ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စာဖတ်ခြင်း အကျိုးကျေးဇူး

    မနေ့က Reader Channel မှာလာတဲ့ ဆရာကောင်းသန့်ရဲ့.... စာပေဟောပြောပွဲ ကို နားထောင် ဖြစ်ရင်း ဒီပို့စ်လေး ကို ရေးဖို့ ကျွန်မ စိတ်ကူးရပါတယ်...
        ဆရာကောင်းသန့်ရဲ့ ခေါင်းစဉ်ကိုတော့ မမှီလိုက်ပေမယ့် ကျွန်မ နားထောင်တဲ့ အချိန်မှာ ဆရာက ကလေးတွေကို ဇာတ်လမ်းလေး ၁ ပုဒ်ပြောပြနေတာ က စပီး နားထောင်ရပါတယ်..

ဇာတ်လမ်းလေးကတော့- 
    အလွန်ဆင်းရဲတဲ့ အမျိုးသမီး ၁ ယောက်က သူ့မှာ သား၂ ယောက်ရှိပါတယ် တဲ့ သူ့သားလေးတွေ က အဖေ မရှိတော့လို့ အမေကပဲ ကျွေးမွေးပြုစု စောင့်ရှောက်နေရတာပေါ့.. သူ့အမေက သူတို့ မိသားစု စားဝတ်နေရေးအတွက်.... သူများအိမ်မှာ အိမ်အကူ အလုပ်တွေ လုပ်ပီး... ကလေးတွေကို ရှာဖွေ ကျွေးမွေး နေတဲ့ သူပါ... 

     အမေကြီး ဟာ တစ်နေ့ကို အချိန်ပိုင်းနဲ့ အကူအလုပ်ကို ၃ ခုလောက် လုပ်ပါတယ်.... တစ်နေ့တော့ သူသွား အလုပ်လုပ်တဲ့ အိမ်က ချမ်းသာကြွယ်ဝတဲ့ မိသားစု အိမ် ဖြစ်နေပါတယ်... အိမ်ထဲမှာ အလုပ်လုပ် ရင်း သူတွေ့တာက ဗီရိုထဲမှာ စာအုပ်တွေ အများကြီးထည့်ထားတဲ့ စာအုပ် ဗီရိုတွေကို သူအများကြီးတွေ့ ပါတယ်... သူ က စဉ်းစားတာပေါ့ ဒီအိမ်မှာ စာအုပ်တွေ အများကြီး ဘာလုပ် တာလည်း ဆို ပီး သူကတော့ တွေးနေပါတယ်... 

      ဒီလိုနဲ့ သူက နောက် အိမ်တစ်အိမ်ကို ရောက်သွားတဲ့ အချိန်ကြတော့ အဲ့ဒီအိမ်က ခုနက ချမ်းသာတယ် ဆိုတဲ့ ပထမအိမ်ထက် ပိုချမ်းသာပီး ရေကူးကန်တွေ မြက်ခင်းစိမ်းတွေ ကစား ကွင်း တွေနဲ့ တော်တော်လေးကို လှပတာကို သူတွေ့ ရသတဲ့ အဲ့ဒါနဲ့ သူလည်း သူ့အလုပ်တွေ လုပ် ဖို့ အိမ် ထဲကို ရောက်တော့...ပထမအိမ်ထက် များတဲ့ စာအုပ်ဘီရိုတွေက ရယ် လှေကားနဲ့ တက်ယူလို့ ရလောက် အောင် မြင့်မားတဲ့ စာအုပ်တွေကို သူတွေ့ပြန်သတဲ့...အဲ့တော့ သူက ထပ်စဉ်းစားတယ် ပထမအိမ်မှာလည်း စာအုပ်တွေ တွေ့တယ် ခု ဒုတိယအိမ်ကလည်း စာအုပ်တွေ ကို ဒီ့ထက်တောင် များသေးတယ်ပေါ့..

       နောက် သူ နောက် ၁ အိမ်လုပ် ဖို့ သူရောက်သွားပြန်တော့ ဒီအိမ်ကတော့ ပထမ ၂ အိမ်ထက် ပိုချမ်းသာတာပေါ့လေ... ပထမအိမ်တွေ ချမ်းသာတယ် ဆိုတာ သူ့ကို မမှီဘူးပေါ့ ... ဘာထပ်တွေ့ပြန်လည်း ဆိုတော့ စာအုပ်တွေ့ကို စာကြည့်ခန်းသပ်သပ် နဲ့ ထားပီး စာအုပ်စင်တွေကို တစ်ခန်းလုံး အပြည့်သူတွေ့လိုက်ရတယ် စာဖတ်ခန်းမှာ အဲကွန်းနဲ့ စားပွဲနဲ့ ကုလားထိုင်နဲ့ သပ်သပ်ရပ်ရပ်လုပ်ထားတာ သူတွေ့ပြန်သတဲ့... 

       အမျိုးသမီးကြီးဟာ သူ စဉ်းစားသတဲ့ ချမ်းသာတဲ့ အိမ်တွေနဲ့ စာအုပ်တွေကို သူဆက်စပ် တွေးမိ ပီး သူ့ကလေးတွေကို နေ့စဉ် သူတို့မြို့က စာကြည့်တိုက်ကို ပို့ပေးပါတော့ တယ် .. ကလေးတွေက အစကတော့ စိတ်မ၀င်စားပဲ နောက် ဖတ်ရင်းကနေ စာအုပ်တွေကို အရမ်းစိတ်ဝင်စားပီး စာဖတ်အားလည်း ကောင်းလာတယ်... ဗဟုသုတတွေလည်း တိုးလာခဲ့ပါတယ်...

       ကလေးတွေက အရွယ်ရောက်တဲ့ အခါမှာ သား ၁ ယောက်က အင်ဂျင်နီယာ နောက် ၁ ယောက်က တော့ ဆရာ ၀န် ကြီး ဖြစ်လာတယ် တဲ့... သားတွေက သူတို့ ကို ဆင်းရဲပီး ဘာမှ ဗဟုသုတမရှိတဲ့ သူတို့ဘ၀ကို ဒီစာအုပ်တွေက သူ့အမေ ကျေးဇူးကြောင့် သူတို့ ဒီလိုဖြစ်ရတာ ပါ ဆိုပီး  သူ့အမေကို... အလွန်ကျေး ဇူးတင်တာပေါ့... ဒီတော့မှ သူ့အမေကို မေးပီး ဘာလို့ သားတို့ကို စာဖတ် ဖို့ အကြံရတာလည်း ဆိုတော့ သူ့အမေက သူအလုပ်လုပ်ခဲ့တဲ့ အိမ်တွေ မှာ တွေ့ခဲ့ရတဲ့ စာအုပ်တွေနဲ့ အဲဒီ အိမ်တွေရဲ့ ချမ်းသာမှုကို သူ တွေး ပီး သူ့သားတွေကို စာကြည့်တိုက် ကို ပို့ပီး စာဖတ်ခိုင်းခဲ့တာ လို့ ပြော ပါတယ်...

      ဒီ အဖြစ်အပျက်လေးကို ကြည့်ပီး ဆရာက လူငယ်တွေ စာဖတ်မယ် ဖတ် ပီး မှတ်သားစရာ ရှိတာ ကို မှတ်သားမယ် ဆိုရင် ဘ၀မှ သူတို့ရဲ့ အခြေအနေတွေက မြင့်မားလာမှာ ဖြစ်ပါတယ် လို့ ပြော ပါတယ်..

   ဒါကြောင့် ကိုယ့်မြို့မှာ ရှိတဲ့ စာကြည့်တိုက်တွေ ဖြစ်ဖြစ် ကိုယ်နဲ့ လက်လှမ်းမီတဲ့ ဗဟုသုတစာအုပ်တွေကို ဖတ်မယ် ဆိုရင် အကျိုးကျေးဇူးတွေ ရလာမယ် ဆိုတာလေးကိုဆရာက ဇာတ်လမ်းလေးနဲ့ ပြောပြ သွားပါတယ်..

    စာပေ နဲ့ ပတ်သက်ပီး အရမ်းကို ကောင်းတဲ့ ဟောပြောချက်လေးပါ... 

     လူငယ်လူကြီး မရွေး စာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်ဖြစ်ဖြစ် ကိုယ်နဲ့ သင့်တော်ရာ စာအုပ်များကို ရှာဖတ် ပီး တိုးတက်ရာ တိုးတက်ကြောင်း ရပါစေတယ် ဆိုတာ ကို ဆရာ့ ဟောပြော ချက်နဲ့ ပြန်လည် ဝေမျှပေးပါတယ်..

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
  

နှစ်သစ်မင်္ဂလာ


နှစ်သစ်မင်္ဂလာပါ...........................
၂၀၁၄ ခုနှစ် ကုန်လို့ ၂၀၁၅ ခုနှစ်ကို ရောက်ပါတော့မယ်
ပန်းကဗျာတို့လည်း အသက် တွေ ၁ နှစ် ပိုကြီး လာတာပေါ့

နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့.. အားလုံး ပျော်ရွှင် အေးချမ်း ဖို့ ဆုတောင်းပေးပါတယ်..
စိတ်သစ် လူ သစ် ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ ပန်းကဗျာ တွေးမိတာလေး တစ်ခုကို ဒီ ပို့စ်လေးမှာ ရေးချင်ပါတယ်...

ရက်ကို လစား လကို နှစ်စားနဲ့ ၁ နှစ် ပီး ၁ နှစ် ပြောင်း လာခဲ့ပါပီ.... 
အဲ့လို ပြောင်းလဲနေတဲ့ အချိန်တွေနဲ့ အတူ ပန်းကဗျာတို့ တွေ အတွက် မဖြစ် မနေ ပြောင်း လဲ လာတာ ကတော့ ရုပ်တရား တွေပါပဲ...

ရုပ်တရားတွေ ကတော့ သူ့သဘာဝ အတိုင်း အိုမင်း ရင့်ရော်မှုတွေ ပြောင်းလဲ လာမှာပါပဲ... ဒါကလည်း လူတိုင်း အတွက် မလွဲမသွေ ကြုံတွေ့ရမှာပါ
ဒါပေမယ့် လူတွေရဲ့ ရုပ်တွေ အိုပေမယ့် စိတ်တွေ မအိုအောင်... အမြဲတမ်း သစ်လွင် နေအောင် လုပ် ဖို့ တော့ ပန်းကဗျာတို့ လူသားတွေက ကြိုးစား လို့ရပါတယ်.
ခုခေတ်မှာ ပြောင်းလဲ တိုးတက်မှု တွေ ခေတ်မှီပစည်းတွေက အမြဲတမ်း အသစ်အဆန်းဆိုတာ ပေါ်နေတာ မို့လူတွေ အတော်များများ က အဲ့ တိုးတက်မှုတွေ နောက်ကို လိုက်နေရတာနဲ့ မော နေ ရတာ ပါပဲ

လိုက်နိုင်တဲ့ လူက လည်း လိုက်နိုင် ဖို့ အတွက် စိတ်တွေ ပင်ပန်းရပါတယ် မလိုက်နိုင်သူတွေက လည်း ဒါမျိုးတွေ မသုံးရ ပါလား ဆိုပီး စိတ်အမော တွေနဲ့ပေါ့

ဘယ်ဖက်ကပဲ ဖြစ် ဖြစ် ၂ ဖက် စလုံးက အမောတွေကြီးပါပဲ... ဒါပေမယ့် အဲ့ဒီအမောတွေပေါ်မှာ ကျွန်မတို့ က သင်ခန်းစာ ယူတတ်ရင် စိတ်ထားတတ်ရင် အမောတွေ ပျောက်ပီး စိတ်အေးချမ်းမှုတွေလည်း ရမှာပါ....
ခေတ်မှီပစည်းတွေနောက် လိုက်ရင်း တဖြည်းဖြည်းနဲ့ လောဘတွေ တက် မရတော့လည်း ဒေါသတွေ ဖြစ် လိုက် နဲ့ အကောင်း အဆိုးမဝေဖန်နိုင်တဲ့ မောဟတွေ လည်း ပိုများ လာကြပါတယ်..

နှစ်သစ် ဆိုရင် မိတ်ဆွေ အချင်းချင်း Happy New Year  လို့ ဆုတောင်း ပေးကြသလို နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ ပျော်ရွင်ပါစေ လို့ ဆုတောင်း ပေးကြပါတယ်...

ကပ်သီးကပ်သပ် ပြောတယ် လို့တော့ မထင်ပါနဲ့နော်... လူသစ် ဆိုတာ လူက အသစ် ဖြစ်မှာ မဟုတ် ဘူး လို့ တွေးကောင်း တွေးလို့ရပါတယ်... ဒီလိုပဲ စိတ်သစ် ဆိုတာလည်း အသစ် ဖြစ် လာဖို့ မရှိဘူး ပေါ့လေ..

အဲ့လို မဟုတ်ပါဘူး ဆုတောင်းမှာ လူသစ်/စိတ်သစ် - ဆိုလိုရင်း က မကောင်းတဲ့ စိတ်တွေကို ပယ် ကောင်းတဲ့ စိတ်တွေ ရောက်အောင် လုပ်တာမျိုး၊ အကုသိုလ်တွေ များနေရင် ကုသိုလ်တရားဘက် မှာ ပိုပီး အားစိုက် တာမျိုးတွေ၊က မိမိ လုပ်ခဲ့တဲ့ လုပ်ရပ် ၊ အပြုအမှု အပြောအဆိုတွေ မှာ မကောင်းမှု တွေ ရှိနေရင် ပိုမို ကောင်းမွန် အောင် ကြိုးစား ပြောင်းလဲ ခြင်းတွေကို စဉ်းစား ဆင်ခြင်နိုင်မှာ တကယ့် စိတ်သစ် လူသစ်နဲ့ နေထိုင်နိုင်မှာပါ..

အဲ့လိုမဟုတ်ပဲ ... အကုသိုလ်တရားတွေ မကောင်းတဲ့ စိတ် ကိုယ့်ရဲ့အမှားတွေကို မပြုပြင် နိုင်ရင်တော့ အသက် ကြီးလာတာပဲ အဖတ် တင်ပီးတော့.......... ဘယ်လိုမှ စိတ်သစ် လူသစ် ဆိုတာ မဖြစ် လာ နိုင်တဲ့ အပြင် .....စိတ်တွေ ပိုညှိုးနွမ်းရမယ်... လောဘ၊ ဒေါသ၊ မောဟ မိမိ ရဲ့ အတ တွေနဲ့ ပူလောင် ပီး ဆက်ပီး နေမယ် ဆိုရင်တော့ ခဏတာ ဖြစ်ရတဲ့ လူ့လောကမှာ နေရတာ တန်ဖိုးမဲ့တဲ့ လူ အဖြစ် နဲ့ နေရတာနဲ့ အတူတူပါပဲ..

နှစ် တိုင်း နှစ် တိုင်း ပန်းကဗျာတို့ က နှစ်သစ်ဆိုတာ ရှိနေတာပါ....

ကိုယ့်ရဲ့ စိတ်တွေ ပျော်ပျော်ရွှင်ရွင်နဲ့ နေထိုင်နိုင်အောင်....  ကြည်လင် လန်းဆန်းပီး စိတ်သစ်လူသစ် ဖြစ်နေစေဖို့.... ကောင်းမှု တရားတွေ စိတ်စေတနာကောင်းတွေနဲ့ နေထိုင်နိုင်ကြပါစေ လို့ ဆုတောင်း ပီး နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ် ရှင်....


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စာအုပ်စာပေ လူ့မိတ်ဆွေ



ပို့စ်တွေ မရေးတာကြာလို့ ဧရာဝတီ ဘလော့ဂ် ပန်းကဗျာနဲ့ မေ၁၆ ကို ဘလော့ဂ်မိတ်ဆွေများ မေ့နေကြ ပြီ လား မသိပါဘူးရှင်...

ကျွန်မတို့ ဘလော့ဂ်ကို စသုံးတဲ့ အချိန် က အင်တာနက်ကလည်းကောင်း အွန်လိုင်းပေါ်မှာလည်း တကယ် အရေး အသားကောင်းတဲ့ စာရေးစာရာများ ၊ဗဟုသုတ များ ကိုယ် မသိသေးတာကို အွန်လိုင်းပေါ်ကနေ ဖတ်ခွင့်ကို အများကြီး ရခဲ့ပါတယ်။

အလိမ်မာ စာမှာ ရှိဆိုတဲ့ အတိုင်း စာပေချစ်မြတ်နိုးတဲ့ လူက လိမ်မာ ယဉ်ကျေးပီး လူ့ အသိုင်းအ၀ိုင်းမှ သိပ် အမြင့်အမားကြီး မဟုတ်တောင် သူ့ နေရာနဲ့ သူ နေရာ ၁ ခုကို ရပ်တည် နိုင်မယ် လို့ ကျွန်မ ကတော့ ယုံကြည်မိပါတယ်...

ဟိုးအရင်ခေတ်ကတော့ စာအုပ် ဖတ်ချင်ရင်.... စာအုပ်အငှားဆိုင်၊ စာကြည့်တိုက် စတဲ့ နေရာတွေ မှာ စာသွားဖတ်ရပါတယ်. ခုခေတ်ကတော့ တိုးတက်နေတဲ့ ခေတ်ဆိုတော့ အွန်လိုင်းကနေပီး စာအုပ်တွေကို ကြိုက်သလိုဖတ်လို့ရပါတယ်..

ဘလော့ဂ်ပေါ်က စာတွေကို လည်း ဖတ်လို့ ရသလို စာအုပ် တွေကိုဒေါင်းလုပ် လုပ်ပီး ဖတ်လို့ရနေတဲ့ ခေတ် ဆိုတော့ စာအုပ်ဆိုင်တွေ ကျွန်မတို့လို စာကြည့်တိုက်တွေ မှာ လူနည်း ပီး စာဖတ်တဲ့ သူ အန်မတန် နည်းပါးသွားပါတယ်

အင်တာနက်ကလည်း နေရာ တကာ ရ နေတာဆိုတော့ ဖုန်း က နေ တဆင့် ဖတ် လို့ ရတယ် ဆိုပမယ့် မြန်မာပြည် က အင်တာနက်လိုင်းနှေးတာရယ် ခု Social Network တွေ က အရမ်းခေတ်စားနေတော့ စာအုပ် ဘက်ကို ကြိုးစားဖတ်သူတွေကို အတွေ့ရ တကယ်နည်းပါတယ်...

ဒါက ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး အွန်လိုင်း က သုံးတတ်ရင် တကယ် အကျိုး ရှိသလို မသုံးတတ်ရင်လည်း ဘေးထွက် ဆိုးကျိုးတွေ အများကြီး ရလာပါတယ်.... အင်တာနက်ကနေ မကောင်းတာကို အတုခိုးမြန်တဲ့ကလေးတွေ လည်း အများ ကြီး ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်..

စာကြည့်တိုက်အသစ်တွေ ဘယ်လောက်ဖွင့်ဖွင့် စာအုပ်ကောင်းတွေ အများကြီးထွက်လာပေမယ်...   စာ ဖတ် တဲ့ ဦးရေက စာအုပ် ထွက်ရှိမှု ရဲ့၃ ချိုး ၁ ချိုးတောင် မရှိဘူး ဖြစ်နေပါတယ်.. ခုခေတ်ကလေး တွေ စာများများ ဖတ်သင့်တယ် လို့ ကျွန်မတော့ ထင်ပါတယ်.....
သူတို့ကိုယ်တိုင် အသိပညာတိုးဖို့ရော..... တိုင်းပြည် တိုးတက်ဖို့ တစ်ဖက် တစ်လမ်းက နေ ကူညီ နိုင်ဖို့ အတွက် ဆို အသိပညာ တိုးပွားစေတဲ့ စာများများ ဖတ်ဖို့ လိုအပ်ပါတယ်...

လူငယ်များအားလုံး စာဖတ်အားကောင်းပါစေလို့ ဆုတောင်းရင်း...

ကျွန်မလည်း ဘလော့်မှာ စာမရေးဖြစ်တာ အတော်လေးကို ကြာပါပီ အပြင် အလုပ်တွေ ရှုပ်လာတာ ရော စာဖတ်သူတွေ နည်းလာတာတွေကြောင့်ပါ

မတွေ့တာကြာပီ ဖြစ်တဲ့ ဘလော့ဂ် မိတ်ဆွေများ အားလုံးကျန်းမာချမ်းသာပါစေ လို့

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အသက် လေး ဆယ်....

"အသက် ၄၀ လူတွေ မေးတယ် ... ဘယ်တော့များမှ စားရမှာလည်း..."

လို့ မိုးမိုး ဆိုသော သီချင်း ကို နားထောင်ပီး ကျွန်မ ကတော့ ဘယ်တော့များမှ .......စားရမှာလည်း ဆိုတဲ့ နေရာမှာ မိမိကိုယ်မှာ ... ဖြစ်နေတဲ့ အကြောင်းနဲ့ ယှဉ် ပီး တရား သဘောနဲ့ ဒီလိုတွေးမိပါတယ်...

အသက် ၄၀ ထဲ စ ၀င်လာတည်း က ဖြစ်လိုက်တဲ့ ရောဂါတွေက ကြီး ကြီး ၁ မျိုး သေးသေး ၁ မျိုးနဲ့ နှိပ်စက် လာပါတယ်..

ခန္ဓာ ဒုက္ခ ဆင်းရဲခြင်းတွေက ပိုပီး ပြ လာတဲ့ ဇရာရဲ့ လက္ခဏာတွေကို လည်း တစ်နေ့ထက် တစ်နေ့ ပို မြင်လာရပါတယ် .

ဒါကြောင့် အသက် ၄၀ မှာ ကျန်းမာအောင် ဘယ်လို နေထိုင် စားသောက်ရမလည်း ဆိုတာရယ် "တရားရှာ ကိုယ်မှာတွေ့ ဆိုသလိုမျိုး " အိုလာတဲ့ ခန္ဓာကိုယ်ကြီးရဲ့ ဒုက္ခကို တရားသဘောနဲ့ မိမိ ခန္ဓာကနေ ပဲ သေချာ ဆင်ခြင် မိပါတယ်.

ဒါကြောင့် အိုနာသေ ဘေးက လွတ်တဲ့ တရားကို. အိပ်ရာပေါ်မလဲခင် သေချာ ကျင့်ကြံ အားထုတ် ရမယ် ဆိုတဲ့ အတွေး ကျွန်မ စိတ်ထဲမှာ ပေါ်လာလို့ ဒီစာလေးကို ရေးမိပါတယ်..

ပန်းကဗျာ
ဧရာဝတီစာကြည့်တိုက်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သီလနဲ့ပညာ ဟန်ချက်ညီစေ

 


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး၏ ၁၃၇၄ခုနှစ် တပေါင်းလပြည့် (၂၆-၃-၂၀၁၃)နေ့တွင် ကျရောက်သည့် သက်တော်(၇၆)နှစ်ပြည့် မွေးနေ့မင်္ဂလာ၌ တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ပူဇော်ပါသည် ဘုရား………
“သီတဂူအဓိဋ္ဌာန်”

ငါတို့ဖြစ်ရ၊ ဤလောက၀ယ်
ဘ၀သမိုင်း၊ မရိုင်းစေရန်
စိတ်မန်မချ၊ မာနမပါ
ဒို့စွမ်းရာဖြင့်
ဒို့သာသနာ
ဒို့ပြည်ရွာကို
သာယာစေမှု၊ လုံ့လပြုအံ့။ ။

အထက်ပါ အဓိဌာန်အတိုင်း ဆရာတော်ကြီးသည် ”ဘ၀သမိုင်း မရိုင်းစေရန်” စာသားအတိုင်း  ဘ၀သမိုင်းမရိုင်းအောင် တိုင်းပြည်နဲ့သာသနာအတွက် ကောင်းတဲ့လုပ်ငန်းမှန်သမျှကို လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက် ဆောင်ရွက်လျှက်ရှိပါသည်။ ဆရာတော်ကြီးသည် မိမိခန္ဓာ ကျန်းမာသရွေ့ လူမျိုးဘာသာ သာသနာအတွက် ရေအလှူတော်များ၊ ဆေးရုံအလှူတော်များ၊ တက္ကသိုလ်အလှူတော်များ၊ ပညာရေးအလှူတော်များ၊ ကျန်းမာရေးအလှူတော်များ၊ သဘာဝဘေးဒဏ်အတွက် အလှူတော်များ စသည် စသည်အားဖြင့် ပြုလုပ်အားထုတ်ခဲ့သည်မှာ သက်တော် ၇၆ နှစ်ပင် ရှိလာပြီဖြစ်သည်။

သီတဂူဆရာတော်ကြီးသည် ဆေးရုံစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ ယခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်ဒေသကြီးများနှင့် တိုင်းဒေသကြီးများတွင် တည်ဆောက်ဖွင့်လှစ်ပြီးဆေးရုံ (၂၀) ခုရှိပါသည်။ ဆရာတော်ကြီး ၏ တရာတော်များမှ ၊ တရားဓမ္မအဆုံးအများ သာမက အသိဥာဏ် ဗဟုသုတများ နာယူမှတ်သားစရာများစွာ ပါရှိပါသည်။ “သီလသည်သာ လူသားတို့၏ ဘ၀တရား”… ဟူသော ဆရာတော်ကြီး၏ တရားတော်တွင် ငါးပါးသီလစွမ်းရည်နှင့် ပတ်သက်သော ဗဟုသုတများစွာ ရရှိခဲ့ပါသည်။  ထို့ကြောင့် သီလရဲ့ စွမ်းရည်သတ္တိ    သီလရဲ့ .. ကိုယ်ကျင့်တရားကို စောင့်ရှောက်ထိန်းသိမ်းချင်စိတ်ပေါက် အောင်..
“လူမှာလည်း  သီလလောက် တကယ်စစ်မှန်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အ
ရာဝတ္တူ မရှိပါဘူး…”.
“သီလ သည် နတ်ပြည်တက်ဖို့ စောင်းတန်း၊ သီလ မရှိရင် နတ်ပြည်တက်ဖို့ စောင်းတန်းမရှိသလိုပါပဲ”
“အထက်တန်းဘ၀ကို တက်လှမ်းဖို့ရာ လှေကားဟာ သီလပါပဲ…. သီလမရှိရင် ဘယ်လူမျိုးရဲ့ ဘယ်ဘ၀ပဲဖြစ်ဖြစ် ဘ၀ အထက်တန်းကိုရောက်စရာ မရှိပါဘူး “

“သီလဆိုတာ လူသားတိုင်းရဲ့ ဘ၀ကိုမြှင့်ပေးတဲ့ ဘ၀အထက်တန်းကို ရောက်စေနိုင်တဲ့ စည်းကမ်းပါပဲ…”
“သီလဆိုတာ….ကိုယ်အမူအရာနဲ့ နှုတ်အမူအရာကို စောင့်ရှောက်တဲ့ စည်းကမ်းပါပဲ “ ဟူသော အချက်များဖြင့် သီလကို အထူး စောင့်ထိန်းရန်အတွက် တရားတော်ထဲတွင် ထည့်သွင်း ဟောကြားခဲ့ပါသည်။
နေ့စဉ် မိမိတို့ စောင့်ထိန်းနေသော…….ငါးပါးသီလ ထဲမှ ကာယကံ၊ ၀စီကံဖြင့် လိုက်နာ ဆောင်ရွက်သင့်သည်များကိုလည်း ဟောပြောညွန်ကြားခဲ့ပါသည်။

ပါဏာတိပါတာ= သူတပါး၏အသက်ကို သတ်ဖြတ်ခြင်းမှရှောင်ကြဉ်ပါ၏(ကာယကံအား စောင့်ထိန်းခြင်း)
အဒိန္နာဒါနာ= ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏)(ကာယကံအား စောင့်ထိန်းခြင်း)
ကာမေသုမိစ္ဆာစာရာ= (ကာမဂုဏ်အမှားအယွင်းကင်းခြင်းမှ ရှောင်ကြဉ်ပါ၏)( ကာယကံအား စောင့်ထိန်းခြင်း)
မုသာဝါဒါ=( မဟုတ်မမှန် မှားမှားယွင်းယွင်း ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏) (၀စီကံ အား စောင့်ထိန်းခြင်း)
ဝစီကံ ပါးစပ်ကိုထိန်း တဲ့ စည်းကမ်းကိုလည်း လိုက်နာစရာ အောက်ပါအချက်များအတိုင်း အကျယ်ချဲ့ ဟောကြားခဲ့ပါသည်။
  • မှန်တာပြောမယ် မှားတာမပြောဘူးဆိုတဲ့စကား နဲ့တင်မလုံလောက်ပါဘူး။
  • မှန်သောစကားပေမယ့် လူအချင်းချင်း ရန်ဖြစ်စေမယ့် စကားများ မပြောရပါ။
  • ချစ်ခင်ညီညွတ်မှုကို အားဖြည့်မည့်စကားသာပြောပါ။
  • ကြမ်းတမ်းရိုင်းစိုင်းသောစကားမပြောရ၊ ယဉ်ကျေးသိမ်မွေ့သောစကားသာပြောရပါမည်။
  • အချိန်အခါနဲ့ ပြောဆိုရပါမည်။ အရှိကို အရှိတိုင်း/ အကျိုးရှိ/မရှိ ဓမ္မနဲ့ညီ/မညီ ၊ စည်းနဲ့ကမ်းနဲ့ပြောဆို ရပါမည်။  
  • နားထောင်သောသူများက မှတ်သားသိမ်းဆည်းနိုင်အောင် ပြောဆိုရပါမည်။
  • အခိုင်အမာ ကျမ်းဂန်အကိုးအကားနှင့် ပြောဆိုရပါမည်။
  • အပိုင်းအခြား အကန့်အသတ်နဲ့ ပြောဆိုရပါမည်။
  • မိမိပြောလိုက်သော စကားတစ်လုံးကြောင့် ကြားကြသူ နားထောင်သူအပေါင်း အမှာ အသိအမှတ် များ အလွဲ၂အမှား၂ မဖြစ်အောင် ပြောဆိုရပါမည်။
  • လောကကြီးလမ်းလွဲကိုမရောက် အောင် ငါနှုတ်ကို စောင့်ပြီးပြောဆိုရပါမည်…………… ဟု ၀စီကံနှင့် ပတ်သက်သော  မှတ်သားစရာများကို ဆုံးမခဲ့ပါသည်။
ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါကြောင်းကိုလည်း အထက်ပါ အချက်များဖြင့် ဟောပြောညွန်ပြခဲ့ပါသည်။
သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ= ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေတတ်သော သေရည်သေရက်ကို သောက်သုံးခြင်းမှရှောင်ကြဉ်ပါ၏)( ကာယကံအား စောင့်ထိန်းခြင်း )
“ကာယကံလွန်ကျူးမှု ဒုစရိုက်၊ ၀စီကံ လွန်ကျူးမှုဒုစရိုက် မဖြစ်ရအောင် ကိုယ်အမူအရာနဲ့ စိတ်အမူအရာကို ထိန်းသိမ်းတာတဲ့ စည်းကမ်းဟာ သီလပဲဖြစ်ပါတယ်… “

 “ကိုယ်ကျင့်တရားဆိုတာ လူတို့၏ခြေထောက်သာဖြစ်ကြောင်း၊ ဘယ်ဘ၀၊ ဘယ်အနေအထား ဘယ်ပန်းတိုင် ဘာနဲ့သွားမလည်းဆိုရင် အကျင့်နဲ့ သွားရပါမည်။ ကိုယ်ကျင့်တရားနှင့်ပြည့်စုံလျှင် ခရီးလမ်းမှန်ကို ဖြောင့်ဖြောင့် သွားနိုင်ပြီး ကိုယ်ကျင့်တရားကုန်သောရင် ဘယ်လမ်းမှ သွားလို့မရပဲ…လမ်းခုလတ် အကုန်ရပ်ပါသည်။” ဟု မိမိကိုယ်ကျင့်တရားကို ထိန်းသိမ်းရပါမည်။

ကမ္ဘာလောကကြီးတွင် ကိုယ်ကျင့်တရားသီလကို ထိန်းသိမ်းခြင်းဖြင့် လူ့လောကကြီးတွင် ဘေးအန္တရယ်များ ကင်းရှင်းစေပါသည်.. ဟု ဟောကြား တော်မူခဲ့သည်။ သို့သော် အဲဒီလမ်းကိုလျှောက်သောလမ်းမှာ ခြေထောက်နှစ်ဘက် ကောင်းသော်လည်း  မျက်လုံးမပါသောလမ်း (အကန်းလမ်းလျှောက်သလို) လမ်းမှား မလျှောက်ရအောင်. ခြေထောက်လည်း စုံအောင် မျက်လုံးလည်း ကောင်းဖို့ လိုပါသည်။ လူဘ၀အတွက် မရှိမဖြစ်ဟာ ခြေထောက်နှစ်ခု(အကျင့်သီလ) နှင့် မျက်စိနှလုံး(ပညာ) ဖြစ်ပါကြောင်း သီလနှင့်ပညာ အပြန်အလှန်မေးပြီး အချင်းချင်း တောက်ပြောင်အောင် ဘ၀ကိုမြှင့်တင်ဖို့လိုပါသည်။ ဘ၀ရဲ့ အရင်းအနှီးဟာ သီလနှင့် ပညာ နှစ်ခုသာဖြစ်ပါကြောင်းကိုလည်း ထည့်သွင်းဟောကြားခဲ့ပါသည်။

မြတ်ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမခံယူပြီး လိုက်နာကျင့်သုံးနေသော ဗုဒ္ဓဘာသာလူငယ်များ အတွက် မှတ်သားစရာ အချက်များကိုလည်း  ဗုဒ္ဓဘာသာဆိုတဲ့ စကား၊ အင်္ဂါရပ်များနှင့်  ညီညွတ်အောင်… လိုအပ်တဲ့ အချက် များကိုသိအောင် လည်း တရားတော်များတွင် ထည့်သွင်းဟောကြားတော် မူခဲ့ပါသည်မှာ တပည့်တော် တို့အတွက် အလွန် တန်ဖိုးရှိလှပါသည်။
တုနှိုင်းမရသော ဆရာတော်ကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်နှင့် သာသာနာအပေါ်တွင် ထားသည့် မေတ္တာ၊ စေတနာတို့အား တပည့်တော် ဒီစာမူဖြင့် ရေးသားပူဇော်ပါတယ်ဘုရား။ ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ပြုလုပ်ငန်းများနှင့် တပည့်တော်တို့အား တရားဓမ္မများကို ဆက်လက်ပေး စွမ်းနိုင်ပါစေလို့ ဆုတောင်း ပူဇော်ကန်တော့ပါတယ် ဘုရား ။
သီတဂူဆရာတော်ကြီး ကျန်းမာချမ်းသာပါစေ ဘုရား။

တပည့်တော်တို့ ဧရာဝတီစာကြည့်တိုက်မှ သာသနာတော်အတွက် အားကိုးဖြစ်တော်မူသော သီတဂူဆရာတော်ကြီးမွေးနေ့ ပူဇာအတွက် ရေးသားပူဇော်ခွင့်ပေးသော ဘုန်းဘုန်း အရှင်ကောဝိဒသိရီ (သီတဂူစတား) အား အထူးကျေးဇူးတင်ပါတယ်။

ပန်းကဗျာ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ဦးသုမင်္ဂလ (ပုဏောဝါဒသုတ်)

ဦးသုမင်္ဂလ (ပုဏောဝါဒသုတ်)

(၃၀) ကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်လုံးဆိုင်ရာ
ရွှေကျင်နိကာယ ၀ိနယ ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး
မောင်းထောင်ကျောင်းပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့
ဓမ္မသဘင်တွင် ဟောကြားတော်မူသောတရားတော်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လက်ထပ်ထိမ်းမြားခြင်း

လက်ထပ်ထိမ်းမြားတယ်ဆိုတာ
ကိုယ့်ကိုယ် ကို လူလားမြောက်ပြီလို့ ကြွေးကြော်တာ
လောကဓံကို စိန်ခေါ်လိုက်တာပဲ
ဒီအချိန်ကြမှ
တစ်ယောက်မျက်နှာ တစ်ယေက်
အမြဲတမ်းကြည့်နေလို့ မဖြစ်တော့ဘူး။

အောင်မြင်တဲ့သူတွေဟာ
သူတို့ဘ၀ရဲ့ အိမ်ထောင်ရေးကိုလည်း
အောင်မြင်အောင် ဖန်တီးယူကြတယ်။

တစ်ယောက်ကို တစ်ယောက်
ဘ၀တစ်သက်တာအတွက် ရည်မှန်းပြီး
နှစ်ကိုယ့်တစ်စိတ်ဘ၀နဲ့
အတူလက်တွဲ ရင်ဆိုင်ဖို့
ခြေလှမ်းစကြတာ

ဝမ်းသမုဒ္ဒရာ မခန်းခြောက်ရအောင်
အူသိမ်အူမဆိုတဲ့ မြစ်ချောင်းတွေ
မှန်မှန်စီးဆင်းနိုင်အောင်
ရုန်းကန်လှုပ်ရှားရမယ့် အချိန်မှာ
တူညီတဲ့ ခံယူချက်
တူညီတဲ့ ယုံကြည်ချက်နဲ့
လက်တွဲခဲ့ကြတာဖြစ်လို့

တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှု အပြည့်နဲ့
ခွင့်လွှတ်နိုင်စွမ်းရှိကြရင်
အောင်မြင်အေးချမ်းနဲ့
မိသားစု ဘ၀ကို ရကြမှာပေါ့။

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

တတိယအရွယ်သို့ရောက်လျှင်



တတိယအရွယ်သို့ရောက်သူတို့ ဘယ်လို ဘယ်ဘ၀ အနေနည်းနဲ့ ပြုမူ နေထိုင် ကျင့်ကြံကြရမလဲဆိုတာ အရေးကြီးပါတယ်... အထူးသဖြင့် တတိယအရွယ်ရဲ့ အဆုံးပိုင်းကို ရောက်နေကြတဲ့ အသက် ၇၀၊ ၇၀ ကျော်တွေ ဖြစ်တဲ့ အရွယ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကုသိုလ်ကင်းအောင်နေဖို့၊ ပြီးတော့ နှလုံးသွင်း မှန်ဖို့ ဖြစ်ပါတယ်။ သားသမီး ၊ မြေးများကို ချစ်ရာမှာလည်း အတိုင်းအတာ ၊ အချိန်အခါနဲ့ ဓမ္မလမ်းကြောင်းပေါ်တင်ပြီး ချစ်တတ်ဖို့ပါပဲ။

နှလုံးသွင်းမှန်မှန်နဲ့ နေသွားနိုင်ဖို့ ကတော့ သတိထား ဆင်ခြင်ရမယ့်အချက်အလက်တွေ အများကြီး ရှိပါတယ်။ တတိယအရွယ်မှာ မနေတတ်၊ မထိုင်တတ် ရင် ငယ်ရွယ်သူတွေ က အရိုအသေတန်ပြီး စိတ်အားငယ်စရာတွေ ဖြစ်လာတတ်ပါတယ်။

မရမ်းကုန်းမြို့နယ် သာသနာ့ အောင်မြေ စာသင်တိုက်က တိုက်အုပ် ဆရာတော် ဘဒ္ဒန္တ ဇယံဝံသ ပေးဝေ လှူဒါန်းတဲ့ တတိယအရွယ်သို့ ရောက်လျှင် ကျင့်ကြံရမည့်၊ ဂရုစိုက်ရမည့် အချက်များကို မျှဝေပေး လိုက်ပါရစေ။

၁။ စကားများများပြောခြင်းမှ ရှောင်ရှားနိုင်ရပါမည်။

၂။ အနီးပတ်ဝန်းကျင်များ၏ ကိုယ်ရေးကိုယ်တာကိစ္စဟူသမျှတွင် မလိုအပ်ဘဲ ပါဝင်ပတ်သတ်မှု မပြုရန် သတိပြုရပါမည်။

၃။ ငယ်ရွယ်သူများနှင့် ဆက်ဆံရာတွင် အသေးစိတ်အချက်အလက်များကို ထပ်တလဲလဲ မပြောမိစေရန် သတိထားရပါမည်။

၎။ ပတ်ဝန်းကျင်ရှိလူများက ယင်းတို့၏ ဒုက္ခဝေဒနာ ခံစားမှုများကို မိမိထံ လာရောက်ပြောပြသောအခါ စိတ်ကောင်း၊ စေတနာကောင်းထားပြီး သည်းခံ နားထောင်နိုင်ရပါမည်။

၅။ မိမိ၏ ဝေဒနာခံစားချက်များကို သူတစ်ပါးအား ပြောပြလိုစိတ် တဖွားဖွား ဖြစ်ပေါ်ခြင်းကို ချုပ်တည်းနိုင်သူ ဖြစ်ရပါမည်။

၆။ ငါအသက်ကြီးပြီ၊ အတွေ့အကြုံများပြီ၊ မမှားနိုင်ဟူသော အယူအဆကို ဖယ်ထားပြီး ငါလည်း မှားနိုင်တာပဲ ဟူသော အယူအဆကို လက်ခံနိုင်သူဖြစ်ရပါမည်။

၇။ မိမိသည် သူတော်စင် တစ်ယောက်ကဲ့သို့ စိတ်ဓာတ် မပြည့်ဝနိုင်သော်လည်း အများစုက လက်ခံနိုင်သည့် အတိုင်းအတာထိ သဘောထားကြီးသူ ၊ မြင့်မြတ်သူ ဖြစ်နိုရပါမည်။

၈။ ဆက်ဆံရေးတွင် ဆရာလုပ်သူ ၊ သြဇာပေးသူ မဖြစ်စေလိုပါ။ တတ်နိုင်သည့် အပိုင်းမှ ပါဝင်ကူညီသူ ဖြစ်ရပါမည်။

၉။ မိမိ၏ အတွေ့အကြုံ ပညာမှ ရရှိလာသော ဘ၀သင်ခန်းစာများကို အချည်းအနှီးမဖြစ်ရလေအောင် ဆင်ခြင်သုံးသပ်နိုင်ရပါမည်။

၁၀။ မိမိ၏ နောက်ဆုံးအရွယ်ကို ကလျာဏမိတ္တ မိတ်ဆွေများကြားတွင် ခိုလှုံရပါ၏။

ခင်စောတင့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 


 

တောထွက်လာသော အရှင်မဟာကဿပ အလောင်းအား ဘုရားကြိုဆိုနေပုံ

ဘုရားပရိနိဗ္ဗာန်  စံတော်မူပြီးနောက် သာသနာကို စောင့်ရှောက်ရစ်မည့် ရှင်မဟာကဿပအလောင်း "ပိပ္ပလိ" သတို့သားသည် အလုပ်သမား ရွာပေါင်း ၁၄ ရွာနှင့် စစ်တပ် အစိတ်ကို ပိုင်ဆိုင်လျက် ကုဋေများစွာ ဥစ္စာကြွယ်ဖြိုး သူဌေးမျိုးမှ သူဌေးကတော်နှင့် အတူ ရဟန်း ပြုလာခဲ့သည်။ သူတို့နှစ်ဦးလမ်းခွဲသော နေရာ၌ ကမ္ဘာမြေ တုန်လှုပ်သံကို အရင်းခံ၍ ဆင်ခြင်တော်မူသော ဘုရားရှင်လည်း အကြောင်းအရာကို ကောင်းစွာ သိမြင်တော်မူနှင့်လေသည်။

ထိုခဏ၌ပင် ဝေဠုဝန် ကျောင်းတော်မှ ၃ ၀ါ ဂုတ်မျှ ဝေးကွာသော ပြည်ညောင်ပင်သို့ ကြွတော်မူ၍ ခရီးကြိုဆို ကာ ရောင်ခြည်တော် ခြောက်ဖြာ ထွက်စေကာဖြင့် ထိုင်နေတော်မူနှင့် လေသည်။ ကဿပ အရှင်သည် ဘုရားကိုမြင်လျှင် ငါ့ဆရာပင်တည်း ဟု ဆုံးဖြတ်၍ ဘုရားခြေတော်တွင် ဦးခေါင်းတင်ကာ တပည့်ဖြစ်ပါကြောင်းကို လျှောက်ထားလေသည်။ ဘုရားရှင်သည် သံဃာပရိသတ် အလယ်၌ မကြာ မကြာ တန်းတူထား၍ မြှောက်စားတော် မူလေသည်။ 

THE BUDDHA WELCOMING THE PERSON WHO HAD RETIRED FROM THE WORLD AND WAS TO BECOME THE VENERABLE MAHAKASSAPA

Pippali was destined to become Venerable Mahakassapa who would protect the dispensation of the Dhamma after his death. He was in charge of 14 villages of workmen and a section of the fighting forces. He belonged to a very rich famil worth several crores of money and together with his wife retired from home-life to lead a religious life. There was a mighty earth-quake at the place where Pippali parted with his wife on retirement from the  world. The Buddha surveryed with his Buddha-eye and saw the cause of the earth-quake.

Immediately thereafter the Buddha went to the giant banyan tree about 3 gavuas away (about sis miles) to welcome Pippali. He then sat at the foot of the tree causing the six resplendent rays of light to issue forth from his body. Pipaali, who later came to be known as Mhahakassapa, saw the Blessed one and coming to this decision. He indeed is my master, placed his head upon the feet of the Blessed one and said, Lord, I'm your disciple. The Buddha often honored him before the assembly of monks by treating him as a member of the Holy order of a standing equal to him.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ကိုယ်ကပေးမှ ကိုယ်ပြန်ရ


အကြောင်းနှင့်ကင်းပြီး ဖြစ်ရိုးဖြစ်စဉ် မရှိသော ဤလောကကြီးတွင် ပြုလုပ်  စီမံခြင်း ဟူသော  ပေးဆပ်ခြင်း   မရှိဘဲ မည်သည့် ရယူပိုင်ဆိုင်ခြင်းမျိုးမှ မရှိနိုင်ချေ ။ အကြောင်းရှိမှ အကျိုးရှိရသလို အပေးရှိမှ ရယူခြင်း သည် ဖြစ်ပေါ်လာရချေသည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က လက်ညှိုးညွှန်လိုက် သည်နှင့် ရွှေအိုးကြီး ဘွားခနဲ ပေါ်လာသည့် အဖြစ်မျိုး ၊ သရက်မျိုးစေ့ကို စိုက်ပျိုးထားလျက် နှင့် ထို သရက်ပင် မှ လိမ္မော်သီး သီးလာသည့် အဖြစ်မျိုးသည် ဒဏ္ဍာရီ ပုံပြင် ယုံတမ်းစကားများသာတွင် သာ တွေ့နိုင်ပါသည်။ 

စင်စစ်မှု အပေးရှိမှ  ရယူနိုင်မှု၊ အသွားရှိမှ အလာရှိမှုတို့သည် အပြန်အလှန် ဆက်သွယ်နေသည့် လောက၏ နိယာမစုံတွဲများ ဖြစ်လေသည် ။ ဤနိယာမသဘောကို လွန်ဆန်ပြီး အပေးမရှိဘဲ ရယူလိုခြင်း၊ အပင်မစိုက်ဘဲ အသီးစားလိုခြင်းသည် အလွန်တရာ မှားယွင်းသော ၀ိသမလောဘ ဦးစီးသည့် တစ်ဖက်သက် စိတ်ဆန္ဒ တစ်ခု သာ ဖြစ်ချေသည်။ 

ဤလောကသည် လူအချင်းချင်း ဆက်ဆံ ပေါင်းသင်းပြီး တူညီသော ဆန္ဒ၊ ရင်းနှီးချစ်ကြည်မှုတို့ဖြင့် တည်ဆောက်ထားသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေရာ ထိုလူ့လောက အဖွဲ့အစည်းကြီး မတိမ်းမစောင်း ၊ မပျက် မယွင်းသွားအောင် " အပေးအယူ " ဖြစ်စဉ်ကြီး က ထိန်းချုပ်ပေးထား၍သာ ဤလူ့လောက သည် ဤမျှ ကြာညောင်းစွာ တည်ရှိနေရခြင်း ဖြစ်လေသည်။

လူသည် ပင်ကိုယ်အားဖြင့် ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါ ဖြစ်၍ အချင်းချင်း အပေါ် ပြေပြေလည်လည်၊ ရင်းရင်း နှီးနှီး ဆက်ဆံနေကြရသည်။ ပေါင်းသင်းဆက်ဆံရေး ပြေလည်ကောင်းမွန်လျှင် ကောင်းမွန် သလောက် ပျော်ရွှင်ချမ်းမြေ့စွာ အသက်ရှင် နေထိုင်နိုင်ကြမည် ဖြစ်သည်။  ထို့ကြောင့် လူတိုင်းတွင် မိတ်ဆွေကောင်း ၊ ဘ၀ခရီးဖော်ကောင်းများ သည် မရှိမဖြစ် လိုအပ်လှသည်။

မိတ်ဆွေ သင်္ဂဟ နည်းခြင်း များခြင်းသည် မိတ်ဆွေ သင်္ဂဟ လုံးလုံး မရှိခြင်းနှင့် နှိုင်းစာလျှင်         
 တော်ပေသေး သည်။  အဓိကမှာ အပေါင်းအသင်း နည်းခြင်း ၊များခြင်းထက် မိတ်ဆွေကောင်း တစ်ယောက် ရှိခြင်းက ပို၍ အကျိုးများနိုင်ပေသည်။ 

မိတ်ဆွေ အပေါင်းအသင်းများ အကြောင်း ပြောဆိုကြသောအခါ လူအများစုသည် မိမိအား အကျိုးပြုနိုင်မည့် မိတ်ကောင်းဆွေကောင်းများကို သာ တမ်းတမ်းတာတ ပြောဆိုကြ၏ ။ မိတ်ဆွေတုများကို မလိုချင်၊ ရွံ့မုန်းကြ၏ ... စကားလက်ဆုံကျကြလျှင် မိတ်ဆွေညံ့များ အကြောင်းကို ညည်းညည်းညူညူ ပြောကြမည် မှာ ဓမ္မတာပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိမိတို့တွင် မိတ်ကောင်း ဆွေကောင်းမရှိသည်က များသောကြောင့် ဖြစ်သည်။ 

အမှန်စင်စစ်တွင် ဤလောကတွင် မိတ်ကောင်းဆွေကောင်းများသည် မရှားပါးပါ။ များစွာ ရှိပါ၏ ။ ရှိလည်း ရှိနေပါ၏  ကိုယ်က ရှိအောင် မလုပ်နိုင်ခြင်းကြောင့် မရှိရခြင်း၊ ရှားပါးဖြင်း ဖြစ်၏။ မိမ်ဘက်က မိတ်ကောင်းဆွေကောင်း ကို ရယူလိုလျှင် မိမိကလည်း ထိုမိတ်ကောင်းဆွေကောင်း ဖြစ်စေလိုသူတို့ အား မိတ်ကောင်းဆွေကောင်း တစ်ယောက်အဖြစ် ပြန်လည် ပေးလိုက်ခြင်းသာဖြစ်ပါသည်။

သို့ဖြစ်လျှင်မိမိဘက်က ဘာတွေကို ပေးမည်နည်း။ မိတ်ဆွေကောင်း လိုချင်သော ပုဂ္ဂိုလ်မှ မိမိထံတွင်ရှိနေအောင် ကျင့်ကြံနေထိုင်အပ်သည့် အကြောင်းတရား (၄)ပါးမှာ-

၁။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ကျေးဇူးပြုခြင်း။

၂။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် ဆင်းရဲအတူ၊ ချမ်းသာအတူ၊ အေးအတူ ပူအမျှ နေထိုင် ဆက်ဆံခြင်း၊ 

၃။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ် အကျိုးစီးပွားရှိရာ ရှိကြောင်းကို ညွှန်ပြပြောဆိုခြင်း။ 

၎။ စိတ်ကောင်း နှလုံးကောင်းဖြင့် မိမိမိတ်ဆွေအပေါ်အစဉ် ကြင်နာ သနားခြင်းတို့ ဖြစ်လေသည်။

ဤတရားလေးပါးကို မိမိ၏ မိတ်ဆွေအပေါ် ပေးအပ်ခြင်းဖြင့် လူ့လောက၏ လာဘ်ကြီးတစ်ခုဖြစ်သည့် မိတ်ဆွေကောင်းများကို မိမိက တစ်ဖန်ရယူနိုင်ကြောင်း မှတ်သားနိုင်ပါသည်။

လူအများစုသည် အရေးအကြောင်း ရှိသောအခါ မိတ်ဆွေကောင်းတို့၏ အကူအညီအစောင်အမကို မရကြသဖြင့် မိမိပေါင်းသင်း ဆက်ဆံရသော အပေါင်းအသင်း မိတ်ဆွေများအပေါ် အပြစ်တင် တတ်ကြသည်။ သို့သော် မိမိဘက်မှ မိတ်ဆွေကောင်း မပီသသော ချို့ယွင်း အားနည်းချက်များကို ကား မမြင်တတ်ချေ။ မိမိဘက်မှ မိမိမိတ်တွေ များ အရေးအကြောင်း ရှိလာသောအခါတွင် ဘာများ ကူညီ ဆောင်ရွက်ပေးနိုင်ပါသနည်း။   

မိမိလိုလားသော မိတ်ဆွေများ၏ အရည်အချင်း စိတ်နေစိတ်ထားမျိုး မိမိတွင် ရှိပါသလော ဆိုသည်ကို ပြန်လည် ဆန်းစစ်သင့်ပါသည်။ အရေးကြီးဆုံးမှာ မိမိကိုယ်တိုင် မိတ်ဆွေကောင်း မပီသဘဲနှင့် ဘယ်သောအခါမျှ မိမိထံသို့ မိတ်ကောင်းဆွေကောင်း တို့ ရောက်လာမည်ဖြစ်ကြောင်း လေးလေး နက်နက် ခံယူ မှတ်သားထားရန် ဖြစ်ပါသည်။ 

အဆွေ ခင်ပွန်းကောင်းသည် မိမိအား လူကောင်းသူကောင်း ဖြစ်အောင် လုပ်ဆောင်ပေးနိုင်သည်သာ မက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အရေးကိစ္စများတွင်လည်း ပြီးစီးအောင်မြင်စေရန် စွမ်းဆောင်ပေးနိင် သော တန်ခိုးရှိလေသည်။ ထို့ကြောင့် လူ့လောကတွင် လူတန်းစေ့ အသက်ရှင် နေထိုင် လိုလျှင် မိတ်ကောင်း ဆွေကောင်းရှိခြင်း ဟူသည့်  ဂုဏ် ရှိရန် လိုသည်။

အကြင်လောကသည် သူ့ဘက် ကိုယ့်ဘက် မျှတသော အပေးအယူတို့ဖြင့် လိုက်ဖက်ညီစွာ တည်ဆောင် ထားနိုင်အံ့။ ထိုလောကသည် နေချင့်စဖွယ် ဘုံဗိမာန်ကြီး တစ်ခု ဖြစ်လာမည် မှာ မလွဲချေ။ ထို့အတူ အကြင် ပုဂ္ဂိုလ်သည်  သူ့ဘက် ကိုယ့်ဘက် မျှတစွာ ကြည့်တတ်သော စိတ်ကောင်း စေတနာကောင်းတို့ဖြင့် မိတ်ဆွေကောင်းတို့၏ အရည့်အသွေးကောင်းတို့ကို မွေးမြူထားအံ့။ ထိုသူသည် မိတ်ကောင်းဆွေကောင်း တို့၏ အကူအညီကို ရ၍ ကြီးပွားချမ်းသာလာမည်ကား အမှန်ပင် ဖြစ်ပါတော့သည်။

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .
 

အလုပ်ခွင်တွင် အနားယူအပန်းဖြေခြင်း



လေ့ကျင့်ခန်း(၁)
ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်ထားပါ ၊ဘယ်ဘက်လက်ကိုဗိုက်ပေါ်တွင် ထားပြီး မျက်လုံးကို အသာမှိတ်ထားလျက် အသက်ရှုလေ့ကျင့်မှုကို ပြုလုပ်ပါ။ အသက်ရှုသွင်းမှု ၊ အသက်ရှုထုတ်မှု များကို  နှာခေါင်းမှ ပြုလုပ်ပါ ။ သင်၏ ၀မ်းဗိုက်ကို ဖောင်းလိုက၊ ပိန်လိုက် ဖြစ်အောင် အသက်ရှုလေ့ကျင့်မှု ကိုပြုလုပ်ပါ။

လေ့ကျင့်ခန်း(၂)
အင်္ကျီလည်ပင်းကြယ်သီးကို ဖြုတ်ထားပါ၊ ဦးခေါင်းကို နောက်ဘက်သို့ လှန်ထားပါ။ သင်၏ လက်များကို ပခုံးပေါ်တွင် တင်ထားပါ။ ဘယ်လက်ကို ဘယ်ပခုံး၊ ညာလက်ကို  ညာပခုံးပေါ်တွင် တင်ထားပါ။ အသက်ကို ရှုထုတ်လိုက်ရင်း ဦးခေါင်းကို နောက်ဘက်သို့ လှန်လိုက်ပါ။ သင့်လက်များဖြင့် ပခုံးကြွက်သားများအပေါ် တဖြည်းဖြည်း နှိပ်ပြီးအောက်မှ အထက်သို့ ဆွဲနှိပ်ပါ။ ဤလေ့ကျင့်မှုကို အချိန်များစွာ ပြုလုပ်ပါ။

လေ့ကျင့်ခန်း(၃)
သင်၏ဘယ်လက်ကို ညာပခုံးပေါ်တွင် ထားပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တော်တော်ကြာအောင် နှိပ်ဖိထားပါ။ ထို့နောက် လွှတ်လိုက်ပါ။ ဤနည်းအတိုင်း ပခုံးနှင့် လက်မောင်း များတွင်လည်း ညင်ညင်သာသာ နှိပ်နယ်ပေးပါ ။ သင်၏ ညာလက်ကို ဘယ်ပခုံးပေါ်တွင် တင်ထားပြိး အလားတူ လေ့ကျင့်မှုကို ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း(၄)
သင်၏ လက်ချောင်းလေးများကို သင့်ဦးခေါင်းခွံ၏ နောက်ဘက် အောက်နားတွင် ထားပြီး လက်ဆယ်ချောင်း စလုံး သုံးပြီး ဖြည်းဖြည်း နှိပ်နယ်ပေးပါ။ ဦးခေါင်းခွံ အောက်ဘက်နားမှ အောက်ဘက်သို့ တဖြည်းဖြည်း ဆင်းလာပြီး လည်ပင်း ၊ ထို့နောက် ပခုံးအထိ ဖြည်းဖြည်း နှိပ်ပေးပါ။

လေ့ကျင့်ခန်း(၅)
သင်၏ဘယ်ဘက်လက်ကို ညာဘက်ပခုံးထက်တွင်တင်ထားပါ။ ဘယ်ဘက်လက်၏ တံတောင်ဆစ် ကိုညာဘက်လက်ဖြင့် မထားပါ။ တံတောင်ဆစ် အမြင့်နှင့် ပခုံးတို့ တစ်တန်းတည်း လောက်ဖြစ်အောင် မတင်ပါ။ ဘယ်ဘက်လက်ချောင်းလေးများဖြင့် ညာပခုံး ထိပ်ပိုင်းလေးများကို ဖိနှိပ်ပေးပါ။ ဘယ်ပခုံးကိုလည်း ညာလက်ဖြင့် အထက်ပါအတိုင်း နှိပ်နယ်လေ့ကျင့်ပေးပါ။

လေ့ကျင့်ခန်း (၆)
သင်၏ လက်နှစ်ဖက်ကို ဦးခေါင်းထိပ်ပေါ်တွင် တင်ထားပါ။ သင်၏ ဦးခေါင်း ကို ရှေ့ပိုင်း အောက်ဘက်သို့ သာသာ ဆွဲချပါ။ ဆွဲချထားသော အနေအထားကို ခဏကြာကြာ ထိန်းထားပါ။ ထိုသို့ပြုလုပ်ထားသဖြင့် နောက်ကျောဘက်တွင် တင်းလာသည့်ခံစားမှုရှိလာအောင် ဦးခေါင်းကို ဆွဲထားပါ။

လေ့ကျင့်ခန်း(၇)
သင်၏ ဘယ်ဘက်ပခုံးကို အပေါ်သို့ ပင့်တင်လိုက်ပြီး နောက်ဘက်မှာ ရှေ့ဘက်သို့ ၀ိုင်းလှည့်ပေးသော လေ့ကျင့်မှုကို ပြုလုပ်ပါ။ ထို့နောက် ညာဘက် ပခုံးကို  အလားတူ လှုပ်ရှားလေ့ကျင့်ပေးပါ။ ထို့နောက် ပခုံး နှစ်ခုလုံးကို တစ်ပြိုင်တည်း ပင့်တင်လျှက် နောက်ဘက်မှ ရှေ့ဘက်သို့ ၀ိုင်းလှည့်ပေးသော လေ့ကျင့်မှု ပြုလုပ်ပေးပါ။ ဤလေ့ကျင့်ခန်းပြုလုပ်ရာတွင် သင်၏ လက်မောင်းကို အသက်သာဆုံး အနေအထားမျိုးဖြစ်အောင် လျှော့ထားပါ။

ဒေါက်တာသိန်းလွင်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

မျက်လုံးအားကောင်းစေမယ့် ယောဂကျင့်စဉ်

လေ့ကျင့်ခန်း(၁)
မျက်ခုံးကိုပင့်၊ မျက်လုံးကိုပြူးပါ၊ မျက်ဆံတွေက ရှေ့တည့်တည့်ကို စိုက်ကြည့်ထားရပါမယ်။ လက်ခလယ် နှစ်ဖက်က မျက်လုံးနှစ်ဖက်ရဲ့ ထောင့်စွန်းများကို ဖိပြီး အပေါ်သို့ ဆွဲတင်ထားပါ။

လေ့ကျင့်ခန်း(၂)
ဘယ်ဘက်လက်က ခါးကိုထောင်ပြီး ညာလက်ညှိုးကို ညာမျက်လုံးအပေါ် ၄၅ ဒီဂရီ ကျလောက် တွင် ထောင်ကာ မျက်လုံးများက ထောင်ထားသော ညာလက်ညှိုးကို စွေပြီးကြည့်နေပါ။
ထိုပုံစံတိုင်း ၁ မှ ၂၀ အထိ ရေတွက်ကာနေပါ။

လေ့ကျင့်ခန်း(၃)
ညာဘက်လက် က ခါးကိုထောင်ထားပြီး ဘယ်ဘက်လက်ညှိုးကို ဘယ်မျက်လုံးအပေါ် ၄၅ ဒီဂရီကျကျလောက်တွင် ထောင်ကာ မျက်လုံးများက ထောင်ထားသော ဘယ်လက်ညှိုးကို စွေပြိး ကြည့်နေပါ။

ထိုပုံစံတိုင်း ၁ မှ ၂၀ အထိ ရေတွက်ကာနေပါ။

သတိပြုရန်
မျက်လုံးများ စွေကြည့်သည့် အခါ ဦးခေါင်းကို မလှုပ်ရပါ။ မျက်လုံးများကပဲ စွေကြည့်ပါ။

အကျိုးကျေးဇူး
မျက်ခုံးကို ပင့်ထားတဲ့အတွက် မျက်ခွံမကျစေပါ။

မျက်လုံးကို ပြူးထားတဲ့အတွက် မျက်လုံးများမှာရှိတဲ့ သွေးကြောများကို ဆန့်လိုက် သလိုဖြစ်လို့ မျက်လုံးမှိတ် တုတ် မှိတ်တုတ်ဖြစ်ခြင်း ၊ မျက်ကြောလိုက်ခြင်းတို့ကို မဖြစ်စေပါ။

မျက်လုံးအရည်တောက်ပါစေပါတယ်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

မလိုအပ်သော သောက

ကျွန်မတို့အားလုံးရဲ့ ဘ၀မှ အချိန်ပိုင်းတစ်ခုမှာတော့ စိုးရိပ်သောက ဖြစ်ဖူးခဲ့ကြတာချည်းပါပဲ. . . တချို့သော သူတွေက စိုးရိမ် သောကဖြစ်ရတာ အကျင့်ပါနေတတ်ကြပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ သောက မဖြစ်ရရင် မနေနိုင်တဲ့သူတစ်ဦး မဟုတ် တစ်ဦး က တော့ရှိနေတတ်ပါတယ်. . ရောဂါ ကူးစက်မှာ စိုးရိမ်ပြီး ဆပ်ပြာတစ်တုံး ကုန်အောင် ရေချိုးတတ်သူတွေ၊ ရွံတတ်တဲ့ စိတ်နဲ့ ခဏခဏ လက်ဆေးတတ်သူတွေ ၊ တောင်ကုန်းပေါ်လမ်းလျှောက်ရင် မြေပြိုကျပြီးသမှာ စိုးရိမ် တတ်သူတွေ ၊ အပြင်ကပြန်မလာသေးတဲ့ အိမ်သားတစ်ယောက် ဟာ လမ်းမှာ ကားတိုက်ပြီလား ၊ လူဆိုးတွေနဲ့ တွေ့နေပြီ လားလို့တွေးပြီး သောက ဖြစ်နေတတ်သူတွေကို စာဖတ်သူတို့ ကြုံဖူးကြမှာပါ ။

သောကဆိုတာ ကြောက်ရွံ့ခြင်း ကြောင့် နောက်ဆက်တွဲ လိုက် လာတတ်တဲ့ စိတ်ခံစားမှု ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေ ကုန်ခန်း သွားစေတဲ့ခံစားမှုပဲ မဟုတ်ပါလား။နှလုံးရော ဂါနဲ့  သွေးတိုးရောဂါ တွေတောင် ဖြစ်ပေါ် လာစေနိုင်ပါတယ် ။ သောကဆိုတာ ဖြစ်တည်နေစေဖို့ ဆိုးဆိုး ၀ါးဝါး အဖြစ် တစ်ခု ဖြစ်တော့မယ်လို့ စိတ်ထဲက တွေးထင်နေရပါတယ်။ တကယ်တော့ ကျွန်မတို့ စိုးရိမ်နေတဲ့ အရာက ဖြစ်မလာသေးပါဘူး။ အဲဒီ မကောင်းတဲ့ အရာကို အဓိပ္ပါယ် ဖွင့်ဆိုရရင်တော့ စိတ်ကူးယဉ် မှုပါပဲ သောကဆိုတာ မိမိဘာသာ ထွင်ဖန်တီးထားတဲ့ စိတ်အခြေအနေ ဖြစ်တဲ့ မလိုအပ်တဲ့ ကြောက်ရွံ့မှုလို့ နားလည်ထားဖို့လိုပါတယ်။ ဒါပေမယ့် လည်း ကျွန်မတို့ အများစုကတော့ သောက ဖြစ်မြဲပါပဲ။

ကျွန်မတို့ စိုးရိမ်သောကဖြစ်ရခြင်းရဲ့ အကြာင်းတစ်ခု က ကျွန်မတို့မှာ ထိန်းချု့်နိုင်တဲ့ အင်အားမရှိဘူးလို့ ခံစားရခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ - ကျွန်မတို့ရဲ့ ရင်သွေးတစ်ဦးဦးရဲ့ ပတ်ဝန်းကျင်မှာ မပေါင်းသင်းအပ်တဲ့ သူတွေ ၊ လူနေမှု စရိုက်မတူညီသူတွေ ရောက်လာမယ်ဆိုရင် ခြေလှမ်းများ မှားသွားမလား မသင့်တော်တာတွေ ဖြစ်လာမလားလို့ မိဘများမှာ စိုးရိမ်သောက ရောက်ကြရပါတယ်။ ဒါပေမယ့်လည်း မျှော်မှန်းပြီး သာ စိုးရိမ်ရတာပါ။ သူကိုယ်တိုင် နားလည်သဘောပေါက်ပြီး ထိန်းသိမ်းသွားနိုင်ရင် သူ့ဘ၀ ချောမွေ့သွားမှာပါ ၊ စိတ်ဓာတ် ရင့်ကျက်ဖို့နဲ့ အမှားအမှန်ခွဲခြားနိုင်ဖို့ပဲ အရေးကြီးပါတယ်။ တရားသဘော အရ သောကဆိုတာ ဒေါသပဲဖြစ်လို့ သောကများလေ အကုသိုလ် ဖြစ်လေပါပဲ။ အကောင်းဆုံးကတော့ စိတ်အေးအေးထားပြီး သူ့အပေါ် မှာ  မေတ္တာပို့ပေးဖို့ပဲ ဖြစ်ပါတယ်။ အမေ့ရဲ့ မေတ္တာ ဂရုဏာကြောင့် သားလေးလမ်းမှားမလိုက်မိဘဲ အသိဥာဏ် ရှိရှိ ဆင်ခြင်နိုင်ပါစေ လို့ ဆုတောင်းပေးနိုင်ပါတယ်။ ဒီလိုမဖြစ်လာဘဲ စိုးရိမ်သောက ဖြစ်တဲ့အတိုင်း ဆိုးဝါးတဲ့ အခြေအနေထဲကို ရောက်သွားပြီ ဆိုရင်တော့ နှလုံးသွင်း ဆင်ခြင် စရာ နည်းလမ်းရှာကြည့်ရတော့မှာပါ။

လူဆိုတာ ပျက်စီးဖို့လမ်းကြောင်း မှားဖို့ အချိန်တန်လာရင် ဘယ်လိုနည်းနဲ့မှ မကာကွယ်နိုင်ပါဘူး ဆိုတဲ့ အတိုင်း ဖြေသိမ့် ဆင်ခြင်လိုက်မယ် ဆိုရင် သက်သာရာရပြီး သောက ဒေါသ မဖြစ်တော့ပါဘူး။ အဲလိုပါပဲ ကိုယ်ချစ်တဲ့ သူတစ်ယောက်ယောက်က  ရာသီဥတု ဆိုးဝါးလှတဲ့ အချိန်မှာ ကားမောင်းပြီးတော့ အိမ်ပြေန်လာနေတယ် ဆိုရင် စိတ်ပူပင်မိမှာပါ ။ ဒါပေမယ့် လည်း သူ့ရဲ့ ခရီးအဆုံးကို ဘေးမသီ ရန်မခဘဲ ရောက်လာတဲ့ အထိတော့ သောက ဖြစ်နေပါတယ်။ ထိန်းချုပ် နိုင်တဲ့ အင်အား ရှိတယ် ဆိုတဲ့ အသိနဲ့ ကြိုးပမ်း မှုတစ်ခုပါပဲ။ တကယ်တော့ သောကငယ် ဖြစ်နေတာက အကျိုးရှိတဲ့ ရလဒ်ကို မပေးနိုင်ပါဘူး။ ပြီးတော သောက က ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို မနှစ်မြို့ဖွယ်အကျိုး သက်ရောက်မှု ကို ရစေပါတယ်။ 

သောက က စိတ်ကူးမျှော်မှန်းခြင်းကို အသုံးပြုသလို၊ သောကဖြေဆေးကလည်း စိတ်ကူးစိတ်သန်းကို အသုံး ပြုရမျာ ဖြစ်ပါတယ်။ နောက်တစ်ခါ စိတ်သောက ရောက်လာရင် အဆိုးဆုံး ရလဒ်ကို မျှော်မှန်းမယ့် အစား အကောင်း ဆုံး ရလဒ်ကို မှန်းဆလိုက်ပါ။ ချစ်ခင်သူလာနေတဲ့ လမ်းက ဖြောင့်ဖြူးနေတယ် လို့ မြင်ယောင် လိုက်ပါ။ စိတ်ထဲမှာ ချောမောစွာ န်ြလည်ရောက်ရှိလာတာကို ကြည်လင်ပြတ်သား စွာ မြင်ကြည့်လိုက်ပါ။ သူတော်ကောင်းတွေ ၊ နတ်ကောင်း နတ်မြတ်တွေက စောင့် ရှောက်ပေးနေတယ် လို့ စိတ်ကူးလိုက်ပါ။ 

သားအတွက် စိုးရိမ်မိတယ် ဆိုရင်လည်း  သားလေးက စိတ်ကောင်းရှိတဲ့သူပါ။ အခုဖြစ်နေတဲ့ အဟန့်အတားတွေက ခဏပဲ နေမှာပါ မကြာခင် အားလုံး ပြေလည်သွားလိမ့်မယ် လို့ စိတ်ထဲ က မျှော် မှန်းထားပါ။ ကြောက်ရွံ့စိုးရိမ်ပြီး စိတ်မသက်မသာ ဖြစ်နေမယ့်အစား အေးငြိမ်းခြင်းနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ခြင်းကို အစပျိုါ်လိုက်စေလိုပါတယ် ။ စောစောက ပြောခဲ့တဲ့အတိုင်း မေတ္တာပို့လွှတ်ပြီး နေ လိုက်ဖို့ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ပြီး သားလည်း အန္တရယ် ကင်းသွားပါလိမ့်မယ်။ 

ကျွန်မတို့ သောကဖြစ်ရတဲ့ နောက်ထပ် အကြောင်း တစ်ခုက ကျွန်မတို့က ပြီးပြတ်အောင် မရှင်းလင်းဘဲ ရှောင်ရှားနေမိတဲ့ အကြောင်း တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ - ကားစောင့်ခ ငွေမပေးရသေးတာ၊ လုပ်ရမယ့် အလုပ်ကို ချောင်ထိုးထားမိတာ၊ မိတ်ဆွေ တစ်ယောက်နဲ့ ပြသာနာကို မဖြေရှင်းသေးတာ စသည်တို့ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေမှာ ကျွန်မတို့ စိုးရိမ်ပူပန်နေရပြီဆိုတာကို အသိ အမှတ် ပြု လိုက်ပြီး  ပြီးပြတ်  အောင်   ဆောင်ရွက်လိုက်တာ က အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မယ်။ အခြေအနေကို ရင်ဆိုင်ပြီး ကိုယ်ပိုင်အင်အားနဲ့ ပြောင်းလဲပစ်လိုက်ပါ။ ဒါဆိုရင် သောက ဖြစ်စရာ ဘာ အကြောင်း  မှ မရှိတော့ ပါဘူး။

ခင်စောတင့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

အချစ်နဲ့စိတ်ကူးယဉ်မှု

တစ်ခါကပါ

ကျွန်မသူငယ်ချင်း တွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တုန်း

ချစ်သူတွေ အကြောင်း ရောက်သွားပါတယ်။

ကျွန်မ သူငယ်ချင်း  တစ်ယောက်က

သူ့ရဲ့ အိပ်မက်ထဲ က ချစ်သူ့ပုံရိပ်အကြောင်း ပြောပါတယ်။

"ငါ့ ချစ်သူက အရပ်မြင့်ရမယ်၊ အသားဖြူရမယ်၊ ပညာတော်ရမယ်၊ စိတ်ကောင်းရှိရမယ်။"

သူ့ရဲ့ သတ်မှတ်ချက်တွေက မနည်းလှပါဘူး။

ကာလတော်တော်ကြာ ပြီး တစ်နေ့မှာတော့

သူနဲ့ ကျွန်မ တို့  ပြန်ဆုံဖြစ်ပါတယ်။

"ဒါ.....ငါ့အမျိုးသားလေ"

မိတ်ဆက်ပေးပါတယ်။ သူပြောခဲ့တဲ့ သူ့ရဲ့ ချစ်သူ ပုံရိပ်ကို သတိရသွားတဲ့အခါ သူအမျိုးသားကို အားနာသွားမိပါတယ်။

လွဲနေတာကိုး

ပြီးတော့ သူကပဲ ကျွန်မ အတွေးကို သိနေလို့လားမသိ၊ ပြောသွားပါသေးတယ်။

"အချစ်ဆိုတာ ဘယ်လို စည်းကမ်း ၊ သတ်မှတ်ချက် မျိုးကိုမဆို ပျောက်ပျက်သွား စေနိုင်တယ်တဲ့ ...."

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

ချစ်ခြင်း၏ လှို့ဝှက်ချက်များ


Loving can sometimes
take away a lot from us, 
but whether you see it or not, 
not loving always takes away more.
In fact, it takes you away from your deepest desire.

ချစ်တတ်ခြင်းသည်
ကိုယ်တို့ သိမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ
တစ်ခါတစ်ရံမှာ...
 ကိုယ်တို့ထံမှ အရာများစွာကို ယူဆောင်သွားနိုင်ပါတယ်။

မချစ်တတ်ခြင်းကတော့
အမြဲတမ်း (အရာများစွာကို) ပိုပြီး ယူသွားတတ်လေရဲ့။
အမှန်တော့
မင်းကို အနက်ရှိုင်းဆုံး အလိုဆန္ဒတွေဆီက
ယူဆောင်သွားခဲ့တာပါပဲ။

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ခါးသေးစေတဲ့ ယောဂကျင့်စဉ်

လေ့ကျင့်ခန်း(၁)
ပေါင်ကားရပ်ပါ။ (ပုံ-၁)

လေ့ကျင့်ခန်း(၂)
ညာဘက်လက်ကို ဘယ်ဘက်သို့ ဆန့်ထုတ်ပြီး ဘယ်လက်ကို ရင်ဘတ်နားတွင် ကပ်ထားပါ။ ပုံ(၂)

လေ့ကျင့်ခန်း(၃)
ဘယ်လက်ကို ညာဘက်သို့ ဆန့်ထုတ်ပြီး ညာလက်ကို ရင်ဘတ်နားတွင ကပ်ထားပါ။ ပုံ(၃)

ပုံ(၁)


ပုံ (၂)

ဤကဲ့သို့ တစ်လှည့်စီ အကြိမ် ၂၀ ခန့် ပြုလုပ်ပေးပါ။

သတိပြုရန်

လေ့ကျင့်သည့်အခါ တင်ပါးနှင့် ခန္ဓာကိုယ် အောက်ပိုင်းကို ငြိမ်အောင် ထားပြီး ခါးနှင့် ခါးအပေါ်ပိုင်းကိုပဲ လှုပ်ရှားပေးပါ။
ပုံ(၃)
အကျိးကျေးဇူးများ
  • ခါးကိုသေးစေပါတယ်
  • နောက်ကျောပြင်တစ်လျှောက်ရှိ အဆီများကို ကျဆင်းစေပါတယ် 
  • ဦးခေါင်းကိုပါ လိုက်လှည့်သည့်အတွက် ပခုံးကြောများကိုလည်း ပြေစေပါတယ် 
  • အုံးလွဲခြင်းကို သက်သာစေပါတယ်။
အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ခေါင်းဆောင်ကောင်းတစ်ယောက်

တပည့်ကောင်း မဖြစ်ခဲ့တဲ့သူဟာ
ဆရာကောင်းလဲ မဖြစ်နိုင်ပါဘူး။

ခေါင်းဆောင်ကောင်း ဆိုတာ
မိမိဦးဆောင် အောင်မြင်သော ကိစ္စတိုင်းကို
မိမိရဲ့ လက်အောက် က လူတို့၏
စွမ်းဆောင်နိုင်မှုအဖြစ်
အသိအမှတ်ပြုတတ်တယ်။

မိမိလက်အောက်ငယ်သားကို
ချီးကျူး ဂုဏ်ဖော်ပေးခြင်းဖြင့်
ခေါင်းဆောင်လုပ်သူတစ်ယောက်၏
ဂုဏ်သရေ နည်းပါးသွားတယ်ဆိုတာ
မရှိဘူး။

အောက်လက်ငယ်သားတို့၏ စိတ်၌
မိမိတို့အား လူသိထင်ရှား
ဖော်ထုတ် ချီးကျူးသည့်အတွက်
မိမိခေါင်းဆောင်အပေါ်မှာ
အရိုးကြေကြေ
အရေခန်းခန်း
ဆောင်ရွက်ပေးလိုတဲ့ စိတ်တွေ
တဖွားဖွား ပေါ်လာမှာ မလွဲဘူး။

ဒီလိုမဟုတ်ဘဲ
အောက်လက်ငယ်သားဂုဏ်ကို မဖော်ဘဲ
ငါ့ကြောင့်
ငါတော်လို့
ဒီလို အထင်ရောက်နေမယ်ဆိုရင်
တပည့်တွေဟာ
ကိုယ် ထင်ထားသလောက်
အကျိုးပြုမယ်လို့ မထင်ပါဘူး ။


အိန်ဂျယ်လ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

အပြစ်ဒဏ်သင့်

မပြစ်မှား ထိုက်သူတွေကို ပြစ်မှားရင်  ခဲခဲယဉ်းယဉ်းနဲ့ ရထားတဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတတ်တယ်။

အိမ်မှာ ရှိတဲ့ စပါးက ပုပ်သွားတတ်တယ်။

ရွှေတွေက မီးကျီးခဲ့ ဖြစ်သွားတတ်တယ်။

ပုလဲက ၀ါစေ့ ဖြစ်သွားတတ်တယ်။

ငွေအသပြာက အိုးခြမ်းကွဲ စသည် ဖြစ်သွားတတ်တယ်။

ခြေနှစ်ချောင်း၊ ခြေလေးချောင်း သတ္တ၀ါတွေဟာ ကန်းတာ ၊ ကွေးကောက်တာ စသည် ဖြစ်သွားတတ်တယ်။

(ဓမ္မပဒ၊ဋ္ဌ၊ဒု၊၄၅)


ကိုယ့်ရဲ့ ရန်သူက ကိုယ့်ကို ဒုက္ခရောက်အောင် လုပ်နိုင်တာထက် ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်ထားက ဒုက္ခရောက်အောင် လုပ်တတ်ပါတယ်။ စီးပွားရေး မပျက်လိုတဲ့ စည်းစိမ်ရှင်ဟာ မပြစ်မှားထိုက်တဲ့ သူတော် ကောင်းတွေကို မပြစ်မှားမိဖို့ အရေးကြီးပါတယ်။

 ပြစ်မှားရင် စီးပွားရေးလည်း အကြီးအကျယ် ပျက်စီးတတ်ပါတယ်။ ထိခိုက်တတ်ပါတယ်။ စီးပွားတက်လေလေ သူတော်ကောင်းတွေကို လေးစား ရိုသေနိုင်လေလေ ဖြစ်ရပါမယ်။ စီးပွား မာန်တက် ပြီး မလုပ်သင့်တာလုပ်၊ မပြောသင့်တာ ပြော၊ မကြံသင့်တာ ကြံရင် မကြာခင် စီးပွားရေး ကျဆင်းကြရပါမယ်။

 သာမဏေကျော်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

အိမ်နီးချင်းကောင်း

အိမ်နီးချင်းကေားင်ပါမှ
ကြင်ရာကောင်း ညားစရာ
ပြောရိုးစဉ်လာ၊
မိတ်ဆွေ စစ် မိတ်ဆွေညာ
လေ့လာကာ ခွဲခွဲခြားခြား
ပတ်ဝန်းကျင် အလေးထား
ဆိုရိုးစကား။

ဆီသတ်ကြော် အညှော်ပြင်း
အိုမင်းနဲက လူမမယ်( မည်)
ညှော်ကြောက်သည့်အရွယ်
နာဖျားသည့် ဝေဒနာသည်
လွတ်အောင်ကွယ် ရှောင်နိုင်ဖို့ ။
သံကျယ်ကျယ် အော်ပါစို့
ညှော်ကြမယ်ဗျို့။


ကျော်စောဟန်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

လေဆန်ငှက်

လောကဓံ တိုက်ပွဲ
အနိုင်ကြဲဖို့
အသိုက်ထဲမှ
ထွက်ခဲ့သည်။

တိမ်ညိုသိမ့်သိမ့်
မိုးခြိမ့်ခြိမ့်နှင့်
သောသော ဆူညံ
ထက်ဘယံမှာ
လေနီကြမ်းဆင်
လမ်းမမြင်လည်း
အားမာန်ကို တင်း
လေဟုန်ခွင်းလျက်
အမြင့်ပျံတက်
လေဆန်ငှက်။

တစ်ထောက် မနား
အတောင်အားဖြင့်
ဝံ့ကြွား တွန်းလှန်
အားမတန်လည်း
လေဟုန် မစီး
ရှေ့ခရီးသို့
စိတ်အားမာန် ဇွဲ
လုံ့လခဲသည်
အားတင်းပျံတက်
လေဆန်ငှက်။


အိန်ဂျယ်(လ်)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။