ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
  • ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
  • Scriptures and mantras not recited get lost.
  • Wealth, without being industrious may diminished and perish.

  • အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
  • တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
  • Laziness is a taint to good appearance.
  • Forgetfulness is a taint to the ascetic.
  • လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
  • လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
  • The property of the non-industrious will inevitably get into the hands of the in dustrious.
  • The lazy and stupid usually say that previous fate alone is enough to rely on without making any effort.
  • လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
  • ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။

  • The good and diligent put their energies into what ever they do.
  • If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.
အားလုံးကိုချစ်ခင်လေးစားလျှက်...





ဝါခေါင်လဖွဲ့

ဝါခေါင်လဖွဲ့

မျှော်ရောင်သာပန်းတော့တယ်၊

သောင်ကမ်းငယ်ပြည့်လျှံ၊ နဒီငယ်ခြံသည်၊

ပြည်မင်းစံရွှေဘုံက၊

အကုန်ထူးတဲ့လ ကိုလေး။

ရာသီသိဟ်ငယ်၊ နေမိန္ဒရ

ဝါခေါင်လမို့၊ တောင်များထွတ်စွန်၊

သရ၀ဏ်လဲ၊ ရောင်ဝှန်တေဇာ၊

ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊

တိုင်းပြည်သူတို့၊ လှူစာရေးတံ၊

သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကို၊

ဒေ၀ရိန်ပဇ္ဖုန်မှူးငယ်က၊ မြူးလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

ဝါခေါင်လ

ဝါခေါင်လသည် မြန်မာများ၏ ငါးလမြောက်ဖြစ်ပြီး မိုးဥတုတွင်ပါဝင်ကာ ဇူလိုင်၊ သြဂုတ်လ၌ ကျရောက်သည်။ မိုးများစွာ ရွာသွန်းသော လဖြစ်၍ မြစ်ရေ၊ ချောင်းရေတို့ တိုးကာ ကမ်းလုံးပြည့် လျှံတက်လေ့ရှိသည်။ ထို့ကြောင့် "၀ါဆိုဝါခေါင်ရေဖောင်ဖောင်" ဟု ပညာရှင်များက စာဖွဲ့ကြသည်။
အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ထိုစဉ် အခါဝယ် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တာရယ် ဖြစ်ပေါ်ခဲ့သည်။ ဆွမ်းအလှူရှင်များသည် တစ်ကျောင်းလုံးရှိ သံဃာတော်များကို လှူဒါန်းရန် အခက်အခဲရှိနေ၍ မြတ်စွာဘုရားအား လျှောက်ထားကြရာ ဘုရားရှင်က စာရေးတံမဲချ၍ လှူဒါန်းစေခဲ့ရာမှ စာရေးတံမဲပွဲတော် စတင်ပေါ်ပေါက်ခဲ့သည်။
ရှေးမြန်မာများက ၀ါခေါင်လတွင် သံဃာတော်များ စုဝေးတည်ရှိ ၀ါကပ်နေချိန် ဆွမ်းကိစ္စ လွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် စာရေးတံမဲပွဲတော်ကို ၀ါခေါင်လတွင် ကျင်းပခဲ့ဟန်တူပေသည်။ ထို့ကြောင့် စာရေးတံမဲပွဲသည် ၀ါခေါင်လ၏ ရာသီပွဲတော်ဖြစ်လာခဲ့သည်။

Wagaung

It is the fifth Myanmar month. It is in July-August, the rainy season, when rivers are in spate.
In the time of Buddha, when the Lord was staying at Weluwun Monastery in Yazagyo, some disciples supplicated to him the matter of individual disciples having some difficulty to donate meals and alms for all the Sangha at the monastery at the same time, whereuponBuddha laid down a way of disciples drawing lots to determine which monk to offer meals and alms.
Thus began the practice at the time of the year to hold lot-drawing offerings of meals and alms to the Sangha, although the exact time for such offerings is not definitely prescribed.


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်
ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း

ဆရာကြီး ဦးထွန်းလှ

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

စိတ်ပူပန်မှု


လူတိုင်း စိတ်ထဲမှာ ပူပန်ကြောင့်ကျဖြစ်ရတဲ့အခါ နေမထိထိုင်မသာ ဖြစ်တတ်ကြပါတယ်.. . စိုးရိမ်စိတ်ကြီးမားသူတွေရဲ့ စိတ်ဟာ အမြဲပူပင်နေတတ်ကြတယ် . . . စိတ်ပူပင်တယ်ဆိုတာ သံယောဇဉ်ရဲ့ အပိုင်းအစတစ်ခုလည်း ဖြစ်ပါတယ်. . . .
စိတ်ပူတယ်ဆိုတာ စိုးရွံ့ခြင်းတစ်မျိုးလည်းဖြစ်ပေသည်. . . . ငါဒီအလုပ်လုပ်လို့ အောင်မြင်နိုင်ပါ့မလား ဆိုတဲ့ သံသယစိတ်၊ ဒွိဟစိတ်နဲ့ စိုးရိမ်ပူပန်နေမယ့်အစား ဖြစ်အောင်လုပ်မယ်ဆိုသည့် ဇွဲစိတ်ကို မွေးကြရမည်ဖြစ်ပါတယ်. . . ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း နှလုံးသွင်းရမှာဖြစ်ပါတယ်. . .
စိတ်ထဲမှာ သံယောဇဉ်ရဲ့ အင်အားတွေ ကြီးမားနေတဲ့အခါမှာလည်း စိတ်ပူပန်တတ်ကြပြန်တယ်. . . သူတစ်ပါးအတွက် ကိုယ့်မှာ ပူပင်နေရတာမျိုးပေါ့ . . . . တစ်ကယ်တော့ ပူပင်စိတ်ဆိုတာ ဘယ်လိုမှ မအေးမြနိုင်ပါဘူး. . . . . စိတ်ပူနေရမှတော့ စိတ်ချမ်းမြေ့နိုင်မှုမရှိနိုင်တော့ပါဘူး. . .
စိတ်ပူတယ်ဆိုတာ ကိုယ့်စိတ်ကိုယ် ဒုက္ခပေးခြင်း တစ်မျိုးပါပဲ. . . စိတ်ပူတဲ့ ခံစားမှုဟာ ဘယ်သူ့ကြောင့်မှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး. . . ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ သောက တစ်မျိုးပါ. . .
လောကဇာတ်ခုံကြီးပေါ်မှာ ကံဇာတ်ဆရာ အလိုကျ လူတွေဟာ ကပြကြရတာဖြစ်ပါတယ်. . . .သူစေရာ သွားရမှာပါ. . . သူဖြစ်ချင်ရာ ဖြစ်ရမှာပါ. . . စိတ်ပူနေရုံနဲ့ ကိုယ့်အတွက် ဘာမှ မထူးလာပါဘူး . . . စိတ်ဆင်းရဲရတာပဲ ဖြစ်မှာပါ. . .
ဒါကြောင့်စိတ်ကို အေးအေးထားတတ်အောင် လေ့ကျင့်ကြရမယ်. . . အချိန်တန်ရင် ဖြစ်သင့်တာတော့ ဖြစ်လာမှာပါ ကြိုးစားရမှာ က မိမိတို့ရဲ့တာဝန်ပါ. . . အားပေးခြင်းသာ ကိုယ့်စေတနာဖြစ်ပါတယ်. . . .

စိတ်ပူခြင်းများကို အတတ်နိုင်ဆုံးလျှော့ချနိုင်ပါစေ. .
ဖြိုးသာရ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

သာလိကာ၏သင်္ကေတ

တစ်ရံရောအခါ ရွာတစ်ရွာတွင် ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာသော သူကြွယ်လင်မယားတို့ ရှိကြလေသည်. သူတို့တွင် သားသမီးမရှိသောကြောင့် သာလိကာ တစ်ကောင်ကိုမွေးမြူထားသည်. . သာလိကာသည် လူစကား နားလည်သည့်အပြင် ပါးနပ်လိမ္မာသည်. သူကြွယ်ကြီးဘုရားရှိခိုးလျှင် လိုက်လံရှိခိုးလေ့ရှိသည်. . . . အမျှဝေလျှင် လိုက်၍ အမျှဝေသည်..

သူကြွယ်ကြီး ဇနီးသည်. ရုပ်ရည်ရူပကာ တင့်တယ်လှပသည်နှင့်အမျှ အကျင့်မကောင်းပေ. အကျင့်မကောင်းပုံမှာ မျောက်မွေးခြင်းဖြစ်၏ ဒါကို သူကြွယ်ကမသိ . သာလိကာကသိ၏. . . ထိုအကြောင်းကို သာလိကာက သူကြွယ်ကြီးသို့ ဖွင့်ဟတိုင်တမ်းရန် စိတ်ကူးမိသည်.

"သူကြွယ်ရဲ့ဇနီးဖောက်ပြားတဲ့ အကြောင်းကို ငါပြောလိုက်လို့ သူကြွယ်ကြီးသိသွားရင် ချောင်းဖမ်းမယ် လက်ပူးလက်ကြပ်မိလို့ သူကြွယ်ကြီး နဲ့တပည့်တွေက ၀ိုင်းရိုက်ရင် ငမျောက်နာကျင်မယ်. .. ရုံးတင်တရားစွဲရင် ထောင်ကျမည့်အပြင် သူကြွယ်ရဲ့ဇနီးမှာလည်း မျောက်မွေးသူအဖြစ် ရပ်ရွာက ပြစ်တင်ရှုတ်ချတာကို ခံရတော့မယ်. . . သာယာတဲ့ အိမ်ထောင်ရေးလည်း ပျက်စီးမယ် . . . ဒါ့ကြောင့်ငါမပြောဘူး . . . ဟုတွေးခေါ် မြော်မြင်တတ် သောကြောင့် မြုံထားသည်. . . . သို့ရာတွင် မြုံထားရသည့်အတွက် သာလိကာ အနေခက်လှသည်. . . .

"တစ်ခက် တစ်ခက် " ခက်ကြောင်းကို ပါးစပ်ကထုတ်ပြီး အသံမြည်ရသော အခါသာလိကာမှာ သက်သာရာရ၏. . . သို့သော် သူကြွယ်ကြီးမှာ အခက်တွေ့ရပြီ. . . "သား သာလိကာ . . . တစ်ခက် တစ်ခက်နဲ့ မင်းအော်နေတာ ဘာအဓိပ္ပါယ်လဲ. . . စားသောက်မကောင်းလို့လား . . . ကြောင်တွေမြွေတွေလာလို့လား . . . အဖေ့ကိုပြောစမ်း အဖေပြုပြင် ဆောင်ရွက်ပေးမယ်. . . " လို့ပြောသတဲ့ သာလိကာနေသော လှောင်ချိုင့်ကိုလည်း စစ်ဆေး၏ ကျယ်ဝန်း၏ သို့ကြောင့် "တစ်ခက် တစ်ခက် " ဟု အော်မြည်ရန်အကြောင်းမရှိပေ. . .

သူကြွယ်ကြီးမှာ အမျိုး၂ စဉ်းစားသော်လည်း သာလိကာမှာ "တစ်ခက် တစ်ခက် " ဟု သူဖွင့်ပြောရခက်တိုင်း အော်မြဲအော်သည်. . . သူကြွယ်လည်း ဆေးဆရာများကိုပါ ပင့်ခေါ်ပြသတော့သည်. . . . ဆေးဆရာသည် သာလိကာကို ကြည့်ရှုစစ်ဆေးသည်. . . ဆေးဆရာက သာလိကာကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ရာကို တစ်ထစ်ချ သိလေဟန် ပြော၏

"တစ်ခုခုတော့ တစ်ခုခုပဲဗျ "
သူကြွယ်ကြီး က "ဒါဆိုလည်း ဆရာရယ် စိမ်ပြေနပြေ လေ့လာ အကဲခတ်ရအောင် အိမ်ကို ယူသွားပါလား" ဟုဆိုကာ သာလိကာကို ဆေးဆရာနှင့်ထည့်ပေးလိုက်လေသည်. . . . ဆေးဆရာက သာလိကာ၏ လှောင်အိမ်ကို အမြင့်တွင်ချိတ်ဆွဲထားသည်. . . "ကဲ . သာလိကာရေ မင်းအိမ်မှာ အားနာစရာတွေ ထောက်ထားစရာတွေ ရှိနေလို့မပြောလည်း ငါ့အိမ်မှာ လွတ်လပ်စွာ ပြောနိုင်ပြီလေ " ဟုပြောသည်.

သာလိကာရောက်ရှိလာသော ဆေးဆရာအိမ်မှာ လူဝင်လူထွက်များသည်. . . ဆေးဝါးလာရောက် ကုသသူများသာမက ပညာသင်ယူသော တပည့်တွေလည်း အ၀င်အထွက်ရှိသည်. . . . ထိုသူများ အနက်မှ ထိပ်ကပ်နာလာရောက် ကုသနေသော သူမျာ ရုပ်ဖြောင့်သည်နှင့်အမျှ အကျင့်မကောင်းပေ. . . ဆရာ၏ဇနီးမှာလည်း ဣနြေ္ဒသိက္ခာအရာ၌ လျော့ရဲသူဖြစ်ရာ မကြာမီ ထိုသူနှင့် ဖောက်ပြားလေ၏. . .

ဆေးဆရာ၏ဇနီး လော်လည် ဖောက်ပြားသည်ကို သာလိကာမြင်ရသောအခါ များစွာစိတ်ဆင်းရဲ၏. . . . " ယောကျာ်းတွေမိန်းမတွေဟာ ဘာပြုလို့ ဖောက်ပြားကြရတာလဲ. . . မဖောက်ပြန်တဲ့ အိမ်မရှိတော့ဘူးလား. . . တယ်ခက်ပါလား. . . . " သာလိကာမှာ ဤသို့ဖြင့် အော်သံပြောင်းသွားလေ၏. . . . .
"နှစ်ခက်. . . နှစ်ခက်"

"ဟေ့ကောင် သာလိကာ၊ မင်းဟာက ဘာလဲကွ. . ဘယ်လိုအကြောင်းကြောင့် တစ်ခက်ကနေ နှစ်ခက်ဖြစ်သွားရတာလဲ. . . " သာလိကာကား မပြောပေ. . .
ထိုအခါမှာ ဆေးဆရာကား အခက်တွေ့နေပြီ တစ်ခက် တစ်ခက် ဟုအော်ရသည့် အကြောင်းအရင်း မပေါ်ထွက်လာမီ တစ်ခက်မှ နှစ်ခက်သို့ဖြစ်သွားပြီ. . . .

ကြာရင် သုံးခက်. . . .သုံးခက် နဲ့မအော်ဘူး မပြောနိုင်ဘူး. . .. သူကြွယ်ကြီးရေ ဒါကြောင့်နှစ်ခက်နဲ့ ပဲ ပြန်ပို့ပါတယ် ဟု ဆိုကာ ဆေးဝါးမကုနိုင်ပဲပြန်ပို့လေသည်. . . .

"နှစ်ခက် နှစ်ခက် "
သူကြွယ်အိမ်သို့ သာလိကာ ပြန်ရောက်ပြီး မကြာမီမှာပင် သူကြွယ်၏ ဇနီးသည် သယောက်လင်မြှောက်နှင့် ထွက်ပြေးသွားလေ၏ . . . ထိုအခါ သာလိကာ၏ အော်သံမှာလည်း ပြောင်းလဲသွား၏. . . .

"တစ်ခက် တစ်ခက် "
သူကြွယ်မှာ ထိုအခါမှ သာလိကာ၏ "တစ်ခက် နှစ်ခက် " ကို သဘောပေါက်ပြီး ဆေးဆရာထံပြေး၏

"သာလိကာရဲ့ အော်သံက ပညာပါတယ်ဗျို့. . . အိမ်ရှင်မကို သတိထားကြည့်စမ်းဗျို့"

" သူကြွယ်ကြီးရေ၊ ခင်ဗျားပြောတာ နောက်ကျသွားပြီ. . . ကျုပ်ဇနီးမရှိတော့ဘူး. . . "

သာလိကာသည် ပထမတွင် "တစ်ခက် တစ်ခက် " ဟု မြည်ခဲ့ပြီး "နှစ်ခက် နှစ်ခက် " ဟုပြောင်းလဲ အော်မြည်ခဲ့ရာ ယခုအခါတွင် "အနိစ္စ အနိစ္စ" ဟူ၍သာ အော်မြည်နေလေတော့သည်. . .

ခင်ယုမောင်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

မီးကျွမ်းသစ်ငုတ်

မီးကျွမ်းသစ်ငုတ်


သူငယ်ချင်း
မင်းသူ့ပေါ်မိုက်လည်း သူမမိုက်
အမိုက်တရား၊ သူရှောင်ရှား၏
သူကား သူ့ဘ၀၊ အလှအပနှင့်
ဝေငှကောင်းမှု၊ အစဉ်ပြု၏။

သူငယ်ချင်း
မင်းသူ့ကို တိုက်လည်း သူမတိုက်
စရိုက်ဖြူစင်၊ သူတော်စင်တို့
ကျင့်စဉ်တရား ၊စောင့်ထိန်းထား၏
အများမေတ္တာ၊ ခံယူပါ၏။

သူငယ်ချင်း
မင်းစိးပွားမှိုင်းတိုက် သူမလိုက်
သူလိုက်စားရာ၊ စာပညာတည့်
စာပေအနှစ်၊ စာအစစ်သည်
နှစ်ပေါင်းများစွာ၊ အဓွန့်ရှည်လာပါလိမ့်
စာနှင့်ရောင့်ရဲ၊ ပီတိမြဲ၏။

သူငယ်ချင်း
မင်းမှာဒေါသ၊ မီးတောက်ထဘိ
မင်းမှာမောဟ၊ မုန်တိုင်းထဘိ
မင်းမှာ လောဘ၊ ငလျင်ထဘိ
ဘ၀အမှားလမ်း၊ ဤသောင်ကမ်းတွင်
မီးကျွမ်းသစ်ငုတ်၊ ခိုးသားလုပ်၍
ငုတ်တုတ်လုပ်ရဲ အံ့ပေစွ။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

တစ်ဖက်သားကို အရမ်းအထင်သေးမထားပါနှင့်


အဲသည်တုန်းက ငွေတန်ဖိုးရှိလှသည်. . . .
သီးစုံအိုက်စကရင် တစ်ခွက်ပင် ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ. . .
၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဟော်တယ်ကော်ဖီခန်းထဲဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်. . . စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲ စောင့်ဆိုင်းနေသည်. . .

ကောင်လေးက. . "သီးစုံ အိုက်စကရင် တစ်ခွက်ဘယ်လောက်လည်း ခင်ဗျာ. . ."

"ဆင့်ငါးဆယ.်" ပါ ဟု စားပွဲထိုးကဖြေသည်. . .

ကောင်လေးက သူ့အိတ်ထဲမှာ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်. .
ပြီးတော့ "အိုက်စကရင် ရိုးရိုး တစ်ခွက် ဆိုရင်ကောဗျာ . . . . "ဟုမေးသည်. .

ထိုင်စရာမရသေးသည့် ဧည့်သည်တချို့လည်း ရှိနေတော့ စားပွဲထိုး အမျိုးသမီးသိပ်စိတ်မရှည်ချင်. .
"သုံးဆယ့်ငါးဆင့်. . . " ဟု တိုတိုပြတ်ပြတ် ဖြေသည်. . .

ကောင်လေးက သူ့ပိုက်ဆံပြားတွေ ရေတွက်ပြန်သည်. .. ထို့နောက် " အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါခင်ဗျာ. . . . " ဟု ဆိုသည်. . .

အမျိုးသမီးသည် အိုက်စကရင်ယူလာသည်. . ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စားပွဲပေါ်တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်. . .

ကောင်လေး အိုက်စကရင် ကိုစားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်. . ပြီးထွက်ခွာသွားသည်. . .
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီပြန်လာပြီး ခုံကိုသုတ်လိုက်သည့်အခါ မြင်လိုက်ရသော အရာကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်.

ကောင်လေး စားသွားသည့် အိုက်စကရင်ခွက်နံဘေးတွင် ငါးဆင့်စေ့နှစ်စေ့နှင့် တစ်ဆင့်စေ့ငါးစေံ ညီညီညာညာလေး ပုံ ၍ထားသည်. . .

သူမအတွက် တစ်(ပ)(စ်) ပေးထားခဲ့ခြင်းပင်. . ....

ဖေမြင့်
(The Best of Bits & Piecces မှ Two Nickels and Five Pennies)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ယုံမိတဲ့အမှား

ဝံပုလွေတစ်ကောင်ဟာ သိုးအုပ်နောက်က လိုက်နေတာပေါ့. . . ဒါပေမယ့် သိုးတွေကို အန္တာရယ် မပြုဘူးတဲ့ . .

ပထမတော့ သိုးထိန်းဟာ သူဟာသိုးတွေကို ရန်ပြုမယ့်ကောင်လားလို့ စိုးရိမ် သတိထားနေရတယ်. . .

ဝံပုလွေက သိုးတွေနောက်က အမြဲလိုက်နေတယ်. . သူတို့ကိုလည်း အန္တာရယ် နည်းနည်းမှ မပြုဘူး ဒါကြောင့် ကြာလာတော့ သိုးထိန်းက ၀ံပုလွေကို ယုံစားသွားတယ်. .

"ဒီဝံပုလွေဟာ သိုးတွေကို ကိုက်မစားဘူး . . . င့ါသိုးတွေကို သူ ကူညီထိန်းကျောင်းပေးနေတာပဲ. . . ."
ဒီလိုနဲ့သိုးထိန်းဟာ မြို့ကို သွားရမယ့် ကိစ္စတစ်ခု ပေါ်လာပါရော . . . . သိုးထိန်းဟာ ၀ံပုလွေကို သိုးတွေနဲ့ စိတ်ချလက်ချ အပ်ခဲ့တာပေါ့ . . .

ဝံပုလွေဟာ သူ့အခွင့်အရေးကို လက်လွတ်မခံပါဘူး . . . သူ့လက်ချက်ကြောင့် သိုးတွေအတော်များများ သေဆုံးကုန်တယ် . . . သူကစားပစ်တာကိုး . . . သိုးထိန်းပြန်ရောက်လာတဲ့အခါမှ သိုးတွေ ဆုံးရှူံးကုန်တာကို တွေ့ပြီး နောင်တရသွားရှာတယ်. . .

"သိုးအုပ်ကို ထိန်းကျောင်းဖို့ ၀ံပုလွေအပေါ် ယုံစားမိခဲ့တာ ငါ ကိုယ်ကျိုးနည်းပါရောလား. . . "တဲ့

(လူတွေလည်း ဒီလိုအဖြစ်မျိုး ကြုံရတတ်တယ်ကွယ့်. . ကိုယ့်ရဲ့ အဖိုးတန် ဥစ္စာတွေကို အလွဲသုံးစားပြုသူထံမှာ ပုံအပ်မိလို့ အလိမ်အညာခံပြီး ဆုံးရှူံးကြရတယ်. . . အကြံသမားဟာ ယုံကြည်အောင်လုပ်စမြဲပဲ)

အီစွတ်ပုံပြင်များ

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

သာဓု. . . . .

အရင်က တောရွာတစ်ရွာရဲ့အနီးမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိသတဲ့..... ဆရာတော်ကြီးဆွမ်းခံကြွတဲ့အခါမှာ ရွာနဲ့ အတော်လေးလှမ်းသတဲ့. . . ဒါကြောင်း ဆရာတော်ကြီးကို အလွန်ကြည်ညိုသူ ဒကာတစ်ဦး က ဆရာတော်ကြီးကြွလာချိန်မှာ အမောပြေ၊ အဆာပြေ ဘုဉ်းပေးဖို့ ရေနွေးကြမ်းနဲ့ ခဲဖွယ်တစ်ခုခုကို အမြဲစီစဉ်ထားပြီး သူ့အိမ်မှာ တစ်အောင့်တစ်ခဏနားနေ ဘုဉ်းပေးဖို့ အမြဲ ပင့်လျှောက်ပါသတဲ့. . . နေ့စဉ်နေ့တိုင်း ထိုင်အိမ်သဘောမျိုးနဲ့ ဆရာဒကာ ရင်းရင်းနှီးနှီးဖြစ်လာတော့ တရားအကြောင်းလေးတွေကစပြီး အာလာပတလ္လာပလေးတွေ လည်းအထိုက်အလျောက် ပြောဖြစ်တာပေါ့...
မိုးဦးကျချိန် တစ်နေ့မှာတော့ အဲဒီဒကာကြီးရဲ့ တောင်သူလုပ်ငန်းသုံးခိုင်းနွားကြီး တစ်ဖက် ပိုးထိပြီးသေဆုံးသွား ပါသတဲ့ . . . . ထွန်ယက်စိုက်ပျိုးဖို့ အရေးကြီးဆုံးအချိန်မှာကြုံတာဆိုတော့ ဒကာကြီးလည်း ၀မ်းနည်းပက်လက် ဖြစ်ပြီး နောက်နေ့ဆရာတော်ကြီး ဆွမ်းခံကြွလာတဲ့အခါ ထုံးစံအတိုင်း ခဲဖွယ် သောက်ဖွယ်များ ဆပ်ကပ်ပြီးတဲ့အခါမှာ သူ့ရဲ့ သောကပြေရာပြေကြောင်းအဖြစ်ဆရာတော်ကြီးကို လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက ထွေ၂ထူး၂ မပြောပဲ "သာဓုဗျာ၊ သာဓု၊ သာဓု" လို့ သုံးကြိမ်ခေါ်ပြီး ထပြန်ကြွသွားပါလေရောတဲ့. . . . . .
ဒကာကြီးကတော့ ဖြေသိမ့်စရာ တရားလေးများ ကြားရလေမလားလို့ အောက်မေ့ပြီး ဖြစ်ကြောင်းစုံ လျှောက်ထား ကာမှ ဘာတရားမှ မဟောပဲ သာဓုသုံးကြိမ်ခေါ်သွားတာကို အတော်လေး မကျေမနပ်ဖြစ်သွားပါသတဲ့ . . . . "သာဓုဆိုတာ ကောင်းတယ်လို့ပြောတာပဲ ဒီဘုန်းကြီး ငါ့နွားကြီးသေတာကို ကောင်းတယ်ပြောရသလား" ဆိုပြီးတော့ပေါ့လေ. . .
ဒါပေမယ့် ထုံးစံအတိုင်း သူ့ဝတ်မပျက် ဆရာတော်ကြီးကိုတော့ ဆက်ကပ်နေပါသတဲ့. . . . ဒီလိုနဲ့ မကြာလိုက်ခင် မှာပဲ အဲဒီဒကာကြီးရဲ့မြေး သစ်ပင်ပေါ်က လိမ့်ကျပြီး ပေါင်တစ်ဖက် ကျိုးသွားပြန်ပါရော. . .
နောက်နေ့ရောက်တော့ ဆရာတော်ကြီးကို မြေးလေး အကြောင်းဝမ်းနည်းပက်လက် လျှောက်ထားပြန်တဲ့အခါ ဆရာတော်ကြီးက ထုံးစံအတိုင်း သာဓုသုံးကြိမ်ခေါ်ပြီး ထပြန်သွားသတဲ့. . . .
ဒီတစ်ခါတော့ ဒကာကြီးက အတော်လေး မကျေမနပ် ဖြစ်သွားတယ် "ဒီဘုန်းကြီး ငါကတော့ ကြည်ညိုအားကိုးလွန်းလို့ နေ့စဉ်မပြတ် ခဲဖွယ် ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းခဲ့ရတာ ငါ့မှာ သောကနဲ့ ကြုံတော့ နွားသေတာကိုလည်း သာဓု ၊ မြေးပေါင်ကြိုးတာကိုလည်း သာဓုခေါ်နဲ့ . . . . ကဲဒီလောက်တောင် ရှိလှတာ သူ့မှာ ဒီလိုကြုံလာတော့ သာဓုခေါ်နိုင်အုံးမလား . . . "ဆိုပြီး ဆရာတော် ဆွမ်းခံကြွတဲ့ အခါ တောစပ်ကနေ ချောင်းရိုက်မှပဲလို့ ဒေါသအလျောက် စဉ်းစားပြီး နောက်နေ့ဆရာတော်ကြီး ဆွမ်းခံလာချိန်ရောက်တော့ တောစပ်က ချုံကွယ်မှာ ၀ါးရင်းတုတ်တစ်ချောင်းကိုင်ပြီး ပုန်းကွယ်နေသတဲ့. .
ဆရာတော်ကြီး ဆွမ်းခံကြွလာလို့ ဒကာကြီးပုန်းနေတဲ့ချုံနားရောက်တဲ့အခါ ဒကာကြီးက နေရာပြင်လိုက်တော့ ချွတ်ချွတ် အသံကြားလို့လှည့်ကြည့်လိုက်တော့ ကျောက်ခဲတစ်လုံးနဲ့ ခလုတ်တိုက်မိပြီး ဆရာတော်ရဲ့ မြေသပိတ်ကြီးက လွတ်ကျပြီးကွဲသွားသတဲ့. . . အဲဒီအခါကျတော့လည်း ဆရာတော်ကြီးက သပိတ်ကွဲတွေကို ကြည့်ပြီး "သာဓုဗျာ၊ သာဓု "လို့ သုံးကြိမ်ခေါ်ပြန်သတဲ့. . .
အဲဒီတော့ ဒကာကြီးစိတ်ထဲမှာ " ဒီဘုန်းကြီးက သူ့သပိတ်ကြီး ကွဲသွားတော့လည်း သာဓုခေါ်တာပဲ၊ ဒီသာဓုဟာ "တစ်ခုခုထူးလို့ဖြစ်မယ် . ငါပြစ်မှားလို့ မတော်သေးဘူး . . . အကြောင်းစုံသိရအောင်လျှောက်ထားကြည့်ဦးမှ ဆိုပြီး စိတ်ပြောင်းသွားတယ် . . . ပြီးတော့မှာ လက်ထဲက တုတ်ကိုချ ပြီး ဆရာတော်ကြီးနားကို သွားပြီး "ဆရာတော် . . . . ဆရာတော်ဟာ ဘာမဆို သာဓုချည်း ခေါ်နေတာပဲ၊ ဆရာတော့်သာဓုက ဘာအဓိပ္ပါယ် လဲဆိုတာ ရှင်းပြပါဦးလို့ "လျှောက်ထားသတဲ့. . .
ဆရာတော်ကြီးက . . . "ဟဲ့ဒကာရဲ့ သာဓုပါဆိုမှ ကောင်းတယ်လို့ ဆိုတာပေါ့လို့ "မိန့်ကြားလိုက်တယ်. .
ဒကာကြီးက တယ်ပြီးဘ၀င်မကျလှပဲ အရှင်ဘုရား တပည့်တော်ကြီး နွားကြီးတစ်ကောင် တောင်သူလုပ်ငန်း ချိန်မှာ သေသွားတာများ ဘာကောင်းလို့လည်း ဘုရားဆိုတော့ "ဟဲ့ဒကာရဲ့ မင်းရဲ့ အတိတ်အကုသိုလ်ကံ အကျိုးပေးချိန် ရောက်လာလို့ ဒီအချိန်မှာ မင်းအိမ်က ခြေလေးချောင်း ထွက်ကိန်းဆိုက်လာတာကွဲ့ အဲဒါနွားကြီးသေလို့ ကျိန်းကျေသွားတာပေါ့ . . .နွားမသေဘဲ လူသာသေမယ်ဆိုရင် နှစ်ယောက်တောင် ပျက်စီးကိန်းကြုံမှာကွယ့်လို့" ရှင်းပြလိုက်တော့ ဒီလိုဆိုတော့လည်း "နွားသေသွားတာက ကောင်းတောင်း တောင်းပေါ့ ဘုရားလို့ "၀န်ခံသတဲ့. . .
"ဒါဖြင့်မြေးကလေး ခြေထောက်ကျိုးရတာကောဘုရား" ဆိုတော့ "အေး. . . မင်းမြေးခြေထောက်ကျိုးလို့ပေါ့ မင်းမြေးကငယ်သေးတော့ "ငယ်ကျိုးပိုသန်တယ်" လို့ ဆိုသလို မြန်မြန်ပြန်ကောင်းနိုင်သလို မင်းကလည်း သူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်တာပေါ့ မင်းမြေးမကျိုးပဲ မင်းသာကျိုးမယ်ဆိုရင် လူကြီးဆိုတော့ ပျောက်ခဲ့မယ်. . မြေးကလေးကလည်း မင်းကို ဘယ်လိုလုပ်စောင့်ရှောက်နိုင်ပါ့မလည်း ဒါကြောင့် သာဓု ခေါ်ရတာကွယ့်လို့" ဆိုတော့ "ဒီလိုဆိုတော့လည်း အရှင်ဘုရားရဲ့သာဓုက နေရာကျသားပဲ ခေါ်သင့်ပါတယ် ဘုရား. . . "တဲ့..
"ဒါဖြင့် အရှင်ဘုရား သပိတ်ကြီးကျကွဲတာကိုကြည့်ပြီး သာဓုခေါ်တာကျတော့ကော ဘယ်လိုအဓိပ္ပါယ်လဲ ဘုရား. . . . "ဆိုတော့ ဆရာတော်ကြီးက ဒကာကြီးကို ပြုံးပြုံးကြီး ကြည့်ရင်း "အေး . . . ငါ့သပိတ်ကွဲပေလို့ပေါ့ မကွဲရင် ငါ့ခေါင်းကွဲရောပေါ့လို့ဖြေလိုက်ရော. . ." ဒကာကြီး မြေကြီးပေါ်ကို ဒူးတုပ်လိုက်ပြီး "တပည့်တော်မလိမ္မာလို့ တစ်ခါမိုက်မိတာကို ခွင့်လွှတ်တော်မူပါဘုရားလို့ . . . "တောင်းပန်လိုက်တော့သတဲ့. . . .
ဒါကြောင့် ပုထုဇဉ်တို့ရဲ့ အတိတ်ကံစာရင်းကတော့ ကမ္မဘဏ်တိုက်မှာ သာရှိပြီး ဘယ်သူမှ ပြန်ကြည့်နိုင် စွမ်းမရှိကြလေတော့ ပုထုဇဉ်တို့ရဲ့ သံသရာ ခရီးလမ်းမှာ ဘယ်လိုကံကြွေးတွေရှိတယ်ဆိုတာကို မသိနိုင်ပါဘူး . . ပေးဆပ်လိုက်ရတဲ့ အခါမှသာ "ဒီလိုအကြွေးတွေရှိခဲ့သကိုး" လို့  သံဝေဂတွေပွားပြီး သံသရာမှာ ဒီလိုကြွေးမျိုး ကင်းဝေးအောင် ကြိုးစားကြရမယ့်သဘောပါပဲ . . .
ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့ ရှေးဆိုရိုးအတိုင်းပဲ ဖြစ်သမျှအကောင်း၊ အဆိုးဆိုတာ ရှေးကံဟောင်းတို့ရဲ့ အကျိုးဆက်ပဲ လို့ အရာရာကို အလိုက်သင့်နှလုံးသွင်းလိုက်ရင် အားလုံး စိတ်ချမ်းသာပါတယ်. . .

ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေအားလုံး သံသရာဝဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ဒီမျှနဲ့ပဲ ကျေကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်. ..

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
(လယ်တီဆရာတော် ဦးဝိလာသ၏တရားထဲမှ ပုံပြင်ကို ကောက်နှုတ်ဖော်ပြပါသည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

သဟဇာတ


လောကကြီးသည်ကား သူဖြစ်ချင်သည့်အတိုင်း ဖြစ်ပျက်နေပါသည်။ မိမိတို့ က ဤသို့ဖြစ်စေချင်၏ ။ သို့ရာတွင် သူက ထိုသို့ဖြစ်လာ၏ မိမိတို့က ဤနည်းဖြင့် ကောင်းမည်ထင်၏ သို့သော်သူက ဟိုနည်းအတိုင်း ပြောင်းလဲသွားတော့သည် ကျွန်ုပ်တို့၏ အလိုသို့မလိုက်သဖြင့် လောကသည် အစိုးမရ၊ အနတ္တ၊ မမြဲ၊ ဆင်းရဲ၊ မစိုးပိုင်။
သူဖြစ်ချင်သလို ဖြစ်ပါစေ၊ ငါလည်း နေချင်သလို နေတော့မည်ဆိုပါကလည်း အတွေးချော်ရာရောက်ပေမည်။ ထိုကဲ့သို့ လက်လွယ်စပယ်မလုပ်သင့်ပေ။ ဘ၀တစ်ခုသည် တန်ဖိုးရှိသည်။ သူဖြစ်ချင်သလို ဖြစ်နေခြင်းနှင့် ငါဖြစ်ချင်သလို ဖြစ်လာစေချင်းတို့တစ်ထပ်တည်းကျအောင် ကြိုးစား၍ ညှိနှိုင်းယူရပါမည်။

၁.Assimilation
-ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ခြင်း။

၂. Accommodation
-မိမိဆန္ဒနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာအောင် အခြေအနေကို တစ်စတစ်စ ပြုပြင် သိမ်းသွင်းယူခြင်း။


လောကကြီးကို သာယာလှပအောင် ဖန်တီးတည်ဆောက်နိုင်သူဟူသမျှသည် အထက်ပါ နည်းလမ်းနှစ်ခုကို အခြေအနေ၊ အချိန်အခါ၊ ပယောဂ၊ ဥပဓိအစရှိသည်တို့နှင့် အဆင်ပြေအောင် ညှိနှိုင်းချင့်ချိန်တတ်သူများပင် ဖြစ်ကြပေတော့သည်။ အကျိုးမရှိသလောက် ခေါင်းမမာသင့် ။ ညှိနှိုင်းပြေလည်မှု မရအောင် အစွန်းမရောက်ပဲ အားလုံး မျှမျှတတ ချင့်ချိန်စဉ်းစားတတ်မှ အကျိုးရရှိပေလိမ့်မည်။

ချစ်နိုင် (စိတ်ပညာ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ဝါဆိုလဖွဲ့

ဝါဆိုလဖွဲ့

ကိုးခွင်ငယ် မှို်င်းပါလို့၊ မြင်တိုင်းမှာတဲ့ မည်းညို
လဲ့လဲ့ငယ်စို၊ ယုဂန္ဓိရ်တောင်မဟာက
ပြုဗ္ဗာသဠ် ထွန်းတဲ့လကိုလေး။

ဆင်တာရာငယ်၊ ရာသီကရကဋ်
နရိန္ဒာလဲ၊ ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ် နိဗ္ဗူ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ၊ ပဉ္စင်းတော်ခံသော့ခါ
ရေလျှံတဲ့ဝါဆိုမှာ၊ ပုန်းညက်ညို
မာလာမင်းက ၊ သင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)


ဝါဆိုလ

ဝါဆိုလသည် စတုတ္တမြောက် မြန်မာလဖြစ်၍ နွေတစ်ပိုင်း မိုးတစ်ပိုင်း လရာသီဖြစ်ကာ ဇွန်လနှင့် ဇူလိုင်လတွင် ကျရောက်သည်။

ဝါဆိုလပြည့်နေ့ကား မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း တောထွက်ခြင်း၊ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ များကို ပြသတော်မူခြင်း ဟူသော ထူးခြားသည့်နေ့ဖြစ်သည်။ ၀ါဆိုလပြည့်ကျော် ၁ရက်တွင် ရဟန်းသံဃာများ ပုရိမ၀ါကပ်ဆိုတော်မူကြသည်။ ထို့ကြောင့် ၀ါဆိုလကို လထူးလမြတ်အဖြစ် သတ်မှတ်ထားကြသည်။

ရှေးမြန်မာဘုရင်များသည် သာသနာတော်ကို တိုးတက်စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ် များကို ရရှိရေး ဟူသော ရည်ရွယ်ချက်၂ရပ်တို့ကို အကြောင်းပြု၍ ၀ါဆိုလတွင် ပဉ္ဖင်းခံရှင်ပြုပွဲတော်ကြီးကို ရာသီပွဲတော်အဖြစ် ကျင်းပသည်။

ဝါဆိုလပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် ၁ရက်နေ့ ၌ဖြစ်စေ၊ ၀ါဆိုလတွင် ဖူးပွင့်ကြသည့် ပုန်းညက်ပန်းစသော ပန်းမျိုးစုံတို့ကို စေတီပုထိုးများသို့သွားရောက်လှူဒါန်းရန် ၀ါဆိုပန်းခူးထွက်သည့် ယဉ်ကျေးမှုဓလေ့တစ်ရပ် လည်း ပေါ်ပေါက်ခဲ့သည်။

အချို့က သံဃာတော်များ ၀ါဆိုသည့်အခါ ပူဇော်ဆက်ကပ်နိုင်ရန် ၀ါဆိုပန်းနှင့် ၀ါဆိုဖယောင်းတိုင်ကြီးများကို ဘုန်းတော်ကြီးကျောင်းများ၌ လှူဒါန်းကြသည်။ ထို့အပြင် သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ၀ါဆိုတော့မည့် သံဃာတော်များအား ၀ါဆိုလဆန်း၌ပင် လှူဒါန်းကြသည့် သင်္ကန်း ဖြစ်သောကြောင့် ၀ါဆိုသင်္ကန်း ဟု ခေါ်ကြသည်။

မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာတစ်ခုအဖြစ် အသက် ၊ သိက္ခာ ဂုဏ်ဝါကြီးသူများအား ၀ါဝင်ခါနီး၌ ပူဇော်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ပူဇော်ကန်တော့ကြသည်မှာ ယနေ့ခေတ်အထိပင်ဖြစ်သည်။

Waso

Waso is the fourth Myanmar month. It is part summer and part moonsoon. It fals in June and July. The full-moon day of Waso is significant as the day the embryo-Buddha was conceived, the day He preached the first sermon of Dhamma Cakka, the day He performed the miracles. The day also marks the beginning of Buddhist Lent of three months when members of the Sangha go into the rains retreat.
It is a time of ordination and novitiation into the religious order, with these events held since the days of ancient Myanmar monarchs for the flourishing of the Sasana.
There is also a practice of young men and women going on outings of gathering flowers to be offererd at Buddha images.
A significant practice of Waso is the offering of monk's robes to members of the Sangha for use during the Lent and so these robes are called Waso robes. Likewise there are also big candles called Waso candles offered at this time of the year.
Among lay people it is also a time to offer elders cakes, fruits and other offertories.


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဝေဖန်ခြင်း

ဝေဖန်ခြင်း

လူမိုက်ဟူကား တစ်ပါးသူကို
ညွှန်းဆိုဝေဖန် ပြုတတ်ပြန်၍
ဆွေမွန်သူ့မှာ ချို့တဲ့လာ၏။


ကိုယ့်ကိုပြန်၍ ဝေဖန်တတ်သော
သဘောရှိပေ လူနပ်တွေအား
အများသိလျက် နားလည်ခက်မို့
သူတို့သီးခြား ချန်၍ထား၏။


ပညာရှိသည် မည်သူ့ကိုမျှ
ပြစ်ဆိုလေသံ ဝေဖန်မရှိ
လူ၏စိတ်တွေ မသွေအမြဲ
ပြောင်းလဲများမို့ သူတို့ကောင်းရန်
ကြံစည်ကြိုးကုတ် အားထုတ်တတ်သော
လူ့မနောကို စောကြောသိ၏။


ဝေဖန်သမှု အစုစုကို
မပြုတော့၍ မိတ်ကောင်းတွေ့လာ
လူပညာရှိ ညဏ်က၀ိတည့်။


ဖိုးရန်နိုင် (ကျောက်ကြီး)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

လောကကြီးသည် ရယ်ရွှင်ဖွယ်ကောင်းပါ၏


လူချစ်လူခင် များသူတစ်ယောက်၌ ရှိအပ်သည့် အခြားအရည်အချင်းတစ်ရပ်ကား ဟာသဥာဏ် ဖြစ်သည်။ မိမိကိုယ်ကို ၄င်း၊ လူ့ဘ၀ဟူသည်ကို ၄င်း၊ ပတ်ဝန်းကျင်လောကကို ၄င်း၊ ရွှင်မြူးသောစိတ်ဖြင့် ရှုမြင်နိုင်ပါလျှင် တော်ရုံတန်ရုံ ကသိကအောက်ဖြစ်စရာ ဒေါသအာဃာတ ပွားစရာများသည် အလိုအလျှောက် ပျောက်ကွယ် သွားမည်ဖြစ်ပါသည်။

မိမိကိုယ်ကို ရေးကြီးခွင်ကျယ်လုပ်လွန်း၊ အစစအရာရာ အလေးအနက်ထားလွန်းလျှင် တော်ရုံကိစ္စလေးသည်ပင် အကြီးအကျယ် အခံရခက်စရာ ဖြစ်လာတတ်ပါသည်။ လေးနက်လွန်းသူ ၌ လူမှုဆက်ဆံရေး ကိစ္စရပ်တိုင်းသည် ၀န်ထုပ်ဝန်ပိုးများသဖွယ် လေးလံဖိစီးနေတတ်သည်။ ဟာသဥာဏ် ရှိသူ၌ကား လူမှုဆက်ဆံရေးကိစ္စတို့သည် ပေါ့ပါးရွှင်လန်းစွာ ဆောင်ရွက်၍ ရသည့် ကိစ္စများ ဖြစ်၏။ သူ၍ ဘာဝန်ထုပ်မျှ မရှိပေ။

ရွင်လန်းသာစိတ်ထားရှိသူသည် မိမိကိုယ်ကို ရေးကြီးခွင်ကျယ် မလုပ်။ မိမိကြုံကြိုက်ရသော ပြဿနာသည် သူတစ်ပါးကြောင့် ဟူ၍ချည်း အာဃာတဖြင့် မတွေး။ ငါကိုယ်တိုင်ကလည်း ဘာလုပ်ခဲ့မိပေ သကိုးဟု တွေး၏။ ထို့ကြောင့် ခံစရာရှိလျှင်လည်း ခံသာသည်။ ခံနိုင်ရည်လည်း ရှိပေသည်။

ရုပ်ရည်မလှပခြင်း၊ ပညာအရည်အချင်းနည်းပါးခြင်း၊ စီးပွားဥစ္စာ ရှားပါးခြင်းစသည့်တို့သည် လူအတွက် ချို့တဲ့ချက် ကန့်သတ်ချက်များဖြစ်ပါသည်။ သို့သော် ယင်းကန့်သတ်ချက်များ အပေါ်ခံယူပုံ၌ လူတစ်ယောက် နှင့် တစ်ယောက် မတူညီပေ။ အချို့သည် ယင်းချို့တဲ့မှုများအောက်၌ နာလန်မထူနိုင်လောက်အောင် စိတ်ဓာတ် ကျဆင်း အားငယ်ခြင်းများဖြစ်ကြ၏။ ငါ အရုပ်ဆိုးလိုက်တာ၊ ငါကျောင်းစာကောင်းကောင်း မသင်ခဲ့ရဘူး၊ ငါ့ထက်မွဲတဲ့လူ ရှိမှ ရှိသေးရဲ့လား စသည်ဖြင့် မိမိကိုယ်ကို နာသည်ထက်နာအောင် ထောင်းထုလျက်ရှိကြ၏။ လောကကို ရွှင်လန်းသော ဥာဏ်ဖြင့် ရှုမြင် ရင်ဆိုင်ကြသူ တို့ကား ထိုအကန့်အသတ်တို့၏ ချုပ်ချယ်တားဆီး မှုကို မခံပေ။ အရုပ်ဆိုးသဖြင့် လူတောမတိုး ဆိုသည်မျိုး အဖြစ်မခံရုံမက အချို့လူများဆိုလျှင် ထိုအရုပ်ဆိုးခြင်း ကိုပင် ရယ်စရာရွင်စရာ အဖြစ် အသုံးပြုကာ ရုပ်ရှင် ဇာတ်သဘင်လောကတို့တွင် ၀င်ရောက် လုပ်ကိုင် စားသောက် သွားတတ်ကြပေသေးသည်။

ဖေမြင့် (စိတ်၏ သတ္တိစွမ်းအားများ) စာအုပ်မှ ဖော်ပြပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ၁၆

အဖေ အဆုံးအမ မေ့မရ

မေ၁၆ ဆားချက်ပါတော့မယ်။ တင်ရတဲ့ ပိုစ့်လေး တွေ စိပ်လာတော့ ဘာတင်ပေးရမှန်းကို မသိဘူး။ အလုပ်ကလည်းတဖက်..ကွန်နက်ရှင်ကမကောင်း နဲ့ရှုပ်နေတာပါဘဲ။ အဖေများနေ့ ဆိုတာ လည်း သိသာသိလိုက်တယ် ဘာမှ မရေးဖြစ်ခဲ့ဘူး။ ဒီနေ့တော့ တင်စရာ စာများရှာရင်း တိုတိုနဲ့ လိုရင်းရောက်မဲ့ ဆရာကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ စာ (၃) ကိုတွေ့ပါတယ်။ အင်း….အတော်ပဲ…အချိန်တိုတိုလေးနဲ့ မြောက်တဲ့စာ တွေ့ ပြီ ဆိုပြီး အားရပါးရတင်လိုက်ပါတယ်။ မေ၁၆ ကို အဖေက ဆုံးမ နေတာ လို့ စိတ်ထဲမှာ မြင်နော်..။


(၁)

သမီး….

စကား ၊ စကား ပြောပါများ

စကားထဲက ဇာတိပြတဲ့။

စကားတွေ အမျာကြီး ပြောတဲ့အခါ

ပြောတဲ့သူရဲ့ အကျင့်စရိုက်တွေဟာ

စကားထဲမှာ ပါလာ တတ်တယ်။

သူများပြောတဲ့စကားကို

များများ နားထောင်ရင်

သူများ အကြောင်း များများသိမယ်။

ကိုယ်က များများ ပြောရင်လည်း

ကိုယ့်အကြောင်းတွေ

သူများ သိလိမ့်မည်။

ဒီတော့ ….

စကားကို နည်းနည်းပြော

များများ နားထောင်တတ်အောင်

သမီး ကြိုးစား လေ့ကျင့် ထားသင့်တယ်….။

(၂)

သမီး…..

ဘာမှန်းမသိဘဲ

စွဲစွဲလန်းလန်း ဖြစ်နေတတ်တာ ဟာ

အချစ် ပဲ။

အဲဒီ အချစ်ကြောင့် လူတွေဟာ

မလုပ်ရဲတာတွေ လုပ်ရဲလာတယ်။

မလုပ်သင့်တာတွေ လုပ်တယ်။

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို

မခွဲခြားနိုင်ဘဲ လုပ်ချင်ရာ လုပ်ကြတယ်။

တကယ်တော့…. အချစ်ဟာ

ကလေးဆိုးနဲ့ တူတယ်။

သူ့ကို အလိုလိုက်မိရင်

အသက်အရွယ်မရွေး

ဒုက္ခပေးနိုင်တယ်။

ဒါကြောင့်

အချစ်ရဲ့သဘော သဘာဝကို

နားလည်အောင်ကြိုးစားပါ။

နေရာတကာ သူ့အလိုကို မလိုက်မိစေနဲ့။

အချစ်ဆိုတာ…

အလိုက်မသိတတ်တဲ့ ဧည့်သည်ဆိုးနဲ့လည်း

တူချင်တူနေပြန်ရော….

(၃)

သမီးရယ်…

ကေသရာဇာ ခြင်္သေ့မင်း

အမဲလိုက်လို့ ရလာတဲ့

နွားကြီး တစ်ကောင်ဟာ

အသီးအရွက် ကိုသာ စားတဲံ

ယုန်လေး တစ်ကောင် အတွက်တော့

ရေး စိုက်စရာ ဖြစ်မလာ စေပါဘူး။

(၄)

သမီးရေ

သမီးဘ၀အတွက်

အဖော်မွန် အဖော်ကောင်းကို

ရှာတော့မယ်ဆိုရင်

ဆား နဲ့ တူတဲ့ အဖော်ကောင်းကို ရှာနော်။

ဆားဟာ….သူ့ကို နည်းနည်းသုံးရင်

နည်းနည်း ငံ ပေးတယ်။

များများသုံးရင် များများ ငံ ပေးတယ်။

သူ့သဘောနဲ့ သူ ဘာမှ မလုပ်ဘူး။

သူ့ကို အသုံးပြုတဲံ သူရဲ့ အလိုဆန္ဒကိုသာ

အမြဲလိုက်လျော ပေးတတ်တယ်။

ပြီးတော့…ဘယ်နေရာမဆို

သူ့ကို အားထား ရတယ်လေ။

ဆား နဲ့တူ တဲ့

အဖော်မွန် အဖော်ကောင်း ကို

သမီးလေး ရှာတွေ့နိုင်ပါစေလို့

ဖေဖေ ဆုတောင်း ပေးမယ်နော်။

ဖေဖေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လက်ထဲက အစာ

မြေလူးငှက်တစ်ကောင်ဟာ ၀က် သစ်ချပင်အောက်မှာ နားပြီး မြေလူးငှက် တွေရဲ့ သဘာဝအတိုင်း သီချင်းဆိုနေ တာပေါ. သူ့ကို စွန်ကမြင်လိုက်တယ်. . .

ဒီစွန်က အစာရှာမတွေ့လို့ ဗိုက်ဆာနေတယ်. . ဒါကြောင့်သူ့ဆီ ထိုးဆင်းခဲ့ပြီး ချီသွားတယ် . .

မြေလူးငှက် ဟာ စွန်ရဲ့နှုတ်သီးဖျားမျာ သေရတော့မလို ဖြစ်လို့ရုန်းကန်နေတယ်. . . စွန်ကိုလည်း အသက်ချမ်းသာပေးဖို့ တောင်းပန်တယ်. . . . .

"ကျွန်တော်ဟာ အကောင်ငယ်လွန်းပါတယ်. . ခင်ဗျားဗိုက်ဆာနေရင် ကျွန်တော့ထက် အကောင်ကြီးတဲ့ ငှက်ကို စားသင့်ပါတယ် . . "

ဒါပေမယ့်စွန်က . . . "ငါ့လက်ထဲမှာ မိထားတဲ့အစာကို လွှတ်ပြီးရှာမတွေ့သေးတဲ့ အစာနောက်ကို လိုက်မယ် ဆိုရင် ငါဟာ အသိညဏ်မရှိသူဖြစ်နေမှာပေါ." . . . လို့ အဖြေပေးလိုက်တယ်. . .
(လက်ရှိရထားတဲ့ . . . . ဥစ္စာကို ပစ်ပယ်ကာ ပိုပြီးဟန်ကျစေမယ့် ပိုကောင်းမယ့် ဥစ္စာကို
မျှော်မှန်းခဲ့ရင် ဆင်ခြင်မှု မရှိရာ ရောက်ပါလိမ့်မယ်)


အီစွတ်ပုံပြင်ပေါင်းချုပ်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ထာဝရ အကောင်းမြင်သမား

ကံကြမ္မာက မျက်နှာသာပေးသဖြင့် ကျွန်မတို့မှာ သားသုံးယောက်တိတိရရှိခဲ့သည်. . . သူတို့က သူတို့ တစ်ဦးချင်းစီမှာ ပါလာသည့် ထူးခြားသော ဗီဇသဘာဝကိုယ်စီဖြင့် ကျွန်မတို့အတွက် ၀မ်းသာကြည်နူးစရာလေးတွေ ဖန်တီးခဲ့ကြသည်. . .
သည်သုံးယောက်ထဲမှ သားအလတ် ဘီလီကတော့ ထာဝရအကောင်းမြင်သမားလို့ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်. . . သူ့မှာ အဲသည်လို အကောင်းမြင်စိတ်ရှိနေခြင်းက သူ့မွေးရာပါ ပစ္စည်းတစ်ခုပင်ဖြစ်သည်. . .
သူအသက် (၅) နှစ်လောက်တုန်းကလည်း တီဗွီထဲက လူတစ်ယောက် ထိပ်ပြောင်မပြောင် သူ့အစ်ကိုနှင့် ငြင်းကြသည်. . . . . .သူက
"ထိပ်ပြောင်တာမဟုတ်ဘူး ၊ အစ်ကိုကြည့်နေတဲ့အခါသာ ထိပ်ပြောင်သလိုမြင်ရတာ. . သူ့ဘာသူ ထွက်သွားတဲ့အခါကျတော့ ခေါင်းပေါ်မှာ ဆံပင်တွေအများကြီးပဲ ဟု" ဘီလီက ဆိုလေသည်. . .
တစ်နေ့မှာတော့ အဲသည်လို အကောင်းမြင်စကားတစ်ခွန်းကို ကျွန်မတို့ ကြားနာခဲ့ကြရပါသည်. .
ကျွန်မတို့ရဲ့ တတိယသားလေး တင်နာ သွေးဥတွေ ပျက်စီးသော ရောဂါဖြင့် ဆုံးသွားရှာလေသည်. တင်နာလေးက အသက်နှစ်နှစ်ပင်မပြည့်သေး၊ လပေါင်း ၂၀ ပဲရှိသေးသည်.
တင်နာလေး သဂြိုလ်ပြီး နောက်တစ်ညမှာ ဘီလီကို သိပ်ရင်း ကျွန်မလှဲနေသည်. . သည်ညမှာတော့ ကျွန်မတို့ ပြောစရာစကား သိပ်မရှိကြပါ. . . . တိတ်ဆိတ်ငြိမ်သက်၍ သာနေကြသည်. .
ရုတ်တရက် ဘီလီက စကားစသည်. . . "သားတို့အားလုံးအတွက် စိတ်မကောင်း ပါဘူးမေမေ. . ဒါပေမယ့် တခြားလူတွေအတွက သားပိုပြီး စိတ်မကောင်းဖြစ်မိသလိုပဲ. . "
"ဘယ်ကတခြားလူတွေလဲသား " ဟု ကျွန်မကမေးမိသည်. .
သူကရှင်းပြသည်.
"တင်နာ့ကို တစ်ခါမှ မတွေ့ဖူးလိုက်ကြတဲ့ လူတွေအတွက်ပါ. . ဘာပဲပြောပြော သားတို့က တင်နာလေးနဲက လပေါင်း ၂၀ လုံးလုံး အတူနေလိုက်ရတာဆိုတော့ အများကြီးကံမကောင်းဘူးလား ၊ မေမေ စဉ်းစားကြည့်လေ. တင်နာ့ကို တစ်ခါမှ မတွေ့ဖူး မမြင်ဖူး ကြားတောင်မကြားဖူးလိုက်တဲ့ လူတွေ ဘယ်လောက်အများကြီးရှိမလဲ ၊ သူတို့ထက်စာရင်တော့ သားတို့က သိပ်ကို ကံကောင်းတာပါ မေမေ" တဲ့

ဖေမြင့် ( Beth Dalton ၏ The Eternal Optimist)

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

စိတ်ရှင်း

စိတ်ဆိုတာ ရှင်းလင်းနေမှ ချမ်းမြေ့တတ်လေရဲ့။ စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့အခါ လူကိုယ်ခန္ဓာမှာလည်း လန်းဆင်းကြည်လင်မှုတွေ ကင်းမဲ့နေတတ်တယ်. . . ဒါကြောင့် စိတ်ကိုရှင်းအောင်ထားတတ်ဖို့လည်း လိုအပ်ပါတယ် . .

စိတ်ကို မရှင်းလင်းအောင် ပြုမူတတ်သူဟာ သံသယဖြစ်တယ် . . . သံသယ ဟာ ယုံကြည်မှုတွေကို ရိုက်ချိုးပြီး မေတ္တာတရားကို လည်း ဖျက်ဆီးပစ်တတ်တယ် . . .

ဒီတော့ သံသယကို စိတ်ထဲမှာ ကြာရှည် သိမ်းဆည်းထားတာမကောင်းပါဘူး . . သံသယရှိတဲ့ အကြောင်းအရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မေးမြန်းကြရမယ် . . . မြုံထားတဲ့ အကျင့်ကို ရှောင်ကြရမယ်. . . စူးစမ်းလေ့လာကြရပါတယ် . . ပြီးတော့ အလျင်အမြန် ဖြေရှင်းကြရမယ် . . ရှက်ရွံ့ခြင်း၊ ကြောက်ရွံ့ခြင်း၊ အားနားခြင်းဆိုတာတွေကို စိတ်ထဲမှာ မွေးမြူမထားသင့်ပါဘူး မသိရင်မေး မစင်ရင် ဆေးကြရပါမယ်. . .

စိတ်ထဲမှာ အစိုင်အခဲအဖြစ် ကြာရှည်အောင် ထားတဲ့အခါ စိတ်လေးလံနေမှာ အမှန်ပဲ. . တစ်စတစ်စ ရင့်မှည့်လာတဲ့အခါ ပေါက်ကွဲထက်တဲ့ အသီးလိုပဲ . . တဖြည်းဖြည်း ကြီးမားလာတဲ့ သံသယစိတ်ဟာ တစ်ချိန်မှာ ပေါက်ကွဲလာပြီး မိမိကိုယ်ပါ အထိနာရစေပါတယ် . .

ဒါကြောင့် စိတ်ကို ရှင်းနိုင်သမျှ ရှင်းအောင် မွေးမြူကြရပါမယ် . . စိတ်ကို ရှုပ်ထွေးစေမည့် ချည်နှောင်မှုမှန်သမျှကို ဆန့်ကျင်ကြရပါမယ်. . စိတ်ထဲရှင်းလင်းအောင်.စိတ်ကို အချည်မခံပါနဲ့ . .

ဖြိုးသာရ (စိတ်)

စိတ်ရှင်းလင်းစွာနဲ့ အေးချမ်းတဲ့ စိတ်ထားပိုင်ရှင်များဖြစ်ပါစေ..

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

လောကနီတိ

အနာသည် မိမိကိုယ်၌ဖြစ်လျှက် မိမိအကျိုးကို မရွက်ဆောင်။

ဆေးပင်ဆေးရွက်သည် တော၌ဖြစ်လျှက် အကျိုးကိုဖြစ်စေနိုင်၏။

Disease, though arising in the body does not bring benefit.

Herbs though growing in the forest can be beneficial.

ကိုယ့်အကျိုးစီးပွားကို ရွက်ဆောင်မူသူစိမ်းပင် ဖြစ်လင့်ကစား အဆွေအမျိုးဟု မှတ်ယူရာ၏။

ကိုယ့်အကျိုးစီးပွားကို မရွက်ဆောင်လျှင် မိတ်ဆွေရင်းချာပင်ဖြစ်လင့်ကစား သူစိမ်းဟု မှတ်ယူရာ၏။

If one brings benefit, a stranger may be considered as relative.

If one does not confer benefit, even though he is close relative, may be considered a stranger.

မျက်ကွယ်၌ သူ့ကျေးဇူးကို ချေဖျက်တတ်ပြီး ရှေ့တွင်မူ ချိုချိုသာသာ စကားဆိုတတ်သူကို အဆိပ်အိုးမှ ပျားရည်ကို ရှောင်ကြဉ်သကဲ့သို့ ရှောင်ကြဉ်ရာ၏။

Showing in gratitude in the absence, being sweet in the presence such a person should be shunned just like shunning the honey in a pot of poison.

ဥစ္စာ စီးပွားပျက်လျှင် မိတ်ဆွေ၊ သားမယား ၊ ညီအစ်ကို မောင်နှမများသည်ပင် စွန့်ခွာတတ်၏။

ဥစ္စာ ရှိသူကိုသာ မှီခို ပေါင်းသင်းလိုကြ၏။

လောက၌ စီးပွား ဥစ္စာသည် ခင်ပွန်းကြီးဖြစ်၏။

If wealth is lost, friends, son and wife, brothers and sisters may leave away.

They want to associate only to the rich.

Wealth in the world is a great friend

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

သင်ကွယ်လွန်သေဆုံးပြီးနောက်တွင်

" သင်ကွယ်လွန်သေဆုံးပြီးနောက်တွင်"

သင့်အကြောင်းတရား၊ အဆိုးများက
လင်းတကောင်ဆွဲ၊ ခွေးအဆွဲ၍
ပြိုကွဲလောက်တက်၊ ဖွားဖွားအက်ပြီး
ယိုစက်သွေးရည်၊ ပုပ်စက်ညှီသို့
မသဒီစက်ဆုပ်၊ ဂုဏ်သတင်းပုပ်၏
ယုတ်မာဇာတ်ထုပ်ကြမ်းပေလိမ့်။

သင့်အကြောင်းတရား ၊ အကောင်းများက
အလင်းအားရောင်ရှိန်၊ ၀င်းလဲ့ထိန်၏
ပန်းအိမ်ဖွဲ့ကာ၊ ရနံ့ဖြာလျက်
ဝဲယာဝန်းကျင်၊ မွှေးပျံ့လွင်၏
သင်၏ဂုဏ်ရည်၊ ရွှန်းလဲ့ကြည်သို့
နှစ်ရှည်တည်တံ့ မြဲပေလိမ့်။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

ဗုဒ္ဓဘာသာဟူသည်


ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာက စကား၊ နှစ်ခုပေါင်းတော့ ဗုဒ္ဓဘာသာ ဆိုတာ ဘုရား စကား ။ ဘုရားရှင် လေးဆယ့်ငါးနှစ်တိုင်တိုင် ဟောကြားခဲ့၊ ဆုံးမခဲ့သော ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဟူသော ပိဋိကတ်သုံးပုံသည် စင်စစ်အားဖြင့် ဗုဒ္ဓဘာသာ ဖြစ်သည်။
ပိဋိကတ်သုံးပုံးကို အနှစ်ချုပ်လိုက်လျှင်တော့ မကောင်းမှုဟူသမျှ မပြုလုပ်နှင့် ရှောင်ပါ။ ကောင်းမှုဟူသမျှ ပြုလုပ်ပါ။ မိမိစိတ်ကို ဖြုစင်သန့်ရှင်းအောင်ထားပါ ဟူသော သုံးချက်သာဖြစ် သည်။ ယင်း အဆုံးအမတော်သုံးချက်ကို လိုက်နာကျင့်ကြံသူသည် ဗုဒ္ဓဘာသာဝင် (ဗုဒ္ဓဘာသာ) ဖြစ်သည်။
ဗုဒ္ဓဘာသာကို မူကြိုအဆင့်၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဟူ ၍ လေးဆင့်သတ်မှတ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ထေရဝါဒ နှင့်မသက်ဆိုင်သော ဗေဒင်၊ ဓာတ်၊ ယတြာ၊ နတ်၊ ဘိုးတော်၊ မယ်တော်၊ ရက်ရာဇာ၊ ပြဿဒါး အစရှိသည်များကို အလေးထားသော ဗုဒ္ဓဘာသာသည် မူကြိုအဆင့်မျှသာရှိသည်။
ကမ္မဿကတာ သမ္မာဒိဠိနှင့် ပြည့်စုံ၍ ရတနာမြတ်သုံးပါး၊ ကံနှင့် ကံအကျိုးတရားကိုသာ အလေးထားသော ဗုဒ္ဓဘာသာသည် မူလတန်းဗုဒ္ဓဘာသာဖြစ်သည်။ ဒါနကုသိုလ်၊သီလကုသိုလ်မျှ နှင့်အားရ ကျေနပ်မနေဘဲ ဘာဝနာအဆင့်သို့ ကူး၍ ဝိပဿနာတရားဓမ္မ ကြိုးစားအားထုတ်သဖြင့် ရုပ်နာမ်ကွဲ၊ ဖြစ်ပျက်မြင်၊ အနိစ္စ ဒုက္ခ အနတ္တ ထင်သော ဗုဒ္ဓဘာသာသည် အလယ်တန်းဗုဒ္ဓဘာသာ ဖြစ်သည်။
တရားဓမ္မကို ကြိုးစားအားထုတ်၊ သီလ၊ သမာဓိ၊ ပညာတွေ ပြည့်စုံ၍ ဝိပဿနာဥာဏ် ရင့်သန်အားကောင်းသဖြင့် မဂ်ဥာဏ်၊ဖိုလ်ဥာဏ်ရရှိသွားသော ဗုဒ္ဓဘာသာသည် အထက်တန်း ဗုဒ္ဓဘာသာဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာတို့အနေနှင့် မိမိဘယ်အဆင့်၊ ဘယ်အတန်း ရောက် ပြီလဲဆိုတာ ချိန်ထိုးကြည့်နိုင်သည်။ အတန်းတက်ချင်လျှင်တော့ စာကျက်မှဖြစ်မည်၊ လက်ရှိအတန်းအောင်အောင်လုပ်မှဖြစ်မည်။

အရှင်သံဝရာလင်္ကာရ ဓမ္မပိယဆရာတော်


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။