ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကိုယ်တိုင်သက်သေ

တစ်ခါမှာ ဘာသာရေး ပုဂ္ဂိုလ်တွေ အပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ထံ ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်. . . ဒီအမျိုးသမီးဟာ မကောင်းတဲ့ အကျင့်ကို ပြုတဲ့အတွက် အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေက ခေါ်လာကြတယ် . . .

ဂျီးဇက်ဆီရောက်တဲ့ အခါမှာ အဲဒီဘာသာရေး ပုဂ္ဂိုလ်တွေက ပြည့်တန်ဆာကို ကျောက်ခဲနဲ့ပစ်ပေါက် အပြစ်ပေးရမယ်လို့ မောရှေ (Moses) က အမိန့်ချတဲ့အကြောင်း ၊ ဒီကိစ္စမှာ အသင်က ဘယ်လိုပြောဆို မိန့်မြွက်မလဲလို့ ဂျီးဇက်ကို မေးကြတယ်...

ဂျီးဇက်ဟာ သူတို့ကို မော်မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေတယ်တဲ့. . . တစ်စုံတစ်ခု မပြောမချင်း ဒီလူတွေက မေးနေကြတယ်..

ဒီတစ်ခါမှာ ဂျီးဇက်က သူတို့ကို မော်ကြည့်ပြီးတော့ "

သင်တို့ထဲက အပြစ်ကင်းတယ် ဆိုတဲ့ သူဟာ ရှေးဦးစွာပဲ အဲဒီအမျိုးသမီးကို ခဲနဲ့ပစ်"
လို့ပြောလိုက်တယ်. . .
ဂျီးဇက်ရဲ့ စကားကို ကြားရတဲ့အခါမှာ အဲဒီလူတွေဟာ ထိတ်လန့်သွားပါလိမ့်မယ်. . .

လူ့စိတ်ဟာ နာရီတိုင်း ၊ မိနစ်ပိုင်းအတွင်းဘာတွေ တွေးနေလဲ ၊ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ အသေအချာ၊ မညှာမတာ ကြည့်လိုက်ရင် အလိုလေး. . . ကောင်းတာကနည်းနည်းရယ်. . . မကောင်းတဲ့ မသန့်ရှင်းတဲ့ စိတ်တွေ ၊ အပြစ်တွေက အများကြီး အများကြီး မှ အများကြီးပါ. . . ဒီလိုစိတ်မှာ အပြစ်တွေရှိနေပုံကို အဲဒီလူတွေ သိမြင်သွားပုံ ပေါ် ပါတယ်...

ဒါကြောင့် ပြည့်တန်ဆာမကို ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက် တစ်ယောက် လိုက်ပြီး ထွက်သွားလိုက်တာ ဘယ်သူမှ မကျန်ရစ်တော့ဘူးတဲ့ . . ဂျီးဇက်က ပြည့်တန်ဆာမကို နောင်မှာ ထပ်ပြီး အပြစ်တွေ ၊ မကောင်းမှုတွေမလုပ်နဲ့လို့ ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်သတဲ့. . .

လူအများစုဟာ မကောင်းမှုကို လူတွေမသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ လုပ်တတ်ကြတယ် . . . အဲဒီလိုလုပ်ပြီးတဲ့ အခါမှာ ငါလုပ်တာကို ဘယ်သူမှမသိဘူး ဆိုပြီး ကျေနပ်နေတတ်သေးတယ်. . ရှက်ဖို့အကောင်းဆုံးဟာ ဘာလဲဆိုတော့ ဘယ်သူမှ မသိဘူးလို့ထင်ပြီး ကိုယ်လုပ်ခဲ့တဲ့ အလုပ်ကို ကိုယ်ကိုယ်တိုင်ကတော့ အသေအချာ သိမြင်ခဲ့တာကြောင့် ကိုယ်တိုင်သက်သေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲပါပဲ. . .

"မကောင်းမှုပြုသူအတွက် ဆိတ်ကွယ်ရာအရပ်သည် လောက၌ မရှိ " လို့ ဂေါတမဗုဒ္ဓက ပြောခဲ့ပါတယ်. . . ကိုယ်တိုင်သက်သေဖြစ်နေလို့ မကောင်းမှုပြုခဲ့တဲ့ မိမိကိုယ်မိမိ ရှက်တတ်ရင် မိမိရဲ့ကိုယ်ကျင့်တရားကို ထိန်းသိမ်းပြီးသားဖြစ်မှာပါ. . .။

နန္ဒာသိန်းဇံ (မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

တော်သလင်းလဖွဲ့

" တော်သလင်းလဖွဲ့"

ရေယာဉ်စမ်းငယ်နှင့်၊ သောင်ကမ်းငယ်ပြည့်လျှံ၊
မြစ်လုံးငယ်ညံသည်၊ လှော်တက်သံ မြိုင်မြိုင်နှင့်၊
လှေပြိုင်ပွဲကျင်းတဲ့ လ ကိုလေး။
ကန်ရာသီငယ်၊ ခါမီသင့်စွာ၊
ဘွေအာကာမှာ၊ ပြုဗ္ဗာဘဒြပိုဒ်၊
ကြက်ညီနောင် တောင်တ၀ိုက်က၊
ရေလိုက်ကယ်သဘင်၊
စံစပယ်ရွှင်ညော့ခါ၊ မြိုင်ခွင့်လုံး ကန္တာမှာ၊
ရွှေယင်းမာ ပန်းတော်မင်းက၊
သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

တော်သလင်းလ

တော်သလင်းလသည် မြန်မာတို့ရာသီတွင် ခြောက်လမြောက်ဖြစ်ကာ သြဂုတ်လ၊ စက်တင်ဘာလများတွင် ကျရောက်သည်။ "တော်သလင်းနေ၊ ပုစွန်သေ" ဟူသော စကားအတိုင်း ငါးငယ်၊ ပုဇွန်ငယ်လေးများပင် သေလောက်အောင် နေမင်းသည် ပြင်းပြစွာ ထွန်းလင်းတောက်ပသည်။

ထိုလတွင် "တော်သလင်း၊မြစ်တွင်းသင်ဖြူးခင်း "အဆိုနှင့်အညီ ရေပြင်သည် ကြည်လင်သော ကောင်းကင်နှင့် လိုက်ဖက်စွာ လှိုင်းလေကင်းစင်သဖြင့် သင်ဖြူးဖြန့်ခင်းထားဘိသကဲ့သို့ ပြန့်ပြူးငြိမ်သက်လျက်ရှိသည်။

လှေပြုင်ပွဲသဘင်ကို ရေပွဲသဘင်၊ မြစ်ယံပွဲ စသည်ဖြင့် ခေါ်ကြသည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် ဗိုလ်ပါ မှူးမတ်များ ခြံရံလျက် "ပြည်ကြီးမွန်" မည်သော လှေကြီးပေါ်တွင် လေညင်းခံကာ လှေပွဲသဘင်ကို ရှုစားတော်မူလေ့ရှိ၏ ။

လှေပြိုင်ပွဲကို ပျော်ပွဲသက်သက်မဟုတ်ဘဲ ရေတပ်မတော်သားများ၏ အရည်အသွေး တိုးတက်စေသောပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

Tawthalin

Tawthalin is the sixth month on Myanmar calendar. (August-September). It is a hot month, hot enough to kill small prawns.
The surfaces of water are like mat, free of waves. So it has been a tradition to hold regatta festivals since the times or ancient Myanmar kings.
It was graced by the king himself aborad golden Pyigyimon Barge, adorned by figures of fitty kings on each side as a symbol of a hundred kings owing allegiance to the monarch.
It was not just pageantry but an occasion for demonstrating the naval prowess of the Tatmadaw of ancient Myanmar kings.
The tradition was nearly dying out until government revived it with traditional regatta festivals held on Kandawgyi Lake.

အားလုံးကိုချစ်ခင်လေးစားလျှက်...

ရှေးရေစက်


နာမည်ကျော် ဂျာမာန်ဂီတဆရာကြီး မင်ဒဲလ်ဇွန်း၏ အဘိုးဖြစ်သူ မိုးဇက်မင်ဒဲလ်ဇွန်း သည် အလွန်အရုပ်ဆိုး အကျည်းတန်သူတစ်ဥိးဖြစ်သည်. . . လူက အရပ်ပုပြီး ကျောမှာ ဘုကြီးတစ်ဘု ရှိကာ ခါးကုန်းနေသည်. . .
တစ်နေ့တွင် ဟမ်းဘွတ်မြို့ရှိ ကုန်သည်ကြီးတစ်ဦးထံ သူအလည်ရောက်ရှိသည်. . . ကုန်သည်ကြီးမှာ ဖရွမ်တီယဲ အမည်ရှိ သမီးချော တစ်ယောက်ရှိသည်. . သူကလေးကို မြင်တော့ မိုးဇက် အရူးအမူးချစ်မိသည်. . . သို့သော် ဖရွမ်တီယဲ အဖို့တော့ သူ့ရုပ်ကို မြင်ရသည်ကပင် အော်ဂလီဆန်ချင်စရာ. . .
မည်သို့ဖြစ်စေ ၊ ပြန်ကာနီး အချိန်မှာတော့ မိုးဇက် အားတင်းကာ အပေါ်ထပ်ရှိ သူမအခန်းဆီသို့ တက်သွားပြီး စကားပြောဆိုရန် ကြိုးစားသည်. . . သူမ၏ ရုပ်သွင်က ကောင်းကင်ဘုံက နတ်မိမယ်ပမာ တင့်တယ် လွန်းလှသည်. .
မိုးဇက် မှာ ရင်ထဲကြေကွဲလျက်နှင့်ပင် သူအကြိမ်ကြိမ်ကြိုးစား၍ သူ့ရင်ထဲက အကြောင်းကို ပြောရန် စကားစကြည့်သည်။ သို့သော် ဖရွမ်တီယဲ ကား သူ့ကို မျက်လွှာတစ်ချက် ပင့်၍မကြည့်ပေ.
နောက်တော့ ရှက်ရွံ့စွာပင် မိုးဇက် က စကားတစ်ခွန်းဆိုသည်. .
"အိမ်ထောင်ဖက်ဆိုတာ ကောင်းကင်ဘုံကရွေးချယ်ပေးလိုက်တဲ့ အတိုင်း ဖြစ်ရတယ်ဆိုတဲ့ စကားကို ယုံပါသလား ဟု. . . . " ဖရွမ်တီယဲ အား မေးတော့ . . ."ယုံတယ် ရှင်ကောတဲ့. . . . " သူမက ခေါင်းငုံ့လျှက်ပင် ပြန်ပြောသည်. .
"ကိုယ်လည်း သိပ်ယုံကြည်တာပေါ့. . . . "ဟု မိုးဇက် က ဆိုသည်. . . "ဒီမှာ ကို်ယ်ပြောပြမယ်. . . " ယောကျာ်းလေး တစ်ယောက် လူ့ပြည်ကို မွေးဖွားရောက်ရှိတော့မယ့် အခါ တိုင်း လူ့ပြည်မှာ သူနဲ့ ထိမ်းမြားရမယ့် မိန်းကလေးဟာ ဘယ်သူဘယ်ဝါပဲလို့ ကြေညာပေးလေ့ရှိတယ် ". . ကိုယ့်ကိုမွေးဖွားလာတဲ့ အချိန် ကိုယ်နဲ့ လက်ထပ်ရမယ့် မိန်းကလေးကို ပြပြီး ဖန်ဆင်းရှင်ကပြောတယ်. .
"မင်းရဲ့ ဇနီးသည်ကတော့ ကျောမှာ ဘုတစ်ခုနဲ့ ခါးကုန်းမလေး ဖြစ်နေရှာတယ်တဲ့. . အဲဒီတော့ ကိုယ်ကပြောလိုက်တယ် . . . မိန်းကလေးတစ်ယောက်အဖို့ ကျောမှာ ဘုနဲ့ ခါးကုန်းမလေး ဖြစ်ရရှာမယ်ဆိုရင် သိပ်ကို ကြေကွဲဝမ်းနည်းစရာပါ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အဲဒါတွေကို ကျွန်တော်မျိုးရဲ့ကိုယ်ထဲ ထည့်ပေးလိုက်ပါ. . . သူ့ကို ချောမောလှပလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်အောင်သာ ဖန်တီးပေးတော်မူပါ လို့ . . . " ကိုယ်ပန်ကြားခဲ့တာပါ. . .
သည်စကားကိုကြားတော့ ဖရွမ်တီယဲ မျက်လွှာလေး ပင့်၍ကြည့်သည်. . သူမအာရုံထဲတွင် ရှေးအတိတ်က တွေ့ခဲ့ဖူးသည်. . . မိုးဇက် ရုပ်သွင်ကို ပြန်လည် အမှတ်ရသလိုမြင်လာသည်. . . မိုးဇက် ထံ သူမ၏လက်ကို ဆန့်တန်း၍ ပေးလိုက်သည်. . . ထို့နောက်မူ ခင်ပွန်းသည်အား တကယ်ပင်ချစ်ခင် စုံမက်သည့် ထာဝရ ကြင်ဖက်ဖြစ်သွားခဲ့လေသည်. . . .

ဖေမြင့်၊ Barry and Joyce Visselle (True Love)

အားလုံးကိုချစ်ခင်လေးစားလျှက်...





ခွေးမုဆိုး

တစ်ရံရောအခါ သာဝတ္တိပြည်မှ ကောက အမည်ရှိ ခွေးမုဆိုးတစ်ယောက်သည်. ခွေးအပေါင်းခြံရံလျှက် တောသို့သွားရာ လမ်းတွင် ဆွမ်းခံကြွလာသော ရဟန်းတစ်ပါးနှင့် တွေ့ဆုံလေသည်. . မုဆိုးသည် အလွန် ရုန့်ရင်းကြမ်းတမ်းသူဖြစ်သည်. . ရဟန်းကို မြင်သောအခါ ၀မ်းမြောက်ဝမ်းသာ မဖြစ်ရုံမက "ငါသည် သူယုတ်မာ ကို မြင်ရ၏ ယနေ့ သားကောင် တစ်ကောင်မျှ ရတော့မည်မဟုတ်" ဟူ၍ တွေးတောပြီး အမျက်ထွက် ပြီး ခရီးဆက်၏. .
သူသည် တောထဲသို့ရောက်သောအခါ သားကောင်တစ်ကောင်မျှမရချေ . . . ထို့ကြောင့် စိတ်ပျက်စွာဖြင့် ပြန်လာသည်တွင် ဆွမ်းခံပြီး၍ပြန်လာသော ယခင်ရဟန်းနှင့် တွေ့ပြန်သည်. "ယနေ့ ဘာမျှမရသည်မှာ ဤရဟန်းကြောင့်ပင်တည်း "ဟူ၍ ရဟန်းကို သူ့ခွေးများဖြင့် ရှူးတိုက်လေသည်. . .
ရဟန်းလည်း မုဆိုးကို တောင်းပန်သည် မရ ထိုအခါ နီးရာ သစ်ပင်ပေါ်သို့ ပြေးတက်သည်. . လူတစ်ရပ်မျှမြင့်သောနေရာသို့ ရောက်သောအခါ ထိုင်နေလိုက်သည်. . ခွေးများက ဟိန်းဟောင်၍ သစ်ပင်ကို ၀ိုင်းထားကြသည်. .
မုဆိုးက သစ်ပင်ပေါ်တွင်သင်နေသော်လည်း "သင်လွတ်မြောက်မည်လော" ဟု ဆိုက ရဟန်း၏ ခြေထောက်များ ကို မြှားချွန်ဖြင့်ထိုး၏ ရဟန်းက အထိုးခံရသော ခြေကိုရုပ်၍ အခြားခြေကို ချ၏. . . ထိုချသော ခြေကိုလည်း မြားဖြင့် ထိုးပြန်၏ . . . ရဟန်းသည် နာကျင်လွန်းသဖြင့် ခြေတစ်ဖက်ကို ရုပ်ချည်၊ ချချည်ြပုနေရ၏. . . ထိုအခါ ၀တ်ရုံထားသော သင်္ကန်းကို မထိန်းနိုင်. . . သင်္ကန်းသည် ရဟန်းကိုယ်မှ လျှောကျပြီး မုဆိုး၏ တစ်ကိုယ်လုံးကို အုပ်မိသွားသည်. .
ဤတွင် ခွေးများသည် ရဟန်းကျလာသည် ထင်မှတ်ကာ မုဆိုးကို ၀ိုင်းဝန်းကိုက်ခဲကြသည်. . . မုဆိုးသည်မရှုမလှ သေဆုံးရလေသည်. . ရဟန်းသည် ခွေးများကို သစ်ကိုင်းခြောက်တစ်ခုဖြင့် လှမ်းပေါက်ကာမှ ခွေးများသည် မိမိတို့ သခင်ကို ကိုက်စားခဲ့မိကြောင်း သိရှိကာ တောထဲသို့ပြေးဝင်သွားကြလေသည်. .
ရဟန်းလည်း သစ်ပင်ပေါ်မှ ဆင်းပြီးနောက် ဇေတ၀န်ကျောင်းတော်တွင် သတင်း သုံးနေသော မြတ်စွာဘုရား ထံ သွားရောက်၍ အကျိုး အကြောင်း တင်ပြလျှောက်ထားလေသည်. . .
"အရှင်ဘုရား ၊ တပည့်တော်၏ သင်္ကန်းဖြင့် လွှမ်းခြုံမိ၍ မုဆိုး သေဆုံးခဲ့ရပါသည်. . တပည့်တော်၌ အပြစ်ဖြစ်သွားပါသလော တပည့်တော်၏ သီလသည် စင်ကြယ်ပါသေး၏ လောဟု "လျှောက်ထား၏. . . ဘုရားရှင်က "ရဟန်းသင့်၌ အပြစ်မရှိ၊ သင်၏ သီလသည် စင်ကြယ်၏ သင်သည် ရဟန်းစင်စစ် ဧကန်ဖြစ်၏ . . မုဆိုးသည်သာ မပြစ်မှား သင့်သူကို ပြစ်မှားသဖြင့် သေဆုံးရခြင်း ဖြစ်ပေသည်. . . "ဟူ ၍ မိန့်တော်မူလေသည်. .
ထိုသို့မိန့်တော်မူပြီးလျှင်. . .

"အကြင်သူမိုက်သည် မပြစ်မှားထိုက်သော၊ စင်ကြယ်သော ၊ကိလေသာ ကင်းသော ရဟန္တာအရှင်မြတ်အား ပြစ်မှား၏ လေတင်လေညာသို့ ပစ်လွှတ်လိုက်သော ၊ သိမ်မွေ့နူးညံ့သော မြူမှုန့်သည် ပစ်လွှတ်သူထံသို့သာ ပြန်ကျသကဲ့သို့ ထိုသူမိုက်သို့သာလျှင် မကောင်းမှုအကျိုးသည် ရှေးရှုပြန်ကျလာ၏ "

ဟူ၍ ဆုံးမတော်မူလေသည်. . .

(ပါပ၀ဂ်- ကောကသုနခလုဒ္ဒ၀တ္တု)

အားလုံးကိုချစ်ခင်လေးစားလျှက်...

တစ်ယောက်တည်းတည့်အောင်နေ


ခင်မကန်ဆရာတော် ဘုရားကြီးဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းကြီး လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော် တစ်ပါးပါ. တစ်နေ့တော့ ခင်မကန်ဆရာတော်ကြီး ဆီကို ဒကာတစ်ယောက် ရောက်လာပါတယ် . ပြီးတော့ ဆရာတော်ဘုရားကြီးကို ဦးချ၊ ပါလာတဲ့ လှူဖွယ် ၀တ္တုကို ဆက်ပ်လှူဒါန်းပြီးတော့ "ဆရာတော်ဘုရား . . . တပည့်တော်ကို တရားတိုတိုတုတ်တုတ် တစ်ပုဒ်လောက် ဟောပါဘုရားလို့" လျှောက်သတဲ့. .
ဒီတော့ ဆရာတော်ဘုရားကြီးက "တစ်ယောက်တည်း တည့်အောင်နေ" လို့ ဟောလိုက်ပါတယ်. . . . ဆရာတော်က ဟောပြီး ခပ်ဆိတ်ဆိတ်ပဲ ငြိမ်နေလိုက်ပါတယ်. . . . ဒီတော့ ဒကာက "ဆရာတော်ဟောတဲ့ တရားကလည်း တိုလွန်းအားကြီးပါတယ် ဘုရား တစ်ယောက်တည်းနေတဲ့သူဟာ ဘယ်သူနဲ့မတည့်ဘဲနေမှလဲ ဘုရား ၊ ရန်ဖြစ်စရာလူမှ မရှိဘဲဘုရား" လို့ ပြန်လျှောက်ပါတယ်. . .
ဒီအခါကျမှ ဆရာတော်ဘုရားကြီးက "တစ်ယောက်တည်းနေနေပေမယ့် ကိုယ့်သန္တာန်မှာ လောဘ၊ ဒေါသ ၊ ရာဂ၊ ဣသာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေ ကိန်းနေ ဖြစ်နေရင် တစ်ယောက်တည်းရန်ဖြစ်နေတာပဲ ဒကာရဲ့ . . ကောင်းတဲ့ ကုသိုလ်တရားတွေကို ပယ်ထားပြိး အကုသိုလ်တရားတွေနဲ့နေနေရင် တစ်ယောက်တည်းနေပေမယ့် သေရင် အပါယ်မုချ ရောက်လိမ့်မယ်. . ." လို့ အကျယ်ထပ်ရှင်းပြတော့မှ ဒကာလည်း သဘောပေါက်သွား ပါတယ်. . . .
အဓိကကတော့ ကိုယ့်သန္တာန်မှာ မကောင်းတဲ့အကုသိုလ်စိတ်တွေ ဖြစ်နေရင် တစ်ယောက်တည်း ရန်ဖြစ်နေတာပဲပေါ့ တစ်ယောက်တည်းဆိုရင် ပျင်းတတ်တယ် ဒါကြောင့်စိတ်ထဲက အဖော်တွေကို ခေါ်လိုက်ပါတယ်. . . ခေါ်ပုံနဲ့ရန်ဖြစ်ပုံက ဒီလိုပါ. .
"ဟိုတစ်နေ့ မိဖြူဆွဲလာတဲ့ ဆွဲကြိုးလေးက သိပ်လှတာပဲ . . ဟင်း လူက ပိန်ညှောင်ညှောင်နဲ့ တစ်စက်မှ မလိုက်ဘူး. . . ငါနဲ့ဆို သိပ်လိုက်မှာ . . . သူ့ယောကျားက ဟိုမှာ ဟိုလိုတွေလုပ်နေတော့ ၀ယ်နိုင်တာပေါ့. . . လကုန်ရင်တော့ ၀ယ်အုံးမယ် အလုပ်အဆင်မပြေလို့ . . တောက် ဟိုကောင်မ ညှက်စိဖြတ်ခုတ်သွားလို့ပေါ့ . ." အဲလိုနဲ့ လောဘနဲ့ ဒေါသကို ခေါ်လိုက်ပြီး အပြင်က အမျိုးသမီးနှစ်ယောက်နဲ့ ရန်ဖြစ်နေပါပြီ. . .
"ဘာလိုလိုနဲ့ ဟိုကောင်မတော် ရာထူးတက်သွားပြီ၊ အလုပ်ဝင်တုန်းက ငါနဲ့ အတူတူ အေးပေါ့လေ သူ့အဖေ က ဘော့စ်နဲ့ သူငယ်ချင်းဆိုတော့ တက်မှာပေါ့ . . ပညာအရည်အချင်းကငါ့လောက်တောင် မရှိဘဲနဲ့ . .ဟင်း. " ဣသာမစ္ဆရိယကို ခေါ်လိုက်ပြီး ရုံးက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ. . .
"တစ်နေ့ က ဟိုအန်တီကြီးကို ဖုန်းဆက်ပြီး ကားအကူအညီလိုလို့တောင်းမိပါတယ်. . . မအားဘူးတဲ့ အဲဒါ ညာပြောတာ. . . ဒီကိစ္စဖေဖေ့ကို တိုင်ရဦးမယ်. . . ဒီတစ်သက် သူ့ဆီဖုန်းမဆက်ဘူး. . သူ့မှာ မာနရှိသလို ငါ့မှာလည်း မာနရှိတာပဲ. . . "
ဒေါသနဲ့မာနကို ခေါ်ပြီး အပြင်က အန်တီကြီးနဲ့ ရန်ဖြစ်နေပြန်ပါပြီ. . . .
ဒါတွေက တော့ အခန်းထဲမှာ တစ်ယောက်တည်းနေပြီး အကုသိုလ်မျိုးစုံခေါ်ပြီး လူမျိုးစုံနဲ့ ရန်ဖြစ်နေတာပါ. . . အဲဒီအချိန်မှာ ကိုယ်ပဲ စိတ်ဆင်းရဲပြီး ပူလောင်နေရတယ်ဆိုတာ မြင်ဖူးသူတိုင်းသိပါတယ်. . . ဒါကို ကိုယ်က ငါစိတ်ဆင်းရဲအောင် ငါ့စိတ်က ဖန်တီးနေပါလား ဆိုတာ ပထမဆုံးသိလိုက်ရမှာပါ. .. သိမှလည်း ဖယ်ရှားလို့ရမှာပါ. . . စိတ်ကြောင့်ဖြစ်ရတဲ့ အကုသိုလ်စိတ်ကိုလည်း စိတ်နဲ့ ပဲ ပြန်လည်ဖယ်ရှားရမှာပါ. ..
ဒါကြောင့် ကိုယ်က အကုသိုလ်စိတ်ကို ကြိုတင်ကာကွယ်ထားရမှာပါ . တစ်ယောက်တည်းနေတဲ့ အခါမှ အကုသိုလ်စိတ်တွေ ၀င်မလာနိုင်အောင် ကမ္မဌာန်းတစ်ခုခုဖြစ်ဖြစ် ၊ ဂုဏ်တော်ပဲဖြစ်ဖြစ်၊ မေတ္တာပဲဖြစ်ဖြစ်၊ ၀ိပသာနာပဲဖြစ်ဖြစ်. . ကြိုနှလုံးသွင်းထားလိုက်တဲ့ အကျင့်ကို ကျင့်ထားလိုက်ရင် ဘယ်သူနဲ့မှ ရန်မဖြစ်ရတော့ ဘူးပေါ့ .. .

ရဝေနွယ်(အင်းမ) ၊ အတွေးများနှင့်မိတ်ဖွဲ့ခြင်း မှာ ကောက်နှုတ်တင်ပြပါသည်.

အားလုံးကိုချစ်ခင်လေးစားလျှက်...





ခုတစ်လောအဖြစ်အပျက်တွေက . . .


လတ်တလော အတွေးကတော့ -
လူ့လောကရဲ့ ဒုက္ခတွေကို အသက်ဘယ်လောက်ရှည်ရှည်နေပြီး ကြာကြာခံစားနေရ အုံးမလည်း လို့တွေးနေမိပါတယ်


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူ့သက်တမ်း တစ်ဝက်ကျော်သာရောက်လာတယ် ဘာမှလည်း အသုံးမကျသေးပါလား . .

လက်ရှိကျန်းမာရေးအခြေအနေ
”စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စိတ်ကိုပျော်ရွင်အောင် နေပြီး ကျန်းမာရေးကို ဂရုစိုက်နေသောကြောင့် ခုလောလောဆယ် အလတ်ကြီးရှိသေးသည် :P

ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဘလော့ဂ်ပေါ်တင်ရန် စာအုပ်တော်၂များကို ဖတ်ဖြစ်ပါတယ်. . . ဟိုတို့တို့ ဒီတို့တို့

လက်ရှိရောက်နေဖြစ်တာက
အပြင်မှာလည်း ဘယ်မှမရောက်ဖြစ်ပဲ ၊ အင်တာနက်မှာလည်း ဘလော့စုံအောင် မရောက်ပါ. . အလုပ်နဲ့အိမ်၊ အိမ်နဲ့ အလုပ်ပဲရောက်ပါတယ် . . . .


ဘာတွေရေးနေလည်းဆိုတော့
ဘလော့ဂ်ပေါ်မှာပဲ စာရေးဖြစ်ပါတယ်. . . ( ပြီးတော့ အကြွေးစာရင်းများကို ရေးမှတ်ပါတယ် ) (ပေးရန်တွေပါ :P)

ဖတ်မိတဲ့ကဗျာများ
ကဗျာမဖတ်ပါ.

နားထောင်ဖြစ်နေတာက
သီချင်းအသစ်များ၊ နားထောင်ဖြစ်ပ်ါသည်။

ဖြစ်ချင်နေတာက
ဖြစ်ချင်တာတွေများလွန်းလို့ ဘာရေးရမှန်းမသိတော့ဘူး :D

ခဏခဏစားဖြစ်နေတတ်တာက
ရှမ်းထမင်းချဉ်၊ ကော်ဖီ ၊ လက်ဖက်ရည်၊ ထမင်းနဲ့ ဟင်းကတော့ နေ့တိုင်းစားပါတယ်

သနားနေမိတာက
ကိုယ့်ကိုယ်တိုင် အပါအ၀င် အဆင်မပြေဖြစ်နေသူများကို အားလုံး ကူညီချင်စိတ်နှင့် သနားမိပါတယ်.
ဘာကိုလွမ်းနေမိတာလည်းဆိုတော့-
မိသားစု စုံစုံညီညီရှိတဲ့ အချိန်တွေကို လွမ်းပါတယ်.

ခါးသက်နေမိတာက
ဟန်ဆောင်တတ်တဲ့လူတွေ

မုန်းနေမိတာက
အထူးတလည်မရှိပါဘူး "ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေ" ဆိုတဲ့ အတိုင်း ဘယ်သူ့မှ မမုန်းပါ.

အမြဲတမ်းတနေမိတာ-
ဘယ်တော့မှ မရိုးနိုင်တဲ့ မေမေချက်ကျွေးသော ထမင်း၊ ဟင်းများ နှင့် မုန့်မျိုးစုံ -
ကျောင်းတက်တုန်းက ကျောင်းသူဘ၀နဲ့ သူငယ်ချင်းများ အားလုံးကို သတိရ တမ်းတမိတယ်.

ချီးကျူးနေမိတာက-
ကိုယ်ကလွဲလို့ လူတိုင်းသည် ကိုယ့်ထက်တော်တယ်လို့ ခံယူပါတယ် . . . . .(ကြိုးစားရန်လိုသေးသည် လို့ အမြဲသုံးသပ်မိပါတယ်)

အထင်သေးမိတာကတော့
မိမိကိုယ်တိုင် ( လူ့လောကတွင် နေထိုင်ရန် အတွက် အများကြီး ပြုပြင်ရန်လိုသေးသည်)

ဆန္ဒမရှိတဲ့နေရာ
ဘယ်နေရာမဆို အဆင်ပြေအောင် အားလုံး ဆန္ဒရှိလိုက်ပါတယ်. . .

လောလောဆယ် ဆန္ဒရှိနေတာက-
ခရီးသွားချင်တယ်. . . ဘယ်နေရာဖြစ်ဖြစ်ပါ အလုပ်နဲ့ အိမ်ကလွဲရင် :P

ချစ်နေတာက
လှို့ဝှက်ချက်ပါ ၊ သတ်ချင်သတ် ပြောဘူး :P

စိတ်ပျက်နေမိတာက
ကိုယ့်ကို စိတ်ညစ်အောင်လုပ်တဲ့လူတွေ :P

စွဲလန်းနေမိတာက
ခုတစ်လော ထူးထူးခြားခြားမရှိပါဘူး ၊ (မြ၀တီကလာတဲ့ ကိုရီးယား ဇာတ်လမ်းတစ်ခုကို စွဲစွဲမြဲမြဲကြည့်ဖြစ်ပါတယ်)

လိုအပ်နေတာက
ခရီးသွားဖို့၊မုန့်စားဖို့ ပိုက်ဆံလိုတယ် :P

တောင်းနေမိတဲ့ဆု
ခုတစ်လော ဆု (၂)ခုတောင်းမိတယ် . . .

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဒီပို့စ်ကိုတဂ်တဲ့ ဧရာဝတီသား ပြန်လာရင်တော့ မုန့်ဝယ်ကျွေးပါ . . .

ဝန်ခံချင်တာက
ကိုယ့်ကိုယ် ဘာဖြစ်ခြင်နေမှန်းမသိ၊ အားမလိုအားမရဖြစ်နေမိတယ်. . .

ကဲ ဧရာဝတီသားရေ ရေးတတ်သလောက်နဲ့ စိတ်ထဲရှိတာတွေကို အကုန်ရေးချပြီးပြီနော် ပြန်လာရင်တော့ သိတယ်ဟုတ် ဒီကိုလာရင်လာ မလာရင် အိမ်ကို လိုက်လာပြီး အ၀ မုန့်ကျွေးပေတော့ :P

ခုတစ်လောပို့စ် နဲ့ ပတ်သက်ပြီး ခင်မင်ရတဲ့ စာရေးကောင်းတဲ့ သူငယ်ချင်း ကိုကိုမောင် ရယ် ရန်ကုန်သား နဲ့ ကိုနေစိုးနိုင် ညီမငယ် ပန်းခင်းလေး တို့ကို ဆက်တဂ်ချင်ပါတယ် . . .ခုတော့ ကိုနွယ်ရိုး လည်း ပါသွားပြီ :P

အဆင်ပြေရင် ရေးပေးပါနော် ကျေးဇူးတင်ပါတယ်

အားလုံးကိုချစ်ခင်လေးစားလျှက်...





အခုတစ်လော....


ရိုးသားကြိုးစား ဧရာဝတီသား ရဲ့ တက်ဂ်ပိုစ့်လေး ကို ရေးပေးမယ်နော်။ ရင်တွင်းဖြစ်တွေပေါ့။ အဟိ...
အစ်မငယ် နေကောင်းပါတယ်။ စိတ်လည်း နေကောင်းပါတယ်။ စီးပွားရေး လည်း ပုံမှန်ပါပဲ။(လစာပဲရတာကိုး) :P

အစ်မငယ် may16 အခုတစ်လော....
တွေးနေမိတာက
အင်း...ခန္ဓာရတော့ အိုရအုံးမယ်၊ နာရအုံးမယ်၊ သေရအုံးမယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မင်းက တရားမှ မရှိပဲကွာ....။

ကျန်းမာရေး
ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး။ အခုတော့ မျက်နှာ တခြမ်းရောင်နေတယ်။ (သွားကိုက်နေလို့)

ဖတ်ဖြစ်တဲ့စာအုပ်က
မြတ်ဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒများကို ဖတ်မှတ် ထုထောင်း ထည့်နေတယ်။

ရောက်နေဖြစ်တာက
ရောက်ဖြစ်နေတာက လူ ဘ၀။ လိုချင်တာ က နိဗ္ဗာန်(ဆုတောင်းနေယုံနဲ့တော့မရ)

ရေးဖြစ်နေတာက
ကိုယ်တိုင်ကူးရေးလေးတွေ ပေါ့။ ( အများတကာ ကိုယ့်လိုပါ...သုတ ရစေချင်)

နားထောင်ဖြစ်နေတာက
စုံစီနဖာ ဟိုစပ်စပ်ဒီစပ်စပ်...အကုန်..လာထား။

ရွတ်နေမိတာက
မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများ ကိုယ့်နောက်ပါ။

ဖြစ်ချင်နေတာက
ဈေးနားနီးနီး တိုက်ကြီးကြီးနဲ့။ (တရားမရှိတာ...လောဘတွေ)

စားဖြစ်နေတတ်တာက
မနက်Coffee၊ ည Coffee

သနားနေမိတာက
ငါ့ဥစ္စာ ငါ ငါ ငါ ကိုယ်ပါ
ပြောတာ ခွေးအော်ပမာမည်။

လွမ်းနေမိတာက
အရင်းမှ အဖျားတိုင်အောင် ချိုသော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

မေ့လျော့ပစ်နေမိတာက
ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်(မိုးကုတ်ဆရာတော်ဘုရားကြီး)

ခါးသက်နေမိတာက
အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။

တမ်းတနေမိတာက
ငယ်ဘ၀ ( လွတ်လပ် အေးချမ်း တွေးတောမှုမရှိ)

ကြိတ်ပြီးချီးကျူးနေမိတာက
သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေသူတွေ။

ဆန္ဒမရှိတဲ့နေရာ
၎ပေ၊ ၆ပေ တွင်း။

ဆန္ဒရှိနေတဲ့ကိစ္စ
အရာရာကို အကောင်းအတိုင်း ရှိစေချင်။

မုန်းတီးနေမိတာက
မရှိပါ။

စွဲလန်းနေမိတာက
ကော်ဖီ( ကော်ဖီသောက်တိုင်းလွမ်းတယ်)

လိုအပ်နေတာက
လိုအပ်နေတာ..............(blank)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူဖြစ်ရတဲ့ ဒုက္ခ....( မင်းက တရားမှ မရှိဘဲကွာ)

တလက်စတည်း အခုတစ်လော....ဘာတွေလုပ်လို့ ...ဘာတွေဖြစ်....သိချင်သေးတယ်။ ဆက်..တက်ဂ်မယ်နော်
(၁)ကျမအတွက် ပင်လယ်ကအပြန် ကျောက်ခဲကောက်လာပေးလို့ ကျေးဇူးရှိတဲ့ မောင်ငယ် နေမင်းသံစဉ် (သူ့ကိုပစ်ဖို့ကောက်ပေးတာနေမှာ)
(၂)တစ်မြိုတည်းသားချင်း ဖြစ်တဲ့ အမေ့လက်ရာ (မအားဘူး မပြောပါနဲ့)
(၃) ခေါက်ဆွဲကြော် တ၀က် ကျွေးမယ် ဆိုတဲ့ ကျေးဇူးရှင် ကိုတိုးလေး (ကျေးဇူးကြီးတယ်)

ရေးပေးပါလို့ အနှုးအညွတ်တောင်းပန်ရင်း.......။

အားလုံးလေးစားလျှက်...

မရင့်ကျက်မီ

မရင့်ကျက်မီ

သူ၏အမှား၊ ငါ့အမှားနှင့်
စကားချင်းပြိုင်၊ ဓားချင်းဆိုင်၊

သူ၏မာန၊ ငါ့မာနနှင့်
ဒေါသပေါက်ကွဲ၊ မောဟကဲ။

သူ့ဘက်သူယက်၊ ငါ့ဘက်ငါယက်
ကောင်းကွက်တွေဖယ်၊ အားသွန်ဆွဲ၊
ချစ်ခြင်းကင်းမဲ့ ထိုလွန်ပွဲ။

အို - စေ့စေ့တွေးကာ၊ မြင်ကြည့်ပါမှ၊
ငါသည်လည်းရှူံး၊ သူလည်းရှူံးနှင့်၊
အမုန်းလှိုင်လှိုင်၊ မဆုံးနိုင်ဟု ၊
ဆုပ်ကိုင်ပါမိ၊ သိပင်သိငြား ၊
အသိနောက်ဝယ်၊ မာန်ကြိုးနွယ်ထဲ
နုနယ်သေးသည် မဟုတ်လား။


ဆရာမောင်စိမ်းနောင်(လယ်ဝေး)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ပန်းပုံပြင်



ဟိုးရှေးရှေးတုန်းက "နာဆစ်ဆပ်" ဆိုတဲ့ သူငယ်တစ်ယောက်ဟာ အလွန်ရုပ်ရည်ချောမော လှပပါသတဲ့. . . သူဟာ အမဲလိုက် အလွန်ဝါသနာပါလေတော့ တောထဲမှာ နေ့စဉ်လိုလိုလှည့်လည်ပြီး အမဲလိုက်လေ့ရှိပါသတဲ့ . . . အဲလို တောထဲမှာ အနေများတော့ တောထဲမှာနေတဲ့ နတ်သူငယ်မလေး အက်ခို က "နာဆစ်ဆပ်" ကို ချစ်ကြိုက်မိပါလေ ရောတဲ့ကွယ် . . . နတ်သူငယ်မှဆိုတာကတော့ ဥရောပမှာ နတ်သား၊ နတ်သမီးတွေ အပြင် ကိုယ်လုံး ကိုယ်ထည် တကယ့်သေးသေးလေးမှာ တောင်ပံကလေးများပါတာကို ခေါ်တာပါ. . .
"နာဆစ်ဆပ်" က အမဲလိုက်တာကို ပဲ ၀ါသနာပါတဲ့ အပြင် မာနလည်းကြီးသတဲ့ . . . အဲဒီတော့ အက်ခိုကို ယောင်လို့မှ လှည့်မကြည့်ဘူးပေါ. . . အက်ခို ကလည်း "နာဆစ်ဆပ်" အနားမှာ တရစ်ဝဲ၀ဲ လုပ်နေရင်း လုံးပါးပါးလာတာပေါ့. . . . တစ်ဖြေးဖြေးနဲ့ ပိန်ရုံမက ပါးပါးပြီး အငွေ့ဖြစ်ကာ ပျောက်သွားပါသတဲ့ သူ့မှာ ကျန်တာကတော့ အသံကလေးပဲရှိပါသတဲ့. . . . တောထဲတောင်ထဲမှာ အသံကျယ်ကျယ်နဲ့ အော်လိုက်ရင် သူ့ အသံက ပဲ့တင်ပြိးပြန်လာတတ်တာကို အက်ခိုက ပြန်ပြီး အော်လိုက်တာလို့ ရှေးရှေးကလူတွေက ယုံကြည်ကြပါသတဲ့. . အဲဒါကြောင့် ပဲ့တင်သံကို (Echo) လို့ ခေါ်တာပေါ့. . .
အဲဒီကလေးမ အက်ခို အချစ်နာနဲ့ လုံးရာက ပါးပြီးပျောက်လည်းသွားရော သူ့ကိုပိုင်တဲ့ အချစ်နတ်ဘုရားမ ဗီးနတ်စ်က စိတ်ဆိုးပါလေရောတဲ့. . . အက်ခို က ဗီးနတ်စ်ကို ခစားရသူဆိုတော့ ခုတော့ ခစားဝင်စရာ ကိုယ်မရှိတော့ဘူးလေ. . .
အဲဒီတော့ အချစ်နတ်ဘုရားမ ဗီးနတ်စ် က အကြောင်းအရင်းကို စုံစမ်းတာပေါ့ . . . စုံစမ်းလည်းပြီးရောလက်စ သတ်တော့ "နာဆစ်ဆပ်" မချစ်တတ်လို့ အက်ခို ဒီလိုဖြစ်တာကို သိသွားတာပေါ့လေ. . . အချစ်နတ်ဘုရားမ ဗီးနတ်စ် က ဒီလောက်တောင် မချစ်တတ်တဲ့ သူကို ငါကျိန်စာတိုက်လိုက်မယ်. . . သူဒီကနေ့ မြင်တဲ့သူကို ချစ်သွားစေလို့ ဆိုလိုက်ပါသတဲ့. . .
ဒီအကြောင်းတွေကို "နာဆစ်ဆပ်"က ဘာမှ မသိရှာဘူးလေ . . အမဲလိုက်ရင်း တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးနားလည်းရောက်ရော ရေသောက်ချင်တာနဲ့ စမ်းချောင်းလေးဘေးမှာ ဒူးထောက်လိုက်ပါတယ်. . . နောက်ပြီးတော့ ရေကို လက်ခုပ်လေးနဲ့ ခပ်သောက်ဖို့ ခေါင်းကို ငုံ့ချလိုက်ပါသတဲ့ စမ်းရေ ကကြည်လွန်းတော့ သူ့မျက်နှာကို သူမြင်လိုက်ရတာပေါ့ .
အချစ်နတ်ဘုရားမ ဗီးနတ်စ်ရဲ့ ကျိန်စာကလည်း အဲဒီခဏမှာ ဒိုင်းခနဲထိတော့တာပေါ့. . . . "နာဆစ်ဆပ်" ဟာ သူ့ရုပ်သွင်ကိုသူကြည့်ပြီး ချစ်သွားလိုက်တာ. . . တကတည်း ရေတောင်သောက်မိရဲ့လားမသိတော့ပါဘူး စမ်းရေထဲက သူ့ပုံကိုသာ ငုံ့ပြီးကြည့်တော့တာပါပဲတဲ့ . . . . .
တစ်နေ့လည်းမဟုတ် ၊ နှစ်နေ့လည်းမဟုတ်၊ စမ်းချောင်းဘေးမျာ ငုတ်တုတ်ထိုင်ပြီး သူ့ အရုပ်ကိုသာ သူငုံ့ကြည့်နေတဲ့ အခါ "နာဆစ်ဆပ်" ကိုယ် က အမြစ်တွေထွက်ပြီး သူ့ကိုယ်ကလည်း အပင်ဖြစ်သွားပါလေရော တဲ့ . . . .သူ့မျက်နှာကတော့ ပန်းပွင့်ပေါ့ . . . သူဟာ စမ်းရေထဲကသူ့မျက်နှကို ငုံ့ကြည့်ရင်း ပန်းပင်ဖြစ်သွားရတာဆိုတော့ သူပန်းကလေးတွေကလည်း စမ်းချောင်းကလေးထဲကို ငိုက်ငိုက်ကလေး ဖြစ်နေတာပေါ့
အတ္တကြီးရုံသာမက မိမိကိုယ်ကို အချစ်လွန်၊ မိမိရဲ့ ခန္တာကိုယ်အလှအပကို အသားပေးပြီး ပြင်ဆင်တာလွန်တယ်ဆိုရင် အမျိုးသမီးရော၊ အမျိုးသားရော သဘာဝကျသည်ဟု မဆိုသာပေ. . . . ဒါပေမယ့် အမျိုးသားကတော့ သိသာလွန်းတာပေါ့. . . .
အဲဒီပုံပြင်ကစပြီး မိမိကိုယ်ကို အချစ်လွန်ပြီး တသသလုပ်နေတတ်တဲ့ အမျိုးသားများကို "နာဆစ်ဆပ်" လို့ တင်စားကြတယ်. . .


ဒေါက်တာမတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...





စကားအင်္ဂါ (၁၀)ပါး

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေးကျင့် ပေးသင့်ကြရပါမည်. . . .
၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။
၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

ဒေါက်တာမတင်ဝင်း
(သီတဂူဆရာတော်ဘုရား၏ တရားတော်များထဲမှ ထုတ်နှုတ်တင်ပြပါသည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ကူးစက်တတ်ခြင်း


"မုဆိုးနားနီးမုဆိုး တံငါနားနီးတံငါ" ဆိုသော စကားသည် အလွန်မှန်ကန်သော စကားပုံဖြစ်လေသည်။ လေးလေးနက်နက် စဉ်းစားကြည့်လေလေ ၊ ပို၍မှန်ကန်သည်ကို တွေ့ရလေလေဖြစ်သည်။
ဤစကားပုံသည် စိတ်ဓာတ်တစ်ခုနှင့် တစ်ခု ကူးစက်တတ်သော သဘောရှိကြောင်းပြသော စကားပုံဖြစ်သည်။ ထို့ကြောင့်စိတ်ကောင်းနှင့် စိတ်ညံ့အတူထားက အားကြီးသော ဘက်သို့ ကူးစက်မည်ကား မလွဲပေ။
လောကတွင်လူနှစ်မျိုးရှိသည်။ ယင်းတို့မှာစိတ်ပျက်နေသော သူနှင့် စိတ်ပျော်နေသောသူများ ဖြစ်ကြသည်။ စိတ်ပျက်နေသူ ဦးရေပိုမိုများပြားသည်။ စိတ်ပျက်နေသူသည် မိမိကိုယ်ကိုမိမိ ယုံကြည်စိတ် နည်းပါး၍ စိတ်ပျော်နေသူမှာ မိမိကိုယ်ကို မိမိယုံကြည်ကာ သတ္တိမွေးမြူနေသူဖြစ်သည်။
လောက၌ အကောင်းဆုံးသော အလုပ်တစ်ခုမှာ စိတ်ပျက်အားလျော့ နေသူများအား စိတ်ပျော်အားတက် နေသူတို့က စိတ်ပျော်ခြင်း ၊ အားတက်ခြင်း မကူးစက် ကူးစက်အောင် ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။
စိတ်ပျက်ခြင်း အားလျော့ခြင်းသည် အခြားနေရာမှ ပေါ်ပေါက်လာခြင်းမဟုတ်၊ လောကကြီး၏ သဘာဝဓမ္မကို မှန်အောင် မရှုတတ်ခြင်းသည် လူတိုင်းအား စိတ်ဓာတ်အင်အား နည်းပါးစေ၏။ မှန်အောင်ရှုသူအဖို့တွင် သတ္တိ အလိုလို ၀င်ရောက်လာတတ်လေသည်။
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် သဘာဝဓမ္မကို မှန်အောင် ရှုတ်သူဖြစ်သဖြင့် သတ္တိ အကြီးမားဆုံး စိတ်အပျော်ရွင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မိမိသတ္တိရှိသကဲ့သို့ စိတ်ပျော်သကဲ့သို့ အခြားသတ္တ၀ါများ သတ္တိရှိရန် ပျော်ရွှင်ရန် တရားရေအေး အမြိုက်ဆေးဖြင့် ကူးစက်အောင် ပြုလုပ်ခဲ့လေသည်။
သို့သော် ပျော်ရွင်မှု ကူးစက်အောင် ပြုလုပ်ရာ၌ သတိပြုရန် အချက်တစ်ခုရှိသည်။ မစဉ်းစားပဲ ပျော်ရွှင်မှုရလိုသော ဇောဖြင့် ဇွတ်အတင်း ကြိုးစားခြင်းသည် စိတ်ပျက်နေသူအား စိတ်မပျော်စေသည့် အပြင် ပို၍ပင်ဆိုးစေသည်။
ကူးစက်အောင် ပြုလုပ်ရန် အကောင်းဆုံးနည်းမှာ စိတ်ပျက်နေသူ၏ ဒုက္ခတို့ကို သနားကြင်နာစွာ နားထောင်၍ အနာဂတ်အတွက် မည်မျှ မျှော်လင့်ချက်ရှိသည်ကို ပြောဆိုအားပေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

တက္ကသိုလ်ဆုမြိုင်

အားလုံးကိုချစ်ခင်လေးစားလျှက်...





လက်ဦးဆရာအနေနှင့်ပေးရသောအမွေ

မိဘများသည် ကလေးငယ် များ တရွေ့ရွေ့ကြီးထွားလာသည်နှင့်အမျှ ပက်လက် အနေ အထားမှာ မှောက်နိုင် အောင်၊ မှောက်ရာမှ လေးဘက်ထောက်၊ လေးဘက်သွားနိုင်အောင်၊ မတ်တတ်ရပ်နိုင်အောင် သင်ပေးရသည်။ အားပေးရသည်။ မတ်တပ်ရပ်နိုင်သည်နှင့် "ရပ် နိုင်ပေ . . . . ရပ်နိုင်ပေး " ဟု ဂုဏ်ပြုချီးကျူးရသည်. . . .

ရပ်နိုင်ပြီးနောက် လမ်းလျှောက်သင်ရသည်. . . စကားသင်ပေးရသည်. . . . " ပါ. . . မာ. . . . .ဖေ . . . . မေ" မိဘ၊ အဖေ၊ အမေ ကို ခေါ်တတ်အောင် သင်ပေးရသည်. . "ရေ. . . . ထိုင်. . . . ထ. . . ." တစ်လုံးချင်းသင်ပေးရသည်. . . . ထိုမှ နောက်တွင် စကားများပြောတတ်အောင် သင်ပေးရသည်. . . ပြောတတ်ဆိုတတ် ရှိလာသောအခါ ယဉ်ကျေးအမွေပေးရသည်. . .

"လူကြီးကို ကျော်ခွမသွားနဲ့" ၊ "လူကြီးရှေ့မှာ ခေါင်းငုံ့သွား"၊ "မိဦး ဖဦး မစားနဲ့"၊ "ထမင်းကို ပြတ်ပြတ်မြည်အောင်မစားနဲ့"၊ "ဟင်းကို လက်နဲ့မနှိုက်နဲ့"၊ "လမ်းလျှောက်ရင် ခြေသံမပြင်းစေနဲ့"၊ "လူကြီးရဲ့ အထက်ကမထိုင်နဲ့" စားစဉ်ယဉ်ကျေးမှု၊ သွားစဉ်ယဉ်ကျေးမှု၊ ထိုင်စဉ်ယဉ်ကျေးမှု၊ တို့ကို သင်ကြားပေးရသည်. .

မိဘတိုင်း မလွဲမသွေ ဆောင်ရွက်ဖြည့်စည်းပေးရမည့် တာဝန်များဖြစ်၏. . . . ဤနည်းဖြင့် သားသမီးများ စကားပြောတတ်၊ သွား၊ လာ၊ နေထိုင်နည်း တတ်မြောက်လာကြသည်. . . လက်ဦးဆရာဖြစ်သော မိဘတို့သင်ကြားသည့် ကျေးဇူးဖြစ်၏.. .

ပို၍သိတတ်လာသောအခါ "ဘုရားကို ဦးတော်လုပ်လိုက်"၊ "ဘုန်းကြီးကိုဦးတော်လုပ်လိုက် " ၊ "မိဘကို ကန်တော့လိုက်" ၊ "ပိုးကောင်လေးတွမသတ်နဲ့ " "ငယ်သူကို အနိုင်မကျင့်နဲ့" စသည်ဖြင့် ဘာသာယဉ်ကျေးမှု အမွေများကို ပေးရသည်. . .

မျက်နှာဘယ်လိုသစ်၊ သွားဘယ်လိုတိုက်၊ ရေဘယ်လိုချိုး၊ အ၀တ်ဘယ်လိုဝတ်၊ စသည့် လူမှုယဉ်ကျေး လိမ္မာအောင် သွန်သင်ပေးရသည်.. . . . . သိသင့်သိထိုက်သည်များကိလည်း နေ့စဉ်နှင့်အမျှ သင်ကြား ပေးရသည် . . . ထို့ကြောင့် "လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗစရိယ မိနှင့်ဘ ဟု ဆိုကြ၏ "

မိဘတိုင်းသည် သားသမီးများကို မေတ္တာနှင့်သင်ပေးကြသည်. . စေတနာနှင့် သင်ပေးကြရသည်. . အသိနှင့်ယှဉ်၍ ယဉ်ကျေးလိမ္မာ အောင် သင်ပေးကြသည် . . သားသမီးများ တစ်သက်တာပြောဆို နေကြသော စကားများသည် မိဘသင်ပေးသော ဘာသာစကားအမွေဖြစ်သည်. . အသိလိမ္မာနှင့် ဘာသာအယူဝါဒ အဆုံးအများမှာလည်း မိဘတို့ထံမှ ရှေးဦးစွာသင်ကြားနာယူရသော ယဉ်ကျေးမှုအမွေများဖြစ်ပါ၏. . .

လယ်တွင်းသားစောချစ်

အားလုံးကိုချစ်ခင်လေးစားလျှက်...





ဦးဘဂျမ်းကာတွန်းများ


အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

  • စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
  • ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
  • Scriptures and mantras not recited get lost.
  • Wealth, without being industrious may diminished and perish.

  • အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
  • တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
  • Laziness is a taint to good appearance.
  • Forgetfulness is a taint to the ascetic.
  • လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
  • လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
  • The property of the non-industrious will inevitably get into the hands of the in dustrious.
  • The lazy and stupid usually say that previous fate alone is enough to rely on without making any effort.
  • လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
  • ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။

  • The good and diligent put their energies into what ever they do.
  • If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.
အားလုံးကိုချစ်ခင်လေးစားလျှက်...





ဝါခေါင်လဖွဲ့

ဝါခေါင်လဖွဲ့

မျှော်ရောင်သာပန်းတော့တယ်၊

သောင်ကမ်းငယ်ပြည့်လျှံ၊ နဒီငယ်ခြံသည်၊

ပြည်မင်းစံရွှေဘုံက၊

အကုန်ထူးတဲ့လ ကိုလေး။

ရာသီသိဟ်ငယ်၊ နေမိန္ဒရ

ဝါခေါင်လမို့၊ တောင်များထွတ်စွန်၊

သရ၀ဏ်လဲ၊ ရောင်ဝှန်တေဇာ၊

ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊

တိုင်းပြည်သူတို့၊ လှူစာရေးတံ၊

သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကို၊

ဒေ၀ရိန်ပဇ္ဖုန်မှူးငယ်က၊ မြူးလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

ဝါခေါင်လ

ဝါခေါင်လသည် မြန်မာများ၏ ငါးလမြောက်ဖြစ်ပြီး မိုးဥတုတွင်ပါဝင်ကာ ဇူလိုင်၊ သြဂုတ်လ၌ ကျရောက်သည်။ မိုးများစွာ ရွာသွန်းသော လဖြစ်၍ မြစ်ရေ၊ ချောင်းရေတို့ တိုးကာ ကမ်းလုံးပြည့် လျှံတက်လေ့ရှိသည်။ ထို့ကြောင့် "၀ါဆိုဝါခေါင်ရေဖောင်ဖောင်" ဟု ပညာရှင်များက စာဖွဲ့ကြသည်။
အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ထိုစဉ် အခါဝယ် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တာရယ် ဖြစ်ပေါ်ခဲ့သည်။ ဆွမ်းအလှူရှင်များသည် တစ်ကျောင်းလုံးရှိ သံဃာတော်များကို လှူဒါန်းရန် အခက်အခဲရှိနေ၍ မြတ်စွာဘုရားအား လျှောက်ထားကြရာ ဘုရားရှင်က စာရေးတံမဲချ၍ လှူဒါန်းစေခဲ့ရာမှ စာရေးတံမဲပွဲတော် စတင်ပေါ်ပေါက်ခဲ့သည်။
ရှေးမြန်မာများက ၀ါခေါင်လတွင် သံဃာတော်များ စုဝေးတည်ရှိ ၀ါကပ်နေချိန် ဆွမ်းကိစ္စ လွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် စာရေးတံမဲပွဲတော်ကို ၀ါခေါင်လတွင် ကျင်းပခဲ့ဟန်တူပေသည်။ ထို့ကြောင့် စာရေးတံမဲပွဲသည် ၀ါခေါင်လ၏ ရာသီပွဲတော်ဖြစ်လာခဲ့သည်။

Wagaung

It is the fifth Myanmar month. It is in July-August, the rainy season, when rivers are in spate.
In the time of Buddha, when the Lord was staying at Weluwun Monastery in Yazagyo, some disciples supplicated to him the matter of individual disciples having some difficulty to donate meals and alms for all the Sangha at the monastery at the same time, whereuponBuddha laid down a way of disciples drawing lots to determine which monk to offer meals and alms.
Thus began the practice at the time of the year to hold lot-drawing offerings of meals and alms to the Sangha, although the exact time for such offerings is not definitely prescribed.


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်
ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း

ဆရာကြီး ဦးထွန်းလှ

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

စိတ်ပူပန်မှု


လူတိုင်း စိတ်ထဲမှာ ပူပန်ကြောင့်ကျဖြစ်ရတဲ့အခါ နေမထိထိုင်မသာ ဖြစ်တတ်ကြပါတယ်.. . စိုးရိမ်စိတ်ကြီးမားသူတွေရဲ့ စိတ်ဟာ အမြဲပူပင်နေတတ်ကြတယ် . . . စိတ်ပူပင်တယ်ဆိုတာ သံယောဇဉ်ရဲ့ အပိုင်းအစတစ်ခုလည်း ဖြစ်ပါတယ်. . . .
စိတ်ပူတယ်ဆိုတာ စိုးရွံ့ခြင်းတစ်မျိုးလည်းဖြစ်ပေသည်. . . . ငါဒီအလုပ်လုပ်လို့ အောင်မြင်နိုင်ပါ့မလား ဆိုတဲ့ သံသယစိတ်၊ ဒွိဟစိတ်နဲ့ စိုးရိမ်ပူပန်နေမယ့်အစား ဖြစ်အောင်လုပ်မယ်ဆိုသည့် ဇွဲစိတ်ကို မွေးကြရမည်ဖြစ်ပါတယ်. . . ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း နှလုံးသွင်းရမှာဖြစ်ပါတယ်. . .
စိတ်ထဲမှာ သံယောဇဉ်ရဲ့ အင်အားတွေ ကြီးမားနေတဲ့အခါမှာလည်း စိတ်ပူပန်တတ်ကြပြန်တယ်. . . သူတစ်ပါးအတွက် ကိုယ့်မှာ ပူပင်နေရတာမျိုးပေါ့ . . . . တစ်ကယ်တော့ ပူပင်စိတ်ဆိုတာ ဘယ်လိုမှ မအေးမြနိုင်ပါဘူး. . . . . စိတ်ပူနေရမှတော့ စိတ်ချမ်းမြေ့နိုင်မှုမရှိနိုင်တော့ပါဘူး. . .
စိတ်ပူတယ်ဆိုတာ ကိုယ့်စိတ်ကိုယ် ဒုက္ခပေးခြင်း တစ်မျိုးပါပဲ. . . စိတ်ပူတဲ့ ခံစားမှုဟာ ဘယ်သူ့ကြောင့်မှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး. . . ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ သောက တစ်မျိုးပါ. . .
လောကဇာတ်ခုံကြီးပေါ်မှာ ကံဇာတ်ဆရာ အလိုကျ လူတွေဟာ ကပြကြရတာဖြစ်ပါတယ်. . . .သူစေရာ သွားရမှာပါ. . . သူဖြစ်ချင်ရာ ဖြစ်ရမှာပါ. . . စိတ်ပူနေရုံနဲ့ ကိုယ့်အတွက် ဘာမှ မထူးလာပါဘူး . . . စိတ်ဆင်းရဲရတာပဲ ဖြစ်မှာပါ. . .
ဒါကြောင့်စိတ်ကို အေးအေးထားတတ်အောင် လေ့ကျင့်ကြရမယ်. . . အချိန်တန်ရင် ဖြစ်သင့်တာတော့ ဖြစ်လာမှာပါ ကြိုးစားရမှာ က မိမိတို့ရဲ့တာဝန်ပါ. . . အားပေးခြင်းသာ ကိုယ့်စေတနာဖြစ်ပါတယ်. . . .

စိတ်ပူခြင်းများကို အတတ်နိုင်ဆုံးလျှော့ချနိုင်ပါစေ. .
ဖြိုးသာရ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

သာလိကာ၏သင်္ကေတ

တစ်ရံရောအခါ ရွာတစ်ရွာတွင် ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာသော သူကြွယ်လင်မယားတို့ ရှိကြလေသည်. သူတို့တွင် သားသမီးမရှိသောကြောင့် သာလိကာ တစ်ကောင်ကိုမွေးမြူထားသည်. . သာလိကာသည် လူစကား နားလည်သည့်အပြင် ပါးနပ်လိမ္မာသည်. သူကြွယ်ကြီးဘုရားရှိခိုးလျှင် လိုက်လံရှိခိုးလေ့ရှိသည်. . . . အမျှဝေလျှင် လိုက်၍ အမျှဝေသည်..

သူကြွယ်ကြီး ဇနီးသည်. ရုပ်ရည်ရူပကာ တင့်တယ်လှပသည်နှင့်အမျှ အကျင့်မကောင်းပေ. အကျင့်မကောင်းပုံမှာ မျောက်မွေးခြင်းဖြစ်၏ ဒါကို သူကြွယ်ကမသိ . သာလိကာကသိ၏. . . ထိုအကြောင်းကို သာလိကာက သူကြွယ်ကြီးသို့ ဖွင့်ဟတိုင်တမ်းရန် စိတ်ကူးမိသည်.

"သူကြွယ်ရဲ့ဇနီးဖောက်ပြားတဲ့ အကြောင်းကို ငါပြောလိုက်လို့ သူကြွယ်ကြီးသိသွားရင် ချောင်းဖမ်းမယ် လက်ပူးလက်ကြပ်မိလို့ သူကြွယ်ကြီး နဲ့တပည့်တွေက ၀ိုင်းရိုက်ရင် ငမျောက်နာကျင်မယ်. .. ရုံးတင်တရားစွဲရင် ထောင်ကျမည့်အပြင် သူကြွယ်ရဲ့ဇနီးမှာလည်း မျောက်မွေးသူအဖြစ် ရပ်ရွာက ပြစ်တင်ရှုတ်ချတာကို ခံရတော့မယ်. . . သာယာတဲ့ အိမ်ထောင်ရေးလည်း ပျက်စီးမယ် . . . ဒါ့ကြောင့်ငါမပြောဘူး . . . ဟုတွေးခေါ် မြော်မြင်တတ် သောကြောင့် မြုံထားသည်. . . . သို့ရာတွင် မြုံထားရသည့်အတွက် သာလိကာ အနေခက်လှသည်. . . .

"တစ်ခက် တစ်ခက် " ခက်ကြောင်းကို ပါးစပ်ကထုတ်ပြီး အသံမြည်ရသော အခါသာလိကာမှာ သက်သာရာရ၏. . . သို့သော် သူကြွယ်ကြီးမှာ အခက်တွေ့ရပြီ. . . "သား သာလိကာ . . . တစ်ခက် တစ်ခက်နဲ့ မင်းအော်နေတာ ဘာအဓိပ္ပါယ်လဲ. . . စားသောက်မကောင်းလို့လား . . . ကြောင်တွေမြွေတွေလာလို့လား . . . အဖေ့ကိုပြောစမ်း အဖေပြုပြင် ဆောင်ရွက်ပေးမယ်. . . " လို့ပြောသတဲ့ သာလိကာနေသော လှောင်ချိုင့်ကိုလည်း စစ်ဆေး၏ ကျယ်ဝန်း၏ သို့ကြောင့် "တစ်ခက် တစ်ခက် " ဟု အော်မြည်ရန်အကြောင်းမရှိပေ. . .

သူကြွယ်ကြီးမှာ အမျိုး၂ စဉ်းစားသော်လည်း သာလိကာမှာ "တစ်ခက် တစ်ခက် " ဟု သူဖွင့်ပြောရခက်တိုင်း အော်မြဲအော်သည်. . . သူကြွယ်လည်း ဆေးဆရာများကိုပါ ပင့်ခေါ်ပြသတော့သည်. . . . ဆေးဆရာသည် သာလိကာကို ကြည့်ရှုစစ်ဆေးသည်. . . ဆေးဆရာက သာလိကာကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တစ်ထစ်ချ သိလေဟန် ပြော၏

"တစ်ခုခုတော့ တစ်ခုခုပဲဗျ "
သူကြွယ်ကြီး က "ဒါဆိုလည်း ဆရာရယ် စိမ်ပြေနပြေ လေ့လာ အကဲခတ်ရအောင် အိမ်ကို ယူသွားပါလား" ဟုဆိုကာ သာလိကာကို ဆေးဆရာနှင့်ထည့်ပေးလိုက်လေသည်. . . . ဆေးဆရာက သာလိကာ၏ လှောင်အိမ်ကို အမြင့်တွင်ချိတ်ဆွဲထားသည်. . . "ကဲ . သာလိကာရေ မင်းအိမ်မှာ အားနာစရာတွေ ထောက်ထားစရာတွေ ရှိနေလို့မပြောလည်း ငါ့အိမ်မှာ လွတ်လပ်စွာ ပြောနိုင်ပြီလေ " ဟုပြောသည်.

သာလိကာရောက်ရှိလာသော ဆေးဆရာအိမ်မှာ လူဝင်လူထွက်များသည်. . . ဆေးဝါးလာရောက် ကုသသူများသာမက ပညာသင်ယူသော တပည့်တွေလည်း အ၀င်အထွက်ရှိသည်. . . . ထိုသူများ အနက်မှ ထိပ်ကပ်နာလာရောက် ကုသနေသော သူမျာ ရုပ်ဖြောင့်သည်နှင့်အမျှ အကျင့်မကောင်းပေ. . . ဆရာ၏ဇနီးမှာလည်း ဣနြေ္ဒသိက္ခာအရာ၌ လျော့ရဲသူဖြစ်ရာ မကြာမီ ထိုသူနှင့် ဖောက်ပြားလေ၏. . .

ဆေးဆရာ၏ဇနီး လော်လည် ဖောက်ပြားသည်ကို သာလိကာမြင်ရသောအခါ များစွာစိတ်ဆင်းရဲ၏. . . . " ယောကျာ်းတွေမိန်းမတွေဟာ ဘာပြုလို့ ဖောက်ပြားကြရတာလဲ. . . မဖောက်ပြန်တဲ့ အိမ်မရှိတော့ဘူးလား. . . တယ်ခက်ပါလား. . . . " သာလိကာမှာ ဤသို့ဖြင့် အော်သံပြောင်းသွားလေ၏. . . . .
"နှစ်ခက်. . . နှစ်ခက်"

"ဟေ့ကောင် သာလိကာ၊ မင်းဟာက ဘာလဲကွ. . ဘယ်လိုအကြောင်းကြောင့် တစ်ခက်ကနေ နှစ်ခက်ဖြစ်သွားရတာလဲ. . . " သာလိကာကား မပြောပေ. . .
ထိုအခါမှာ ဆေးဆရာကား အခက်တွေ့နေပြီ တစ်ခက် တစ်ခက် ဟုအော်ရသည့် အကြောင်းအရင်း မပေါ်ထွက်လာမီ တစ်ခက်မှ နှစ်ခက်သို့ဖြစ်သွားပြီ. . . .

ကြာရင် သုံးခက်. . . .သုံးခက် နဲ့မအော်ဘူး မပြောနိုင်ဘူး. . .. သူကြွယ်ကြီးရေ ဒါကြောင့်နှစ်ခက်နဲ့ ပဲ ပြန်ပို့ပါတယ် ဟု ဆိုကာ ဆေးဝါးမကုနိုင်ပဲပြန်ပို့လေသည်. . . .

"နှစ်ခက် နှစ်ခက် "
သူကြွယ်အိမ်သို့ သာလိကာ ပြန်ရောက်ပြီး မကြာမီမှာပင် သူကြွယ်၏ ဇနီးသည် သယောက်လင်မြှောက်နှင့် ထွက်ပြေးသွားလေ၏ . . . ထိုအခါ သာလိကာ၏ အော်သံမှာလည်း ပြောင်းလဲသွား၏. . . .

"တစ်ခက် တစ်ခက် "
သူကြွယ်မှာ ထိုအခါမှ သာလိကာ၏ "တစ်ခက် နှစ်ခက် " ကို သဘောပေါက်ပြီး ဆေးဆရာထံပြေး၏

"သာလိကာရဲ့ အော်သံက ပညာပါတယ်ဗျို့. . . အိမ်ရှင်မကို သတိထားကြည့်စမ်းဗျို့"

" သူကြွယ်ကြီးရေ၊ ခင်ဗျားပြောတာ နောက်ကျသွားပြီ. . . ကျုပ်ဇနီးမရှိတော့ဘူး. . . "

သာလိကာသည် ပထမတွင် "တစ်ခက် တစ်ခက် " ဟု မြည်ခဲ့ပြီး "နှစ်ခက် နှစ်ခက် " ဟုပြောင်းလဲ အော်မြည်ခဲ့ရာ ယခုအခါတွင် "အနိစ္စ အနိစ္စ" ဟူ၍သာ အော်မြည်နေလေတော့သည်. . .

ခင်ယုမောင်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

မီးကျွမ်းသစ်ငုတ်

မီးကျွမ်းသစ်ငုတ်


သူငယ်ချင်း
မင်းသူ့ပေါ်မိုက်လည်း သူမမိုက်
အမိုက်တရား၊ သူရှောင်ရှား၏
သူကား သူ့ဘ၀၊ အလှအပနှင့်
ဝေငှကောင်းမှု၊ အစဉ်ပြု၏။

သူငယ်ချင်း
မင်းသူ့ကို တိုက်လည်း သူမတိုက်
စရိုက်ဖြူစင်၊ သူတော်စင်တို့
ကျင့်စဉ်တရား ၊စောင့်ထိန်းထား၏
အများမေတ္တာ၊ ခံယူပါ၏။

သူငယ်ချင်း
မင်းစိးပွားမှိုင်းတိုက် သူမလိုက်
သူလိုက်စားရာ၊ စာပညာတည့်
စာပေအနှစ်၊ စာအစစ်သည်
နှစ်ပေါင်းများစွာ၊ အဓွန့်ရှည်လာပါလိမ့်
စာနှင့်ရောင့်ရဲ၊ ပီတိမြဲ၏။

သူငယ်ချင်း
မင်းမှာဒေါသ၊ မီးတောက်ထဘိ
မင်းမှာမောဟ၊ မုန်တိုင်းထဘိ
မင်းမှာ လောဘ၊ ငလျင်ထဘိ
ဘ၀အမှားလမ်း၊ ဤသောင်ကမ်းတွင်
မီးကျွမ်းသစ်ငုတ်၊ ခိုးသားလုပ်၍
ငုတ်တုတ်လုပ်ရဲ အံ့ပေစွ။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

တစ်ဖက်သားကို အရမ်းအထင်သေးမထားပါနှင့်


အဲသည်တုန်းက ငွေတန်ဖိုးရှိလှသည်. . . .
သီးစုံအိုက်စကရင် တစ်ခွက်ပင် ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ. . .
၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဟော်တယ်ကော်ဖီခန်းထဲဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်. . . စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲ စောင့်ဆိုင်းနေသည်. . .

ကောင်လေးက. . "သီးစုံ အိုက်စကရင် တစ်ခွက်ဘယ်လောက်လည်း ခင်ဗျာ. . ."

"ဆင့်ငါးဆယ.်" ပါ ဟု စားပွဲထိုးကဖြေသည်. . .

ကောင်လေးက သူ့အိတ်ထဲမှာ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်. .
ပြီးတော့ "အိုက်စကရင် ရိုးရိုး တစ်ခွက် ဆိုရင်ကောဗျာ . . . . "ဟုမေးသည်. .

ထိုင်စရာမရသေးသည့် ဧည့်သည်တချို့လည်း ရှိနေတော့ စားပွဲထိုး အမျိုးသမီးသိပ်စိတ်မရှည်ချင်. .
"သုံးဆယ့်ငါးဆင့်. . . " ဟု တိုတိုပြတ်ပြတ် ဖြေသည်. . .

ကောင်လေးက သူ့ပိုက်ဆံပြားတွေ ရေတွက်ပြန်သည်. .. ထို့နောက် " အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါခင်ဗျာ. . . . " ဟု ဆိုသည်. . .

အမျိုးသမီးသည် အိုက်စကရင်ယူလာသည်. . ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စားပွဲပေါ်တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်. . .

ကောင်လေး အိုက်စကရင် ကိုစားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်. . ပြီးထွက်ခွာသွားသည်. . .
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီပြန်လာပြီး ခုံကိုသုတ်လိုက်သည့်အခါ မြင်လိုက်ရသော အရာကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်.

ကောင်လေး စားသွားသည့် အိုက်စကရင်ခွက်နံဘေးတွင် ငါးဆင့်စေ့နှစ်စေ့နှင့် တစ်ဆင့်စေ့ငါးစေံ ညီညီညာညာလေး ပုံ ၍ထားသည်. . .

သူမအတွက် တစ်(ပ)(စ်) ပေးထားခဲ့ခြင်းပင်. . ....

ဖေမြင့်
(The Best of Bits & Piecces မှ Two Nickels and Five Pennies)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။