ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘုရားအလောင်း တောထွက်ခါစ၌ ဗိမ္မိသာရမင်း က ထီးနန်းလှူပုံ

ဘုရားအလောင်းသည် ရဟန်းပြုပြီးနောက် ၇ ရက်လောက်ကြာသောအခါ ရာဇဂြိုလ်မြို့သို့ကြွလာ၍ ဆွမ်းခံဝင်တော်မူ၏ ထိုခေတ်၌ ရသေ့ ရဟန်းဆိုသူတို့ဝယ် သပ္ပါယ်တင့်တယ်သူကို တွေ့ရခဲ၏. . . . မတင့်မတယ် နှင့် အရွယ်ကြီးများကိုသာ အများအပြားတွေ့နေရသော မြို့သူမြို့သားတို့သည် အရွယ်အားဖြင့် ၂၉ နှစ်မျှသာ ရှိသေး၍ စကြာမင်း အမှတ်လက္ခဏာ စုံလင်စွာပါသော ဘုရားအလောင်းကို တအံ့တသြ ကြည့်ကြလေသည်. . .

ဘုရားအလောင်းသည် ဆွမ်းခံပြီးပဏ္ဍ၀တောင်သို့ ကြွတော်မူကာ ဆွမ်းဘုဉ်းပေးလေရာ ဗိမ္မိသာရမင်းလည်း ရောက်လာ၍ ရုပ်လက္ခဏာကို မြင်ရုံဖြင့် ဇာတ်မြင့်သော မင်းသားတစ်ပါးဖြစ်တန်ရာ၏ ဟု စဉ်းစားပြီးလျှင် ထီးနန်း စည်းစိမ်ကို လွှဲအပ်လေသည်. . ဘုရားအလောင်းသည် ထီးနန်းစည်းစိမ် မလိုလားဘဲ ဘုရားဖြစ်လိုကြောင်းကို မိန့်တော်မူလျှင် ဘုရားဖြစ်သော အခါ ပထမကြွလာဘို့ရန် တောင်းပန်လိုက်လေသည်။

KING BIMBISARA OFFERING ALL HIS KINGLY GLORY

Now the future Buddha, having thus retired thus from the world and become an ascetic fro about 7 days, entered the city of Rajagaha and begged for food from house to house. By the beauty of the Future Buddha the whole city was thrown into a commotion as he was a distinct ontrast to the usual type of ascetics of those days, who were old and shabby in appearance. The Future Buddha being then only 29 years of age and bearing all the signs of a Universal Monarch naturally became an object of admiration and wonder.

Now the Great Being having collected some food for his sustenance went to the shade of Pandava rock and ate his meal. Thereupon, Bimbisara, the King approached the Future Buddha, and being pleased with his princely deportment and appearance offered him all his kingly glory. "Great King" , replied the Future Buddha, "I do not seek for the gratification of my senses or my passions, but have retired from the world for the sake of supreme and absolute enlightenment of a Buddha."

"Verily, " said the King when his repeated offers had all been refused, "you are sure to become a Buddha: but when that happens your first journey will be to my Kindom".

အားလုံးကိုချစ်ခင်လေးစားလျှက်...

အချိုရည်သောက်တဲ့အကျင့်ကို . . ဖျောက်ပါ



ရေငတ်လို့ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနွယ်လို့ပဲ ဖြစ်ဖြစ် အချိုရည် ပုလင်းတွေ၊ သံဘူးတွေ သောက်ပါက သင်၏ သွေးဖိအားကို မြင့်တက်စေနိုင်ပါသည်. . . တစ်နေ့လျှင် သစ်သီးမှရသော သကြားဓာတ် (Fructose) ၇၄ ဂရမ် စားသုံးပါက (အချိုရည် သံဘူး ၂ ဘူးခွဲနှင့် ညီမျှသည် ) သွေးဖိအား ၃၆ ရာခိုင်နှုန်း တက်လာစေနိုင်ကြောင်း သိရသည်. . .

အ၀လွန်နေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း ၊ သွားပိုးစားခြင်း ပြဿနားများ လည်း ဖြစ်စေနိုင်သည်. . အချိုဓာတ်လျော့ထားသည်ဟု ဆိုသော ဖျော်ရည်ဘူး (Diet Soft Drink) များသည်လည်း စိတ်မချရပါ. .. ဟားဗတ်ဆေးကျောင်းတွင် လေ့လာမှုအရ သကြားအတုဖြင့် ဖျော်ထားသော အချိုရည်ဘူး ၂ ဘူးနှင့် အထက်သောက်သည့် အမျိုးသမီးများတွင် ကျောက်ကပ် လုပ်ငန်းစွမ်းရည် ကျဆင်းနိုင်သည့် အခွင့်အလမ်း ၂ ဆ ပိုများ ကြောင်း ကြာလျှင် ကျောက်ကပ် ပျက်စီးစေနိုင်ကြောင်း သိရပါသည်. .

မည်သည့် အချိုရည်ပဲ ဖြစ်ဖြစ် ကြောက်စရာကောင်းသည်က အဓိကဖြစ်သည်. . ထို့ကြောင့် အချိုရည်ဘူးများနှင့် ပက်သက်လာလျှင် အထူးဧည့်ခံပွဲမျိုးတွင်သာ တစ်ခါတစ်ရံ သောက်ခြင်း သို့မဟုတ် တစ်ဘူးလုံးကုန်အောင် မသောက်ဘဲ အနည်းငယ်မျှသာ ၊ သောက်တယ် ဆိုရုံမျှသာ သောက်သင့်သည့် အကျင့်ကို ပြုလုပ်သင့်ပါသည်. .

Health Digest

အားလုံးကိုချစ်ခင်လေးစားလျှက်...

မျက်နှာမြင်ချစ်ခင်ပါစေ



လူကြီးသူမများကို ကန်တော့ကြသောအခါ လူငယ်များအား "မျက်နှာမြင်ချင်ခင်ပါစေ" ဟု ဆုတောင်းပေးလေ့ ရှိကြသည်. . . မည့်သည့် မျက်နှာမျိုးသည် အလှပဆုံး ၊ ကျက်သရေအရှိဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်သည်ကို ထိုစကားက သက်သေခံနေပါသည်။

အခြားတစ်ဖက်မှလည်း မျက်နှာမြင် ချစ်ခင်ခြင်းခံရသည့် ဘ၀မျိုးသည် အကောင်းဆုံး ၊ အလိုလားအပ်ဆုံးဖြစ် ကြောင်း ညွှန်ပြနေသည်။ သို့သော် ထိုစကားသည် တိုက်ရိုက်ပြောသော စကားမဟုတ်။ သွယ်ဝိုက်၍ ပြောလိုက်သော စကားသာ ဖြစ်ချေသည်။ သူတို့ ရည်ညွှန်းပြောဆိုလိုသည့် အဓိပ္ပါယ်မှာ ဤသို့ဖြစ်ပါသည်။


၁။မာန်မာန ထောင်လွှားတက်ကြွခြင်းမရှိပါစေနှင့်၊ မိမိကိုယ်ကိုယ် နှိမ့်ချပါ။

၂။ ကြီးသူကို ရိုသေ၊ တန်းတူကို လေးစား၊ ငယ်သူကို သနားပါ။

၃။ လောဘ၊ဒေါသ၊ မာနတရားများကို ချိုးနှိပ်နိုင်အောင် ကြိုးစားပါ။

၎။ လူတကာနှင့် အပေါ်စီးကနေပြီး ဆက်ဆံခြင်းမပြုပါနှင့်။ သင့်တင့်မျှတအောင် ဆက်ဆံပေါင်းသင်းပါ။

၅။ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာတရားများ ပွားများနေထိုင်ပါ။

ဤတရား (၅)ပါးသည်သာလျှင် အလှပဆုံး ၊ကျက်သရေအရှိဆုံးသော မျက်နှာများ ဖြစ်လာအောင် ဖန်တီးပေးနိုင်ပါသည်။ ထိုမျက်နှာကို ပိုင်ဆိုင်သူသာလျှင် လူကြီးသူများပေးသော မျက်နှမြင်ချစ်ခင်ပါစေ ဆိုသော ဆုကို ရယူပိုင်ဆိုင်နိုင်ပါသည်။

ထို့ကြောင့် လူတကာအလယ်တွင် တင့်တင့်တယ်တယ်၊ မျက်နှာပန်းလှလှ နေထိုင် အသက်ရှင်လိုသူတိုင်းသည် မျက်နှာမြင်ချစ်ခင်စေနိုင်သည့် နည်းလမ်းကောင်းများကို ကျင့်သုံးလိုက်နာမည်ဆိုလျှင်. . .

ဦးဝမ်ထိန်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အလုပ်ဖြင့် ကိလေသာကို ပယ်သတ်ခြင်း

ဆရာတော် အရှင်ဇဝန၊ မေတ္တာရှင်(ရွှေပြည်သာ)၊ ဝေနေယျသုခ ဓမ္မရိပ်သာ၊ (8)မိုင်၊ ကော့သောင်းမြို့တွင်
(30-08-2010) ရက်နေ့မှ (01-09-2010) ထိ ဟောကြားတော်မူခဲ့သော တရားတော်များအား
ဓမ္မဒါနပြုလိုက်ပါသည်။

အလုပ်ဖြင့်ကိလေသာကို ပယ်သတ်ခြင်း (၁)

အလုပ်ဖြင့်ကိလေသာကို ပယ်သတ်ခြင်း (၂)

အလုပ်ဖြင့်ကိလေသာကို ပယ်သတ်ခြင်း (၃)


လက်ခံရရှိသူ ဓမ္မမိတ်ဆွေများမှတဆင့် မိမိတို့၏ မိတ်ဆွေများအား လက်ဆင့်ကမ်း ဓမ္မဒါနပြုပေးကြပါရန်

လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

  • အင်အားကြီးမားသော အမိုက်ရင် အပေါင်းကို တစ်ယောက်အားဖြင့် မအောင်နိုင်သော်လည်း ပေါင်းစုခိုင်ကျည် ညီညွတ်သည်ရှိသော် အောင်နိုင်ရာ၏
  • မြက်တစ်ပင်တည်း အချည်းနှီးဖြစ်သော်လည်း စုပေါင်း၍ ကျစ်အပ်သည်ရှိသော် ထိုမြက်လွန်ကြိုးသည် ခွန်အားကြီးသော ဆင်ပြောင်ကြီးကိုပင် ချည်နိုင်စွမ်း သကဲ့သို့တည်း။
  • Strong, bad elements cannot be overcome single-handed but by united action.
  • A blade of garss is unsubstantial, but many blades made into a rope can bring the strength to tie an elephant.
  • လေကွယ်ထောင့်ရာ အရပ်၌ မီးတောက်သည် ကြီးထွားမရှိ ငြိမ်းလေဘိသကဲ့သို့ သစ္စစောင့်မြဲ သူရဲဗိုလ်ပါတို့၏ အားပေး ထောက်ကူမရခဲ့မူ ပြည့်ရှင်မင်း၏ တန်ခိုးသြဇာ အရှိန်အ၀ါသည် အဘယ်မှာလျှင် ကြီးထွားအောင်မြင် ရန်ကင်းစင်အောင် ပြုနိုင်ပါမည်နည်း။
  • Just as a flame cannot thrive but die in a place deprived of wind, a ruler without the backing of faithful retinue cannot cause success and prosperity.
  • အရှင်သခင်ကိုတု၍ မည်သည့်အမှုကိုမျှ ဂုဏ်တုဂုဏ်ပြိုင် မပြုအပ်
  • ၀တ်စားဆင်ယင် အလှပြင်ခြင်း၌ လည်းကောင်း ၊ စည်းအိမ်ချမ်းသာ ခံစားရာ၌ လည်းကောင်း အတူမပြုရာ။

  • No Competition in pride with a master should be attempted.
  • No similarity or equality of attire and wealth should be attempted.
အားလုံးကိုချစ်ခင်လေးစားလျှက်...


နော်မယ် (Normal)



နော်မယ် (Normal)

ရမ်းကုတစ်ဦးသည် အပြင်းဖျားနေသော လူနာတစ်ဦးအား တာဝန်ယူကုသနေပြီး လူနာရှင်အမျိုးသမီးကိုလည်း မစိုးရိမ်ရန်နှင့် မကြာမီပျောက်ကင်းသွားမည်ဖြစ်ကြောင်း လေလုံးထွားထွားဖြင့် အားပေးလျက်ရှိသည်။

လူနာရှင်။ ။ဆရာ။ ကျွန်မယောကျာ်းအခြေအနေလေး သိပါရစေ။

ရမ်းကု။ ။ဘာမှမပူနဲ့။ Temperature ကနော်မယ်ပဲ။ မကြာခင်ကောင်းသွားလိမ့်မယ်။

ဘယ်အချိန်မေးမေး ထိုသို့သာပြောနေပြီး ရက်အနည်းငယ်အကြာတွင် လူနာသေဆုံး သွားလေဧ။် ။ ရမ်းကုလည်း အလောင်းပြင်ဆင်ရာသို့ မကောင်းတတ်၍ ရောက်လာရာ လူနာရှင် အမျိုးသမီးမှ ကိုကြည့်ပြီး အောက်ပါအတိုင်းပြောလေတော့သည်။

"ဆရာပြောတော့ တန်ပရေချာက နော်မယ်ဆို အခုရေချိုးပေးတော့ "ရှဲ" ကနဲ မြည်ပြီး အငွေ့တွေတောင် ထွက်နေသေးရဲ့။"


အကြောင်းရင်း

ရည်စားအများကြီးထားဖူးသော်လည်း ယခုထိမစွံနိုင်သေးသော လူပျိုကြီးတစ်ဦးသည် လက်ရှိချစ်သူနှင့် အတူဘတ်စ်ကားပေါ်သို့ တတ်လိုက်သည်။ စပယ်ယာမှ ယာဉ်စီးခ လာ တောင်းရာ လူပျိုကြီးသည် သူ့အတွက်သာထုတ်ပေးရင်း ချစ်သူဘက်ကိုလှည့်ကာ-
"အသည်းလေးကိုယ့်အတွက် ကိုယ်ပေးကြေးနော်။"

ရယ်စရာ မဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

ရေအကျိုး(၁၀)ပါး



ရေလှူသော အကျိုး ဆယ်ပါး

၁။လျှင်မြင်ခြင်း
၂။ကျော်စောခြင်း
၃။စင်ကြယ်ခြင်း
၎။ မွတ်သိပ်ခြင်းမှ ကင်းခြင်း၊
၅။ အခြံအရံများခြင်း
၆။ အသက်ရှည်ခြင်း
၇။အဆင်းလှခြင်း
၈။ခွန်အားကြီးခြင်း
၉။ပညာကြီးခြင်း
၁၀။ချမ်းသာခြင်း

ဆွမ်းလှူသောအကျိုးငါးပါး

၁။ အာယု - အသက်ရှည်ခြင်း
၂။ဝဏ္ဏ - အဆင်းလှခြင်း
၃။ သုခ - ချမ်းသာကြီးခြင်း
၎။ဗလ - ခွန်အားကြီးခြင်း
၅။ ပဋိဘာန - ညဏ်ပညာကြီးခြင်း။

ပုံကို http://cmummstudents.files.wordpress.com/2008/11/ad_water_02.jpg မှကူးယူပါသည်.

အားလုံးကိုချစ်ခင်လေးစားလျှက်...

သွေးပေါင်ကျခြင်းမှ ကာကွယ်ဖို့. . .



ခုတစ်လော မိုးရာသီဆိုပေမယ့် မိုးမရွာလို့ ရှိရင် အရမ်းပူပါတယ် အဲဒီတော့ ချွေးထွက်တွေများပြီး သွေးတိုးမရှိတဲ့ လူတွေ က သွေးပေါင်အရမ်းကျ ကျပါတယ်. . . သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင်ကျရင် လည်း သွေးပေါင်ပြန်တက်အောင် လုပ်လို့ရပါတယ်. . ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်းလေးတွေကိုသိထားရင် လည်း ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.

မုန်လာဥ အစိမ်းကိ ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေးကျစေရန် သွေးပေါင်ချိန်ထိန်းရန် အလွန်အကျိုးရှိသော ကုသမှုဖြစ်ပါတယ်. . . မုန်လာဥဖျော်ရည်တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ်သောက်သုံးပါ. . . အာဟာရဓာတ်ကြွယ်ဝစေဖို့အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန်ညှိပေးနိုင်ပါတယ်..

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ. . . သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ . . ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ်သောက်သုံးပေးလျှင် ကောင်းမွန်ပါတယ်.

ခန္ဓာကိုယ်ထဲမှ ရေဓာတ်ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန်ကျစေပြန်ပါတယ်. . . . သွေးပေါင်ချိန်ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုမှ ကယ်ဆယ်နိုင်ပါတယ်...

အကယ်၍ သွေးပေါင်တိုးနေပါက မိသားစုဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့်မှန်ကန်သည့် ဆေးဝါးသောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်. . . .မိမိဘာသာ ဆေးများ သောက်သုံးခြင်း ၊သောက်ရသည့် ပမာဏထက်ပို၍ သောက်ခြင်းများကိုလည်း ရှောင်ကြဉ်ပါ. ..

လွပ်လပ်စိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...


ရှိတာလေးနဲ့ ပျော်အောင်နေပါ



စိတ်ချမ်းမြေ့ပျော်ရွှင်နေတဲ့ သူတွေဟာ သူတို့ဘ၀မှာ ရှိတာလေးတွေကို တန်ဖိုးထားတတ်ကြပြီး သူများတွေမှာ တော့ ရှိလိုက်ကြတာဆိုပြီး သောကပွား မနေကြပါဘူး ကိုယ့်မှာမရှိတာ ကိုယ်မရနိုင်တာတွေကို တမ်းတမနေပဲ ကိုယ့်မှာရှိတာကိုပဲ တန်ဖိုးထားတတ်မယ် ဆိုရင် ပျော်ရွှင်ကျေနပ်မှု ဆထက်ထမ်းပိုး ရရှိပါလိမ့်မယ်.

လေးနှစ်သမီး အဲလစ္စဟာ ခရစ္စမတ်သစ်ပင်ကို သွားကြည့်လိုက်တော့ အံ့သြစရာ လက်ဆောင်လေးတွေ ချိတ်ထားတာ တွေ့တယ် သူငယ်ချင်းအချို့နဲ့ နှိုင်းစာကြည့်မယ်ဆိုရင် အဲလစ္စရတဲ့ လက်ဆောင်က နည်းနည်းလေးပါ. . အဲလစ္စ အလိုချင်ဆုံးလက်ဆောင် ပစ္စည်းတွေလည်း ပါတာမဟုတ်ပါဘူး . . အဲဒီအချိန်မှာ ကလေးမလေးအနေနဲက လက်ဆောင်တွေ ဒီထက် ပိုများရင် ကောင်းမှာပဲ လိုချင်တဲ့ လက်ဆောင်တွေကျတော့ မရဘူးဆိုတာမျိုး ဖြစ်နေနိုင်ပါတယ်. . . ဒါပေမဲ့ အဲလစ္စကတော့ သူ့ရှေ့မှာရောက်လာတဲ့ လက်ဆောင်ထုပ်တွေကိုကြည့်ပြီး အံသြ၀မ်းသာစိတ်နဲ့ ပီတိတွေ ဖြစ်နေပါတယ်.

ကျွန်မတို့ကိုယ့်ဘ၀အကြောင်း ကိုယ်ပြန်တွေးကြည့်တဲ့ အခါ မကြာခဏဆိုသလိုပဲ ကိုယ့်မှာမရှိတာ၊ ကိုယ်မရနိုင်တာတွေကိုပဲ စဉ်းစားနေမိကြပါတယ်. . . အဲသည်လို အာရုံထားပြီး တွေးတဲ့အခါ နှစ်သက်ကျေနပ်မှုလည်း မရနိုင်ပါဘူး . .

ခုနက အဲလစ္စ လေးကိုပဲ ကြည့်လိုက်ရအောင်ပါ. . . ကိုယ်က ခရစ္စမတ်သစ်ပင်ရှေ့မှာ ရပ်နေတဲ့ အဲလစ္စနောက်ကို သွားပြီး သူမရလိုက်တဲ့ လက်ဆောင်တွေအကြောင်း သွားပြီး သတိပေးဦးမလို့လားဆိုတာ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်လိုက်ပါ. . ဒါဆိုရင် ကိုယ့်ဘ၀မှာ ကိုယ်မရခဲ့တဲ့ ဟာတွေအကြောင်း မစဉ်းစားတော့ဘဲ ကိုယ့်မှာရှိတဲ့ အရာတွေအကြောင်းပဲ ပြန်စဉ်းစားဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ . . တွေးကြည့်ဖို့ပါ..

အချမ်းသာဆုံး ၊အရှိဆုံးဆိုတဲ့ သူတွေဟာ အဆင်းရဲဆုံး ဆိုသူတွေ ပျော်သလောက် ပျော်ကြတာပါပဲ . . ကိုယ့်မှာ ရှိတဲ့ အရာတွေကိုပဲ နှစ်သက်ကျေနပ်နေတဲ့ သူတွေဟာ အမှန်တကယ် အချမ်းသာဆုံးဆိုတဲ့ သူတွေထက် နှစ်ဆလောက်ပိုပြီး ပျော်ရွှင်ချမ်းမြေ့ မှုကို ရရှိခံစားနိုင်ကြပါတယ်

ကြည်ရွှန်း

အားလုံးကိုချစ်ခင်လေးစားလျှက်...

ညဏ်နှင့်ယှဉ်၍ကြိုးစားခြင်း



ဘ၀မှာ အောင်မြင်မှု ကို မုချလိုချင်ရင် ကံ၊ ညဏ်၊ ၀ီရိယ သုံးမျိုးပေါင်း ပြီးကြိုးစားရပါတယ်. . . ညဏ်ကို အရင်သုံး ၊ ဒုတိယ ၀ီရိယတွဲ၊ ညဏ်ရှိပြီး ၀ီရိယ မရှိလည်း အလကားပါ. . . . သုံးမျိုး စလုံးကို တွဲနိုင်ရင်တော့ မလွဲမသွေ အောင်မြင်မှုကို ရရှိမှာပါ.

ကံ၊ညဏ်၊၀ီရိယ သုံးမျိုးတွဲပြီး အသုံးပြုလို့ အောင်မြင်မှု ရရှိနိုင်ကြောင်းကို မုဆိုးသုံးယောက်ရဲ့ ပုံပြင်လေး တစ်ပုဒ်နဲ့ သာဓက ပြပါ့မယ်. .

မုဆိုးသုံးဦးမှာ တစ်ဦး က လုံ့လ၊ ၀ီရိယ၊ ဇွဲသမား ဇွဲကြောင့် သားကောင်ရတယ်. . တစ်ဦးက ကံသမားပဲ . . ဆယ်ခါတစ်ခါ သားကောင်ရတယ်. .. တစ်ယောက်ကတော့ ကံရော၊ လုံ့လ ၀ီရိယရော ၊ညဏ်ရော သုံးတယ်.

သူတို့ သုံးဦးကို ဘုရင်က သားကောင်အရ ပြိုင်ခိုင်းတယ်. .. ငါးရက်မှာ သားကောင်အရများသူကို အနိုင်ပေးမယ် လို့ ပြောပြီး တောနက်ထဲကို လွှတ်လိုက်တယ်. .

ဇွဲသမားက တောထဲရောက်တာနဲ့ မနားမနေ သားကောင်ရှာတာပဲ ၊ တောနက်ချုံနွယ်ကို မောကြီးပန်းကြီးတိုးတယ်. . သူဟာ တော်တော်နဲ့ သားကောင်မရဘူး . . . ဇွဲကြောင့် လမ်းမှာ သုံးရက်ကြာမှ သမင်တစ်ကောင်သာရတယ်. .

ကံသမားကတော့ အေးအေးပဲ၊ ကံကောင်းရင် ရမှာပဲ ဆိုပြီး ပါလာခဲ့တဲ့ သေရည်ကို မော့လိုက်. . သားကောင်သံ နားစွင့်လိုက် အနံ့ခံလိုက်နဲက လုပ်နေတာ လေးရက်မှာ ချေတစ်ကောင်ရတယ်. . .

ညဏ်သမားကတော့ သုံးရက်မှာ သားကောင် ကိုးကောင်ရနေပြီး ငါးရက်ပြည့တော့ နေပြည်တော်ကို အသီးသီးပြန်လာကြပါတယ်. .

ဘုရင်ကြီး က အကြောင်းစုံ ကို အသီးသီး မေးမြန်းပြီး သုံးတဲ့အခါမှာ အများဆုံးရတဲ့ မုဆိုးကို ရွာသုံးရွာစားခွင့် ပေးပြီး တိုင်းသူပြည်သားများကို ဆုံးမစကား တစ်ခွန်းပြောတယ်.. .

မုဆိုးကျော်ဟာ မြှားပစ်တော်ရုံသာမဟုတ် ညဏ်ပညာတော်သူလည်းဖြစ်တယ်. . . သူဟာ ညဏ်သုံးပြီး တိရစ္ဆာန် ရေသောက်ချိန်ကိုသိတယ်. . . ရေသောက်ချိန်မှာ ရေကန်ကနေ ချောင်းမြောင်းစောင့်တယ်. . .အစာရှာထွက်ချိန်၊ အိပ်တန်းပြန်ချိန် သူ့အချိန်နဲ့ သူနေရာဒေသာကို ညဏ်နဲ့ ယှဉ်သုံးတယ်. . ပြီးတော့ သူမကောင်းမှု လုပ်ပေမယ့် အဲသည် လုပ်ချိန်မှာ သေရည်ကို မသောက်သုံးဘူး. .

လူဆိုတာ ကံနဲ့ ၀ီရိယကို သာ သုံးနေလို့မဖြစ်ပါဘူး ၊ ညဏ်လည်းသုံးရတယ်. . ညဏ်မပါ ဘယ်ဟာမပြီးလို့ ပြောကြားလိုက်ပါတယ်. . . . အရာရာမှာ ညဏ်နဲ့ ယှဉ် ကြိုးစားရမယ်လေ. . အောင်မြင်မှု အပြည့်အ၀ ရအောင် ကြိုးစားခြင်တယ်ဆိုရင်တော့ ကံရယ်၊ ညဏ်ရယ်၊ ၀ီရိယရယ် ယှဉ်ပြီးတော့ ကြိုးစားရပါမယ်.

ထူးအောင်မြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

လက်ဆေးပြီးပြီလား


လန်ဒန်ပြည်သူ့ကျန်းမာရေး အေဂျင်စီမှ တရားဝင်ထုတ်ပြန်ချက်များအရ အစာအိမ်တုပ်ကွေး (Stomach flu) လို့ လူသိများနေတဲ့ Norovirus နိုရိုဗိုင်းရပ်စ်မမာဏ တိုးပွားများပြားလာနေကြောင်း သိရပါတယ် နိုရိုဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန်လျင်မြန်စွာ ကူးစက် ပျံ့ပွားလွယ်တဲ့အတွက် အစိုးရဌာနများက ပြည်သူလူထုအား အစာမစားမီနှင့် အစားအစာကို ပြင်ဆင်မချက်ပြုတ်မီ လက်ကို ဆပ်ပြာနှင့် ကောင်းစွာ ဆေးကြောပြီးမှ ကိုင်တွယ် စားသောက်ကြရန် တိုက်တွန်း နှိုးဆော်လျက်ရှိပါတယ်.

နိုရိုဗိုင်းရပ်စ်ကို အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းစေတဲ့ ဗိုင်းရပ်စ်ပိုးလို့လည်း လူသိများပါတယ်. . ဒီဗိုင်းရပ်စ်ပိုးဟာ ဝေဒနာများကို ရုတ်တရက် ချက်ချင်း ခံစားရတတ်ပါတယ်. . . အဲဒီဝေဒနာတွေကောတ့ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ၀မ်းလျောဝမ်းပျက် ခြင်းတို့ဖြစ်ပြီး ထိုဝေဒနာများကို အနည်းဆုံး ၁၂ နာရီမှ အများဆုံး ၁၀ရက်တိုင်အောင် ခံစားရလေ့ရှိတယ်ဟု သိရပါတယ်.

ထိုဝေဒနာများ ခံစားရတဲ့အခါ ကြွက်တက်ခြင်း ၊ညောင်းညာ ကိုက်ခဲ့ခြင်းတို့အပြင် တစ်ခါတစ်ရံ ကြီးကျယ်တဲ့ အခြား ဝေဒနာများ ခံစားရတတ်ပါတယ်. . လူအများစုကတော့ ခပ်မြန်မြန် ပြန်ကောင်း သက်သာလာကြပါတယ်. . သို့သော် အလွန် ငယ်ရွယ်တဲ့ ကလေး များနှင့် သက်ကြီးရွယ်အိုများမှာ ဖြစ်ပွားခံစားရပါက အသက်အန္တရယ် စိုးရိမ်ဖွယ်ရှိပါတယ်

ဒီရောဂါကို ကုသမှုကတော့ အိမ်မှာပဲ နေထိုင်ပြီး အနားယူ ရေများများသောက် ၊ ဖျော်ရည် များများသောက်၊ အခြားသူများနှင့် မတွေ့ဆုံကြဘဲ. . . အိမ်ထဲတွင် အနားယူရမှာ ဖြစ်ပါတယ်. . . ဒါကြောင့် အစာမစားမီနှင့် အစာစားပြီး လက်ကို သေချာသန့်ရှင်းစွာ ဆေးရန်လိုအပ်ပါတယ်..

Health Digest Journal

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဈေးကွက်ကိုဝင်ရော



အနောက်ဘက် တောင်တန်းဒေသတစ်နေရာမှာ ယာသမားတစ်ယောက်ရဲ့ မြင်းကြီးက မြင်းပိုင်ရှင် ယာသမားရဲ့ ယောက္ခမကြီးကို ကန်မိလို့ သေဆုံးသွားခဲ့ပါတယ်.. .

ဈာပနချတဲ့နေ့မှာ အလွန်ကြီးမား များပြားလှတဲ့ တက်ရောက်သူ ပရိသတ်လူအုပ်ကြီးနဲ့ စည်ကားနေတာပေါ့ . . ထူးဆန်းနေတာက ပရိသတ်အားလု့း က ယောကျာ်းသားတွေချည်း ဖြစ်နေတာပါပဲ. . . ဒီတော့ တရားဟော ဓမ္မဆရာ ဘုန်းတော်ကြီးက ယာသမားကြီးကို တအံ့တသြနဲ့ မေးရပါတော့တယ်.

"ခု . . . ကွယ်လွန်သွားတဲ့ အဘွားကြီးက အတော်ကို ထင်ရှား ကျော်ကြားလို့ပဲဖြစ်ရမယ်. . ကြည့်စမ်း လူတွေ သူတို့ အလုပ်ကို ပစ်ထားခဲ့ပြီး ဒီဈာပနပွဲကို လာကြတယ်လေ. . . . ဟုတ်တယ်မို့လား . . . ."

"ဒီလူတွေ ဈာပနပွဲကို လာကြတာမဟုတ်ဘူး . . .ဖာသာကြီးရဲ့ . . ကျွန်တော့ရဲ့မြင်းကြီးကို ၀ယ်ချင်လို့လာကြ တာပါတဲ့. . . . "

အားလုံးကိုချစ်ခင်လေးစားလျှက်...

မီးနှင့်ရေ

မီးနှင့်ရေ




မီးနှင့်တူသည့်
အပူစိတ်ဓာတ်၊ တဖျပ်ဖျပ်လျှင်
ကိန်းဝပ်ရင်ထဲ၊ လောင်မြိုက်စွဲသော်
မောင်းမဲငြိုငြင်၊ အဆိုးမြင်ဖြင့်
သူ့တွင် အပြစ်၊ ရှိသည်ဖြစ်လည်း
ချောပစ်ဖွဲ့နွဲ့၊ ပုံကြီးချဲ့၍
လှည့်ပတ်ကွေ့ဝိုက်၊ ကျွမ်းအောင်မြိုက်လျက်
သူ၌ စီးပွား၊ ပျက်ဘိငြားမှ
ဝမ်းပါးနှစ်လို၊ ပြုံးပန်းချိုသည်
မီးလိုစိတ်ထား ရှိသူများ။

ရေနှင့်တူသည့်
ဖြူစင်ပကတိ၊ စိတ်ထားရှိသော်
သူ၏အကျိုး၊ ကိုယ့်အကျိုးနှယ်
သူ့အိုးသူ့အိမ်၊ ကိုယ့်အိုးအိမ်နှယ်
ချိန်စက်နှိုင်းရှည့် ၊ စာနာဘိလျက်
သူ၏ဘ၀၊ ကိုယ့်ဘ၀နှယ်
ဖေးမမြတ်လေး၊ စောင့်ရှောက်ပေးကာ
ငြိမ်းအေး ရွှင်လန်း၊ မေတ္တာပန်းတို့
ပွင့်လန်းရင်ကို၊ မွှေးပျံ့ချိုသည်
ရေလိုစိတ်ထား ရှိသူများ။

မီးဟူသမျှ၊ ပူလောင်စွတည့်

"လောဘ ဒေါသ၊ မောဟ ဇရာ
ဇာတိ မရဏ၊ ပရိဒေ၀နှင့်
သောက ဒုက္ခ၊ ဒေါမဿ
ဥပါယာသ"

ခေါ်ကြသီးသီး၊ ဆယ့်တစ်မီးလုံး
ညီးညီးလျှံမောက်၊ ပူလောင်တောက်သည်
ကြောက်မက်စဖွယ် မီးပါတကား။

ရေဟူသမျှ၊ အေးချမ်းစွတည့်

"တောင်ကျစမ်းရေ"
"မြစ်မချောင်းရေ"
"သမုဒ္ဒရာရေ၊" "ပင်လယ်ရေ "တည့်

ရေနှင့်ဥပမာ ၊ နှိုင်းပြုပါသော်

"မေတ္တာသည်ရေ"
"သစ္စာသည်ရေ "
"အကြင်နာသည်ရေ"

ရေဟူသမျှ ၊ အေးငြိမ်းလှသည်
ချမ်းမြစဖွယ် ၊ရေပါတကား။

သြော် "ရေများရေနိုင်၊ မီးများမီးနိုင်"

ရင်ဆိုင်တိုက်ပွဲ၊ လောကထဲ၌
နွှဲကြာဘိလျှင်၊ လူတို့ရင်ဝယ်
ဖြူစင်သည့်ပန်း၊ အေးချမ်းသည့်မိုး
သွန်းဖြိုးဝတ်မှုန်၊ ဆွတ်မကုန်အောင်
ကြုံဆုံလှုပ်ရှား၊ နှလုံးသားတိုင်း
မီးများ ထာဝရငြိမ်းပါစေ။
ရေများ ထာဝရ ကိန်းပါစေ။

မြင်းမူမောင်နိုင်မိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဖြစ်ချင်တဲ့ရောဂါ



တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်တဲ့. . . အဲဒီဘုရာဟာ သူ့ဥယာဉ်ထဲမှာ ရှိတဲ့ ပန်းပင်တွေ ၊ သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်. . . သူဟာ ဥယာဉ်ထဲရောက်တဲ့ အခါတိုင်း အပင်တွေကို အရမ်းပွင့် အရမ်းသီးခိုင်းလေ့ရှိတယ်..

တစ်နေ့မှာ သူဟာ ဥယာဉ်ကြီးထဲကို ရောက်သွားတော့ ၀က်သစ်ချပင်ကြီးဟာ ညှိုးပြီးခြောက်နေတယ်. . ဒီတော့ "ဘာဖြစ်တာလဲလို့ ဘုရင်ကြီးက မေးလိုက်တယ်. . . . ၀က်သစ်ချပင်ကြီးက "ဘယ်လိုဖြစ်ရမှာတုံး . . . ကျုပ်က ထင်းရှူးပင်ကို တုပြီး အပေါ်ကို တက်တော့ ထင်းရှူးပင်မဟုတ်လေတော့ အမြစ်အားက မခံနိုင်တော့ သေတာပေါ့ လို့ပြောတယ်. . . " ဒါနဲ့ ထင်းရှူးပင်ဆီကို သွားပြန်တော့. ထင်းရှူးပင်ကြီး ကကိုင်းပြီးကွေးကျနေတယ်. . . ဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျ ပြီး အသီးတွေ အရမ်းသီးလိုက်တယ် . . . စပျစ်ပင် မဟုတ်လေတော့ မခံနိုင်တော့ဘဲ ခုလို အရမ်းကွေးသွားတာပေါ့လို့ . . . "ပြောတယ်. . .

အဲဒီတော့ ဘုရင်ကြီးက စပျစ်ပင်ဆီ ကိုရောက်ပြန်ရော. . စပျစ်ပင်ကြီးကလည်း သေမလိုဖြစ်နေတာကို တွေ့တော့ "ဘယ်လိုဖြစ်တာလဲဆိုတော့ . . ." "ကျုပ်က နှင်းဆီပင်ကို အားကျပြီး သူ့လိုလိုက်ပြီးပွင့်တာဗျို့. . . အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး ၊ နှင်းဆီပန်းလည်း မပွင့်တော့ဘဲ ခုလို သေလုမျောပါးဖြစ်သွားရတာပါပဲလို့. . . . "ပြောတယ်..

အဲဒီမှာ ဘုရင်ကြီးက ဆက်လျှောက်သွားတော့ အပင်လေးတစ်ပင်ကိုတွေ့တယ်. . အပင်က သိပ်မကြီးပါဘူး အရွက်ကလေးတွေ ၊ အကိုင်းအခက်ကလေးတေါ လည်း စိုစိုပြေပြေနဲ့. . . အပွင့် က ရနံ့လေးတွေလည်း သင်းပျံ့လို့. . အဲဒီအပင်ရဲ့ အမည်က Heart-Ease နှလုံးအေးချမ်းပန်းလို့ခေါ်လေ့ရှိတဲ့ အပင်ကလေးပါ. . . ဘုရင်ကြိးဟာ အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဦးယာဉ်တစ်ခုလုံးမှာ ရှိတဲ့ အပင်တွေ သေတာတွေ သေကုန်ပြီ အချို့လည်း သေလုမျောပါး ဖြစ်နေပြီ . . .နှလုံးအေးချမ်းရယ် မင်းကတော့ ရှင်သန်စိုပြည်နေပါလား ဘာကြောင့်လဲ လို့မေးလိုက်တယ်. . . "

အဲဒီမှာ အပင်လေးက "အသင်မင်းကြီး ကျွန်ုပ်ကို ဒီဥယာဉ်ထဲမှာ စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်. . . . ၀က်သစ်ချပင်လို မဖြစ်စေချင်ပါဘူး . . ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ပါဘူး. . . ထင်းရှူးပင် မြင့်မြင့် ကြီးကိုလည်း အားမကျခဲ့ပါဘူး. . အသီးတွေ ပြွတ်နေအောင် သီးတဲ့ စပျစ်ပင်ကို လည်း အားမကျခဲ့ပါဘူး. . . . အပွင့်ကြီးတွေ ဝေဆာနေတဲ့ နှင်းဆီပင်ကိုလည်း အားမကျခဲ့ပါဘူး. . . နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ ရှင်သန်ခဲ့တယ်. . . . ဒါကြောင့် နှလုံးအေးချမ်းအဖြစ် နဲ့ပဲ ရှင်သန်ရပ်တည်နေနိုင်တာပေါ့ လို့. . . . " ပြောလိုက်ပါတယ်..

ဒါကြောင့်လောကကြီးမှာ ဖြစ်ချင်တာတွေများနေမယ်ဆိုရင် အပေါ်က ပုံပြင်လေးလိုပဲ ဟိုမရောက်ဒီမရောက်နဲ့ လမ်းခုလတ်မှာတင် ကိုယ်လိုရာပန်းတိုင်ကို အရောက်မလှမ်းနိုင်ပဲ. . . . လှေလှော်ရင်း လှော်တက်ကျိုးမှာ ဖြစ်ပါတယ်. . . မိမိလုပ်ချင်တဲ့အရာ၊ မိမိဖြစ်ချင်တဲ့အရာတွေကို တစ်စိုက်မတ်မတ်နဲ့. . . လုပ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝမှာ ဖြစ်ပါတယ်...

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဘုရားအလောင်း ဆံတော်ပယ်၍ ရဟန်းပြုတော်မူပုံ



ဘုရားအလောင်း ဆံတော်ပယ်၍ ရဟန်းပြုတော်မူပုံ


သန်းခေါင်အခါ၌ တောထွက်တော်မူလာသော ဘုရားအလောင်းသည်နံနက်လင်းသောအခါ "အနော်မာ " မြစ်ကမ်းသို့ ဆိုက်ရောက်တော်မူ၍ ကဏ္ဍကမြင်းတော်အစွမ်းဖြင့် ရှစ်ဥသဘ ဝေးကွာသော ဟိုဘက်ကမ်းသို့ ကျော်လှမ်းတော်မူလေသည်။ ထို့နောက် ဆင်ဝတ်တော်မူ သောတန်ဆာနှင့်မြင်းတော်ကို ဆန္နအားအပ်၍ တိုင်းပြည်သို့ပြန်ကြတော့ဟု စေလွှတော်မူပြီး လျှင် အနော်မာသောင်အပြင်ဝယ် သန်လျက်ဖြင့်ဆံတော်မြတ်ကို ပယ်ဖြတ်တော်မူလေသည်။

ထိုသို့ပယ်၍ "ဘုရားဖြစ်မည်မှန်လျှင် ဆံတော်သည် ကောင်းကင်မှာတည်ပါစေသား" ဟု ဓိဠာန်၍ တာဝတိံသာနတ်ပြည်ဝယ် စူဠာမဏိစေတီ တည်ထားလေသည်။ ထို့နောက် ဃဋိကာရဗြဟ္မာ ဆက်ကပ်လာသော သင်္ကန်းဖြင့် ရဟန်းပြုတော်မူ၍ ၀တ်လဲတော်ပုဆိုးကို လည်း ဃဋိကာရဗြဟ္မာမင်းယူ၍ ဗြဟ္မာ့ပြည်ဝယ် ဒုဿ စေတီ တည်ထားကိုးကွယ်ထားလေသည်။

THE FUTURE BUDDHA CUTTING HIS HAIR TO BECOME A MONK


The Future Buddha who left the city at midnight on his Great Renunciation came to the bank of the Anoma (Illustrious) River at day-break. He gave the signal to his horse with his heel, and the horse sprang over the river, which had a breadth of eight usabhas (an usabha is 140 cubits or 210 feet), and landed on the opposite bank. He handed over to Channa his ornaments and the horse, Kanthaka, and asked him to go back home with them. He then cut his hair with the sword on the sandy beach of the Anoma.


Then the Future Buddha seized hold of his top-knot and threw it into the air, saying-"If I am to become a Buddha, let it stay in the sky; but if not, let it fall to the ground. And Sakka, the King of the gods, received it in a golden casket, and established it in the Heaven of the Thirty-three Gods as the Culamani Ceti (Shrine of the Diadem). After that, the Future Buddha put on the robes, the symbol of asceticism, brought by the Maha-Brahma god, Ghatikara, and became an ascetic. His garments, made of Benares cloth, were taken away by Ghatikara, and established in the realm of the higher gods as the "Dussa Shirne.



အားလုံးကိုချစ်ခင်လေးစားလျှက်...



သမီးလေးဖတ်ဖို့



သမီး. . .

တစ်နေ့မှာ စားဝတ်နေရေးအတွက်
အလုပ်တစ်ခုခုကို သမီးလုပ်ရမှာပဲ
အဲဒီအခါမှာ သမီးအတွက်
စီးပွားပြိုင်ဘက်၊ လုပ်ငန်းပြိုင်ဘက်ဆိုတာ
မလွဲမသွေ ပေါ်ပေါက်လာလိမ့်မယ်။

အဲ့ဒီလို ပြိုင်ဘက်တွေပေါ်လာတဲ့အတွက်
သူတို့ကို အနိုင်ယူချင်တဲ့ စိတ်နဲ့
သူ့အားနည်းချက်ကို တွေ့အောင်ရှာပြီး
နည်းမျိုးစုံနဲ့ ဒုက္ခမပေးမိစေနဲ့နော်။

သူများ အကျိုးစီးပွား ပျက်ဆီးအောင်
ဖျက်ဆီးတာဟာ မကောင်းတဲ့ စိတ်ပဲ
ကိုယ်ကြီးပွား ချမ်းသာဖို့အရေး
သူတစ်ပါးပေါ် မကောင်းစိတ် မမွေးပါနဲ့ကွယ်။

သူတစ်ပါးက ကိုယ့်အပေါ်
မကောင်းကြံရင်လည်း
မခံချင်စိတ်နဲ့ လက်တုန့်မပြန်နဲ့နော်။
သူတော်ကောင်းတရား ၊ လက်ကိုင်ထားပြီး
သည်းခံပါ၊ မေတ္တာထားပါ.
ကိုယ့်လမ်း၊ ကိုယ်သွားပါ . . . ကွယ်။

ဖေဖေ

အားလုံးကိုချစ်ခင်လေးစားလျှက်...

တစ်စုံတစ်ခု စူးရှမိခြင်း


နှင်းဆီဆူး(သို့) သစ်ကိုင်းစ စသည့် စူး သွားလျှင်ကို ဆူးကို ညှပ်ခပ်သေးသေးဖြင့် ခပ်ဖြည်းဖြည်း ဆွဲထုတ်ယူပါ. . အလွန်သေးငယ်သော ဆူးများထွင်ဖို့ ပင်အပ်ဟာ အကောင်းဆုံး တန်ဆာပလာပဲ ဖြစ်ပါတယ်. .

အသားထဲ အတော် နစ်မြုပ်ဝင်နေသော အစအနများကို ထုတ်ယူဖို့အတွက် ကြက်သွန်နီ အကွင်းတစ်ကွင်း (သို့) ခရမ်းချဉ်သီး တစ်ကွင်းကို သုံးပါ. . . အခြားပစ္စည်းများ အနေဖြင့် ပျားရည်ကို လည်း သုံးနိုင်ပြီး တတိယနည်း အနေဖြင့် ပေါင်မုန့် တစ်ချပ် ၊ နို့အနည်းငယ်ကို သုံးပါ. . .

၎င်းပစ္စည်းများထဲမှ ရရာ တစ်မျိုးမျိုးကို အနာပေါ်တည့်တည့် အုံပေးရပါတယ်. . (သို့) အနာတစ်ဝိုက်မှာ သုတ်လိမ်းပေးရပါမယ်. .. . သုံး၊လေးကြိမ်ခန့် အကြိမ်ကြိမ် လိမ်းပေးပြီးနောက် အကျိုးအပဲ့ ၊ အစအနများသည် အရေပြား အပေါ်ယံသို့ ကြွတက်လာပါလိမ့်မယ်. . .

ထိုအချိန်တွင် အနာတစ်ဝိုက်ရှိ နာ့ဗ်ကြောများ ထုံသွားစေရန် ရေခဲအုပ်ပေး၍ ပိုးသတ်ထားသော အပ်၊ ပင်အပ်၊ ဇာဂနာ စသည်များနှင့် အစအနများကို ဆွဲထုတ်ယူနိုင်ပါသည်. . .

လွပ်လပ်စိုး

အားလုံးကိုချစ်ခင်လေးစားလျှက်...

လောကနီတိ

  • သူယုတ်မာကို အချစ်မလွန်ရာ။
  • သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
  • Do not love the unvirtuous too much.
  • Even though praised highly, the wicked may act impolitely and boisterously.

  • မြွေသည် အမျက်လွန်၏။
  • မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
  • မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
  • The snake is extreme in anger.
  • The wicked is more furious than the snake.
  • Though the snake can be subdued by charm and drugs , there is no remedy for subduing of the wicked.

  • မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
  • မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
  • One who knows himself of his foolishness, may be said to be the wise.
  • One who thinks of himself as the wise even though he is foolish may be said to be the foolish.

  • သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင်တတ်၏။
  • သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။
  • The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
  • When bad results occured due to his evil deeds, then he gets into trouble.

  • လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
  • ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။
  • The fool, if he is stronger, may plunder others possessions by force.
  • After death that fool of less knowledge lands in hell.


အားလုံးကိုချစ်ခင်လေးစားလျှက်...

ယုံတမ်းစကား



ယုံတမ်းစကား

နှုတ်ဖျားဖွဖွ ၊ ညင်ရွရွသာ
ပြောပြပြန်လဲ၊ မချင့်မရဲနဲ့
မျက်ရွဲလုံးလည်၊ ရွန်းရွန်းကြည်မို့
သည်တစ်ကြိမ်ကြုံ၊ ခေါင်းညိတ်ယုံရ
ရင်ခုန်သံလို တေးဆိုတဲ့။

ရှောင်မလွတ်ဘူး ၊ခေါင်းကိုက်မူးပြီ
သူရူးဆိုက၊ ဆိုလေကြပါ
စိတ်မှရောက်ရာ ၊သွားချင်ပါငဲ့
မိုးမှာ မွေ့နန်း၊ သည်းတစ်ခြမ်းကြွေ
စိမ့်စမ်းချောင်းဖောက် ၊ မျက်ရည်ပေါက်ကြောင့်
စိတ်ကောင်ငြင်ငြို၊ တွေးငိုနဲ့။

သစ္စာအလှ၊ နက်မှောင်စွလေ
ကြည့်ကြရင်ဆိုင်၊ သူပါငိုင်မိ
မေးခိုင်မလှုပ်၊ ဟင့်. ကျောက်ရုပ်လို
ပုစ္ဆာမသိ၊ ဖြေမရှိလား
နာမ်မိတွေ့ဖက်၊ နှုတ်ခွန်းဆက်ထင့်
စိတ်သက်လှုပ်ရှား၊ ရင်ဖိုသွားပြီ
ကိုယ့်အား ချော့သိပ်၊ မျက်စိမှိတ်လို့
အိပ်ရေးတစ်ဝက် နှိုးခက်ရဲ့။

ထီလာစစ်သူ

အားလုံးကိုချစ်ခင်လေးစားလျှက်...

အကျင့်သီလ (၂)



မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .


"သင်ဘယ်သူလည်း . . "

"ကျွန်ုပ်ကို ဓမ္မဟု သိရှိပါ. . သီလရှိရာတွင် ကျွန်ုပ်နေနိုင်တယ်. . . သီလကိုယူသွားသော ပုဏ္ဏား နောက်သို့ ကျွန်ုပ်လိုက်ရပါတော့မယ်. . . "

"အို. . . ဓမ္မရယ်. . "

တစ်ဖန်မကြာခင်မျာပဲ ပြဟလားဒ်မင်းရဲက ခန္ဓာကိုယ် အတွင်းက အလျှံ တပြောင်ပြောင် တောက်လောင်တဲ့ တတိယ ကိုယ်ပွား တစ်ခု ထွက်လာတယ်. .

"အို . . .သင်ကရော. . . ဘယ်သူလဲ. . . . "

"ကျွန်ုပ်က သစ္စာလို့လဲ ခေါ်တယ်. . . အမှန်တရားလို့လည်းခေါ်ကြပါတယ်. . . ဓမ္မတည်ရာမှာသာနေပါတယ်. . . "

"သင် က ဓမ္မနောက်ကို လိုက်မှာပေါ. . . . "

"ဟုတ်ကဲ့ပါအရှင်. . . . "

တစ်ဖန် စတုတ္ထမြောက် ကိုယ်ပွား တစ်ခု ပေါ်လာပြန်ရော. . . ဘုရင်ကြီးမမေးခင်မှာ သူက ဖြေတယ်. .

"ငါကား စာရိတ္တဖြစ်တယ်. . . "

"သင်ကော ဘယ်သို့သွားမည်လဲ. . . "

"ငါက သစ္စာ အမှန်တရားနောက် ကိုလိုက်မယ်. . . . "

ပဉ္စမကိုယ်ပွား ပေါ်ပေါက်လာချိန်မှာ ပြင်းထန်တဲ့ အသံကြီး ပေါ်လာတယ်. .

"ငါသည်ကား ဗလခေါ် အင်အားပဲ၊ သင်နှင့် ငါမနေ စာရိတ္တနောက်သို့ ငါလိုက်သွားမယ်. . . "

အဲသည်လို သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ ထွက်သွားပြီးချိန်မှာ ကိုယ်ရောင် ကိုယ်ဝါ အသွင် ထွန်းလင်းတောက်ပလျက် ကောင်းခြင်း မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါးဟာ မင်းကြီးရဲက ကိုယ်တွင်းက ထွက်ပေါ်လာပြန်တယ်. .

"ကျွန်ုပ်သည်. . ရှရီ (လက်ချမီး ) နတ်သမီးဖြစ်တယ်. . ကျွန်ုပ်သည် သင့်ရဲ့ ကျက်သရေနဲ့ ချမ်းသာ သုခ အဖြာ ဖြာကို တိုးပွားစေခဲ့တယ်. . နှစ်ပေါင်းများစွာ သင့်ထံမှ တည်နေခဲ့သော်လည်း ယနေ့တော့ သင့်ကို ငါ စွန့်ခွာရတော့မယ်. . .သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ရှိရာ. ငါလိုက်ပါရမှာ အမှန်ဖြစ်တယ်. . အဲဒီငါးဦး ငါးမျိုးထံမှာ သာ ကျွနု်ပ် တည်တယ်. . ."

"အိုဒေ၀ီမြတ် ခေတ္တနေပါဦး၊ ကျွန်ုပ်မှာ ဘယ်လိုမှားယွင်းမှုပြုခဲ့ပါပြီလဲ ပြောပြပါ. . . ကျွန်ုပ်ထံလာသော ပုဏ္ဏား က ဘယ်သူလဲ . . "

"အသင်မင်းကြီး၊ ပုဏ္ဏားငယ်ကား နတ်ဒေ၀တို့ရဲ့ အရှင်သခင် အရှင် အိန္ဒရာ သိကြားမင်းဖြစ်ပါတယ်. . . သင့်ရဲ့ ဘုန်းတန်ခိုးလျော့သွားအောင်. . နတ်ဘုံကို မသိမ်းသွင်း မတိုက်ခိုက်နိုင်အောင် သိကြားမင်း ဟာ သင့်ထံမှာ သီလကို တောင်းခံသွားခြင်းဖြစ်ပါတယ်. . . . . အို ပြလဟား . . ဒီလောကမှာ ကြီးကြယ် မြင့်မြတ်တဲ့ အကျိုးတရားတွေ ဖြစ်ထွန်းစေနိုင်တဲ့ အရာတွေဟာ ဤတရားတွေပဲ . . အဲဒီတရားတွေကို အခြေပြုတာ ရိုးသားခြင်း အကျင့်သီလပဲ. . . ."

မင်းကြီး ဟာ နောင်တကြီးစွာ ရတယ်. . လူ့ဘ၀မျာ ရိုးသားသော အကျင့်သီလ ရှိတဲ့ သူတွေမှာသာ မြဲတဲ့ ချမ်းသာ သုခ ဖြစ်လေ့ရှိပါတယ်. . . သီလနဲ့ ကင်းကွာ တဲ့ ချမ်းသာ သုခဟာ မတည်မြဲပဲ ပျောက်ကွယ် သွားတတ်ပါတယ်. . .

လောကကြီးမှာ မိမိကိုယ်ကို ထိန်းသိမ်းမှု အကျင့်သီလဟာ တန်ခိုးနဲ့ တန်ဖိုးအကြီးဆုံးပါပဲ. .
သူပျက်ရင် အရာ အားလုံးပျက်တာမို့ မိမိကိုယ်မိမိ ထိန်းသိမ်းမှု အကျင့်သီလကို နည်းနည်းလေးမှ မပျက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်. .

လူဆိုတာ ခန္ဓာကိုယ်ကို ရေမိုးနဲ့ သန့်စင်နိုင်ပါတယ်. . ရိုးသားခြင်းနဲ့ စိတ်ဓာတ်အား မှန်ကန်ခြင်းကိုတော့ သစ္စာတရားနဲ့ သာ သန့်စင်နိုင်ပါတယ်. .


ထူးအောင်မြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အကျင့်သီလ



လူတွေက သီလကို အကျင့်နဲ့ တွဲခေါ်တယ်. . . အကျင့်သီလလို့ပြောကြတယ်. . . အဲသည်တော့ သီလဆိုတာ အကျင့်ပါပဲ . . ကောင်းမွန် မြင့်မြတ်တဲ့ အကျင့်ကို သီလလို့ခေါ်ပါတယ်. . . ရိုးသားခြင်းဟာ အကျင့်သီလဖြစ်တယ်.. . သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုး မည်မျှကြီးကြောင်းကို ဟိန္ဒူ ပုံပြင်ကလေး တစ်ပုဒ် ကို နဲ့ ဖော်ပြပါ့မယ်

ရှေးအခါက ဇမ္ဗူဒီပါ တစ်ကျွန်းလုံးက ရိုသေလေးစားရတဲ့ ပြဟလားဒ် အမည်ရှိတဲ့ မင်းတစ်ပါးရှိတယ်. . . အဲသည်မင်းရဲ့ ဘုန်းတန်ခိုးဟာ တက်နေအလား တဖြည်းဖြည်း နတ်မင်းကြီး အရှင်အိန္ဒရာ သိကြားမင်းကတောင် သူ့ကို လေးစားရတယ်တဲ့ . .ပြဟလားဒ် မင်းဟာ နတ်ဘုံကိုတောင် သိမ်းပိုက်စိုးစံရန် စီစဉ်တဲ့အထိပဲ . . . . သိကြားမင်းက သည်အကြံကိုတားဖို့ ပုဏ္ဏားငယ်ယောက် ဆောင်တယ် . . ပြီးတော့ ပြဟလားဒ်ကို ဖူးမြော်တယ်.

"အသင်ပုဏ္ဏား ဘာအလိုရှိ၍ ရောက်လာသလဲ "

"ကျွန်တော်မျိုးရောက်လာခြင်းက အရှင်မင်းကြီးသည် ဘယ်သို့သော အကျင့်မြတ်ကို ၍ ဤသို့ ဘုန်းတန်ခိုးကြိးသလဲ ဆိုသည်ကို သိလိုသဖြင့် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်. . . ထိုအကျင့်ကိုလဲ သင်ကြားတတ်မြောက်လိုပါတယ်. . . . "

"အိုပုဏ္ဏား သင့်ကိုပေးရအောင် ကျွန်ုပ်မှာ မအားပါ. . . . . တိုင်းနိုင်ငံ အုပ်ချုပ်ရေး ကိစ္စက များတယ်. . . "

"အိုအရှင်မင်းကြီး ၊သင့်ကို အာစရိယ ဆရာလို့မှတ်ပါတယ်. . . ကျွန်ုပ်ကို တပည့်အဖြစ်သင်ပေးပါ. . ."

"ကဲ သည်မျှထိ ဖြစ်နေတော့လဲ သင့်ကို ပြောကြားနားလည် စေရတော့မှာပေါ့ . . ငါသင်ကြားတာကို မှတ်လော့ . ."

"ကောင်းပါပြီ အရှင်"

"ငါကား လောကအားလုံးကို အုပ်ချုပ်ရသော မင်းဧကရာဇ် ဖြစ်ပါလျက်နှင့် မင်းဟူသော အမှတ်ဖြင့် မည့်သည့်အခါမှ မာန်မာန မထား ၊ မာနကို ချိုးနှိမ်ပါတယ်. . ဒေါသအမျက်ကိုလဲ နှိမ်န်င်းသိမ်းဆည်းရတယ်. . ကာမဂုဏ်အာရုံကို လဲ ချုပ်ထိန်းရတယ်. . . . ရသေ့၊ရဟန်း ၊ ပညာရှိနဲ့ သက်ကြီး ရွယ်အိုတွေကိ ၀စီကံ၊ ကာယကံ၊ မနောကံနဲ့ စော်ကားခြင်း မပြုဘူး ၊ သူတို့ညွန်ပြတဲ့ ဓမ္မလမ်းကြောင်းအတိုင်း သာ လိုက်နာ ကျင့်ဆောင် တယ် . . ငါ့ရဲ့ ကျင့်ဆောင်ခြင်းက သီလပဲ ပုဏ္ဏားငယ်"

"သြော် သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုးပါလား . . အရှင်မင်းကြီးရဲ့ ရိုးသားခြင်း၊ အကျင့်သီလသည် ထိပ်ဆုံးရောက်အောင် ပို့တာပဲ . . "

"ကဲ ပုဏ္ဏားငယ် သင်သိပြီမို့ ပြန်ပေတော့ . . . "

"ကျွန်တော်မျိုး မပြန်လိုသေးပါ. . . အရှင်မင်းကြီးထံက တစ်စုံတစ်ခု တောင်းလိုပါတယ်. . . "

"တောင်းပါ ရွှေလား ၊ ငွေလား သင်ဆင်းရဲသလား . "

"ဆင်းရဲသော်လည်း ရွှေငွေမတောင်းလိုပါ. . . "

"ဟဲ့ ဘာများတုံး ၊ တောင်းစမ်း ငါပေးမယ်. . "

"ကျွန်တော်မျိုးလိုချင်တာ မင်းကြီးရဲ့ သီလပါ. . . "

"အဲဒါတော့ ပေးလို့ဘယ်ဖြစ်မှာလဲ"

"အဲဒီသီလကို သာ လိုချင်ပါတယ် ၊ ရိုးသားခြင်း သီလကိုသာ ကျွန်တော်မျိုးကို ပေးလိုက်ပါ. ."

"အင်း. . ငါပေးမယ်ဆိုတဲ့ ကတိအတိုင်း သင့်ကို ပေးလိုက်မယ်. . ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်တယ် မရှိရဘူးလေ. . ငါ၏ သီလအား ယနေ့ သင့်ကိုပေးပါတယ်. . . "

"ပုဏ္ဏားငယ်ယောင်ဆောင်တဲ့ နတ်မင်းကြီး ဟာ မင်းကြီးသီလကိုလည်းရရော ရတနာတွေရသလို ၀မ်းသာသွားပြီး နန်းတော်က ထွက်ခွာသွားတော့တယ်. . ."

မင်းကြီး ဟာ အဲသည်မှာ စိတ်မချမ်းမြေ့စွာ တစ်ယောက်တည်း ထိုင်မှိုင်နေတယ်. . တိတ်ဆိတ်စွာ ထိုင်နေစဉ်မှာပဲ သူ့ကိုယ်ထဲက သူနဲ့တူတဲ့ ကိုယ်ပွား တစ်ခု ထွက်လာတယ် . .

"အိုသင်ဘယ်သူလဲ. . . ငါ ဟာ သီလပါ . . သင့်ရဲ့ သီလပါ. . သင်က ပုဏ္ဏားငယ်ကို ငါ့အား ပေးလိုက်တဲ့အတွက် ငါသွားရပါတော့မယ်. . သင့်ကို ငါနှုတ်ဆက်တာပါ. .

အဲသည်လိုပြောပြီး ကိုယ်ပွား ပျောက်သွားတယ်. . .

မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .

အပိုင်း (၂) ကိုဆက်ပါမည် . .

အားလုံးကိုချစ်ခင်လေးစားလျှက်...

ဝါဆိုလပြည့်နေ့



ဝါဆိုလပြည့်နေ့ တွင် . .
မိဂဒါဝုန်တော၌ မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီ ငါးဦး တို့အား
ဟောကြားတော်မူ သော တရားဦး

ဓမ္မစကြာတရားတော်မြတ်

ကို နာယူနိုင်ပါ
တယ်. . .

ဓမ္မစက္ကပ္ပဝတ္တန (ခေါ်) ဓမ္မစကြာသုတ်ပါဠိတော် နှင့် မြန်မာပြန်ကို

ဓမ္မစကြာ ပါဠိတော် မြန်မာပြန်

တွင် ဖတ်ရှု နိုင်ပါသည်။



ဓမ္မစကြာ တရားတော်ကို ဘုန်းဘုန်းဦးလောကနာထ ဆီမှ ပြန်လည်ကူးယူဖော်ပြပါသည်. . .

ပုံကို ဤနေရာ မှ ကူးယူဖော်ပြပါသည်.

အားလုံးကိုချစ်ခင်လေးစားလျှက်...

စိတ်ကူးပါ . ပြီးရင် . . ဆက်လုပ်ပါ.




စိတ်ကူးစိတ်သန်း ဆန်းကြယ်တဲ့ သူတွေ ဟာ လက်တွေ့ လုပ်တတ်ရင်တော့ ကြီးပွားတတ်ပါတယ်. . စိတ်ကူးဆန်းပြီး . . . ဘာမှ မလုပ်ဘဲ ကိုယ့်ကိုယ်ကို အဟုတ်ထင်နေရင်တော့ စိတ်ကူယဉ်သမား ဖြစ်သွားပါလိမ့်မယ်. . . . အလုပ်လုပ်တဲ့ နေရာမှာ စိတ်ကူးကောင်းများနဲ့ မွမ်းမံပြီး အားစိုက်ကာ လုပ်တတ်တဲ့ သူဟာ ထင်ရှားကျော်ကြားတဲ့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ သေချာပါတယ်.

လူငယ်တွေ ဟာ သိပ်ဖြစ်ချင်တဲ့ စိတ်ဟာ ကိုယ်ပိုင် အရင်းအနှီးမပါဘဲ အကျိုးရလာဒ်ကိုသာ မျှော်ကြည့်နေတဲ့ စိတ်မျိုးမဖြစ်သင့်ပါဘူး . . . ချမ်းသာချင်တယ်. . ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်ချယ်တယ်. ပညာရှင်ကြီး ဖြစ်ချင်တယ်. စတဲ့ ရည်မှန်းချက်တွေ ၊ စိတ်ကူးတွေ ဟာ လူတိုင်းမှာ ရှိတတ်ကြပါတယ်. .

တချို့ကတော့ ငယ်ငယ်ကတည်း က အကြံကြီးပါတယ် တချို့ကတော့ အတော်ကြီးလာတဲ့တိုင်အောင် ဘာလုပ်ချင်တယ်လို့ ရည်ရွယ်ချက်မရှိပဲ အဖေခိုင်းတာ လုပ်မယ်ဆိုပြီး ကိုယ်ပိုင် စိတ်ကူး မဲ့နေတတ်ကြပါတယ်. . . . . . အကြောင်းအားလျော်စွာ စိတ်ကူးပြောင်းလဲ တတ်တဲ့ သဘောကတော့ ရှိပါတယ်. . .

ဒါပေမယ့် အကျိုးအမြတ်ကိုသာကြည့်ပြီး အလုပ်တန်ဖိုး အစစ်အမှန်ကို မကြည့်တတ်သူများဟာ အလုပ်ကို မစူးစမ်းရသေးခင် နောက်တစ်ခု ပြောင်းလုပ်ဖို့ စိတ်ကူးတတ်ပါတယ်. . . ဘာမှ မလုပ်ရသေးခင် ကတည်းက စိတ်ကူး ခဏခဏ ပြောင်းတတ်တဲ့ သူဟာ တကယ်တမ်း အလုပ်စတဲ့ အခါမှာ အခက်အခဲ အသေးအဖွဲကို တွေ့တာနဲ့ စိတ်ဓာတ်ကျသွားတတ်ပါတယ်. . .

ဒါကြောင့် စိတ်ကူးစပြီးယဉ်ကတည်းက အကျိုးအမြတ်တစ်ခုတည်းကို သာ မကြည့်ပါနဲ့ အလုပ်ရဲ့ အနှစ်သာရ အလုပ်ရဲ့ သဘောသဘာဝကိုပါ ကြည့်တတ်ကြဖို့ လိုပါတယ်. . .

အလုပ်လုပ်တဲ့နေရာမှာ ကိုယ်ရဲ့ အင်အား ကိုယ့်ရဲ့အချိန် စသည်တို့ကို လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းပြီး လုပ်တတ်တဲ့သူများက အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ရည်ကိုယ်သွေး တက်လာတတ်ပါတယ်. . ဘ၀ရဲ့တန်ဖိုးကို အလုပ်ဖြစ်အောင် . စိတ်ကူးကောင်းထုတ်နိုင်ဖို့နဲ့ စိတ်ကူးကို အကောင်အထည် ဖော်ဖို့ အရေးကြီးပါတယ်. .

ဒေါက်တာ မတင်ဝင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...


ကိုယ့်ကိစ္စပဲကိုယ်လုပ်



လားတစ်ကောင် ဟာ စားကျက်ခင်းမှာ မြက်စားနေတုန်း ၀ံပုလွေတစ်ကောင် က ကိုက်စားဖို့ လာတာကို မြင်တွေ့လိုက်တယ်. . . ဒါကြောင့် သူဟာ ခြေထောက် နာချင်ယောင်ဆောင်လိုက်တယ်. . .

ဝံပုလွေက အနီးကို ရောက်လာပြီးနောက် "ဘာကြောင့် သင့်ခြေထောက်မှာ ဒဏ်ရာ ရရှိနေသလဲလို့ မေးတာပေါ့. . လားက ခြံစည်းရိုးတစ်ခုကို ခုန်တုန်း က ဆူးစူးတာပါ. . .ပြီးတော့ အကြံပေးလိုက်တယ်. . . သူ့ကို မစားမီ ဒီဆူးကို နှုတ်ပေးဖို့ပါ. . . ဒါမှ ၀ံပုလွေစားတဲ့ အခါမှာ လည်ချောင်း မှာ ဆူး မစူးနိုင်တော့ဘူးတဲ့. . "

ငနဲ့ က လှည့်ကွက်ထဲ ၀င်လာပါရော. . ဒါနဲ့ လားရဲ့ ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်. . . .၀ံပုလွေက သူ့ခြေထောက်ကို အသေအချာကြည့်ရှုနေတုန်း လားက ၀ံပုလွေရဲ့ ပါးစပ်ကို ကန်ကျောက်လိုက်လို့ သွားတွေ ကျိုးကုန်တယ်. . .

ဒီတော့မှ ၀ံပုလွေက ၀မ်းနည်းစွာ ရေရွတ်လိုက်တယ်. . .

"ငါ့အပြစ်နဲ့ ငါ ခံလိုက်ရတာပဲ. . ငါ့အဖေ က သားကောင်တွေကို ဖမ်းယူစားသောက်ဖို့ သင်ပေးခဲ့တယ်. . . အဖေရဲ့ ညွှန်ကြားမှုမှာ ငါဟာ မဆီမဆိုင်တာကို လုပ်ဖို့ဆိုတာ မပါဘူး . . . " တဲ့

(ကိုယ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စမှာ ၀င်ရောယှက်ရင် ဒုက္ခ တွေ့ကြုံတတ်တယ်. . )

အီစွတ်ပုံပြင်

အားလုံးကိုချစ်ခင်လေးစားလျှက်...

အာဇာနည်နေ့



"ဆယ့်ကိုးဇူလိုင် မမေ့နိုင်"
"ဇူလိုင်ဆယ့်ကိုး တပ်လှန့်နှိုး"


ကဗျာဆရာအများပင် အာဇာနည်နေ့ကို စာဖွဲ့ခဲ့ကြသည်. . . ဇူလိုင် ဆယ့်ကိုးရက်နေ့ကား မမေ့နိုင်စရာပင်. . . ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ. . ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သောနေ့ ဖြစ်ပါသည်. . .

ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ကျရောက်နေသဖြင့် ကိုယ်ကျိုးစွန့် ကြိုးပမ်းခဲ့ကြသည်. . .လွပ်လပ်ရေးအတွက် စားလည်း သည်စိတ်၊ သွားလည်းသည်စိတ် ဖြင့် မိမိဘ၀ကို မြုပ်နှံလျက် တိုင်းပြည်နှင့် လူမျိုးအတွက် ဆောင်ရွက်ခဲ့သည်.. .

၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များ ရုံးဟောင်း၌ ၀န်ကြီးများ အစည်းအဝေး ကျင်းပသည်. . .ဗိုလ်ချုပ်က သဘာပတိအဖြစ် ဆောင်ရွက်၍ ကက်ဘိနက် ၀န်ကြီးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဒီးဒုတ်ဦးဘချို ၊ ဦးဘ၀င်း ၊ဦးရာဇာတ်၊ သခင်မြ ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ ၊ ပျော်ဘွယ် ဦးမြ တို့ တက်ရောက်ကြသည်. . .

နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် အစည်းအဝေးစ၏. . .

မိုးတဖွဲဖွဲရွာနေသည်. . . ရပ်ရှစ်ခွင်ဝယ် ဝေမှိုင်းနေသည်. . စနေမိုးသည် တဖွဲဖွဲနှင့် စွေနေသည်. .
လူငါးယောက် ၊ ဂျစ်ကားတစ်စီး ၊စစ်ယူနီဖောင်း နှင် အတွင်းဝန်ရုံးသို့ ချင်းနင်းဝင်ရောက်သွားသည်. . . မကြာမီ သေနတ်သံများ ကြားရသည်. .

ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံလိုက်၇သတဲ့. . . . ထိုသတင်းသည် ပြန့်သွားလေသည်. . . ကိုယ်ကျိုးစွန့်သူတို့က ရက်စက်လိုက်ကြပြီး တရားကို နတ်စောင့်သည် ဟု ဆိုကြသည်. . . တစ်တိုင်းပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ကြရသည်. . .

ဗိုလ်ချုပ်သည် ဆင်းရဲ ဒုက္ခ အမျိုးမျိုးခံ၍ တိုင်းပြည်အတွက်. . ဆောင်ရွက်ခဲ့သည်. . . အသက်ကို ပမာဏမထားဘဲ ရန်သူ့မျက်မှောက်တွင် လှို့ဝှက်စွန့်စားမှုများ ပြုခဲ့ရသည်. . . ဆင်းရဲ ပင်ပန်းခံ၍ ဂျပန်ပြည်သွား စစ်ပညာသင်ခဲ့သည်. . . . ဖက်ဆစ်ဆော်လှန်ရေး တိုက်ပွဲများ ကိုယ်တိုင် ဆင်နွဲခဲ့သည်. . ထိုစဉ် အသက်နှင့် ခန္ဓာမြဲခဲ့သည်. . .

လွပ်လပ်ရေးအတွက် ဘိလပ်သွား၍ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ခဲ့သည်.. . .လွပ်လပ်ရေး ရရန် လပိုင်းသာ လိုတော့သည်. . . ပန်းကောင်း အညွန့်ကျိုးဖြစ်ရပြီ . . . အတွင်း သစ္စာဖောက် လောက်ကောင်တို့၏ သစ္စာမဲ့မှုကို ခံလိုက်ရသည်. . . ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်. . .

အကြင်သူသည် မိမိတို့ကိုယ်ကျိုးကို စွန့်လွှတ်သည်. . ကိုယ့် ပုဂ္ဂလိက အကျိုးအတွက်. . . . အရေးမထား . . .အများ အကျိုးအတွက် ဆောင်ရွက်သည်. . . . .တိုင်းပြည်အတွက် ကြိုးပမ်းသည်. . . ထိုသူများကို အများက အလေးထားသည်. . . ကြည်ညိုသည်. . . . . . .


ပုံကို ဒီလင့်က ယူပါတယ်


ကြည်နိုင်

အားလုံးကိုချစ်ခင်လေးစားလျှက်...


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။