ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တတိယအရွယ်သို့ရောက်လျှင်



တတိယအရွယ်သို့ရောက်သူတို့ ဘယ်လို ဘယ်ဘ၀ အနေနည်းနဲ့ ပြုမူ နေထိုင် ကျင့်ကြံကြရမလဲဆိုတာ အရေးကြီးပါတယ်... အထူးသဖြင့် တတိယအရွယ်ရဲ့ အဆုံးပိုင်းကို ရောက်နေကြတဲ့ အသက် ၇၀၊ ၇၀ ကျော်တွေ ဖြစ်တဲ့ အရွယ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကုသိုလ်ကင်းအောင်နေဖို့၊ ပြီးတော့ နှလုံးသွင်း မှန်ဖို့ ဖြစ်ပါတယ်။ သားသမီး ၊ မြေးများကို ချစ်ရာမှာလည်း အတိုင်းအတာ ၊ အချိန်အခါနဲ့ ဓမ္မလမ်းကြောင်းပေါ်တင်ပြီး ချစ်တတ်ဖို့ပါပဲ။

နှလုံးသွင်းမှန်မှန်နဲ့ နေသွားနိုင်ဖို့ ကတော့ သတိထား ဆင်ခြင်ရမယ့်အချက်အလက်တွေ အများကြီး ရှိပါတယ်။ တတိယအရွယ်မှာ မနေတတ်၊ မထိုင်တတ် ရင် ငယ်ရွယ်သူတွေ က အရိုအသေတန်ပြီး စိတ်အားငယ်စရာတွေ ဖြစ်လာတတ်ပါတယ်။

မရမ်းကုန်းမြို့နယ် သာသနာ့ အောင်မြေ စာသင်တိုက်က တိုက်အုပ် ဆရာတော် ဘဒ္ဒန္တ ဇယံဝံသ ပေးဝေ လှူဒါန်းတဲ့ တတိယအရွယ်သို့ ရောက်လျှင် ကျင့်ကြံရမည့်၊ ဂရုစိုက်ရမည့် အချက်များကို မျှဝေပေး လိုက်ပါရစေ။

၁။ စကားများများပြောခြင်းမှ ရှောင်ရှားနိုင်ရပါမည်။

၂။ အနီးပတ်ဝန်းကျင်များ၏ ကိုယ်ရေးကိုယ်တာကိစ္စဟူသမျှတွင် မလိုအပ်ဘဲ ပါဝင်ပတ်သတ်မှု မပြုရန် သတိပြုရပါမည်။

၃။ ငယ်ရွယ်သူများနှင့် ဆက်ဆံရာတွင် အသေးစိတ်အချက်အလက်များကို ထပ်တလဲလဲ မပြောမိစေရန် သတိထားရပါမည်။

၎။ ပတ်ဝန်းကျင်ရှိလူများက ယင်းတို့၏ ဒုက္ခဝေဒနာ ခံစားမှုများကို မိမိထံ လာရောက်ပြောပြသောအခါ စိတ်ကောင်း၊ စေတနာကောင်းထားပြီး သည်းခံ နားထောင်နိုင်ရပါမည်။

၅။ မိမိ၏ ဝေဒနာခံစားချက်များကို သူတစ်ပါးအား ပြောပြလိုစိတ် တဖွားဖွား ဖြစ်ပေါ်ခြင်းကို ချုပ်တည်းနိုင်သူ ဖြစ်ရပါမည်။

၆။ ငါအသက်ကြီးပြီ၊ အတွေ့အကြုံများပြီ၊ မမှားနိုင်ဟူသော အယူအဆကို ဖယ်ထားပြီး ငါလည်း မှားနိုင်တာပဲ ဟူသော အယူအဆကို လက်ခံနိုင်သူဖြစ်ရပါမည်။

၇။ မိမိသည် သူတော်စင် တစ်ယောက်ကဲ့သို့ စိတ်ဓာတ် မပြည့်ဝနိုင်သော်လည်း အများစုက လက်ခံနိုင်သည့် အတိုင်းအတာထိ သဘောထားကြီးသူ ၊ မြင့်မြတ်သူ ဖြစ်နိုရပါမည်။

၈။ ဆက်ဆံရေးတွင် ဆရာလုပ်သူ ၊ သြဇာပေးသူ မဖြစ်စေလိုပါ။ တတ်နိုင်သည့် အပိုင်းမှ ပါဝင်ကူညီသူ ဖြစ်ရပါမည်။

၉။ မိမိ၏ အတွေ့အကြုံ ပညာမှ ရရှိလာသော ဘ၀သင်ခန်းစာများကို အချည်းအနှီးမဖြစ်ရလေအောင် ဆင်ခြင်သုံးသပ်နိုင်ရပါမည်။

၁၀။ မိမိ၏ နောက်ဆုံးအရွယ်ကို ကလျာဏမိတ္တ မိတ်ဆွေများကြားတွင် ခိုလှုံရပါ၏။

ခင်စောတင့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 


 

တောထွက်လာသော အရှင်မဟာကဿပ အလောင်းအား ဘုရားကြိုဆိုနေပုံ

ဘုရားပရိနိဗ္ဗာန်  စံတော်မူပြီးနောက် သာသနာကို စောင့်ရှောက်ရစ်မည့် ရှင်မဟာကဿပအလောင်း "ပိပ္ပလိ" သတို့သားသည် အလုပ်သမား ရွာပေါင်း ၁၄ ရွာနှင့် စစ်တပ် အစိတ်ကို ပိုင်ဆိုင်လျက် ကုဋေများစွာ ဥစ္စာကြွယ်ဖြိုး သူဌေးမျိုးမှ သူဌေးကတော်နှင့် အတူ ရဟန်း ပြုလာခဲ့သည်။ သူတို့နှစ်ဦးလမ်းခွဲသော နေရာ၌ ကမ္ဘာမြေ တုန်လှုပ်သံကို အရင်းခံ၍ ဆင်ခြင်တော်မူသော ဘုရားရှင်လည်း အကြောင်းအရာကို ကောင်းစွာ သိမြင်တော်မူနှင့်လေသည်။

ထိုခဏ၌ပင် ဝေဠုဝန် ကျောင်းတော်မှ ၃ ၀ါ ဂုတ်မျှ ဝေးကွာသော ပြည်ညောင်ပင်သို့ ကြွတော်မူ၍ ခရီးကြိုဆို ကာ ရောင်ခြည်တော် ခြောက်ဖြာ ထွက်စေကာဖြင့် ထိုင်နေတော်မူနှင့် လေသည်။ ကဿပ အရှင်သည် ဘုရားကိုမြင်လျှင် ငါ့ဆရာပင်တည်း ဟု ဆုံးဖြတ်၍ ဘုရားခြေတော်တွင် ဦးခေါင်းတင်ကာ တပည့်ဖြစ်ပါကြောင်းကို လျှောက်ထားလေသည်။ ဘုရားရှင်သည် သံဃာပရိသတ် အလယ်၌ မကြာ မကြာ တန်းတူထား၍ မြှောက်စားတော် မူလေသည်။ 

THE BUDDHA WELCOMING THE PERSON WHO HAD RETIRED FROM THE WORLD AND WAS TO BECOME THE VENERABLE MAHAKASSAPA

Pippali was destined to become Venerable Mahakassapa who would protect the dispensation of the Dhamma after his death. He was in charge of 14 villages of workmen and a section of the fighting forces. He belonged to a very rich famil worth several crores of money and together with his wife retired from home-life to lead a religious life. There was a mighty earth-quake at the place where Pippali parted with his wife on retirement from the  world. The Buddha surveryed with his Buddha-eye and saw the cause of the earth-quake.

Immediately thereafter the Buddha went to the giant banyan tree about 3 gavuas away (about sis miles) to welcome Pippali. He then sat at the foot of the tree causing the six resplendent rays of light to issue forth from his body. Pipaali, who later came to be known as Mhahakassapa, saw the Blessed one and coming to this decision. He indeed is my master, placed his head upon the feet of the Blessed one and said, Lord, I'm your disciple. The Buddha often honored him before the assembly of monks by treating him as a member of the Holy order of a standing equal to him.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ကိုယ်ကပေးမှ ကိုယ်ပြန်ရ


အကြောင်းနှင့်ကင်းပြီး ဖြစ်ရိုးဖြစ်စဉ် မရှိသော ဤလောကကြီးတွင် ပြုလုပ်  စီမံခြင်း ဟူသော  ပေးဆပ်ခြင်း   မရှိဘဲ မည်သည့် ရယူပိုင်ဆိုင်ခြင်းမျိုးမှ မရှိနိုင်ချေ ။ အကြောင်းရှိမှ အကျိုးရှိရသလို အပေးရှိမှ ရယူခြင်း သည် ဖြစ်ပေါ်လာရချေသည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က လက်ညှိုးညွှန်လိုက် သည်နှင့် ရွှေအိုးကြီး ဘွားခနဲ ပေါ်လာသည့် အဖြစ်မျိုး ၊ သရက်မျိုးစေ့ကို စိုက်ပျိုးထားလျက် နှင့် ထို သရက်ပင် မှ လိမ္မော်သီး သီးလာသည့် အဖြစ်မျိုးသည် ဒဏ္ဍာရီ ပုံပြင် ယုံတမ်းစကားများသာတွင် သာ တွေ့နိုင်ပါသည်။ 

စင်စစ်မှု အပေးရှိမှ  ရယူနိုင်မှု၊ အသွားရှိမှ အလာရှိမှုတို့သည် အပြန်အလှန် ဆက်သွယ်နေသည့် လောက၏ နိယာမစုံတွဲများ ဖြစ်လေသည် ။ ဤနိယာမသဘောကို လွန်ဆန်ပြီး အပေးမရှိဘဲ ရယူလိုခြင်း၊ အပင်မစိုက်ဘဲ အသီးစားလိုခြင်းသည် အလွန်တရာ မှားယွင်းသော ၀ိသမလောဘ ဦးစီးသည့် တစ်ဖက်သက် စိတ်ဆန္ဒ တစ်ခု သာ ဖြစ်ချေသည်။ 

ဤလောကသည် လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းပြီး တူညီသော ဆန္ဒ၊ ရင်းနှီးချစ်ကြည်မှုတို့ဖြင့် တည်ဆောက်ထားသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေရာ ထိုလူ့လောက အဖွဲ့အစည်းကြီး မတိမ်းမစောင်း ၊ မပျက် မယွင်းသွားအောင် " အပေးအယူ " ဖြစ်စဉ်ကြီး က ထိန်းချုပ်ပေးထား၍သာ ဤလူ့လောက သည် ဤမျှ ကြာညောင်းစွာ တည်ရှိနေရခြင်း ဖြစ်လေသည်။

လူသည် ပင်ကိုယ်အားဖြင့် ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါ ဖြစ်၍ အချင်းချင်း အပေါ် ပြေပြေလည်လည်၊ ရင်းရင်း နှီးနှီး ဆက်ဆံနေကြရသည်။ ပေါင်းသင်းဆက်ဆံရေး ပြေလည်ကောင်းမွန်လျှင် ကောင်းမွန် သလောက် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင် နေထိုင်နိုင်ကြမည် ဖြစ်သည်။  ထို့ကြောင့် လူတိုင်းတွင် မိတ်ဆွေကောင်း ၊ ဘ၀ခရီးဖော်ကောင်းများ သည် မရှိမဖြစ် လိုအပ်လှသည်။

မိတ်ဆွေ သင်္ဂဟ နည်းခြင်း များခြင်းသည် မိတ်ဆွေ သင်္ဂဟ လုံးလုံး မရှိခြင်းနှင့် နှိုင်းစာလျှင်         
 တော်ပေသေး သည်။  အဓိကမှာ အပေါင်းအသင်း နည်းခြင်း ၊များခြင်းထက် မိတ်ဆွေကောင်း တစ်ယောက် ရှိခြင်းက ပို၍ အကျိုးများနိုင်ပေသည်။ 

မိတ်ဆွေ အပေါင်းအသင်းများ အကြောင်း ပြောဆိုကြသောအခါ လူအများစုသည် မိမိအား အကျိုးပြုနိုင်မည့် မိတ်ကောင်းဆွေကောင်းများကို သာ တမ်းတမ်းတာတ ပြောဆိုကြ၏ ။ မိတ်ဆွေတုများကို မလိုချင်၊ ရွံ့မုန်းကြ၏ ... စကားလက်ဆုံကျကြလျှင် မိတ်ဆွေညံ့များ အကြောင်းကို ညည်းညည်းညူညူ ပြောကြမည် မှာ ဓမ္မတာပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့တွင် မိတ်ကောင်း ဆွေကောင်းမရှိသည်က များသောကြောင့် ဖြစ်သည်။ 

အမှန်စင်စစ်တွင် ဤလောကတွင် မိတ်ကောင်းဆွေကောင်းများသည် မရှားပါးပါ။ များစွာ ရှိပါ၏ ။ ရှိလည်း ရှိနေပါ၏  ကိုယ်က ရှိအောင် မလုပ်နိုင်ခြင်းကြောင့် မရှိရခြင်း၊ ရှားပါးဖြင်း ဖြစ်၏။ မိမ်ဘက်က မိတ်ကောင်းဆွေကောင်း ကို ရယူလိုလျှင် မိမိကလည်း ထိုမိတ်ကောင်းဆွေကောင်း ဖြစ်စေလိုသူတို့ အား မိတ်ကောင်းဆွေကောင်း တစ်ယောက်အဖြစ် ပြန်လည် ပေးလိုက်ခြင်းသာဖြစ်ပါသည်။

သို့ဖြစ်လျှင်မိမိဘက်က ဘာတွေကို ပေးမည်နည်း။ မိတ်ဆွေကောင်း လိုချင်သော ပုဂ္ဂိုလ်မှ မိမိထံတွင်ရှိနေအောင် ကျင့်ကြံနေထိုင်အပ်သည့် အကြောင်းတရား (၄)ပါးမှာ-

၁။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ကျေးဇူးပြုခြင်း။

၂။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ဆင်းရဲအတူ၊ ချမ်းသာအတူ၊ အေးအတူ ပူအမျှ နေထိုင် ဆက်ဆံခြင်း၊ 

၃။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် အကျိုးစီးပွားရှိရာ ရှိကြောင်းကို ညွှန်ပြပြောဆိုခြင်း။ 

၎။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ်အစဉ် ကြင်နာ သနားခြင်းတို့ ဖြစ်လေသည်။

ဤတရားလေးပါးကို မိမိ၏ မိတ်ဆွေအပေါ် ပေးအပ်ခြင်းဖြင့် လူ့လောက၏ လာဘ်ကြီးတစ်ခုဖြစ်သည့် မိတ်ဆွေကောင်းများကို မိမိက တစ်ဖန်ရယူနိုင်ကြောင်း မှတ်သားနိုင်ပါသည်။

လူအများစုသည် အရေးအကြောင်း ရှိသောအခါ မိတ်ဆွေကောင်းတို့၏ အကူအညီအစောင်အမကို မရကြသဖြင့် မိမိပေါင်းသင်း ဆက်ဆံရသော အပေါင်းအသင်း မိတ်ဆွေများအပေါ် အပြစ်တင် တတ်ကြသည်။ သို့သော် မိမိဘက်မှ မိတ်ဆွေကောင်း မပီသသော ချို့ယွင်း အားနည်းချက်များကို ကား မမြင်တတ်ချေ။ မိမိဘက်မှ မိမိမိတ်တွေ များ အရေးအကြောင်း ရှိလာသောအခါတွင် ဘာများ ကူညီ ဆောင်ရွက်ပေးနိုင်ပါသနည်း။   

မိမိလိုလားသော မိတ်ဆွေများ၏ အရည်အချင်း စိတ်နေစိတ်ထားမျိုး မိမိတွင် ရှိပါသလော ဆိုသည်ကို ပြန်လည် ဆန်းစစ်သင့်ပါသည်။ အရေးကြီးဆုံးမှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း မပီသဘဲနှင့် ဘယ်သောအခါမျှ မိမိထံသို့ မိတ်ကောင်းဆွေကောင်း တို့ ရောက်လာမည်ဖြစ်ကြောင်း လေးလေး နက်နက် ခံယူ မှတ်သားထားရန် ဖြစ်ပါသည်။ 

အဆွေ ခင်ပွန်းကောင်းသည် မိမိအား လူကောင်းသူကောင်း ဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်သာ မက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အရေးကိစ္စများတွင်လည်း ပြီးစီးအောင်မြင်စေရန် စွမ်းဆောင်ပေးနိင် သော တန်ခိုးရှိလေသည်။ ထို့ကြောင့် လူ့လောကတွင် လူတန်းစေ့ အသက်ရှင် နေထိုင် လိုလျှင် မိတ်ကောင်း ဆွေကောင်းရှိခြင်း ဟူသည့်  ဂုဏ် ရှိရန် လိုသည်။

အကြင်လောကသည် သူ့ဘက် ကိုယ့်ဘက် မျှတသော အပေးအယူတို့ဖြင့် လိုက်ဖက်ညီစွာ တည်ဆောင် ထားနိုင်အံ့။ ထိုလောကသည် နေချင့်စဖွယ် ဘုံဗိမာန်ကြီး တစ်ခု ဖြစ်လာမည် မှာ မလွဲချေ။ ထို့အတူ အကြင် ပုဂ္ဂိုလ်သည်  သူ့ဘက် ကိုယ့်ဘက် မျှတစွာ ကြည့်တတ်သော စိတ်ကောင်း စေတနာကောင်းတို့ဖြင့် မိတ်ဆွေကောင်းတို့၏ အရည့်အသွေးကောင်းတို့ကို မွေးမြူထားအံ့။ ထိုသူသည် မိတ်ကောင်းဆွေကောင်း တို့၏ အကူအညီကို ရ၍ ကြီးပွားချမ်းသာလာမည်ကား အမှန်ပင် ဖြစ်ပါတော့သည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
 

အလုပ်ခွင်တွင် အနားယူအပန်းဖြေခြင်း



လေ့ကျင့်ခန်း(၁)
ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်ထားပါ ၊ဘယ်ဘက်လက်ကိုဗိုက်ပေါ်တွင် ထားပြီး မျက်လုံးကို အသာမှိတ်ထားလျက် အသက်ရှုလေ့ကျင့်မှုကို ပြုလုပ်ပါ။ အသက်ရှုသွင်းမှု ၊ အသက်ရှုထုတ်မှု များကို  နှာခေါင်းမှ ပြုလုပ်ပါ ။ သင်၏ ၀မ်းဗိုက်ကို ဖောင်းလိုက၊ ပိန်လိုက် ဖြစ်အောင် အသက်ရှုလေ့ကျင့်မှု ကိုပြုလုပ်ပါ။

လေ့ကျင့်ခန်း(၂)
အင်္ကျီလည်ပင်းကြယ်သီးကို ဖြုတ်ထားပါ၊ ဦးခေါင်းကို နောက်ဘက်သို့ လှန်ထားပါ။ သင်၏ လက်များကို ပခုံးပေါ်တွင် တင်ထားပါ။ ဘယ်လက်ကို ဘယ်ပခုံး၊ ညာလက်ကို  ညာပခုံးပေါ်တွင် တင်ထားပါ။ အသက်ကို ရှုထုတ်လိုက်ရင်း ဦးခေါင်းကို နောက်ဘက်သို့ လှန်လိုက်ပါ။ သင့်လက်များဖြင့် ပခုံးကြွက်သားများအပေါ် တဖြည်းဖြည်း နှိပ်ပြီးအောက်မှ အထက်သို့ ဆွဲနှိပ်ပါ။ ဤလေ့ကျင့်မှုကို အချိန်များစွာ ပြုလုပ်ပါ။

လေ့ကျင့်ခန်း(၃)
သင်၏ဘယ်လက်ကို ညာပခုံးပေါ်တွင် ထားပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တော်တော်ကြာအောင် နှိပ်ဖိထားပါ။ ထို့နောက် လွှတ်လိုက်ပါ။ ဤနည်းအတိုင်း ပခုံးနှင့် လက်မောင်း များတွင်လည်း ညင်ညင်သာသာ နှိပ်နယ်ပေးပါ ။ သင်၏ ညာလက်ကို ဘယ်ပခုံးပေါ်တွင် တင်ထားပြိး အလားတူ လေ့ကျင့်မှုကို ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း(၄)
သင်၏ လက်ချောင်းလေးများကို သင့်ဦးခေါင်းခွံ၏ နောက်ဘက် အောက်နားတွင် ထားပြီး လက်ဆယ်ချောင်း စလုံး သုံးပြီး ဖြည်းဖြည်း နှိပ်နယ်ပေးပါ။ ဦးခေါင်းခွံ အောက်ဘက်နားမှ အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာပြီး လည်ပင်း ၊ ထို့နောက် ပခုံးအထိ ဖြည်းဖြည်း နှိပ်ပေးပါ။

လေ့ကျင့်ခန်း(၅)
သင်၏ဘယ်ဘက်လက်ကို ညာဘက်ပခုံးထက်တွင်တင်ထားပါ။ ဘယ်ဘက်လက်၏ တံတောင်ဆစ် ကိုညာဘက်လက်ဖြင့် မထားပါ။ တံတောင်ဆစ် အမြင့်နှင့် ပခုံးတို့ တစ်တန်းတည်း လောက်ဖြစ်အောင် မတင်ပါ။ ဘယ်ဘက်လက်ချောင်းလေးများဖြင့် ညာပခုံး ထိပ်ပိုင်းလေးများကို ဖိနှိပ်ပေးပါ။ ဘယ်ပခုံးကိုလည်း ညာလက်ဖြင့် အထက်ပါအတိုင်း နှိပ်နယ်လေ့ကျင့်ပေးပါ။

လေ့ကျင့်ခန်း (၆)
သင်၏ လက်နှစ်ဖက်ကို ဦးခေါင်းထိပ်ပေါ်တွင် တင်ထားပါ။ သင်၏ ဦးခေါင်း ကို ရှေ့ပိုင်း အောက်ဘက်သို့ သာသာ ဆွဲချပါ။ ဆွဲချထားသော အနေအထားကို ခဏကြာကြာ ထိန်းထားပါ။ ထိုသို့ပြုလုပ်ထားသဖြင့် နောက်ကျောဘက်တွင် တင်းလာသည့်ခံစားမှုရှိလာအောင် ဦးခေါင်းကို ဆွဲထားပါ။

လေ့ကျင့်ခန်း(၇)
သင်၏ ဘယ်ဘက်ပခုံးကို အပေါ်သို့ ပင့်တင်လိုက်ပြီး နောက်ဘက်မှာ ရှေ့ဘက်သို့ ၀ိုင်းလှည့်ပေးသော လေ့ကျင့်မှုကို ပြုလုပ်ပါ။ ထို့နောက် ညာဘက် ပခုံးကို  အလားတူ လှုပ်ရှားလေ့ကျင့်ပေးပါ။ ထို့နောက် ပခုံး နှစ်ခုလုံးကို တစ်ပြိုင်တည်း ပင့်တင်လျှက် နောက်ဘက်မှ ရှေ့ဘက်သို့ ၀ိုင်းလှည့်ပေးသော လေ့ကျင့်မှု ပြုလုပ်ပေးပါ။ ဤလေ့ကျင့်ခန်းပြုလုပ်ရာတွင် သင်၏ လက်မောင်းကို အသက်သာဆုံး အနေအထားမျိုးဖြစ်အောင် လျှော့ထားပါ။

ဒေါက်တာသိန်းလွင်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

မျက်လုံးအားကောင်းစေမယ့် ယောဂကျင့်စဉ်

လေ့ကျင့်ခန်း(၁)
မျက်ခုံးကိုပင့်၊ မျက်လုံးကိုပြူးပါ၊ မျက်ဆံတွေက ရှေ့တည့်တည့်ကို စိုက်ကြည့်ထားရပါမယ်။ လက်ခလယ် နှစ်ဖက်က မျက်လုံးနှစ်ဖက်ရဲ့ ထောင့်စွန်းများကို ဖိပြီး အပေါ်သို့ ဆွဲတင်ထားပါ။

လေ့ကျင့်ခန်း(၂)
ဘယ်ဘက်လက်က ခါးကိုထောင်ပြီး ညာလက်ညှိုးကို ညာမျက်လုံးအပေါ် ၄၅ ဒီဂရီ ကျလောက် တွင် ထောင်ကာ မျက်လုံးများက ထောင်ထားသော ညာလက်ညှိုးကို စွေပြီးကြည့်နေပါ။
ထိုပုံစံတိုင်း ၁ မှ ၂၀ အထိ ရေတွက်ကာနေပါ။

လေ့ကျင့်ခန်း(၃)
ညာဘက်လက် က ခါးကိုထောင်ထားပြီး ဘယ်ဘက်လက်ညှိုးကို ဘယ်မျက်လုံးအပေါ် ၄၅ ဒီဂရီကျကျလောက်တွင် ထောင်ကာ မျက်လုံးများက ထောင်ထားသော ဘယ်လက်ညှိုးကို စွေပြိး ကြည့်နေပါ။

ထိုပုံစံတိုင်း ၁ မှ ၂၀ အထိ ရေတွက်ကာနေပါ။

သတိပြုရန်
မျက်လုံးများ စွေကြည့်သည့် အခါ ဦးခေါင်းကို မလှုပ်ရပါ။ မျက်လုံးများကပဲ စွေကြည့်ပါ။

အကျိုးကျေးဇူး
မျက်ခုံးကို ပင့်ထားတဲ့အတွက် မျက်ခွံမကျစေပါ။

မျက်လုံးကို ပြူးထားတဲ့အတွက် မျက်လုံးများမှာရှိတဲ့ သွေးကြောများကို ဆန့်လိုက် သလိုဖြစ်လို့ မျက်လုံးမှိတ် တုတ် မှိတ်တုတ်ဖြစ်ခြင်း ၊ မျက်ကြောလိုက်ခြင်းတို့ကို မဖြစ်စေပါ။

မျက်လုံးအရည်တောက်ပါစေပါတယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

မလိုအပ်သော သောက

ကျွန်မတို့အားလုံးရဲ့ ဘ၀မှ အချိန်ပိုင်းတစ်ခုမှာတော့ စိုးရိပ်သောက ဖြစ်ဖူးခဲ့ကြတာချည်းပါပဲ. . . တချို့သော သူတွေက စိုးရိမ် သောကဖြစ်ရတာ အကျင့်ပါနေတတ်ကြပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ သောက မဖြစ်ရရင် မနေနိုင်တဲ့သူတစ်ဦး မဟုတ် တစ်ဦး က တော့ရှိနေတတ်ပါတယ်. . ရောဂါ ကူးစက်မှာ စိုးရိမ်ပြီး ဆပ်ပြာတစ်တုံး ကုန်အောင် ရေချိုးတတ်သူတွေ၊ ရွံတတ်တဲ့ စိတ်နဲ့ ခဏခဏ လက်ဆေးတတ်သူတွေ ၊ တောင်ကုန်းပေါ်လမ်းလျှောက်ရင် မြေပြိုကျပြီးသမှာ စိုးရိမ် တတ်သူတွေ ၊ အပြင်ကပြန်မလာသေးတဲ့ အိမ်သားတစ်ယောက် ဟာ လမ်းမှာ ကားတိုက်ပြီလား ၊ လူဆိုးတွေနဲ့ တွေ့နေပြီ လားလို့တွေးပြီး သောက ဖြစ်နေတတ်သူတွေကို စာဖတ်သူတို့ ကြုံဖူးကြမှာပါ ။

သောကဆိုတာ ကြောက်ရွံ့ခြင်း ကြောင့် နောက်ဆက်တွဲ လိုက် လာတတ်တဲ့ စိတ်ခံစားမှု ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ကုန်ခန်း သွားစေတဲ့ခံစားမှုပဲ မဟုတ်ပါလား။နှလုံးရော ဂါနဲ့  သွေးတိုးရောဂါ တွေတောင် ဖြစ်ပေါ် လာစေနိုင်ပါတယ် ။ သောကဆိုတာ ဖြစ်တည်နေစေဖို့ ဆိုးဆိုး ၀ါးဝါး အဖြစ် တစ်ခု ဖြစ်တော့မယ်လို့ စိတ်ထဲက တွေးထင်နေရပါတယ်။ တကယ်တော့ ကျွန်မတို့ စိုးရိမ်နေတဲ့ အရာက ဖြစ်မလာသေးပါဘူး။ အဲဒီ မကောင်းတဲ့ အရာကို အဓိပ္ပါယ် ဖွင့်ဆိုရရင်တော့ စိတ်ကူးယဉ် မှုပါပဲ သောကဆိုတာ မိမိဘာသာ ထွင်ဖန်တီးထားတဲ့ စိတ်အခြေအနေ ဖြစ်တဲ့ မလိုအပ်တဲ့ ကြောက်ရွံ့မှုလို့ နားလည်ထားဖို့လိုပါတယ်။ ဒါပေမယ့် လည်း ကျွန်မတို့ အများစုကတော့ သောက ဖြစ်မြဲပါပဲ။

ကျွန်မတို့ စိုးရိမ်သောကဖြစ်ရခြင်းရဲ့ အကြာင်းတစ်ခု က ကျွန်မတို့မှာ ထိန်းချု့်နိုင်တဲ့ အင်အားမရှိဘူးလို့ ခံစားရခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ - ကျွန်မတို့ရဲ့ ရင်သွေးတစ်ဦးဦးရဲ့ ပတ်ဝန်းကျင်မှာ မပေါင်းသင်းအပ်တဲ့ သူတွေ ၊ လူနေမှု စရိုက်မတူညီသူတွေ ရောက်လာမယ်ဆိုရင် ခြေလှမ်းများ မှားသွားမလား မသင့်တော်တာတွေ ဖြစ်လာမလားလို့ မိဘများမှာ စိုးရိမ်သောက ရောက်ကြရပါတယ်။ ဒါပေမယ့်လည်း မျှော်မှန်းပြီး သာ စိုးရိမ်ရတာပါ။ သူကိုယ်တိုင် နားလည်သဘောပေါက်ပြီး ထိန်းသိမ်းသွားနိုင်ရင် သူ့ဘ၀ ချောမွေ့သွားမှာပါ ၊ စိတ်ဓာတ် ရင့်ကျက်ဖို့နဲ့ အမှားအမှန်ခွဲခြားနိုင်ဖို့ပဲ အရေးကြီးပါတယ်။ တရားသဘော အရ သောကဆိုတာ ဒေါသပဲဖြစ်လို့ သောကများလေ အကုသိုလ် ဖြစ်လေပါပဲ။ အကောင်းဆုံးကတော့ စိတ်အေးအေးထားပြီး သူ့အပေါ် မှာ  မေတ္တာပို့ပေးဖို့ပဲ ဖြစ်ပါတယ်။ အမေ့ရဲ့ မေတ္တာ ဂရုဏာကြောင့် သားလေးလမ်းမှားမလိုက်မိဘဲ အသိဥာဏ် ရှိရှိ ဆင်ခြင်နိုင်ပါစေ လို့ ဆုတောင်းပေးနိုင်ပါတယ်။ ဒီလိုမဖြစ်လာဘဲ စိုးရိမ်သောက ဖြစ်တဲ့အတိုင်း ဆိုးဝါးတဲ့ အခြေအနေထဲကို ရောက်သွားပြီ ဆိုရင်တော့ နှလုံးသွင်း ဆင်ခြင် စရာ နည်းလမ်းရှာကြည့်ရတော့မှာပါ။

လူဆိုတာ ပျက်စီးဖို့လမ်းကြောင်း မှားဖို့ အချိန်တန်လာရင် ဘယ်လိုနည်းနဲ့မှ မကာကွယ်နိုင်ပါဘူး ဆိုတဲ့ အတိုင်း ဖြေသိမ့် ဆင်ခြင်လိုက်မယ် ဆိုရင် သက်သာရာရပြီး သောက ဒေါသ မဖြစ်တော့ပါဘူး။ အဲလိုပါပဲ ကိုယ်ချစ်တဲ့ သူတစ်ယောက်ယောက်က  ရာသီဥတု ဆိုးဝါးလှတဲ့ အချိန်မှာ ကားမောင်းပြီးတော့ အိမ်ပြေန်လာနေတယ် ဆိုရင် စိတ်ပူပင်မိမှာပါ ။ ဒါပေမယ့် လည်း သူ့ရဲ့ ခရီးအဆုံးကို ဘေးမသီ ရန်မခဘဲ ရောက်လာတဲ့ အထိတော့ သောက ဖြစ်နေပါတယ်။ ထိန်းချုပ် နိုင်တဲ့ အင်အား ရှိတယ် ဆိုတဲ့ အသိနဲ့ ကြိုးပမ်း မှုတစ်ခုပါပဲ။ တကယ်တော့ သောကငယ် ဖြစ်နေတာက အကျိုးရှိတဲ့ ရလဒ်ကို မပေးနိုင်ပါဘူး။ ပြီးတော သောက က ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို မနှစ်မြို့ဖွယ်အကျိုး သက်ရောက်မှု ကို ရစေပါတယ်။ 

သောက က စိတ်ကူးမျှော်မှန်းခြင်းကို အသုံးပြုသလို၊ သောကဖြေဆေးကလည်း စိတ်ကူးစိတ်သန်းကို အသုံး ပြုရမျာ ဖြစ်ပါတယ်။ နောက်တစ်ခါ စိတ်သောက ရောက်လာရင် အဆိုးဆုံး ရလဒ်ကို မျှော်မှန်းမယ့် အစား အကောင်း ဆုံး ရလဒ်ကို မှန်းဆလိုက်ပါ။ ချစ်ခင်သူလာနေတဲ့ လမ်းက ဖြောင့်ဖြူးနေတယ် လို့ မြင်ယောင် လိုက်ပါ။ စိတ်ထဲမှာ ချောမောစွာ န်ြလည်ရောက်ရှိလာတာကို ကြည်လင်ပြတ်သား စွာ မြင်ကြည့်လိုက်ပါ။ သူတော်ကောင်းတွေ ၊ နတ်ကောင်း နတ်မြတ်တွေက စောင့် ရှောက်ပေးနေတယ် လို့ စိတ်ကူးလိုက်ပါ။ 

သားအတွက် စိုးရိမ်မိတယ် ဆိုရင်လည်း  သားလေးက စိတ်ကောင်းရှိတဲ့သူပါ။ အခုဖြစ်နေတဲ့ အဟန့်အတားတွေက ခဏပဲ နေမှာပါ မကြာခင် အားလုံး ပြေလည်သွားလိမ့်မယ် လို့ စိတ်ထဲ က မျှော် မှန်းထားပါ။ ကြောက်ရွံ့စိုးရိမ်ပြီး စိတ်မသက်မသာ ဖြစ်နေမယ့်အစား အေးငြိမ်းခြင်းနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ခြင်းကို အစပျိုါ်လိုက်စေလိုပါတယ် ။ စောစောက ပြောခဲ့တဲ့အတိုင်း မေတ္တာပို့လွှတ်ပြီး နေ လိုက်ဖို့ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ပြီး သားလည်း အန္တရယ် ကင်းသွားပါလိမ့်မယ်။ 

ကျွန်မတို့ သောကဖြစ်ရတဲ့ နောက်ထပ် အကြောင်း တစ်ခုက ကျွန်မတို့က ပြီးပြတ်အောင် မရှင်းလင်းဘဲ ရှောင်ရှားနေမိတဲ့ အကြောင်း တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ - ကားစောင့်ခ ငွေမပေးရသေးတာ၊ လုပ်ရမယ့် အလုပ်ကို ချောင်ထိုးထားမိတာ၊ မိတ်ဆွေ တစ်ယောက်နဲ့ ပြသာနာကို မဖြေရှင်းသေးတာ စသည်တို့ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေမှာ ကျွန်မတို့ စိုးရိမ်ပူပန်နေရပြီဆိုတာကို အသိ အမှတ် ပြု လိုက်ပြီး  ပြီးပြတ်  အောင်   ဆောင်ရွက်လိုက်တာ က အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မယ်။ အခြေအနေကို ရင်ဆိုင်ပြီး ကိုယ်ပိုင်အင်အားနဲ့ ပြောင်းလဲပစ်လိုက်ပါ။ ဒါဆိုရင် သောက ဖြစ်စရာ ဘာ အကြောင်း  မှ မရှိတော့ ပါဘူး။

ခင်စောတင့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

အချစ်နဲ့စိတ်ကူးယဉ်မှု

တစ်ခါကပါ

ကျွန်မသူငယ်ချင်း တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တုန်း

ချစ်သူတွေ အကြောင်း ရောက်သွားပါတယ်။

ကျွန်မ သူငယ်ချင်း  တစ်ယောက်က

သူ့ရဲ့ အိပ်မက်ထဲ က ချစ်သူ့ပုံရိပ်အကြောင်း ပြောပါတယ်။

"ငါ့ ချစ်သူက အရပ်မြင့်ရမယ်၊ အသားဖြူရမယ်၊ ပညာတော်ရမယ်၊ စိတ်ကောင်းရှိရမယ်။"

သူ့ရဲ့ သတ်မှတ်ချက်တွေက မနည်းလှပါဘူး။

ကာလတော်တော်ကြာ ပြီး တစ်နေ့မှာတော့

သူနဲ့ ကျွန်မ တို့  ပြန်ဆုံဖြစ်ပါတယ်။

"ဒါ.....ငါ့အမျိုးသားလေ"

မိတ်ဆက်ပေးပါတယ်။ သူပြောခဲ့တဲ့ သူ့ရဲ့ ချစ်သူ ပုံရိပ်ကို သတိရသွားတဲ့အခါ သူအမျိုးသားကို အားနာသွားမိပါတယ်။

လွဲနေတာကိုး

ပြီးတော့ သူကပဲ ကျွန်မ အတွေးကို သိနေလို့လားမသိ၊ ပြောသွားပါသေးတယ်။

"အချစ်ဆိုတာ ဘယ်လို စည်းကမ်း ၊ သတ်မှတ်ချက် မျိုးကိုမဆို ပျောက်ပျက်သွား စေနိုင်တယ်တဲ့ ...."

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ချစ်ခြင်း၏ လှို့ဝှက်ချက်များ


Loving can sometimes
take away a lot from us, 
but whether you see it or not, 
not loving always takes away more.
In fact, it takes you away from your deepest desire.

ချစ်တတ်ခြင်းသည်
ကိုယ်တို့ သိမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ
တစ်ခါတစ်ရံမှာ...
 ကိုယ်တို့ထံမှ အရာများစွာကို ယူဆောင်သွားနိုင်ပါတယ်။

မချစ်တတ်ခြင်းကတော့
အမြဲတမ်း (အရာများစွာကို) ပိုပြီး ယူသွားတတ်လေရဲ့။
အမှန်တော့
မင်းကို အနက်ရှိုင်းဆုံး အလိုဆန္ဒတွေဆီက
ယူဆောင်သွားခဲ့တာပါပဲ။

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ခါးသေးစေတဲ့ ယောဂကျင့်စဉ်

လေ့ကျင့်ခန်း(၁)
ပေါင်ကားရပ်ပါ။ (ပုံ-၁)

လေ့ကျင့်ခန်း(၂)
ညာဘက်လက်ကို ဘယ်ဘက်သို့ ဆန့်ထုတ်ပြီး ဘယ်လက်ကို ရင်ဘတ်နားတွင် ကပ်ထားပါ။ ပုံ(၂)

လေ့ကျင့်ခန်း(၃)
ဘယ်လက်ကို ညာဘက်သို့ ဆန့်ထုတ်ပြီး ညာလက်ကို ရင်ဘတ်နားတွင ကပ်ထားပါ။ ပုံ(၃)

ပုံ(၁)


ပုံ (၂)

ဤကဲ့သို့ တစ်လှည့်စီ အကြိမ် ၂၀ ခန့် ပြုလုပ်ပေးပါ။

သတိပြုရန်

လေ့ကျင့်သည့်အခါ တင်ပါးနှင့် ခန္ဓာကိုယ် အောက်ပိုင်းကို ငြိမ်အောင် ထားပြီး ခါးနှင့် ခါးအပေါ်ပိုင်းကိုပဲ လှုပ်ရှားပေးပါ။
ပုံ(၃)
အကျိးကျေးဇူးများ
  • ခါးကိုသေးစေပါတယ်
  • နောက်ကျောပြင်တစ်လျှောက်ရှိ အဆီများကို ကျဆင်းစေပါတယ် 
  • ဦးခေါင်းကိုပါ လိုက်လှည့်သည့်အတွက် ပခုံးကြောများကိုလည်း ပြေစေပါတယ် 
  • အုံးလွဲခြင်းကို သက်သာစေပါတယ်။
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ခေါင်းဆောင်ကောင်းတစ်ယောက်

တပည့်ကောင်း မဖြစ်ခဲ့တဲ့သူဟာ
ဆရာကောင်းလဲ မဖြစ်နိုင်ပါဘူး။

ခေါင်းဆောင်ကောင်း ဆိုတာ
မိမိဦးဆောင် အောင်မြင်သော ကိစ္စတိုင်းကို
မိမိရဲ့ လက်အောက် က လူတို့၏
စွမ်းဆောင်နိုင်မှုအဖြစ်
အသိအမှတ်ပြုတတ်တယ်။

မိမိလက်အောက်ငယ်သားကို
ချီးကျူး ဂုဏ်ဖော်ပေးခြင်းဖြင့်
ခေါင်းဆောင်လုပ်သူတစ်ယောက်၏
ဂုဏ်သရေ နည်းပါးသွားတယ်ဆိုတာ
မရှိဘူး။

အောက်လက်ငယ်သားတို့၏ စိတ်၌
မိမိတို့အား လူသိထင်ရှား
ဖော်ထုတ် ချီးကျူးသည့်အတွက်
မိမိခေါင်းဆောင်အပေါ်မှာ
အရိုးကြေကြေ
အရေခန်းခန်း
ဆောင်ရွက်ပေးလိုတဲ့ စိတ်တွေ
တဖွားဖွား ပေါ်လာမှာ မလွဲဘူး။

ဒီလိုမဟုတ်ဘဲ
အောက်လက်ငယ်သားဂုဏ်ကို မဖော်ဘဲ
ငါ့ကြောင့်
ငါတော်လို့
ဒီလို အထင်ရောက်နေမယ်ဆိုရင်
တပည့်တွေဟာ
ကိုယ် ထင်ထားသလောက်
အကျိုးပြုမယ်လို့ မထင်ပါဘူး ။


အိန်ဂျယ်လ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

အပြစ်ဒဏ်သင့်

မပြစ်မှား ထိုက်သူတွေကို ပြစ်မှားရင်  ခဲခဲယဉ်းယဉ်းနဲ့ ရထားတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတတ်တယ်။

အိမ်မှာ ရှိတဲ့ စပါးက ပုပ်သွားတတ်တယ်။

ရွှေတွေက မီးကျီးခဲ့ ဖြစ်သွားတတ်တယ်။

ပုလဲက ၀ါစေ့ ဖြစ်သွားတတ်တယ်။

ငွေအသပြာက အိုးခြမ်းကွဲ စသည် ဖြစ်သွားတတ်တယ်။

ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တ၀ါတွေဟာ ကန်းတာ ၊ ကွေးကောက်တာ စသည် ဖြစ်သွားတတ်တယ်။

(ဓမ္မပဒ၊ဋ္ဌ၊ဒု၊၄၅)


ကိုယ့်ရဲ့ ရန်သူက ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်နိုင်တာထက် ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်ထားက ဒုက္ခရောက်အောင် လုပ်တတ်ပါတယ်။ စီးပွားရေး မပျက်လိုတဲ့ စည်းစိမ်ရှင်ဟာ မပြစ်မှားထိုက်တဲ့ သူတော် ကောင်းတွေကို မပြစ်မှားမိဖို့ အရေးကြီးပါတယ်။

 ပြစ်မှားရင် စီးပွားရေးလည်း အကြီးအကျယ် ပျက်စီးတတ်ပါတယ်။ ထိခိုက်တတ်ပါတယ်။ စီးပွားတက်လေလေ သူတော်ကောင်းတွေကို လေးစား ရိုသေနိုင်လေလေ ဖြစ်ရပါမယ်။ စီးပွား မာန်တက် ပြီး မလုပ်သင့်တာလုပ်၊ မပြောသင့်တာ ပြော၊ မကြံသင့်တာ ကြံရင် မကြာခင် စီးပွားရေး ကျဆင်းကြရပါမယ်။

 သာမဏေကျော်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

အိမ်နီးချင်းကောင်း

အိမ်နီးချင်းကေားင်ပါမှ
ကြင်ရာကောင်း ညားစရာ
ပြောရိုးစဉ်လာ၊
မိတ်ဆွေ စစ် မိတ်ဆွေညာ
လေ့လာကာ ခွဲခွဲခြားခြား
ပတ်ဝန်းကျင် အလေးထား
ဆိုရိုးစကား။

ဆီသတ်ကြော် အညှော်ပြင်း
အိုမင်းနဲက လူမမယ်( မည်)
ညှော်ကြောက်သည့်အရွယ်
နာဖျားသည့် ဝေဒနာသည်
လွတ်အောင်ကွယ် ရှောင်နိုင်ဖို့ ။
သံကျယ်ကျယ် အော်ပါစို့
ညှော်ကြမယ်ဗျို့။


ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

လေဆန်ငှက်

လောကဓံ တိုက်ပွဲ
အနိုင်ကြဲဖို့
အသိုက်ထဲမှ
ထွက်ခဲ့သည်။

တိမ်ညိုသိမ့်သိမ့်
မိုးခြိမ့်ခြိမ့်နှင့်
သောသော ဆူညံ
ထက်ဘယံမှာ
လေနီကြမ်းဆင်
လမ်းမမြင်လည်း
အားမာန်ကို တင်း
လေဟုန်ခွင်းလျက်
အမြင့်ပျံတက်
လေဆန်ငှက်။

တစ်ထောက် မနား
အတောင်အားဖြင့်
ဝံ့ကြွား တွန်းလှန်
အားမတန်လည်း
လေဟုန် မစီး
ရှေ့ခရီးသို့
စိတ်အားမာန် ဇွဲ
လုံ့လခဲသည်
အားတင်းပျံတက်
လေဆန်ငှက်။


အိန်ဂျယ်(လ်)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ဗုဒ္ဓဘာသာဝင်တို့၏ ဂုဏ်ရည်

အဖိုးတန် ရတနာနှင့်တူတေသာ ဥပါသကာ ခေါ်  ဗုဒ္ဓဘာသာဝင်တို့၏ ဂုဏ်ရည် များမှာ-

၁။ ရတနာသုံးပါးအပေါ်၌ နှစ်နှစ်ကာကာ ယုံကြည်ခြင်း။

၂။ ကိုယ်ကျင့်သီလရှိခြင်း။

၃။ အထူးအဆန်း ဖြစ်ပေါ်လာသော အမြင်အကြား အထိအတွေ့တို့ကို ကြီးပွားချမ်းသာကြောင်း မင်္ဂလာ ဟု မယုံကြည်ခြင်း။

၎။ လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံ ကံ၏ အကျိုးကိုသာ အနှစ်သာရ အားဖြင့် ယုံကြည်ခြင်း။

၅။ ဗုဒ္ဓသာသနာတော်အတွင်း၌သာ မြတ်သော အလှုခံ ပုဂ္ဂိုလ်ကို ရွေးချယ် စီစစ်၍ ဦးစွာ ပေးလှူ ကြည် ဖြူ မြတ်နိုးခြင်း တို့ဖြစ်သည်။

ဤ ဂုဏ်ရည် ငါးမျိုးနှင့် ပြည့်စုံ ညီညွတ်ပါက တော်ဝင် ရတနာနှင့် တူသော ဥပါသက အစစ် တကယ့် ဗုဒ္ဓဘာသာဝင် ဖြစ်သည်။


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

သမီးလေးဖတ်ဖို့

သမီး

လူတွေကို မုန်းတီးခြင်းဟာ
ကြွက်တစ်ကောင်ကို ဖယ်ရှားလိုတဲ့အတွက်
ကိုယ့်အိမ်ကို ကိုယ် မီးရှို့တာ နဲ့ တူသတဲ့။
ဒါကြောင့် လူတွေကို မမုန်းနဲ့နော်။

ဟို လူမုန်း ဒီ လူမုန်းနဲ့
နာကြည်း မုန်းတီးခဲ့တာတွေ ရှိခဲ့ရင်
ဖြေ ဖျောက် ပစ်လိုက်ပါတော့

နှလုံးသားထဲမှာ အမုန်းတရားတွေ
သိမ်းဆည်း မထားပါနဲ့။

ကိုယ်ပဲ ပူလောင်နေမှာပေါ့
သမီးလေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ရွှင်လန်းနေတာပဲ မြင်ချင်တယ်ကွယ်။

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

အစားထိုးခြင်း


ကျွန်တော့ဆီကို မိတ်ဆွေ တစ်ယောက် ရောက်လာပါတယ်. . . သူ့ချစ်သူနဲ့ လမ်းခွဲလာတဲ့ အကြောင်း လာပြောပြတာပါ. . . မာနသံလေးကလည်း သူ့စကားလုံးတိုင်းမှာ ပျော်ဝင်လို့ နေပါတယ်..

"သူနဲ့ လမ်းခွဲရလည်း ၀မ်းနည်းစရာ မဟုတ်ပါ ဘူး ဗျာ. . . အစားထိုးစရာ မိန်းမတွေ အများကြီးပါပဲ  အစားထိုးလိုက် တာပေါ့. . . .ဘယ်ရမလဲ. . "

ဒါပေမယ့် ဗျာ. . .

"အစားထိုးတယ်ဆိုတာ လမ်းပေါ်က ချိုင့်ခွက် တစ်ခု ကို ရေဖြည့်ထားသလိုပါပဲ. .

အပေါ်ယံတော့ လမ်းက ချောလို့ပေါ့. နင်းမိရင် တော့. . ."

သူ့စကားကို အဆုံး မသတ်သေးပါဘူး. .

ငေးနေတဲ့ ညနေခင်းဟာ လွမ်းဆွတ်ဖွယ်ရာ အတိပြီးပါတယ်...

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ဝေသာလီ၌ ဘေးကြီးဆိုက်နေစဉ် အရှင်အာနန္ဒာ ရတနသုတ်ပရိတ် ရွတ်နေပုံ

ဝေသာလီပြည်၌ မိုးခေါင်သောကြောင့် ငတ်မွတ်ဘေးကြီးဆိုက်၍ လူအများ သေကြ၏. သူသေကောင်တွေ ၏ အနံ့ကြောင့် သားရဲ ဘီလူးတို့ မြို့တွင်းသို့ ၀င်လာသဖြင့် သာ၍ အသေများ၏.. . . ထိုဘေးကြီးကို ကာကွယ်ဖို့ နည်းလမ်းရှာ ကြံကြလေရာ ဗုဒ္ဓမြတ်စွာကို ပင့်ဖို့ရာ သဘောတူသောကြောင့် ရာဇဂြိုလ်မှ  သံဃာတော်များနှင့် တကွ ပင့်ကြလေသည်။
ဗုဒ္ဓမြတ်စွာ ၏ လှေ ဖာင်တော်ကြီးဆိုက်ချိန်မှာပင် မိုးကြီးသည်းထန်စွာ ရွာသောကြောင့် လူသေ အလောင်းများ မျောပါ သွားသဖြင့် သန့်ရှင်းနေနှင့်လေပြီ. . မြို့တော်တံခါးပေါက်သို့ ရောက်သောအခေါ အရှင် အာနန္ဒာသည် ရတနသုတ်ပရိတ်တော်ကို သင်ယူ၍ လိစ္ဆ၀ီမင်းသား တို့ကိုခြံရံစေလျက် သပိတ်တော်မှ ရေကို ဖျုန်းကာ ဖျန်းကာ မြို့ရိုး ၃ ထပ် အကြား၌ လှည့်ပတ် ရွတ်ဆိုလေရာ မကောင်းဆိုးဝါး ဟူသမျှ ပြေးကြ၍ ရောဂါ အားလုံး ကင်းငြိမ်းရလေသည်။

VENERABLE ANANDA RECITING RATANA SUTTA PARITTA TO RELIEVE THE PEOPLE OF VESALI FROM ATTACKS OF FAMINE AND PESTILENCE

There was scarcity of rain at Vesali (modern Besah) and many people died from the effects of famine which attacked it. The offensive smell the corpses brought demons and ogres into the town and there were more deaths. To make matters worse, a disease very much like modern plague broke out, and there were still more deaths. The people discussed ways and means of relief from attacks of famine and disease. They eventually agreed to invite the Buddha for that purpose , and requested the Blessed one to come over from Rajagaha together with his retinue of monks. When the Blessed one arrived at Vesali in the royal barge there was a heavy downpour of rain which washed away all the corpses and the town had become clean. On arrival at the city gate the Venearable Ananada learnt the Rantana Sutta Paritta and recited it by walking round the city in between its three walls, and sprinkling the holy water from his bowl now and again while going round the city with the Licchavi Princess accompanying him. Thus, all the evil spirits were driven away from the city which was  rendered free from diseases.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ဆက်ဆံရာမှာ စိတ်ကောင်းထားပါ

လူ့လောကထဲတွင် လူတစ်ယောက် အဖြစ် အသက်ရှင်နေရစဉ်တွင် လူတိုင်းသည် မိမိနှင့်တွေ့ကြုံဆုံစည်း ရသူတို့နှင့် ပြေပြေလည်လည် ပေါင်းသင်းဆက်ဆံရပြီး ထိုမိတ်ဆွေ အပေါင်းအသင်းများထံမှ မေတ္တာ စေတနာ၊ ကူညီဖေးမမှုများကို လိုချင်ကြသည်ချည်းပင် ဖြစ်သည်။ မိမိနှင့် တစ်ကြိမ် တစ်ခါ တွေ့ဆုံ ဆက်ဆံ လိုက်ရရုံမျှနှင့် ထိုသူ၏ ချစ်ခင်ကြင်နာမှုကို ရယူလိုကြသည်။ အချို့မှာ လူမြင်လျှင် ချစ်ခင်စေပြီး မိမိအလိုကို လိုက်စေနိုင်သော ပီယဆေး၊ အဆောင် လက်ဖွဲ့များကို ပင် ဆောင်ထားလေ့ ရှိကြသည်။

အမှန်မှာ လူတကာ ချစ်ခင်စေသော ပီယဆေးထက် အဆရာထောင်မက တန်ခိုးထက်သော ပီယဆေး တစ်မျိုးကို လူအများက သတိမပြုမိဘဲ မေ့လျှော့နေကြသည်။ ထိုအရာသည် ဆေးလည်းမဟုတ်၊ လက်ဖွဲ့ အဆောင်လည်းမဟုတ်၊ ဂါထာ မန္တာန်လည်း မဟုတ်၊ စိတ်ကောင်းလေး တစ်ခုကို မွေးလိုက်ခြင်းပင် ဖြစ်သည်။

တစ်ဖက်သားကိုယ့်ဘက် ပါလာအောင် ကိုယ့်အပေါ် စေတနာ မေတ္တာများဖြင့် ကူညီချင်လာအောင် ပြုလုပ်ရာ၌ ဤနည်းသည် အခြေခံအကျဆုံး ဖြစ်သည်။ လူ၏ ပင်ကိုယ်သဘောမှာ လူတစ်ဖက်သားကို ကြည့်တတ်ပြီး ကိုယ့်ကိုယ် ကိုမူ ပြန်မကြည့်တတ်ဘဲ လျစ်လျူ ရှုပြုထားတတ်ကြသည်။ ပြန်မကြည့်ဘဲ လျစ်လျူ ပြုထားရသည်မှာလည်း မိမိ၏ အပြစ်၊ အားနည်းချက်၊ ချို့ယွင်းချက်များကို မမြင်မတွေ့ဘဲ မိမိကိုယ် ကို ပြည့်စုံနေပြီဟု အထင်ရောက်နေသောကြောင့် ဖြစ်သည်။

ထိုစိတ်မျိုးမှာ လွဲမှားသော အတ္တစိတ်သာ ဖြစ်သည်။ ထိအတ္တစိတ်သည် စိတ်ကောင်း နှလုံးကောင်း ကို မွေးမြူ ထားခြင်းဖြင့် ရှိသင့်သော အတ္တဖြစ်၍ တစ်ဖက်သားအပေါ်ကိုသာမက မိမိအပေါ်တွင်ပင် အမှန်ကို အမှန်အတိုင်း ရှုမြင်နိုင်သည်။  အမြင်မှန်ကို ရနိုင်စေပါသည်။ 

မျက်နှာက ဘယ်လောက်ပင် ပြုံးနေပြုံးနေ၊ ဘယ်လောက်ပင် ကူညီကူညီ ၊ အတွင်းစိတ်က မရိုးသား၊ မဖြောင့်မတ်လျှင် အချည်းနှီးသာ ဖြစ်ပါသည်။

ဤလူ့လောက အတွင်းရှိ ညှိ့ယူဖမ်းစားထားနိုင်လောက်သော ဆွဲဆောင် အင်အားများထဲတွင် မေတ္တာအင်အား သည် အကြီးမားဆုံးဖြစ်ပါသည်။   အခြားသော ထူးခြားသည့် စွမ်းရည်များ မရှိသော်လည်း မေတ္တာ စွမ်းရည် ရှိလျှင်ပင် စိတ်ကောင်း စေတနာကောင်းတို့သည် လူတွင် ကိန်းအောင်း လာနိုင်သည်။ အရာရာကို မေတ္တာဖြင့် အောင်နိုင်သည်ချည်း ပဲ ဖြစ်သည်။  မေတ္တာတရား ကြီးမားသူများသည် ရန်သူမရှိ၊ ကြောင့်ကြစိုးရိမ်မှု မရှိ နေရသည် ။ သေဆုံးသွားသော အခါ၌ပင်လျှင် ကောင်းရာ သုဂတိသို့ရောက်ရ သည်။ 

ထို့ကြောင့် စိတ်ကောင်း ၊စေတနာကောင်းသည် လူ၌ အသက်တမျှ အရေးကြီးလေသည်။ စိတ်ကောင်း စေတနာကောင်းများ မွေးမြူရေးသည် လူတို့အဖို့ အရင်ဆုံး ဖြည့်ဆည်းပေးရမည့် လိုအင်ဖြစ်သည် ဟု ဆိုရမည်။ 

သူတော်ကောင်းပညာရှိကြီးများက စိတ်ကောင်း စေတနာကောင်း၏ အနက်အဓိပ္ပါယ်ကို ဤသို့ ဖွင့်ဆိုခဲ့ကြသည်။ 

"စိတ်ကောင်း စေတနာကောင်းဟူသည် ထူးခြားသော စိတ်စွမ်းရည် ဖြစ်သည်။ ပြည့်စုံအပ်သော ဂုဏ်ထူး ၀ိသေသများကား များလှပေသည်။ သို့သော အကျဉ်းချုံး၍ စိတ်ကောင်း၊ စေတနာကောင်း ဆိုသော သဘောကို ဖွင့်ဆိုရလျှင် မိမိကိုယ်ကို နှိမ့်ချ အနစ်နာခံပြီး သူတစ်ပါး အကျိုးဖြစ်ထွန်းရေးအတွက် လုပ်ဆောင်တတ်ခြင်း၊ ပြောဆိုတတ်ခြင်း၊ ကြံစည်တတ်ခြင်း တို့ကို ၀မ်းမြောက်ကြည်ဖြူစွာ လုပ်ဆောင်နိုင်ရန် ချီးမြှောက် တွန်းအားပေးနိုင်စွမ်းရှိသည့် စိတ်ဓာတ်မျိုးပင် ဖြစ်သည်။ "

စိတ်ကောင်း စိတ်မြတ်၏ အဓိက ဂုဏ်အင်မှာ မိမိကိုယ်ကို နှိမ့်ချ အနစ်နာခံ၍ တစ်ပါးသူအား ဖေးမမြှင့်တင် ပေးနိုင်ခြင်းပင် ဖြစ်၍ သူတစ်ပါး အကျိုးကို စိတ်နှလုံး ဖြူစင်စွာ ဆောင်ရွက် တတ်သူကို စိတ်ကောင်း စေတနာကောင်း ရှိသူဟု ခေါ်ဆိုရပါမည်။ 

"ပျားရည်ကိုလိုသော် ပျားအုံကို မဖျက်နှင့်" ဟူသော စကားမှာ ပျားဖွတ်သူများအတွက် ရည်ရွယ် ပြောဆိုထားသော်လည်း ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင် အလွန် တာသွားသော အဓိပ္ပါယ် ၊ သဘောတရား တစ်ခု ဖြစ်လေသည်။ လူတစ်ဖက်သားကို ကိုယ့်ဖက်ပါအောင် စည်းရုံးရာတွင် ထိုသူ မကြိုက် မနှစ်သက် ၊ သဘောမကျသော အရာတို့ကို လုံးဝ မပြောဆို ၊ မလုပ်ပါနှင့် ဟု ဆိုလိုပါသည်။ ဤနည်းဖြင့် မိမိအား ပတ်ဝန်းကျင်၏ လေးစား ချစ်ကြည်မှုတို့ကို ရယူနိုင်ပါသည်။ 

စိတ်ကောင်းရှိသော သူသည် မှန်ကန်သော နှုတ်အမူအရာ၊ ကိုယ်အမူအရာရှိသည်။ စိတ်သဘောထား မြင့်မြတ် တည်ကြည်သည်၊ လူတစ်ဖက်သား၏ အကျိုးကိုဆောင်တတ်သည်။  သွင်ပြင် အမူအရာ နှစ်လိုစဖွယ် ရှိသည်။ မျက်နှာမြင်လျှင် ချစ်ခင်စေနိုင်သော ဂုဏ်ထူး ၀ိသေသ ရှိသူ ဖြစ်သည်။ 

ထို့ကြောင့် လူ့လောကအလယ်တွင် သင့်တင့်မျှတစွာ ပေါင်းသင်း ဆက်ဆံနိုင်မှုကို လိုပါလျှင် သို့အတွက် မိမိအတွက် မိတ်ကောင်းများကို လိုပါလျှင် "စိတ်ကောင်းတစ်ခု မွေးမြုပါ" ဟူ၍သာ တိုက်တွန်း အကြံပေးလိုပါသည်။ 

ဦးဝမ်ထိန်
အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

 

ရယ်နေကြလေမလား


"ငါ့ဟာ ငါ့ဟာ " လို့အော်မြည်တတ်လို့ မယှက အမည်ရတဲ့ ငှက်ကလေးဟာ တောင်ပေါ်၊ တောင်အပြင် ချောက်အရပ်တွေ မှာ လှည့်လည်တယ် မှည့်နေတဲ့ ပိတ်ချင်းပင် ပေါ်တက်ကာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်တယ်

အဲဒီငှက်ကလေး အဲဒီလိုအော်မြည်နေတုန်း ငှက်တွေ ရောက်လာကြတယ် ။ ပိတ်ချင်းသီးကို စားပြီး သွားကြတယ်.. . . အဲဒီငှက်ကလေးကတော့ စားနေတဲ့ အဲဒီငှက်တွေကို တားမြစ်ဖို့ရာ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည်နေဆဲပါပဲ. . .

အဲဒီလိ

ုပဲ ၊ ဒီလူ့လောက မှာ တချို့လူဟာ ပစ္စည်းဥစ္စာတွေကို အများကြီး စုဆောင်းတယ် . .ကိုယ့်အတွက်ရော ဆွေမျိုးတွေအတွက်ပါ သုံးထိုက်တဲ့ အတိုင်းအတာနဲ့ မသုံး၊ မပေးကမ်း။

အဲဒီလူဟာ အ၀တ် ၊ အစားအစာ၊ ပန်းနံသာ ဘာကိုမှ တစ်ကြိမ်တစ်ခါမှ မသုံးစွဲ၊ ဆွေမျိုးတွေကို မချီးမြှောက်၊ မထောက်ပံ့၊ မပေးကမ်း၊

အဲဒီလူဟာ "ငါ့ဟာ ငါ့ဟာ " လို့ စောင့်ရှောက်ငာ အော်မြည်ရင်း မင်းတွေ၊ သူခိုးတွေ၊ အမွေခံသားဆိုး၊ သမီးဆိုး တွေက ပစ္စည်းဥစ္စတွေကို ယူသွားကြတယ်. . . . အဲဒီလူက တော့ "ငါ့ဟာ ငါ့ဟာ " လို့ အော်မြည် တမ်းနေဆဲပါပဲ။

ပညာရှိသူဟာ စည်းစိမ်ဥစ္စာတွေကို ရရှိပြီး ကိုယ့်ထံလာတဲ့ မရှိနွမ်းပါး တဲ့ဆွေမျိုးတွေကိုလည်း ချီးမြှေက်ထောက်ပံ့ တယ်. . .အဲဒီလူဟာ အဲဒီလို ထောက်ပံ့မှုကြောင့် ပရိသတ် အလယ်မှာ ထင်ရှားကျော်ကြားတယ်. . . ချီးမွမ်းခံရတယ်. . နောက်ဘ၀ရောက်တော့ နတ်ပြည်မှာ ၀မ်းမြောက် ပျော်ရွှင်ရတယ်။

မယှက ငှက်ကလေးလိုလူတွေက လောကတစ်လွှားမှာ များပြားလှတယ်. . . . အခြားယောကျား(လင်ငယ်)နဲ့ ဖောက်ပြန်ပြီး ရထားတဲ့ သားလေးကို ကိုယ့်သားထင်ပြီး ငါ့သား င့ါသားလို့ ခေါ်ဝေါ်ကာ မြူနေတဲ့ လင်ကြီးဖြစ်သူကို အခြားနေရာမှ လှမ်းကြည့်နေတဲ့ မယားဖြစ်သူက ရယ်ပါသတဲ့. . . . သြော် သူ့သားမဟုတ်တာကို မသိရှာဘူး.. .သူ့သားလို့ ထင်နေရှာတယ်. . . .သနားစရာ ကောင်းလှပါဘိတော့ တယ်လို့ ဆိုသတဲ့. . မယှကငှက်လို လူတွေကိုလည်း ပစ္စည်း ဥစ္စာတွေက အဲဒီမယား ရယ်သလိုများ ရယ်နေကြလေရော့မလား. . . . ရယ်တတ်ရင် ရယ်ကြမယ် ထင်ပါတယ်……
 
သာမဏေကျော်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

အိုစာ မင်းစာ

ငယ်ရွယ် နုပျိုနေစဉ် အခါက ကြိုးစားပြီး ဥစ္စာကို မစုဆောင်း ၊ မရရှိခဲ့လို့ အသက်ကြီးလာတဲ့ အခါ  ပူပန် ၀မ်းနည်းရတယ်. . . သူတစ်ပါး တွေ ချမ်းသာနေကြတာကို ကြည့်ပြီး ကိုယ့်မှာ ဆင်းဆင်းရဲနဲ့ အသက်မွေးရတဲ့အခါ "ရှေးတုန်းက ငါဟာ ဥစ္စာကို မရှာခဲ့ရလေခြင်း" လို့ တွေးကာ ပူပင်ရတယ်။

ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေး လိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ တရားနဲ့ အညီဖြစ်တဲ့ လယ်ထွန်ခြင်းစတဲ့ အလုပ်တွေကို လုပ်ကာ ဥစ္စာကို ရှာဖွေထားကြရပါတယ်။

ငယ်ရွယ်စဉ်အခါ ဆရာတွေထံ ချည်းကပ်ပြီး ငါဟာ ပြုလုပ်နိုင်တဲ့ ဆင်အတတ် စတဲ့ အတတ်ပညာတစ်ခုခု ကို မသင်ခဲ့ရလေခြင်းလို့ တွေးကာ ပူပန်ရတယ်။ အသက်ကြီးတဲ့အခါ အတတ်ပညာမရှိသူမှာ အသက်မွေးရတာ ဆင်းရဲတယ်။ အသက်ကြီးမှ အတတ်ပညာကို သင်ယူဖို့ မတတ်နိုင် ဒါကြောင့် အသက်ကြီးတဲ့အခါ ချမ်းချမ်းသာသာ အသက်မွေးလိုသူတွေဟာ ငယ်ရွယ်စဉ် အချိန်မှာပဲ အတတ်ပညာကို သင်ယူထားကြရပါတယ်။ 

ငယ်ရွယ်စဉ်အခါမှာ ပညာလည်း ရှာရပါတယ်။ ဥစ္စာလည်း ရှာရပါတယ်။ အသက်ကြီးပြီး အိုမင်းလာပြီဆိုရင် ပညာရှာဖို့၊ ဥစ္စာရှာဖို့ အလွယ်ကူလှတော့ပါ။ ငယ်ရွယ်စဉ်မှာ ချောင်ချောင်နေ၊ ပေါ့ပေါ့နေသူတွေဟာ ကြီးလာတဲ့အခါ အဘိုးကြီး ၊ အဘွားကြီးဘ၀မှ အကျပ်တွေ့ကြရပါတယ်။ ငယ်ချောင် ၊ ကြီး ကျပ် ဖြစ်ကြရပါတယ်။   

ကြီးတဲ့အခါ ချောင်ချောင်လည်လည် ဖြစ်ချင်ရင် ငယ်စဉ်ကပဲ ကြပ်ကြပ်မတ်မတ် ကြိုးကြိုးစားစားနဲ့ ပညာကိုလည်း ရှာရပါတယ်။ ဥစ္စာကိုလည်း ရှာရပါတယ်။ 

ပုရွတ်ဆိတ်လေးတွေဟာ အင်မတန်မှ ၀ီရိယကောင်းကြတယ်။ အစာကို ကြိုတင် စုဆောင်းရှာဖွေတဲ့  နေရာမှာ စံနမူနာ ယူလောက်တဲ့ သတ္တ၀ါလေးတွေ ဟာ မိုးအခါ မရောက်ခင် အစာကို ကြိုတင်ရှာဖွေ စုဆောင်းထားကြသလို လူတွေဟာလည်း မအိုခင် ကပဲ ပညာကို လည်း စုဆောင်းရပါတယ်။ ဥစ္စာကိုလည်း စုဆောင်းရပါတယ်။ မစွမ်းဆောင်နိုင်တော့တဲ့ အခါမှာ စားသောက် နိုင်ဖို့ရာ ငယ်ရွယ်စဉ်ကပဲ အိုစာ မင်းစာ ရှာထားကြရပါတယ်။

 သာမဏေကျော်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။