ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်

ယခုအချိန်မှာ ကျွန်မတို့ ဧရာဝတီတိုင်း ၊ငပုတောခရိုင်တွင် တည်ထားကိုးကွယ်ထားသော တန်ခိုးကြီးလှတဲ့ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကျင်းပသည့် အချိန်ကို ပြန်လည်ကျရောက်လို့လာပါပြီ. . . မြတ်မော်တင်ဘုရားသည် ဧရာဝတီတိုင်းတွင်း တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သောကြောင့် တပေါင်းလတွင် ပုသိမ်မြို့နှင့်တကွ ဘုရားပွဲကျင်းပသော မြတ်မော်တင်တောင်တွင် အထူးစည်ကား လျက်ရှိပါသည်။ မြတ်မော်တင် ဘုရားပွဲတော်ကို နှစ်စဉ်တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားပွဲတော်အချိန်ဆိုလျှင် ပုသိမ်ဆိပ်ကမ်းတလျှောက် မော်တင်သွား သင်္ဘောများဆီက မမပုသိမ်သူသီချင်း သံတွေက လွင့်ပျံလျက်ရှိပါတယ်. . .

စာဖတ်သူများအား မြတ်မော်တင်ဘုရားပွဲတော် သို့ သွားရောက်နိုင် ဖူးမျှော်နိုင်သည်ဖြစ်စေ၊ မသွားရောက် နိုင်သည်ဖြစ်စေ ဗဟုသုတရစေရန်အတွက် မြတ်မော်တင်စွန်းဘုရားပွဲတော်သမိုင်းအကျဉ်းကို ရေးသား တင်ပြလိုက် ပါတယ်.. . .

ဧရာဝတီတိုင်း ပုသိမ်ခရိုင်ငပုတောမြို့နယ် ပင်လယ်ကမ်းခြေဦးရှိ သရနတောင်ခေါ် မြတ်မော်တင် တောင်ပေါ်မှာ မဟာကုဋရံသီ ဆံတော်ရှင်စေတီတော်မြတ်ကြီး တည်ရှိ ပါတယ်။မြတ်မော်တင်တောင်ကို အစွဲပြုပြိး မြတ်မော်တင်စေတီ ဆိုပြီးထင်ရှား လာခြင်းဖြစ်ပါသည်။ ပုသိမ်က ဆိုရင် ၈၉ မိုင် ကွာဝေးပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါမှစ၍ ပထမရှေးအကျဆုံး သမိုင်းစတင်ခဲ့သော စေတီကြီးဖြစ်ပါတယ်။

ထို့နောက် မြတ်စွာဘုရားရှင်က ဦးခေါင်း တော်ကို သုံးသပ်၍ ဆံတော်ရှစ်ဆူပေး သနား တော်မူ၏။ကုန်သည် ညီနောင်တို့သည် လည်း ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်တွင်း ထည့်၍၀မ်းမြောက်ရွင်မြူးစွာ ပင့်ဆောင်ခဲ့ကြ သည်။ မဟာနာဂရ တိုင်းသို့ ဖြတ်သန်း၌ ပြန်ကြသောအခါမဟာနာဂရအဇ္စုတ္တ(ရခိုင်)မင်းက ဆံတော်မြတ်နှစ်ဆူ ကို အကောက်ခွန်အဖြစ် ပင့်ဆောင်ထား လေသည်။ ထိုမှတဆင့်ကုန်သည်ညီနောင်တို့သည် ခရီးဆက်ကြ ပြန် ရာတွင် ဇေယျသေနနဂါးမင်းပိုင်စိုးသော နဂရစ်ဝဲအမော်(မော်တင်)အရပ်သို့ရောက်သို့ ရောက်ရှိကြ သည်။ ထိုအရပ်သည်ကား ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ။ကဿပ ဘုရားရှင် တို့၏ ဓာတ်တော် ၊ မွေတော်များ ကိန်းဝပ်တည်ရှိရာ သရဏတောင်အနီး၌ တည်ရှိနေခြင်းကြောင့် ဆံတော်များမှ ရောင်ခြည်တော်များ ကွန့်မြူးလေသည်။

ထိုအခါဇေယျသေန နဂါးမင်းသည် နော်အရှည် ဖူးမြော်ပူဇော်လိုသော စိတ်ထားဖြင့်စေတီ တည် ထားရန် အတွက် ဆံတော်မြတ်နှစ်ဆူကို ခိုးယူပင့်ဆောင်ထားလိုက်လေသည်။ နဂါးရစ်အမော်(မော်တင်) အရပ်တွင် ဇေယျသေန နဂါးမင်းပင့်ဆောင်ထားသော ဆံတော်မြတ်နှစ်ဆူကိုနောင်အရှည်လူနတ်ဗြဟ္မာ သတ္တ၀ါတို့ ဖူးမြော်နိုင်ကြစေရန် သရဏတောင်ခေါ် မြတ်မော်တင်တောင်ပေါ်၌ ပင်လယ်မြသားဖြင့် ပြီးအပ် သော စိုင်တမော့ အရွယ်ရှိ စေတီတော်ကို တည်ထားကိုးကွယ်သည်။

ဇေယျသေန နဂါးမင်း၏ ကြံစည်မှုကို နတ်၊နဂါး ၊ဆင်ဖြူတော်၊ ၀ိဇ္ဖာဓိုရ် ပုဂ္ဂိုလ်တို့သည် ညှိနှိုင်းတိုင်ပင်မှုမရှိပဲ အရပ်လေးမျက်နှာ တစုတဝေးတည်း ရောက်ရှိကြ၍ တချိန်တည်း စုပေါင်းပါဝင်ကူညီဲကြသည်မှာ ထူးခြားသည် ဟုအဆိုရှိကြသည်။

သက္ကရာဇ် ၄၅၄-၅၂၉ တွင် နန်းတက်သော ကျန်စစ်မင်းကြီး မြေးဖြစ်သူ အလောင်းစည် သူမင်းကြီးသည် မူလစိုင်တမော့အရွယ်ရှိ စေတီတော်ကို သာသနာ၅၀၀၀၀ ပတ်လုံးအဓွန့်ရှည်တည်တံ့စိမ့်သောငှာ အ၀န်းသံတောင် ၄၀၊ အမြင့်သံတောင် ၂၅ ရှိ စေတီကြီးအဖြစ်လူတစ်ရစ်ပါရမီဖြည့်ဆည်း၍တည်ထားတော် မူလေသည်။

မဟာမကုဋရံသီ ခေါ် မြတ်မော်တင်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား အဓ္ဓိဋ္ဌာန်ပြု၍ ခုနှစ်ပတ်ရစ် ပူဇော်ပါက ရွှေသံ၊ ငွေသံကြားရခြင်း၊ အမွေးနံ့သာ ပေါင်းစုံ ပျံ့လှိုင် လာခြင်း၊လပြည့်နေ့ညများတွင် ရောင်ခြည်တော် ကွန့် မြူးလာခြင်း၊ ယခုတိုင် ဆွမ်းဦးလှုဒါန်းနိုင်မှုမရှိ။နတ်နဂါးတို့ကဆွမ်းဦးကပ်လှုမှုရှိနေခြင်း၊ သစ်ပင်ပန်းမန်တို့သည် ရာသီမဟုတ် ဖူးပွင့်သီးကြခြင်း၊ ပွဲတော်ဖြစ်ခါနီးတွင် ကျီးငှက်တို့ အုပ်စုဖွဲ့၍ စေတီတော်ကြီး အား ၀ဲပျံပူဇော်ကြခြင်း ၊ နှစ်စဉ် ပွဲတော်ကျင်းပမှုမရှိပါက တောင်တော်မြည်ဟည်းခြင်း၊ မြတ်မော်တင်တောင်ပေါ်ရှိ နတ်ရေကန်သည် ဘုရားဖူးများ သိန်းသန်းချီ၍ သုံးစွဲပါသော်လည်း ကုန်ခန်းမှု မရှိခြင်း၊ ပွဲတော်ပြီးဆုံးသောအခါ လှိုင်းလုံးကြီးများ သည် မြတ်မော်တင်တောင်သို့ တ၀ုန်းဝုန်း ပြေးရိုက်ပူဇော်ခြင်း၊ နတ်၊နဂါး၊ကျား၊ ၀ိဇ္ဖာဓိုရ် များသည် လည်းမည်သူ့ကိုမျှ ရန်မပြုပဲပွဲတော်ပြီးဆုံးသော အခါ လာရောက်ဖူးမြော်ကြခြင်း၊ ဘုရားဖူးများ အတွက် အန္တရာယ် တစ်စုံတစ်ရာမရှိ။ကျန်းမာသက်ရှည် လာဘ်လာဘ ပေါကြွယ်ဝစေခြင်းး စသည့် ထူးခြားချက် များ ရှိနေပါတယ်၊

တန်ခိုးကြွယ်သည့် မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပေါင်းလပြည့်နေ့တိုင်း အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ခမ်းနားစွာပူဇော်ခဲ့ကြသည်။ ယခုနှစ်တွင်လည်း တပေါင်းလဆန်း ၁ ရက် (၅.၃.၂၀၁၁)မှ တပေါင်းလပြည့်နေ့ (၁၉.၃.၂၀၁၁) အထိ ပွဲတော်ရက်များ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် ပုသိမ်ဆိပ်ကမ်းမှ ၈၂ မိုင်ကွာဝေး သော ငပုတောမြို့နယ် ခမောက်မော်ဆိပ်ကမ်းသို့ ရှပ်ပြေးရေယာဉ်များဖြင့် လည်းကောင်း ၊ ရန်ကုန်မှတိုက်ရိုက် သွားလိုသူများအတွက် ရန်ကုန်-ပုသိမ် အမြန်သဘောင်္များ ပြေးဆွဲ ပို့ဆောင်ပေးလျှက်ရှိပါသည်။ ခမောက်မော် မှ တဆင့် မော်တင်တောင်ခြေအရောက် ခရီးသည်တင်ကား များဖြင့်ပြေးဆွဲပေးသည်။ ထိုမှလေးမိုင် ဝေးကွာသော မြွေတောင်ဘုရားသို့ သွားရောက် ဖူးမျှော်ရင်း ပျော်ရွှင်စွာ ရေကစားနိုင်သည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမရှိ ဇေယျသေန နဂါးမင်းစောင့် ရှောက်ထားသော ပင်လယ်ရေပိုင်နက် ဖြစ်သည်ဟု ဆိုကြသည်။ထိုကြောင့် ပွဲတော်ရက် များတွင် လူတိုင်း ချမ်းမြေ့ပျော်ရွှင်စွာ ဖူးမြော်ပူဇော် နိုင်ကြပါကြောင်း ရေးသားလိုက်ရပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

လူငယ်နှင့် တာဝန်သိမှု



လူတွေ အကြောင်းပြောရင်
အမှီအခိုနဲ့ လွပ်လပ်မှုအကြောင်း
ပြောလေ့ရှိတယ်.

လူတွေဟာ အခြားသတ္တ၀ါတွေလိုမဟုတ်ဘူး
တစ်ယောက်ကိုတစ်ယောက် မှီခိုနေရတယ်
ဒီအတွက် အချို့ကတော့
မလွတ်လပ်ဘူးလို့ ဆိုကြတယ်

"ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်"
"ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် "
ဆိုတာ လွပ်လပ်မှု မဟုတ်ပါဘူး
တာဝန်မဲ့မှုသာဖြစ်တယ်.

ကျန်းမာပြီး စွမ်းဆောင်နိုင်သော လူသားအားလုံးဟာ
တာဝန်ယူတတ်သူတွေ ဖြစ်ရပါမယ်.
လူငယ်တွေဟာ တာဝန်ယူတတ်သူတွေ ဖြစ်ဖို့လိုတယ်
တာဝန်ပေးခံရတဲ့ အခါမှာ လိပ်ပြာသန့်သန့်နဲ့
တာဝန်ယူတတ်ဖို့ပါပဲ

ဒေါက်တာခင်မောင်ညို

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

မေတ္တာ


စစ်မှန်တဲ့ မေတ္တာတရားဆိုတာ
သူတစ်ပါးကောင်းကျိုးကိုပဲ လိုလားတယ်. . .
မိမိကိုယ်ကျိုးကို မကြည့်ပါဘူး. . .

မေတ္တာတရားနဲ့ ပတ်သက်ပြီး
လူတွေဟာ အမျိုးမျိုး ပြောဆိုနေကြပါတယ်. .
ရယူခြင်းမရှိတာကို မေတ္တာ
ပေးဆက်ခြင်းသက်သက်ကို မေတ္တာ
မျှော်လင့်ချက်မထားတာကို မေတ္တာ
မောင်နှမ အချစ်သက်သက်ကို မေတ္တာ

စသဖြင့် အများကြီးပါပဲ

ဒါတွေဟာ
တကယ်တော့ မှန်ကန်တိကျရဲ့လား
(၅၂၈) မေတ္တာ ဆိုတာ ဘာလဲ?


ကိုယ့်ညီကို မောင်နှမကိုမှ
မေတ္တာထားနိုင်တာလား?
သူတစ်ပါးတွေဆိုရင် မထားနိုင်ဘူးပေါ့။

ဒါမှမဟုတ်
ကိုယ်မချစ်မနှစ်သက်တဲ့သူဆိုရင်
မေတ္တာ မထားနိုင်ဘူးလား ?

မေတ္တာတရားမှာ
ရွေးချယ်ခွင့်နှင့် ရွေးချယ်စရာမရှိပါဘူး။

စစ်မှန်တဲ့ မေတ္တာတရားဆိုတာ
နက်ရှိုင်းမှု ၊ သိမ်မွေ့မှု အပြည့်အ၀ရှိပါတယ် . .
သူ, ငါ , ယောက်ျား , မိန်းမ
ချစ်သူ , ခင်သူ , မုန်းသူ ဘာမှ မရှိဘူး
လူအားလုံးကို ကိုယ်ကျိုးမကြည့်ဘဲ
ကူညီနိုင်မှု သက်သက်ကို ခေါ်တာပါ. .

မေတ္တာတရားဆိုတာ
လူတိုင်းကို အပြည့်အ၀ တော့ မထားနိုင်ပါဘူး. . .

Step by Step . . ပေါ့. .

အားလုံး မေတ္တာထားနိုင်ကြပါစေ. . . .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကံကောင်းလိုသော်



မိမိဘ၀ကံအကြောင်းမလှ၍ စိတ်ညစ်နေရလျှင် ဤဆောင်းပါးကိုဖတ်ပါ. . . ပျော်ရွှင်ချမ်းမြ ပြည့်စုံသောဘ၀မှာ ကံကောင်းနေသူဖြစ်လျှင်မူ ဤ စာအုပ်ကို ဖတ်ရှုနေရန် မလိုအပ်ပါ. . . .

ပြစ်တင်ရှုတ်ချ ၀ိုင်းပယ်ခံရသဖြင့် ညှိုးမှိမ်နိမ့်ကျ နေသလော
ဥစ္စာစည်းစိမ် ဆင်းရဲချို့တဲ့နေသလော
အနာရောဂါ နှိပ်စက် ဖိစီးသလော
အကျည်းတန် အရုပ်ဆိုး၍လော
အသက်အန္တရာယ် နီးကပ်နေသလော. .

မည်သို့ပင်ဖြစ်စေ ၊ ကံကောင်းစေရန် ကံကောင်းစေရန် မဖန်တီးနိုင်သော်လည်း ကံကောင်းစေသော နည်းလမ်းကို ယခုအချိန်မှ စ၍ လမ်းစကို သင်မြင်ရပါပြီ. . .

အောက်ပါပုံပြင်လေးကို သင်ကြားဖူးကောင်း ကြားဖူး ပါလိမ့်မယ်. . .

အခါတစ်ပါး ချစ်ခင်သော သူငယ်ချင်းနှစ်ယောက်သည် ခရီးတစ်ခုကို အတူလာခဲ့ကြလေသည်. . .တန်ဆောင်မုန်း လပြည့်နေ့ည ဖြစ်၍ သူတို့သည် တောင်ခါးပန်း လမ်းခုလတ်သို့ ရောက်သော အခါ တိုင်ပင်ကြလေသည်. .

တစ်ယောက်က မီးထွန်းပွဲတော်ဖြင့် စည်ကားနေသော တောင်အောက် မြေပြန့်သို့ ဆင်းချင်သည်. . . ဆိုင်းသံ၊ ဗုံသံ ဆိုကသံ၊ ကညာပျိုအလှတွေဖြင့် ဘာမဆိုရနိုင်သည့် နေရာဖြစ်သည်. . . ပထမလူက တောင်ခြေပျော်ပွဲမှာ ပါဝင်နွဲချင်နေသည်. . .

နောက်တစ်ယောက်က တောင်ပေါ်ဘုရားဆီသို့ တက်၍ ဖူးချင်သည်. . ဟိုမှာ ဘာဝနာ ကမ္မကျပဠာန်းတရား သွားရောက် ရှုပွားချင်သည်. . အေးချမ်းဆိတ်ငြိမ်သော တောင်ပေါ်ဘုရား ရင်ပြင်ပေါ်မှာ တရားရှုမှတ် ကောင်းမြတ်သော အလုပ်ကို လုပ်ချင်သည်. . .

နှစ်ယောက်သား ၀ိဝါဒ ကွဲပြားသည်. . . ထို့နောက် နံနက်မိုးသောက် အလင်းရောက်သောအခါ ဤနေရာမှာ ပြန်လာဆုံကြစို့. . . . ထို့နောက်မှ ခရီးအတူဆက်ကြရင် တိုင်ပင်ပြီး လမ်းခွဲကြလေသည်. . . အပျိုကညာ ပေါရာသို့ သွားချင်သူ က တောင်ခြေသို့ ဆင်းသွား၏. . . . ဆိတ်ငြိမ်ရာမှာ တရားရှာမှီးချင်သူက တောင်ပေါ်သို့ တက်သွားလေ၏. . . .

တောင်ပေါ်သို့တက်ပြီး ရင်ပြင်ပေါ်တွင် စင်္ကြလျှောက်ရင်း ၊တင်ပျဉ်ခွေထိုင်ရင်း တရားရှုမှတ်သူသည် သူ့အလုပ်သူလုပ်သည်. . သို့ဖြင့် သန်းခေါင်ကျော်လာရာ သူသည် သစ်ပင်တစ်ပင်ရင်း၌ ထိုင်၍ ကမ္မဠာန်းတရားများ ပွားများ စီးဖြန်းနေလေသည်. . .

ထိုစဉ် သစ်ပင်ပေါ်မှာ သစ်ကိုင်းခြောက် တစ်ချောင်း သည် ရုတ်တရက် ဖြောင်းခနဲက ကျိုးကျ၍ ထိုသူ၏ ပေါင်ပေါ်တည့်တည့်သို့ ရိုက်ချိုးလိုက်သကဲ့သို့ ပြင်းစွာ ကျလေ၏. . . . ထိုသူသည် ခြေသလုံးတွင်တွင် ကျိုးလုမတတ် နာကျင်ရလေသည်. . . တတ်နိုင်သမျှ တရားဘာဝနာ ကြိုးစားရှုမှတ်၏. . . လင်းသောအခါ တုတ်အကူ တောင်ဝှေးကို ထောက်လျှက် မိတ်ဆွေနှင့် ဆုံရမည့်နေရာသို့ ခပ်ဖြည်းဖြည်း ဆင်း၍လာခဲ့လေသည်. . . .

အပျော်အပါး အသောက်အစား စည်းစိမ်အရသာတွေ တစ်ဝကြီးခံစားခဲ့ရသော အခြားသူသည်. . .နံနက်မိုးသောက် အလင်းရောက်သော် အိပ်ရာမှ ထ၍ သူငယ်ချင်းနှင့် ချိန်းဆိုရာဘက်သို့ ထွက်ခဲ့လေ၏. . . လမ်းတွင် အထုပ်တစ်ထုပ်ကောက်ရလေ၏ . . ဖွင့်ကြည့်ရာ အသပြာတစ်ထောင် တိတိ ပိုင်ရှင်မရှိတွေ့ရသဖြင့် ၀မ်းသာအားရယူ၍ ချိန်းဆိုရာနေရာသို့ ရောက်လာလေ၏. . .

နှစ်ယောက်သားတွေ့ဆုံကြသောအခါ မိမိတို့ တွေ့ကြုံခဲ့သမျှကို နှီးနှောပြောဆိုကြလေသည်. . . . ဘုရား ကုန်းတော်ရင်ပြင်တော်ပေါ်သို့ တက်၍ ကမ္မဠာန်း ဘာဝနာ စီးဖြန်းခဲ့သည့်သူက ခြေကျိုးခဲ့သည်. . ကညာအလှ မဒီ တရုန်းရုန်းနှင့် သာယာသမျှ အရယ်ရယ် အပြုံးပြုံးနေလိုက်သူက အသပြာ တစ်ထောင် ထုပ်ပင် ရခဲ့ချေသေး. . .

ကောင်းရာလုပ်လို့ ကောင်းကျိုးမရ.
မကောင်းရာလုပ်လို့ ဆိုးကျိုးမရ. .
ကောင်းရာလုပ်လည်း ဆိုးကျိုးရ၏
မကောင်းရာလုပ်လည်း ကောင်းကျိုးရ၏.

နှစ်ယောက်သား ဤသို့ခံယူနားလည်မိကြောင်း ပြောဆို၍ ခရီးဆက်ခဲ့ကြရာ ကျောင်းသင်္ကန်း တစ်ခုသို့ ရောက်ရှိကြလေသည်. . .ထိုကျောင်းမှ ပညာဥာဏ်ရောင် ထင်ရှားသော ဆရာတော် ရဟန်းအား အကျိုးအကြောင်း လျှောက်ထားသောအခါ ဆရာတော်က ဤသို့ မိန့်ဆိုလေသည်. . . .

"ဒကာတို့ အတွေ့အကြုံကို နမူနာကောက်ယူ မူတည်၍ လောကနိယာမအဖြစ် ဆွဲယူကြခြင်းဖြင့် ကံနှင့် ပတ်သက်၍ ဒကာတို့ အထင်မှားနေပြီ

ပထမဒါယကာသည် ကောင်းမှုကုသိုလ်ပြုသည် မှန်၏. . .သူ့မူလကံအရ သစ်ကိုင်း ကျိုးကျ ခြေထောက် ဒဏ်ရာရရုံမျှ မဟုတ်သေး . . . သစ်ပင်ပိကျ ချက်ချင်း သေရမည့် ဘေးနှင့် ကြုံရမည်ဖြစ်၏. . . သို့ရာတွင် လတ်တလော ကုသိုလ်ကံ တားဆီးသဖြင့် ခြေထောက်ကျိုးရုံ မျှသာဖြစ်အောင်. . ထိုကုသိုလ်ကံက သက်သာရာရစေခဲ့သည်. . . .

ဒုတိယဒါယကာသည် သူ့အတိတ်ကံအကြောင်းအရ အသပြာမျှသာမဟုတ် . . .ရွှေထုပ် ၊ စိန်ထုပ်၊ ပတ္တမြားထုပ်များ သုံးမကုန် လှုမခန်းအောင် ချမ်းသာသည်အထိ ကောက်ယူ ရရှိကြွယ်ဝရမည့် သူဖြစ်လေ၏. . သို့ရာတွင် ထိုနေ့ညက မကောင်းမှု တို့၌သာ ယစ်မူးသာယာနေလိုက်မိသဖြင့် အသပြာ ကုဋေကုဠာ ထိုက်သော ရတနာတို့မရတော့ဘဲ ငွေတစ်ထောင် အထုပ်လိုက်ကလေးသာ ကောက်ရပေသည်. . လတ်တလော ဒုစရိုက်ကံကြောင့် ရမည့် အကျိုးပေးတရား လျော့နည်း ဆွံ့ပါးသွားရသည်. . . အဲဒါက ကံတရားပဲ. . . " ဟု မိန့်လေသည်. . . . . . .

ကောင်းမှုကုသိုလ်ဖြစ်စေ၊ မကောင်းမှု ဒုစရိုက်ဖြစ်စေ ချက်ချင်း လက်ငင်း ဓာတ်လိုက်သလို ခံစားရသော ဂရုကံမျိုး လည်းရှိသည်. . တဖြည်းဖြည်းမှ သရက်သီး ၊ပိန္နဲသီးကဲ့သို့ ရင့်မှည့်လာမှ ချိုမြိန်ရသော ကံမျိုး အကျိုးပေးပုံလည်းရှိသည်. . .

လုံလောက်သော ရင့်ကျက်မှု အထိရောက်ရှိအောင် ကောင်းမှုဟူသမျှ တိုးတက်အောင် ပြုလုပ်ရသည်. . . မကောင်းမှုကိုလည်း ပါးသည်ထက်ပါး နည်းသည်ထက်နည်းအောင် ပြုလုပ်ရသည် . . . . အဟုန်သဘော တစ်ခုနှင့် တစ်ခု စုပေါင်းအားပြုမိသောအခါ ကြီးမားသော အကျိုးကိုပေးလေသည်. . .

ကံဆိုသည်မှာ စေတနာဖြစ်သည်. . စေတနာ ထက်သန်သည်နှင့်အမျှ ကံအကျိုးပေး ထက်မြက် ထိရောက်သည်. . (ကံ) စေတနာမပါလျှင် ကံအကျိုးပေးမထက်မြက်ချေ. . .

ကံဆိုသည်မှာ ကောင်းကင် နဂါးငွေ့တန်း Milky Way ကြီးပမာ ဖြစ်သည်. . . ကြယ်ကလေးပေါင်း ထောင်သောင်း များစွာ သေးငယ်မှုမွှားလှစွာသော မမြင်သာလောက်သည့် စေတနာ၊ သဘောထား၊ အလေ့အထ အပြုအမူများမှသည်. . . ကြီးမားသော အလင်းရောင် အဖြူတန်းကြီး စုဝေးပေါ်ပေါက်လာကဲ့သို့ အကျိုး ပေါ်ထွက်ရသည်. . . .

ကောင်းသောကံ (အပြုအမူ) ကလေးများကို သေးမွှားသည် နည်းပါးသည် မဆိုဘဲ စုဆောင်းပါ. . . များသည် ထက်များ ၊ ပွားသည်ထက်ပွားအောင် စုဆောင်းပါ. ကောင်းကျိုး မုချဧကန် ရပါလိမ့်မည်. . . ဤသည်ကား နိယာမတရားတည်း. . . . .

ချစ်နိုင်(စိတ်ပညာ)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .



နောက်တစ်ခါကြုံ၇င် လက်မနှေးနဲ့



အိမ်ရှေ့မှာ အိပ်နေတဲ့ ခွေးတစ်ကောင်ကို ၀ံပုလွေတစ်ကောင်ဟာ တွေ့သွားပါရော. . . ဒါကြောင့် သူ့ကို စားတော့မှာ ဖြစ်တယ်. . ဒါပေမယ့် ခွေးက သူ့ကို အခု မစားချင်ပါနဲ့ လို့ ဆိုတယ်. .

အခုစားနေရင် ကျွန်တော်ဟာ ပိန်ပိန်သေးသေးပဲ ဖြစ်နေမယ်. . ဒါပေမယ့် ခင်ဗျား ခဏကလေး စောင့်မယ်ဆိုရင် ကျွန်တော့ရဲ့ သခင်အိမ်မျာ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်မှာမို့ ကျွန်တော့အဖို့စားစရာတွေ အများကြီး စားရလိမ့်မယ်. . ကျွန်တော်ဝဖြိုးလာမယ်. . . ဒီအချိန်မှာ စားရင် ခင်ဗျားဟာ ကျွန်တော့်ရဲက အသားကို များများ စားရမှာပေါ့. .

ဝံပုလွေက ဒါကိုလက်ခံမိတယ် . . . သူ့အစာကို နောက်မှပဲ စားတော့မယ်ဆိုပြီး ထွက်သွားပါတယ်. . .

ရက်အနည်းငယ်ကြာတဲ့အခါ. . .သူရောက်လာတယ်. . .

ခွေးဟာ အိမ်ခေါင်မိုးပေါ်မှာ အိပ်နေတာကြောင့် ၀ံပုလွေက " ပြောဆိုထားတဲ့ ကတိအတိုင်း အောက်ကို ဆင်းခဲ့ပါ . . ."လို့ လှမ်းခေါ်လိုက်တယ်. .

ဒါကိုခွေးက "နောက်တစ်ခါ ကျွန်တော်မြေကြီးပေါ်မှာ အိပ်နေတာ တွေ့ရင် လက်ထပ်မင်္ဂလာပွဲ ပြုလုပ်တဲ့ အချိန်ထိ စောင့်မနေပါနဲ့ . . " လို့ပြန်ပြောလိုက်တယ်. .

(အသက်ဘေး အန္တရယ်က လွတ်မြောက်ခဲ့သူဟာ သူ့ဘ၀မှာ အလားတူ အန္တရယ်မျိုး ကြုံတွေ့တဲ့အခါ သတိပြုတတ်နေပြီ)

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ပဉ္စ၀ဂ္ဂီ ငါးဦးတိုအား ဓမ္မစကြာတရား ဟောတော်မူနေပုံ



ဘုရားအလောင်း ဖွားမြင်စ၌ ရုပ်လက္ခဏာ ကြည့်ရှုရသော ပုဏား ရှစ်ယောက်တို့တွင် ၅ ယောက်သော ပုဏား တို့သည် မုချ ဘုရားဖြစ်လိမ့်မည်ဟု ယုံကြည်သောကြောင့် ရသေ့ ရဟုန်းပြုနှင့်ကြ၍ ဘုရားအလောင်း တောထွက်သောအခါ ရေပူရေချမ်း ကမ်းလှမ်းပြုစု နေကြလေသည်. . . ထို့နောက် ဆွမ်းအာဟာရ ဘုဉ်းပေးသည်ကို မြင်ရ၍ ဘုရားဖြစ်တော့မည် မထင်သောကြာင့် ဘုရားအလောင်းထံမှ ခွဲခွာ၍ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်. .

ဘုရားဖြစ်တော်မူ၍ တရားဦးဟောထိုက်သူများကို ရှုစားတော်မူသောအခါ ထိုရသေ့ ငါးဦး၏ ရင့်သန်သောဥာဏ် ကို မြင်တော်မူရကား ဗောဓိပင်မှ တစ်ဆယ့်ယူဇနာ ဝေးကွာသော ဣသိပတန မိဂဒါဝုန်တော်သို့ ကြွတော်မူပြီးလျှင် ၀ါဆိုလပြည့်နေ့ နေမ၀င်မီ အချိန်တွင် ထိုပဉ္စ၀ဂ္ဂီ ရသေ့ငါးဦးအား ဓမ္မစကြာ တရားဦးကို ဟောတော်မူလေရာ တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတပန်တည်လေသည်. . .

The Buddha Preaching The Sermon "The Wheel of Law" To The "Band of Five Disciples"

Soon after the birth of the Future Buddha, eight Brahmin fortune-tellers, observed the marks and characteristics of the Future Buddha's person. Five of these Brahmins interpreted that prince Siddhattha would unquestionably become a Buddha and with that belief, had already become ascetics. When Siddhattha retired from the world, they attended to his presonal needs. Then seeing that the Future Buddha had given up extreme ascetisism and gone back to the usual way of talking ordinary material food, they doubted if he would ever become a Buddha, and deserted him. Then they went and lived in the Deer Park at Isipatana near Benares.

The Blessed One, having attained the Supreme Wisdom, began hi life as the Great Teacher. He first thought of the persons whon he should first aid with his teaching , and saw that these five ascetics had developed mature intellect. He therefore went to the Deer Park at Isipatana near Benares, 18 youjanas( 1 yojana=about 8 miles) away from the Bodhi tree anbd preached his first sermon to thi "Band of Five Disciples" before sunset on the full moon day of Wazo( June-July). Kondanna was established in the first noble stage of the Aryan Path, along with eighteen crores of higher and lower gods.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

]

သားဖေဖေ


သားရယ်. . .
အကြင်နာ တရားလည်း မရှိ
ချိုချိုသာသာ စကားလည်း
မပြောတတ်တဲ့ အဖေရယ်လို့
လူ့လောကမှာ မရှိပါဘူးကွယ်. .

သားမသိတတ်ခင် အချိန်မှာ
အကြင်နာ တရားတွေနဲ့
ချိုချိုသာသာ စကားတွေ
အများကြီးပြောခဲ့ပြီးပါပြီ

သားမသိတတ်ခင် အချိန်ဆိုတော့
သားမမှတ်မိနိုင်တာ
ဖေဖေ အပြစ်မတင်ပါဘူး

သားကြီးပြင်းလာတဲ့ အချိန်မှာ
ကိုယ့်ဘ၀ကို မကျေနပ်နေတဲ့ ဖေဖေ
မိသားစု စားဝတ်နေရေးအတွက်
အပြေးအလွှား ရုန်းကန်နေရတဲ့ ဖေဖေ
သားကို သိပ်ပြီး
တော်စေ တတ်စေချင်တဲ့ ဖေဖေဟာ
အကြင်နာ စကားတွေ ပြောဖို့
တကယ်ပဲ မေ့နေခဲ့တယ်ဆိုရင်
ဖေဖေ့အမှားပါပဲကွယ်. .

သားကြောင့်တော့ဟုတ်မယ် မထင်ပါဘူး

ဖေဖေ

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ချစ်ခြင်း၏ပုံရိပ်များ



The love of this moment is what you have,
right now in your hands.
Cherish it,
Value it,
Experience it!

ခုအချိန်မှာ မင်း(ပိုင်ဆိုင်) ရရှိထားတဲ့
အချစ်ဟာ
မင်းလက်ထဲမှာ ရှိနေတာပါ
မြတ်နိုးယုယပါ
တန်ဖိုးထားပါ
တွေ့ကြုံခံစားပါ။

Forgiveness is first and foremost for your own sake, not for your partner's.
You forgive so that you may no longer carry the load of resentment with you.

ခွင့်လွှတ်ခြင်းဆိုတာ
ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ . .
မင်းရဲ့ ကိုယ်ကျိုးသက်သက်သာ ဖြစ်ပါတယ်. .
မင်း . . အဖော်မွန်ရဲ့ အကျိုးမဟုတ်ပါဘူး။

မင်းက ခွင့်လွှတ်လိုက်တဲ့အခါ
စိတ်မကျေနပ်မှု ၀န်ထုပ်ကြီးကို
မင်းနဲ့ အတူ အကြာကြီး
သယ်ပိုးမနေရတော့ဘူးပေါ့. . . ။

If you have love,
even a little of the rest can be enough.
Without love, even all of the rest will not be enough.

မင်းရင်ထဲမှာ ချစ်ခြင်းမေတ္တာရှိနေမယ်.
အကြွင်းအကျန်လေး ရှိမယ်ဆိုရင်တောင်
ပြည့်စုံလုံလောက်နိုင်ပါတယ်.
ချစ်ခြင်းမေတ္တာမရှိ
အကြွင်းအကျန်လေးတောင်မှ
လုံးဝမရှိရင်တော့
ပြည့်စုံလုံလောက်မှာ မဟုတ်ပါဘူး။

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

စိတ်ချမ်းသာခြင်း



No man is happy who
does not thank himself so.

စိတ်မချမ်းသာဘူးလို့ ထင်နေသမျှ
ဘယ်သူမှ ပျော်ရွှင်မှုကို ရမှာ မဟုတ်ပါဘူး။

လူတွေရဲ့ နေ့စဉ် ဖြတ်သန်းမှုတွေထဲမှာ
ပျော်ရွှင်မှုမပါတဲ့ ဆက်ဆံရေးဟာလဲ
ခြောက်ကပ်ကပ် နိုင်လှပါတယ်။

ပျော်ရွှင်မှုမပါတဲ့ အလုပ်ဟာလဲ
လူကို ပိုပြီးတော့ ငြီးငွေ့စေပါတယ်
ပျော်ရွှင်မှု မပါဘဲ အောင်မြင်ရေးဟာ
လူကို ပိုပြီး အထီးကျန်စေပါတယ်။

ဒီတော့ လူဟာ
ပျော်ရွှင်မှုကို ရှာကြံပြီး ယူရပါတယ်
ရှာကြံပြီး ပျော်ရွှင်မှုကို ယူတယ်ဆိုလို့
သင်တို့အနေနဲ့ အပျက်သဘောကို မတွေးရပါဘူး ။

စိတ်ကြည်လင် အေးချမ်းတာကိုပြောတာပါ
ပျော်ရွှင်မှုကို တခြားမှာ သွားရှာစရာမလိုပါဘူး
သင်တို့ နေ့စဉ် ဆက်ဆံနေတဲ့ လူတွေ
သင်တို့ နေ့စဉ် လုပ်နေတဲ့အလုပ်
သင်တို့ နေ့စဉ် သွားနေတဲ့ လမ်းကြောင်း
အဲဒီ ဖြတ်သန်းမှုတွေထဲမှာပဲ စိတ်အေးချမ်းမှု ကိုရှာရပါတယ်. .

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ပူလောင်မှု မရှိတဲ့ စိတ်ကို ခေါ်တာပါ
အဲဒီတော့ သင်တို့အနေနဲ့ ကိုယ့်ဘဝ
ပျော်ရွှင်အောင်
ငြိမ်းချမ်းအောင်
တိုးတက်အောင်
စိတ်အေးချမ်းသာစွာဖြင့် လုပ်ရင် ပိုပြီးတော့ အောင်မြင်တယ် ဆိုတာပါပဲ. .

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သမီးလေးဖတ်ဖို့



He that can have patience; can have what he will.
စိတ်ရှည် သည်းခံနိုင်တဲ့ သူဟာ သူလိုချင်တာကို ရနိုင်သတဲ့

တစ်ခါတစ်ရံ ဘ၀မှာ စိတ်ရှည် သည်းခံနိုင်မှုဟာ သိပ်လိုအပ်တယ်. . .
စိတ်မရှည် လို့ သည်းမခံနိုင်လို့
လိုချင်တာကိုရဖို့ မစောင့်ဆိုင်းနိုင်တဲ့ အတွက်
လက်လွတ် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတာ
ဖေဖေ့ကိုယ်တွေ့ပါ သမီးရယ်. . .
နည်းနည်းလေး စိတ်ရှည်ပြီး သည်းခံလိုက်ရင်
ကိုယ်လိုချင်တာ ရတော့မယ်ဆိုတာ သိရက်နဲ့
စိတ်တိုပြီး လှည့်ထွက်ခဲ့မိလို့
လိုချင်ရတာတွေနဲ့ လွဲခဲ့ရဖူးပါတယ်. . .

သမီးလေးလည်း ဖေဖေ့လို ဖြစ်မှာ စိုးတယ်. .
ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာကို
ခဏလောက် အချိန်ပေးပြီး
စိတ်ရှည် သည်းခံ စောင့်ဆိုင်းလိုက်ပါကွယ်. . .
လိုချင်တာတွေ ရလာပါလိမ့်မယ်. . .

ကောင်းသန့်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


သံသရာဆိုတာ


"ဒေါက်. . . . ဒေါက်. . . ဒေါက်"

"ဘယ်သူလဲ"

ကျွန်မက မေးလိုက်ပါတယ်. .

"သေမင်းပါ. . "

တံခါးလည်းဖွင့်၊ ကျွန်မလည်း အပြင်ထွက်ပြီး ပြောလိုက်ပါတယ်. . .

"ကဲ . . . လာသွားကြစို့. . "

"မင်းဘာမှ မယူတော့ဘူးလားကွ . ."

ကျွန်မယူရင်လည်း သူက ထားခဲ့ခိုင်းမှာပါ. . . အပိုစကားတွေ လာပြောနေမှန်းသိသာပါတယ်. .

"ဟင့်အင်း . . သိပ်ကြာမှာမှ မဟုတ်ဘဲ . . . ဒီနေရာမျိုး ပြန်ရောက် ဦးမှာပဲဟာ. . . "

ပြောပြီးပြီးချင်း သူ့အဖြေကို မစောင့်ဘဲ ကျွန်မသူ့ရှေ့က လျှောက်နှင့်လိုက်ပါတယ်. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ရှာဖွေစူးစမ်း. . . .








၁၃.၁၂.၂၀၁၁ ရက်နေ့ ညနေခင်းမှာ ပုသိမ်မြို့ကမ်းနားလမ်းတွင် ကာလီမယ်တော် ဘုရားပွဲတော် ကျင်းပခဲ့ပါတယ်. . . .

ကာလီမယ်တော် ပွဲတော်အကြောင်းကိုတော့ ပွဲတော်ကျင်းပရာသို့ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး အားမေးကြည့်ရာတွင် . . . .

ဘုရားပွဲတော်အား တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိကြောင်း . . အဲဒီပွဲတော်မှာ ပါဝင်မည့် သူများက သူတို့ ဘုရားကျောင်းမှာ (၇)ရက် ဥပုသ်စောင့်ရပါတယ်. . . ဥပုသ်စောင့်ပြီးလျှင် ကမ်းနားမှာ ရေချိုး ၊ ရေချိုးပြီးလျှင် . . . သံချွန်များဖြင့် သူတို့ကိုယ်ပေါ်တွင်ထိုးပြီး ဘုရားပွဲတော်ကို ကျင်းပခဲ့တယ် လို့သိရပါတယ် ဘုရားပွဲတော်တွင် ဥပုသ်စောင့်သူများမှာ မီးနင်းပွဲတော်ကို လည်းကျင်းပခဲ့တယ် လို့သိရပါတယ်. မေ16 တို့လည်း သွားကြည့်ပြီး. . ဓာတ်ပုံများ လက်လှမ်းမှီ သလောက် ရိုက်ခဲ့ပါတယ်.. . .


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ဇက်ကြောတက်ခြင်းနဲ့ ကျီးပေါင်းဖြစ်ခြင်းကိုကာကွယ်ပေးမည့် ယောဂကျင့်စဉ်

စာတွေ အမြဲတမ်းဖတ်ပြီး အလုပ်လုပ်နေရတဲ့သူတွေ၊ ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေ အမြဲတမ်း စာရင်းတွေတွက်၊ စာတွေရေးပြီး အလုပ်လုပ်နေရတဲ့သူတွေဟာ ကြာရင် ဇက်ကြောတက်လာတတ် ပါတယ်. . . လူတွေဧာ ဇက်ကြောတက်လာရင် ဆေးသောက်လေ့ရှိပါတယ်. . ဆေးဆိုတာကလည်း အမြဲ သောက်ရင် မကောင်းဘူး . . . ဒါကြောင့် ယခုတစ်ပတ်မှာတော့ ဇက်ကြောတက်ခြင်းကိုသာမက ကျီးပေါင်းတက်ခြင်း ကိုပါ ကာကွယ်ပေးမယ့် ယောဂကျင့်စဉ်ကို ဖော်ပြလိုက်ရပါတယ်. .

ပြုလုပ်နည်းကတော့ -

(၁) ဒူးထောက်၍ ထိုင်ပါ။
ပုံ(၁)
(၂) ညာဘက်လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်ပါ
ပုံ(၂)
(၃) ဘယ်ဘက်လက်ကို ညာဘက်လက် တံတောင်ဆစ်အောင်မှ ၀ိုက်၍ အပေါ်တည့်တည့်သို့ ထောင်လိုက်ပါ

ပုံ(၃)
(၄) ဘယ်ဘက်လက်ကို အားစိုက်၍ ဆန့်ထားသော ညာဘက်လက်ကို ဘယ်ဘက်သို့ ဆွဲလိုက်ပါ

ထိုအခါ ညာဘက်လက်သည် ရင်ဘတ်ရှေ့တည့်တည့်တွင် ကပ်၍ တစ်တန်းတည်း ဖြစ်နေရပါမည်.
ပုံ(၄)
(၅) မျက်နှာကို ညာဘက်သို့လှည့်လိုက်ပါ

ဤပုံစံအတိုင်းနေ၍ အသက်ကို ပုံမှန်ရှုသွင်းရှူထုတ်လုပ်ပါ. . . ၀င်လေ၊ ထွက်လေ တစ်ကြိမ်လျှင် ၁ ဟုမှတ်၍ ၁မှ ၁၀၀ အထိမှတ်ပါ

ပုံ(၅)

(၆) ပြီးလျှင် ဘက်ပြောင်း၍ ပြုလုပ်ပါ. .

မှတ်ချက်
-ဆန့်ထားသောလက်သည် ပခုံးနှင့် တစ်တန်းတည်းဖြစ်နေရမည်

-ခန္ဓာကိုယ် ကြွက်သားများကို အားပြုမထားပါနှင့် .

အကျိုးကျေးဇူး

-လက်မောင်းတစ်လျှောက် နှင့် လည်ကုတ်တစ်လျှောက်ကို သွေးလည်ပတ်မှု ကောင်းစေ၏

-အာရုံကြောများကို နိုးကြားမှု ဖြစ်စေ၏

- ဇက်ကြောတက်ခြင်းနှင့် ကျီးပေါင်း ဖြစ်ခြင်းကို ကာကွယ်ပေး၏

နန်းဆုကေဆွမ် ယောဂ သင်တန်း

Health Digest Journal

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

ကမ္ဘာဦးရဲ့ အဆုံး




ကမ္ဘာဦးအစမှာ ဘုရားသခင်က သူဖန်ဆင်းတဲ့ အာဒံနဲ့ ဧ၀အတွက် ဧဒင်ဆိုတဲ့ ဥယာဉ်ကြီး ဖန်ဆင်းထားသတဲ့. . . အဲဒီဥယာဉ်ကြီးထဲမှာ လိုတာ အကုန်ရစေနိုင်တဲ့ ပဒေသာပင်တွေက အများကြီးပဲ. . . ပျော်စရာကြီးပေါ့လေ. .

အဲ့ဒီတော့ ကမ္ဘာဦး လူသားတွေမှာ ဒုက္ခမရှိဘူးတဲ့

ဒါပေမယ့် . . . အဲဒီဥယာဉ်ထဲမှာ အပင်တစ်ပင်က အသီးကိုတော့ မခူးဆွတ် မစားသုံးရဘူးလို့ အမိန့်ထုတ်ထားသတဲ့. .

တစ်နေ့တော့ အာဒံရဲ့ မိန်းမ ဧ၀စာ မြွေတစ်ကောင်ရဲ့ တိုက်တွန်းမှုကြောင့် ဘုရားသခင် တားမြစ်ထားတဲ့ သစ်ပင်က အသီးကိုမှ ခူးဆွတ်လိုက်သတဲ့. . . အဲ့ဒီအခါမှာ အနာရောဂါ၊ အလိုမပြည့်ခြင်း၊ ငတ်မွတ်ခြင်း အစရှိတဲ့ ဒုက္ခတွေကို လူတွေက စတင်ခံစားကြရတော့တယ်တဲ့ ကွယ် . .

ပြောသူက အဲဒီနေရာမှာ သူ့ပုံပြင်ကို အဆုံးသတ်သွားပါတယ်. . ဒါပေမယ့် ကျွန်မတို့အတွေးက တကယ်လို့ အခု အချိန်အခွင့်ကြုံရင် မစားကောင်းတဲ့ အသီးတွေကို ခူးဆွတ်စားသုံးနေကြသူတွေဟာ ဧ၀လို မိန်းမသာမက အာဒံလို ယောက်ျားတွေလည်း အများကြီးရှိတယ် ဆိုတာကို ဘုရားသခင်ကို အသိပေးချင်လာမိပါတယ်. .

သဲအောင်

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

တပုဿနှင့်ဘလ္လိက ညီနောင်တို့အား ပူဇော်ရန် ဆံတော်ချီးမြှင့်နေပုံ




ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားဖြစ်၍ မကြာမီ လင်းလွန်းပင်အောင်၌ သီတင်းသုံးနေတော်မူစဉ် ဥက္ကလာပမည်သော ဇနပုဒ်မှ တပုဿနှင့် ဘလ္လိကမည်သော ကုန်သည်ညီနောင် ၂ ယောက်တို့ သည် ဘုရားပွင့်ရာ မဇ္ဈိမဒေသသို့ ကူးသန်းရောင်းဝယ်သွားကြ၏ ထိုညီနောင်၏ ရှေးဘ၀က ဆွေမျိုးတော်စပ်ခဲ့ဖူးသော နတ်သည် ကိုယ်ထင်ပြ၍ ဗုဒ္ဓမြတ်စွာပွင့်တော် မူလာကြောင်းကို ပြောပြီးလျှင် ပါလာသောမုန့်များကို ကပ်လှူကြလေဟု တိုက်တွန်းကာ နေရာကို ညွှန်ပြလိုက်လေသည်။

ထိုညွန်ပြချက်အရ ဗုဒ္ဓအထံတော်သို့ ချဉ်းကပ်ကြ၍ မိမိတို့မှာ ပါလာသောမုန့်များကို ကပ်လှူကြပြီးလျှင် "ဗုဒ္ဓမြတ်စွာနှင့် တရားတော်မြတ်ကို ဆည်းကပ် ကိုးကွယ်ပါ၏ . . ယနေ့က စ၎င်း ဥပသကာ မှတ်တော်မူပါ " ဟု လျှောက်ကြလေသည်. . ထို့နော် "ယနေ့ကစ၍ ဘယ်အရာကို ရိုသေမြတ်နိုးရှိခိုးရမည်နည်း " ဟုလျှောက်ထား ကြပြန်ရာ. . ဗုဒ္ဓမြတ်စွာသည် လက်တော်ဖြင့် ဦးခေါင်းတော်ကို သုံးသပ်၍ ငြိကပ်ပါလာသော ဆံတော်များကို သနားချီးမြှင့်တော် မူလိုက်လေသည်. .

CAKES BEING OFFERED TO THE BUDDHA BY THE BROTHERS TAPUSSA AND BHALLIKA

Not long after his attainment of Supreme Buddhahood, the Blessed One sat cross-legged at the foot of the Rajayatan tree (Buchanania latifolia). At thtat time two brothers Tapussa and Bhallika, from a village called Ukkala went fro trade to ( the middle Districts of ) India where the Buddha was dwelling. A deity who was related to them in a past existence informed the two brother that the Blessed One had recently attained the Supreme Buddhahood, and directed to the place where the Bleessed One was then dwelling. The deity also instructed them to offer to the Buddha the cakes which they had brought with them.

As directed by the deity, the two brothers aproached the Buddha and offered the cakes which they had brought. They then addressed the Buddha with the words " We take our refuge, Lord, in the Blessed One and the Dhamma; may the Blessed One receive us as disiples, who from this day forth, while our life lasts, have taken their refuge in Him". They then asked the Blessed one. "What shall we receive as an object of worship from today, Lord? " . The Blessed One rubbed his head with his hand and gave to the two brothers whatever hairs came off and stuck to his hand.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

သံဖြူကျောင်း (၆) ကြိမ်မြောက် ယဉ်ကျေးလိမ္မာတရားစခန်း

သံဖြူကျောင်းဆရာတော် အရှင်အာစာရ (ဓမ္မဒူတ)

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ပုသိမ်မြို့ ရ.ယ.က (၁၀) နယ်မြေ ၊ပိတောက်ချောင်းရပ် သံဖြူကျောင်း ပရိယတ္တိစာသင်တိုက် တွင် (၆) ကြိမ်မြောက် ကလေးများ ယဉ်ကျေးလိမ္မာ သင်တန်းတရားစခန်းကို သံဖြူကျောင်းဆရာတော် အရှင်အာစာရ (ဓမ္မဒူတ) မှ ဦးစီး၍ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ (၆) ရက်နေ့ ထိ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆရာများအဖြစ်၊ သံဖြူကျောင်းဆရာတော် နှင့် ရေကျော်ကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းမှ ဆရာဆရာမများ ဦးစီးသင်ကြားပေးခဲ့ပါတယ်။


သင်တန်းသားများအဖြစ် ကျောင်းသား/သူ စုစုပေါင်း ၃၈၀ကျော်တက်ရောက်ကြပြီး၊ သင်တန်းပို့ချရတဲ့ ရည်ရွယ်ချက်များကတော့-
-ကလေးသူငယ်များ ဗုဒ္ဓဒေသနာတော်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ၊ မိရိုးဖလာဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာဝင် စစ်စစ်များ ဖြစ်နိုင်ကြစေရန်
- အသိအလိမ္မာတိုးပွားကြစေရန် လည်းကောင်း
-ဘုရား၊တရား၊ သံဃာ၊ ဆရာ၊ မိဘနှင့် သက်ကြီးဝါကြီးများ အပေါ်၌ ရိုသေလေးစားဂါရ၀တရား ထားနိုင်ကြစေရန် လည်းကောင်း ရည်ရွယ်၍


ယနေ့လူငယ်၊နောင်ဝယ်လူကြီး ဖြစ်လာမည့် ဖယောင်းသားနှယ်ကလေးငယ်များအား “ယဉ်ကျေးလိမ္မာ သင်တန်းများကို” ၂၀၀၅ ခုနှစ်မှ စတင်၍ သံဖြူကျောင်းဆရာတော် အရှင်အာစာရ (ဓမ္မဒူတ) မှ ဦးစီး ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းတွင်နေ့စဉ်သင်ကြားမှတ်သားစေမည့် ဘာသာရပ်များမှာ-


(၁) အားကစားနှင့် ကာယပညာ
(၂)လူမှုကျင့်ဝတ်ဘာသာ
(၃)ဘ၀တွက်တာ ကျွမ်းကျင်စရာဘာသာ
(၄)စာရိတ္တမြှင့်တင်ရေးဘာသာ
(၅)ကျန်းမာရေး ပညာဘာသာ
(၆)ဓမ္မဂီတပညာဘာသာ
(၇)ယဉ်ကျေးလိမ္မာဆုံးမစာဘာသာရပ်များဖြစ်ပါသည်။


ဖေဖော်ဝါရီလ ၄ရက်နေ့သင်တန်း စတင်ချိန်မှာတော့ ကျောင်းသားကျောင်းသူလေးများရဲ သင်တန်း ကို စိတ်ပါဝင်စားစွာ၊ ပျော်ရွင်စွာနဲ့ လိုက်နာသင်ယူကြတာကို ၀မ်းသာပီတိဖြစ်ဖွယ် တွေ့မြင်ခဲ့ရပါတယ်။ ဆရာတော်နှင့်တကွ ဆရာဆရာမများက လည်း ကလေးငယ်များအပေါ် စေတနာ အင်အားကြီးမားစွားနှင့်သင်ကြားပေးနေကြပါတယ်. . .


သံဖြူကျောင်းတွင် ကလေးများယဉ်ကျေးလိမ္မာသင်တန်းတရား စခန်းများသာမက လူကြီးတရားစခန်းများ ကိုလည်း နှစ်စဉ်ကျင်းပ ပေးလျှက်ရှိပါသည်.. . .

သံဖြူကျောင်း ပရိယတ္တိစာသင်တိုက် လူငယ်ပညာသင်ကြားရေး ပရဟိတဂေဟာကျောင်းတွင် မျိုးဆက်သစ်လူငယ်များကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ စပြီး တက္ကသိုလ် ကျောင်းအိပ်ကျောင်းစား ကလေး (၅၆)ဦးနှင့် နေ့တက်ညပြန် ကျောင်းသား /သူ (၂၅) ဦးတို့အား အထိ စုစုပေါင်း ကလေး (၈၁) ဦးကို ပပညာသင်ကြားစေလျှက်ရှိပါသည်။ ကျွန်မတို့အဖွဲ့သားများကလည်း ကလေးများကို Vicee နှင့် Decolgen ဆေးများကို ဝေပေးခဲ့ပါတယ်.

ဆရာတော်မှ "ဂရုဏာထား၊ မေတ္တာပွား၊ စိတ်ထားဖြူစွ၊ ပရဟိတ" ဟူသောခံယူချက် ကို စွဲစွဲမြဲမြဲ လက်ကိုင်ထားပြီး ကျောင်းတိုက်ကြီး ဖွံ့ဖြိုးတိုးတက်အောင် ၊ စာသင်သား ရဟန်းသာမဏေများ ပြည့်စုံစွာဖြင့် ငယ်၊လတ်၊ကြိး ဓမ္မာစရိယ စာပေများ သင်ကြားနိုင်အောင်၊ ကျောင်းသား/သူများ ထက်၊လယ်၊မူပညာသာမက တက္ကသိုလ်ပညာများပါ ခံယူချက်ရှိရှိ ကြိုးစားအားထားစွာ သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

ယဉ်ကျေးလိမ္မာကလေးသင်တန်း၊ လူကြီးတရားစခန်းပွဲများနှင့် သံဖြူကျောင်း ပရိယတ္တိစာသင်တိုက်ကြီးသို့ ကျောင်းစရိတ် ၊ စားစရိတ်နှင့် လိုအပ်သော အထွေထွေစရိတ်များကိုလည်း အလှူငွေများဖြင့် လှူဒါန်းပံ့ပိုးနိုင်ပါသည်. .

ဆက်သွယ်လှူဒါန်းလိုပါက လိပ်စာအပြည့်အစုံမှာ. . ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ “အာစာရ” (ဓမ္မစရိယ) သံဖြူကျောင်း လူငယ်ပရဟိတ စာသင်တိုက် ရ.ယ.က( ၁၀) ၊ ပိတောက်ချောင်း၊ ပုသိမ်မြို့။ ဖုန်းနံပတ် 042-25841 နှင့် 09-8569329 များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

“ကလေး ကလေး အထင်မသေးနဲ့”
“ကလေးက လူကြီးဖြစ်တာ”
“ကလေးကောင်းမှ လူကြီးကောင်းမှာ”
“လူကြီးကောင်းမှ အားလုံးကောင်းမှာ။”

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။