နယုန်လ

ရိုက်ချိုန်းရယ်တဲ့ စည်ပုစွန်။
ငွေဝန်း စန္ဒာနှင့်
ကြယ်ဇေဠာ ယှဉ်ကာပြည့်တယ်
ထွန်းသည့်ရောင်ဝှန်။

နွေနယန် မေထုန်ရက်မှာလ
နဘေဘုံ ရေမှုန်တက်ပါလို့
လေဟုတ်စက် ထိန့်ထိန့်လွန်
ခြိမ့်ခြိမ့်သွန်ပါလို့ စွေကာသဲ။

ခါပျော်ရန်
စာတော်ပြန် သဘင်ခန်းမှာလ
ဆင်မြန်းရန် ရဝေမယ်လို့
ငွေစံပယ် ငုံမြတ်လေးကိုတဲ့
ထုံးမင်မှာ ကုံးဆင်ဖို့ရွေးကြလိမ့်
မွှေးတဲ့လပဲ။



နယုန်လသည် မိုးကျသောလဖြစ်သည်. . . ထိုလတွင် လယ်သမားတို့သည် ပျိုးကြဲကြသောကြောင့် စိန္တကျော်သူ ဦးသြက "နယုန်ဝါလ ကြဲကြ ပျိုးထောင်" ဟု စပ်ဆိုခဲ့သည်. . . ဤသို့ ပျိုးထောင်ပျိုးကြဲအလုပ်ကို တောင်သူလယ်သမားတို့ လုပ်ကြသောအခါ စိုက်ပျိုးရေး၌ အောင်မြင်စေကြောင်း ရည်စူး၍ ပုန်းမကြည်ပွဲကို ကျင်းပကြသည်. . . ပုန်းမကြည်ဟူသော ဝေါဟာရမှာ ပုဗ္ဗကြယ်ကို ပသခြင်းကြောင့် ပုန်းမကြည်ပွဲဟု ခေါ်သည် ဟု ဆိုသည်. . . ကောက်ညှင်းပေါင်းကို ဘဲဥပြုတ်နှင့် တကွ ပန်းကန်ထဲထည့်၍ သတ်မှတ်ထားသော လယ်မြေတ၀ိုက်၌ ပသပြီးလျှင် မြေပြင်ကို ရေသွန်းလောင်းရသည်. .

ထိုလတွင် အရေးကြီးဆုံးပွဲတော်မှာ ပထမပြန်စာမေးပွဲများ ကျင်းပခြင်းဖြစ်သည်. . .ရှေးခေတ်အလိုကို ပြောရသော် နယုန်လသည် စာဆိုတော်လဟူ၍ပင် မှတ်ယူသင့်သည်. . . . အဘယ့်ကြောင့်ဆိုသော် စာဆိုခြင်း ၊ စာပြန်ခြင်းတို့ကို ဤလ၌ ကျင်းပခြင်းသောကြောင့်ဖြစ်သည်. . သို့ရာတွင် လောကီနှင့်လောကုတ္တရာကိစ္စတို့ကို ခွဲခြားလိုက်သောအခါ ယခုခေတ်ကာလတွင် နတ်တော်လကို စာဆိုတော်လ သတ်မှန်ခဲ့ကြလေပြီ. .

ပထမပြန်စာမေးပွဲကို အင်းဝပြည့်ရျင်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပသည် ဟု မြန်မာ ရာဇ၀င်တို့တွင်ဆိုသည် . . . ပထမပြန်စာမေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ပရိယတ္တသာသနာ ထွင်းကားရေးဖြစ်သည်. . . ပထမပြန်စာမေးပွဲအတွက် ရှင်လောင်း ပဉ္ဖင်းလောင်းတို့ ဖြေဆိုရန် သဒ္ဒါ၊ သဂြိုလ်၊ ဆန်း ၊ အလင်္ကာ၊ အဘိဓာန်၊ သဒ္ဒတ္တဘေဒစိန္တာ၊ ကစ္စာယနသာရ၊ ၀ါစ္စ၀ါစက၊ ၀ိဘတျတ္ထ၊ ဒွေမာတိကာ၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဠာန်းကျမ်းတို့ကို ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ ပထမကျော်အဆင့်တို့အတွက် ပြဠာန်းသည်. . .

သီပေါမင်းတရားလက်ထက် သက္ကရာဇ် ၁၂၄၅ ခုနှစ်တွင် ပထမပြန် စာမေးပွဲဆိုင်ရာ စည်းကမ်းဥပဒေများကို ထုတ်ပြန်၍ စနစ်တကျ ကျင်းပသည်. . . စာမေးပွဲဝင်သူတို့သည်. . ပါဠိကို နှုတ်တက် အာဂုံပြန်ဆိုရသည်. . . . အနက်အဓိပ္ပါယ်ကို နှုတ်ဖြင့်မေး၍ နှုတ်ဖြင့် ဖြေဆိုရသည်. . အနက် အဓိပ္ပါယ်ကို ပုစ္ဆာထုတ်၍လည်း စာရွက်ဖြင့်မေး၊ စာရွက်ဖြင့် ဖြေရသည်. . .ပထမကြီးအောင် သူတို့တွင် အမှတ်အများဆုံးရသူကို ပထမကျော်ဘွဲ့ဖြင့် ချီးမြှင့်ပူဇော်သည်. . .

သီပေါမင်းပါတော်မူပြီးနောက် ပထမပြန်စာမေးပွဲများသည် ကိုးနှစ်ခန့်အဆက်ပြန်ခဲ့လေသည်. . . သက္ကရာဇ် ၁၂၅၇ ခုနှစ်(ခရစ်နှစ် ၁၈၉၄) တွင် ပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပရန် ဗြိတိသျှ အစိုးရတို့က ဆုံးဖြတ်ပြီးလျှင် ၁၂၅၇ ခုနှစ် (ခရစ်နှစ်၁၈၉၆) နယုန်လကစ၍ ပထမပြန်စာမေးပွဲများကို နှစ်စဉ်ကျင်းပသည်. . . သက္ကရာဇ် ၁၂၆၅ ခုနှစ်မှ စ၍ အစိုးရာပထမပြန်စာမေးပွဲများကို အစဉ်ကိုလိုက်၍ မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာ အသင်းများက ပရိယတ္တိစာမေးပွဲများကို ကျင်းပလာကြရာ ယနေ့ထိ နှစ်စဉ်ကျင်းပခဲ့ပါသည်. . .

ယခုအခါ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲများ အပြင် တိပိဋကဓရ ရွေးချယ်ပွဲကြီး၊ အဘိဓမ္မာ စာမေးပွဲနှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲတို့ ကိုလည်း နှစ်စဉ်ကျင်းပပေးခြင်း၊ အောင်ဆုလက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် သာသနာတော် တိုးတက်စည်ကား ပြန့်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်. .

ထို့အပြင် သုံးလူ့ထွတ်တင် ဘုရားရှင်သည် နယုန်လပြည့်နေ့၌ စကြ၀ဠာ တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့ အား မဟာသမယသုတ်တော် ဟောကြားတော်မူခဲ့ခြင်းကို အစွဲပြု၍ "မဟာသမယ အခါတော်နေ့" ပွဲတော်ကို အနှစ်သာရပြည့်စွာ ကျင်းပကြပါသည်. . .

မောင်ထင် (မြန်မာ့ဆယ့်နှစ်လအကြောင်း)


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

1 comment:

  1. နယုန်လ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲများ၊ မဟာသမယ အခါတော်နေ့ အစရှိတဲ့ ဗဟုသုတတွေ ယူသွားပါတယ်။ ပြန်လည်မျှဝေပေးတာ ကျေးဇူးပါကွယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .