ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အချစ်ကြောင့်လား ဂုဏ်ဒြပ်ကြောင့်လား



အချစ်ဆိုတာ တွယ်တာတာ၊ တပ်မက်တာ၊ အသံကို အမြဲတမ်းကြားနေခြင်တာ၊ရုပ်သွင် လေးကို အမြဲတမ်း မြင်နေချင် တာ ၊ သူနဲ့ တူတူ စကားတွေ အမြဲတမ်းပြောနေလိုတာ. . . စတာတွေဟာ အချစ်ရဲက လက္ခဏာတွေပါ. . မိဘနှင့် သားသမီးကြား ၊မောင်နှမကြား ၊ သူငယ်ချင်း နှစ်ယောက်ကြား လူနဲ့ သက်ရှိ သက်မဲ့ အရာဝတ္တုကြားမှာ လည်း ချစ်ခြင်း ၊တွယ်တာခြင်း ၊ တပ်မက်ခြင်းတွေရှိပါတယ်. .

မေတ္တာဆိုတာကတော့ ကိုယ်မေတ္တာရှိတဲ့လူ။ မေတ္တာထားလိုက်တဲ့ လူနဲ့ ပတ်သက်ပြီး သူ့ဆီက ဘာမှ ပြန်မလိုချင်ဘူး . . .ကိုယ့်မေတ္တာနဲ့ပဲ သူ့ကိုကောင်းစားစေချင်တယ်. . . ပေးဆပ်ချင်တယ်.. . .

အချစ်မှာတော့ ကိုယ်ကလည်း သူ့ကို ကောင်းအောင်လုပ်ပေးချင်သလို သူ့ဆီကလည်း ကောင်းတာလေးတွေ မျှော်လင့်တတ်ကြပါတယ်. . . . . အဲဒီနှစ်ခုပြည့်စုံမှ သူ့အချစ်ကလည်း ပြည့်စုံတယ်လို့ ယူဆတတ်ပါတယ်. . . . . အချစ်ဆိုတာ ရယူခြင်းလည်းဟုတ်တယ်. . . . ပေးဆပ်ခြင်းဆိုလည်း ဟုတ်ပါတယ်. .

သူငယ်ချင်းကြားမှာ ဖြစ်ဖြစ်၊ လင်မယားကြားမှာပဲ ဖြစ်ဖြစ် ၊ ချစ်သူနှစ်ဦး ကြားမှာပဲဖြစ်ဖြစ် ၊ ဖြစ်ပေါ်လာတဲ့ အချစ်နောက်မှာ ကပ်ပြီးပါလာတာကတော့ ပူလောင်ခြင်းဆိုတဲ့ မီးကလေးပါပဲ. . သို့သော် ဘယ်သတ္တ၀ါမှ အချစ်နဲ့ မလွတ်ကင်းနိုင်ကြပါဘူး. .

ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲက အိမ်ထောင်တစ်ခု ထူထောင်လို့ရသလားဆိုတော့ . . . "ယောက်ကျာ်းကလေးနဲ့ မိန်းကလေး လက်ထပ်တယ် ဆိုရင် တစ်ယောက်ကို တစ်ယောက် နှောင်ဖွဲ့တာကတော့ အခြေခံသံယောဇဉ်ပါ. . ချစ်ခြင်းမေတ္တာပေါ့ . . . . ချစ်ခြင်းမေတ္တာမပါဘဲ ထူထောင်တဲ့ အိမ်ထောင်ရေးဟာ အတော် အန္တရယ်ကြီးမားပါတယ်. . . အချိန်တိုတွင်းမှာပဲ ပျက်စီးခြင်း ၊ ပြိုကွဲခြင်းကို ရှေးရှုစေပါတယ်. . . . "

ဒါပေမယ့်လည်း ချစ်ခြင်းမေတ္တာ တစ်ခုတည်းနဲ့မပြီးဘူးဆိုတာကိုတော့ ရှေုးတုန်းက စာရေးဆရာကြီးတွေ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပညာရှင်ကြီးတွေကိုလည်း ဒါကို တော်တော်လည်း ပြောခဲ့ကြပါတယ်. . .

အခုခေတ်လူငယ်တွေက အချစ်က အရာရာကို ကျော်လွှားနိုင်တယ်ဆိုပြီး အချစ်တစ်ခုတည်းနဲ့ လက်ထပ်မယ် ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်. . . ဒါ့ကြောင့် လူငယ်တွေ အချစ်တစ်ခုတည်း ကြောင့် လက်မထပ်စေချင်ပါဘူး. . . တစ်ဘ၀လုံးစာ နစ်နာသွားနိုင်ပါတယ်. .

ချစ်ခြင်းမေတ္တာအပြင်မှာ ဘာတွေ ထပ်ပြီး လိုအပ်သလဲဆိုရင်တော့ တစ်ယောက် အပေါ်တစ်ယောက် နားလည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှုပါ. . . လူတိုင်း ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ကြပါဘူး လူတိုင်းလူတိုင်းမှာ ချို့ယွင်းချက်ဆိုတာတော့ ရှိနေမှာပါ. . . . အဲဒီချစ်သူနှစ်ဦး လက်ထပ်ကြာတော့ ဇနီးမောင်နှံ လောင်းလျာဟာ ကိုယ်စီကိုယ်င ချို့ယွင်းချက် အပြစ်လေးတွေ ကိုတော့ကြိုတင် သိထားပြီးတော့ နားလည် တာဝန်ယူတတ်မှုတွေ ရှိရပါမယ်. . . အဲဒါက လူ့အဖွဲ့အစည်းမှာ အင်မတန် အရေးကြီးပါတယ်. .

ချစ်သူနှစ်ဦးမှာလည်း ကောင်ကလေးဆိုရင် လည်း သူ့တာဝန်ယူမှုနဲ့ သူ၊ မိန်းကလေးလည်း အလားတူပဲ ဖြစ်ပါတယ်. . .

နောက်တစ်ခုက စီးပွားဥစ္စာပြည့်စုံမှုတွေလည်း လိုအပ်ပါတယ်. . ဆင်းရဲခြင်းဟာ မကောင်းပါဘူး. . . ဆင်းရဲခြင်းဟာ ပြသာနာများစွာကို ထွက်ပေါ်လာပြီးတော့ မသိနားမလည်မှုတွေ များစွာ ဖြစ်ပေါ်လာပါတယ်. . . မသိနားမလည်မှုတွေကြောင့်ပဲ အိမ်ထောင် ပြိုကွဲသွားနိုင်ပါတယ်. . . ဒါကြောင့် ထိုက်သင့်တဲ့ လိုအပ်တဲ့ စီးပွားရေး အခြေခံဆိုတာလည်း ရှိရပါမယ်. . .

နောက်တစ်ခုက ဂုဏ်သိက္ခာပါ ဂုဏ်သိက္ခာဆိုတာ ရာထူးစည်းစိမ်ကို ပြောတာမဟုတ်ဘူး . . ရိုးသားမှု ဂုဏ်သိက္ခာ အဲဒါတွေကို ထည့်မတွက်ပဲ အချစ်တစ်ခုတည်း သံယောဇဉ် တစ်ခုတည်း နီးစပ်မှု တစ်ခုတည်းကြောင့်ပဲ လက်ထပ်မယ်ဆိုရင် အဲဒီအိမ်ထောင်ဟာ ချမ်းမြေ့တဲ့ အိမ်ထောင် တစ်ခု ဖြစ်မှ မဟုတ်ဘူး. . .

ချစ်သူဘ၀မှာ အရေးကြီးဆုံးနဲ့ တစ်ခုတည်းသော အရာဟာ အချစ်ပါပဲ. . . ဒါပေမယ့် အိမ်ထောင်သည် ဘ၀မှာ ချစ်သူဘ၀နဲ့ အရမ်းခြားနားသွားပြန်တယ်. . . . "အပြန်အလှန် တာဝန်ယူရတော့မယ်. . ရုန်းကန်လှုပ်ရှားရတော့မယ်. . . စားဝတ်နေရေးအတွက် အလုပ်လုပ်ရတော့မယ် . . သားသမီးပွာစီးလာရင် သားသမီးအတွက် တာဝန်ယူရတော့မယ်. . . ဒါကြောင့် ချစ်သူဘ၀မှာ ချစ်ခြင်းမေတ္တာဟာ အသံကျယ်လောင် ပေမယ့် အိမ်ထောင်သည် ဘ၀မှာ အသာလေး နောက်ဆုတ်သွားပြီး အသံမထွက်တော့ဘူး. . . "

အိမ်ထောင်သည် ဘ၀မှာ အချစ်ဟာ နောက်တန်းကို လျှော်သွားပြီး . . အပြန်အလှန် နားလည်မှု၊ သည်းခံမှု ၊ ခွင့်လွှတ်နိုင်မှုတွေ အရေးပါလာတယ်. . . ဒါကြောင့် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တည်ဆောက်မယ် ဆိုတာ မဖြစ်ကောင်းတဲ့ အရာတွေပါ. ..

"အတူတကွ လက်ထပ်ပေါင်းသင်းဖို့ စဉ်းစားလိုက်တာနဲ့ အချစ်တစ်ခုတည်း နဲ့ မပြီးပါလား ကျန်တာတွေ အများကြီးလိုပါသေးလားဆိုတာ သိလာရပါတယ် . . ၀တ္တုတွေထဲမှာပဲ ကြည့်ကြည့် ၊ ဇာတ်လမ်းတွေထဲမှာပဲ ကြည့် ကြည့် အချစ်တစ်ခု တည်းနဲက ပဲ တစ်ဆောက်ထားတဲ့ ဘ၀ဟာ ပျက်ဆီးတာ ရှိသလို အောင်မြင်တာတွေလည်း ရှိပါတယ်. . ."

အချစ်ဟာ အန်မတန် လိုအပ်ပါတယ် . . ဒါပေမယ့် အရာရာဟာ သူ့အချိန်အပိုင်းအခြားနဲ့ သူလိုအပ်တယ်. . ဒီအချိန်မှာ အရေးကြီးသလို နောက်တစ်ချိန်မှာ သူ့ထက် အရေးကြီးတာ ပေါ်လာမှာပါ. . . . အဲဒါဟာ အိမ်ထောင်ရေး ဘ၀ရဲ့ ဥပဒေလို့ ပြောလို့ရပါတယ်. .

မြန်မာတိုင်း(မ်) အထူးထုတ် အချပ်ပို

ဇွန်ပန်းပွင့် (စာရေးဆရာ ချစ်ဦးညို၏ ဖြေကြားချက်) ကို ပြန်လည် ကူးယူဖော်ပြပါသည်.


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ယောက်ျားကောင်း

ကျွန်တော် ကောင်မလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းမိပါတယ်. အရင်ကတည်းက သူနဲ့ ကျွန်တော် ရင်းနှီးခဲ့တာပါ. . .

ကောင်မလေး . . . . "ကျွန်မ အထင်မကြီးတဲ့ ယောက်ျားတစ်ယောက်ကို လက်မထပ်နိုင်ဘူး. . "

ကျွန်တော်. . . . . . . ."အင်း. . ."

ကောင်မလေး . . . . "ယောက်ျားတံခွန် လူရည်ချွန်က ကောင်းကင် တမွတ် ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ရဲမြဲလမ်းတဲ့ . . . ကြားဘူးလား. . .. . "

ကျွန်တော်. . . . . . . ."အင်း. . ."

ကောင်မလေး . . . . "ဒီတော့ ကျွန်မအတွက် ကြယ်ဆွတ်ပေးပါ. . "

ကျွန်တော်. . . . . . . ."အင်း. . ."

ညတစ်ညမှာ ကျွန်တော် သူ့ဆီ သွားပါတယ်. . လက်မထပ်နိုင်တော့ကြောင်း သွားပြောတာပါ. . သူက အမေးမျက်ဝန်းနဲက ကျွန်တော့ကို ကြည့်လို့ ရှင်းပြခဲ့ရပါသေးတယ်. .

"ကျွန်တော . . . ခူးဆွတ်ပေးတဲ့ ကြယ်တွေကို မသိမ်းဆည်းနိုင်တဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် လက်မထပ်နိုင်ပါဘူး. . ."

ပြီးတော့ . . . အေးအေးဆေးဆေးပဲ လှည့်ပြန်ခဲ့ပါတယ်. . . .

အဲဒီညကတော့ ကြယ်တွေ ကြွေလို့ပေါ. . .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူမိုက်ကိုကြောက်သော ဦးပေါ်ဦး

"ငါဟာ . . . .ရေမြေ့သခင်၊ သက်ဦးဆံပိုင်၊မင်းဧကရာဇ် ဖြစ်တယ်ဆိုတာ မောင်မင်းသိရဲ့လား . . ပေါ်ဦး. . ."

"သိကြောင်းပါဘုရား. . . ."

"ပါးစပ်ကသာ သိတယ်လို့ပြောတယ်. . . မောင်မင်းကို ကြည့်ရတာ ငါ့ကို ကြောက်ပုံမရဘူး. . . ငါကဲ့သို့ ဘုရင်ထက် ကြောက်ရမည့်သူများ ရှိရဲ့လား ပေါ်ဦးရဲ့. . . ."

ဘိုးတော် ဦးဝိုင်းက မေးသည်. .

သက်ဦးဆံပိုင် ဘုရင်ကိုပင်လျှင် တစ်ခါတစ်ရံတွင် ဦးပေါ်ဦးသည် ဇွတ်တရွတ် လျှောက်ထားတတ်သည်. . ထို့ကြောင့် ဦးပေါ်ဦးကို သတိပေးလိုစိတ်ဖြင့် ဘိုးတော် ဦးဝိုင်းကမေးနေခြင်း ဖြစ်ပါသည်. . .

"မှန်လှပါ အရှင်ဘုရား . . . .ဘုရင်ထက် ကြောက်ရတဲ့သူ ရှိကြောင်းပါဘုရား . ."

"ဟေ. . ငါဘုရင်ထက်ကြောက်ရတဲ့သူရှိတယ်. . . ဟုတ်စ. . . ဘယ်သူများပါလိမ့်ကွယ်. . . . "

"လူမိုက်ပါ ဘုရား. . ."

"ဘာကြောင့်များလဲကွယ်. . ."

"မှန်ပါ. . . ဘ၀ရှင် မင်းတရားကြီးသည်. . .ရှင်ဘုရင်ဖြစ်သည့်အတွက် တွေးတော ဆင်ခြင် နှိုင်းဆတတ်ပါသည်. . . ဘုရား . . . လူမိုက်ဆိုသူများကတော့ . . တွေးတောဆင်ခြင် နှိုင်းဆတတ်ခြင်း မရှိ. . . ဥာဏ်အမြော်အမြင် မရှိကြောင်းပါ ဘုရား . . . ထို့ကြောင့် . . .ရှေးနောက် မတွေး၊ ရိုက်တတ်၊ သတ်တတ်၊ နှိပ်စက်တတ်သော. . လူမိုက်များကို ရှင်ဘုရင်ထက် ပို၍ ကြောက်မိကြောင်းပါဘုရား . . ."

ဦးပေါ်ဦးက လျှောက်ထားသည်. .

ဘိုးတော် ဦးဝိုင်းသည် ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို လက်ခံရတော့သည်. . .

အကယ်၍ လက်မခံခဲ့လျှင် . .. တွေးတော ဆင်ခြင်ခြင်း မရှိရာ၊ ဥာဏ် အမြော်အမြင် မရှိရာ ရောက်ပေတော့မည်. . . .

"ဟုတ်ပါပေတယ် မောင်မင်း. . ."

ဦးပေါ်ဦး၏ လျှောက်တင်ချက်ကို ဘိုးတော် ဦးဝိုင်း လက်ခံရုံမျှတစ်ပါး အခြားမရှိပြိ

ဦးပေါ်ဦးလျှောက်ထုံးပုံပြင်များ


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

တစ်ယောက်တည်းလုပ်

တစ်ယောက်တည်းလုပ်
One can do only by doing


တစ်ယောက်တည်း လုပ်နိုင်တဲ့အလုပ်ကို
တစ်ယောက်တည်းလုပ်ပါ။
မကြီးပွား
မတိုးတက်တဲ့ သူတွေရဲ့
အရေးအကြီးဆုံးအားနည်းချက်ကတော့
“ ပတ်ဝန်းကျင် မှီခိုမှုအား’’ ပဲ ။

မင်းတို့ရဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်
တချို့လူတွေဟာ
တစ်ယောက်တည်းလုပ်ရင်ဖြစ်နိုင်ရဲ့သားနဲ့
အဖော်နဲ့ လုပ်တတ်ကြတယ်။
တစ်ယောက်တည်းလုပ်ရမယ့်အလုပ်ကို
အဖော်နဲ့ လုပ်တဲ့ အတွက်
ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်တယ်။

စကားပြောရတယ်
မျှဝေခံစားရတယ်
ပဋိပက္ခ, မဖြစ်အောင် နေရတယ်
ကိုယ်ရည်ကိုယ်သွေး နိမ့်ကျတယ်
အဆိုးဆုံးကတော့ …………
ကြာလာရင်
အဖော်မပါဘဲမလုပ်တတ်တော့ဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတယ်။
တကယ်တော့ ………..
တစ်ယောက်တည်း လုပ်နိုင်တဲ့ အလုပ်ကို
တစ်ယောက်တည်း ပဲလုပ်ပါ။

နှစ်ယောက်မလုပ်ပါနဲ့။
သင်တို့အရည်အချင်းတွေဟာ
သင်တို့ ထင်ထားတာထက်
ပိုပြီးတော့ ထွက်လာပါလိမ့်မယ်။

အိန်ဂျယ်လ်

အားလုံးကိုချစ်ခင်လေးစားလျှက်. . .

.

စိုးရိမ်စိတ် သိပ်မကြီးလွန်းပါနဲ့

ကျွန်မတို့တွေဟာ ကိုယ်ချစ်ရ၊ သံယောဇဉ်ထားရ သူတွေကို ဘေးအန္တရယ် ဘယ်ကျရောက်စေချင်ပါ့မလဲ. . . ဒါပေမယ့် သူတို့ကို သူတို့ဘ၀နဲ့ သူတို့လျှောက်လှမ်းခွင့်ပေးဖို့ လိုပါသေးတယ်. . . သူတို့ကို သူတို့ လုပ်စေချင်တဲ့အလုပ် လုပ်ခွင့်မပေးဘဲ ကိုယ်က စိတ်ပူပြီးတော့ နေတာဟာ ကိုယ့်အချိန်တွေကို ဖြုန်းပစ်လိုက်တာ ဖြစ်ပြီး အဲဒါကမှ တကယ့် ဆုံးရှုံးမှုကြီးပါ. . အဲသည်လိုနဲ့ပဲ ကိုယ့်မှာ တစ်ချိန်လုံး စိတ်ပူစရာ ဖြစ်နေရတော့တာပါပဲ. . . .

ပြောရမယ်ဆိုရင် အရာရာတိုင်းမှာ စိုးရိမ်စရာ အန္တရာယ်တွေ ရှိတတ်ပါတယ်. . . အချို့သူတွေ ကိုယ့်ကိုယ်ကို အတွက်ရော ကိုယ်ချစ်တဲ့ သူ၊ ကိုယ့်သားသမီးတွေ အတွက်ပါ ကျရောက်နိုင်တဲ့ အန္တရာယ်တွေကို အမြဲ တမ်း စိုးရိမ်ကြေက်ရွံ့နေတတ်ပါတယ်. ..

လူတွေဆိုတာကလည်း တစ်ခါတစ်လေ စိုးရိမ်စရာ သိပ်မရှိဘူးဆိုတာမှ ပိုပြီး ကြောက်ချင် ကြောက်တတ်နေ ကြပါတယ်. . . သမ္မတကြီး ဖရန်ကလင်ရုစဗဲ့ ပြောဖူးတာ ရှိပါတယ်. . ကိုယ်ကြောက်ရမယ့် အရာထက် ကိုယ့်ရဲ့ အကြေက်တရားက ပိုပြီး ကြီးမားနေတာကမှ တကယ့်အန္တရာယ်ပါတဲ့. .

ကိုယ်ကြောက်နေတဲ့ အရာက တကယ့်ကို ယုတ္တိမရှိဘဲ ဖြစ်နေနိုင်ပါတယ်. . ကြောက်သင့်တာ တခြား၊ ကြောက်နေတာ တခြား ဆိုတာမျိုးပေါ့. . . ဘ၀မှာ လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်ဘဲ ရှောင်နေတာမျိုး မဖြစ်ရအောင် သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို အသေအချာ စဉ်းစားချမှတ်ဖို့ လိုပါတယ်. . .

ထောင်ပေါင်းများစွာသော မိဘတွေကို လေ့လာဆန်းစစ်ကြည့်တဲ့ အခါမှာ အစိုးရိမ်သိပ်ကြီးလာရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိတတ်တာကို တွေ့ရှိရပါတယ်. . စိုးရိမ်သောကဖြစ်ရတဲ့ အချိန်များနေရင် စိတ်င်းကျပ်မှု ပိုမို ဖြစ်တတ်တယ် ဆိုတာမျိုး အပါအ၀င်ပေါ့ . . . . သိပ်အစိုးရိမ်ကြီးတတ်လွန်းတဲ့ လူတွေဟာ စိတ်ကျေနပ်မှု (သို့မဟုတ်) တင်းတိမ်ရောင့်ရဲမှု ကို မရရှိနိုင်ပါဘူး. .

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သားဖေဖေ

သား
ကိုယ့်ကို ကိုယ် ပုံသွင်းမရတာနဲက
သူတစ်ပါးကို ပုံမသွင်း နိုင်ဘူးလို့
တထစ်ချ ပြောလို့ရမလား

ဆံပင်ညှပ်သမား တစ်ယောက်ဟာ
ကိုယ်ခေါင်းက ဆံပင် ကိုယ်မညှပ်တတ်လို့
သူတစ်ပါး ခေါင်းက ဆံပင် မညှပ်သင့်ဘူးလို့
အပြစ်တင် သင့်သလား. .

အဖေက ပညာမတတ်လို့
သားကို ပညာတတ် ဖြစ်အောင်
ပုံသွင်း လေ့ကျင့်လို့မရဘူးလား .

ဖခင်တစ်ယောက်အနေနဲ့
သူချစ်တဲ့ သားကို
ပညာတတ်ကြီးဖြစ်အောင်
လူတစ်လုံး သူတစ်လုံးဖြစ်အောင်
သူစိတ်ကြိုက် ပုံသွင်းလေ့ကျင့်တာဟာ
နှိပ်စက် ညှဉ်းပန်းတာ မဟုတ်ပါဘူး

ဘယ်ပန်းပုဆရာမှ
သူ ထုလုပ်နေတဲ့ အရုပ်ကို
အမြင် မလှအောင် မလုပ်ဘူးဆိုတာ
သားနားလည်စေချင်ပါတယ်.

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နေ့စဉ် လုပ်နေကျအလုပ်တွေမှာ မွေ့ပျော်ပါ

တစ်နေ့တစ်နေ့မှာ ကိုယ်လုပ်နေရတဲ့ အလုပ်တွေက ရေတွက်လို့တောင် မရနိုင်လောက်အောင်ပါပဲ။ ဒီအလုပ်တွေကို ဝန်ပိတယ်လို့ ပြောနိုင်သလို နှစ်သက်စရာကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။ ခွေးကလေးကို လမ်းလျှောက်ပေးတာကိုပဲကြည့်ရင် ဒါဟာကိုယ်လုပ်ကိုလုပ်ရမယ့် အလုပ်မှန်ပေမယ့် ခွေးနဲ့အတူ လမ်းလျှောက်ရင်းက လေ့ကျင့်ခန်းလည်းလုပ်လို့ရသလို အတွေးတွေ ဖြန့်ကြက်ဖို့လည်း အချိန်ရနိုင်ပါတယ်။

လမ်းမှာ အိမ်နီးချင်းတွေကို နှုတ်ဆက်နိုင်သလို ကိုယ့်အနီးပတ်ဝန်းကျင်ကိုလည်း ကြည့်လို့ရနိုင်ပြန်ပါတယ်။ အဲဒီတော့ ကိုယ်နေ့တိုင်းလုပ်နေရတဲ့ အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကြည့်လိုက်ပါ။
ကျွန်မတို့ ဖြတ်သန်းနေရတဲ့ နေ့တွေဟာ များသောအားဖြင့် သာမန်နေ့တွေပါပဲ။

ကျွန်မတို့ ဘဝမှာ ကျွန်မတို့ရင်ထဲ အမှတ်တရ စွဲလန်းနေမယ့် အထူးအမှတ်တရနေ့တွေလည်း ရှိနိုင်ပါတယ်။ မိသားစု ပျော်ပျော် ပါးပါး ဆင်နွှဲရတဲ့နေ့တွေလည်း ရှိနိုင်ပါတယ်။ များသောအားဖြင့် ကျွန်မတို့ ကြုံရတဲ့ နေ့တွေကတော့ ဘာမှထူးခြားမှု မရှိတဲ့ သာမန်နေ့တွေပါပဲ။

သို့ပေမယ့် အဲ့ဒီလို သာမန်နေ့တွေမှာပဲပျော်စရာ အခွင့်အလမ်းတွေ ပေါ်တဲ့နေ့တွေ ရှိနေပြန်ပါတယ်။ အဲ့ဒီလို နေ့တွေကိုပဲ ကျွန်မတို့က ပြန်မတွေးကြည့်မိကြသလို တန်ဖိုးလည်းမထား မထားဖြစ်ခဲ့ ကြပါဘူး။ နေ့စဉ်နေ့တိုင်းမှာ ကိုယ့်ရဲ့ တစ်နေ့တာ ဘဝထဲက ရိုးရိုးရှင်းရှင်းနဲ့ နှစ်သက်စရာကောင်းလှတာတွေကို အချိန်ခဏတစ်ဖြုတ်ယူပြီး ပြန်တွေးကြည့်လိုက်ပါ။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အချိန်ကို အသုံးချတတ်ပါစေ

ယနေ့ညခင်းဖတ်ဖြစ်တဲ့ ဆောင်းပါးလေးကို ကူးယူဖော်ပြလိုက်ပါတယ်။ စာရေးသူကတော့ မင်းနန်(မော်ကျွန်း)ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ အချိန်လေးတွေ ရွေ့ဆိုင်း တုံဆိုင်းနေတဲ့ ညခင်းအတွက် ဒီ ဆောင်းပါးလေးက အလင်းဖွင့်ပေးခဲ့ပါတယ်။

အချိန်ကိုအသုံးချတတ်ပါစေ။

လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ဘ၀အဆင့်အတန်းချင်းမတူ။ ပညာအဆင့်အတန်းချင်းမတူ၊ အသိုင်းအ၀န်းချင်းမတူ။ သြဇာအာဏာချင်းမတူ။ သို့တစေ သဘာဝတရားက လူသားတိုင်းအား တူညီသော အခွင့်အရေးတစ်ခု ကိုမူပေးထားပါ၏။ ယင်းအခွင့်အရေးကား၊ လူသားတိုင်း တစ်နေ့လျှင် ၂၄နာရီဟူသော အချိန်ကို ညီတူညီမျှ ရရှိပိုင်ဆိုင်ထားခြင်းပင် ဖြစ်ပါသည်။ တစ်ရက်လျင် ၂၄နာရီထက်ပို၍ မည်သူမျှ မပိုင်ဆိုင်၊ လျော့၍လည်းမပိုင်ဆိုင်။

ဤသို့ တန်းတူညီမျှရရှိထားသော အချိန် အပေါ်တွင် လူတစ်ဦးနှင့် တစ်ဦး အသုံးပြုပုံပြုနည်းချင်းမတူညီကြပေ။ ယင်းသို မတူညီမှုအပေါ် မူတည်ပြီး လူတစ်ဦးနှင့် တစ်ဦး ပညာအဆင့်အတန်း ဓနအဆင့်အတန်း၊ ဂုဏ်ဒြပ်အဆင့်အတန်း ဆူကြုံနိမ့်မြင့် ကွဲပြားခြားနား သွားခြင်းဖြစ်ပါ၏။

အချိန်နှင့်ပျင်းရိခြင်းပေါင်းလျှင် ရလဒ်မှာ သုညဖြစ်ပါသည်။ အချိန်နှင့် လုံ့လ ဥဿဟပေါင်းစပ်လျှင် ရလဒ်မှာ ကိန်းဂဏန်းတွေဖြစ်လာပါသည်။ အချိန်ကို သုံးသလား၊ဖြုန်းသလားဟူသောအချက်က လူတစ်ယောက်၏ ဘ၀ အဆင့်အတန်းကို ပြဌာန်းပါ၏။ လူတစ်ယောက်၏ တန်ဖိုးကိုသတ်မှတ်ပါ၏။

အချိန်ဟူသည် သူ့ချည်းသက်သက်ဆိုလျင် အဖြူထည်မျှသာဖြစ်ပါ၏။ သူ့အပေါ် အသုံးချမှုအပေါ်တည်မှီပြီး တန်ဖိုးရှိလာခြင်းဖြစ်ပါသည်။ အချိန်သည် လူပျင်းတို့လက်ထဲတွင် မည်သည့်တန်ဖိုးမျှ မရှိ။ သို့သော် လုံ့လဖြင့် ပညာရှာသူတို့လက်ထဲတွင် အချိန်သည် ပညာကို ပေးနိုင်၏။ ဥစ္စာရှာသူတို့လက်ထဲတွင် ဥစ္စာကို ပေးနိုင်၏။ ကုသိုလ်ပြုသူတို့၏ လက်ထဲတွင် ကုသိုလ်ကို ပေးနိုင်၏။ အချိန်ကို စနစ်တကျ အသုံးချတတ်သူ၏ လက်ထဲတွင် အချိန်သည် ပညာလည်းမည်၏။ ဥစ္စာလည်းမည်၏။ ကျော်ကြားမှုလည်း မည်၏ ကုသိုလ်လည်း မည်၏။

အချိန်ကိုဖြုန်းတီးနေသူသည် မိမိအကျိုးလည်း မဆောင်ရွက်နိုင်။ သူတစ်ပါးအကျိုးကိုလည်း မဆောင်ရွက်နိုင်။ ယင်းသို့ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို မဆောင်ရွက်နိုင်ရုံမျှသာမက သူတစ်ပါးအပေါ် အမှီပြု၍ ရပ်တည် ရှင်သန်နေရသောကြောင့် မိဘ ဆွေမျိုးများအတွက် ၀န်ထုတ်ဝန်ပိုး ပင်ဖြစ်စေ၏။ ဆိုရလျှင် ထိုသူတို့သည် လောကအတွက် လာခြင်းမကောင်းသော ဧည့်သည်များဖြစ်ပါ၏။ အချိန်ကို ဖြုန်းနေသူ၌ မည်သည့်ပညာမျှလည်းမရှိ။ မည်သည့်ဥစ္စာမျှလည်းမရှိ။ မည်သည့်အကျော်အစောမျှလည်းမရှိ။ ထိုသူမျိုးအတွက် လူအဖွဲ့အစည်းတွင် နေရာထိုင်ခင်းလည်း မရှိပေ။ အချိန်ဖြုန် သူ၏ ဘ၀နေ၀င်ချိန်သည် မလှပတတ်ပေ။

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေကြောင်း ကျေးဇူး စမ်းအေးမြိုင် ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါ၏။-

အချိန်ကို တန်ဖိုးရှိအောင် သုံးတတ်လျှင် အချိန်တိုင်းမှာ တန်ဖိုးရှိနေပါတယ်။

၁။ စီးပွားဥစ္စာရှာနေသူအတွက် အချိန်သည် စီးပွားဥစ္စာဖြစ်ပါတယ်။
၂။ ပညာသင်ကြားလေ့လာနေသူအတွက် အချိန်သည် ပညာဖြစ်ပါတယ်။
၃။ တရားရှာမှီးအားထုတ်နေသူအတွက် အချိန်သည် တရားဖြစ်ပါတယ်။

အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်လျှင် သူ့အကျိုး၊ ကိုယ်အကျိုးနှစ်မျိုးလုံးကို ပြီးစေနိုင်ပါတယ်။


သြ၀ါဒ အလင်းပွင့် (၁၁) မင်းနန် (မော်ကျွှန်း) အပ္ပမာဒ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။

ဒီပို့စ်လေးကို ညခင်းရဲ့လမင်း ဆိုဒ်မှ ကူးယူဖော်ပြပါတယ်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

နေ့စဉ် သစ်သီး စားပေးပါ

သစ်သီးစားသုံးတဲ့သူတွေဟာ ကိုယ်စားရတာအပေါ် ကျေနပ်နှစ်သက်တာနဲ့အမျှ အာဟာရမဖြစ်တဲ့ အစားအသောက်တွေအပေါ် အာရုံသိပ်မရောက်တော့ဘဲ ပိုပြီးနေလို့ထိုင်လို့ ကောင်းလာတာအမှန်ပါ။

ကိုယ်က တစ်နေရာရာမှာ စောင့်ဆိုင်းနေရတုန်း ကိုယ်ဘယ်တုန်းကမှ မဝယ်ဖူးတဲ့ ၊ဖတ်ဖို့လည်းစိတ်ကူးမပေါ်တဲ့ မဂ္ဂဇင်းတွေကို ကောက်ကိုင်ကြည့်မိတာမျိုး ဖြစ်ဖူးတယ်မဟုတ်လား။ ငြီးငွေ့နေတာရော စိတ်ပြေ လက်ပျောက်အဖြစ်နဲ့ပါ ကိုယ်စိတ်မဝင်စားတဲ့ အရာတွေဆိကို လှည့်သွားပြီး လက်ခံလိုက်ရတာမျိုး ကြုံဖူးမှာပါ။ အစားအသောက်နဲ့ပတ်သက်ရင်လည်း ကျွန်မ တို့ အဲသည်လိုမျိုး ကြုံတတ်ပါတယ်။

ကိုယ်ကအလျင်စလို ဖြစ်နေတဲ့အခါမျိုးမှာ အစားအသောက်အတွက် အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး ပြင်ဆင်မနေချင်တော့ဘူး။ ဒါမျိုးမကြာခဏဖြစ်ရတာဟာ ကိုယ်တစ်နေရာမှာ စောင့်နေရတုန်း တွေ့တဲ့ စာအုပ် ဆွဲမိသလိုမျိုး ရရာကို စားမိတာနဲ့ အတူတူပါပဲ။သစ်သီးကိုအိမ်မှာထားပါ။ အချိုတည်းချင်တယ်ဆိုရင် သစ်သီးပဲစားလိုက်ပါ။ စားရတာလည်းလွယ်၊ ဈေးလည်းချို၊ ပြင်ဆင်ဖို့လည်းသိပ်မကုန်တော့ ကိုယ့်အတွက် အများကြီး အဆင်ပြေပါတယ်။

လေ့လာစူးစမ်းချက်တွေအရ သစ်သီးစားသုံးတာဟာ ကိုယ်ကျန်းမာဖို့ အထောက်အကူဖြစ်သလို စိတ်ချမ်းသာဖို့ကိုပါ အကျိုးပြုကြောင်းသိရှိရပါတယ်။ လူ့ကိုယ်ခန္ဓာတွေဟာ အချိုကိုလိုအပ်တာကြောင့် ရှေးဦးလူသားတွေ သစ်သီးကို ပိုစားခဲ့ကြတာပါ။ ဒိဘက်ခေတ်ကြီးမှာကျတော့ သကြားကဲတဲ့ ချိုချဉ်တွေ ရလွယ်ကြတဲ့အခါ လူတွေရဲ့ အချိုဓါတ်စားသုံးမှုဟာ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။

သစ်သီးစားသုံးမှုဟာ ကျန်းမာရေးအတွက်ရော ပျော်ရွှင်ချမ်းမြေ့မှုအတွက်ပါ အကျင့်ကောင်းတွေ တိုးပွားရရှိစေပါတယ်။ သစ်သီးတွေကိုပိုပြီးစားသုံးမယ်ဆိုရင် လုပ်နိုင်ကိုင်နိုင်စွမ်းရော စိတ်ကျေနပ် နှစ်သက်မှုမှာပါ (၁၁)ရာခိုင်နှုန်းလောက်အထိ တိုးတက်ရရှိပါလိမ့်မယ်။



အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဗိမ္ဗိသာရမင်းသည် သူပုန်ထသောနေရာသို့ စစ်ဗိုလ်များကို စေလွှတ်နေပုံ

ဗိမ္ဗိသာရမင်းသည် သောတာပန်တည်ပြီးသော ကျောင်းဒကာဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေး၌ စစ်တပ်ကို သာအားထားနေရသည်။ အခါတစ်ပါး၌ တိုင်းပြည်စွန်ဖျားဝယ် သူပုန်ထသဖြင့် လူအများထွက်ပြေးနေ ၇ကြောင်း၊ ရွာအများပင် ပျက်ပြားကုန်ကြောင်း ကြားရ၍ သနားခြင်း၊စိတ်ဆင်းရဲခြင်း ပြင်းစွာဖြစ်ရ လေသည်။ ထိုအခါ ထင်ရှားသော စစ်ဗိုလ်များကို ခေါ်၍ သူပုန်ရှိရာသို့ သွားဖို့ရန် အမိန့်ပေးပုံမှာ
“ ဂ စ္ဆထ ဘဏေ -အမောင်တို့ သွားချေကြ၊ပစ္စနံ ဥစ္စိနထ-သူပုန်ဘေးကြောင့် ထွက်ပြေးနေရသောရွာ တို့ကို အိမ်ချေရာချေတည်၍ စည်စည်ကားကားဖြစ်အောင် လယ် ယာကိုင်းကျွန်းများ လုပ်ကိုင်နိုင်ကြအောင် စောင့်ရှောက်ချေကြ” ဤသို့ သတ်ဖြတ်ဖို့အမိန့်မပေးဘဲ စောင့်ရှောက်ဖို့သာ အမိန့်ပေးလေသည်။ ထိုအမိန့်တော်အရ စစ်တပ်လည်းထွက်သွား၍ သူပုန်များကို ငြိမ်းအေးစေကာ ကောသ်းမွန်စွာပြန်လာလေသည်။

KING BIMBISARA SENDING FORTH MILITARY OFFICERS TO DISTURBED AREAS

King Bimbisara, although he was established in the first holy stage of the Aryan Path,had to depend chiefly upon his kingdom. At one time,there was an armed rising in the frontier areas and the people there had to run away elsewhere leaving their village, many of which were destroyed. This news made the King very sad and sorroy for the people of those parts. He therefore summoned the best military officers and ordered them to go out to the disturbed areas with these words of command:
“My officers, go ye to the areas where disturbances have taken place and people have field from the village, and restore law and order and give people protection so that they can live safely in their villages and works their fields again under normal conditions.” He gave order not to kill the insurgents but to protect the inhabitants. The army sallied forth and, after stamping out the disturbances by peaceful means as commanded by the King, came back safely to the capital.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သည်မြေ သည်ပန်း မျှော်တိုင်းလွမ်းသည်


*ငါတို့ကျောင်းသည်၊
ထနောင်းတမာ ၊ဝန်းရံကာဖြင့်
အညာရနံ့၊သင်းထုံပျံ့သည်
စင်သန့်ကြည်လင်၊ပန်းဥယျာဉ်တည့်။

*ငါတို့ကျောင်းသည်၊
သားကောင်းလူမွန်၊လူရည်ချွန်တို့
ပြည့်ဝန်းသယ်ပိုး၊အားသစ်နိုးအောင်
အမျိုးသားကောင်း၊ပြည်ချစ်သားတို့
ဖွားမြင်ခဲ့ဘိ၊ စဉ်လာရှိသည်
ဘူမိနက်သန် အောင်မြေမှန်၏။

*ငါတို့ကျောင်းသည်၊
နှစ်ပေါင်းများစွာ၊ကြာကြီးကြာလည်း
ရာသီတိုင်းတွင်၊အလှဆင်လျက်
မြင်သူစိတ်ဝမ်း၊အားသစ်လွှမ်းအောင်
ဖြည့်စွမ်းပညာ၊ကျွမ်းရာရာဖြင့်
ဆရာ ဆရာမ၊ပြုစုကြသည့်
ချိုမြငြိမ့်ညောင်း’’ မေတ္တာကျောင်း’’ တည့်။

*သြော်……..မြတ်ရွှေစောလူး၊စေတီဦးမှ
ကြည်နူးဖွယ်လျှံ၊ ဆည်းလည်းသံကို
နာခံငြိမ့်ညောင်း၊အားသစ်လောင်းရင်း
ကျောင်းကြီးရိပ်ခို၊’ ဆရာအို’ သို့
ကိုယ်တိုင်ဦးချ၊ကန်တော့ရဖို့
မှန်းဆခွင့်ရေး၊ မျှော်မိသေးလည်း
အလေးမသာ၊ ပြည့်ဝန်တာကြောင့်
ခုခါဝေ့လည်၊မြမျက်ရည်ဖြင့်
သည်မြေ သည်ပန်း ရင်ဝယ်တမ်းသည်
အလွမ်းတောင်သို့ မို့တကား………….။

မြင်းမူမောင်နိုင်မိုး


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သူငယ်ချင်း

သူငယ်ချင်း . .

လူ့လောကမှာ ပျော်ရွှင်စွာ အသက်ရှင်ရမှ
ဘ၀တန်ဖိုး ရှိလိမ့်မယ်
တန်ဖိုးရှိတဲ့ ဘ၀ကို
အလိုလိုနေရင်း မရနိုင်ပါဘူး. .

ကြိုးစားလေ့ကျင့်ယူမှ
ရနိုင်တယ်ဆိုတာ
သူငယ်ချင်းကို
သိစေချင်ပါတယ်. .

သူငယ်ချင်း. .

လူ့စိတ်ဆိုတာ ဆန်းပြား
အပြောင်းအလဲ များတတ်တယ်
အသေအချာ ယုံမှတ်
ဘာကိုမှ မပုံ အပ်နဲ့နော်
ပုံအပ်ရင်
ယုံတတ်သူသာ တာဝန်ရှိ
ကိုယ်ကျိုး နည်းတတ်၏. .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အရုပ်ဆိုးသောငှက်


“ပေါ်ဦး”
“ခစားလျှက်ရှိကြောင်းပါဘုရား”

“အနော်မာမြစ်မှ ယူဇနာသုံးဆယ်ကွာတဲ့နေရာမှာ……. အရန်တောင်ငါးလုံးရှိတဲ့ ရာဇဂြိုလ်ပြည် ရှိတယ်လို့ ဗုဒ္ဓဝင်မှာ တွေ့ရပေတယ်။ဟုတ်ပေရဲ့လားပေါ်ဦးရဲ့”

“ဟုတ်မှန်ကြောင်းပါဘုရား”
“ကဲကွယ် ………..အဲ့ဒီတောင်ငါးလုံးအနက်မှာ……….ဂိဇ္ဈကုဠ်တောင်ဆိုတာပါတယ်။ ဂိဇ္ဈကုဠ်လို့ခေါ်တွင် ရလောက် အောင် အဲ့ဒီတောင်ကိုက လင်းတနှင့်တူလို့လား ။ ဒါမှမဟုတ် ………အဲ့ဒီတောင်မှာလင်းတတွေနေလို့လားဆိုတာ……..ရှင်းလင်းအောင်လျှောက်တင်စမ်းပါအုံးကွယ့်”

“မှန်လှပါဘုရား……..ပုရပိုက်ထက် အက္ခရာတင်၍ မြင်သာရှင်းလင်းအောင် တင်လျှောက်ခွင့် ပြုတော်မူပါဘုရား”

“အိမ်း………ခွင့် ပြုတော်မူပါတယ်………ပေါ်ဦး”


ဦးပေါ်ဦးလည်း မင်းကြီး၏ ခွင့်ပြုချက်ရရှသဖြင့် ပုရပိုက်ယူကာ ရေးသားဆက်သွင်းလေသည်။

“တောင်ငါးလုံး၏အမည်များမှာ ………ဝေဘူလတောင်၊ဝေဘာလတောင်၊ က္ကသိဂိလိတောင်၊မကုဠတောင်၊ ဂိဇ္ဈကုဠ်တောင် တို့ဖြစ်ပါတယ်ဘုရား……..၊ဂိဇ္ဈကုဠ်တောင်၏ အထွက်မှာ ငှက်ဠင်းတတို့ နေထိုင်ကျက်စား သောကြောင့်ပါဠိအလိုအားဖြင့်ဠင်းတကို ဂိဇ္ဈဟု ခေါ်သောကြောင့် ဂိဇ္ဈကုဠ်တောင်ဟု ခေါ်တွင်ခြင်းဖြစ်ကြောင်း တင်လျှောက်အပ်ပါသည်ဘုရား………”

မင်းတရားကြိးက ပေါ်ဦး၏ လျှောက်တင်စာကို ဖတ်သည်။ (လင်းတ)ကို ( လကလေး)နှင့်မရေးဘဲ( ဠင်းတ) ဟု ( ဠကြီး)နှင့်ရေးထားကြောင်း သတိပြုတော်မူသည်။

“လင်းတ ကိုဘဇာ့ကြောင့် ဠင်းတ ဟု ရေးသတုံး၊ခွဲထားသတ်ပုံများရှိသလား ပေါ်ဦးရဲ့”

“ခွဲထားသတ်ပုံ မရှိကြောင်းပါဘုရား”

“သဟာ ဖြင့် ဘဇာ့ ကြောင့် ဠကြီး နှင့်ရေးထားသတုန်း”

“မှန်လှပါ……………ဘဝရှင်မင်းတရားကြီးဘုရား………ငှက်တကာတွင် အရုပ်ဆိုးသောငှက် ဖြစ်သဖြင့် အက္ခရာတို့တွင်အရုပ်ဆိုးသောအက္ခရာဖြင့်ရေးမှ သဘာဝ ယုတ္တိရှိမည်ဟုထင်မှတ်ကာ ရေးသားရခြင်းဖြစ်ကြောင်းပါဘုရား”

“ပေါ်ဦးတို့ကတော့ …………ကြံကြံဖန်ဖန် စဉ်းစားပါပေ့ကွယ်”

ဘိုးတော်မင်းတရားကြီးက ပြုံး၍ မိန့်တော်မူလေသည်။

အရုပ်ဆိုးသောငှက် ဖြစ်သဖြင့် အက္ခရာတို့တွင်အရုပ်ဆိုးသောအက္ခရာဖြင့်ရေးကြောင်း ……….

ဦး ပေါ်ဦး၏လျှောက်တင်ချက်ကို ကြားသိသူတိုင်းက ပြုံးမိသည်ချည်းဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ပြဇာတ်မင်းသားမျက်နှာဖုံး


မြေခွေးတစ်ကောင်ဟာ ပြဇာတ်ရုံရဲ့ စတိုခန်းထဲ ကြုံကြိုက်ပြီးရောက်သွားသတဲ့။

မျက်နှာပြောင်ပြောင်တစ်ခုက ကြည့်နေတာမြင်လိုက်တဲ့အခါ အလွန်ထိတ်လန့်သွားသတဲ့။

ဒါပေမဲ့ အနီးကပ်ကြည့်လိုက်တော့ မျက်နှာဖုံးစွပ်မှန်းသိသွားတယ်လေ။ ပြဇာတ်သမားတွေ မျက်နှာမှာတပ်ဆင်လေ့ရှိတာ ကိုးကွဲ့။

ဒီတော့မှ မြေခွေးကဆိုလိုက်တယ်။

‘ အို မင်းကြည့်ရတာ အလွန်လှပေမယ့် အထဲမှာ ဦးနှောက်ရှိမနေတာ သနားစရာပဲ’

ဗာဟိရသဏ္ဍာန်က အတုအယောင်ဖြစ်သည်

အဇတ္တသဏ္ဍာန်က တန်ဖိုးရှိသည်

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မျက်စိညောင်းညာခြင်း

ကျွန်မတို့ကွန်ပျူတာအသုံးပြုသူများသည် မျက်စိကို အလွန်အမင်း အားစိုက် အသုံးပြု ရ၍ မျက်လုံးများ အမြဲ ညောင်းညာနေတတ်ပါသည်. . . . လူတိုင်း လူတိုင်းသည် မိမိ၏ မျက်စိနှင့်ပက်သက်သော စစ်ဆေးမှု အကုန်အစင်ကို တစ်နှစ်တစ်ကြိမ် ပြုလုပ်သင့်၍ ကွန်ပျူတာသမားများ အနေဖြင့် နှစ်စဉ် မျက်စိ စမ်းသပ်မှုသည် အရေးကြီးဆုံး မလုပ်မဖြစ် စစ်ဆေးမှု များ ပြုလုပ်ရန် လိုအပ်ပါသည် . .

ကွန်ပျူတာ အသုံးပြုလျှင် ကွန်ပျူတာ Screen နှင့် မျက်နှာကို အနည်းဆုံး 20 လက်မခန့် ခွာထားရပါမည်. . . မိနစ် ၂၀ ပြည့်ပြီးတိုင်း တစ်ခါ အနားပေးပြီး အခန်းပတ်လည် လှည့်ပတ်ကြည့်ပေးခြင်း ၊ အဝေးရှိ အရာဝတ္တု ပစ္စည်းများကို ကြည့်ပေးခြင်းများ ပြုလုပ် အသင့်ရှိပါသည်.. ပုံမှန် လေ့ကျင့်ခန်းသဘောမျိုး လေ့ကျင့်ပေးပါလျှင် မျက်စိညောင်းညာမှုကို ကာကွယ်နိုင်ပါသည်. . . . မိမိရုံးလုပ်ငန်းဆိုင်ရာ ပစ္စည်းများ၊ စာရွက်စာတမ်းများကိုလည်း Screen နှင့် တူညီသော အကွာအဝေးမှာ ထားပေးလျှင် မျက်လုံးတွင် မကာ ဇက်၊ လည်ပင်းများ ညောင်းညာမှုများ ကို လွတ်စွာ မှ သက်သာစေနိုင်ပါသည်. . .

မိမိကွန်ပျူတာ Screen အရောင်သည် အလွန် စူးရှ တောက်ပနေပါလျှင် အလင်းရောင် လျှော့ချပေးသော အကာအရံတစ်ခု Screen ရှေ့တွင် တပ်ဆင်ထားပါ. . . ၄င်းအကာအရံသည် မှုန်ဝါးဝါး ၊ မပီမသ ဖြစ်ခြင်းများ မရှိစေရပါ. . ဖြစ်နိုင်လျှင် ပြတင်းပေါက်မှ အလင်းရောင်များ၊ မီးချောင်းရောင်များ ရောင်ပြန်ဟပ်မှုမှ ကင်းဝေးအောင် Screen ကို လိုသလို ထိန်းညှိပေးနိုင်သော စားပွဲမျိုးကို သုံးပါ. . .

မိမိထိုင်သည့် ထိုင်ခုံကိုလည်း နေရာတကျနှင့် သက်တောင့် သက်သာရှိသော၊ လိုသလိုပြင်ဆင်မှု ပြုနိုင်သော ထိုင်ခုံမျိုးကို ရွေးချယ်ပါ. . . ကွန်ပျူတာ Keyboard ကို Screen အောက် လက်မ အနည်းငယ်ခန့် နှိမ့်ထားပါ. . .

ကွန်ပျူတာမော်နီတာကိုလည်း မျက်လုံးနှင့် တစ်တန်းတည်း မထားဘဲ မျက်စိအောက် ၃၅ ဒီဂရီခန့် နှိမ့်ထားရပါသည်. . . . .သို့မှသာ မျက်ရည်ခြောက်ခြင်း ဖြစ်မှုကို တားဆီးပေးနိုင်ပါသည်. . . . ကွန်ပျူတာ အသုံးပြုသူများသည် မျက်စိကြည်လင်ဆေးရည်များ ရံဖန်ရံခါ ဆိုသလို ခတ်ပေးဖို့လိုပါသည်. .သို့မှသာ မျက်စိနီရဲခြင်း၊ ယားယံခြင်ျးား လျော့နည်းနိုင်ပါသည်. . . .

ကွန်ပျူတာ ကို တစ်နေ့တာလုံး အသုံးပြုရသူများသည် မျက်စိမကြာဏ အနားပေးခြင်း အနေဖြင့် အခန်းတွင်း ၊ အခန်းပြင် လှည့်လည်လျှောက်ခြင်း၊ ကွန်ပျူတာ အလုပ်မဟုတ်သော အခြား ကိစ္စများဆောင်ရွက်ခြင်းများကို နှစ်နာရီခြား(သို့) သုံးနာရီခြားတစ်ခါ တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် လုပ်ဆောင်ပေးခြင်းဖြင့် မျက်စိ ညောင်းညာခြင်းမှ ကာကွယ်နိုင်ပါသည်. .

လွတ်လပ်စိုး


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သူ့အမှားကိုယ့်အမှား

မြင့်မြတ်တဲ့ သူတွေဟာ
သူတစ်ပါးအမှားကို
မိမိအမှားဖြင့် ပြန်ထေတာမျိုးကို
ဘယ်တော့မှ လုပ်လေ့မရှိဘူး. .

လူတော်တော်များများရဲ့ဘ၀မှာ
ပြောလေ့ရှိတဲ့ အရာတစ်ခုရှိတယ်.

အဲဒါကတော့
မိမိရဲ့အမှားကို သူတစ်ပါးကပြောရင်
သူတစ်ပါးရဲ့အမှားကိုလည်း ပြောလေ့ရှိတယ်

သူအရက်သောက်တာပြောရင်
ကိုယ် ဖဲရိုက်တာ ပြောလိမ့်မယ်
တကယ်တော့ အဲဒီအမူအကျင့်ဟာ
အောက်တန်းကျခြင်းတစ်မျိုးပါပဲ

တစ်ချို့ကတော့ အဲဒီလိုမဟုတ်ဘူး
သူတောင် မကောင်းတာလုပ်တာဘဲ
ငါလည်း ပြန်လုပ်မယ်

သူလုပ်လို့ ငါလုပ်တာလို့ ပြောတတ်ကြတယ်

သေသေချာချာစဉ်းစားကြည့်ရင်
သူတစ်ပါး အလုပ်မလုပ်တိုင်း
ကိုယ်မလုပ်ဘဲ နေမယ်

သူတစ်ပါး အရက်သောက်တိုင်း
ကိုယ်ပါ လိုက်သောက်နေမယ်ဆိုရင်
ဘ၀တိုးတက်မှု
အောင်မြင်တဲ့ အနာဂတ်ဆိုတာ
ဖြစ်လာနိုင်ပါ့မလား
ရလာနိုင်ပါ့မလား

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



သမီးရေ

မနေ့က လမ်းမပေါ်မှာ ကားရပ်ပြိး
ဘယ်ထွက်သွားမှန်းမသိတဲ့
ကားမောင်းသူ တစ်ယောက်ကြောင့်
တစ်လမ်းလုံး ကားတွေ ပြည့်ကြပ်
ကားဟွန်းသံတွေ ဆူညံ
လူတွေ ပူညံပူညံဖြစ်နေတာ
ဖေဖေမြင်တွေ့ခဲ့ရတယ်

ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက်မှာကို
ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ကြောင့်
လူအများ စိတ်ဒုက္ခရောက်ကြရတယ်.

အဲဒီလို ကိုယ်လုပ်ချင်တာကို လုပ်ပြီး
သူများကို ဒုက္ခရောက်စေတဲ့
ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့
အတ္တသိပ်ကြီးတဲ့
ခပ်ညံ့ညံ့ သတ္တ၀ါကြောင့်
လူ့လောက ကြီးဟာ စိတ်ပျက်စရာကောင်းအောင်
အရုပ်ဆိုး အကျည်းတန်စေနိုင်တယ်ဆိုတာ
သမီးလေးကို သိစေချင်တယ်
အဲ့ဒီလူမျိုး သမီးမဖြစ်ပါစေနဲ့. .

ဖေဖေ

ကောင်းသန့်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

အရှင်သာရိပုတ္တရာအလောင်း ပရိဗ္ဗိုလ်သည် အရှင် အဿဇိ၏ တည်ငြိမ်ပုံကိုကြည့်နေပုံ



ဗုဒ္ဓမြတ်စွာဘုရား၏ တပည့်တို့တွင်အသာဆုံးဖြစ်၍ အဂ္ဂသာဝကာဟု ထင်ရှားသော အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလ္လာန်တို့သည် ဘုရားအထံမရောက်မီတရားထူးကို စုံစမ်းကာ သဉ္စည်း ဆရာကြီးထံမှာ ပရိဗ္ဗိုဇ်လုပ်၍ နေကြ၏. . အခါတစ်ပါး၌ အရှင်သာရိပုတ္တရာသည် အရှင်အဿဇိ ကိုမြင်၍ ထိုပုဂ္ဂိုလ်သဏ္ဍာန်မှာ တရားထူးရှိမည် ဟု အထင်ရှိသဖြင့် နောက်မှ လိုက်သွားလေသည်. .

အရှင်အဿဇိ ဆွမ်းဘုဉ်းပေးပြီး၍ "အရှင်တို့ဆရာသည် အဘယ်တရားမျိုးကို ဟောပါသနည်း " ဟုမေးလေသည်. . "ငါတို့ဆရာသည် ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခချုပ်ရာနှင့် ထိုချုပ်ရာသို့ ရောက်ကြောင်းလမ်းများကို ဟောတော်မူ၏" ဟုဖြေတော်မူရာ သောတာပန်ဖြစ်လေသည်. . . ထိုအကြောင်းကို အရှင်မောဂ္ဂလ္လာန်အား ပြောပြ၍ သောတာပန် ဖြစ်ပြန်ရာ တပည့်များနှင့်အတူ ဘုရားထံ ပြောင်း၍ ရဟန်းပြုကြလေသည်. . .

Conversion of SARIPUTTA and MOGGALLANA

Sariputta Moggallana were the two most distinguished of the Buddha's disciples and were well-known as his two chief disciples. Before they met the Blessed One they were leading the religious life under Sanjaya as wandering ascetics in search of truth . One day Sariputta saw the Venerable Assaji going round Rajagaha early in the morning for alms, with decorous walk and perfect deportment. He though , " Surely this is one of the monks who are arahants, or who have entered on the path of arahantship", and followed in the wake of this monk.

When the Venerable Assaji had taken his meal, Sariputta drew near spoke to him as follows:- "Who, brother, is your teacher and whose doctrine do you approve?" The Venerable Assaji replied, " The Blessed One, a great Sakayaputta monk, is my teacher. The Doctrine proclaimed by the Blessed One I approve. It shows suffering , cause of suffering, cessatino of suffering and the path leading to the cessation of suffering. " On hearing this exposition of the Doctrine, Sariputta was established in the first holy stage of the Ariyan Path, Then Sariputta went to tell his friend the good news and Moggallana was also established in the first holy stage of the Ariyan Path. Both of them with a large following of their disciples became monks under the Doctrine and Discipline of the Buddha.


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

(အမှား)၂=အမှန်


စာဖြေခန်းတစ်ခုမှာပေါ့

‘မိမိတို့ရဲ့ အဖြေလွှာပေါ်မှာ ‘အမှား’ အဖြစ်ပြချင်ရင် ကန့်လန့်ဖြတ်ပြီး မျဉ်းတစ်ကြောင်းဆွဲပါ။’
အခန်းစောင့်ဆရာမကဖတ်ပြနေပါတယ်။

ကျွန်တော်ရဲ့ အဖြေလွှာစာရွက် ပေါ်မှာကန့်လန့် မျဉ်းနှစ်ကြောင်းဆွဲလိုက်ပါတယ်။

‘အမှားကို အမှားလို့ပြောရင် အမှန်ဖြစ်တယ်ဆိုတဲ့အဆိုကို မှန်မမှန် စမ်းသပ်ကြည့်တာပါ။’

အောင်မြင်ပါတယ်။

အဲ့ဒိနှစ်က အောင်စာရင်းမှာ ကျွန်တော်ရဲ့နာမည်ပါမလာပါဘူး။

အားလုံးကိုချစ်ခင်လေးစားလျှက်. . .

သားဖေဖေ


သား………..
ဖေဖေကပန်းတိုင်တစ်ခုကိုညွှန်ပြတယ်။
အဲ့ဒိပန်းတိုင်ကို လျှောက်ဖို့တိုက်တွန်းတယ်။
သားက အဲ့ဒီိပန်းတိုင်က မ လျှောက်ဘူး။

စိတ်ထင်ရာတွေ သားလျှောက်လုပ်တယ်။
သားအပေါ်မှာ ထားခဲ့တဲ့ မျှော်လင့်ချက်တွေ
မှေးမှိန်ပျောက်ကွယ်သွားခဲ့ရတယ်။

အဲ့ဒိတော့ပုထုဇဉ်ပီပီ
ဖေဖေစိတ်တိုတယ်၊ဒေါသဖြစ်တယ်။
တစ်ခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်တော့
ဖေဖေဆူမိတယ်၊ဆုံးမမိတယ်။

သားက’’နားလည်ပေးပါဖေဖေ’’လို့
ပြောတဲ့စကားသံမှာ နောင်တရတဲ့အသံ ကင်းမဲ့နေတယ်။
ဒီတော့……..ဘယ်အထိနားလည်ပေးရမှာလဲလို့
ဖေဖေ ကရုဏာဒေါသောနဲ့ ပြောမိတယ်။

သားကဖေဖေ့ စကားကို ကြားပြီး
ဝမ်းနည်းတယ်၊ မခံစားနိုင်ဘူးဖြစ်တယ်………တဲ့
သားရဲ့စိတ်ခံစားမှုကိုတော့
ဖေဖေနားလည် ပေးပါ့မယ်။

ဒါပေမဲ့ ……..
ဘဝအပေါ်မှာ၊မိသားစုအပေါ်မှာ ထားတဲ့
သားအမြင်နဲ့ သဘောထားကိုတော့
ဖေဖေ နားမလည်နိုင်ဘူးဖြစ်နေတယ်။

တစ်နေ့တော့ သားရဲ့ဘဝအမြင်တွေ
ပီပြင်ကြည်လင်လာမှာပဲလို့
ဖေဖေမျှော်လင့်ထားပါတယ်။
သားရယ်

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။