ့ ပဲ ပြန်လည်ဖယ်ရှားရမှာပါ. ..
ဒါကြောင့် ကိုယ်က အကုသိုလ်စိတ်ကို ကြိုတင်ကာကွယ်ထားရမှာပါ . တစ်ယောက်တည်းနေတဲ့ အခါမှ အကုသိုလ်စိတ်တွေ ၀င်မလာနိုင်အောင် ကမ္မဌာန်းတစ်ခုခုဖြစ်ဖြစ် ၊ ဂုဏ်တော်ပဲဖြစ်ဖြစ်၊ မေတ္တာပဲဖြစ်ဖြစ်၊ ၀ိပသာနာပဲဖြစ်ဖြစ်. . ကြိုနှလုံးသွင်းထားလိုက်တဲ့ အကျင့်ကို ကျင့်ထားလိုက်ရင် ဘယ်သူနဲ့မှ ရန်မဖြစ်ရတော့ ဘူးပေါ့ .. .

ရဝေနွယ်(အင်းမ) ၊ အတွေးများနှင့်မိတ်ဖွဲ့ခြင်း မှာ ကောက်နှုတ်တင်ပြပါသည်.

အားလုံးကိုချစ်ခင်လေးစားလျှက်...





ခုတစ်လောအဖြစ်အပျက်တွေက . . .


လတ်တလော အတွေးကတော့ -
လူ့လောကရဲ့ ဒုက္ခတွေကို အသက်ဘယ်လောက်ရှည်ရှည်နေပြီး ကြာကြာခံစားနေရ အုံးမလည်း လို့တွေးနေမိပါတယ်


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူ့သက်တမ်း တစ်ဝက်ကျော်သာရောက်လာတယ် ဘာမှလည်း အသုံးမကျသေးပါလား . .

လက်ရှိကျန်းမာရေးအခြေအနေ
”စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စိတ်ကိုပျော်ရွင်အောင် နေပြီး ကျန်းမာရေးကို ဂရုစိုက်နေသောကြောင့် ခုလောလောဆယ် အလတ်ကြီးရှိသေးသည် :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဘလော့ဂ်ပေါ်တင်ရန် စာအုပ်တော်၂များကို ဖတ်ဖြစ်ပါတယ်. . . ဟိုတို့တို့ ဒီတို့တို့

လက်ရှိရောက်နေဖြစ်တာက
အပြင်မှာလည်း ဘယ်မှမရောက်ဖြစ်ပဲ ၊ အင်တာနက်မှာလည်း ဘလော့စုံအောင် မရောက်ပါ. . အလုပ်နဲ့အိမ်၊ အိမ်နဲ့ အလုပ်ပဲရောက်ပါတယ် . . . .


ဘာတွေရေးနေလည်းဆိုတော့
ဘလော့ဂ်ပေါ်မှာပဲ စာရေးဖြစ်ပါတယ်. . . ( ပြီးတော့ အကြွေးစာရင်းများကို ရေးမှတ်ပါတယ် ) (ပေးရန်တွေပါ :P)

ဖတ်မိတဲ့ကဗျာများ
ကဗျာမဖတ်ပါ.

နားထောင်ဖြစ်နေတာက
သီချင်းအသစ်များ၊ နားထောင်ဖြစ်ပ်ါသည်။

ဖြစ်ချင်နေတာက
ဖြစ်ချင်တာတွေများလွန်းလို့ ဘာရေးရမှန်းမသိတော့ဘူး :D

ခဏခဏစားဖြစ်နေတတ်တာက
ရှမ်းထမင်းချဉ်၊ ကော်ဖီ ၊ လက်ဖက်ရည်၊ ထမင်းနဲ့ ဟင်းကတော့ နေ့တိုင်းစားပါတယ်

သနားနေမိတာက
ကိုယ့်ကိုယ်တိုင် အပါအ၀င် အဆင်မပြေဖြစ်နေသူများကို အားလုံး ကူညီချင်စိတ်နှင့် သနားမိပါတယ်.
ဘာကိုလွမ်းနေမိတာလည်းဆိုတော့-
မိသားစု စုံစုံညီညီရှိတဲ့ အချိန်တွေကို လွမ်းပါတယ်.

ခါးသက်နေမိတာက
ဟန်ဆောင်တတ်တဲ့လူတွေ

မုန်းနေမိတာက
အထူးတလည်မရှိပါဘူး "ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေ" ဆိုတဲ့ အတိုင်း ဘယ်သူ့မှ မမုန်းပါ.

အမြဲတမ်းတနေမိတာ-
ဘယ်တော့မှ မရိုးနိုင်တဲ့ မေမေချက်ကျွေးသော ထမင်း၊ ဟင်းများ နှင့် မုန့်မျိုးစုံ -
ကျောင်းတက်တုန်းက ကျောင်းသူဘ၀နဲ့ သူငယ်ချင်းများ အားလုံးကို သတိရ တမ်းတမိတယ်.

ချီးကျူးနေမိတာက-
ကိုယ်ကလွဲလို့ လူတိုင်းသည် ကိုယ့်ထက်တော်တယ်လို့ ခံယူပါတယ် . . . . .(ကြိုးစားရန်လိုသေးသည် လို့ အမြဲသုံးသပ်မိပါတယ်)

အထင်သေးမိတာကတော့
မိမိကိုယ်တိုင် ( လူ့လောကတွင် နေထိုင်ရန် အတွက် အများကြီး ပြုပြင်ရန်လိုသေးသည်)

ဆန္ဒမရှိတဲ့နေရာ
ဘယ်နေရာမဆို အဆင်ပြေအောင် အားလုံး ဆန္ဒရှိလိုက်ပါတယ်. . .

လောလောဆယ် ဆန္ဒရှိနေတာက-
ခရီးသွားချင်တယ်. . . ဘယ်နေရာဖြစ်ဖြစ်ပါ အလုပ်နဲ့ အိမ်ကလွဲရင် :P

ချစ်နေတာက
လှို့ဝှက်ချက်ပါ ၊ သတ်ချင်သတ် ပြောဘူး :P

စိတ်ပျက်နေမိတာက
ကိုယ့်ကို စိတ်ညစ်အောင်လုပ်တဲ့လူတွေ :P

စွဲလန်းနေမိတာက
ခုတစ်လော ထူးထူးခြားခြားမရှိပါဘူး ၊ (မြ၀တီကလာတဲ့ ကိုရီးယား ဇာတ်လမ်းတစ်ခုကို စွဲစွဲမြဲမြဲကြည့်ဖြစ်ပါတယ်)

လိုအပ်နေတာက
ခရီးသွားဖို့၊မုန့်စားဖို့ ပိုက်ဆံလိုတယ် :P

တောင်းနေမိတဲ့ဆု
ခုတစ်လော ဆု (၂)ခုတောင်းမိတယ် . . .

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဒီပို့စ်ကိုတဂ်တဲ့ ဧရာဝတီသား ပြန်လာရင်တော့ မုန့်ဝယ်ကျွေးပါ . . .

ဝန်ခံချင်တာက
ကိုယ့်ကိုယ် ဘာဖြစ်ခြင်နေမှန်းမသိ၊ အားမလိုအားမရဖြစ်နေမိတယ်. . .

ကဲ ဧရာဝတီသားရေ ရေးတတ်သလောက်နဲ့ စိတ်ထဲရှိတာတွေကို အကုန်ရေးချပြီးပြီနော် ပြန်လာရင်တော့ သိတယ်ဟုတ် ဒီကိုလာရင်လာ မလာရင် အိမ်ကို လိုက်လာပြီး အ၀ မုန့်ကျွေးပေတော့ :P

ခုတစ်လောပို့စ် နဲ့ ပတ်သက်ပြီး ခင်မင်ရတဲ့ စာရေးကောင်းတဲ့ သူငယ်ချင်း ကိုကိုမောင် ရယ် ရန်ကုန်သား နဲ့ ကိုနေစိုးနိုင် ညီမငယ် ပန်းခင်းလေး တို့ကို ဆက်တဂ်ချင်ပါတယ် . . .ခုတော့ ကိုနွယ်ရိုး လည်း ပါသွားပြီ :P

အဆင်ပြေရင် ရေးပေးပါနော် ကျေးဇူးတင်ပါတယ်

အားလုံးကိုချစ်ခင်လေးစားလျှက်...





အခုတစ်လော....


ရိုးသားကြိုးစား ဧရာဝတီသား ရဲ့ တက်ဂ်ပိုစ့်လေး ကို ရေးပေးမယ်နော်။ ရင်တွင်းဖြစ်တွေပေါ့။ အဟိ...
အစ်မငယ် နေကောင်းပါတယ်။ စိတ်လည်း နေကောင်းပါတယ်။ စီးပွားရေး လည်း ပုံမှန်ပါပဲ။(လစာပဲရတာကိုး) :P

အစ်မငယ် may16 အခုတစ်လော....
တွေးနေမိတာက
အင်း...ခန္ဓာရတော့ အိုရအုံးမယ်၊ နာရအုံးမယ်၊ သေရအုံးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မင်းက တရားမှ မရှိပဲကွာ....။

ကျန်းမာရေး
ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး။ အခုတော့ မျက်နှာ တခြမ်းရောင်နေတယ်။ (သွားကိုက်နေလို့)

ဖတ်ဖြစ်တဲ့စာအုပ်က
မြတ်ဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒများကို ဖတ်မှတ် ထုထောင်း ထည့်နေတယ်။

ရောက်နေဖြစ်တာက
ရောက်ဖြစ်နေတာက လူ ဘ၀။ လိုချင်တာ က နိဗ္ဗာန်(ဆုတောင်းနေယုံနဲ့တော့မရ)

ရေးဖြစ်နေတာက
ကိုယ်တိုင်ကူးရေးလေးတွေ ပေါ့။ ( အများတကာ ကိုယ့်လိုပါ...သုတ ရစေချင်)

နားထောင်ဖြစ်နေတာက
စုံစီနဖာ ဟိုစပ်စပ်ဒီစပ်စပ်...အကုန်..လာထား။

ရွတ်နေမိတာက
မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများ ကိုယ့်နောက်ပါ။

ဖြစ်ချင်နေတာက
ဈေးနားနီးနီး တိုက်ကြီးကြီးနဲ့။ (တရားမရှိတာ...လောဘတွေ)

စားဖြစ်နေတတ်တာက
မနက်Coffee၊ ည Coffee

သနားနေမိတာက
ငါ့ဥစ္စာ ငါ ငါ ငါ ကိုယ်ပါ
ပြောတာ ခွေးအော်ပမာမည်။

လွမ်းနေမိတာက
အရင်းမှ အဖျားတိုင်အောင် ချိုသော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

မေ့လျော့ပစ်နေမိတာက
ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်(မိုးကုတ်ဆရာတော်ဘုရားကြီး)

ခါးသက်နေမိတာက
အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

တမ်းတနေမိတာက
ငယ်ဘ၀ ( လွတ်လပ် အေးချမ်း တွေးတောမှုမရှိ)

ကြိတ်ပြီးချီးကျူးနေမိတာက
သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေသူတွေ။

ဆန္ဒမရှိတဲ့နေရာ
၎ပေ၊ ၆ပေ တွင်း။

ဆန္ဒရှိနေတဲ့ကိစ္စ
အရာရာကို အကောင်းအတိုင်း ရှိစေချင်။

မုန်းတီးနေမိတာက
မရှိပါ။

စွဲလန်းနေမိတာက
ကော်ဖီ( ကော်ဖီသောက်တိုင်းလွမ်းတယ်)

လိုအပ်နေတာက
လိုအပ်နေတာ..............(blank)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူဖြစ်ရတဲ့ ဒုက္ခ....( မင်းက တရားမှ မရှိဘဲကွာ)

တလက်စတည်း အခုတစ်လော....ဘာတွေလုပ်လို့ ...ဘာတွေဖြစ်....သိချင်သေးတယ်။ ဆက်..တက်ဂ်မယ်နော်
(၁)ကျမအတွက် ပင်လယ်ကအပြန် ကျောက်ခဲကောက်လာပေးလို့ ကျေးဇူးရှိတဲ့ မောင်ငယ် နေမင်းသံစဉ် (သူ့ကိုပစ်ဖို့ကောက်ပေးတာနေမှာ)
(၂)တစ်မြိုတည်းသားချင်း ဖြစ်တဲ့ အမေ့လက်ရာ (မအားဘူး မပြောပါနဲ့)
(၃) ခေါက်ဆွဲကြော် တ၀က် ကျွေးမယ် ဆိုတဲ့ ကျေးဇူးရှင် ကိုတိုးလေး (ကျေးဇူးကြီးတယ်)

ရေးပေးပါလို့ အနှုးအညွတ်တောင်းပန်ရင်း.......။

အားလုံးလေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။